Wednesday 25 December 2013

ကျွန်ုပ်နှင့် ကျား/မကိစ္စ ပုံပြင်များ (ဇာတ်သိမ်း)

 "တခါတုန်းက ထီးလွင်ဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့ အဘိုးတို့ရဲ့။ အဲဒီရွာမှာ သားအဖ သုံးယောက် ရှိသတဲ့။ အဖေနာမည်က ဦးသောင်းဖေ အမေနာမည်က ဒေါ်မိနွဲ့ သားနာမည်က မောင်သာလှတဲ့။ သားလေး အရွယ်ရောက်လာတဲ့အခါမှာ ရွာအရှေ့ပိုင်းက ဒေါ်သန်းလှရဲ့ သမီး ထွေးလှနဲ့ သမီးရည်းစား ဖြစ်သတဲ့။ ဒါနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီးသားဆိုတော့ မောင်သာလှက သူ့အဖေ ဦးသောင်းဖေနဲ့ တိုင်ပင်သတဲ့။ ဒေါ်သန်းလှရဲ့သမီး ထွေးလှလေးနဲ့ အိမ်ထောင်ချပေးဖို့ပေါ့။ ဒါနဲ့ သူ့အဖေဦးသောင်းဖေက ပြောသတဲ့"

"ငါ့သား.. မင်း ထွေးလှလေးနဲ့ အိမ်ထောင်ပြုလို့ မဖြစ်ဖူး"

"ဘာဖြစ်လို့လဲ အဖေ။ ထွေးလှလေးက စရိုက်မကောင်းလို့လား"

"စရိုက်မကောင်းလို့ မဟုတ်ပါဘူးကွာ။ တစ်ခြားအကြောင်းကြောင့်ပါ"

"ဒါဖြင့် ထွေးလှလေးမှာ ရောဂါတွေ ရှိနေလို့လား"

"အဲဒါလဲ မဟုတ်ပါဘူး"

"ဒါဖြင့် ဘာလဲ အဖေရာ။ ရှင်းရှင်းပြောစမ်းပါ။ သားက သူ့ကို အသက်လောက်ကို ချစ်တာဗျ"

"ငါ့သားရေ... အဖေပြောပြပါ့မယ်။ မင့်အမေကိုတော့ သွားမပြောနဲ့ပေါ့။ ထွေးလှလေးရဲ့ အမေ သန်းလှနဲ့ ငါနဲ့ ဟိုကိစ္စ မကင်းခဲ့ဘူးကွ။ ဒီတော့ ထွေးလှလေးဟာ ငါ့သမီး (မင့်နှမအရင်း)လေး ဖြစ်နိုင်တယ်"

"ဟေ.. သေချာရဲ့လား အဖေ။ ဒါဖြင့် သွားပါပြီ"

"မောင်သာလှလေးခမျာ ယူကြုံးမရ ဖြစ်နေရှာသတဲ့။ အဖေတူ မအေကွဲ မောင်နှမအရင်းတွေဆိုတော့ အိမ်ထောင်ပြုလို့ မရတော့ဘူးပေါ့။ ဒါနဲ့ နောက်တစ်နှစ်ကြာတဲ့ အခါမှာ ရွာအနောက်ပိုင်းက အေးအေးထွေးနဲ့ သမီးရည်းစား ဖြစ်ပြီး အိမ်ထောင်ပြုဖို့အတွက် သူ့အဖေနဲ့ ထပ်တိုင်ပင်ပြန်သတဲ့။ ဒီတစ်ခါမှာလဲ သူ့အဖေနဲ့ အေးအေးထွေးရဲ့ အမေနဲ့ မကင်းခဲ့ပြန်ဘူးတဲ့။ အေးအေးထွေးနဲ့လဲ မောင်နှမတွေဆိုဘဲ။ ဒီလိုနဲ့ ရွာထဲက ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ကုန်သာသွားတယ်။ သူ့အဖေနဲ့ သူတို့လေးတွေရဲ့ အမေနဲ့ မကင်းခဲ့ကြလေတော့ မောင်နှမအရင်းခေါက်ခေါက်ကြီးတွေ ဖြစ်နေပြန်သတဲ့။ ရွာလုံးကျွတ် သူ့အဖေနဲ့ မကင်းရာမကင်းကြောင်းတွေချည်း ဖြစ်နေတော့ မောင်သာလှခမျာ ဒီတစ်သက် မိန်းမ ရပါ့ရနိုင်ပါ့ဦးမလား ဆိုပြီး စိတ်အညစ်ကြီး ညစ်နေတော့သတဲ့။ စိတ်ဓါတ်တွေလဲ ဘုံးဘုံးကျပြီး စိတ်ထောင်းကိုယ်ကျေ ဖြစ်နေသတဲ့"

"မျက်နှာ မရွှင်မသာ ဖြစ်နေတဲ့ သားလေးမောင်သာလှရဲ့ မျက်နှာကို အကဲခတ်မိတဲ့ အမေဖြစ်သူ ဒေါ်မိနွဲ့က သူ့သားလေး မောင်သာလှကို မေးသတဲ့"

"သားရေ... ခုတလော မျက်နှာလဲ သိပ်မကောင်းပါလား။ နေမကောင်းများ ဖြစ်နေသလားလို့ အမေ နဲနဲ စိတ်ပူနေမိတယ်"

"သားနေကောင်းပါတယ် အမေ။ ဘာမှ မဖြစ်ပါဘူး"

"သားက နေကောင်းတယ်သာ ပြောတယ်။ မျက်နှာလဲ မရွှင်ဘူး။ လူလဲ အတော်လေး ပိန်ကျနေပြီ။ နေမကောင်းတာ မဟုတ်ရင် စိတ်ညစ်စရာတွေများ ရှိနေလို့လား သားရယ်။ အမေ့ကို ပြောပြစမ်းပါဦး"

"မောင်သာလှလေးလဲ ပထမတော့ သူ့အဖေမျက်နှာကို ထောက်ပြီး ဘာမှ မပြောဘဲ နေမလို့ ကြံနေသေးတဲ့။ ဒါပေမဲ့ သူ့အဖေ လုပ်ရပ်တွေက လွန်လွန်းနေတဲ့အတွက် မထူးပါဘူး ဖြစ်ချင်ရာဖြစ် အမေ့ကိုတော့ ဖွင့်ပြောလိုက်တာ ကောင်းပါတယ် ဆိုပြီး သူ့အမေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သတဲ့"

"အမေရယ်။ စဉ်းစားကြည့်စမ်းပါ။ ကျနော့်ရဲ့ ပထမဆုံး ချစ်ဦးသူလေး ထွေးလှဟာလဲ အဖေ့ရဲ့ သမီး ကျနော့်ရဲ့ ညီမတဲ့။ နောက် ဒုတိယချစ်သူ အေးအေးထွေးလေးကလဲ သူ့သမီးတဲ့။ ပြီးတော့ တစ်ရွာလုံး သူ့သမီးတွေ ချည်းဘဲ။ သူတို့အမေတွေနဲ့ အဖေနဲ့က မကင်းရှင်းခဲ့ဘူးတဲ့။ အဲဒါကြောင့် ကျနော် စိတ်ညစ်နေတာ။ ဒီတစ်သက် မိန်းမ ရဖို့ လမ်းမမြင်တော့ဘူး အမေရေ"

"အံမာ... သားအဖေက သားကို အဲဒီလို ပြောတယ် ဟုတ်လား။ ဒါဖြင့် အမေလဲ သားကို ပြောပြမယ်။ ဒီရွာထဲမှာ သားကြိုက်တဲ့ မိန်းခလေးတွေကို ကြိုက်တာသာယူ သား။ ထွေးလှကော အေးအေးထွေးကော တစ်ခြား ကောင်မလေးတွေရော သားနဲ့ ဘာမှ ဆွေမျိုးမတော်စပ်ဘူး။ ဘာ မောင်နှမမှလဲ မဟုတ်ဘူး"

"ဘယ်လို အမေ.. ဘယ်လို.. သားမျက်စိ ရှုပ်ကုန်ပြီ။ ရှင်းပြစမ်းပါဦး"

"ဒီလို သားရေ့... အမေ သားကို ကိုယ်ဝန်ရလာတာ သားအဖေရဲ့ သွေးတစ်စက်မှ မပါဘူး။ အမေ ဖားကန့်ထဲ အလုပ်သွားလုပ်တုန်း တစ်ခြား ယောက်ျားတစ်ယောက်နဲ့ သားကို ကိုယ်ဝန်ရခဲ့တာဘဲ။ အဲဒီယောက်ျားက တာဝန်မယူရဲလို့ သားအဖေကို အမြန်ဆုံး လက်ထပ်လိုက်တာ။ အဲဒီအကြောင်းကို သားအဖေ လုံးဝ မသိခဲ့ဘူး။ ဒီတော့ ဒီရွာထဲမှာ သားလေး ကြိုက်တဲ့ မိန်းမသာ ယူ၊ ဘယ်သူမှ ဆွေမျိုးမတော်စပ်ဘူး။ ဘာမှလဲ စိတ်ညစ်နေစရာ မလိုဘူး။ စိတ်မညစ်နဲ့တော့နော် သားလေး။ ဟုတ်ပြီလား"

"ဗျာ......."

"မောင်သာလှလေးခမျာ သူ့အမေ ဒေါ်မိနွဲ့ ရှင်းပြလိုက်ကာမှ ၀မ်းသာရမလို ၀မ်းနည်းရလို ပျော်ရွှင်ရမလို စိတ်ညစ်ရမလို ဖြစ်သွားပြီး ရူးကြောင်ကြောင် ဖြစ်သွားလေရော့သတဲ့ အဘိုးတို့ရဲ့။ ဒါကြောင့် " ယောက်ျားမိန်းမ စိတ်မချရ" ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာတာတဲ့"

ကျွန်ုပ်သည် ပုံပြင်ကို အကျဉ်းချုံးပြောပြလိုက်ပြီး အဘိုးအို သုံးဦးလုံး၏ မျက်နှာများအား အကဲခတ်ကြည့်လိုက်ရာ စိတ်ဝင်စားဟန်လဲ မပြ၊ အံ့သြဟန်လဲ မပြဘဲ အဘိုးအို သုံးဦးသား ပြုံးစိစိနဲ့ ကျွန်ုပ်အား စိုက်ကြည့်နေသည် တွေ့မြင်ရလိုက်ရာ ကျွန်ုပ်သည် ယောင်ကန်းကန်းဖြင့် အဘိုးအို သုံးဦးအား...

"အဘိုးတို့ မျက်နှာကြီးတွေကလဲ ပြုံးစိစိနဲ့ ဘာဖြစ်နေကြတာတုန်းဗျ။ ဒီလောက် ကောင်းတဲ့ ပုံပြင်ကို စိတ်မ၀င်စားကြတာ အံ့ရော"

ဟု ဆိုလိုက်မိရာ...

"မောင်ရင့် ပုံပြင်ကို ပုံပြင်အသစ်လို့ အောက်မေ့မိပြီး အစပိုင်းလေး နားထောင်ကြည့်မိပါတယ်။ ကလေးအစ ခွေးအဆုံး သိပြီးသား ပုံပြင်ဟောင်းကြီးကို လာဖြီးနေတာကိုး။ အဘိုးအိုတွေ ဗဟုသုတ မရှိဘူးဆိုပြီး လာရွှီးနေတာကိုးးး"

ဟု ပြုံးစိစိဖြင့် အဘိုးနုက စသလို နောက်သလို မျက်နှာဟန်ဖြင့် စကားဆိုလေ၏။ ထို့ကြောင့် အဘိုးအို သုံးဦးသား တိုင်ပင်ထားသည့်အလား....

""မောင်ရင်ရဲ့ လံကြုတ်ပုံပြင်တွေက ဒို့အတွက်တော့..... ရိုးးးးးး ဟိုးးးးးးးးးးးးး နေပြီ"" ဟု သုံးခါတိတိ ပြိုင်တူ အော်ဟစ်ပြီး ကောင်းချီးပေးလေတော့၏။ ကျွန်ုပ်သည်လည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားလေ၏။ နောက်မှ "လူကြီးရှက်တော့ ရယ်" ဆိုသလို.. အဘိုးအို သုံးဦးနဲ့ ရောယောင်ပြီး... "ရိုးးးးးးးးဟိုးးးးးးးးးးးးးးး နေပြီ" ဟု သံယောင်လိုက်ကာ အော်ဟစ်လိုက်ပြီး အားရပါးရ ရယ်မောနေမိတော့၏။

ထိုအချိန်တွင် တချိန်လုံး ငြိမ်နေသည့် အဘိုးဖြူတစ်ယောက် ဘာမပြောညာမဆိုဘဲ..

"အခုလို စပ်မိစပ်ရာ ပုံပြင်တွေကို နားထောင်ရတော့ ငါလဲ ပုံပြင်တစ်ပုဒ် ပြောချင်စိတ်ပေါက်လာတယ်" ဟု ဆိုလာလေ၏။

"အလဲ့... အဘိုးဖြူက ပုံပြင်တွေ ဘာတွေနဲ့ပါလား။ ဆိုစမ်းပါဦး အဘိုးဖြူရဲ့။ တစ်ဆင့်စကား တစ်ဆင့်ကြား မှတ်သားရတာပေါ့"

ဟု ကျွန်ုပ်လဲ အဆင်း၌ ဘီးတပ်ပေးလိုက်လေ၏။

"ငါ့ပုံပြင်လဲ အင်တာနက် ဇာတ်လမ်းတစ်ပုဒ်ပေါ့ကွာ။ ဒါပေမဲ့ နားထောင်ရ လွယ်ကူအောင် မြန်မာဆန်ဆန်လေး ပြောပြရတာပေါ့"

"ဟုတ်ကဲ့ပါ အဘိုးဖြူ"

"တစ်ခါက မြို့တစ်မြို့မှာ မောင်ကုလားဆိုတဲ့ လူတစ်ယောက် ရှိသတဲ့။(မှတ်ချက်။ အဘိုးဖြူပြောပြသည့်အတိုင်း ရေးထားပါသည်။ မူရင်းနဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်သည်။) နာမည်နဲ့လိုက်အောင် အသားကလဲမဲ ရုပ်ကလဲ ဆိုးသတဲ့။ ဒါပေမဲ့ ဗလကတော့ ခပ်ကောင်းကောင်းတဲ့။ မင်းတို့ မြင်ဖူးတဲ့ နီဂရိုးပုံစံမျိုးပေါ့ကွာ။ သူ အလုပ်လုပ်တဲ့ ကုမ္ပဏီပိုင်ရှင်က အတီးတဲ့။ တုတ်တုတ်ဖြူဖြူ သူဌေးကြီးတစ်ယောက်ပေါ့။    အဲဒီသူဌေးကြီးရဲ့ ကုမ္ပဏီမှာ မောင်ကုလားတစ်ယောက် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ နေ့စဉ် အလုပ်လုပ်နေသတဲ့။ ဒါပေမဲ့ မောင်ကုလား ဘယ်လောက်အလုပ်ကြိုးစားကြိုးစား ရုပ်ဆိုးဆိုးအသားမဲမဲဖြစ်နေတဲ့ မောင်ကုလားကို သူဌေးက အရမ်းနိမ်သတဲ့။   အလုပ်ကြိုးစားရဲ့သားနဲ့ နေ့စဉ်အနိမ်ခံနေရတော့ မောင်ကုလားတစ်ယောက် တဖြည်းဖြည်း စိတ်နာကျည်းလာသတဲ့။ ဒါပေမဲ့ စိတ်နာကျည်းပေမဲ့ ဘယ်လိုတုန့်ပြန်ရမှန်း မသိဘူးတဲ့"

"အင်း ဟုတ်တယ်နော် အဘိုး။ ရိုးရိုးသားသားနဲ့ ငြိမ်ခံနေတဲ့သူဆို လူတွေက နှိမ်ချင်ကြတတ်တယ်"

"အင်း.. ဒါကြောင့်လဲ လူတွေ ပြောနေကြတာပေါ့ကွာ။ ဘာတဲ့။   အလုပ်ကြိုးစားပါ၊ ပိုပြီး ခိုင်းလိမ့်မယ်။ ငြိမ်ခံနေပါ၊ ပိုပြီး အနိုင်ကျင့်လိမ့်မယ် ဆိုလားဘဲ"

"အဘိုးဖြူပြောတာ ဟုတ်သလိုလိုဘဲနော်။ လူတွေက အဖိခံတဲ့သူကို ပိုပြီး ဖိချင်တတ်တယ်"

"ကဲပါ... မောင်ကုလားဘက် ပြန်သွားကြရအောင်။ အဲဒါနဲ့ တစ်နေ့မှာ မောင်ကုလားတစ်ယောက် အလုပ်က မိုးချုပ်မှ ပြန်လာသတဲ့။ ထုံးစံအတိုင်း ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေတာပေါ့။ ညပိုင်းဆိုတော့ ဘတ်စ်ကားကအလာကလဲ ခပ်ကျဲကျဲ၊ မှတ်တိုင်မှာလဲ လူတွေမရှိကြဘူးတဲ့။ ဒါပေမဲ့ ဖုန်းပြောနေတဲ့ ခပ်ဖြူဖြူ မိန်းမချောလေးတစ်ယောက်တော့ မှတ်တိုင်နားမှာ ကိုယ်ခန္ဓာကိုယ်လေး ဘယ်လိမ်ညာလိမ် ယိမ်းထိုးပြီး ကြူသံပါပါ ပြောနေတာကို မြင်တွေ့ရသတဲ့။ မိုးကလဲချုပ် အေးကလဲအေး လူကလဲ ပြတ်ဆိုတော့ မောင်ကုလားတစ်ယောက် စိတ်ရိုင်းတွေ ၀င်လာသတဲ့။ ဖြစ်ချင်တော့ အဲဒီနေ့က သူ့ဌေး ကောတာကိုလဲ အပြတ်ခံခဲ့ရသတဲ့။ ဒါနဲ့ သူဌေးအတီးမျက်နှာကို မြင်ယောင်လိုက် အနားမှာ ရှိတဲ့ အသားဖြူဖြူ မိန်းမချောလေးကို ငဲ့ကြည့်လိုက်နဲ့၊ အတီးပေါ်မှာ ထားခဲ့တဲ့ အာဃာတတွေကို အတီးတို့လို အသားဖြူဖြူ လူမျိုးတွေကို အနိုင်ကျင့်ခြင်းဖြင့်ဘဲ ပြန်ကလဲ့စားချေပစ်မယ် ဆိုတဲ့ စိတ်ရူးစိတ်မိုက်တွေက စိတ်ထဲ တလှိမ့်လှိမ့် ၀င်လာသတဲ့"

"အဲဒါနဲ့.. မောင်ကုလားက အဲဒီ မိန်းမဖြူလေးကို အနိုင်ကျင့်လိုက်ရောလား အဘိုးဖြူ"

"မင်းကလဲ... ဆုံးအောင် အေးအေးဆေးဆေး နားထောင်တာ မဟုတ်ဘူး။ လူကြီးက ဖီးသွင်းပြီး ပြောနေတာကို ကြားဖြတ်ပြီး စကားနှောက်တယ်"

"အဘိုးဖြူကလဲ နိဒါန်းပျိုးနေတာနဲ့ အချိန်ကြာနေပြီလေ။ ဘယ့်နှယ် မောင်ကုလားက မိန်းမဖြူလေးကို အနိုင်ကျင့်ရင် ကျင့်တယ်၊ မကျင့်ရင် မကျင့်ဖြစ်လိုက်ဘူးဆို ပြီးနေတဲ့ ဥစ္စာ။ ဟိမ၀န္တာ ခန်းတွေ ၀င်နေသေးတယ်"

အမှန်ဆို ကျွန်ုပ်လဲ အဘိုးဖြူကို ပြန်ကလဲ့စားချေခြင်းဖြစ်သည်။ ကျွန်ုပ် ပုံပြောတုန်းက အဘိုးဖြူအပါအ၀င် အဘိုးအို သုံးဦးလုံး ကျွန်ုပ်၏ပုံပြင်ကို ၀ိုင်းလှောင်ကြသည်မဟုတ်လား။ ထို့ကြောင့် အဘိုးဖြူ ပုံပြောနေတုန်း ၀င်နှောက်လိုက်ခြင်းပင် ဖြစ်သည်။ အမှန်က ငြိမ်နားထောင်နေဖို့ကောင်းမှန်း သိသည်။

"အံမယ်.. မင်းက ပြောရတယ် ရှိသေး။ နားမထောင်ချင်လဲနေပါ့။ ငါတောင် ပါးစပ်ညောင်း သက်သာသေးတယ်။ တော်ပြီ။ ပုံပြင်ကို ဆက်မပြောတော့ဘူး"

"ဟာ အဘိုးဖြူရာ၊ အဲဒီလိုတော့ မလုပ်ပါနဲ့။ ကျနော်က အဘိုးဖြူကို ချစ်လို့ စ တာပါ ဟဲ ဟဲ ဟဲ"

ကျွန်ုပ် သွားဖြီးပြမှဘဲ အဘိုးဖြူက ပုံပြင်ကို ဆက်ပြောလေတော့သည်။

"အင်း.... ဆက်ပြောမယ်။ သေချာနားထောင်။ မောင်ကုလားတစ်ယောက်လဲ မိန်းမဖြူလေးကို ကြည့်ပြီး အနိုင်မကျင့်ရက်ဘဲ ဖြစ်နေသတဲ့။ သူ့ခမျာ အပြစ်မဲ့ရှာတာဘဲ။ ငါ စိတ်တိုနေတာက အတီးအစုပ်ပလုပ် သူဌေးကြီးကို။ ငါ အနိုင်ကျင့်မှာက အပြစ်မဲ့တဲ့ မိန်းမဖြူလေးကို။ ဒီတော့ မဖြစ်သေးပါဘူး။  မလုပ်တာဘဲ ကောင်းပါတယ်ဆိုပြီး စဉ်းစားနေမိသေးသတဲ့။ ဒါပေမဲ့ အတီးမျက်နှာကို ပြန်မြင်ယောင်မိတဲ့ အခါ ဘယ်လိုမှ စိတ်က ကလဲ့စားမချေဘဲ မနေနိုင်ဖြစ်နေသတဲ့။ ဒါနဲ့ဘဲ ဖြစ်ချင်ရာ ဖြစ်စေတော့ဆိုပြီး မိန်းမဖြူလေးအနားကပ်ပြီး  ရုတ်တရုတ် ဖမ်းချုပ်လိုက်သတဲ့။ ပြီးတော့ ဘတ်စ်ကားမှတ်တိုင် အနီးမှာ ရှိတဲ့ ခြုံပုတ်ထဲ ဆွဲခေါ်သွားပြီး အတင်းအဓမ္မအနိုင်ကျင့်လိုက်သတဲ့"

"မိန်းမဖြူမလေးက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီမတောင်းဘူးလား အဘိုးဖြူ"

"မိန်းမဖြူလေးက အော်ဖို့တော့ ကြိုးစားသေးတယ်။ ဒါပေမဲ့ မောင်ကုလားက လူသန်လူမာကြီး မဟုတ်လား။ ပြီးတော့ မိုးကလဲချုပ် လူကလဲပြတ် မီးကလဲ ခပ်မှောင်မှောင် မောင်ကုလားကလဲ အော်ရဲရင် အော်ကြည့် တစ်ခါထဲ သတ်ပစ်လိုက်မယ်လို့ ချိန်းခြောက်ထားလေတော့ မိန်းမဖြူလေးတစ်ယောက် ခြုံပုတ်ထဲမှာ ရုန်းရင်းကန်ရင်းနဲ့ဘဲ လူသန်ကြီး မောင်ကုလားရဲ့ အနိုင်ကျင့်ခြင်းကို ရက်ရက်စက်စက် ခံရရှာတော့သတဲ့"

"ဟောဗျာ.. မိန်းမဖြူလေး သနားစရာ"

"ဘယ်တတ်နိုင်ပါ့မလဲကွာ။ သူ့ခမျာမှာလဲ အနိုင်ကျင့်ခံရမဲ့ ကံ ပါတာလာ ရှိမှာပေါ့။ ငါတို့ ဗုဒ္ဓဘာသာရဲ့ တရားတော်အရလဲ ရှေးရှေးဘ၀တွေတုန်းက သူတစ်ပါးသားမယားကို ပြစ်မှားစော်ကား ကျူးလွန်ခဲ့လို့ရှိရင် အခုလိုလဲ မိန်းမသားဘ၀ရောက်ပြီး အဓမ္မပြုကျင့်ခံရတတ်တယ်လို့ ဆိုထားတာ မဟုတ်လား"

"ဒါဖြင့် အဘိုးဖြူက မိန်းမဖြူမလေးကို မသနားဘဲ ဟိုဘ၀တုန်းက မုဒိန်းကောင် မှတ်ကရောဆိုပြီး ၀မ်းသာနေတာလား"

"အဲလိုလဲ ဘယ်ဟုတ်ပါ့မလဲကွာ။ ငါလဲ နှလုံးသားနဲ့လူပါ။ သနားတတ်တာပေါ့။ အခုဟာလဲ ကံတရားရဲ့ ဆန်းကြယ်တတ်တဲ့ သဘာဝလေးကို ပြောပြတာပါ။ မင်းတို့က လူငယ်တွေ မဟုတ်လား။ ဒီတော့ မှားတတ်ကြတယ်လေ။ ဒါကြောင့် အဲဒီလိုကျူးလွန်ရင် အဲဒီလို အကျိုးတွေ ရတတ်တယ်ဆိုတာလေးကို သိစေချင်တာပါ"

"မှတ်သားထားပါ့မယ် အဘိုးဖြူ"

"အဲ... အဲဒီလို အနိုင်ကျင့်ပြီး သူ့လမ်းကိုယ့်လမ်း ပြန်ကြတယ် ဆိုပါတော့ကွာ။ မောင်ကုလားကလဲ အတီးရဲ့ အဖြူမျိုးတွေကို အနိုင်ကျင့်ကလဲ့စား ချေလိုက်ရပြီဆိုပြီး ကျေနပ်နေသတဲ့။ မိန်းမဖြူလေးကလဲ အနိုင်ကျင့်ခံလိုက်ရလို့ စိတ်အဆင်းရဲကြီး ဆင်းရဲနေသတဲ့။ ဆင်းရဲရှာပေမပေါ့။ ဖြစ်ချင်တော့ အဲဒီမိန်းမဖြူလေးက သူ့ချစ်သူ မောင်တရုတ်ဆိုတဲ့ ကောင်လေးနဲ့ စေ့စပ်ထားပြီးသားလေ။ လက်ထပ်ဖို့ ရက်တောင် အတော်လေး နီးလာပြီတဲ့"

"ဟောဗျာ.. စိတ်မကောင်းလိုက်တာ"

"ဒါနဲ့.. အဲဒီ မိန်းခလေးက သူနဲ့ လက်ထပ်မဲ့ ချစ်သူယောက်ျားလေးကို အဲဒီအကြောင်းတွေ အစအဆုံး ပြန်ပြောပြပြီး သူ့ခန္ဓာကိုယ် မသန့်တော့ဘူး ဒါကြောင့် လက်ထပ်ဖို့ အစီအစဉ်ကို ဖျက်သိမ်းပေးပါဆိုပြီး သွားပြောသတဲ့"

"အဲဒီတော့ အဲဒီကောင်လေးက ဘာပြန်ပြောလဲ အဘိုးဖြူ"

"ကောင်လေးက တော်ရှာပါတယ်။ မင်း အလိုတူလို့ ဖြစ်ခဲ့ကြတာမှ မဟုတ်တာ။ ခွင့်မလွှတ်စရာ အကြောင်းမရှိပါဘူး။ ငါ ခွင့်လွှတ်ပါတယ်။ ငါတို့ လက်ထပ်ကြတာပေါ့လို့ ဆိုသတဲ့။ ဒါနဲ့ ချုံးပြောရရင်တော့ သူတို့နှစ်ဦး မကြာခင်မှာဘဲ လက်ထပ်ဖြစ်လိုက်ကြတယ် ဆိုပါတော့"

"ဇာတ်လမ်းက ဒီလောက်ဘဲလား အဘိုးဖြူ"

"ဘယ်ဟုတ်လိမ့်ဦးမလဲ မောင်ရင်ရာ။ လက်ထပ်ပြီဆိုတော့လဲ ထုံးစံအတိုင်းပေါ့။ လအတော်ကြာလာတဲ့အခါ  မိန်းမဖြူလေးမှာ ကိုယ်ဝန်လေး ပူတူတူ ဖြစ်လာပါရောတဲ့။ လင်မယား နှစ်ယောက်လုံးလဲ ပျော်လို့ ရွှင်လို့ပေါ့။ ဒါပေမဲ့ ကံတရားက သူတို့ကို မျက်နှာသာ မပေးရှာဘူး"

"ဘာဖြစ်လို့လဲ အဘိုးဖြူ"

"မွေးလာတဲ့ကလေးလေးက အသားမဲကြုတ်ကြုတ် ဆံပင်ကောက်ကောက် ရုပ်ဆိုးဆိုးလေး ဖြစ်နေသတဲ့ မောင်ရင်ရေ့။ သူတို့လင်မယား နှစ်ယောက်လုံးက အသားဖြူကြတယ် မဟုတ်လား။ ဒါပေမဲ့ ကလေးက သူတို့ နှစ်ယောက်လုံးနဲ့ ဘာတစ်ခုမှ မတူဘူးတဲ့"

"ဟင်..... ဒါဖြင့်... ဒါ... ဆို.... ဟို... မောင်ကုလားနဲ့ ရခဲ့တဲ့ ကိုယ်ဝန်များလား မသိဘူးနော် အဘိုးဖြူ"

"သေချာတာပေါ့ မောင်ရင်။ အစစ်ပေါ့။ မိန်းမဖြူလေးရဲ့ ပြောပြချက်အရ အဲဒီမောင်ကုလားနဲ့ ချွတ်စွပ်ဘဲတဲ့"

"ဟောဗျာ... စိတ်မကောင်းလိုက်တာ။  ဒီကုလားက လက်ဖြောင့်လိုက်တာ အဘိုးဖြူရာ"

"အမ်... မောင်ရင်က ဘာကို ဆိုလိုတာလဲ"

"အာ.. အဘိုးဖြူကလဲ ရိုးရန်ကော။ တစ်ချက်ထဲနဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်တာကို ပြောတာ"

"မင်း... မဟုတ်က ဟုတ်ကတွေ ပြောမနေနဲ့။ ဟို ကာယကံရှင်တွေ ဘယ်လောက် စိတ်ဒုက္ခရောက်မလဲ စဉ်းစားကြည့်"

"အင်းနော် အဘိုးဖြူ။ တကယ် စိတ်ဆင်းရဲစရာကြီး။ ဒါနဲ့ သူတို့ မိသားစု နောက်တော့ ဘာဖြစ်သွားကြလဲ"

"လင်မယားနှစ်ယောက်လုံး စိတ်မကောင်းရုံကလွဲပြီး ဘာတတ်နိုင်မှာလဲကွာ။ မိန်းမလုပ်တဲ့သူကလဲ တစ်ရှက်ပြီး နှစ်ရှက်၊ ယောက်ျားလုပ်သူကလဲ သားဦးလေးမို့ စိတ်က မကောင်း။ ဒါပေမဲ့လဲ ကိုယ်က မွေးထုတ်လိုက်တဲ့ သားဆိုတော့ မပစ်ရက်ပြန်ကြဘူး။ အဲဒီလိုနဲ့ဘဲ သူတို့ အတိတ်ကို ကြိုးစားမေ့ပစ်ကြရင်း နှစ်ပေါင်းများစွာ လက်တွဲ နေထိုင်ကြတာပေါ့ကွာ"

"ပုံပြင်က ဒီမှာ တကယ်ပြီးသွားပြီထင်တယ်နော် အဘိုးအို"

"မင်းကလဲ ဇွတ်ပြီးခိုင်းနေပြန်ပြီ။ မပြီးသေးဘူးကွ။ အခုမှ ဇာတ်လမ်းက စမှာ"

"ဗျာ..."

"ဗျာ မနေနဲ့။ ဒီလို။ သူတို့ ချစ်ချစ်ခင်ခင်နေကြရင်း အဲဒီ သူတို့သားလေး အရွယ်ရောက်လာပြီး ဆယ်တန်းလောက် ရောက်တဲ့အခါမှာပေါ့။ ဖြစ်ချင်တော့ အဲဒီသားလေးမှာ ကျောက်ကပ်ရောဂါ ဖြစ်ပါလေရော။ အဲဒီကလေးရဲ့ ကျောက်ကပ်က ရောဂါကြောင့် ပျက်စီးသွားပြီဆိုတော့ အစားထိုးဖို့ လိုပြီပေါ့။ အချိန်းအတိုင်းအတာတစ်ခုအထိ အစားမထိုးဘဲ ပစ်ထားလိုက်ရင် လူနာက ကျိန်းသေပေါက် သေရတော့မယ်လေ။ ဒီတော့ ကျောက်ကပ် အစားထိုးဖို့ လိုအပ်လာပြီပေါ့။ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ အဲဒီကျောက်ကပ်အစားထိုးဖို့အတွက် ကျောက်ကပ်ကို ညီအကိုမောင်နှမအရင်း ဒါမှမဟုတ် အဖေဆီက ခွဲထုတ်ယူရမယ်တဲ့။ ဒါပေမဲ့ သူက တစ်ဦးတည်းသော သားလေ။ ညီအကို မောင်နှမ မရှိဘူး။ ပြီးတော့ လက်ရှိသူ့အဖေကလဲ အဖေအရင်း မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကလေးကတော့ သူ့အဖေအရင်းမဟုတ်ဘူးဆိုတာ မသိရှာပါဘူး။ နှုတ်ပိတ်ထားတာကိုး"

"အဲဒါနဲ့... ဘယ်လို ဖြစ်သွားသလဲ အဘိုးဖြူ။ အဲဒီကောင်လေး သေသွားပါရောလား"

"လူတော့ မသေဘူးပေါ့ကွာ။ ဒါပေမဲ့ သူတို့ သိက္ခာတွေတော့ ပတ်ဝန်းကျင်မှာ နဲနဲ သေသွားကြတယ်"

"ဘာဖြစ်လို့လဲ အဘိုးဖြူ "

"ဘာဖြစ်ရမှာတုန်းကွ။ တစ်သက်လုံး ပတ်ဝန်းကျင်နှင့်အဲဒီသူတို့ကလေးလေးကို ဖုံးဖိလာခဲ့သမျှ အခုအဲဒီကလေး ကျောက်ကပ်ရောဂါရမှ အဖြစ်မှန်က ဗူးပေါ်သလို ပေါ်လာလို့လေ"

"ဘယ်လိုဖြစ်ကြတာတုန်း အဘိုးအို"

"ဒီလိုကွ။ မိဘမေတ္တာဆိုတာ သိတယ်မဟုတ်လား။ စုံရေလေ။ သားသမီးအတွက်ဆို အသက်ကိုရော အရှက်ကိုရော စွန့်လွှတ်နိုင်ကြတယ် မဟုတ်လား။ အဲဒါ မိဘတွေရဲ့ မေတ္တာသဘာဝပေါ့ကွာ"

"အဲဒီတော့ ပတ်ဝန်းကျင်ကို အဖြစ်မှန်ဖွင့်ပြောပြီး ဆေးမြီးတိုတွေ လိုက်ရှာကြတာလား အဘိုးဖြူ"

"အဲဒီထက် ပိုဆိုးတာပေါ့ကွာ။ သူတို့ရဲ့ အဖြစ်မှန်ကို သူတို့ပတ်ဝန်းကျင်နားတင်မကဘူး တစ်နိုင်ငံလုံး သိသွားကြတယ်လေ။ သိသွားဆို သူတို့ဘ၀ရဲ့ အဖြစ်မှန်တွေကို ဆယ်စုနှစ် နှစ်ခုနီးပါးက ဘတ်စ်ကား မှတ်တိုင်နားက ခြုံပုတ်ထဲမှာ အတင်းအဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းမဖြူလေးအကြောင်းက စပြီး အခုလက်ရှိ သူတို့သားလေး ကျောက်ကပ်ရောဂါ ရနေတယ်ဆိုတော့ အကြောင်းအထိ သတင်းစာတွေထဲ မဂ္ဂဇင်းတွေထဲ စာစောင်တွေထဲ နေ့စဉ်ထည့်ပြီး အဲဒီကလေးရဲ့ အဖေအရင်းကို လိုက်ရှာကြတယ်လေ။ လိုက်ရှာဆို နဂိုကထဲက သူတို့က မောင်ကုလားနဲ့ လူချင်းတွေ့ဖူးခဲ့ကြတာ မဟုတ်ဘူးလေ။ ဘယ်အရပ်ဘယ်ဒေသကမှန်း မသိတဲ့ အသားမဲကြုတ်ကြုတ်လူကြီးတစ်ယောက် အနိုင်ကျင့်တာကို ခံခဲ့ရတာကိုဘဲ သူတို့က မှတ်မိနေကြတာ။ ဒါကြောင့် ဒီကြော်ငြာစာကို ဖတ်မိရင် ဖခင်ရင်းဖြစ်သူ သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုရင် အမြန်ဆက်သွယ်ပါ စသဖြင့် ကာယကံရှင်ဖခင်ကို ကြိုးစားရှာဖွေကြရတော့တာပေါ့"

"မိဘမေတ္တာတွေဟာ ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းကြတယ်နော် အဘိုးဖြူ"

"အေးပေါ့ကွာ။ မိဘမေတ္တာကို မင်းတို့ငါတို့လို လူပျိုကြီးတွေကတောင် အခုလို ခံစားလို့ရသေးတာဘဲ။ တကယ့် မိဘနေရာ ရောက်နေတဲ့သူတွေဆို ပိုတောင် ခံစားလို့ရဦးမယ်။ အခုလဲ ကြည့်လေ။ သူတို့ရဲ့ သိက္ခာတရားနဲ့ သူတို့ကလေးရဲ့ အသက်ကို လဲလှယ်ဖို့ ကြိုးစားကြတာ မဟုတ်လား"

"အဲဒါနဲ့ ဟို မုဒိန်းကောင် အဖေအစစ်က ပေါ်ထွက်လာရောလား အဘိုးဖြူ"

"ဆိုပါတော့ကွာ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ အဲဒီမောင်ကုလားက သူဌေးကြီး ဦးကုလား ဖြစ်နေပြီလေ။ သူ့ရဲ့ ပထမအလုပ်ဖြစ်တဲ့ အတီးရဲ့ ကုမ္ပဏီက ထွက်ပြီး အခြား ပေါက်ဖော်ကြီးတစ်ယောက်ဆီမှာ အလုပ် ထပ်လုပ်ရင်း သူ့ရဲ့ ကြိုးစားမှု ရိုးသားမှု မိသားစုအပေါ် လေးစားမှုတွေကို ကြည့်ပြီး အဲဒီ ပေါက်ဖော်ကြီးက သူ့သမီးနဲ့ ပေးစားလိုက်တယ်တဲ့။ ပြီးတော့ သူ့ကိုလဲ ရာထူးတက်ပေးလိုက်တယ်တဲ့။ နောက်ပြီး သူဘဲ ကံကောင်းတာလားမသိဘူး။ အဲဒီပေါက်ဖော်ကြီးမှာလဲ ဒီသမီးတစ်ယောက်ဘဲ ရှိတာတဲ့။ မိန်းမလဲ မရှိတော့ဘူးတဲ့။ အဲဒါ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဲဒီသူဌေးပေါက်ဖော်ကြီး ဆုံးသွားတယ်တဲ့။ ဒါနဲ့ဘဲ အလိုလို သူက သူဌေးကြီး မောင်ကုလား (ဦးကုလား) ဖြစ်သွားတော့တာပေါ့ကွာ"

"အဘိုးအို ပုံပြင်အရဆို မုဒိန်းကောင်က ကံကောင်းပြီး သူဌေးဖြစ်တတ်တယ်ဆိုတဲ့ သီအိုရီကို ပေးနေသလိုလို ဖြစ်နေတယ်နော်။ အဲဒါလေးလဲ လင်းဦးမှ တော်ရာကျမယ်"

"မင်းကလဲ မုဒိန်းမှုနဲ့ သူဌေးဖြစ်မှု နှစ်ခုထဲကိုဘဲ ကွက်ကြည့်တာကိုးကွ။ သူ့ရဲ့ ရိုးသားမှု ကြိုးစားမှုတွေကိုလဲ ကြည့်ဦးမှပေါ့။ အမှန်ဆို သူ အဓမ္မပြုကျင့်ခဲ့တုန်းကတောင် သူ့သူဌေးကို လက်စားချေချင်တဲ့စိတ်က ၇၀ ရာခိုင်နှုန်းပါနေတယ်လေ။ တမင်သက်သက် လုပ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ မုဒိန်းမှုရဲ့ ပစ်ဒဏ်ကတော့ တစ်နေ့နေ့ ကျိန်းသေပေါက် လာမှာပါ။ အကျိုးမပေးဘဲ မနေပါဘူး။ ဒီဘ၀ မဟုတ်ရင် နောင်ဘ၀တွေမှာပေါ့"

"ကျနော်လဲ နားလည်ပါတယ် အဘိုး။ တစ်နေ့ အကျိုးပေးမယ်ဆိုတာ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ကြောင်းကျိုး နိယာမနဲ့ ကြည့်ရင် ၀ါကျနှစ်ခုက ကပ်နေလွန်းလို့ အဘိုးဖြူကို မေးကြည့်ပြီး အတည်ပြုချင်ရုံ သက်သက်ပါ"

"အေးပါကွာ။ ဒါဖြင့်ရင်လဲ ပုံပြင်ဘက် ဆက်ကြရအောင်။ သူဌေးကြီးဦးကုလားလဲ ရုံးခန်းထဲက ကုလားထိုင်ကြီးပေါ်ထိုင်ရင်း သတင်းစာကို ဖတ်မိတော့ တကယ်ဘဲ အံ့သြသွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘတ်စ်ကားမှတ်တိုင်၊ ဖုန်းပြောနေတဲ့ မိန်းမဖြူမလေး၊ သူဌေးအတီး စတဲ့ အတိတ်အကြောင်းတွေ တစ်သီကြီး အတွေးထဲ ပေါ်လာကုန်တော့တာပေါ့။ အဲဒီလို သတင်းစာ ဖတ်ရင်း သူနဲ့ ရခဲ့တဲ့ ကလေး၊ သူ့သားဆိုတဲ့ အသိက နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ၀င်သွားပြီး ဘာဖြစ်ဖြစ် ကူညီမယ် ဆိုပြီး တခါထဲ ဆုံးဖြတ်ချက်ချလိုက်သတဲ့။ အဲဒီ အမှုအတွက် အဖမ်းခံ ထိချင်လဲ ထိပစေတော့ ဒီကလေးရဲ့ အသက်ကို မကယ်လို့တော့ မဖြစ်ဘူး။ အချိန်မီတုန်း အရကယ်ယူရမယ်ဆိုပြီး အဲဒီကလေးရဲ့ မိဘနှစ်ပါးနဲ့ ဆက်သွယ်ပြီး အပြင်မှာ ချိန်းတွေ့လိုက်သတဲ့"

"ဒါဆို.. အဲဒီ မိဘနှစ်ယောက်ကကော အပြင်မှာ သူဌေးကြီးဦးကုလားနဲ့ တွေ့တဲ့အခါ အနိုင်ကျင့်ခံခဲ့ရတဲ့ အတွက် စိတ်ဆိုးကြသေးလား မသိဘူး"

"ဘာမှ မဖြစ်ကြတော့ပါဘူးကွာ။ တကယ့်မိတ်ဆွေတွေလိုပါဘဲ။ သူတို့ကိုယ်တိုင်ကလဲ ခွင့်လွှတ်နားလည်ပေးပြီး အတိတ်က ဖြစ်ရပ်ဆိုးတွေကို သင်ပုန်းချေပြီးသားလေ။ ပြီးတော့ တကယ်လို့ ကျောက်ကပ်အလှူရှင် အဖေအရင်း ပေါ်ပေါက်လာရင်လဲ ဘာမှ အမှုဖွင့် အရေးမယူဘူးဆိုပြီး တရားဝင် ရှေ့နေနဲ့ အတည်ပြုထားပြီးသားလေ"

"အော်... ဒါဆိုရင်တော့ ဇာတ်သိမ်းခန်းကတော့ ပျော်စရာ အတိ ဖြစ်သွားမှာပေါ့နော် အဘိုးဖြူ"

"ဆိုကြပါတော့ကွာ။ လိုရင်းတိုရှင်းပြောရရင်တော့ သူဌေးကြီးဦးကုလားက သူ့ရဲ့ ကျောက်ကပ်တစ်လုံးကို ခွဲထုတ်ပြီး အဲဒီကလေးအတွက် အလှူပေးလိုက်တယ်။ ပြီးတော့ ကလေးအတွက် ထောက်ပံ့ကြေးတွေလဲ ပေးသွားတယ်။ အဲဒီကလေးလေးကလဲ ကျန်းမာသန်စွမ်းလာပြီး မိဘနှစ်ပါးနဲ့ အတူတူ တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင်သွားကြလေတော့သတည်းပေါ့ကွာ။ ကဲ.. ငါ့ပုံပြင်ကတော့ ဒါပါဘဲ"

တချိန်လုံး ငြိမ်ပြီး နားထောင်နေသည့် အဘိုးနုက .. ဖူးးးးးး ကလဲ လေတစ်ချက် မှုတ်ထုတ်လိုက်ပြီး "ငါဖြင့် မောင်ဖြူရဲ့ အင်တာနက်ပုံပြင်ထဲ မျောပါသွားပြီး အသက်ရှူတောင် မှားသွားတယ်" ဟု ဆိုလေ၏။ အဘိုးပုကမူ...  " မောင်ဖြူ... မင့်ပုံပြင်ထဲက ကုလား ကုလား ဆိုတဲ့ အသံကြားတိုင်း ငါ့ကိုများ စောင်းပြောနေသလား မှတ်တယ်။ ငါက အသားမဲတုံးကြီးကိုးကွ" ဟု အရွှမ်းဖောက်လေ၏။ ကျွန်ုပ်ကလဲ... "ကျနော်လဲ အဘိုးဖြူရဲ့ ပုံပြင်ထဲက သူဌေးကြီးအတီးဆိုတဲ့ အသံကြားတိုင်း ကျနော့်ကိုများ စောင်းပြောနေသလား မှတ်တယ်။ ကျနော်က အဖြူတုံးကြီးကိုးဗျ.." ဟု အဘိုးပုရဲ့ စကားနောက် လိုက်ပြောပြီး အရယ်ဖောက်လေ၏။ ကျွန်ုပ်၏ စကားကို ကြားပြီးနောက် အဘိုးပုက.. "မင်းကတော့ကွာ နေလိုက်ရင် နေရာကောင်းကချည်းဘဲ။ သူဌေးကြီး အတီးတဲ့။ လူကဖြင့် ခွေးပစ်တဲ့ တုတ်လောက်ဘဲ ရှိတာကိုများ..." ဟု နောက်လေ၏။ ကျွန်ုပ်ကလဲ အားကျမခံ... "အာ အဘိုးပုကလဲ ကျနော်နေတဲ့ နေရာက နေရာကောင်း မဟုတ်ပါဘူးဗျ။ သဘောဆိုးဆိုး ရုပ်ပုပြတ်ပြတ် လူညစ်ကြီးနေရာလေ။ အမှန်တကယ် နေရာကောင်းတာက အဘိုးပုဘဲလေ။ အဘိုးပု စဉ်းစားကြည့်ပေါ့။ အဘိုးပုနေရာယူထားတဲ့ မောင်ကုလားက မိန်းမဖြူ ချောချောလှလှလေးကို ဟ၀ှါပြု....ဥ..ဥ...ဥ.."။ ကျွန်ုပ်၏ စကားမဆုံးခင် အဘိုးပုက ကျွန်ုပ်၏ ပါးစပ်ကို လာပိတ်လေတော့၏။

ထိုအခိုက် အသက်အကြီးဆုံး ဖြစ်သည့် အဘိုးနုက.. "ကဲ ကဲ ခပ်နောက်နောက်ပုံပြင်တွေ အသားထားပြီး ပါတီပွဲလေးအတွက် ပြင်ဆင်ကြရအောင်။ ချက်ရ ပြုတ်ရ ကြော်ရ လှော်ရ သန့်ရှင်းရေးလုပ်ရဦးမှာ မဟုတ်လား။ မောင်ရင် မင်းက အငယ်ဆုံးဆိုတော့ ရေချိုးခန်း အိမ်သာတွေဘက် ကြည့်ပြီး အမြင်မတော်ရင် သန့်ရှင်းရေး လုပ်လိုက်ဦး" ဟု ကျွန်ုပ်ဘက် လှည့်ပြောလေရာ....

"နေဦးအဘိုးနု... ကျနော့်မှာ ပြောစရာရှိသေးတယ်။ ဟို..လေ..... အဘိုးဖြူရဲ့ ပုံပြင်ကို နားထောင်ပြီး မောင်ကုလားရဲ့ တစ်ကြိမ်တစ်ခါထဲနဲ့ ပစ်မှတ်ထိသွားတာလေး ကြားလိုက်တော့... ဟို .. ကျနော်တို့ ဘုရားရှင်လက်ထက်က တကယ့် ပုံပြင်တစ်ပုဒ်ကို အမှတ်ရမိလို့.. အချိန်ရှိသေးရင် နဲနဲလေး ပြောပြလို့ရမလား...."

ဟု ကျွန်ုပ် ဆိုလိုက်ရာ အဘိုးနု အဘိုးပု အဘိုးဖြူ သုံးဦးလုံး ကျွန်ုပ်ကို စားမတတ်ဝါးမတတ် မျက်မှောင်ကုတ် ကြည့်ပြီး အံကိုကြိတ်ခါ မလေးရှားက လူပြိုသိုးကပ္ပိယကြီး ကဧရာရဲ့ လေသံဖြစ်တဲ့.... "သဂျီး ခင်ညား ပြန်တော့ ပြန်တော့... ဒီအပြောမျိုးနဲ့ဆိုရင် ခင်ညား တုံးဖလားကိုသာ မြန်မြန်ပြန်ပေတော့.." ဆိုတဲ့ လေသံအတိုင်း.... " မောင်ရင် မောင်ရင်.. မင်း တော်တော်လဲ လေရှည်တဲ့ ကောင်ပါလား။ ဒီပုံစံအတိုင်းနဲ့ဆိုရင်... မောင်ရင်.. လာရာလမ်းအတိုင်းသာ ပြန်ပေတော့.. အလုပ်တွင်ကျယ်တော့မှာ မဟုတ်ဘူး။ အလုပ်မကူလဲ နေပစေ။ ရတယ်။ မောင်ရင်နေတဲ့ ဟိဿရိုးဘက်ကိုသာ ပြန်ကြွပေတော့ ကြွပေတော့....." ဟူ၍ ကြီးနိုင်တွေ ပီပီ ကျွန်ုပ်အား နှိပ်ကွပ်ကြလေတော့၏။

ကျွန်ုပ်သည်လည်း ကျွန်ုပ်လေးစားရသည့် အဘိုးအိုတွေရဲ့ ကြိမ်းမောင်းသံကြောင့် အလွန်တရာ ပြောချင်လှသည့် ပုံပြင်ကို ပါးစပ်ဝနား ရောက်ခါနီးမှ ဂလုကနဲ ပြန်မျိုချလိုက်ပြီး... "ဟဲ.. ဟဲ.. ကျနော်က အဘိုးတို့ကို စတာပါဗျ။ ပြောစရာ ပုံပြင်လဲ မရှိတော့ပါဘူး။ အဘိုးတို့ ဘာပြန်ပြောမလဲ သိချင်လို့ တမင် နောက်လိုက်တာ.. ဟီး ဟီး ဟီး" ဟု မျက်နှာချိုသွေးပြီး ရေချိုးခန်း အိမ်သာဘက် သွားကာ  တေဘုမ္မာ သီချင်းလေး ညည်းဆိုရင်း ဖြေးဖြေးမှန်မှန် သန့်ရှင်းရေး ပြုလုပ်နေလေတော့၏။ ဤတွင် ရှည်လျားလှစွာသော ကျွန်ုပ်၏  "ကျွန်ုပ်နှင့် ကျား/မကိစ္စ ပုံပြင်များ"ကို အဆုံးသတ် နိဂုံးချုပ်အပ်ပေသတည်း။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

Saturday 12 October 2013

ကျွန်ုပ်နှင့် ကျား/မ ကိစ္စ ပုံပြင်များ (၃)

ထိုအမျိုးသမီး ဖုန်းချသွားပြီးနောက် ကျွန်ုပ်သည် ရေးလက်စ အဘိုးနုပြောပြသည့် ပုံပြင်အား ဆက်လက် ရေးသားလေ၏။ (အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏)။

"ဖြစ်ပုံက ဒီလို မောင်ရင်ရေ့.."

"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"

"အင်း ဆက်မပြောခင် မှတ်ရလွယ်ကူအောင် သူတို့ကို ဒီလိုလေး နာမည်ပေးထားလိုက်မယ်။ အဲဒီ လင်မယား နှစ်ယောက်ရဲ့ နာမည်ကို ၀င်းအောင် နှင့် သန်းမေ ဆိုပြီးတော့ပေါ့။ သူတို့ လင်မယားမှာ အလွန် ချစ်စရာကောင်းတဲ့ ကျောင်းသားအရွယ် ကလေးနှစ်ယောက်လဲ ရှိတယ်"

"ဟုတ်ကဲ့ပါ အဘိုး"

"အဲဒီ ၀င်းအောင်ဆိုတဲ့ သူမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး တစ်ယောက် ရှိတယ်။ နာမည်က အောင်မောင်းတဲ့။ အောင်မောင်းလဲ အိမ်ထောင်သည် တစ်ယောက်ဘဲ။ အေးအေးဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျထားတာ။ သူတို့အိမ်ထောင်သက်က ၄ နှစ်လောက် ရှိပြီ။ ဒါပေမဲ့ ကလေး တစ်ယောက်မှ မရသေးဘူး။ သူတို့လင်မယား နှစ်ယောက် ကလေးရဖို့ အမျိုးမျိုးကြိုးစားကြပေမဲ့ မအောင်မြင်ကြဘူး။ ကလေးလိုချင်ကြလွန်းလို့ အရူးတစ်ပိုင်းတောင် ဖြစ်လို့ပေါ့။ ဘယ်သူချွတ်ယွင်းလို့ ကလေးမရမှန်းလဲ မသိကြဘူး။ အောင်မောင်းကဘဲ ချွတ်ယွင်းသလိုလို အေးအေးကဘဲ ချွတ်ယွင်းသလိုလိုနဲ့ပေါ့။ ဒါပေမဲ့ နောက်ဆုံး တိုင်ပင်ပြီး ဆေးစစ်ကြည့်လိုက်တော့ အောင်မောင်းရဲ့ ချွတ်ယွင်းချက် ဖြစ်နေတယ်။ စိတ်မကောင်း ဖြစ်လိုက်ကြတာ အရမ်းဘဲပေါ့"

"ဟုတ်ကဲ့ပါ အဘိုး"

"ဒါနဲ့.. အောင်မောင်းကလဲ သူ့ချွတ်ယွင်းချက်ကြောင့် ဖြစ်ရတာဆိုတော့ ကလေးရဖို့ သူ့မှာ တာဝန်အပြည့်အ၀ ရှိတယ်လို့ ယူဆပြီးတော့ တစ်ရက်မှာ သူ့မိန်းမ အေးအေးကို တိုင်ပင်ကြည့်သတဲ့"

"မိန်းမရေ.. နားနဲ့ မနာ မ၀ါးနဲ့သာ နာပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်။ ဒီတော့ ငါတို့ တိုးတိုးတိတ်တိတ်နဲ့ ကလေးရဖို့ ကြံစည်ကြရအောင်"

"ရှင့်မှာ ဘာအကြံအစည်တွေရှိလို့လဲ ကိုအောင်မောင်းရယ် ဆိုစမ်းပါဦး"

"ဒီလိုကွ။ ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ၀င်းအောင်တဲ့။ ငါနဲ့ အရမ်းခင်တာ။ စိတ်ရင်းလဲ အရမ်းကောင်းတယ်။ သူတို့လင်မယားမှာ ကလေးနှစ်ယောက်လဲ ရှိတယ်။ ချစ်စရာလေးတွေ"

"ဘာလဲ.. အဲဒီကလေးတွေထဲက တစ်ယောက်ကို အမွေစားအမွေခံ အဖြစ်နဲ့ မွေးစား မလို့လား"

"အဲဒီလိုတော့ မဟုတ်ပါဘူး"

"ဒါဖြင့် ဘယ်လိုတုန်း ကိုအောင်မောင်းရယ်.. ဆိုစမ်းပါဦး"

"အင်း.... ပြောရမှာတော့ အားနာလိုက်တာ။ မိန်းမကသာ သဘောတူမယ်ဆိုရင်လေ... ဟို... ဟ၀ှာ.. ဟိုဒင်းးး"

"အာ.. ရှင်ကလဲ ကိုယ့်မိန်းမနဲ့ကိုယ် ဘာတွေ အားနာပြီး ပြောရခက်နေတာတုန်း။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"

"အင်း... ပြောမှ သိရမှာဆိုတော့လဲ ပြောရတာပေါ့ကွာ။ စိတ်တော့ မဆိုးနဲ့နော်"

"အင်းပါ ဆိုစမ်းပါဦး။ နိဒါန်းတွေ ပျိုးနေလိုက်တာများ လွန်ရောဘဲ"

"ဟိုလေ... မိန်းမအဆင်သင့်တဲ့အခါ သူနဲ့ ခဏတဖြုတ်လောက် အတူတူ သွားနေပေးပါလား"

"ဘာ... ရှင်က ကျမရဲ့ကိုယ်ကျင့်တရားကို စော်ကားတာလား။ ရှင်ကကော ကိုယ့်မိန်းမကို တခြားသူရဲ့ ရင်ခွင်ထဲ ထိုးထည့်တော့မှာလား"

"အဲဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ရှင်မရယ်။ ငါ နင့်ကို အရမ်းချစ်တာ နင်လဲ သိရဲ့သားနဲ့။ အမှန်ဆို တခြားသူရဲ့ ရင်ခွင်ထဲထည့်ဖို့ မပြောနဲ့၊ တခြားယောက်ျားတစ်ယောက်က နင့်ကို ကြည့်နေတာ မြင်ရင်တောင် ငါ အရမ်းသ၀န်တတ်တာလဲ နင်အသိသားနဲ့။ အခုဟာက ငါတို့ရဲ့ ရှေ့ရေးအတွက်ပါ။ ငါတို့မှာ ကလေးတစ်ယောက်လောက်တော့ ရှိဖို့ လိုအပ်တယ်လေ။ ယုတ်စွအဆုံး အဲဒီကလေးက ငါ့ကလေး မဟုတ်ရင်တောင် နင့်ကလေးဖြစ်မှာတော့ သေချာတယ်လေ။ အဲဒီတော့ နင့်ကလေးဟာ ငါ့ကလေးဘဲပေါ့ကွာ။ ငါ နင့်ကို ချစ်သလို ကလေးကိုလဲ နင်နဲ့ ထပ်တူ ချစ်မှာပါ။ နင်သာ သဘောတူရင် ငါ အဲဒီလို လုပ်ချင်တယ်၊ ၀င်းအောင်ဆိုတာကလဲ တခြားသူမှ မဟုတ်တာ။ ငါနဲ့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေလေ။ စိတ်ရင်းကလဲ အရမ်းဖြူစင်ရိုးသားတာ။ ဒါကြောင့် တခြားတစ်ယောက်နဲ့စာရင် သူနဲ့က အတွင်းသိ အချင်းသိ မဟုတ်လား။ ပြီးတော့ ရလာတဲ့ ကလေးကလဲ ဂျီးန်က ကောင်းပြီးသား ဖြစ်မှာမဟုတ်လား"

"သူတို့လင်မယားနှစ်ယောက် အဲဒီနေ့က တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာ အကြာကြီးဘဲတဲ့ မောင်ရင်ရေ"

"အင်း ဟုတ်တယ်နော် အဘိုး။ ကျနော်တောင် အဘိုးပြောတာ နားထောင်ရင်း စိတ်မကောင်း ဖြစ်နေမိတယ်"

"အင်း... ဒါပေမဲ့လဲ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ နောက်ဆုံးတော့ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြတယ်လေ။ (၁) အားလုံး ရာသက်ပန် နှုတ်လုံရမယ်။ (၂) ဒီကိစ္စကို အကြောင်းပြုပြီး ဘယ်တောအခါမှ အားနည်းချက်တစ်ခုအဖြစ် မဖန်တီးရန်။ (၃) ကလေးကို တကယ့်ဖခင်ရင်းအတိုင်း ချစ်ခင်ရန်။ အဲဒီ အချက်သုံးချက်နဲ့ မိန်းမဖြစ်တဲ့ အေးအေးရဲ့ သဘောတူညီချက်ကို အောင်မောင်းရသွားတယ်"

"စိတ်မကောင်းစရာဘဲနော် အဘိုး"

"ဘယ်တတ်နိုင်မလဲကွာ။ တစ်ခုခု လိုချင်ရင် တစ်ခုခု စွန့်ရမယ် ဆိုတဲ့ သဘောတရားလဲ မောင်ရင် သိရဲ့သားနဲ့။ သူတို့က ကလေး အရမ်းလိုချင်ကြတာကိုး။ ဆက်ပြောရရင် အောင်မောင်းတစ်ယောက်လဲ မိန်းမရဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ သူငယ်ချင်းဖြစ်တဲ့ ၀င်းအောင်ရဲ့ သဘောထားကို စုံစမ်းမေးမြန်းဖို့ လိုအပ်လာပြီပေါ့။ အဲဒါနဲ့ သူငယ်ချင်း ၀င်းအောင်ရဲ့ အိမ်ကို သွားပြီး အကြောင်းစုံကို ပွင့်ပွင့်လင်းလင်း ရှင်းပြတာပေါ့။ ပထမတော့ ၀င်းအောင်က သဘောမတူဘူးတဲ့။ သူ့မိန်းမ သန်းမေနဲ့ ပြဿနာ ဖြစ်မှာလဲ ပူရတယ်မဟုတ်လား။ ဒါပေမဲ့ အောင်မောင်းက အနူးအညွတ်တောင်းပန်ပြီး ကူညီပေးဖို့ တောင်းဆိုတဲ့အတွက် ၀င်းအောင်က "မိန်းမကို ဖွင့်ပြောတိုင်ပင်လိုက်ဦးမယ်၊ မိန်းမသဘောတူရင်တော့ ဆောင်ရွက်ပေးမယ်၊ သဘောမတူရင်တော့ ၀မ်းနည်းပါတယ် မကူညီနိုင်ပါဘူး"လို့ ဆိုသတဲ့။ အောင်မောင်းကလဲ "ကူညီပါ သူငယ်ချင်းရာ။ အောင်မြင်ရင် သိန်းနှစ်ဆယ်ပေးပါ့မယ်၊ သန်းမေကိုလဲ သေချာရှင်းပြလိုက်ပါ"လို့ ဆိုသတဲ့"

 "အဲဒါနဲ့.... ၀င်းအောင့်မိန်းမ သန်းမေက သဘောတူလိုက်သလား အဘိုး"

"မိန်းမဘဲကွာ။ ဘယ်သဘောတူပါ့မလဲ။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကို ဝေမစားနိုင်ကြဘူး မဟုတ်လား။ ၀င်းအောင်ကလဲ ဖြောင်းဖြ ပြောဆိုရတာပေါ့။ သူ့သူငယ်ချင်းကို ကူညီချင်တဲ့အကြောင်း။ ဒီကိစ္စကိုလဲ တိုးတိုးတိတ်တိတ် လုပ်မဲ့အကြောင်း။ ပြီးတော့ ငွေ သိန်းနှစ်ဆယ်လဲ ရဦးမှာ ဖြစ်တဲ့ အကြောင်းပေါ့။ နောက်ဆုံးတော့လဲ အဲဒီငွေ သိန်းနှစ်ဆယ် မျက်နှာနဲ့ဘဲ သူတို့နှစ်ယောက် သဘောတူညီမှု ရသွားကြပါတယ်"

"ဒါဆိုရင်တော့ အလုပ်ဖြစ်ကြတော့မှာပေါ့နော် အဘိုး"

"အင်း... ဆိုပါတော့ကွာ။ ၀င်းအောင်လဲ သူ့မိန်းမ သန်းမေက မီးစိမ်းပြလိုက်ပြီဆိုတာနဲ့ အောင်မောင်းနဲ့ ပြေးတွေ့တော့တာပေါ့။ အဲဒီမှာ သူတို့ ကတိ (၃ )ချက်နဲ့ အချင်းချင်း သဘောတူညီမှု ယူလိုက်ကြတယ်။ (၁)ရာသက်ပန် နှုတ်လုံရမယ်။ (၂) ၇ ခါဘဲ အေးအေးနဲ့ အတူတူနေရမယ်။ (၃) ကိစ္စပြီးမြောက်တဲ့ နေ့မှာ ငွေ သိန်း ၂၀ ချေရမယ်"

"စိတ်မကောင်းစရာပေမဲ့ စိတ်ဝင်စားစရာတော့ အကောင်းသားနော် အဘိုး"

"အင်း.... လိုရင်းတိုရှင်းပြောရရင်တော့ အေးအေးတစ်ယောက် ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ဖြစ်နေတဲ့အချိန်မှာ ၀င်းအောင်နဲ့ အတူတူ သွားနေလိုက်တယ်။ တစ်ပတ်အတွင်း ၇ ခါတိတိ အတူတူ နေလိုက်ကြတယ်ဆိုပါတော့"

"အဲဒီအချိန်မှာ ၀င်းအောင့်မိန်းမ သန်းမေနဲ့ အေးအေးယောက်ျား အောင်မောင်းတို့ရဲ့ စိတ်ထဲ အရမ်း ပူလောင်နေကြမှာဘဲနော် အဘိုး"

"အေးပေါ့ကွာ။ ဘယ်သူက ကိုယ့်ယောက်ျား ကိုယ့်မိန်းမကို တခြားသူရင်ခွင်ထဲ ၀င်နေစေချင်ကြပါ့မလဲ"

"ဒါနဲ့... အေးအေးမှာ ကိုယ်ဝန်ရသွားရောလား အဘိုး"

"မင်းကလဲ ဖြတ်မမေးနဲ့လေကွာ။   ပြောမှာပေါ့"

"စိတ်အရမ်းဝင်စားသွားတော့ အဖြေကို မြန်မြန် သိချင်နေပြီ အဘိုးရေ"

"အင်း... အဲဒါနဲ့... ၇ ခါတိတိ အတူနေပြီးတဲ့အခါမှာ ကတိအတိုင်း အောင်မောင်းက ၀င်းအောင်ကို ငွေ သိန်းနှစ်ဆယ် ပေးလိုက်တယ်။ ပြီးတော့ နှစ်ပတ် သုံးပတ်လောက် အေးအေးကို စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ အေးအေးမှာ ကိုယ်ဝန်ရတဲ့ လက္ခဏာပြမလာဘူးတဲ့။ ဒါနဲ့ တစ်လလောက်စောင့်ကြည့်ပြီး ထူးခြားမလာတာနဲ့ ဆရာဝန်ဆီ သွားပြီး ကိုယ်ဝန်ရမရ ဆေးစစ်ကြည့်တော့ အေးအေးမှာ ကိုယ်ဝန် လုံးဝ မရှိဘူးတဲ့ မောင်ရင်ရေ့..."

"ဟောဗျာ... ဘယ်လို ဖြစ်ရတာလဲ။ အေးအေး ကိုယ်ဝန်ရနိုင်တဲ့ ကာလမှာ အတူတူ နေခဲ့ကြတာ မဟုတ်လား"

"အင်း...အဲဒီအချိန်က စပြီး သူငယ်ချင်းအချင်းချင်းတွေ ပြဿနာတက်ကြတော့တာပေါ့။ အောင်မောင်းက ၀င်းအောင်ဆီကနေ အလုပ်ကို ဖြစ်မြောက်အောင် မလုပ်ဖူးဆိုပြီး ငွေ သိန်းနှစ်ဆယ်ကို ပြန်တောင်းတယ်။ ၀င်းအောင်နဲ့ သူ့မိန်းမကလဲ ၇ ခါတိတိ အကျိုးဆောင်ပြီးဖြစ်လို့ ပြန်မပေးနိုင်ဘူးပေါ့။ အေးအေးကို မေးကြည့်ပြန်တော့လဲ ၇ ခါတိတိ အတူတူ နေခဲ့ကြတယ်ဆိုတာ ဟုတ်မှန်ကြောင်း ပြောတယ်။ ဒါဆို အကျိုးဆောင်ခဲ့ကြတာ မှန်နေတယ်မဟုတ်လား။ ဒါပေမဲ့ ခက်တာက အေးအေး ကိုယ်ဝန်မရနိုင်လိုက်တာဘဲ"

"ထူးဆန်းလိုက်တာ အဘိုးရာ"

"အဲဒီမှာ ရုံးရောက်ဂတ်ရောက် ဖြစ်ကုန်ကြတော့တာပေါ့။ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရမဲ့ ကိစ္စက တကယ့်ကို လူသိရှင်ကြား ဖြစ်သွားကြရောပေါ့။ အမှန်ဆို ၀င်းအောင်က သိန်းနှစ်ဆယ် ပြန်ပေးလိုက်ရင်လဲ ပြဿနာက မကြီးနိုင်ဘူး။ ဒါမှ မဟုတ် နဂိုသဘောတူညီချက်ယူကထဲက ကိုယ်ဝန်ရမှ ပိုက်ဆံချေမယ်လို့ စာချုပ်ထားရင်လဲ ပြဿနာ မတက်နိုင်ဘူး။ အခုတော့ လက်လွန်ကုန်ကြပြီလေ။ အောင်မောင်းဘက်က ကြည့်ရင်လဲ မိအေးနှစ်ခါနာမကဘူး သုံးခါတောင်နာတာ မဟုတ်လား။ သိန်းနှစ်ဆယ်လဲဆုံး၊ မိန်းမလဲ အခြားသူနဲ့ အတူနေ၊ ပြီးတော့ ကလေးလဲ မရနိုင်ခဲ့ဘူးမဟုတ်လား။ ၀င်းအောင်ဘက်က ကြည့်ပြန်ရင်လဲ သိန်းနှစ်ဆယ်ရပေမဲ့ သူ့မိန်းမ သန်းမေအနေနဲ့ သူ့ယောက်ျားကို အခြားမိန်းမတစ်ယောက်နှင့် အလကားပေးနေသလို ဖြစ်မှာကို လိုလားနှစ်သက်မှာ မဟုတ်ဘူး မဟုတ်လား"

"ဇာတ်လမ်းကတော့ ခပ်ရှုပ်ရှုပ်ဘဲနော် အဘိုး"

"ရုံးရောက်တော့ ၀င်းအောင်ကလဲ အချင်းချင်း သဘောတူညီချက်အတိုင်း ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ကန်ကြောင်းထွက်ဆိုတယ်။ ဒါကြောင့် သိန်းနှစ်ဆယ် ပြန်မပေးနိုင်ဘူးပေါ့။ အောင်မောင်းကလဲ သူ့မိန်းမ ကိုယ်ဝန်မရတဲ့အတွက် လုပ်ငန်းအောင်မြင်အောင် မလုပ်ဘူးဆိုပြီး သိန်းနှစ်ဆယ် ပြန်တောင်းတယ်။ အဲဒီမှာ အခြေအတင် နာမကောင်းကြားမကောင်း စကားတွေ တစ်ဘက်နဲ့တစ်ဘက် ဖြစ်ကုန်ကြတော့တာပေါ့။ နောက်ဆုံးတော့ ၀င်းအောင်နှင့်အေးအေး ၇ ခါတိတိ အတူတူနေခဲ့ကြတာ မှန်ရင် ဘာဖြစ်လို့ ကိုယ်ဝန်မရနိုင်ရတာလဲ ဆိုတဲ့ အဖြေကို ဆန်းစစ်ဖို့ လိုအပ်လာတယ်ပေါ့။ အဲဒီမှာ ၀င်းအောင်ဘက်ကို ကြည့်ရင်လဲ ကလေးနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့အတွက် ချွတ်ယွင်းစရာ အကြောင်း မရှိဘူး။ အဲဒီလိုဘဲ အေးအေးကို ကြည့်ပြန်ရင်လဲ မကြာသေးခင် လကမှ ဆေးစစ်ချက်ယူထားပြီး ကိုယ်ဝန်ရနိုင်ကြောင်း အထောက်အထားတွေ ရှိနေတဲ့အတွက် သူဘက်ကလဲ ချွတ်ယွင်းချက် မဖြစ်နိုင်ဘူးပေါ့"

"ဒါဆို.. ဘယ်သူ့အပြစ်လဲ အဘိုး... ကံတရားရဲ့ အပြစ်လား"

"ဟုတ်တယ်... မောင်ရင် ပြောတာ ဟုတ်တယ်။ ကံတရားရဲ့ အပြစ်။ ဒါပေမဲ့ အဲဒီ ကံတရားရဲ့ အပြစ်က ၀င်းအောင်တို့ မိသားစုအတွက် သက်သက်ဘဲ။ အဲဒီ ကံတရားကဘဲ ၀င်းအောင်တို့ မိသားစုကို တစ်သက်လုံး စိတ်ဆင်းရဲစေလိုက်တာလေ"

"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ အဘိုးရယ်..."

"ဘယ်လိုမှ မဖြစ်ဖူး။ အဲဒီမှာ ၀င်းအောင်ကိုရော အေးအေးကိုရော ဆေးစစ်ချက် ပြန်ယူရမယ် လုပ်ရောပေါ့။ အဲဒါနဲ့ ဆေးစစ်ချက်တွေ ပြန်ယူကြတာပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကို မောင်ရင် သိရင် ပိုအံ့သြသွားလိမ့်မယ်"

"ဘာဖြစ်လို့လဲ အဘိုး"

"ဘာဖြစ်ရမှာလဲကွ။ ဆေးစစ်ချက်ထဲမှာ အေးအေးက ကိုယ်ဝန်ရနိုင်တဲ့ အနေအထား ရာနှုန်းပြည့် ရှိတယ်တဲ့။ တကယ်ချွတ်ယွင်းနေတာက ၀င်းအောင်လေ။ ဘယ်လောက်ထိ ချွတ်ယွင်းနေသလဲဆိုတော့ ၀င်းအောင်မှာ မွေးကထဲက ကိုယ်ဝန်ရစေနိုင်တဲ့ အစွမ်းသတ္တိ လုံးဝ(လုံးဝ) မပါရှိလာခဲ့ဘူးတဲ့"

"ဟောဗျာ..... ဒါဖြင့် သူ့မှာ ကလေးနှစ်ယောက် ရှိနေတယ် မဟုတ်လား"

"အဲဒါ ပြောတာပေါ့ မောင်ရင်ရာ။ အဲဒီကလေးနှစ်ယောက်လုံး ကျောင်းသားအရွယ်တွေရောက်မှ သူ့နဲ့ရခဲ့ သူ့ကလေးတွေ မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့ ၀င်းအောင်တစ်ယောက် ဘယ်လောက် ခံစားရမလဲ မင်းဘဲ စဉ်းစားပေါ့။ အဲဒီ ဆေးစစ်ချက် အဖြေကိုလဲ သိရော... ၀င်းအောင်ခမျာ အရူးတစ်ပိုင်း ဖြစ်သွားလေတော့ရဲ့... ပါးစပ်ကလဲ သန်းမေ... သန်းမေ... နင်...နင်.... သိပ်ရက်စက်တယ်.... သိပ်ရက်စက်တယ်ကွာ.. ဆိုပြီး တငိုငို တယိုယို ဖြစ်နေတော့တာပေါ့"

"ဒါဖြင့်... ဒါဖြင့်... သန်းမေက နောက်ယောက်ျားတစ်ယောက်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ သဘောပေါ့"

"မင်းကလဲ ရှင်းနေတဲ့ ဥစ္စာ။ ဖောက်ပြန်ခဲ့တဲ့ သဘောတင်မကဘူး။ ဖောက်ပြန်ခဲ့တယ်။ ဖောက်ပြန်နေဆဲ၊ ဖောက်ပြန်လိမ့်ဦးမယ်ဆိုတဲ့ သဘောတွေ သက်ရောက်နေတော့တာပေါ့"

"နားထောင်ရတာ မောလိုက်တာ အဘိုးရာ"

"မင်းက မောရတယ်ရှိသေး။ ဟို ကာယကံရှင်တွေကိုလဲ အားနာဦး။ တစ်ဖက်က ငွေသိန်းနှစ်ဆယ် ဆုံးတယ်။ မိန်းမလဲ အတူပေးနေလိုက်ရတယ်။ နောက်တစ်ဖက်ကလဲ မိန်းမဖောက်ပြန်တာ သိလိုက်ရတယ်။ ပြီးတော့ ကလေးတွေဟာ သူနဲ့ ရခဲ့တဲ့ ကလေးမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ သူတို့အားလုံး ဘယ်လောက် ရင်မောလိုက်ကြမလဲဆိုတာ မင်းစဉ်းစားကြည့်ပေါ့"

"အင်းနော် အဘိုး။ လောကကြီးက ကြောက်စရာကြီးဘဲနော်"

"အေးပေါ့ကွာ။ ကံတရားရဲ့ အလှည့်အပြောင်းတွေပေါ့။ ကံတရားဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာ ဒါက သက်သေပေါ့။ အောင်မောင်းတို့ ကလေးလိုချင်တာလေးတစ်ခုနဲ့ သန်းမေရဲ့ ဖောက်ပြန်မှုတွေကို ပေါ်လာကုန်တာလေ။ တကယ်တမ်း စဉ်းစားကြည့်ရင် ဘာမှလဲ ဆက်နွယ်လာစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အမှန်တရားဟာ အမှန်တရားပါဘဲ။ အချိန်ကြာကောင်း ကြာနိုင်ပေမဲ့ အမှန်တရားဆိုတာ ပြေးမလွတ်ဘူးလေ။ တနေ့နေ့တော့ တနည်းနည်းနဲ့ အမှန်တရားက ပေါ်လာမှာပါဘဲ"

"ဒါဖြင့် သူတို့ကိစ္စက ဘယ်လို အဆုံးသတ်သွားကြသလဲ မသိဘူး"

"ဘယ်လိုမှ အဆုံးမသတ်ဘူး။ ဒီအတိုင်း တအုံနွေးနွေး ဖြစ်နေကြတော့တာပေါ့။ အမှုကို နှစ်ဦး နှစ်ဖက် ကြေအေးလိုက်ကြပေမဲ့ ဖြစ်ပျက်ခဲ့ပြီးတဲ့ ကိစ္စတွေကိုတော့ ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူးမဟုတ်လား။ အောင်မောင်းနဲ့အေးအေးတို့ စုံတွဲကလဲ စုပ်တသတ်သတ်နဲ့။ ၀င်းအောင်နဲ့သန်းမေတို့ စုံတွဲကလဲ တောက် တခေါက်ခေါက်နဲ့ ကြေကွဲဝမ်းနည်းနေကြတော့တာပေါ့။ ပိုဆိုးတာက ၀င်းအောင်တို့ မိသားစုပေါ့။ အဲဒီအချိန်ကစပြီး သူတို့မိသားစုကြား ပျော်ရွှင်မှု ကြည်နူးမှု ကျေနပ်မှုတွေကို ဖယ်ထုတ်လွှင့်မျောစေတဲ့ ဘ၀မုန်တိုင်းကြီး တ၀ုန်းဝုန်း ၀င်ရောက် တိုက်ခတ်နေတော့တာပေါ့ကွာ"

အဘိုးနုသည် အင်တာနက်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ထိုကဲ့သို့ အဆုံးသတ်ပြောဆိုပြီး မောပန်းသွားဟန်ဖြင့် ရေသောက်ဖို့ ရေသန့်စက်ထားရာ အခန်းအ၀င်ဝနားသို့ ထသွားကာ ရေကို ဂလုဂလု မြည်အောင် သောက်နေလေတော့၏။ ထိုအခါ ကျွန်ုပ်သည်....

"အဘိုးနုရဲ့ ပုံပြင်ကို နားထောင်ပြီးမှဘှဲ ကျနော်လဲ ဟို...ယောက်ျားမိန်းမ စိတ်မချရ..ဆိုတဲ့ ပုံပြင်လေးကို ပြေးသတိရမိတယ် အဘိုးရေ..အဟီးဟီး...."

ဟု ဆိုလိုက်ရာ အဘိုးနုသည် သောက်လက်စ ရေကို ခဏရပ်လိုက်ပြီး မင်း... တော်တော်လဲ တတ်နိုင်တဲ့ကောင်ဘဲ။ ဒီလောက် ပုံပြင်ရှည်ကြီး နားထောင်ပြီးတာတောင် ပုံပြင်တစ်ခု ထပ်ပြောဖို့ ကြံစည်နေသေးတယ်.. ဟူသော အကြည့်မျိုးဖြင့်  မျက်လုံးပင့်ကာ ကျွန်ုပ်အား စိုက်ကြည့်နေလေ၏။ အနီးရှိ အဘိုးဖြူကလဲ... အဘိုးနုရဲ့ ပုံပြင်နားထောင်ပြီး စိတ်မောနေရတဲ့အထဲ ဒီကောင်ကလဲ တစ်မျိုး... ဟူသော အကြည့်ဖြင့် မျက်စောင်းထိုးကာ ကြည့်နေလေ၏။ ထိုအခိုက် ခြံထဲမှ စိုက်ပျိုးပင်များကို ရေလောင်းပြီး အိမ်ပေါ်သို့ ပြန်တက်လာသည့် အဘိုးပုကမူ .... မောင်ရင်..ဆိုစမ်းပါဦးကွ.. ဘာတဲ့.. ယောက်ျားမိန်းမ စိတ်မချရ..ဆိုပါလား... ဟု ကျွန်ုပ်၏ ပုံပြင်ပြောလိုမှုကို ထောက်ခံ အားပေးလေ၏။ မဟုတ်မဟတ်ပုံပြင်ဆို ဦးဏှောက်ထဲ အလိုအလျောက် ၀င်လာတတ်သည့် ကျွန်ုပ်သည်လည်း အဘိုးပု၏ အားပေးမှုကြောင့် အောက်ပါပုံပြင်တို တစ်ပုဒ်ကို... အဟမ်း... ဟု ချောင်းတစ်ချက်ဟန့်ကာ အဘိုးအို သုံးဦးအား အားရပါးရ ပြောပြနေမိလေတော့၏။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.




Tuesday 8 October 2013

ကျွန်ုပ်နှင့် ကျား/မကိစ္စ ပုံပြင်များ (၂)

 (ဗဲရီးဆန်ဇေ့တစ်ဗ်သမားများ မဖတ်ကြပါရန်)

"တခါတုန်းက... တခါတုန်းကဆိုပေမဲ့ သိပ်မကြာသေးခင် ကာလတုန်းက ဆိုပါတော့ကွာ။ လင်မယား နှစ်ယောက်ရှိတယ်တဲ့။ သူတို့မှာ ကလေးနှစ်ယောက်လဲ ရှိတယ်တဲ့။ ကလေးလေးတွေကလဲ ချစ်စရာ အရမ်းကောင်းတယ်တဲ့။ မိသားစုဘ၀ ပျော်ရွှင်ကြည်နူးစရာလေးပေါ့ကွာ။  ဥစ္စာပစ္စည်းကလဲ အသင့်အတင့်ရှိလေတော့ မိသားစုဘ၀ စိုစိုပြေပြေလေးပေါ့" (မှတ်ချက်။ အဘိုးနု ပြောပြသည့်အတိုင်း ရေးထားခြင်းဖြစ်၏။ မူရင်းနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်၏။ မူရင်းကို ကျနော် မဖတ်ဖူးပေ)။

"ဟုတ်ကဲ့ ပြောပါ အဘိုး"

"အဲဒီ အဆင်ပြေစိုပြေနေတဲ့ မိသားစုဘ၀လေးထဲကို တစ်ရက်မှာ မထင်မှတ်ဘဲ မုန်တိုင်း တစ်ခု ၀င်ရောက်လာပါရောတဲ့။ စိတ်မကောင်းစရာ ဖြစ်ရပ်မှန်ကလေးပေါ့ကွာ။ ဖြစ်ပုံက ဒီလို မောင်ရင်ရေ့..."

"ဟုတ်ကဲ့ ဆက်ပြောပါ အဘိုး"

"ကလင်....ကလင်... ကလင်"

ကျွန်ုပ်သည် အဘိုးနုပြောပြသော အင်တာနက်ဖြစ်ရပ်မှန် ဇာတ်လမ်းအား မုဒ်သွင်းကာ ပို့စ်တစ်ပုဒ်အဖြစ် ရေးသားနေခိုက် ကျွန်ုပ်၏ အသိမိတ်ဆွေ (ဘလော့ပရိသတ်ဆို ပိုမှန်မည်ထင်၏) အမျိုးသမီးတစ်ယောက်ထံမှ ဖုန်းဝင်လာ၏။ ဘလော့ရေးသူနဲ့ ဘလော့ဖတ်သူ ကင်းကွာလို့ မရစကောင်းမို့ ရေးလက်စပို့စ်ကို ခဏထားပြီး ဖုန်း ကောက်ကိုင်လိုက်၏။

"ဟလို.... အမိန့်ရှိပါခင်ဗျာ.."

ဘယ်သူ့ဆီက ဖုန်းလာလာ ကျွန်ုပ် ပြန်ထူးနေကျ မူရင်းအတိုင်း တုန့်ပြန်ဖြေကြားလိုက်၏။

"အမိန့်ရှိဖို့ ခေါ်တာမဟုတ်ဘူး။ အမိန့်ပေးဖို့ ခေါ်တာ။ ဘယ့်နှယ် ပို့စ်တစ်ပုဒ်ကို အဆုံးမသတ်ဘဲ တစ်လကျော်ကျော် ပစ်ထားရတယ်လို့။ အဲဒါ စာဖတ်တဲ့သူတွေကို သက်သက်မဲ့ စော်ကားတာ။ စာကလေး ကမြောက်ကချောက် ရေးတတ်ရုံရှိသေး ဈေးက ကိုင်ချင်လာပြီ။ အဲဒီ ပို့စ်ကို မြန်မြန် ဆက်ရေးပါ။ မဟုတ်ရင်တော့ သူကြီးမင်းဘလော့ကို ဘယ်တော့မှ (ဘယ်တော့မှ) လာမဖတ်တော့ဘူး"

သူတို့လုပ်စာကိုင်စာ စားသောက်ပြီး ဘလော့ရေးနေရတဲ့ ဘ၀ဆိုတော့လဲ သူတို့ အမိန့်ပေးတဲ့အတိုင်း ဟုတ်ကဲ့ပေါ့။း) ဦးဏှောက်တွေ ပူထူနေတဲ့ ကာလမို့ ဘလော့ဘက် မလှည့်နိုင် ဖြစ်နေသည်ကိုမူ ထို အမျိုးသမီး သိဟန်မတူ။ သူသိသည်မှာ ကျွန်ုပ်၏ တောင်မရောက်မြောက်မရောက် ပေမမီဒေါက်မမီ စာတိုပေစများကို အပျင်းပြေ ဖတ်ဖို့ရန်သာ သိလေ၏။ 

"ဟုတ်ကဲ့... အခု အဲဒီ ကျားမကိစ္စပုံပြင်ကို ဆက်ရေးနေပါတယ်။ ဒါပေမဲ့ အခုတင်လေးမှ စရေးနေတာပါ။ စာရေးနေရင်း ခင်ဗျားဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်တာပါ"

"အော်... သူကြီးမင်းက ဘလော့ဂါပီပီ အလိမ်အခေါက်ကလေးတွေလဲ ရသကိုး။ ပြောနေကျ စကားအတိုင်း အခုရေးနေပါတယ်၊ မနက်ဖန် စရေးပါ့မယ်၊ နောက်နှစ်ရက်လောက်ဆို ပို့စ်အသစ်တင်ပါ့မယ်နဲ့.. ပြီးတော့ ဘယ်တော့မှလဲ စကားအတိုင်း မတည်ဘူး။ အဲဒါကော ဘလော့ဂါ ကျင့်ဝတ်နဲ့ ညီညွတ်ရဲ့လား။ ဒီမှာ... သူကြီးမင်း သိလား။ ဘလော့ဂါတွေရဲ့ အသက်က ဘလော့လာဖတ်သူတွေဘဲ။ သူတို့မရှိရင် သူကြီးမင်းတို့လဲ ဘလော့ဂါဆိုပြီး အလံမထူနိုင်ကြတော့ဘူး မဟုတ်လား"

"ကဲ..ကဲ... ပြောလိုက်တော့... ပြောလိုက်တော့... စိတ်ထဲ ရှိတာသာ အကုန်ပြောလိုက်တော့။ ဘယ့်နှယ် သူဋ္ဌေးမကြီးနဲ့ အိမ်ဒရ၀မ်ကျနေတာဘဲ။ ခင်ဗျား ပြောလိုက်မှ ကျုပ် ရေးလက်စ စာတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ အခု ရေးနေပါတယ်ဆိုမှဘဲ။ မယုံရင် မနက်ဖန် စောင့်ဖတ်။ ဘလော့ပေါ် ဆက်ဆက် တင်လိုက်မယ်"

"အဲဒီလို ပြောပြောပြီး ဟုတ်လဲ ဟုတ်တာ မဟုတ်ဘဲနဲ့။ သူကြီးမင်း လုပ်လိုက်ရင် အားလုံး တန်းလန်းတွေချည်းဘဲ"

"ဟ... ဘာတွေတုန်းဟ အဲဒီ တန်းလန်းကြီးက"

"အခုမှ အိပ်ချင်ယောင် မဆောင်နဲ့။ သူကြီးမင်း ဘလော့ကို ဖတ်လာတာ နှစ်ဆွေးနေပြီ။ သူကြီးမင်း  တ သ မကွဲဘဲ ရေးတဲ့ အချိန်ကထဲက ဆိုပါတော့။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူကြီးမင်း ရေးထားတဲ့ ဒေါက်ဖိနပ် လေးဖက်နှင့် ဟူလီယာ နန်စီဆိုတဲ့ သူစိမ်းအမျိုးသမီး နှစ်ဦး ဆိုတဲ့ ပို့စ်လဲ အခုထက်ထိ အဆုံးမသတ်သေးဘူး။ ပြီးတော့ ကြောင်ဖမ်းဆရာတော်ဆိုတဲ့ ပို့စ်တုန်းကလဲ စောင့်လိုက်ရတာ အမော။ ဟို... မောင်နတ်ကြီးတို့ မန္တလေးပြန်အောင်မိုးတို့ ဆိုတုန်းကလဲ ရင်တမောမောနဲ့ ပြီးပါ့ ပြီးနိုင်ပါ့မလား ဆိုပြီးတော့။ ရေးလိုက်ရင် အခန်းဆက်တွေချည်းဘဲ။ ပြီးတော့ ကိုယ့်ဇာတ်လဲ ကိုယ်မနိုင်ဘူး။ အဲဒါတွေကြောင့် သူကြီးမင်း ပို့စ်တွေကို အဆုံးမသတ်နိုင်တာ"

"အမလေးးး လေးးးးး ခင်ဗျားက ကျုပ်ဘလော့ကို တော်တော်လေးကို မွှေနှောက်ထားတာကလား။ အမှန်ဆို ဒေါက်ဖိနပ်လေးဖက် အကြောင်းကိုသာ အဆုံးမသတ်ခဲ့တာပါ။ ကျန်တဲ့ ပို့စ်တွေကို အဆုံးသတ်ခဲ့ပါတယ်"

"အဲဒါတွေ သိတယ်။ လာပြောမနေနဲ့။ အခု ပို့စ်ကိုသာ မြန်မြန် ဆက်ရေး။ ဘယ့်နှယ် စာဖတ်တဲ့သူတွေ မြန်မြန်ရေးဖို့ ပြောတာတောင် လျစ်လျူရှုထားရက်တယ်။ အဲ.... ပြောရဦးမယ်။ အဲဒီလို စာဖတ်သူတွေ တောင်းဆိုတာကို သူကြီးမင်းရဲ့ စာတွေကို အရမ်းစိတ်ဝင်စားလို့လို့တော့ မထင်လိုက်နဲ့နော်။ အမှားကြီး မှားသွားမယ်။ တချို့ဆို သူကြီးမင်းရဲ့ ပို့စ်ကို ဖတ်တောင်မဖတ်ဖူး။ လောကွတ်လုပ်ပြီး ကွန်မင့်သာ ပေးသွားတာ။ အဲဒါကို အဟုတ်ကြီး ထင်နေရင်တော့ သူကြီးမင်းကတော့ သွားပြီ"

"ဟာ... အကြီးကြီးကို ဖဲ့နေတာပါလား။ နေပါဦးဗျာ။ နဲနဲလေးတော့ ပြောခွင့်ပေးပါဦး။ အမှန်ဆို အဲဒီလို တန်းလန်းကြီး ထားလေ့ထားထ ရှိတာက ကျုပ်တစ်ယောက်ထဲ မဟုတ်ဘူးဗျ။ ဟို အညာသားကြီး ဦးဟန်ကြည်ရဲ့ သူကြီးသား ပေါက်ကြီးတို့၊ မဒမ်ကိုးရဲ့ ကျားထောင်ချောက်တို့၊ မောင်အောင်ထွဋ်ရဲ့ ဆားပုလင်းအောင်ထွဋ်နှင့် နတ်ကတော်ပါပုတို့။ အဲဒါတွေလဲ တန်းလန်းကြီးပါဘဲဗျာ။ ခင်ဗျားဟာက အခြားဘလော့ဂါတွေ တန်းလန်းကြီး ဖြစ်နေတာကိုတော့ မမြင်ဘဲ ကျုပ်တန်းလန်းကြီးဖြစ်နေတာကိုဘဲ မြင်နေရတယ်ဆိုတော့ မဟုတ်မှ လွဲရော။ အဝေးမှုန်များလား မသိပါဘူး"

ကျွန်ုပ်သည် စကားအရာ သာလိုသာငြား တန်းလန်းကြီးထားခဲ့ကြသည့် ဘလော့ဂါစာရင်းကို ထိုအမျိုးသမီးအား မစပ်မဆိုင် ပြောပြလိုက်မိလေ၏။ စစ်ကူခေါ်သည်ဆိုလဲ မမှားပေ။  သို့သော်....

"အံမာ..အံမာ...သူများတွေ တန်းလန်းကြီး ဖြစ်နေတာကို ဆွဲထည့်မနေနဲ့။ သူတို့ တန်းလန်းကြီး ဖြစ်နေတာက ကြည့်လို့ ကောင်းသေးတယ်။ သူကြီးမင်းရဲ့ တန်းလန်းကြီးက နေရခက် ထိုင်ရခက်ကြီး။ အဲဒီ သူကြီးမင်းရဲ့ တန်းလန်းကြီးကိုသာ မြန်မြန်ပြီးအောင်ရေး။ သူများတွေကို ဆွဲထည့်မနေနဲ့"

"ကဲပါဗျား... ရေးပါ့မယ် ရေးပါ့မယ်။ ဘယ့်နှယ် တန်းလန်းကြီးတွေအကြောင်းဘဲ ပြောနေတော့တာဘဲ။ နား ရှက်စရာ"

"အံမယ်..အံမယ်... သူကြီးမင်းကများ နားရှက်စရာ ဖြစ်နေသေးတယ်။ ရှက်ကြောပြတ်နေတဲ့ သူကများ။ ဒါနဲ့... သတိရတုန်း ပြောရဦးမယ်။ ဟို... ဘလော့ဂါဒေးတုန်းကလဲ သူကြီးမင်း ဘာမှ မရေးခဲ့ဘူး။ စာဖတ်သူတွေ ဘလော့ဂါတွေက အဲဒီနေ့အကြောင်း ရေးဖို့ တောင်းဆိုတာကိုတောင် သူကြီးမင်းက ရှောင်ဖယ် ရှောင်ဖယ်နဲ့။ ဘ၀င်က လေဟပ်နေသေးတယ်။ စာလေးပေလေး အေဘီစီဒီ အဆင့်လောက်နဲ့များ"

"ဟာ... ဇွတ်ကို ဖိနေတော့တာပါလား။ အမှန်ဆို ဒီနှစ်မှာသာ ဘလော့ဂါဒေးအကြောင်း မရေးဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဘလော့ဂါဒေးပုံပြင်ဆိုပြီး ကျုပ် ကောင်းကောင်း ရေးခဲ့ပါတယ်ဗျ"

"ဒီမယ် အတိတ်တွေ အနာဂါတ်တွေ ပြောမနေနဲ့။ ဒီကက လက်တွေ့ပစ္စုပ္ပန်သမား။ သူများတွေက ဟောတစ်ပုဒ် ဟောတစ်ပုဒ် ပို့စ်တွေ အလီလီ တင်နေတဲ့အချိန် သူကြီးမင်းက တစ်လမှာ တစ်ပုဒ်တောင် မတင်ချင်ဘူး။ ဈေးကိုင်နေတယ်" 

"သူတို့ အားကောင်းမောင်းသန်တုန်း တင်နေကြတာနေမှာပါ"

"ဘာတုန်း အားကောင်း မောင်းသန်တုန်းဆိုတာက"

"အော်... အချိန်တွေ အင်နာဂျီတွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်း ရေးကြတာနေမှာပါ လို့ ပြောတာပါ။ သူတို့လဲ ရက်ဿမ် သိပ်မမှန်ကြပါဘူး။ စိတ်ပါတဲ့အခါ တစ်လကို ပို့စ် ၅ ပုဒ် ၁၀ ပုဒ် တင်ချင်တင်မယ်။ အဲ.. ဒါပေမဲ့ စိတ်မပါတော့တဲ့အခါကျတော့ လေးငါးခြောက်လနေမှ ပို့စ်တစ်ပုဒ် တင်ဖြစ်ကြတာရယ်။ တစ်ချို့ဆို တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်နိုင်ကြဘူးလေ။ သူတို့ တတွေက အဲဒီလို ရက်ဿမ် မမှန်ပေမဲ့ ကျုပ်ကတော့ ဘယ်လောက်ဘဲ အလုပ်ရှုပ်ရှုပ် အနည်းဆုံး တစ်လတစ်ပုဒ်လောက်တော့ မှန်မှန်တင်ပါသေးတယ်"

"ဒါဖြင့် သူကြီးမင်းလဲ အားကောင်းမောင်းသန်အောင် ကြိုးစားပြီး တစ်လ ငါးပုဒ် ဆယ်ပုဒ် တင်နိုင်အောင် ကြိုးစားပေါ့"

"ဟာ.. အဲဒီလိုတော့ ဘယ်ဖြစ်နိုင်တော့မလဲ"

"ဘာဖြစ်လို့လဲ"

"ဘလော့သက်ကြီးလာပြီလေ"

"ဘလော့သက်ကြီးလာရင် အဲဒီလိုဘဲ နှေးနှေးကွေးကွေး ဖြစ်တတ်ကြသလား"

"နှေးနှေးကွေးကွေးတော့ မဟုတ်ပါဘူး။ ဖြေးဖြေးမှန်မှန်ပါ"

"ရှုပ်နေတာဘဲ နှေးနွေးကွေးကွေးတွေရော ဖြေးဖြေးမှန်မှန်တွေရော"

ကျွန်ုပ်ကို စကားဖြင့် ဒလစပ် နှိပ်စက်လာသည့် ထိုအမျိုးသမီးအား စိတ်ပေါက်ပေါက်ဖြင့် ခပ်ညစ်ညစ် ပုံပြင်တစ်ပုဒ်ကို ပြောပြရန် ကြံစည်နေမိလေ၏။ ထိုအမျိုးသမီးကား ကျွန်ုပ်၏ ပုံပြင်များကို လွန်စွာမှ နှစ်သက်သဘောကျသူ ဖြစ်လေ၏။ ထိုပုံပြင်များကြောင့်ပင် ကျွန်ုပ်၏ စာဖတ် ပရိသတ်တစ်ယောက် ဖြစ်လာသူ ဖြစ်၏။ သို့သော် ပုံပြင်ကို ဘယ်က ဘယ်လို စပြောရမှန်း စဉ်းစားမရ ဖြစ်နေလေ၏။ ဒါပေမဲ့ ဆက်စပ်မှု ရှိရှိ မရှိရှိ ပုံပြင်ပြောရန် ဆုံးဖြတ်ပြီးသားမို့ ပုံပြင်အတွက် စကားဦး စလိုက်၏။

"ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"

"ဘယ်လိုကြီးတုန်း.. ဘာမပြော ညာမပြော ပုံပြင်ပြောမယ်ဆိုတော့"

"ဆက်စပ်မှု ရှိတုန်းလေး ပြောပြရတာ သေချာ နားထောင်။ ကျုပ်ပုံပြင်ကို နားနဲ့ ဆတ်ဆတ် ကြားခွင့်ရတာကိုက ခင်ဗျား အတော်လေး ကံကောင်းလို့မှတ်။ ကျုပ်က ပါးစပ်နဲ့ ပုံပြင် ပြောပြခဲတယ်။ ဘလော့ပေါ်ဘဲ ကောက်တင်လေ့ ရှိတာ"

"အင်းပါ အင်းပါ။ ပုံပြင်ကြိုက်တတ်တာက အိုင့် အားနည်းချက်ဆိုတော့ ပြောပါ ပြောပါ။ နားထောင်ရုံဘဲပေါ့"

"ကျုပ်တို့ တုံးဖလားရွာမှာ အသက် ၆၀ အရွယ် ဘကြီးသာဖြိုးဆိုတာ ရှိတယ်။ သူ့ဇနီးက ဒေါ်ညွန့်တဲ့။ အသက်က ၅၀ လောက်ဘဲ ရှိသေးတယ်။ ဘကြီးသာဖြိုး အသက် ၂၈နှစ် အရွယ်လောက်မှာ အိမ်ထောင်ကျထားတာဆိုတော့ အိမ်ထောင်သက် ၃၂ နှစ်လောက် ရှိပြီပေါ့။ ဘကြီးသာဖြိုးက လူငယ်တွေနဲ့ ဓါတ်ကျတဲ့သူဆိုတော့ ညညဆို သူ့အိမ်ကို ကာလသားလေးတွေ အလည်လာပြီး ဟိုအကြောင်းဒီအကြောင်း ကျား/မကိစ္စ အကြောင်းတွေ တောင်စဉ်ရေမရ ပြောနေကြလေ့ ရှိတယ်။ အဲဒီလို နေရင်းနဲ့ ရွာထဲက အောင်ထွန်းဆိုတဲ့ ကောင်လေးက သပြေတန်းရွာက သက်နုဆိုတဲ့ ကောင်မလေးနဲ့  အိမ်ထောင်ကျတယ်။  နှစ်ယောက်လုံးက အသက် ၁၉ နှစ် အရွယ်လေးတွေဆိုတော့ ချစ်မ၀ ကြိုက်မ၀ အရွယ်လေးတွေပေါ့"

"လုပ်ပြီ သူကြီးမင်းက။ ညစ်ပတ်ခန်းတွေ လာတော့မယ် ထင်တယ်။ ကြိုတင် နားရှက်လာသလိုဘဲ"

"နားမထောင်ချင်လဲ နေ။ ဆက် မပြောတော့ဘူး။ နားရှက်သလေး ပါးရှက်သလေး လာမလုပ်နဲ့။ ဖုန်း ချပစ်လိုက်ရမလား"

ဒီအချိန်မှာတော့ ကျွန်ုပ်က အပေါ်စီးက ဖြစ်သွား၏။ သီအိုရီ အရ တစ်ခုခုကို ကြိုက်မိရင် အဲဒီတစ်ခုခုရဲ့ ကျေးကျွန်ဖြစ်တတ်တာ သဘာဝ မဟုတ်လား။ အခုလဲ ထိုအမျိုးသမီးက ပုံပြင်ကို အလွန်ကြိုက်၏။ ထို့ကြောင့် ထိုအမျိုးသမီးသည် ပုံပြင်၏ ကျေးကျွန်ဖြစ်သွားလေ၏။ ဆိုရသော်.. ကျွန်ုပ်သည် ပုံပြင်ပြောသူဖြစ်၏။ ထိုအမျိုးသမီးသည် ပုံပြင် နားထောင်သူ ဖြစ်၏။ ပုံပြင်ကြိုက်ပြီး ပုံပြင်၏ ကျေးကျွန်ဖြစ်သည့် ထိုအမျိုးသမီးသည် ပုံပြင်ပြောသည့် ကျွန်ုပ်၏ သြဇာအောက်သို့ အလိုလို ရောက်လာလေတော့၏။ 

"သူကြီးမင်းရယ်.. အဲဒီလိုကြီးတော့ မလုပ်ပါနဲ့။ အခုမှ ပုံပြင်က အစလေးရှိသေးတယ်။ ဘာမှ ပြန်မပြောဘဲ နားထောင်ဆို နားထောင်ပါ့မယ်။ ပုံပြင်ကိုသာ ဆက်ပြောပါ"

ထိုအမျိုးသမီး၏ လေသံ ပြောင်းလဲသွားလေပြီ။ ပုံပြင်ကြိုက်သည်ကိုး။ ပုံပြင် နားထောင်ချင်သည်ကိုး။ ခံပေါ့။း)

"အင်း... ဆက်ပြောမယ်။ သေချာနားထောင်။ စိတ်ပါတုန်းလေး ပြောပြတာ။ စိတ်က မပါတော့ဘူးဆိုရင် ဘယ်လောက် ညှစ်ထုတ်ညှစ်ထုတ် ပုံပြင်က ထွက်လာမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"အိမ်ထောင်ကျပြီး တစ်ပတ်လောက် အကြာမှာ အဲဒီ အောင်ထွန်းဆိုတဲ့ ကောင်လေး ဘကြီးသာဖြိုးအိမ်ကို  စကားစမြည်ပြောဖို့ ညဘက်မှာ အလည်လာတာပေါ့။ စကားပြောပြီး တစ်နာရီလောက် ကြာတဲ့ အခါမှာ မောင်အောင်ထွန်းက.. ဘကြီးသာဖြိုးရေ... ပြန်တော့မယ်ဗျ။ ဟိုတုန်းက လူပျိုလူလွတ်ဘ၀တုန်းကလို အေးအေးဆေးဆေး နေလို့ မရတော့ဘူး မဟုတ်လား။ အခုဆို အမျိုးသမီးက အိမ်မှာ စောင့်နေလောက်ပြီ..လို့ ဆိုသတဲ့။ လူဆိုတာကလဲ သိတဲ့အတိုင်းမဟုတ်လား။ အိမ်ထောင်ကျခါစမှာ အိမ်က မိန်းမ၊ အိမ်က ယောက်ျားဆိုပြီး ပြောပြရတာကိုက ပါးစပ်အရသာ အတွေ့သား ကလား။  ဘကြီးဖြိုးလဲ စနောက်ချင်တာနဲ့ မောင်အောင်ထွန်းကို မေးသတဲ့။ " မောင်ရင်ရေ... စကားမစပ်... မင့်အဒေါ် မညွန့်လဲ အိပ်နေပြီဆိုတော့ မင်းနဲ့ငါ ယောက်ျားအချင်းချင်းဆိုတော့ ငါမေးရဦးမယ်။ မင်း မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးသလဲ"လို့ မေးသတဲ့"

"မောင်အောင်ထွန်းကလဲ.. ဟာဗျာ ဘကြီးသာဖြိုးကလဲ ကျနော်တို့က အခုမှ ရကာစ ပူပူနွေးနွေးလေး ရှိသေးတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မ၀ ကြိုက်မ၀ဆိုတော့ တစ်ရက်ကို လေးငါးခါလောက်တော့ ကြင်နာယုယုမှု ပြုတာပေါ့"လို့ ဆိုသတဲ့။ အဲဒီ မောင်အောင်ထွန်းကဘဲ ဆက်ပြီး... "ဒါနဲ့... ဘကြီးသာဖြိုးကိုလဲ မေးရဦးမယ်။ ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သလဲ"လို့ မေးသတဲ့။ အဲဒီလို မေးတဲ့အခါမှာ ဘကြီးသာဖြိုးက လက်ညှိုးတစ်ချောင်း ထောင်ပြီး ပါးစပ်ကလဲ... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ။ တော်တော်နောက်တဲ့ ဘကြီးသာဖြိုးဘဲနော် သူကြီးမင်း"

"အင်း.. အဲဒီလိုနဲ့။ ခုနစ်လ ရှစ်လလောက်ကြာတဲ့အခါမှာ မောင်အောင်ထွန်းတစ်ယောက် ဘကြီးသာဖြိုးအိမ်ကို အလည်လာရင်း ထုံးစံအတိုင်း ရောက်တတ်ရာရာ စကားပြောကြတာပေါ့။ မောင်အောင်ထွန်း ပြန်ခါနီးမှာ ဘကြီးဖြိုးက အရင် မေးခွန်းဟောင်းကိုဘဲ ပြန်မေးသတဲ့။ မောင်ရင်ရေ... မင့်ဇနီးလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးသလဲပေါ့။ မောင်အောင်ထွန်းကလဲ... "ဟာ ဘကြီးဖြိုးရေ... အိမ်ထောင်သက်က တစ်နှစ် ပြည့်ခါနီးနေပြီ မဟုတ်လား။ ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေက တစ်ဖက်ဆိုတော့ ၀တ်ကျေတန်းကျေ ငါးရက်လောက်နေမှ တစ်ခါ ကြင်နာယုယမှု ပေးဖြစ်တော့တယ်"လို့ ဆိုသတဲ့။ "ဒါနဲ့.. ဘကြီးသာဖြိုးကကော အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲ"လို့ ပြန်မေးသတဲ့။ ဘကြီးသာဖြိုးက အရင်တုန်းကအတိုင်း လက်ညှိုးတစ်ချောင်းထောင်ပြီး... "အဘက အသက်ကြီးပြီဆိုတော့ ၀မ်း ဘဲ"... လို့ ဆိုသတဲ့"

"ခိ ခိ ခိ ရယ်ရတယ်"

"အဲဒီလိုနဲ့ နောက်ထပ် သုံးနှစ်လောက် ကြာတဲ့အခါမှာ ဘကြီးသာဖြိုးအိမ်ကို မောင်အောင်ထွန်း ပေါက်ချလာပြန်သတဲ့။ ဘကြီးသာဖြိုးလဲ မေးနေကျ စကားကိုဘဲ ပြန်မေးသတဲ့။ မောင်ရင့် ဇနီးသက်နုလေးကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပေးဖြစ်သေးသလဲပေါ့။  ဒီအခါမှာတော့ မောင်အောင်ထွန်းက.... "ဟာ ဘကြီးဖြိုးရာ... ကျနော်တို့က တောင်သူလယ်သမားတွေ မဟုတ်လား။ အလုပ်လုပ်ရတာ အရမ်း ပင်ပန်းတယ်လေ။ ပြီးတော့ ကလေးတစ်ယောက်လဲ မွေးထားပြီးပြီဆိုတော့ နေ့တိုင်း မြင်တွေ့နေကျ ဒီမျက်နှာကြီးကို စိတ်မပါတော့သလိုဘဲ။ ဒါကြောင့် တစ်လနေလို့မှ တစ်ခါတောင် ကြင်နာယုယမှု မပြုဖြစ်တော့ဘူး"လို့ ဆိုသတဲ့။ "ဒါနဲ့... ဘကြီးသာဖြိုးကကော.. အန်တီညွန့်ကို တစ်ရက် ဘယ်နှစ်ခါ ကြင်နာယုယမှု ပြုဖြစ်သေးလဲဗျ.." ဆိုပြီး ပြန်မေးသတဲ့။ ဘကြီးသာဖြိုးလဲ ထုံးစံအတိုင်း လက်ညှိုးတစ်ချောင်း ထောင်ပြီး.. "အဘက အသက်ကြီးပြီဆိုတော့ ၀မ်းဘဲ" လို့ ဆိုသတဲ့ဗျားးးး။ ပုံပြင်လေးကတော့ ဒါပါဘဲ"

"ခစ် ခစ် ခစ် တော်တော် ဘရုတ်ကျတဲ့ ဘကြီးသာဖြိုး။ နွားပျိုသန်လှ နွားအို ပေါင်ကျိုးသလောက်ဆိုတာ အဲဒီဘကြီးသာဖြိုးကို ရယ်ရွယ်ပြီး ပြောတာ ဖြစ်မယ်။ ဒါနဲ့.. ဒီပုံပြင်နဲ့ သူကြီးမင်း ပို့စ်အသစ်တွေ မတင်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်ရန်ကောဗျာ။ ဘလော့ဂါတွေ အများစုက စိတ်ပါတဲ့ အခါကျရင် တစ်လကို ပို့စ် ငါးပုဒ် ခြောက်ပုဒ်လောက် တင်ဖြစ်ကြတယ်လေ။ အင်နာဂျီတွေ အချိန်တွေ အိုင်ဒီယာတွေ အားကောင်း မောင်းသန်နေတုန်းမဟုတ်လား။ နောက်ပိုင်းကျတော့လဲ တစ်လကို တစ်ပုဒ် မပြောနဲ့။ တစ်နှစ်နေလို့မှ တစ်ပုဒ် မတင်ဖြစ်ကြတဲ့ ဘလော့ဂါတွေ အများသား မဟုတ်လား။ သူတို့ စိတ်ပါခိုက်ကလေးမှာ ပို့စ်တွေ နင်းကန်တင်ပြီး အခြားဘလော့ဂါတွေကိုလဲ ဘလော့တွေကို မပစ်ထားကြဖို့ စာမှန်မှန် ရေးကြဖို့ လှုံ့ဆော်နေကြလေရဲ့။ နောက်ပိုင်းကျတော့လဲ သူတို့ဘဲ ဘလော့ကို ပစ်ထားကြတာလေ။ သူတို့ကို မေးကြည့်ပါလား။ တစ်လကို ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲဆိုပြီးတော့။ တစ်လ ငါးပုဒ်တင်တဲ့လူ ရှိမယ်။ ငါးလလောက်မှ တစ်ပုဒ် တင်ခဲ့တဲ့သူ ရှိမယ်။ တစ်နှစ်နေလို့မှ တစ်ပုဒ်မှ မတင်ဖြစ်ခဲ့တဲ့ သူတွေရှိမယ်"

"အင်း.. ဟုတ်တယ်နော် သူကြီးမင်း။ သူကြီးမင်းပြောပြမှဘဲ သတိထားမိတော့တယ်"

"အဲဒီတော့... ခင်ဗျား ကျုပ်ကို မေးကြည့်ပါလား။ တစ်လမှာ ပို့စ် ဘယ်နှစ်ပုဒ် တင်ဖြစ်သလဲလို့"

"သူကြီးမင်း တစ်လမှာ ပို့စ်ဘယ်နှစ်ပုဒ် တင်ဖြစ်ပါသလဲ ရှင့်။ ကိုင်း.. အဲဒီလို မေးတော့ သူကြီးမင်း ဘယ်လို ဖြေမလဲ"

"ကျုပ်ကလဲ ဘကြီးသာဖြိုးလိုဘဲ လက်ညှိုးတစ်ချောင်းထောင်ပြီး.. "အဘက.. အဲလေ သူကြီးမင်းက ဘလော့သက်ကြီးပြီ ဆိုတော့ ၀မ်းဘဲ" လို့ ဖြေပစ်လိုက်မှာပေါ့။ ကဲ.. မနှိပ်ဖူးလား ဟား ဟား ဟား"

"တော်ပြီ။ သူကြီးမင်း လူညစ်ကြီး လူလည်ကြီး လူဆိုးကြီး ညစ်ပတ်အိုးကြီး... ဒါဘဲ... ဂွပ်"

ထိုကဲ့သို့သော ဝေါဟာရများကို ပါးစပ်က ရေရွတ်ဆိုပြီး ထိုအမျိုးသမီး ဖုန်းချသွားလေ၏။ နားရှက်သယောင် စိတ်ဆိုးသယောင် မူယာမာယာများဖြင့် ဖုန်းချသွားခဲ့ပေမဲ့ အမှန်မှာ ထိုအမျိုးသမီးသည် ကျွန်ုပ်ပြောပြလိုက်သည့် ပုံပြင်ကို ညအိပ်ယာဝင်ချိန်၌ ပြန်လည်စမြုံ့ပြန်ပြီး ပြုံးစိစိ ဖြစ်နေမည်မှာ သေချာလှပေတော့၏။ ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

Tuesday 3 September 2013

ကျွန်ုပ်နှင့် ကျား/မ ကိစ္စ ပုံပြင်များ


"၆၀+ များသာ ဖတ်ရန်"

တစ်နေ့သောအခါ ကျွန်ုပ်သည် အချိန်အနည်းငယ် ရရှိသည်ကို အခွင့်ကောင်း ယူပြီး ပို့စ်တစ်ပုဒ် ဖန်တီးရန် တာစူနေလေ၏။ ထိုပို့စ်၏ အကြောင်းအရာမှာ လွန်ခဲ့သည့် သုံးပတ်ခန့်က အဘိုးအို (လူပြိုကြီးများ) နှစ်ယောက် နေထိုင်ရာအိမ်သို့ အရေးအကြောင်းရှိသဖြင့် အလည်အပတ်သွားစဉ်က အိမ်ရှင် အဘိုးအိုနှစ်ဦး၊ ပြင်ပမှ အဘိုးအိုတစ်ဦးနဲ့ အတူတူ စကားလက်ဆုံကျရင်း ဟိုအကြောင်းဒီအကြောင်း စကားစပ်မိကြပုံလေးကို ပြန်လည်စားမြုံ့ပြန်ထားခြင်းပင်ဖြစ်၏။ ထိုပို့စ်၏ ထိပ်ဖျား၌ အသက် ၆၀ အထက်များသာ ဖတ်ရန် ဟု အဓိပ္ပါယ်ရသည့် "၆၀+များသာဖတ်ရန်" ဟူသော သတိပေးစာလေးကို အရင်ရေးမိလေ၏။ 

ထိုကဲ့သို့ အာရုံဝင်စားပြီး စာရေးနေစဉ် အိမ်ရှင်အဘိုးအို ရောက်လာပြီး ကျွန်ုပ်နောက်ကျောဘက်မှ နေ၍  ကျွန်ုပ်ရေးထားသည့် စာများကို မျက်မှောင်ကြုတ်အားယူပြီး ဖတ်နေလေ၏။ ကျွန်ုပ်ကား အဘိုးအို ရောက်လာသည်ကိုလဲ သတိမထားမိ၊ ကျွန်ုပ်၏စာကို ဖတ်နေသည်ကိုလဲ ဂရုမပြုမိပေ။ စာထဲ မုဒ် ၀င်နေလျှင် ဤကဲ့သို့ ဖြစ်တတ်သည်မှာ သဘာဝဖြစ်ပင် မဟုတ်တုံလော။

"မောင်ရင်...."Sixteen +"  နဲ့  "Sixty +" မှားနေပြီထင်တယ်"

အဘိုးအို၏ အသံကို ကြားလိုက်သည့်အခါတွင်မှ အဘိုးအို အနားမှာ ရောက်နေမှန်း သတိထားမိလေ၏။ 

"ဟာ.. အဘိုး ရောက်နေတာကိုး။ ကျနော် သိတောင် မသိလိုက်ဘူး အနားရောက်လာတာကို။ ဒါနဲ့ အဘိုး ဘာပြောလိုက်တာပါလိမ့်"

"၁၆+ နှင့် ၆၀+ နှင့် မောင်ရင်များ မှားနေသလားလို့ပါ"

"အာ... အဘိုးကလဲ မမှားပါဘူး။ ၆၀+မှ ၆၀+ အစစ်ပါ"

"မင်းက ဘာအကြောင်းတွေ ရေးမှာမို့လဲ"

"ကျား/မကိစ္စလေးတွေ နဲနဲ ပါနေလို့ အဘိုး အဟီးဟီး"

"အဲဒါနဲ့ ၆၀+ နဲ့ ဘာဆိုင်လို့တုန်း"

"ဆိုင်ရန်ကော အဘိုးရာ။ အဘိုးသိတဲ့အတိုင်းဘဲလေ။ လူဆိုတာ အသက်ကြီးလာလေ ပို ညစ်ပတ်လာလေ။ ပြီးတော့ ပိုပြီး ရှက်ကြော ပြတ်လာလေလေ မဟုတ်လား။း) ဒါကြောင့်မို့ အခု ကျနော် ရေးမဲ့စာက အဲဒီလို ရှက်ပြောပြတ်နေတဲ့ သူတွေနဲ့မှ အံကိုက်မှာမို့ပါ။ ပြီးတော့ အသက် ၆၀ အောက် ငယ်သူတွေ ဖတ်ရင် မျက်စိ ရှက်စရာ ဖြစ်ကုန်မှာလဲ စိုးရတယ်လေ"

"ငါ့လခွမ်းမှဘဲ။ မင်းလုပ်လိုက်မှ ငါက အညစ်ပတ်တုံးကြီး၊ အရှက်မဲ့တုံးကြီးကို ဖြစ်လို့။ ကဲပါ ကဲပါ။ မင်းရေးမှာသာ ရေးပါ။ အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းပါတယ်။ ကြိုက်သလို စိတ်ချမ်းသာသလိုသာ ကရောဟိ သဘောရှိ ရေးတော်မူပါ"

အဘိုးအိုသည် ဤကဲ့သို့ မြည်တမ်းပြီး ကျွန်ုပ်အပါးမှ ထွက်ခွါသွားလေ၏။ ဆိုရပါမူ အဘိုးအို၏ အသက်မှာ ၈၆ ပြည့်ပြီး ၈၇ ထဲ ရောက်နေပြီ ဖြစ်လေ၏။ အဘိုးအို ထွက်ခွါသွားပြီးနောက် ကျွန်ုပ်သည် ပို့စ်ဘက် အာရုံသွင်းကာ ဈာန်ဝင်စားပြီး အောက်ပါ ပို့စ်ကို စိတ်ပါလက်ပါ ရေးသားမိလေတော့၏။
.....

"ညနေပိုင်း ပါတီပွဲလေးရှိလို့ လုပ်စရာရှိတာ ကြိုတင်လုပ်ထားရအောင် စောစောလာခဲ့" ဟု ဖုန်းဆက်၍ အကြောင်းကြားလာသဖြင့် ဦးနုနှင့် ဦးပု အဘိုးအိုနှစ်ယောက် နေထိုင်ရာ လန်ဒန်မြောက်ပိုင်းသို့ ညနေ သုံးနာရီခန့်၌ ကျွန်ုပ် သွားရောက်လေ၏။ အဘိုးအို၏ ခြံဝင်းထဲ ရောက်သောအခါ ခြံနောက်ဝင်းထဲ၌ စိုက်ပျိုးပင်များကို ရေပိုက်ဖြင့် ရေလောင်းနေသည့် ဦးပုကို မြင်တွေ့ရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် အိမ်ပေါ်သို့ မတက်သေးဘဲ ခြံနောက်ဖေးသို့ ၀င်ရောက်ကာ အပင်ရေလောင်းနေသည့် အဘိုးဦးပုနဲ့ စကားစမြည် ပြောဆိုနေလေ၏။

"အဘိုးပု ဘာပင်တွေ ရေလောင်းနေတာလဲဗျ"

"ဟာ... မောင်ရင်.. လာကွာ။ အပင်ရေလောင်းရင်း စကားပြောကြတာပေါ့။ ငါလဲ အပျင်းလဲပြေ ကျန်းမာရေးလဲ ကောင်းအောင် စားပင်သောက်ပင်လေးတွေ စိုက်ရင်း ရေလောင်းပေါင်းသင် လုပ်နေတာလေ။ ဒီဘိလတ်မှာက နွေရာသီမှာဘဲ အပင်စိုက်လို့ ရတာမဟုတ်လား။ အချိန်ရှိတုန်းလေး စားပင်သောက်ပင်လေးတွေ စိုက်ထားတာလေ။ ဒီအပင်ကတော့ ဘူးသီးပင်။ ဒီမှာ မြင်လား အသီးတွေတောင် သီးနေပြီ"

အဘိုးပု ပြောမှ ဘူးစင်ပေါ် လှမ်းကြည့်လိုက်မိလေ၏။ ဟုတ်ပါရဲ့။ ဘူးသီးတွေတောင် အတော်လေး သီးနေကြပြီကိုး။ ထို့နောက် အဘိုးအိုသည် ဂရင်းမ်ဟောက်စ် ဟုခေါ်သည့် မှန်လုံ စိုက်ပျိုးရေးခြံလေးထဲသို့ လိုက်ပြလေ၏။ သစ်ခွပန်းပင်များလဲပွင့်လို့။ ခရမ်းချဉ်သီးပင်များလဲ အသီးတွေသီးလို့။ အတော် စိုက်ပျိုးရေး ၀ါသနာထုံသည့် အဘိုးပုပေတကား။

"အဘိုးပု... အဘိုးပုစိုက်ထားတဲ့အပင်တွေက ပန်းပင်ဆိုလဲဝေလို့၊ အသီးပင်ဆိုလဲ ပြွတ်လို့ခဲလို့ပါလား။ အဘိုးပုဆီမှာ စိုက်ပျိုးရေး နည်းပညာတော့ ရှိမယ်ထင်တယ်"

"ရှိပါဘူးကွာ။ ဒီလိုဘဲ ကြုံသလို စိုက်လိုက်တာဘဲ။ ဒါပေမဲ့ လက်လိုက်တယ် ပြောရမယ် ဘာပင်စိုက်စိုက် အရမ်းဖြစ်ထွန်းတယ်။ မောင်ရင်သိတဲ့အတိုင်းဘဲလေ။ ဘိလတ်ဆိုတာက အပင်စိုက်ရ အလွန်ခက်တဲ့ နိုင်ငံ မဟုတ်လား။ ဒါပေမဲ့ ငါစိုက်ရင်တော့ ပြွတ်လို့ခဲလို့ သီးကြပွင့်ကြတာကလား"

ကျွန်ုပ်သည် အဘိုးပုကို စနောက်ချင်သဖြင့်..

"အဘိုးပုက အပင်တွေစိုက်တဲ့အခါ ဒီလောက်တောင်  ဖြစ်ထွန်းတာ အိမ်ထောင်ကျရင်လဲ သားသမီးတွေ အများကြီး ဖြစ်ထွန်းလောက်တယ်။ ဘာဖြစ်လို့ အိမ်ထောင်မပြုခဲ့တာလဲ အဘိုး"

ဟု  ရွှတ်နောက်နောက် စကားဆိုလိုက်ရာ...

"ငါက အပင်စိုက်ရင်သာ ဖြစ်ထွန်းတာပါကွာ။ အိမ်ထောင်ပြုရင်တော့ သားသမီး ရနိုင်တော့မှာ မဟုတ်ပါဘူး"

ဟု အောက်သံ အားငယ်သံလေးဖြင့် ပြန်ပြောရှာလေ၏။

"ဘာဖြစ်လို့လဲ အဘိုး"

"ပြောချင်ပါဘူးကွာ။ ငါ့အကြောင်းနဲ့ ငါပါ"

"အာ... အဘိုးကလဲ ပြောစမ်းပါ။ အနားမှာ ဘယ်သူမှ မရှိပါဘူး။ ကျနော်တစ်ယောက်ထဲ ရှိတာပါ"

"ငါ မပြောလိုက်ချင်ဘူး။ မင်းမို့လို့ ငါ မပြောချင်တာ။ မင်းက အထူးအဆန်းဆို ဘလော့ပေါ်တင်ပြီး မောင်းခတ်နေကျမဟုတ်လား။ မင်းတို့ ခေတ်လူငယ်တွေ အတော်ခက်သားကလား"

"အဘိုးကလဲ ဈေးကိုင်နေပြန်ပါပြီ။ ပြောမှာသာ ပြောစမ်းပါ။ ကျနော် နှုတ်လုံပါ့မယ်။ ဘာဖြစ်လို့ အဘိုးက ကလေး မရနိုင်တော့တာလဲ။ မဟုတ်မှ လွဲရော။ အေ ကိုက်နေပြီလားမသိ"

ထိုကဲ့သို့ ကလိပေးလိုက်သည့်အခါမှ အဘိုးပုထံက ကလေးမရနိုင်ခြင်း၏ အဖြေကို သိခွင့်ရလေတော့၏။

"အေ ကိုက်လို့ မဟုတ်ဘူးဟေ့။ ဟ၀ှါတစ်လုံး ကွဲသွားလို့၊ ဟ၀ှါတစ်လုံး ကွဲသွားလို့ သိပြီလား"

"ဘာ.. ဘယ်လို အဘိုး"

"အော် ခက်ချေပြီကော ဟ၀ှါတစ်လုံး ကွဲသွားတယ်ဆိုမှတော့ ငါ နတ်ကွပ်ကြီး ဖြစ်နေပြီလို့ ပြောတာဟေ့။ ရှင်းပြီလား။ အဲဒါကြောင့်မို့ ကလေးမရနိုင်တော့ဘူးလို့ ပြောတာ။ တကထဲမှဘဲ"

"အော်.. အဲလိုလား။ သနားပါတယ်"

"အခုမှ လာသနားပြမနေနဲ့။ ငါ ကွဲခဲ့တာက ကလေးပေါက်စ ဘုန်းကြီးကျောင်းသားဘ၀ကထဲက ကွဲခဲ့တာ"

"ဘယ်လို ဖြစ်ရတာလဲ အဘိုးရယ် ပြောပြပါလား"

"ကဲပါ မထူးပါဘူး။ မင်းသိချင်နေမှတော့ ငါ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တော့မယ်"

အဘိုးပုသည် စိုက်ခင်းအပင်များကို ရေလောင်းမပျက်စေဘဲ သူ့ဟ၀ှါကွဲခဲ့ပုံလေးကို ဆွေးမြေ့စွာ ပြောပြလေတော့၏။

"ငါ ဘုန်းကြီးကျောင်းသားပေါက်စ ဘ၀တုန်းကပေါ့ကွာ။ အသက် ၁၂ နှစ်သားလောက်ဘဲ ရှိဦးမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသားဆိုတော့ ရွာဦးကျောင်းမှာဘဲ ကျောင်းအိပ်ကျောင်းစား ဘယ်မှ မသွားရဘူးမဟုတ်လား။ အဲဒီတုန်းက ကိုရင် ကျောင်းသားတွေကလဲ အများကြီးဘဲ။ ပြီးတော့ ဘုန်းကြီးကျောင်းကြီးကလဲ အကြီးကြီးလေ။ ပျဉ်ကာပျဉ်ခင်းသွပ်မိုးကျောင်းကြီးပေါ့။ ကျောင်းက အရမ်းကြီးပေမဲ့ တံမြက်စည်းလှဲတဲ့အခါ အခုခေတ်လိုမျိုး အမှိုက်ကြုံးဂေါ်ပြားတွေ မရှိသေးဘူးလေ။ ဒီတော့ အမှိုက်တွေ ဖုန်တွေကို ကျောင်းအောက်ကို လှဲချဖို့အတွက် ကျောင်းကြမ်းပြင်တွေမှာ နံရံဒေါင့်နား တိုင်နားတစ်လျှောက် အပေါက်ကြီးတွေ ဖောက်ထားရတယ်လေ။ အမှိုက်လှဲတဲ့အခါ အမှိုက်တွေကို အဲဒီအပေါက်တွေထဲ လှဲချဖို့ပေါ့"

အဘိုးပု၏ မျက်လုံးများက သူ့ကိုယ်သူ ဟိုးးး အတိတ်ဆီ သယ်ဆောင်နေမှန်း သိသာလှ၏။ ကျွန်ုပ်သည်လည်း အဘိုးပုကို အဘိုးပုဟု မမြင်တော့ဘဲ ဘုန်းကြီးကျောင်းသား မောင်ပုအဖြစ်ဖြင့် မြင်ယောင်မိလေ၏။

"ကိုရင်ကျောင်းသားတွေက အများကြီးဆိုတော့ အခန်းသီးသန့်နဲ့ မအိပ်ရဘူးလေ။ အဲဒီ ကြမ်းပြင်တွေ တစ်လျှောက်မှာဘဲ တန်းစီပြီး အိပ်ကြတာလေ။ တစ်ညကျတော့ မိုးက အရမ်းရွာတယ်။ သဲသဲမဲမဲကို ရွာတာ။ အဲဒီတော့ ငါအိပ်ပျော်နေတုန်း ငါ့အပေါ်တည့်တည့် မိုးယိုကျလာတယ်လေ။ ငါလဲ လန့်နိုးလာပြီး မိုးယိုကျတဲ့ နေရာက လွတ်ကင်းတဲ့နေရာမှာ အိပ်စက်ဖို့ မှောင်မှောင်မဲမဲထဲမှာဘဲ အိပ်ရာလိပ် မ ချီပြီး ထလာခဲ့တယ်လေ။ ဖြစ်ချင်တော့ အိပ်မှုန်စုံမွှားဆိုတော့ တံမြက်စည်းလှဲချတဲ့ အပေါက်ရှိတဲ့ နေရာကို သတိမထားမိလိုက်ဘူး။ ညဆိုတော့ ဘာကိုမှ မမြင်ရတာကြောင့်လဲ ပါတာပေါ့လေ။ အဲဒီတော့ အဲဒီ အပေါက်နားလဲရောက်ရော ငါ့ရဲ့ ခြေတစ်ဖက် အဲဒီအပေါက်ထဲ ချော်ကျတော့တာပါဘဲ။ ချော်ကျတာမှ ပေါင်ဆုံးအထိ ချော်ကျပြီး ဟ၀ှာနဲ့ ကြမ်းပြင်နဲ့ ညှပ်ခွဲလိုက်တော့တာပါဘဲကွာ။ အပေါ်က ထမ်းပိုးထားတဲ့ အိပ်ယာလိပ်အလေးချိန်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့ အလေးချိန် နှစ်ခုပေါင်းလိုက်တော့ ဒီလောက်ပျော့နေတဲ့ဟာလေး မကွဲဘဲ ခံနိုင်ပါတော့မလား"

အဘိုးအိုသည် ပြောရင်း ဈာန်ဝင်သွားသည်ထင်ပါရဲ့။ မျက်နှာတစ်ချက် တွန့်ကနဲ ဖြစ်သွားသည်ကို သတိထားမိလေ၏။ ကျွန်ုပ်သည်လည်း နားထောင်ကောင်းကောင်းနဲ့ နားထောင်နေရာမှ အပေါက်ကျွံကျတဲ့ အကြောင်းလဲပြောရော ကျွန်ုပ်ကိုယ်တိုင်ပင် အောင့်တောင့်တောင့် ဖြစ်လာသလို ခံစားမိလေတော့၏။ 

"ဘာပြောကောင်းမလဲကွာ။ ငါလဲ တခါထဲ ကြယ်တွေလတွေမြင်ပြီး သတိလစ်သွားတော့တာပါဘဲ။ ငါ သတိပြန်ရတော့ ဆေးရုံပေါ်ရောက်နေပြီ။ တစ်လုံး လုံးဝကွဲသွားတယ်တဲ့။ နာလိုက်အောင့်လိုက်တဲ့ ဖြစ်ခြင်းကွာ။ ဒါပေမဲ့ တော်ပါသေးရဲ့ နှစ်လုံးလုံး မကွဲသွားတာ။ နှစ်လုံးလုံးသာ ကွဲသွားရင် ဘယ်လိုနာမည်ပေးကြမလဲ မသိတော့ဘူး။ နတ်ကွပ်လို့ပေးလဲမဖြစ် သိကြားကွပ်လို့ ပေးလဲ မဖြစ်နဲ့။ ကံကောင်းလို့ တစ်လုံးကျန်နေတာ။ ကဲ အဖြစ်အပျက်ကတော့ အဲဒါ အကုန်ဘဲ။ ကျေနပ်ပြီလား"

အဘိုးပု မျက်နှာမှာ အားငယ်ရိပ် အနည်းငယ် သန်းနေသဖြင့် ကျွန်ုပ်သည် အဘိုးပုအား အရွှမ်းဖောက်ရန် တာစူနေမိပြန်လေ၏။

"အာ... အဘိုးပုကလဲ အားမငယ်စမ်းပါနဲ့။ လက်ဝှေ့သမားတွေဆို လက်ဖျံရိုးတစ်ရိုးထဲ ရှိတဲ့သူရဲ့ လက်သီးက ပိုပြီးပြင်းသတဲ့ အဘိုးပုရဲ့။ အဘိုးပုလဲ.............."

"ဟား ဟား ဟား.. မင်းကတော့ လုပ်ပြီ။ လူကို ငိုခြင်း ရယ်ခြင်း မေ့လျော့ခြင်း နှလုံးတုန် ရင်ခုန်ခြင်း ဖြစ်အောင် အတော် လုပ်တတ်တဲ့ကောင်"

"အာ... အဘိုးပုကလဲ ကမ္မ၀ါတွေ လာဖတ်ပြနေပြန်ပါပြီ။ ဘယ်ကလာ အဲဒါတွေ လုပ်တတ်ရမှာလဲ ကျနော်က ဘီလူးသရဲ သင်းကွဲပြိတ္တာမှ မဟုတ်တာ"

"အေးပါ။ ငါက သဘောပြောပြတာပါ။ မင်းဆိုတဲ့ကောင်က လူတွေကို ဟိုဘက်က လှည့်အစ်လိုက် ဒီဘက်က လှည့်အစ်လိုက်နဲ့ ပြီးတော့ ရယ်စရာဖြစ်အောင်လုပ်လိုက်နဲ့။ အဲဒါကြောင့် မင်းကို ငါက အဲဒီလို ကမ္မ၀ါတွေ ဖတ်ပြရတာ။ ဟုတ်ပြီလား"

"ကျနော်က အဘိုးကို ချစ်လို့ စတာပါ။ အဘိုးက ဟ၀ှါတစ်လုံးထဲ ဆိုတော့ စချင်စရာကြီးကိုး အဟီးးး"

"အေး.. မင်းက ဟ၀ှာါတစ်လုံးထဲရဲ့ အားသာချက်ကိုမှ မသိဘဲကိုး"

"အလဲ့... အဘိုးက ဒါမျိုးကျ ခေတ်မီပြန်ရော။ မိန့်ပါဦး အဘိုးရဲ့ ဟ၀ှါတစ်လုံးထဲရဲ့ အားသာချက်ကို"

"မင်းကလဲ အရှင်းသားကြီးဘဲ ဥစ္စာ။ မောင်းမမိဿံတွေနဲ့ ဘယ်လိုဘဲ နေနေ သူတို့မှာ ဟ၀ှာ မဖြစ်နိုင်ကြတော့ဘူးလေ။ ဒါဆို ဟ၀ှါအတွက် ဘာမှ မပူရတော့ဘူးပေါ့။ မနှိပ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ အဘိုးကတော့ ဒါမျိုးကျ ဆရာတစ်ဆူပေဘဲ။ ဒါကြောင့် ဒီအသက်အရွယ်အထိ တစ်ပင်မှ မထူခဲ့တာဖြစ်မယ်။ အပင်ထူမနေတော့ဘဲ အပင်တောထဲမှာဘဲ သီးထပ်သီးညှပ်တွေနဲ့ ပျော်မဆုံးမော်မဆုံး တပြုံးပြုံး ဖြစ်နေလို့ တစ်ကိုယ်တည်း လူပြိုကြီး လုပ်နေတာမဟုတ်လား။ ဟား ဟား ဟား"

"ဟား ဟား ဟား။ မင်းကတော့ ပြောတတ်တယ်။ ကဲ ကဲ ပြောလို့တော့ကောင်းတယ်။ အိမ်ပေါ်ကိုတက်လိုက်ဦး။ မင်းကို အဘိုးနု စောင့်နေတယ်။ ငါလဲ အပင်ရေလောင်းတာ လက်စသတ်ပြီး ခဏနေ တက်လာခဲ့မယ်"

ကျွန်ုပ်သည် အဘိုးပုကို နှုတ်ဆက်ပြီး အိမ်ပေါ်သို့ တက်လာရာ  ကွန်ပြူတာစခရင်ကြီးပေါ်ရှိ အင်တာနက်သတင်းများကို မျက်မှန်ထူထူကြီးဖြင့် စိတ်ဝင်တစား ပြူးပြဲစာဖတ်နေသည့် အဘိုးနုကို တွေ့ရလေ၏။ အဘိုးနု၏ အနီး၌လည်း အခြားအိမ်တစ်အိမ်မှ အဘိုးဖြူတစ်ယောက် ရောက်နေသည်ကို တွေ့ရလေ၏။

"အဘိုးနု နေကောင်းပါရဲ့လား။ အဘိုးဖြူလဲ ရောက်နေတာကိုး"

"ဟာ.. လာ မောင်ရင်။ ထိုင်ထိုင်။ မောင်ရင့်ကို အစောကထဲက မျှော်နေတာ။ ကွန်ပျူတာထဲမှာ ပြဿနာတစ်ခု တက်နေလို့။ ဒါနဲ့ နေစမ်းပါဦး မောင်ရင့်မျက်နှာ ပြုံးလှချည်လား။ ဘာလဲ အလာလမ်းမှာ အလန်းဇယားလေးတွေနဲ့ တွေ့ခဲ့ရလို့လား"

အဘိုးနုပြောမှ ကျွန်ုပ်၏ မျက်နှာကို အနီးရှိ နံရံမှာ ထောင်ထားသည့် ကိုယ်လုံးပေါ်မှန်ကြီးထဲ ကြည့်မိလေ၏။ ဟုတ်ပါ့ တကယ့်ကို ပြုံးစိစိကြီး။

"အလန်းဇယားတွေတွေ့ခဲ့လို့ မဟုတ်ဘူး အဘိုးနုရေ။ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ အဘိုးပုနဲ့ တွေ့ပြီး ရောက်တတ်ရာရာ ပြောခဲ့ရတာကို သဘောကျပြီး အပြုံးက မသေသေးတာ" 

ထိုကဲ့သို့ နိဒါန်းချီပြီး အဘိုးပု၏ ဟ၀ှာကွဲတစ်လုံးအကြောင်းကို အဘိုးနုအား အစအဆုံး ဖောက်သည် ချမိလေတော့၏။ 

"ဟား ဟား ဟား။ ဒီကောင် ငပုကတော့ ငယ်ကျိုးငယ်နာဆို ဘာမှ မကျန်ဘူး။ အကုန်ပြောပြမယ် ဆိုတာချည်းဘဲ။ အသက်က ၆၀ ကျော်ပေမဲ့ ဒီကောင်စိတ်က အခုမှ လူပျိုတက်ခါစ စိတ်ရယ်"

"ဒါကလဲ ဘမျိုးဘိုးတူဆိုသလို အကိုတူ ညီဖြစ်မှာပေါ့ အဘိုးနုရာ။ မဟုတ်ဘူးလား"

"အင်း... မြှားဦးက ငါ့ဘက် လှည့်လာပါရောလား။ ကဲ ရှိစေတော့။ မင်းက ငပုရဲ့ ဟ၀ှါကွဲတစ်လုံး အကြောင်း၊ ဟ၀ှာပြုရင် ဟ၀ှာမဖြစ်နိုင်တော့ကြောင်း ပြောတော့ ငါ ခုနတင်လေး အင်တာနက်သတင်းမှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်ကလေးကို ဖြတ်ကနဲ သတိရလိုက်မိတယ်။ ဟ၀ှာပြုလို့ ဟ၀ှါမရနိုင်ပေမဲ့ ဟ၀ှာရသွားခဲ့တဲ့ သတင်းလေးပေါ့။ ငပုရဲ့ ဇာတ်လမ်းထက် အဲဒီအဖြစ်အပျက်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"

"ဒါဖြင့် ပြောပြပါလား အဘိုး"

"အင်း... ကြုံတုန်းလေး ဖတ်ထားမှတ်ထားတာလေးတွေကို မျှဝေရတာပေါ့ကွာ"

ထိုကဲ့သို့ ပြောရင်း အဘိုးနုတစ်ယောက် အလွန်စိတ်ဝင်စားစရာကောင်းသည့် အင်တာနက်သတင်း ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အား ပြောပြလေတော့၏။ နောက်မှ ဆက်ရေးတော့မယ်နော်။ နဲနဲ ရှည်သွားလို့။း)


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင်(ပန်းရနံ့)

Tuesday 13 August 2013

မောင်နက်ကျော်နှင့် ကျွန်ုပ်၏ ပုံပြင်များ

တစ်နေ့ ကျွန်ုပ် ဘုတ်အုပ်များဖြင့် အလုပ်ရှုပ်နေခိုက် မတွေ့တာ ကြာပြီဖြစ်ဖြစ်သည့် မောင်နက်ကျော် တစ်ယောက် ဒရောသောပါးဖြင့် ကျွန်ုပ်နေထိုင်ရာ နေအိမ်သို့ ပေါက်ချလာလေ၏။ ကျွန်ုပ်သည်လည်း တစ်ယောက်တည်း ပျင်းပျင်းရှိနေလေရာ မောင်နက်ကျော် အလာကောင်းသည်ဟု ဆိုရပေမည်တည့်။

"ဆိုစမ်းပါဦး ကနက်ကျော်။ ဘယ်လိုက ဘယ်လို ပေါက်ချလာရတာလဲ။ မတွေ့တာလဲ ကြာချေပြီကော"

"လမ်းကြုံလို့ ၀င်လာတာလို့ မထင်လိုက်နဲ့ သူကြီးမင်းရေ။ တကူးတကကို တမင်သကာ လာခဲ့ရတာ"

"ထူးဆန်းလှချည်လား။ ဘယ်လို ကိစ္စထူးတွေများ ရှိလို့ပါလိမ့်။ ကညာအရေး မြာအရေးတွေ ထင်ပါ့"

"လွဲလိုက်တာ သူကြီးရာ။ ဘယ်က အရှုပ်ပလုပ်အကြောင်းတွေ ပါလာရတာလဲ။ ကျနော်လာရခြင်းအကြောင်းရင်းက အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းကြောင့်ဘဲဗျ"

"အလဲ့... ကနက်ကျော်တို့ကတော့ ရေကန်အသင့် ကြာအသင့်  အဆင်ပြေလိုက်ပုံများ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်းဆိုပါလား"

"ဟာ... သူကြီးမင်းကတော့ အကြီးကြီး လွဲနေပြန်ပါပြီ။ ကျနော် ဆိုလိုတာက ကျနော့် အပေါ်ထပ်ကကောင် တော်တော် သောင်းကျန်းနေတာကို ပြောတာဗျ။ အဲဒါ သူကြီးမင်းနဲ့ လာတိုင်ပင်ကြည့်မလို့ဟာ"

"မင်းကလဲ အစကထဲက လိုရင်းပြောလိုက် ပြီးရော ဥစ္စာ။ ဘာဇာတ်လမ်းလေး ညာဇာတ်လမ်းလေး လုပ်နေတာကိုး။ ကဲ... ဆိုစမ်းပါဦး။ အဲဒီ အပေါ်ထပ်က ကောင်က မင်းကို ဘာတွေ စော်ကား မော်ကား လုပ်နေလို့လဲ"

"ကျနော်က အောက်ထပ် သူက အပေါ်ထပ်။ အခန်းချင်းက အပေါ်အောက် တည့်တည့်လေ။ သူက တစ်နေကုန် ခုန်ပေါက်နေပုံရတယ်။ တဒုံးဒုံး တဂျိန်းဂျိန်းနဲ့။ ကျနော့်မှာ သမာဓိတွေ ပျက်ပြီး စာကြည့်လို့လဲ မရ၊ အိပ်လို့လဲ မရ၊ ဘုရားရှိခိုး တရားထိုင်ဖို့ဆို ဝေးရောဘဲ။ ညဘက် ရောက်ပြန်တော့လဲ သူ့ သူငယ်ချင်းတွေနဲ့ ပါတီတွေ မကြာမကြာ လုပ်ပြီး တဒုံးဒုံး တဂွမ်းဂွမ်းနဲ့။ စိတ်ညစ်လိုက်တာ သူကြီးမင်းရာ"

"ဒါနဲ့... မင်းက သွားပြီး မေတ္တာ ရပ်မခံချေဘူးလား"

"မကြာခဏ သွားပြီး ညှိယူပါသေးတယ်။ ဒါပေမဲ့ သူက ခေါင်းအရမ်းမာတယ်။ ပြီးတော့ သူက ပြောသေးတယ်။ ငါ့ပိုင်နက်နဲ့ ငါဆူညံတာ၊ မင်း ဘာမှ ပြောဖို့မလိုဘူး။ မကျေနပ်ရင် လဲသေလိုက်တဲ့။ အဲဒါ သူကြီးမင်း အဖြေရှာပေးပါဦး။ ကျနော်ကတော့ စိတ်ညစ်ရာကနေ စိတ်တိုလာပြီ။ တော်ကြာ လက်သုံးတော် ငှက်ကြီးတောင် ဓါးတွေ ဘာတွေ ပါလာရင် သူရော ကျနော်ရော မကောင်းဘူး"

"အိမ်း.... မောင်ရင့်ကိစ္စက ပြောရတာ လွယ်သလောက် လုပ်ယူရတော့ တကယ် ခက်မဲ့ပုံဘဲ"

ကျွန်ုပ်သည် တစ်လက်မခန့်ရှိ ကျွန်ုပ်၏ မုတ်ဆိတ်မွေးများကို ဘယ်ဘက်လက်ဖြင့် သပ်ချရင်း စဉ်းစားခန်း ၀င်နေမိ၏။ သည်လိုမျိုး အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းတို့မှာ ရှင်းရ အတော်ခက်သည့် ကိစ္စမဟုတ်တုံလော။ မကိုင်တွယ်တတ်လျှင် ဒုတ်တပြက်ဓါးတပြက် ဖြစ်နိုင်၏။ သို့မဟုတ်သည့်တိုင် မျက်နှာ အတော်ပျက်စရာကောင်းသည့် ကိစ္စဖြစ်ပေါ်လာတတ်ချေ၏။ ကျွန်ုပ်၏ တွေဝေနေသည့် အမူအယာကို ကြည့်ပြီး မောင်နက်ကျော်တစ်ယောက်လည်း အားမလိုအားရ ဖြစ်နေဟန်တူ၏။

"သူကြီးမင်းရယ်။ အကြံဥာဏ်တွေ ကြိုးစားထုတ်ပါဦး။ သူကြီးမင်း ကြံရင် အားလုံး အဆင်ပြေမှာပါ။ ကျနော် သူကြီးမင်းကို အားကိုးလို့ အခုလို လာခဲ့တာပါ"

မောင်နက်ကျော်၏ မျက်နှာကို ကြည့်ပြီး ကျွန်ုပ် အလွန်ပင် သနားကရုဏာ ဖြစ်သွားမိလေ၏။ ထို့နောက် ကျွန်ုပ်သည်လည်း အကြံကုန် ဂဠုန်ဆားချက်ဆိုသလို တောင်တောင်အီအီ စဉ်းစားရင်း ကျွန်ုပ် တုံးဖလားရွာ၌ နေထိုင်ခဲ့စဉ်က အဘွားပြောခဲ့ဖူးသော ပုံပြင်တစ်ပုဒ်ကို သတိရသွားမိလေ၏။

"မောင်နက်ကျော်။ ဒါဖြင့် မောင်ရင့်ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"

"ဟာ...  သူကြီးမင်းကလဲ လုပ်တော့မယ်။ ပုံပြင်နားထောင်ဖို့ လာခဲ့တာ မဟုတ်ဘူးဗျ။ ပြဿနာအတွက် အဖြေရှာဖို့ လာခဲ့တာပါ။ ပုံပြင်ပြောချင်ရင် နောက်မှ အေးအေးဆေးဆေး ပြောပါဗျာ။ အခုဟာက ပုံပြင်ပြောရမဲ့ အချိန်မှ မဟုတ်တာ"

"မင်းကလဲ ဇွတ် ငြင်းနေတော့တာဘဲ။ အခု ပုံပြင်က မင့် ပြဿနာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ငါကလဲ မင့်ကို ပုံပြင်ပြောပြဖို့ စိတ်မ၀င်စားပါဘူး။ အခုဟာ မင့်အတွက် ကြံဥာဏ် ဖန်ဥာဏ်တွေ ပေါ်ပေါက်လာနိုင်တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေလို့ ငါ ပြောပြမလို့ပါ"

"ဒါဖြင့်လဲ မြန်မြန်သာ ပြောပေတော့ သူကြီးမင်းရေ။ ဒီ ပုံပြင်တစ်ပုဒ်က ကုဋေတန်မဲ့ ပုံဘဲ ဟဲ ဟဲ"

"မင်း... ရွဲ့ပြောမနေနဲ့။ ပုံပြင်ကိုသာ သေချာနားထောင် ကြားလား"

ထိုကဲ့သို့ မာန်မဲပြီး ကျွန်ုပ်သည် မောင်နက်ကျော်အား အောက်ပါ ပုံပြင်တစ်ပုဒ်ကို စိတ်ပါလက်ပါ ပြောပြနေမိလေတော့၏။

"ဟို.. ရှေးရှေးတုန်းက.. ရွာတစ်ရွာမှာ မိသားစု တစ်စုရှိသတဲ့။ အမေရယ် အဖေရယ် သားနှစ်ယောက်ရယ်။ စုစုပေါင်း လေးယောက်တိတိရှိတဲ့ မိသားစုလေး တစ်စုပေါ့။ သားနှစ်ယောက် အရွယ် ရောက်ခါစမှာဘဲ ကံဆိုးစွာနဲ့ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသတဲ့။ ဒီတော့ ညီအစ်ကို နှစ်ယောက် မိဘပိုင် ပစ္စည်းတွေကို အမွေခွဲယူကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ မိဘပိုင်ဆိုင်ခဲ့တာဆိုလို့ နို့စားနွားမကြီးတစ်ကောင်နဲ့ အညာစောင်တစ်ထည်သာ ရှိခဲ့သတဲ့။ အဲဒီတော့ အဲဒီ ညီအစ်ကို နှစ်ယောက် အဲဒီ နို့စားနွားမကြီးနဲ့ အညာစောင်တစ်ထည်ကို အမွေခွဲယူကြတာပေါ့။  ဒါပေမဲ့ အကိုလုပ်တဲ့သူက စိတ်ဓါတ်ညစ်ပတ်တယ်။ ညီငယ်ကို မသနားတတ်ဘူး"

"စိတ်ဝင်စားစရာကောင်းတယ်နော် သူကြီးမင်း"

"မင်းကလဲ ဇွတ်တွန်းနေပြန်ပါပြီ။ စိတ်ဝင်စားစရာ အခန်းလဲ မရောက်သေးဘဲနဲ့။ နားထောင်မှာသာ နားထောင်စမ်းပါ။ ပြောအားကောင်းအောင် ထောက်မနေနဲ့။ ငါက ကလေး မဟုတ်တော့ဘူး"

"ဟီးးးးးး ဟုတ်ကဲ့ပါ။ ဆက်ပြောပါ သူကြီးမင်း"

"အဲဒီတော့... အကိုက သူ့ညီကို ပြောသတဲ့။ ငါ့ညီ... မင့်ကို ငါက သနားလဲ သနားတယ် ချစ်လဲချစ်တယ်။ အကိုကြီး အဖအရာဆိုသလို မိဘနှစ်ပါး မရှိတော့တဲ့နောက်မှာ ငါဟာ မင့်ရဲ့ အကိုလဲဟုတ်။ အဖေဆိုလဲ ဟုတ်တယ်။ ဒီတော့ မင့်ကိုငါ သနားငဲ့ညှာသောအားဖြင့် နို့စားနွားမကြီးကို အမွေခွဲတဲ့အခါမှာ မင်းက အမြတ်တနိုးဖြစ်တဲ့ ခေါင်းပိုင်းကို ယူပါ။ ငါက ညစ်ပတ်ပေရေနေတဲ့ ဖင်ဘက်အပိုင်းကို ယူမယ်။ ပြီးတော့ အညာစောင်ကို မင်းက မြင်သာထင်သာရှိတဲ့ နေ့ခင်းဘက်မှာ ယူသုံးပါ။ ငါကတော့ အနစ်နာခံပြီး မမြင်မစမ်းဖြစ်တဲ့ ညအချိန်ကျမှဘဲ ယူသုံးတော့မယ် လို့ ဆိုသတဲ့"

"ခွီး ခွီး ခွီး"

"ဒါက ဘယ်လို ဖြစ်လို့ ရယ်နေပြန်ရတာလဲ ကနက်ကျော်"

"အဲဒီ အကိုဆိုတဲ့ သူရဲ့ ဥာဏ်နီဥာဏ်နက်ကို သဘောကျလွန်းလို့ပါ"

"အင်း...ဒါကလဲ စီမံတတ်တဲ့သူမှ အခုလိုမျိုး အဆင်ပြေအောင် စီမံတတ်တာလေ။း) ကဲပါလေ... ပုံပြင်ကို သွားပြန်ကြဦးစို့။ အကိုက အဲဒီလို ခွဲတမ်းချတဲ့အခါမှာ ညီဖြစ်သူကလဲ သူ့အကိုကို အတော်လေး သဘောကျသွားသတဲ့။ ငါ့အကို ငါ့ကို အတော်လေး ကိုယ်ချင်းစာတာဘဲပေါ့။ ကျိတ်ပြီး သူ့အကိုကို ချီးကျူးနေတာလေ။ အဲဒီလိုနဲ့ ညီအကို နှစ်ယောက် အတူတူနေလာလိုက်တာ အတော်လေး ကြာသွားသတဲ့"

"ညီဖြစ်သူက သူပိုင်တာက နို့စားနွားမကြီး ဦးခေါင်းပိုင်းဆိုတော့ နွားစာတွေ နင်းကန် ရှာရတော့တာပေါ့။ အစာစားတာက ခေါင်းပိုင်းက စားတာ မဟုတ်လား။ နွားစာတွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာလိုက် ကျွေးလိုက်ပေါ့။ ဒါပေမဲ့ အကိုလုပ်တဲ့သူက နွားရဲ့ဖင်ပိုင်းကို ပိုင်တာဆိုတော့ နွားနို့လေး ညှစ်ယူလိုက် ရောင်းစားလိုက်နဲ့ ဟန်ကျနေသတဲ့။ ကြာလာတော့ ညီလုပ်တဲ့သူက ပင်ပန်းလွန်းလို့ ပိန်ချုံးလာပေမဲ့ အကိုလုပ်သူကတော့ နွားနို့သောက်လိုက် နွားနို့ရောင်းပြီး အစားအသောက်ကောင်းတွေ ၀ယ်စားလိုက်နဲ့ တောက်တောက်ပြောင်ပြောင် ဖြစ်နေသတဲ့။ ဒါနဲ့ ညီလုပ်သူက အကိုကို ပြောသတဲ့။ အကို.. ကျနော့်ကိုလဲ နွားနို့လေး နဲနဲ ပေးတိုက်ပါဦး။ ပြီးတော့ နွားနို့ရောင်းလို့ ရတဲ့ ငွေလေး နဲနဲမျှပေးပါဦးလို့ ခခယယ တောင်းမိသတဲ့။ အကိုလုပ်သူက... ငါတို့နှစ်ယောက် သဘောတူစွာနဲ့ အမွေတွေကို ခွဲယူထားတာလေ။ ကိုယ်ပိုင်တဲ့အပိုင်း ကိုယ်ယူကြတာဘဲ။ ငါ မင်းကို ဘာမှ ပေးလဲ မပေးနိုင်ဘူး။ ကျွေးလဲ မကျွေးနိုင်ဘူးဆိုပြီး ဇွတ်ငြင်းသတဲ့"

"အညာစောင်ကျပြန်တော့လဲ အလွန်တရာ ချမ်းအေးလှတဲ့ ညပိုင်းမှာ အကိုလုပ်သူက ဇိမ်နဲ့ ခြုံပြီး နွေးနွေးထွေးထွေး အိပ်စက်ရသတဲ့။ ညီလုပ်သူကတော့ ချမ်းလွန်းလို့ အိပ်မပျော်ဘဲ မှေးတခိုက်ခိုက် ဖြစ်နေသတဲ့။ ဒါနဲ့... အကိုရယ်.. ကျနော် ချမ်းလွန်းလို့ စောင်လေး ခဏ ခြုံခွင့် ပေးပါလားလို့ တောင်းပန်သတဲ့။ အကိုလုပ်တဲ့သူကလဲ ထုံးစံအတိုင်း ငြင်းပယ်မြဲ ငြင်းပယ်နေသတဲ့"

"တော်တော် စိတ်ဓါတ်ညစ်ပတ်တဲ့ အကိုဘဲနော် သူကြီးမင်း"

"အင်း... မိသားစုချင်း တူပေမဲ့ စိတ်ဓါတ်တွေ ကွဲပြားတတ်တဲ့ သဘောဘဲပေါ့ ကနက်ကျော်။  အဲဒီလိုနဲ့ နေလာလိုက်တာ၊ ညီဖြစ်တဲ့သူက သူ့အကိုရဲ့ အနိုင်ကျင့်မှု မတရားယုတ်မာမှုတွေကြောင့် နေ့စဉ် စိတ်ဆင်းရဲ နေရရှာသတဲ့။ အဲဒီလို စိတ်ဆင်းရဲနေတာကို သူ့ရဲ့ သူငယ်ချင်းတွေ သိရှိသွားကြသတဲ့။ ဒါနဲ့ သူ့ကို ၀ိုင်းပြီး အကြံပေးကြသတဲ့။ မင်း ဘာမှ စိတ်ညစ်မနေနဲ့၊ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်၊ မင့်အကို တနေ့ သင်ခန်းစာ ရသွားစေရမယ် လို့ ဆိုသတဲ့။ ဒါဖြင့် ဘယ်လို လုပ်ရမလဲ ဆိုစမ်းပါဦးဆိုတော့။ ဒီလိုလုပ်တဲ့။ မင့်အကိုက နွားရဲ့ ဖင်ပိုင်းကို ပိုင်ဆိုင်တဲ့အတွက် နွားနို့ညှစ်ပြီး သောက်သုံးမယ် ပြီးရင် ရောင်းစားမယ်။ မင်းက နွားရဲ့ ခေါင်းပိုင်းကို ပိုင်ဆိုင်တဲ့အတွက် အစာရှာရတယ် အစာကျွေးရတယ်။ သူ့ပိုင်နက်နဲ့ သူပေါ့။ ဆိုတော့ကာ မင့်အကို နွားနို့ ညှစ်နေတဲ့အခါမှာ မင်းက မင်းပိုင်ဆိုင်တဲ့ နွားရဲ့ ဦးခေါင်းပိုင်းကို ကျည်ပွေ့နဲ့သာ ခပ်ဆဆလေး ရိုက်နှက်ပေတော့ လို့ အကြံပေးကြသတဲ့။ ဟာဗျာ.. ကျုပ်နွားမကြီး သနားပါတယ် မရိုက်ရက်ပါဘူးလို့ ဆိုသတဲ့။ မင်း အဲဒီလို သနားငဲ့ညှာနေလို့ အခုလို ခံနေရတာ။ ငါတို့ ပြောတဲ့အတိုင်းသာ လုပ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် မင့်အကိုက မင့်ကို ဘာဖြစ်လို့ နွားကို ရိုက်ရတာလဲလို့ မေးရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ် ရိုက်ဆုံးမတာလေလို့ဘဲ ဖြေလိုက်။ ဒါဆို သူ ဘာမှ ပြောလို့ မရတော့ဘူးလို့ ဆိုသတဲ့"

"ဒါနဲ့.. တစ်ရက် မနက်စောစောအချိန်မှာ အကိုလုပ်သူက နွားနို့ညှစ်နေသတဲ့။ ညီလုပ်သူကလဲ မပြောမဆို နွားမရဲ့ ဦးခေါင်းကို ကျည်ပွေ့နဲ့ ခပ်ဆဆလေး ရိုက်နှက်လိုက်သတဲ့။ ဒီတော့ နွားက ကြောက်လန့်တကြားနဲ့ ကန်ကြောက်ပစ်လိုက်တာ နွားနို့ခံတဲ့ ခွက်ကြီးလဲ မှောက်သွားသတဲ့။ အကိုလုပ်သူကလဲ နွားကန်ခံရပြီး ဒဏ်ရာ အကြီးအကျယ်ရသွားသတဲ့။ ဒီတော့ စိတ်ဆိုးမာန်ဆိုးနဲ့ မင်းဘယ်လိုလုပ်လိုက်တာလဲဆိုပြီး ဆဲဆိုသတဲ့။ ညီလုပ်သူကလဲ ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာ ဘာမှ လာမပြောနဲ့။ အကိုက အကို့ပိုင်နက်ကနေ နွားနို့ညှစ်တယ်။ ကျနော်က ကျနော့်ပိုင်နက်ကနေ နွားမကြီုးကို ဆုံးမတယ်။ ဒီတော့ အကို ဘာမှ လာမပြောနဲ့။ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ဘဲလို့ ဆိုသတဲ့။ အဲဒီတော့မှ အကိုလုပ်တဲ့သူကလဲ ဘာမှ မပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ရတော့သတဲ့"

"ပိုင်ချက်ကတော့ လန်ထွက်နေတာဘဲနော် သူကြီးမင်း"

"အင်း... တခါတလေမှာ ပြဿနာတစ်ခုကို အဖြေရှာဖို့အတွက် အပေါင်းအသင်း သူငယ်ချင်းဆိုတာ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့"

"ဒါနဲ့... ဟို အညာစောင် ကိစ္စကျတော့ကော သူကြီးမင်း"

"ပြောမယ်လေ။ မင်းကလဲ လောလိုက်တာ။ ကလေးပေါက်စ ကျနေတာဘဲ။ အဲဒီ အညာစောင်လဲ ငါ ပြောခဲ့ပြီးတဲ့အတိုင်း နွေးနွေးထွေးထွေးရှိတဲ့ နေ့ဘက်ပိုင်းမှာ ညီက ပိုင်တယ်။ ချမ်းအေးလှတဲ့ ညဘက်ပိုင်းကျတော့ အကိုက ပိုင်တယ်။ အဲဒီလို မဟုတ်လား။ ဒီတော့.... သူ့သူငယ်ချင်းတွေက အကြံပေးကြသတဲ့။ မင်းပိုင်ဆိုင်တဲ့ နေ့ဘက်ပိုင်းမှာ တနေကုန် အဲဒီစောင်ကို ရေစိမ်ထားလိုက်။ ညဘက် အချိန်ရောက်ရင် မင့်အကိုကို ပေးလိုက်လို့ ဆိုသတဲ့။ မင့်အကိုက မင့်ကို ပြဿနာရှာရင် ကိုယ့်ပိုင်နက်နဲ့ ကိုယ်လုပ်တာလေ။ ဘာမှ လာမပြောနဲ့ဆိုပြီး ပြောလိုက်လို့ သင်ပေးလိုက်သတဲ့"

"ညီလုပ်သူရဲ့ သူငယ်ချင်းတွေလဲ ဥာဏ်နီဥာဏ်နက်များသားနော် သူကြီးမင်း"

"အဲဒါ ကောင်တာ အတက်ခ်လို့ ခေါ်တယ် ကနက်ကျော်။ ညစ်ပတ်ချင်လို့ ညစ်ပတ်နေတာမဟုတ်ဘူး။ မီး မီးချင်း၊ ရေ ရေချင်း တိုက်ယူရတဲ့ သဘောဘဲပေါ့။ ဒါနဲ့ပတ်သက်ပြီး မင်းကို ဗုဒ္ဓခေတ်က မိဆံဝိုင်းလေးအကြောင်း ပြောပြဦးမယ်"

"သူကြီမင်းကတော့ အစအနလေး ရှာတွေ့ရင် ပုံပြင်တွေ တန်းစီနေတာဘဲနော်။ အားကျလိုက်တာ"

"အေးပါ။ နားထောင်မှာသာ နားထောင်စမ်းပါ"

"ဟုတ်ကဲ့"

"ဗုဒ္ဓခေတ်အခါက မိဆံဝိုင်းဆိုတဲ့ သူဌေးသမီးတစ်ယောက်ရှိသတဲ့။ မိဘတွေက ကျိကျိတက် ချမ်းသာကြတယ်ဆိုတော့ မိဆံဝိုင်းလေးတစ်ယောက် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နဲ့  လှလှပပ နုနုနယ်နယ် ချစ်စရာလေးပေါ့။ တစ်နေ့မှာတော့ မိဆံဝိုင်းလေးဟာ လေသာပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ဘက်ရှုခင်းတွေကို ငေးမောနေရင်း မင်းချင်းယောက်ျားတွေက ခိုးသူတစ်ယောက်ကို ခိုးမှု ကျူးလွန်တဲ့အတွက် သတ်ဖြတ်ပစ်ဖို့ ခိုးသူသတ်ရာ တောင်ကုန်းကို ကြိုးတုပ်ပြီး ခေါ်ဆောင်လာတာကို တွေ့မြင်လိုက်ရသတဲ့"

"ဟာ... သူကြီးမင်း.. ခိုးမှုကျူးလွန်ရုံလေးနဲ့ အဲဒီခေတ်က အဲဒီလိုဘဲ သူခိုးကို သတ်ဖြတ်လေ့ ရှိသလား"

"အင်း... ဆိုပါတော့... ဒါပေမဲ့ ခိုးသူတွေအတွက် အပြစ်ဒဏ်က ပြစ်မှုဆိုင်ရာအလိုက် သုံးမျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ ခိုးသူကို သတ်ပစ်မယ်။ ဒါမှမဟုတ် ထောင်တွင်းအကျဉ်းချမယ်။ ဒါမှမဟုတ် တိုင်းပြည်က နှင်ထုတ်မယ်။ အဲဒီ သုံးမျိုးထဲက တစ်မျိုးမျိုးနဲ့ အပြစ်စီရင်လေ့ရှိတယ်တဲ့။ အခု ဒီသူခိုးကတော့ ပြစ်မှုကြီးမားပုံရတယ်။ ဒါကြောင့် သူ့ကို သတ်ဖြတ်ပစ်ဖို့အတွက် ခိုးသူသတ်ရာ (ခိုးသူပစ်ချသတ်ပစ်ရာ) တောင်ကုန်းကို ဆွဲခေါ်လာတာဘဲ"

"အင်းနော်... အဲဒီလို ခိုးမှုကျူးလွန်တဲ့သူတိုင်း သေဒဏ်စီရင်ကြစတမ်းဆိုရင်တော့ ကျနော်တို့ ရွှေနိုင်ငံကြီးမှာ လူသားတွေများ ကျန်ပါတော့ဦးမလား မသိဘူး"

"မောင်နက်ကျော်... မဆိုင်တာကို လာမပြောစမ်းပါနဲ့ကွာ။ ဒို့နိုင်ငံကြီးလဲ သနားပါတယ်။ ဒို့လူမျိုးတွေရဲ့ ပုံပြင်အတုတွေနဲ့ဘဲ မြေအောက် အတော်လေး ရောက်နေရရှာတာ မင်းလဲ အသိ မဟုတ်လား"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ပုံပြင်ကိုသာ ဆက်ပြောပါတော့"

"အင်း... သူခိုးက ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းဆိုတော့ အဲဒီသူခိုးကို မြင်မြင်ချင်းဘဲ မိဆံဝိုင်းလေးက ချစ်ကြိုက်မိသွားသတဲ့"

"ဟီး ဟီး သူခိုးကတော့ နှိပ်တာဘဲ။ သူဋ္ဌေးသမီး နုနုထွတ်ထွတ်လေးရဲ့ အချစ်ကို ရယူပိုင်ဆိုင်ရတာဆိုတော့"

"ဒါနဲ့ဘဲ... သူ့အဖေကို နားပူနားဆာ လုပ်တော့တာပေါ့။ ဒီခိုးသူကိုမှ လက်မထပ်ရရင် အခုချက်ချင်း အဆိပ်သောက် သေပစ်လိုက်မယ်။ ဒါမှမဟုတ် အစာမစားဘဲ အစာငတ်ခံ သေပစ်လိုက်မယ်ပေါ့။ မိဘတွေကလဲ အမျိုးမျိုး ဖြောင်းဖျပေးကြရှာပါတယ်။ ဒါပေမဲ့ မိဆံဝိုင်းလေးရဲ့ အချစ်က အရမ်းအဆိပ်တက်နေပြီမဟုတ်လား။ ကုရာနတ္ထိ ဆေးမရှိ ဖြစ်နေပြီလေ။ နောက်ဆုံးမတော့ အဖေလုပ်တဲ့သူက ခိုးသူသတ်သမားတွေဆီ သွားပြီး ပိုက်ဆံပုံပေးကာ ခိုးသူကို ရွေးထုတ်ခဲ့တာပေါ့။ ပြီးတော့ သူ့သမီး မိဆံဝိုင်းလေးနဲ့ လက်ထပ်ပေးလိုက်ရတာလေ"

"ဒီသူခိုးကတော့ နှိပ်ပြီးရင်းနှိပ်ဘဲ။ ကျနော်တောင် အဲဒီ သူခိုးဖြစ်ချင်စိတ်ပေါက်လာပြီ"

"အင်း... မင်းက နှာဗူးကျချင်တာဘဲ သိတာကိုး။ ချောက်ထဲကျပြီး သေမှာကိုဖြင့် ကြိုမှ မမြင်ဘဲ"

"ဘယ်လို သူကြီးမင်း ဘယ်လို"

"ဘယ်လိုမှ မဟုတ်ဘူး။ ပုံပြင်ကိုသာ ဆုံးအောင်နားထောင်"

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့"

"သူတို့နှစ်ယောက်လက်ထပ်ပြီး စံစားခံစားလို့ ဘာမှ မကြာသေးဘူး။ သူခိုးက ဇာတိပြလာပြီလေ။ သူဋ္ဌေးသမီး ပိုင်ဆိုင်တဲ့ ရွှေငွေရတနာကိုတွေ လိုချင်တပ်မက်မောတဲ့ စိတ်က တားဆီးလို့ မရတော့ဘူး။ လူတစ်ယောက်လုံးကို ရယူပိုင်ဆိုင်ထားတာတောင်မှ အားမရနိုင်ဘဲ ပစ္စည်းဥစ္စာတွေကို တစ်ဦးထဲပိုင် လုပ်ချင်တာလေ။ ဒါနဲ့ သူခိုး အကြံထုတ်တော့တာပေါ့။ ရှင်မရေ... ငါ့ကို သတ်ဖြတ်ဖို့ ခေါ်လာတုန်းက ခိုးသူပစ်ချသတ်တဲ့ တောင်ကုန်းစောင့်နတ်ကို ငါ သစ္စာပြုထားခဲ့တာ ရှိတယ်။ ငါ့အသက် မသေဘဲ လွတ်မြောက်လာရင် ဗလိနတ်စာ အကောင်းစားတွေ လာကျွေးမယ်ဆိုပြီးတော့လေ။ အဲဒါကြောင့် ဒို့နှစ်ယောက် ဗလိနတ်စာသွားပူဇော်ရအောင်လား။ အ၀တ်အစား အကောင်းစားတွေဝတ်၊ ရတနာပေါင်းစုံကိုလဲ ၀တ်ဆင်ခဲ့။ ပြီးတော့ အစားအသောက်အကောင်းစားတွေကိုလဲ ရွှေခွက်နဲ့ ထည့်ခဲ့လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးလဲ တကယ်ထင်မှတ်ပြီး သူပြောတဲ့အတိုင်းဝတ်ဆင်လာပြီး ရံရွှေတော်တွေနဲ့အတူ အဲဒီခိုးသူသတ်တောင်ကုန်းဆီ ချီတက်လာခဲ့ကြတယ်။ တောင်ခြေကို ရောက်လာတော့ သူတို့နှစ်ယောက်ထဲဘဲ တောင်ကုန်းကို တက်ကြမယ်ဆိုပြီး ရံရွှေတော်တွေကို တောင်ခြေမှာ ထားခဲ့တယ်လေ။ သူခိုးက အကြံနဲ့ မဟုတ်လား။ မိဆံဝိုင်းလေးကို သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာရတနာတွေကို ယူတော့မှာလေ"

"တော်တော် အကြံပက်စက်တဲ့ သူခိုးဘဲနော် သူကြီးမင်း"

"အင်း... ဒါနဲ့ တောင်ထိပ်ကိုရောက်တော့ သူခိုးက  နင့်ကို ငါ အခုလို ခေါ်လာတာဟာ ဗလိနတ်စာ ပူဇော်ဖို့မဟုတ်ဘူး။ မင့်ကို သတ်ပြီး မင့်ရဲ့ ဥစ္စာရတနာတွေကို ငါ ယူဖို့ဘဲ။ ဒီတော့ ၀တ်လာတာ အကုန်ချွတ်လို့ ဆိုသတဲ့။ မိဆံဝိုင်းလေးခမျာ သူအရမ်းချစ်တဲ့ ချစ်သူက အခုလို ရက်စက်ပြလေတော့ ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုရှိုက်လို့ပေါ့။ ပြီးတော့ ခေါ်မကြားအော်မကြား အရပ်ရောက်နေတော့ ဘာမှ မတတ်နိုင်ရှာတော့ဘူးလေ။ ၀တ်လာတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ်ပြီး ပုံပေးလိုက်ရသတဲ့။ ဒါပေမဲ့ မိဆံဝိုင်းလေးက ဖြတ်ထိုးဥာဏ်ကောင်းတယ်။ မောင်တော်ရယ် မောင်တော့်ကို နှမတော် အသက်နဲ့ အမျှချစ်နေတာပါ။ မောင်တော် သတ်ရင်လဲ သေဖို့ ၀န်မလေးပါဘူး။ ဒါပေမဲ့ မသေခင်လေး မောင်တော့်ကို အားရပါးရ ထွေးပိုက်နမ်းရှိုက်ခွင့်လေးတော့ ပေးပါ မောင်တော်လို့ ဆိုသတဲ့။ ခိုးသူလဲ မိဆံဝိုင်းလေး နောက်ဆုံးအနေနဲ့ တောင်းဆိုတာကို လက်ခံပေးလိုက်သတဲ့။ ဒါနဲ့ မိဆံဝိုင်းလေးက ခိုးသူကို လက်ျာရစ်ပတ်ပြီး ရှေ့ဘက်နောက်ဘက်ဘေးဘက် စတဲ့ အရပ်ကနေ ခိုးသူကို စွဲစွဲမက်မက် နမ်းရှိုက်ဟန်ပြုသတဲ့။ အဲဒီလိုနဲ့ မထင်မှတ်တဲ့အချိန်မှာ ခိုးသူကို ဖြုန်းကနဲ တောင်ထိပ်ကနေ တွန်းချပစ်လိုက်သတဲ့။ အသူရာနက်တဲ့ ချောက်ကြီးထဲ ပြုတ်ကျသွားတဲ့ ခိုးသူလဲ ခန္ဓာကိုယ်အပိုင်းပိုင်းအပြတ်ပြတ်နဲ့ သေပွဲ ၀င်သွားရတော့သတဲ့"

"ဒါမှ မိဆံဝိုင်းကွ။ ဒါမှ ပို အနှိပ်ဆုံး။ ခံလိုက်စမ်း သေလိုက်စမ်း ခွေးသူခိုး"

"ကဲ... မောင်နက်ကျော်... အဲဒီလို မိဆံဝိုင်းလေး ပြုမူလိုက်တာဟာလဲ ကောင်တာအတက်ခ် တစ်မျိုးဘဲ မဟုတ်လား။ လူတွေက တစ်ခါတစ်ခါ အဲဒီလုပ်ပေးမှ အမြင်မှန်ရလာတတ်ကြတာ ကလား"

"ဒါလဲ ဟုတ်တာဘဲနော် သူကြီးမင်း။ လူတိုင်းကို သဘောကောင်းပြနေရင် လူပေါကြီး ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြတဲ့ သဘောပေါ့"

"မင်း... နဲနဲ ပေါက်လာပြီ ကနက်ကျော်။ မူရင်းပုံပြင်ဘက် ဆက်သွားရအောင်....။ အဲဒီလိုနဲ့... ညီဖြစ်တဲ့သူက နေ့လည်ဘက်ပိုင်းမှာ တနေ့လုံး အညာစောင်ကို ရေစိမ်ထားလိုက်သတဲ့။ ညဘက်ပိုင်းရောက်တော့ အကိုက ယူသုံးမယ်လဲ လုပ်ရော။ စောင်က တစ်ထည်လုံး ရေတွေနဲ့ စိုရွှဲနေသတဲ့။ ဒါနဲ့ အကိုလုပ်သူက ညီလုပ်သူကို ဆူဆဲကြိမ်းမောင်းသတဲ့။ မင်း ဒါ စော်ကားတာလား ဘာလား ညာလားပေါ့။ ညီလုပ်တဲ့သူကလဲ ပြန်ပြောသတဲ့။ စောင်က ညစ်ပတ်နေတဲ့အတွက် ကျနော်ပိုင်ဆိုင်ခွင့်ရတဲ့ နေ့လည်ဘက်ပိုင်းမှာ စောင်ကို လျှော်ဖွပ်ထားတာလေ လို့ ဆိုသတဲ့။ ညီပြောတာ ဟုတ်မှန်နေတဲ့အတွက် အကိုလုပ်သူကလဲ ဘာမှ မပြောနိုင်ရှာတော့ဘူးပေါ့။ အဲဒီလိုမျိုး အကိုနွားနို့ညှစ်နေတ့အခါ ညီလုပ်သူက နွားမဦးခေါင်းကို ကျည်ပွေ့နဲ့ ရိုက်နှက်လိုက်၊ အညာစောင်ကို နေ့လည်ဘက်ပိုင်းမှာ ရေစိမ်ထားလိုက်နဲ့ ရက်အတော်ကြာတဲ့အခါမှာတော့ ညီအကိုနှစ်ယောက် အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီး သင့်သင့်မြတ်မြတ်ဖြစ်သွားကြတော့သတဲ့ ကနက်ကျော်။ နို့စားနွားမကြီးကိုလဲ အတူတူအစာကျွေး အတူတူ နွားနို့ညှစ်ပြီး ညီတူမျှတူ အကျိုးအမြတ်ကို ခွဲယူကြတော့သတဲ့။ အညာစောင်ကြီးကိုလဲ တစ်ယောက်တစ်ညစီ ခွဲပြီး ခြုံကြတော့သတဲ့။ ကဲ.... ပုံပြင်လေးကတော့ ဒါဘဲ ကနက်ကျော်"

"အင်း... သူကြီးမင်းရဲ့ ပုံပြင်က အရမ်းကောင်းတာဘဲ။ ကျနော်တောင် မျောပါသွားတယ်။ ဒါကြောင့် သူကြီးမင်းက ပုံပြင်ပြောတဲ့နေရာမှာ နာမည်ကြီးတယ်လို့ ကျော်ကြားနေတာကိုး"

"မင့်ကို ငါက ပုံပြင်သက်သက် ပြောပြနေတာ မဟုတ်ဘူး။ ပုံပြင်ပြောရင်း ပညာတွေ ပေးနေတာ။ အဲဒီ ပုံပြင်ကို နမူနာယူပြီး မင့် အိမ်အပေါ်ထပ်က ကောင်နဲ့ သင့်သင့်မြတ်မြတ်ဖြစ်အောင် ကြိုးစားပေတော့"

"အမ်.... ကျနော်က အဲဒီ ပုံပြင်ကို သူ့ကို ပြန်ပြောရမှာလား သူကြီးမင်း"

"ခွီးမှဘဲ. မင်းကလဲ ဒုံးဝေးရန်ကော။ အဲဒီ ပုံပြင်ကို သူ့ကို ပြောပြစရာလား"

"နို့... ဒါဖြင့် ဘယ်လို လုပ်ရမှာလဲ သူကြီးမင်း"

"မင်းကလဲ... ပိုင်နက်လေကွာ။ ပိုင်နက်"

"ဟာ... ဟုတ်ပြီ သူကြီးမင်း။ သဘောပေါက်သွားပြီ။ ကျေးဇူးတင်လိုက်တာ သူကြီးမင်းရယ်။ ကျနော် ဒီနေ့က စပြီး ပိုင်နက်ကိစ္စ အကောင်အထည်ဖော်မယ်။ ကဲ... အားတော့နာတယ် သူကြီးမင်း။ ပိုင်နက်အတွက် ဥာဏ်နီဥာဏ်နက်တွေသုံးဖို့ ဒိုးလိုက်ဦးမယ်"

မောင်နက်ကျော်တစ်ယောက် လက်ဖျောက် တစ်တီးတီးနဲ့ ယူရိုမီလျံဂျက်ပေါ့တ် ပေါက်သည့်အလား အပြေးအလွှားဖြင့် ကျွန်ုပ်၏ နေအိမ်မှ ပြန်သွားလေတော့၏။ အော်... မောင်နက်ကျော် မောင်နက်ကျော်။ မင်းလဲ ကလေးတစ်ယောက်အတိုင်းပါဘဲလား။ အဆင်ပြေ အေးချမ်းပါစေကွာ။
*****

တစ်လခန့်ကြာသောအခါ ကျွန်ုပ်ထံသို့ ရွိုင်ရယ်မေးလ်စာပို့ကားဖြင့်-----

သူကြီးမင်း
ဟောင်းစလိုး
လန်ဒန်

ဟု လိပ်မူထားသော စာတစ်စောင် ရောက်လာလေ၏။ ကျွန်ုပ်သည်လည်း မလာစဖူး အလာထူးသော ထိုစာကို ဖောက်ဖတ်ကြည့်လိုက်တဲ့အခါမှာမှ မောင်နက်ကျော်ထံမှ စာဖြစ်ကြောင်း သိရှိလိုက်ရလေ၏။

မင်္ဂလာပါ သူကြီးမင်း
သူကြီးမင်းရဲ့ အကြံပေးချက်အရ ကျနော် တိုက်စစ်လဲ ဆင်ခဲ့ပါသည်။ ကောင်တာအတက်ခ်လဲ လုပ်ခဲ့ပါသည်။ ဒီတစ်လအတွင်းမှာ ကျနော်တို့အိမ် အများကြီး ပြောင်းလဲ သွားပါပြီ။ အပေါ်ထပ်က ကောင်နဲ့လဲ ညှိနှိုင်းပြီး နားလည်မှု ယူပြီးသွားပါပြီ။ အစပိုင်းမှာတော့ ပြဿနာ တက်ခဲ့ကြပါသေးသည်။ ဖြစ်ပုံက ဒီလိုဖြစ်ပါသည်။ သူ့ အပေါ်ထပ်က ဆူညံသံတွေ ထွက်ပေါ်လာတဲ့အခါ ကျနော်လဲ အောက်ထပ်က အခန်းတံခါးကို အခါပေါင်းများစွာ ဖွင့်လိုက် ဆောင့်ပိတ်လိုက် လုပ်ပါသည်။ သူ အောက်ထပ်ဆင်းလာပြီး မင်း ငါ့ကို ရွှဲ့ နေတာလားဟု မေးပါသည်။ ကျနော်ကလဲ သူကြီးမင်း လေသံအတိုင်း ဒါ ငါ့ပိုင်နက်လေကွာ ဟု ပြောလွှတ်လိုက်ပါသည်။ နောက်ပြီး သူ အပေါ်ထပ်မှာ ရှိနေစဉ်အတွင်း ကျနော် အောက်ထပ်ကနေပြီး ငရုပ်သီးခြောက်တွေကို မီးဖိုပေါ်တင်ပြီး မီးကျွမ်းအောင် လှော်ကပ်လိုက်ပါသည်။ အပြင်လေထွက်ပေါက်တွေအားလုံး အလုံပိတ်ထားလိုက်ပါသည်။ ထို့နောက် ထို ငရုပ်သီးမီးကျွမ်းနံ့တွေ အပေါ်ထပ်သို့ တလှိုင်လှိုင်တက်ပြီး အပေါ်ထပ်ကကောင် ချောင်း တဟွတ်ဟွတ်ဆိုးပါသည်။ အောက်ထပ် ဆင်းလာပြီး မင်းဘာတွေလုပ်နေတာလဲ လူစိတ်မရှိဘူးလား အပေါ်ထပ်မှာ ငါ ရှိနေတာ သိရဲ့သားနဲ့ မင်း သက်သက်မဲ့ ရွဲ့ ပြီး ငါ့ကို စိမ်ခေါ်နေတာလား။ ရတယ် ဟေ့ကောင်။ ဓါး ဓါးချင်း တုတ် တုတ်ချင်း ချမလားဟု စိမ်ခေါ်လာပါသည်။ ကျနော်က စကားတစ်လုံးဘဲ ပြောလိုက်ပါသည်။  ဒါ င့ါပိုင်နက်လေကွာ လို့။

မောင်နက်ကျော်ရဲ့ စာမှာ အေဖိုး လျှောက်လွှာစာရွက်ဖြင့် သုံးရွက်လောက် ရှိသည့်အတွက် နားနားပြီး ဖတ်ရလေ၏။ စာအရ ဒီကောင် တော်တော် ပျော်နေမဲ့ပုံဘဲ။ ပျော်ပါစေလေ။ ထို့နောက် ကျွန်ုပ် ရေတစ်ခွက်ထသောက်ပြီး စာကို ဆက်ဖတ်လိုက်၏။

ပြီးတော့  နောက်တစ်ခု ရှိသေးသည်။ အပေါ်ထပ်ကကောင်က ရေချိုးခန်းထဲ ရေချိုးနေပါသည်။ ဘိလပ်မှာ နွေမိုးဆောင်း ရေပူစက်ဖြင့် ရေချိုးလေ့ရှိကြသည်မဟုတ်လား။ ရေပူစက်ဆိုပေမဲ့ အောက်ထပ်က
ရေပူဖွင့်ထားလိုက်ရင် အပေါ်ထပ်ကို ရေပူမတက်တော့ဘူး မဟုတ်လား။ သူကြီးမင်း သိမယ်ထင်ပါသည်။ အဲဒီ အပေါ်ထပ်ကကောင် ရေချိုးနေတဲ့အခါ ကျနော် အောက်ထပ်ရေချိုးခန်းက နေပြီး ရေပူတွေ ဖွင့်ထားလိုက်ပါသည်။ အပေါ်ထပ်ကကောင် ရေချိုးရင်း တန်းလန်း (ဆပ်ပြာတိုက်ပြီးတန်းလန်း)နဲ့ ရေပူ မလာတော့တဲ့အခါ အလွန်စိတ်တိုဟန်ရှိပါသည်။ ခန္ဓာကိုယ်ကို သဘက်နဲ့ပတ်ပြီး အောက်ထပ် ဆင်းလာပါသည်။ သူ ဘာမှ မပြောခင် ကျနော်က အရင် ပြောလိုက်ပါသည်။ ဒါ ငါ့ပိုင်နက်လေကွာ လို့။ ဒီတစ်ခါတော့ သူ ရယ်မောပါသည်။ မင်း တော်တော်ဆိုးတဲ့ကောင် ဟား ဟား ဟား ဟု ပြောရင်း ရယ်ပါသည်။ နောက်တော့ ကဲပါကွာ မင်းကို အရှုံးပေးပါတယ်။ ငါလဲ ငါ့ပိုင်နက်မှာ ဆူပူမှု မလုပ်တော့ပါဘူး။ မင်းလဲ မင်းပိုင်နက်မှာ ဟို အရင်နေထိုင်သလိုမျိုး အေးအေးဆေးဆေးဘဲ နေပေးပါ ဟု မေတ္တာရပ်ခံလာပါသည်။ ထိုနေ့ကစပြီး သူနဲ့ကျနော် သူငယ်ချင်းအရင်းအခေါက်တွေ ဖြစ်သွားကြပြီး အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ အဲဒါ သူကြီးမင်းကို အကြောင်းကြားတာပါ။

သူကြီးမင်း သက်တော်ရာကျော် ရှည်ပါစေ။
မောင်နက်ကျော်
..........

ရှည်လျားထွေပြားလှသည့် မောင်နက်ကျော်၏ စာကို ဖတ်ပြီး သူတို့အချင်းချင်း အဆင်ပြေသွားကြသည်ကို သိရှိလိုက်ရသည့်အတွက် အတော်လေး ၀မ်းသာပီတိဖြစ်မိလေ၏။ ကျွန်ုပ်ပေးလိုက်သည့် အကြံအတိုင်း ပြုလုပ်ပြီး အဆင်ပြေသွားကြသည် မဟုတ်ပါလား။

ထို့နောက် ရေချိုးချိန် ရောက်လာသဖြင့် ကျွန်ုပ်သည် သဘက်တစ်ထည် ကိုယ်တစ်ခုဖြင့် ရေချိုးခန်းသို့ ၀င်လေ၏။ ထို့နောက် ရေချိုးဖို့ ရေပန်းကို ဖွင့်လိုက်၏။ အပူအအေး မျှတစွာ ပန်းထွက်လာသည့် ရေနွေးနွေးလေးဖြင့် အဆင်ပြေဇိမ်ကျစွာ ရေချိုးနေမိ၏။ ထို့နောက် ဆပ်ပြာတိုက်၏။ ဆက်ပြာတိုက်နေဆဲ တန်းလန်းမှာပင်... အမလေး... ဗုဒ္ဓေါ....။ ရေပူပြတ်သွားပြီး ရေအေးတွေချည်း ပန်းထွက်နေပါရော့လား။ ဒါဆို သေချာပြီ။ မောင်ခွေးတစ်ယောက် အောက်ထပ်မှာ ရေချိုးနေရောပေါ့။

"ဟေ့ ကောင် မောင်ခွေး... မောင်ခွေး.. မောင်ခွေး..."

ရေချိုးခန်းထဲကနေပြီး ကျွန်ုပ် အော်ခေါ်နေရ၏။ ရေချိုးခန်းထဲက ထွက်ပြီး အောက်ထပ်ဆင်း သွားပြောရအောင် ဆိုပြန်ပါကလည်း ခန္ဓာကိုယ်တစ်ခုလုံး ဆပ်ပြာရည်က ခပ်ရွှဲရွဲ။ သို့သော်ငြားလဲ ခေါ်မကြား အော်မကြားသည့်အဆုံးမှာတော့ ကျွန်ုပ်သည် ဆပ်ပြာရည်တွေ တန်းလန်းနဲ့ပင် သဘက်ပတ်ပြီး အောက်ထပ်ဆင်းခဲ့လေ၏။ ထို့နောက် အောက်ထပ်ရှိ ရေချိုးခန်းတံခါးကို ခေါက်ပြီး  မောင်ခွေးကို အော်ပြောလိုက်၏။

"ဟေ့ကောင်.... မောင်ခွေး... ငါ အပေါ်ထပ်မှာ ရေချိုးနေတာ မသိဘူးလား။ မင်းက သိသိကြီးနဲ့ အောက်ထပ်မှာ ရေချိုးနေတော့ ရေပူတွေ ငါ့ဆီ မတက်တော့ဘူးပေါ့။ ဟေ့ကောင်... မြန်မြန်လုပ်။ မြန်မြန်ချိုး"

"ဆောရီးဘဲ သူကြီးမင်းရေ... ကျနော်လဲ အလုပ်သွားခါနီးဆိုတော့ ဘာမှ သတိမရတော့ဘူး။ သူကြီးမင်း အပေါ်ထပ်မှာ ရေချိုးနေမှန်းလဲ မသိဘူး။ ဒါကြောင့် အခုလို ဖြစ်သွားတာပါ။ ကျနော် မြန်မြန် ချိုးလိုက်ပါ့မယ်။ သူကြီးမင်း အပေါ်တက်ပြီးသာ ပြန်ချိုးပေတော့"

 ကျွန်ုပ်သည် တစ်ကိုယ်လုံး ဆပ်ပြာရည် ချွဲစိစိကြီးဖြင့် အပေါ်ထပ် ပြန်တက်ခဲ့ကာ မောင်ခွေးရေချိုးပြီးသည့်တိုင်အောင် ထိုင်စောင့်ပြီး အတော်လေးကြာမှ ရေချိုးခြင်းကိစ္စကို ပြုလုပ်လိုက်ရလေတော့၏။

"အော်.... ၀ဋ် ၀ဋ် ၀ဋ်.... ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲဆိုတာ တယ်ဟုတ်ပါလား။ မောင်နက်ကျော်ကို ပိုင်နက်ကိစ္စ အကြံပေးမိခဲ့တဲ့ ၀ဋ်က အခု ချက်ချင်း လက်ငင်းကြီးတောင် လည်လာပါရော့လား။ ဘုရား ဘုရား။ အင်းးး... ရေပူရေအေး ၀ဋ်က အခု လိုက်ပြီးပြီဆိုတော့ နောက်ထပ် ဘာ ၀ဋ်တွေ ကျန်သေးပါလိမ့်။ ဒါဆိုရင်တော့ အောက်ထပ်က အဘိုးအိုရဲ့ တံခါး ဆောင့်ပိတ်သံတွေကို မကြာမကြာ ကြားရဖို့ အတော်လေး နီးစပ်လာပြီ။ နောက်ပြီးတော့ အဘိုးအိုတစ်ယောက် အောက်ထပ် မီးဖိုခန်းထဲမှာ တစ်နေကုန် ချက်ပြုတ် ကြော်လှော် မီးတူး ချိုးကပ် လုပ်ချင်တိုင်း လုပ်နေတာကို အနံ့ခံရမဲ့ ၀ဋ်လဲ သေချာပေါက် လိုက်လာနိုင်တယ် မဟုတ်လား ဘုရား ဘုရား။ မဖြစ်ချေဖူး။ နောက်ဆို သူများကိစ္စတွေ ၀င်မစွက်ဖက်တာဘဲ ကောင်းမယ်ထင်တယ်"

ထို့နောက်တွင်မတော့ ကျွန်ုပ်သည် လိုက်ပြီး ၀ဋ်၊ လိုက်ဆဲ ၀ဋ်၊ လိုက်လတ္တံ့ ၀ဋ်တို့အကြောင်း စဉ်းစားရင်း ၀ဋ်လိုက်မှာကို အကြောက်ကြီး ကြောက်နေမိလေတော့သတည်း။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.