ကျနော်ငယ်စဉ်တုန်းက ဟိတောပဒေသပုံပြင်လေးတွေ ဖတ်ဖူးတယ်။ အဲဒီအထဲက ပုံပြင်လေးတစ်ပုဒ်ဆို အခုထက်ထိ ကျနော့် ဦးဏှောက်ထဲမှာ ရှိနေတုန်းပါဘဲ။
........
တစ်ခါက လူတစ်ယောက်ဟာ အိမ်စောင့်ဖို့ ခွေးတစ်ကောင်နှင့် ပစ္စည်းသယ်ယူဖို့အတွက် မြည်းတစ်ကောင်ကို မွေးမြူထားတယ်။ မြည်းကလဲ မြည်းအလုပ်လုပ် ခွေးကလဲ ခွေးအလုပ်လုပ်ဆိုတော့ အဲဒီလူဟာ ဇိမ်ကျနေတော့တာပေါ့။ စားပြီးအိပ်။ အိပ်ပြီးစား။ ကုန်ပစ္စည်းကူသန်းချိန်ရောက်ရင် ကူးသန်း။ အဲဒီလို နေလာခဲ့တာ နှစ်အတော်ကြာလာတဲ့အထိ အိုကေပါဘဲ။
အဲဒီလူဟာ ပစ္စည်းရှိလူတန်းစားပီပီ အစားအသောက်မက်တယ်။ အအိပ်မက်တယ်။
တစ်ရက်မှာ ညဥ့်နက်သန်းခေါင်အချိန်ကြီး သူ့အိမ်ထဲ သူခိုးတစ်ယောက်ဝင်လာတယ်။ သူကတော့ တခေါခေါနဲ့ အိပ်မောကျနေလေရဲ့ ။
မြည်းနှင့်ခွေးက အိမ်အောက်မှာ နေတယ်။ သူခိုးဝင်လာတာကို သူတို့နှစ်ကောင်လုံး တွေ့မြင်ကြတယ်။ ဒါပေမဲ့ ခွေးက လုံးဝမဟောင်ဘူး။ ရှေ့ လက်နှစ်ဖက်ပေါ် မေးစေ့လေးတင်ပြီး ဇိမ်ကျကျမျက်လုံးလေးမှေးကာ ခွေနေလေရဲ့ ။
"ဟေ့ကောင်... သူခိုးလာနေပြီ....ဟောင်လိုက်လေကွာ"
မြည်းက သူ့ပိုင်ရှင်ရဲ့ ပစ္စည်းတွေ သူခိုးနောက်ပါသွားမှာ စိုးရိမ်တဲ့အတွက် ခွေးကို ဟောင်ဖို့တိုက်တွန်းတယ်။
"ဟောင်ရမှာ ပျင်းတယ်ကွာ။ မင်းဘဲဟောင်လိုက်။ ငါတော့ မှေးလိုက်ဦးမယ်"
ခွေးကမြည်းကို အဲဒီလိုပြန်ပြောပြီး မှေးနေပြန်တယ်။ သူခိုးက အိမ်ပေါ်အေးအေးဆေးဆေးတက်သွားတယ်။ ပြီးတော့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ခိုးယူနေတယ်။
"ဟေ့ကောင်... ငါတို့သခင်ရဲ့  ပစ္စည်းတွေ အကုန်ပါသွားတော့မယ်။ ဟောင်လိုက်တော့လေကွာ"
"မင်း မနေနိုင်ရင် ဟောင်လိုက်လေကွာ။ ငါကတော့ မဟောင်နိုင်ပါဘူး။ ဇိမ်ပျက်လိုက်တာကွာ။ မင်းက ငရှုပ်ဘဲ"
မြည်းက အတန်တန်ဟောင်ခိုင်းပေမဲ့ ခွေးကတော့ ဇိမ်မပျက် နှပ်နေလျက်ပါဘဲ။ ဒါနဲ့ မြည်းကလဲ ငါတို့သခင် ငါတို့အပေါ် ကျေးဇူးအရမ်းရှိတယ်၊ သူ့ပစ္စည်းတွေ အခိုးခံလို့မဖြစ်ချေဘူး ဆိုပြီး
"အီး... ဟီး... ဟီး..."
လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတော့တယ်။ တစ်ရွာလုံး မြည်းအော်သံနှင့်ဆူညံသွားတယ်။ ညဥ့်နက်သန်းခေါင်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေကြတဲ့သူတွေအားလုံး လန့်နိုးကုန်ကြတယ်။
သူတို့ပိုင်ရှင်လဲ အိပ်ရာလန့်နိုးလာတယ်။ သူခိုးလဲ မြည်းအော်သံကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒါပေမဲ့ ခွေးကတော့ လုံးဝမဟောင်ပါဘူး။
အအိပ်မက်တဲ့ ပိုင်ရှင်ဟာ အိပ်ရေးပျက်သွားတဲ့အတွက် မြည်းကို အရမ်းဒေါသထွက်သွားတယ်။ သူမှ အကြောင်းစုံကို မသိရှာဘဲကိုး။ ဒါကြောင့်မို့ အဲဒီပိုင်ရှင်ဟာ..
"ဒီမြည်းဟာ အချိန်မတော်ကြီး ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးရတာလဲ။ သေဖို့ပြင်ထား"
ဆိုပြီး ကျည်ပွေ့ကိုဆွဲကိုင်ကာ မြည်းထားတဲ့နေရာကို သွားပြီး မြည်းရဲ့  ထိပ်တည့်တည့်ကို အသားကုန်ရိုက်ချပစ်လိုက်တယ်။ ပိုင်ရှင်ရဲ့  ကျည်ပွေ့ဒဏ်ကြောင့် မြည်းလေးဟာ အဲဒီနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားရှာတယ်။
....
ဒီပုံပြင်လေးကို ကောက်ချဆွဲကြည့်လိုက်တဲ့အခါ....
ခွေးဟောင်သံကြောင့် ပိုင်ရှင်လန့်နိုးလာရင် ပိုင်ရှင်က ခွေးကို စိတ်တိုမှာ မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဟောင်တာဘဲ ဖြစ်မယ်ဆိုပြီးတောင် ခြံဝင်းအတွင်းလိုက်စစ်ဆေးနေဦးမှာ သေချာတယ်။ ဒါပေမဲ့ အခု ခွေးကမဟောင်ဘူး။ ပိုင်ရှင်အပေါ်တကယ့်စေတနာနှင့် မြည်းက ဟီပေးလိုက်တယ်။ ဒါပေမဲ့... ဒါပေမဲ့ ခြံစောင့်တဲ့အလုပ်က မြည်းရဲ့ အလုပ်မဟုတ်ဘူးလေ။ ခွေးရဲ့ အလုပ်။ ဒီနေရာမှာ အဓိကတရားခံက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ စေတနာထက်သန်ပြီး သူများအလုပ် ၀င်လုပ်ပေးလိုက်တဲ့ မြည်းရဲ့  စေတနာပေါ့လေ။
လူ့လောကမှာလဲ
တကယ့်စေတနာနှင့် ကူညီပေးလိုက်တဲ့ အလုပ်တစ်ချို့ မှာ မြည်းလို အဟီမှားသွားတတ်ကြပါတယ်။ လောကီလူသားတွေကိုးဗျ။ သတိ ပညာလေးတွေနှင့် နေထိုင်တတ်ရင် အကောင်းဆုံးပါဘဲ။ ပြဿနာဆိုတာက သွားလာလှုပ်ရှားနေမှ တွေ့ရတတ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့လဲ ဇွတ်တိုးဝင်လာတတ်ပါတယ်။
သင်ခန်းစာလေးတွေပေါ့ဗျာ။
............
Showing posts with label အသိပေးစာ. Show all posts

Wednesday, 27 May 2009
Tuesday, 26 May 2009
သင်ခန်းစာ (၄)
တစ်ခါတုန်းက မြန်မာနိုင်ငံက တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသူကျောင်းသားများစွာ ပညာသင်ယူနေကြတယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်ဟာ စာသင်ဆောင်သွားတဲ့ လမ်းပေါ်မှာ ချိုင့်တွေ ခွက်တွေဖြစ်နေပြီး ဆိုးဆိုးဝါးဝါးလမ်းပျက်စီးနေတာ တွေ့ရတယ်။
အများအသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက် လမ်းကို ပြုပြင်ချင်တဲ့ စိတ်ဆန္ဒတွေတစ်ဖွားဖွား အဲဒီကျောင်းသားရဲ့  စိတ်ထဲ ပေါ်ပေါက်လာတယ်။ လမ်းလဲကောင်း ကျောင်းသားကျောင်းသူတွေလဲ စိတ်ချမ်းသာဆိုရင် သူ အများကြီးကုသိုလ်ရပြီပေါ့။
ဒါနဲ့ တစ်ရက်မှာ အဲဒီကျောင်းသားဟာ အုတ် သဲ ကျောက် ဘိလပ်မြေ ထုံးတွေကို ၀ယ်ပြီး သူ့ဖာသာ လမ်းကို ပြင်လိုက်တယ်။ ချိုင့်ခွက်တွေဖြစ်နေတဲ့လမ်းလေးဟာ နေ့ချင်းဘဲ ကွန်ကရစ်လမ်းလေးဖြစ်သွားတယ်။ ကျောင်းသားကျောင်းသူတွေလဲ ၀မ်းသာပျော်ရွှင်သွားတယ်။ သွားရလာရတာလဲ အဆင်ပြေသွားတာပေါ့လေ။
တစ်နေ့မှာ
အဲဒီတက္ကသိုလ်က လူကြီးတစ်ယောက်ဟာ စာသင်ဆောင်ကို အကြောင်းကိစ္စတစ်ခုနဲ့လာရောက်ခဲ့တယ်။ ကောင်းမွန်ပြေပြစ်နေတဲ့ ကွန်ကရစ်လမ်းလေးကိုလဲ တွေ့လိုက်ရော။ သူ့မျက်နှာ ညိုပုပ်သွားတယ်။ ပြီးတော့ ကျောင်းသားကျောင်းသူတွေအားလုံးကို ခေါ်ပြီး ဒီလမ်းကို ဘယ်သူလုပ်တာလဲလို့ မေးမြန်းစစ်ဆေးတယ်။ အားလုံးကလဲ အဖြစ်မှန်ကို ပြောပြလိုက်ကြတယ်။
အဲဒီလူကြီးရဲ့  မှတ်ချက်စကားကတော့ မှတ်သားလောက်စရာဘဲဗျာ။
"မင်းက ကျောင်းသား အဆင့်ဘဲ ရှိသေးတယ်။ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလမ်းကို ပြင်ရတာလဲ။ ဘယ်သူ့ကို အကြောင်းကြားပြီးပြုပြင်တာလဲ။ ဒါဥပဒေကို ချိုးဖောက်တာဘဲ။ ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဘဲဖြစ်ပါစေ။ နောက်တစ်ခါ ဒီလိုမျိုး ထပ်လုပ်ရင် မင်းကို ကျောင်းထုတ်ပစ်မယ်" တဲ့။
ယူတတ်ရင် သင်ခန်းစာပေါ့။

သင်ခန်းစာ (၃)
မြေဇာပင်
မြေဇာပင်လေးတွေဟာ ပတ်ဝန်းကျင်လှပဖို့ စိမ်းလန်းစိုပြေဖို့ စေတနာနဲ့ပေါက်ရောက်ပေးတာပါ။ ပြီးတော့ မြက်စား သတ္တ၀ါလေးတွေအတွက် အာဟာရအဖြစ် ရပ်တည်ပေးနေတာပါ။ မြေဇာပင်လေးတွေရဲ့  ဘ၀ဟာ ချစ်စရာတကယ်ကောင်းပါတယ်။ ဒါကြောင့်လဲ အဖြည့်ခံလူတွေကို မြေဇာပင်နဲ့ ခိုင်းနှိုင်းခဲ့ကြတာပေါ့။
"ငါ့ဘ၀က ကျွဲနှစ်ကောင်ခတ်တဲ့ကြားထဲက မြေဇာပင်ဘ၀ပါကွာ"ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြမှာပါ။
ကျွဲတွေဟာ စားကျက်ကောင်းကောင်းရှိတဲ့နေရာကို သွားကြလေ့ရှိပါတယ်။ စားကျက်ကောင်းတယ်ဆိုတာကတော့ မြက်ပင်ကောင်းကောင်းပေါက်ရောက်နေတဲ့ နေရာကို ဆိုလိုတာပါ။
မြေဇာမြက်ပင်လေးတွေကလဲ သက်သတ်လွတ်စားသုံးကြတဲ့ သတ္တ၀ါတွေအတွက် ၀မ်းသာစွာနဲ့ ဆီးကြိုနေကြပါတယ်။ ကြိုက်သလောက်စား။ အလကားပေါ့ဗျာ။ အလကားဆိုတာ ဘာမှ ပြန်ပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
ကျွဲတွေဟာ မြေဇာမြက်ပင်တွေကို စိတ်ကြိုက်စားသုံးကြမယ်။ ပြီးရင် စားမြုံ့ပြန်ဖို့တောင် ပါးစောင်ထဲ လူတွေ ကွမ်းယာငုံထားသလို မြက်တွေကို ငုံပြီးထားကြလေရဲ့ ။
လောဘ ဒေါသ မောဟတွေနဲ့ တည်ဆောက်ထားကြတဲ့ သတ္တ၀ါတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ကျွဲတွေဟာ စားကျက်လုကြမယ်။ ရန်ဖြစ်ကြမယ်။ အချင်းချင်းတိုက်ခိုက်ကြမယ်။ အဲဒီအချိန်မျိုးမှာ မြေဇာပင်ရဲ့  ဘ၀ကတော့ တကယ့်ကို သနားစရာကောင်းပါတယ်။ ကျွဲနှစ်ကောင်ခပ်တဲ့ ကြားထဲမှာ မှုန့်မှုန့်ညက်ညက် ကြွေမွသွားရှာကြလေရဲ့ ။
အသားကိုလဲ စားသေး။ အခင်းမှာလဲ ပျော်သေး။ ပြီးတော့ အပင်ကိုပါ ဖျက်ဆီးပစ်လိုက်ကြလေပြီ။
လူ့လောကမှာလဲ တစ်ခါတစ်လေ မြေဇာပင်ဘ၀ ရောက်သွားကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဘာမှန်းမသိလိုက်ရပေမဲ့ ပြဿနာတွေ ကျရောက်လာတတ်တယ်။ သူများကို ကူညီပေးရင်း အနှောင့်အယှက်ပေးသလို ဖြစ်သွားတတ်တယ်။
လူ့လောကမှာလဲ ပိုင်နက်ပေါ့ဗျာ။ သူ့ပိုင်နက်လက်တစ်သစ်လောက်ကလေးထဲ ကူညီပေးရင်း မသိလိုက်မသိဖာသာ ၀င်ရောက်မိသွားရင် ၀င်ရောက်သူရဲ့  အပြစ်ဘဲ မဟုတ်လား။ စေတနာဟာ တစ်ခါတစ်လေမှာ ဝေဒနာဖြစ်သွားတတ်တယ်ဆိုတာ မှတ်သားစရာ ဖြစ်သွားတာပေါ့။
သင်ခန်းစာတွေပေါ့ဗျာ။
......

Monday, 25 May 2009
သင်ခန်းစာ (၂)
Sandwich
ဆိုတဲ့ အဆာသွပ်ပေါင်မုန့်ပြားလေးတွေကို ပြေးမြင်ယောင်မိတယ်။
ပေါင်မုန့်နှစ်ချပ်ကို ထပ်ထားရုံနဲ့တော့ အရသာထူးလို့ရှိလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် အဲဒီပေါင်မုန့်နှစ်ချပ်ကြားထဲမှာ အသားလွှာလေးကို ညှပ်ပေးရပါတယ်။
ပေါင်မုန့်ဟာ ပေါင်မုန့်ဘဲ။ အသားလွှာဟာလဲ အသားလွှာပါဘဲ။
ဒါပေမဲ့ ပေါင်မုန့်နှစ်ချပ်ကြားထဲ အသားလွှာလေးညှပ်ထည့်လိုက်တော့ Sandwich ဖြစ်သွားရော။
အသားလွှာလေးခမျာ အဖြည့်ခံသက်သက်ရယ်ပါ။
ပေါင်မုန့်နှစ်ချပ် အရသာထူးလာဖို့ ကြားထဲမှာ အညှပ်ခံ အဖိခံ အထည့်ခံရတဲ့
သနားစရာ အရာတစ်ခုလေးပါဘဲ။
သူတို့နှစ်ချပ်ကို အရသာပိုချိုမြိန်ကောင်းမွန်လာစေဖို့ သူတို့နှစ်ချပ်ကြားထဲ မွန်းကြပ်စွာ ၀င်ရောက်နေပေးလိုက်တယ်။
ဒါပေမဲ့ သူတို့နှစ်ချပ်က အသားလွှာလေးကို ကျေးဇူးတင်လိမ့်မယ် မထင်လိုက်နဲ့။
ကျေးဇူးမတင်တဲ့အပြင် ဆူပူကြိမ်းမောင်းပါလေရော။
မင်းက ငါတို့နှစ်ချပ်ကြားထဲမှာ ၀င်ရှုပ်တဲ့ကောင်တဲ့။
မှတ်သားလောက်တယ်နော်။
ဒီလိုလေး ကောက်ချက်ဆွဲလိုက်ရအောင်။
ပေါင်မုန့်နှစ်ချပ်ရဲ့  အပြစ်လဲ မဟုတ်ဘူး။
အသားလွှာလေးရဲ့  အပြစ်လဲ မဟုတ်ဘူး။
အပြစ်က ပေါင်မုန့်ကြားထဲ ၀င်ရောက်နေရာယူပေးတဲ့ အသားလွှာလေးရဲ့  စေတနာပါ။

သင်ခန်းစာ (၁)
ငါးပိသည်သာ ယင်မောင်းပါစေ
ဆရာမောင်သာရရဲ့  အဲဒီစကားလေးကိုဘဲ ကျနော် အမှတ်ရနေမိတယ်။
ဒီစာသားလေးကို ကျနော် ဖတ်ဖူးတာ ကြာခဲ့ပါပြီ။
ဒါပေမဲ့ သဘောကောင်းကောင်း မပေါက်ခဲ့ပါဘူး။
ကျနော်ကိုယ်တိုင် ယင်ကောင်လေးကို မောင်းထုတ်မိလိုက်တဲ့အခါမှ ဒီစကားရဲ့  အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်သွားပါတော့တယ်။
ငါးပိသည်မဟုတ်ဘဲ ယင်မောင်းလိုက်တော့ မဆိုင်တဲ့အလုပ်ကို ၀င်ရှုပ်သလိုဖြစ်သွားတာပေါ့။
ပတ်ဝန်းကျင်ကို သန့်ရှင်းစေလိုတဲ့ စိတ်စေတနာနဲ့ ယင်ကိုမောင်းလိုက်ပါတယ်။
ငါးပိသည်က ၀ိုင်းအော်ဆဲပါလေရောဗျာ။
သူ့ငါးပိကို လာနားတဲ့ ယင်ကောင်ကို မောင်းထုတ်လိုက်တဲ့အတွက် ကျနော့်မှာ အပြစ်ရှိတယ်တဲ့။
ငါးပိမှာ လောက်၊ ရွှေမှာ ကျောက် ဆိုတာ မကြားဖူးဘူးလားတဲ့။ ငါးပိကို ယင်နားမှ ယင်က အဥ ဥချမယ်။ ပြီးတော့ ယင်ဥကနေ လောက်ကောင်လေးတွေ မွေးပေးမယ် တဲ့။
မှတ်သားလောက်ပါတယ်ဗျာ။
ဒီနေရာမှာ ဒီလိုလေး ကောက်ချက်ဆွဲမိတယ်။
ငါးပိသည်မှာလဲ အပြစ်မရှိဘူး။
ယင်မောင်းတဲ့သူမှာလဲ အပြစ်မရှိဘူး။
ပြဿနာက ကိုယ်နှင့်မဆိုင်ဘဲ ယင်မောင်းပေးချင်တဲ့ ယင်မောင်းသူရဲ့  စေတနာလေးပါ။ ။
.....

Thursday, 16 April 2009
လမ်းနှစ်သွယ်
အလင်းလမ်း နှင့် အမှောင်လမ်း
အထက်လမ်း နှင့် အောက်လမ်း
အဖြူလမ်း နှင့် အမဲလမ်း
အနိုင်လမ်း နှင့် အရှုံးလမ်း
အပြုံးလမ်း နှင့် အငိုလမ်း
အပါယ်လမ်း နှင့် သုဂတိလမ်း
ကုသိုလ်လမ်း နှင့် အကုသိုလ်လမ်း
အထက်လမ်း နှင့် အောက်လမ်း
အဖြူလမ်း နှင့် အမဲလမ်း
အနိုင်လမ်း နှင့် အရှုံးလမ်း
အပြုံးလမ်း နှင့် အငိုလမ်း
အပါယ်လမ်း နှင့် သုဂတိလမ်း
ကုသိုလ်လမ်း နှင့် အကုသိုလ်လမ်း
အမည်တွေကွဲပြားပေမဲ့ အကျဉ်းချုပ်လိုက်ရင် လမ်းနှစ်သွယ်ဘဲ ရှိပါတယ်။ ကောင်းတဲ့လမ်းနှင့် မကောင်းတဲ့လမ်းပေါ့။
သင်္ကြန်ကာလအတွင်းမှာ လူတွေ ဒီလမ်းနှစ်သွယ်ပေါ်မှာလျောက်လမ်းကြတာများပါတယ်။ တစ်နှစ်ပတ်လုံး အားလပ်ရက်အများဆုံးရတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလဟာ ကုသိုလ်ပြုလပ်ုချင်တဲ့သူတွေအတွက် မဟာအခွင့်အရေးကြီးဖြစ်သလိုဘဲ အကုသိုလ်တွေကိုတိုးပွါးအောင် ကြိုးစားကြတဲ့သူတွေအဖို့လဲ တကယ့်အခွင့်ကောင်းကြီးပါဘဲ။
ကုသိုလ်ရေးဘက်ကို စိတ်ပါဝင်စားတဲ့သူတွေကတော့ ဘုရားသွား ကျောင်းတက် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာကို ကျင့်ကြံအားထုတ်ကြဖို့ အချိန်အများကြီးရပါတယ်။ ကောင်းမှုကို မြတ်နိုး ကောင်းမှုမှာပျော် ကောင်းမှုမှာ မွေ့လျော်ကြတဲ့ ရွှေမြန်မာတွေလဲ ဒုနှင့်ဒေးရှိပါတယ်။ မြန်မာပြည်တစ်ဝှန်းရှိ တန်ခိုးကြီး ဘုရားဝင်း ဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ သဒ္ဓါရွှင်လန်း ပေးကမ်းလှူဒါန်းနေကြတဲ့ သူတွေလဲ အနန္တပါဘဲ။ စတုဒိသာကျွေးမွေးကြတဲ့ အလှူရှင်တွေကလဲ ပေါမှပေါ။
အခွင့်ကြုံတုန်း ဒုလ္လဘရဟန်းဝတ်ပြီး ၀ိနည်းတော်အတိုင်း နေထိုင်ကျင့်ကြံကြသူတွေလဲ အထင်အရှားရှိနေမှာပါ။
တကယ့်ဂုဏ်ယူစရာ ပြည်မြန်မာပါဗျာ။
ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင်တော့ သင်္ကြန်ချိန်ခါအတောအတွင်းမှာ အကုသိုလ်တွေ တစ်သီကြီးရလိုက်ကြတဲ့သူတွေလဲ နည်းမှာ မဟုတ်ပါဘူး။ ပျော်ပါးမူးယစ်သောက်စားကြမယ်။ အချင်းချင်း (သို့) တစ်ဘက်အဖွဲ့နှင့် အော်ဟစ်ခိုက်ရန်ဖြစ်ပွါးကြမယ်။ မိန်းခလေးတွေကို ကာယိနြေ္ဒပျက်အောင် စကြနောက်ကြမယ်။ ရန်ငြိုးဖွဲ့ထားခဲ့တဲ့ ရန်ကြွေးတွေဆပ်ကြမယ်။ အမူးလွန်ပြီး မဖြစ်သင့်တဲ့ကိစ္စတွေ မှောက်မှားကြမယ်။ စုံလို့ စုံလို့ပါဘဲ။ ကန်တော်ကြီးကန်ထဲ ရေနစ်လို့ သေပြန်ကြပြီ၊ သာဓုကန်ထဲ ရေဆင်းကူးရင်း ရေထဲမှာ ပျောက်သွားတယ်၊ အက်ဆီးဒင့်ဖြစ်လို့ သေပြန်ကြပြီ စတဲ့ အမင်္ဂလာသတင်းဆိုးကြီးတွေကိုလဲ နှစ်စဉ်နှစ်တိုင်း ကြားသိနေကျဖြစ်နေပြီ။ အကုသိုလ်ရဲ့  အကျိုးဆက်တွေပေါ့လေ။
ဒီကုသိုလ်လမ်းနှင့်အကုသိုလ်လမ်းနှစ်သွယ်ထဲက သင်္ကြန်အတွင်း ဘယ်လမ်းကို လျောက်ဖြစ်ခဲ့ကြသလဲဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်သာ သိနိုင်ပါလိမ့်မယ်။ ကိုယ့်စိတ်ကို ကိုယ်ဘဲသိကြတာမဟုတ်လား။ ဘုရားသွားကျောင်းတက်ပြီး ဒေါသတွေတစ်ထောင်းထောင်းထွက်နေကြတဲ့သူတွေ ရှိသလို သင်္ကြန်ရေကစားပျော်ပါးရင်းနှင့် မေတ္တာစိတ်ပွါးများနေကြတဲ့သူတွေလဲ ရှိနေမှာပါ။ စိတ်ဆိုတာမျိုးက ထိန်းကျောင်းရခက်တယ်မဟုတ်လား။
စိတ်က လောကကြီးကို ဦးဆောင်နေတာဘဲလေ။
သင်္ကြန်ရေကစားချိန်လဲ ကုန်ဆုံးသွားခဲ့ပါပြီ။ ဘ၀အတွက် ဘယ်လိုသင်ခန်းစာတွေ ဘယ်လိုအတွေ့အကြုံတွေ ဘယ်လို အကျိုးအမြတ်တွေရခဲ့ကြသလဲဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
လမ်းနှစ်သွယ်ထဲက ဘယ်လမ်းကို လျောက်ခဲ့သလဲဆိုတာလဲ ပြန်လည်စဉ်းစားသင့်ပါတယ်။ အားလပ်ရက်အတွင်း ဘ၀အတွက် ကုသိုလ်ရေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ကြတယ်ဆိုရင်တော့ ကျနော် နစ်နစ်ကာကာ စိတ်ထဲက သာဓုခေါ်ပါတယ်။
အဲ... ဒါပေမဲ့
ကျနော့်ကိုတော့ ဘယ်လမ်းကို လျောက်ခဲ့သလဲလို့ မမေးကြနဲ့နော်။ ကျနော်က ရေကစားလဲ မထွက်ခဲ့သလို ဘုရားသွား ကျောင်းတက်ပြီးလဲ ဥပုသ်သီလမယူခဲ့ရလို့ပါ။
အေးမြကြည်နူးနိုင်ကြပါစေ။
....
Friday, 10 April 2009
ဆွမ်းခံရင်းငှက်သင့်
ဖြစ်နိုင်ရင် ကျနော်က တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်တဲ့သူပါ။ လူတွေနဲ့ သောကောရောကောနေထိုင်ရတာကို ကျနော်မနှစ်သက်ဘူး။ လူများရင် ပြဿနာများတတ်တယ် မဟုတ်လား။ အဲဒီပြဿနာကို ကျနော် အကြောက်ဆုံးဘဲ။ ပြဿနာစလာရင် ပြီးပြတ်ဖို့က ခက်ခဲတယ်လေ။ အားလုံး စိတ်နှင့်ကိုယ်နဲ့ တည်ဆောက်ထားကြတဲ့ လူတွေမဟုတ်လား။ ဒါကြောင့်မို့လဲ ရိုးရိုးကျင့် (မြင့်မြင့်တော့သိပ်မကြံရဲပါဘူး) နေလာခဲ့တာပါ။ ဒါဖြင့်ရင် ဘုန်းကြီးဝတ်ပြီး တောထွက်ပါတော့လားဆိုပြန်တော့လဲ ကျနော်က ပုထုဇဉ်စစ်စစ်ကြီးဖြစ်နေတာကိုးဗျ။ ဘယ်လွယ်ပါ့မလဲ။ သမုဒယတောမှာ အနုအလှလေးတွေက ကနုကလျဆိုတော့ အခက်သား။
တရားတစ်ပုဒ်နာဖူးတယ်။ ကုသိုလ်တရားဟာ အပြစ်မရှိဘူး။ ကောင်းတဲ့အကျိုးကိုပေးတယ် တဲ့။
အကုသိုလ်တရားဟာ အပြစ်ရှိပြီး မကောင်းကျိုးကို ပေးတယ်တဲ့။ ဒါက ဘုရားဟောအစစ်အမှန်တွေပါ။
ခက်တာက ကုသိုလ်ရေးအတွက် အလုပ်လုပ်ရင်း သူများတွေ အပြစ်မြင်တတ်ကြတယ်လေ။ ဆွမ်းခံရင်း ငှက်သင့်ဆိုသလိုပေါ့။
ကျနော်က ဘာကိစ္စဘက်မှာမှ ကျွမ်းကျွမ်းကျင်ကျင်မရှိတာအမှန်ပါ။ ဘုရားစူးရပါစေရဲ့ ။ ဒါပေမဲ့လဲ ဟိုစပ်စပ် ဒီစပ်စပ်ကလေးကတော့ သိထားနားလည်ပါတယ်။ အဲဒါကြောင့်လဲ ခက်ကုန်တာပေါ့။ မတတ်သလိုလို တတ်သလိုလိုဆိုတော့ အားလုံး လိုလို လိုလို ဖြစ်နေတယ်လေ။ ကျနော် လက်နှိပ်စက်သင်တန်းတက်ဖူးတယ်။
ဆရာမက အသင်အပြကောင်းလို့ ကျနော် လက်နှိပ်စက်ကို မျက်နှာလွဲရိုက်တတ်လာခဲ့ပါတယ်။ တစ်မိနစ်မှာ အလုံးရေ လေးဆယ်ကျော်ရိုက်နိုင်ပြီး သင်တန်းကို အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့တယ်။ ဒါကြောင့်မို့လဲ ဆရာမကို ကျေးဇူးတင်လို့ မဆုံးပါဘူး။
ပြောရဦးမယ်။ ကျနော့်ကို လက်နှိပ်စက်သင်ပေးတဲ့ ဆရာမတို့အိမ်မှာ ဆရာမတို့ကိုယ်တိုင် လက်နှိပ်စက်အဟောင်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတယ်။ ၀ယ်သူလဲဝမ်းသာ ရောင်းသူလဲ ရွှင်ပြုံးပေါ့လေ။ ကျနော်လဲ ကျနော့်ဆရာမကို ကျေးဇူးတင်လွန်းလို့ လက်နှိပ်စက် အသေးစားလေးတစ်လုံး ၀ယ်လိုက်တယ်။ ပြီးတော့ သူငယ်ချင်းတွေကို လက်နှိပ်စက်အလိုရှိရင် ပြောပါ။ ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုပြီး ကြော်ငြာဝင်တော့တာပေါ့ဗျာ။
အခန့်သင့်စွာဘဲ သူငယ်ချင်းတစ်ယောက်က လက်နှိပ်စက်လိုချင်တယ်လို့ပြောတယ်။ ကျနော်လဲ ၀မ်းသာတာပေါ့လေ။ ဆရာမတို့မိသားစုလဲအဆင်ပြေ ကျနော့်သူငယ်ချင်းလဲ အိုကေဆိုတော့။ ဒါနဲ့ ဆရာမတို့အိမ်မှာ လက်နှိပ်စက်တစ်လုံးထပ်ဝယ်လိုက်တယ်။ အဲဒီလက်နှိပ်စက်ကို ဂျွတ်ဂျွတ်အိတ်နှစ်ထပ်သုံးထပ်ထဲ ထိုးထည့်ပြီး တစ်မိုင်ကျော်ကျော်ခရီးကို ဆွဲယူလာခဲ့တယ်။
ဖြစ်ချင်တော့ လက်နှိပ်စက်လက်ကွက်ခလုပ်ပေါ်မှာ ထဆင်ထူးနဲ့ နံပါတ် ၈ က ပျက်စီးနေတယ်။ အိမ်ရောက်မှ သိရတော့ ကျနော် နောက်တစ်ခေါက် ဆရာမတို့ဆီ လှစ်ရပြန်တာပေါ့ဗျာ။
ဆရာမရဲ့  အမျိုးသားက လက်နှိပ်စက်ပြင်ဆင်တတ်တဲ့သူဆိုတော့ ဘာမှပူစရာမလိုဘူးပေါ့။ ဒါနဲ့ သူတို့ဆီမှာ အပ်ထားခဲ့တယ်။ သူတို့က ပြောတယ် မနက်ဖန်လာယူပါတဲ့။ နောက်တစ်နေ့ ကျနော်သွားတယ်။ လက်နှိပ်စက် မပြင်ရသေးဘူး။ နောက်တစ်ရက်.. နောက်တစ်ရက်... တစ်လနီးနီးကြာသွားတယ်။ လက်နှိပ်စက်ကို မပြင်ရသေးဘူး။ အလုပ်ရှုပ်နေလို့တဲ့။ ဆရာမကိုတော့ အားနာပါတယ်။ ဒါပေမဲ့ ကတိမတည်တဲ့ သူ့အမျိုးသားကို ကျနော် စိတ်မရှည်နိုင်တော့ဘူး။ ခဏခဏသွားရဖန်များတော့ ကျနော်လဲ ရှက်လာပြီလေ။
သူငယ်ချင်းကလဲ ပြောနေပြီ။ လက်နှိပ်စက်မရနိုင်ရင် ပေးထားတဲ့ ပိုက်ဆံကိုဘဲ ပြန်ပေးပါတော့တဲ့။ ကဲ မခက်ချေဘူးလား။ ကျနော်က နှစ်ဦးနှစ်ဘက် အဆင်ပြေအောင်လုပ်ပေးတဲ့ ဥစ္စာ။ အခုတော့ နှစ်ဘက်လုံး ကျနော့်ကို ညိုညင်စရာတွေ ဖြစ်နေပြီလေ။ ကျနော်လဲ စိတ်တိုတိုနဲ့ ဆရာမတို့အိမ်ကို သွားတယ်။ သူ့အမျိုးသားကို တွေ့ရင် အပြတ်နှိပ်ကွပ်မယ်ဆိုပြီး အားတင်းလို့ပေါ့။ ဒါပေမဲ့ အိမ်ကို ရောက်တော့ ဆရာမကိုလဲ မတွေ့ရဘူး။ သူ့အမျိုးသားကိုလဲ မတွေ့ရဘူး။ သူတို့ရဲ့  သမီးလေးကိုဘဲ တွေ့ခဲ့ရတယ်။ ဒါနဲ့ ကျနော်လဲ မထူးတော့ဘူးဆိုပြီး.. ညီမ.. ညီမရဲ့  အဖေကို ပြောလိုက်ပါ။ မနက်ဖန် ညနေ လေးနာရီမှာ လက်နှိပ်စက်နှင့်ပိုက်ဆံ တစ်ခုခုကို ပြန်ယူမယ်...လို့ တစ်ချက်လွတ်အမိန့်ပေးထားခဲ့တယ်။
နောက်တစ်နေ့ ကျနော်သွားတော့ ဆရာမနဲ့တွေ့တယ်။ လက်နှိပ်စက်က ကောင်းနေပြီ။ ကျနော်ယူပြန်ရုံပေါ့။
ဒါပေမဲ့ ဆရာမပါးစပ်က စကားလုံးလေးတွေ ထွက်ကျလာတယ်။ သင်ပေးလိုက်တာမှ ဘာမှ မကြာသေးဘူး။ ကျေးဇူးကန်းလိုက်တာ တဲ့။ ဆရာမစကားကြောင့် ကျနော်တကယ်ဘဲရင်နာလို့ မဆုံးပါဘူး။ နှစ်ဦးနှစ်ဘက် ကောင်းစေချင်လို့ ဆောင်ရွက်ပေးခဲ့တာကို တစ်လွဲအထင်ခံရတယ်။ နောက်ထပ် ဆရာမနဲ့ လုံးဝ အဆက်ပြတ်သွားတယ်။ ဒီနေ့အထိပါဘဲ။
သူများကို ကူညီတာ ကုသိုလ်ဆိုရင် ကျနော် စိတ်သန့်သန့်နဲ့ ကူညီဆောင်ရွက်ပေးခဲ့တာဟာလဲ ကုသိုလ်တွေပါဘဲ။ ဒါပေမဲ့ ကျနော့်ကို ကောင်းကျိုးမပေးဘူးလေ။ အပြစ်ဘဲ အတင်ခံရတယ်။
...............
နောက်တစ်ခုရှိသေးတယ်။ ကွန်ပျူတာကိစ္စလေ။ ကျနော်က ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ပေမဲ့ သိသင့်သလောက်တော့ သိပါတယ်။ ဒါကြောင့်မို့လဲ ကွန်ပျူတာဝယ်ချင်တဲ့ သူငယ်ချင်းတွေရှိရင် ကျနော်အချိန်ပေးပြီး လိုက်ဝယ်ပေးလေ့ရှိပါတယ်။ မှန်တာပြောရရင် ကျနော် ရန်ကုန်က KMD ကွန်ပျူတာဆိုင်မှာ သူငယ်ချင်းတွေအတွက် ကွန်ပျူတာ ၁၀ လုံးကျော်ကျော်ဝယ်ပေးဖူးတယ်။ ၀ယ်တဲ့အရေတွက် များလာတာကြောင့် ဆိုင်ဝန်ထမ်းတွေက ကျနော့်ကို Discount ချပြီး ရောင်းလေ့ရှိတယ်။
တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာဝယ်ချင်လို့ဆိုပြီး လာပြောတယ်။ ကျနော်လဲ လိုက်ဝယ်ပေးလိုက်တယ်။ ရန်ကုန်ထုံးစံအတိုင်း ၀ယ်ပြီးတစ်ခါထဲ ယူမသွားရဘူး။ နောက် နှစ်ရက် သုံးရက်လောက်ကြာမှ ဆိုင်ဝန်ထမ်းတွေကိုယ်တိုင် အိမ်အရောက် လာတပ်ဆင်ပေးလေ့ရှိကြတယ်လေ။
ဘယ်ကွန်ပျူတာကိုဘဲ ၀ယ်ဝယ် တစ်နှစ်အာမခံနှင့် သုံးနှစ်အခမဲ့ ပြင်ဆင်ပေးမယ်ဆိုတဲ့ ၀န်ခံချက်ပါပါတယ်။
သူ့ကွန်ပျူတာ အိမ်ရောက်ပြီး မကြာလိုက်ပါဘူး။ နောက်တစ်နေ့မှာ ပါဝါမငြိမ်တာကြောင့် အလုပ်မလုပ်တော့ပါဘူး။ လုံးဝကို ဖွင့်လို့မရတော့တာ။ အဲဒီမှာတင် ပြဿနာက တက်ပြီ။ သူငယ်ချင်းကိုယ်တိုင်က ကျနော်လိုက်ဝယ်ပေးတဲ့ စေတနာကို နားလည်ပေမဲ့ သူ့ဦးလေးက ကျနော် လူလည်ကျပြီး မကောင်းတာ လိုက်ဝယ်ပေးတယ်လို့ယူဆပြီး ကျနော့်ကို လာဆဲဆိုတယ်။ မခက်ပါလားဗျာ။ ကျနော်က ပွဲစားမှ မဟုတ်ဘဲ။ ကူညီချင်တဲ့စိတ်နဲ့ လိုက်ဝယ်ပေးရုံသက်သက်ရယ်ပါ။
အမှန်အတိုင်းပြောရရင် အဲဒီနေ့က သူငယ်ချင်းကို ၂၀၀၀ကျော်တန် ပစ္စည်းတစ်ခု မရည်ရွယ်ဘဲ လှူလိုက်ရသေးတယ်။ ကျနော်က စီဒီအလွတ် တစ်ဗူးဝယ်တယ်။ အဲဒီမှာတင် သူငယ်ချင်းရဲ့  ကွန်ပျူတာအတွက် Filter လိုမှန်းသိလို့ Filter ကိုပါဝယ်လိုက်တယ်။ ဘောက်ချာဖြတ်တော့ ပေါင်းဖြတ်လိုက်တာပေါ့။ ကျနော်ဘဲ ရှင်းလိုက်ရတယ်လေ။ အိမ်ပြန်ရောက်တော့ သူပြန်ပေးပါတယ်။ ဒါပေမဲ့ သိပ်များတဲ့ ငွေမဟုတ်တဲ့အတွက် ကျနော် လှူလိုက်ပါတယ်လို့ ပြောလိုက်တယ်။
ကျနော့်ကို နားလည်မပေးနိုင်တဲ့ သူ့ဦးလေးက ကျနော့်ကို ကွန်ပျူတာလာကြည့်ခိုင်းတယ်။ ကျနော် သွားကြည့်တယ်။ အခြေအနေမကောင်းတော့ဘူး။ ဆိုင်ပြန်ပို့ရုံပေါ့။ ခက်တာမှတ်လို့။ တစ်နှစ်အတွင်း ဘာပျက်ပျက် ပစ္စည်းအသစ် အစားပေးမှာဘဲလေ။ ကွန်ပျူတာဝယ်တဲ့သူတိုင်း Service ဌာနကို ရောက်ဖူးကြစမြဲဘဲမဟုတ်လား။ အထူးအဆန်းမဟုတ်ပါဘူး။
အဲဒီလို အဲဒီလိုပေါ့ဗျာ။ ကျနော် ကုသိုလ်များရမလားလို့ အခမဲ့ အချိန်ကုန်ခံ အပင်ပန်းခံပြီး ကူညီပေးခဲ့တာကို ကုသိုလ်မရဘဲနဲ့ အကုသိုလ်တွေ ဒုနဲ့ဒေး ၀င်လာကြတယ်။ အလားတူ ကိစ္စမျိုးတွေ အများကြီး ကျနော့်မှာ ရှိပါသေးတယ်။ သူများကို ကူညီပေးရင်း အထင်လွဲခံခဲ့ရတဲ့ ကိစ္စတွေပေါ့။
ကျနော် ဖြစ်နေတာက တရားတော်နဲ့ ပြောင်းပြန်ကြီးဖြစ်နေတယ်။ သူများကို ကူညီပေးရင် ကျနော်ကိုယ်တိုင် ဒုက္ခရောက်တာများတယ်။ အဲ.. ဒါပေမဲ့ ကျနော်ကိုယ်တိုင် အကုသိုလ်အလုပ်လုပ်ရင်တော့ ကူညီမဲ့သူတွေ ပေါ်လာတတ်တယ်ဗျ။ ပြောရဦးမယ်။ တစ်ခါတုန်းက သင်္ကြန်တစ်ခုမှာ ကန်တော်ကြီး ဥယျာဉ်ထဲ သွားပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ ကဲဖြစ်တယ်။ သုရာမေရယကံကြီးကို အပြတ်အသတ်ကျူးလွန်တာပေါ့ဗျာ။ လူမှန်းသူမှန်းတောင်မသိလောက်အောင်ပါဘဲ။
နေ့လည်ပိုင်းကထဲက ကန်တော်ကြီးထဲရောက်နေတာ အမူးလွန်ပြီး ဘယ်အချိန်ရောက်မှန်းတောင်မသိတော့ပါဘူး။ ညဘက်ကို လူနှင်ဂလိုင်ခေါက်တော့မှ သတိပြန်ရလာတယ်။ ဒါတောင်မှ ဥယျာဉ်လုံခြုံရေးက လာပြောလို့။ ညီတို့.. အချိန်စေ့သွားပြီ။ ပိတ်တော့မယ်။ ပြန်ကြတော့တဲ့။
ကျနော်တို့နှစ်ယောက်သား ဒယီးဒယိုင်နဲ့ ဥယျာဉ်အပြင်ဘက်ကို ထွက်လာခဲ့ကြတယ်။
အမူးသမားဆို ဘယ်သူမှ မကူညီချင်ကြဘူးထင်နေတာ။ ညီတို့.. လာ..လာ ဆိုက်ကားပေါ်အမြန်တက် .. ပလိပ်နဲ့တွေ့ရင် ရစ်နေဦးမယ်.. ပိုက်ဆံမပါလဲ ကိစ္စမရှိဘူး.. စေတနာနဲ့ လိုက်ပို့ပေးမယ် ဆိုပြီး ဆိုက်ကားဆရာက အိမ်အရောက်ကျနော်တို့ကိုတွဲပြီး ကူညီလိုက်ပို့ပေးခဲ့တယ်ဗျာ။ ပိုက်ဆံလဲ ပေးသလောက်ဘဲယူသွားတယ်။ ကျေးဇူးအရမ်းတင်စရာကောင်းတယ်။
အဲဒီလို မဟုတ်တာလုပ်ရင်တော့ ကူညီမဲ့သူက ပေါ်လာတတ်တယ်။ အဲ... ဟုတ်တာလဲ လုပ်ရော.. နားလည်မှုမပေးတဲ့အပြင် စိတ်အနှောက်အယှက်တောင် တော်တော်ဖြစ်ခဲ့ရတယ်ဗျာ။ ကဲ.. ကဲ.. မိတ်ဆွေတို့ကော ဆွမ်းခံရင်း ငှက်သင့်ဖူးပါသလား။ ပြောပြပေးကြပါလား။ သိချင်လွန်းလို့။ ။
အထူးသဖြင့်တော့ သူငယ်ချင်းပန်းကဗျာရေ.. ဆွမ်းခံရင်းငှက်သင့် ဆိုတာလေး ထပ်ဆက်ပေးပါလား။ ဗဟုသုတဖြစ်ပေါ့။

Sunday, 5 April 2009
ကာလံဒေသံ နားလည်တတ်ဖို့လိုတယ်
ဒီနေ့ညနေတုန်းကပေါ့။ သူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံက ပြန်ရောက်လာလို့ Heathrow လေဆိပ်ကို သွားကြိုဖို့ ကျနော်တို့ ပြင်ဆင်ကြတယ်။ ကျနော်တို့က လေဆိပ်ကို သွားဖို့ မြေအောက်ရထားဘူတာရုံကို သွားတယ်။ ကျနော်တို့ ဘူတာရုံမရောက်ခင် သူစီးလာတဲ့ လေယာဉ်က ဆင်းလာပြီ။
သူ့ဆီက ဖုန်းလာတယ်။ လေဆိပ်ကို မလာခဲ့နဲ့တော့တဲ့။ Check in ၀င်ရမှာလဲ ကြာမှာမဟုတ်တဲ့အတွက် ကားမှတ်တိုင်ကဘဲ စောင့်နေပါတော့တဲ့။
လန်ဒန်လေဆိပ်ကနေ ပြေးဆွဲတဲ့ ဘတ်စ်ကားတွေရှိတယ်။ ဘတ်စ်ကားဆိုပေမဲ့ အငှားကားတွေထက်တောင် ပိုအဆင်ပြေပါသေးတယ်။ ကားအစီးရေများတဲ့အတွက် ထိုင်ခုံတွေ အများကြီးလွတ်နေလေ့ရှိတယ်။ ပြီးတော့ ချောင်ချောင်ချိချိ ကျယ်ကျယ်ဝန်းဝန်းစီးရတယ်။ တစ်ထပ်ဘတ်စ်ကားရော နှစ်ထပ်ဘတ်စ်ကားရောရှိတယ်။ အငှားကားသွားစီးရင် အနည်းဆုံး ၁၀ ပေါင်လောက်ကုန်ဦးမယ်။ ဘတ်စ်ကားစီးတော့ တစ်ပေါင်ဘဲကုန်တယ်။ ဒါကြောင့်မို့ လေဆိပ်ကနေ ဘတ်စ်ကားနဲ့ ပြန်မယ်ဆိုရင်လဲ အစစအရာရာအဆင်ပြေပါတယ်။
ပြီးတော့ မြို့ထဲကနေပြီး လေဆိပ်ထဲအထိ မြေအောက်ရထားလမ်းရှိသေးတယ်။ အဲဒီမြေအောက်ရထားနဲ့စီးပြီး ပြန်လာခဲ့ရင်လဲရတယ်။ သက်သက်သာသာပါဘဲ။ ဈေးနှုန်းကတော့ ဇုန်ကွားခြားမှုပေါ်မှာဘဲ မူတည်တယ်။ အနည်းဆုံး ၁ ပေါင်ကနေ အများဆုံး ၇ ပေါင်ပေါ့။
နောက်ပြီးတော့ အထူးExpress ဆိုလား ဘာဆိုလား အမြန်ရထားရှိသေးတယ်။ လေဆိပ်ကို ခပ်မြန်မြန်ရောက်ချင်တဲ့သူတွေအတွက် အထူးရထားပါ။ ဈေးအရမ်းကြီးတယ်တဲ့။ ကျနော်ကတော့ တစ်ခါမှ မစီးဖူးသေးပါဘူး။ (နောက်လဲ စီးဖြစ်မယ်မထင်ပါဘူး)။
ကျနော်နှင့်သူငယ်ချင်းတစ်ယောက် မြန်မာနိုင်ငံက ပြန်လာတဲ့ သူငယ်ချင်းကို ကားမှတ်တိုင်ကနေပြီး ထိုင်စောင့်နေကြတယ်။ နာရီဝက်ကျော်ကျော်လောက် ထိုင်စောင့်တယ်။
လေဆိပ်ကထွက်လာတဲ့ ဘတ်စ်ကားတွေကလဲ တစ်စင်းပြီးတစ်စင်းရောက်လာပြီးပြီ။ သူငယ်ချင်းက ရောက်မလာသေးဘူး။ သူ့ဆီက ဖုန်းထပ်လာတယ်။ လေဆိပ်ထဲမှာ ထွက်ပေါက်ပျောက်နေလို့ နဲနဲနောက်ကျမယ်တဲ့။ ဟုတ်တယ် လေဆိပ်က လမ်းညွန်တွေတိကျပေမဲ့ မျက်စိလည်ဖို့ ကောင်းပါတယ်။
ကျနော်တို့လဲ ထပ်စောင့်နေလိုက်တယ်။
လူတစ်စု ကားမှတ်တိုင်ကိုရောက်လာကြတယ်။ လေးငါးခြောက်နှစ်အရွယ် ကလေးနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါ။ မျက်နှာတွေက ကုလားဆင်တွေပါဘဲ။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ အဖြူလေးပါ။ ဥရောပလူမျိုးဖြစ်ဖို့များပါတယ်။
ကုလားဆင်နဲ့ ကလေးတစ်ယောက်က ကျနော်တို့ကို ခဏခဏခိုးကြည့်နေတာ တွေ့ရတယ်။ ကျနော်တို့က မျက်နှာစိမ်းတွေကိုး။ အာရှရုပ်ဆိုတော့ သူတို့နှင့်မတူလို့ ထူးဆန်းနေပုံရတယ်။ ဒီအုပ်စု ကျနော်တို့ကို စိတ်ဝင်စားနေတယ်ဆိုတာ ကျနော်သိနေတယ်။
သူတို့ကို ဂရုမစိုက်ဘဲ ခပ်တည်တည်နဲ့ ကျနော်တို့ စကားပြောနေဖြစ်ကြတယ်။ သူတို့က ကျနော်တို့ရဲ့  ဘေးတိုက်အနေအထားမှာရှိတယ်။ ခဏအကြာမှာတော့ သူတို့ထဲက အဖြူကောင်လေးတစ်ယောက်က ကျနော့်အနားကပ်ပြီး မေးခွန်းတစ်ခုလာမေးတယ်။
"How long have you been here?"
ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။
ကျနော်ကလဲ ခေသူမှမဟုတ်ဘဲ။ ဒီကောင် ငါတို့ကို စိတ်ဝင်စားလို့ တကူးတကူ လာမေးတာဘဲ၊ မှင်သေသေနဲ့ဖြေမှ တော်ရာကျမယ် လို့ စိတ်ကြီးဝင်ပြီး--
"One year" (တစ်နှစ်) လို့ တိုတိုတုတ်တုတ်ဘဲ ဖြေလိုက်တယ်။ ဟုတ်တယ်လေ။ ကျနော်တို့ လန်ဒန်ရောက်နေတာ တစ်နှစ်ကျော်ကျော်လေးဘဲ ရှိသေးတဲ့ ဥစ္စာ။
"No".. "no"... "no"
သူတို့ အားလုံး တစ်နိုးထဲ နိုးနေကြတယ်။ ဘာများအမှားလုပ်မိလို့ပါလိမ့်။ သေချာမေးကြည့်လိုက်တော့မှ ဒီဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတာ ဘယ်လောက်ကြာသွားပြီလဲလို့မေးတာပါတဲ့။ ညနေပိုင်းမှာ တစ်ချို့  ဘတ်စ်ကားတွေ ဖျက်သိမ်းတယ်ကြားလို့ ဒီဘတ်စ်ကားလိုင်းရော ဖျက်သိမ်းတဲ့အထဲ ပါမလားလို့ပါ။ ဒီမှာ စောင့်နေတာ အရမ်းကြာပြီး ဘတ်စ်ကားတစ်စီးမှ မလာရင် ဖျက်သိမ်းတာ သေချာပါတယ် တဲ့။
"သူတို့ဆိုလိုတာက ဂလိုကိုး"
အော်... ကာလံ ဒေသံကြည့်ပြီး နားမလည်လိုက်တာကိုက ကျနော့်အပြစ်ရယ်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေတဲ့သူကို ဘာမပြောညာမပြော လန်ဒန်ရောက်တာ ဘယ်လောက်ကြာပြီလဲလို့ ဘယ်သူမေးပါ့မလဲ။
ရှက်စရာကြီးဗျာ။ အင်္ဂလိပ်စကားနှင့်ပတ်သက်လို့ အခုထက်ထိခံနေရတုန်းပါဘဲလား။
ဘတ်စ်ကား တော်တော်နဲ့ ရောက်မလာလို့ အဲဒီအုပ်စု လမ်းလျောက်ထွက်သွားကြတယ်။ ကျနော်တို့ကတော့ လေဆိပ်က လာမဲ့သူငယ်ချင်းကို ဆက်စောင့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ဝါးဝါး ရယ်လို့ မဆုံးတော့ပါဘူးဗျာ။
အင်္ဂလိပ်စာ သင်ယူလာခဲ့တဲ့ သက်တမ်းလဲ မနည်းတော့ပါဘူး။ ဆယ်စုနှစ်ကျော်နေပြီ။ တွေ့ကြုံခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေလဲ ရာဂဏန်းနီးနီးရှိပြီ။ ဒါပေမဲ့.. အင်္ဂလိပ်စာ အင်္ဂလိပ်စကားနဲ့ ပတ်သက်လာရင် အခုထက်ထိ အရှက်ကွဲရကိန်းရှိနေတုန်းပါဘဲ။ ဘယ်တော့များမှ အင်္ဂလိပ်စာကို ကျကျနနတတ်မြောက်ပါ့မလဲ မသိတော့ပါဘူး။ သိပြီးသားစကားလုံးလေးတွေတောင်မှ ကာလဒေသ မခွဲခြားတတ်လို့ အခုလိုလေး အောင့်သက်သက်နဲ့ ခံလိုက်ရတာ မဟုတ်ပါလား။ ။
...

Monday, 16 February 2009
ဆေးသောက်သောခါဝယ်...
လူတိုင်း (သို့) လူအတော်များများဟာ နေ့စဉ်စားသုံးနေကြ ဆေးကောင်းတစ်လက် ရှိနေတတ်ကြပါတယ်။
မြန်မာလူမျိုးတစ်ချို့ ဆို သောက်သုံးနေကြ ဆေးကို မူးယစ်ဆေးလောက်ထိ စွဲကပ်နေကြလေရဲ့ ။ အဲဒီ ဆေးလေးမှ မသောက်လိုက်ရရင် အဲဒီနေ့ဟာ နေထိုင်မကောင်းသလို ၀မ်းချုပ်ချင်သလို ယားယံချင်လာသလို စတဲ့ ဝေဒနာ အသေးစားလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ စိတ်အစွဲကြောင့်လဲ ပါတာပေါ့လေ။
ဒါ့ကြောင့် သူတို့ တစ်တွေ ပြည်ပခရီးသွားတဲ့အခါမှာဘဲဖြစ်ဖြစ် ပြည်ပမှာ အခြေချ နေထိုင်ကြတဲ့အခါမှာဘဲဖြစ်ဖြစ် သူတို့ စားသုံးနေကြ ဆေးတွေကို မရရအောင် ယူဆောင်လာတတ်ကြပါတယ်။ ဆေးကုန်သွားတဲ့အခါလဲ တစ်နည်းနည်းနဲ့ မှာယူပြီး ရအောင် ကြိုးစားလေ့ရှိကြပါတယ်။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ ဆေးကောင်းတစ်လက်ရှိတာတော့ လူတိုင်းအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သောက်ပုံသောက်နည်းက လိုအပ်နေဆဲဘဲ။ ဆရာဝန်ကောင်းတွေရဲ့  ညွန်ကြားမှုကို လိုက်နာကြတာ မှန်ကန်တဲ့နည်းလမ်းပါ။
"ဆေးကို သောက်တဲ့အခါမှာ ရေနဲ့ သောက်တာက အန္တရာယ် အကင်းရှင်းဆုံးပါဘဲ" လို့ သမားတော် ဘယ်ရီရှုတာ (Barry Shooter) က သူ့ရဲ့  သုတေသနပြုချက်ကို သေချာစွာ ရှင်းပြခဲ့ပါတယ်။
တစ်ချို့ လူတွေက ဆေးခါးခါးကို ကြောက်တဲ့အတွက် အဖျော်ရည် (သို့) ကော်ဖီစတဲ့ လျာကို အရသာတွေ့စေမဲ့ အရည်တစ်မျိုးနှင့်ရောပြီး သောက်လေ့ရှိကြတယ်။ ဒါ့ကြောင့် အဲဒီ တစ်ခြားအရည်တစ်မျိုးမျိုးနှင့်ရောစပ်ပြီး သောက်တဲ့ ဆေးဟာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာ သမားတော်ကြီး ဘယ်ရီရှုတာက အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပေးခဲ့ပါတယ်။
ဆေးကို ကျွဲကောသီးဖျော်ရည်နှင့်သောက်ခြင်း
နှလုံးဆေး၊ စိတ်ကျဝေဒနာသက်သာဆေး၊ မှိုခြေဖျက်ဆေးတို့ကို ကျွဲကောသီးဖျော်ရည်နှင့်သောက်လျင်
ဇီဝကမ္မပြောင်းလွဲမှုကို ဟန့်တားစေပါတယ်။ ဆေးရဲ့  အာနိသင်ကိုလဲ ယုတ်လျော့စေပါတယ်။ နောက်ပြီး ဘေးထွက်ဆိုးကျိုးပိုများစေပါတယ်။
ဆေးကို ကော်ဖီ လဘက်ရည် ကိုလာနှင့်သောက်ခြင်း
ပန်းနာရင်ကြပ်ဆေးကို ကက်ဖင်န်ဓါတ်ပါတဲ့ ကော်ဖီ လဘက်ရည် ကိုလာတို့နှင့်သောက်သုံးလျင် ဘေးထွက်ဆိုးကျိုး ပိုပြီးတိုးလာနိုင်တယ်။ ဗိုက်ထဲ မအီမသာဖြစ်စေတယ်။ အထူးသဖြင့်တော့ အယောင်အတင်းပျောက်ဆေးကို စားသုံးတဲ့အခါမှာ ပိုပြီး သတိထားသင့်ပါတယ်။
ဆေးကို နို့နှင့်သောက်ခြင်း
ပဋိဇီဝဆေးသောက်ပြီး နှစ်နာရီအတွင်းမှာ နို့တစ်ခုခုကို သောက်ရင် နို့ထဲမှာ ပါတဲ့ထုံးဓါတ်က ပဋဇီဝဆေးရဲ့  အစွမ်းအာနိသင်ကို လုံးဝတားမြစ်ထားတတ်ပါတယ်။
ဆေးကို မူးယစ်ဆေးနှင့်သောက်သုံးခြင်း
မူးယစ်ဆေး (ဥပမာ။ အရက်၊ ဘီယာ) ပုံမှန်သောက်စားနေတဲ့ သူတစ်ယောက်ဟာ ပါရာစီတမော့ဆေးကို သောက်သုံးပြီဆိုရင် သူ့ရဲ့  အသဲဟာ အစိပ်စိပ်အမြွာမြွာကြေမွမကွဲရင်တောင်မှ အခြေအနေဆိုးရွားစွာ အသဲရောဂါ ရနိုင်ပါတယ်။ ပြီးတော့ အဲဒီမူးယစ်ဆေးဝါးဟာ စိတ်ကျဝေဒနာသက်သာဆေးအစွမ်းကိုလဲ ခြေဖျက်တတ်ပါတယ်။ တစ်ခြားဆေးဝါးတွေကိုသောက်သုံးတဲ့အခါမှာလဲ ဘေးထွက်ဆိုးကျိုး အရမ်းတိုးပွါးလာစေပါတယ်။
ဆေးကို ခရန်းဘယ်ရီ (Cranberry)ဖျော်ရည်နှင့်သောက်သုံးခြင်း
သွေးကျဆေးကို ခရန်းဘယ်ရီဖျော်ရည်နှင့်သောက်သုံးလျင် သွေးမကျတဲ့အပြင် သွေးကို ပိုပြီး စီးဆင်းစေတတ်ပါတယ်။
.............................
ကျနော်ငယ်ငယ်တုန်းကနေမကောင်း အရမ်းဖြစ်ဖူးတယ်။ ခြူခြာတယ်။ အဲဒီတုန်းက အင်္ဂလိပ်ဆေး မြန်မာဆေး အမျိုးမျိုး သောက်သုံးခဲ့ရပါတယ်။ ပရတ်လေငန်းဆေးတို့ ဆင်တုံးမနွယ်ဆေးတို့ ပါရာစီတမော့တို့ ဘာမီတွန်တို့ ကရိုကွင်းတို့ စတဲ့ စတဲ့ ဆေးတွေ အမျိုးမျိုးပါဘဲ။ မြန်မာဆေးက အမှုန့်လေးတွေဆိုတော့ ရေဖျော်ပြီး သောက်ရတယ်။ အင်္ဂလိပ်ဆေးက အလုံးတွေဆိုတော့ ကျနော့်အမေက ဆေးလုံးကို စာရွက်ခေါက်ထဲ ထည့်ထားပြီး ပုလင်းဘူးနှင့်ကြိတ်ခွဲပေးတယ်။
ပြီးတော့ ရေကျက်အေးနှင့်တိုက်တယ်။
ကျနော် အကြောက်ဆုံးက ဆင်တုံးမနွယ်ဆေးဘဲ။ အရမ်းခါးတယ်။ အဲဒီဆေးတိုက်ရင် ကျနော် မသောက်ချင်ဘူး။
ဒါကြောင့်မို့ အမေက ထန်းလျက်ခဲကလေးတွေကို အဆင်သင့်ယူထားပေးတယ်။ ဆေးသောက်ပြီး ထန်းလျက်ခဲကို ကျနော်ယူစားလေ့ရှိတယ်။ လက်တစ်ဘက်က ဆင်တုံးမနွယ်ဆေး၊ ကျန်တဲ့ လက်တစ်ဖက် ထန်းလျက်ခဲ ကိုင်ထားတယ်။ ကျနော်ခါးမှာ စိုးလို့ အမေက စေတနာနဲ့လုပ်ထားပေးတာပါ။
အခုတော့ ကျနော် အဲဒီလို မဟုတ်တော့ပါဘူး။ ဆေးကို ဆေးသက်သက်ဘဲ ရေအေး (သို့) ရေနွေးနဲ့ဘဲ သောက်နေပါပြီ။
မိတ်ဆွေ ညီအစ်ကို နှမ အမများအားလုံးလဲ ဆေးသောက်ရင် (အထူးသဖြင့်တော့ ဓါတုဗေဒဆေးကိုသောက်တဲ့အခါ)အရသာခါးမှာကို ကြောက်လို့ အဖျော်ရည်တို့နှင့်ရောပြီး မသောက်တာ အကောင်းဆုံးပါဘဲ။
ဆရာဝန်တစ်ယောက်က ပြောဖူးတယ်။ အဖျော်ရည်မှန်ရင် ဘာအဖျော်ရည်မှ မကောင်းဘူး။ အာဟာရလဲ မဖြစ်ဖူး တဲ့။
ဒါ့ကြောင့် အဖျော်ရည်ကို အားရှိတယ်ထင်ပြီး အရမ်းမသောက်ကြဖို့လဲ ကျနော် အကြံပြုချင်ပါတယ်။
အားလုံး
အာလုံး ကျန်းမာ ချမ်းသာ အသက်ရာကျော်ရှည်ကြပါစေ။
မှတ်ချက်။
February, 2006 ထုတ် Reader's Digest: P 151- Don't Swallow Your Pills With....... ကို ဘာသာပြန်ပြီး ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်။

Sunday, 8 February 2009
ဆေးဆိုပေမဲ့.....
ဆေးကိုဘယ်လိုပုံစံနဲ့သောက်ကြမလဲ။
တန်ဆေး လွန်ဘေးလို့ ဆိုရိုးစကားရှိတယ်လေ။
ဆေးဆိုပေမဲ့လဲ အတိုင်းအရှည်အထိသောက်သုံးရုံဘဲကောင်းပါတယ်။
များများအသုံးပြုရင်တော့ တကယ့်အဆိပ်သက်သက်ဖြစ်သွားတော့တာပါဘဲ။
ပြီးတော့ ဆေးကို မူးယစ်ဆေးအနေနဲ့လဲ မသုံးသင့်ပါဘူး။
အမှန်တကယ်ဆိုရင် ဆေးဆိုတာ အဆိပ်ပေါင်းစုံနဲ့ ပြုလုပ်ထားတဲ့ အစိုင်အခဲလေးတစ်ခုရယ်ပါ။
ဒါကြောင့် အချိုးကျဘဲ သောက်သုံးသင့်ပါတယ်။
ဥပမာ
တစ်ရက်ကို တစ်လုံးသောက်ရမဲ့ဆေးကို ဒေါက်တာက တစ်လစာ ပေးခဲ့တယ်ဆိုကြပါစို့။ တစ်ရက်ကို တစ်လုံးဘဲ သောက်ပါလို့ ဒေါက်တာကမှာခဲ့တယ်။ ဒါပေမဲ့ လူနာက ရက်သုံးဆယ်တိတိ တစ်ရက်ကို တစ်လုံးသောက်ရမှာ ပျင်းလို့ တစ်ရက်ထဲနဲ့  အလုံးသုံးဆယ်လုံး တစ်ကြိမ်ထဲ သောက်ပစ်လိုက်တယ်ဆိုရင် ဒီလူနာ ဘာဖြစ်သွားမလဲ။
သွားပြီပေါ့။ သေရွာကို သွားမှာကို ပြောတာ။ မသေရင်တောင် အနည်းဆုံး ဆေးရုံမှာ အတွင်းလူနာအဖြစ်ရောက်သွားမှာ သေချာတယ်။
ကျနော်တို့မြို့ မှာ အမျိုးသမီးတစ်ယောက်တွေ့ဖူးတယ်။ သူ့အမျိုးသားနှင့်အိမ်ထောင်ရေးအဆင်မပြေလို့ ဘာမီတွန် (ဘီပီအိုင်ထုတ်)ကို အလုံး များစွာ တစ်ခါထဲ သောက်ချလိုက်တယ်။ ပြီးတော့ အိပ်ရာထဲမှာ လဲတော့တာပါဘဲ။ သူ့ယောက်ျားသိသွားတဲ့အခါမှာ အစိုးရိမ်လွန်ပြီး ဘယ်နှစ်လုံးကြီးတောင် သောက်လိုက်တာလဲလို့ မေးတယ်။ သူက အလုံးသုံးဆယ်တိတိသောက်လိုက်တယ်လို့ ဖြေတယ်။
အဲဒီဘာမီတွန်ဆေးတွေကို အန်ထုတ်ဖို့ ဆေးရုံချက်ချင်းတင်တယ်။ ဆားရည်တွေ ၀မ်းထဲကို သွင်းတယ်။ ဘာမီတွန်ဆေးတွေ အန်ထွက်လာတယ်။ ဒါပေမဲ့ အန်ထုတ်လာတဲ့ ဆေးဟာ အလုံးသုံးဆယ်ပမာဏမရှိသေးဘူး။
ဒါကြောင့် ဆားရည်တွေကို ထပ်သွင်းတယ်။
"တော်ကြပါတော့၊ ကျွန်မ သောက်လိုက်တဲ့ ဘာမီတွန်က ငါးလုံးထဲပါ"
အမျိုးသမီးက ဆားရည်ဒဏ်ကို မခံနိုင်တော့လို့ ရှင်းပြတယ်။ ဒါပေမဲ့ ယောက်ျားလုပ်တဲ့သူက မယုံကြည်ဘူး။ အလုံးသုံးဆယ်တိတိသောက်ထားတယ်ဘဲ ထင်နေတယ်။ ဒါကြောင့် ဆားရည်တွေကို ၀မ်းခေါင်းထဲ အတင်း သွင်းစေတယ်။ နောက်ဆုံးတော့ အဲဒီ ဆားရည်သွင်းတဲ့ ဒဏ်ကြောင့်ဘဲ အမျိုးသမီးဟာ ဆုံးပါးသွားခဲ့တယ်။
အမှန်တကယ် အမျိုးသမီး သောက်ထားတဲ့ ဘာမီတွန်လဲ ငါးလုံးထဲပါ။ ယောက်ျားကို ရွဲ့ ချင်လို့ လိမ်ညာလိုက်တာပါ။ ဒါပေမဲ့ သူ့ခမျာ မသေသင့်ဘဲ သေဆုံးသွားရရှာတယ်။ သူ့ယောက်ျားကတော့ အခု အချိန်မှာနောက်မိန်းမနှင့်ပျော်လို့မော်လို့။
ဒီဇာတ်လမ်းလေးက တကယ်ဖြစ်ပျက်ခဲ့တာပါ။ ကြာတော့ကြာခဲ့ပါပြီ။ အဲဒီအချိန်တုန်းက ကျနော် အသက်ငယ်လွန်းနေသေးတဲ့အတွက် အတိအကျတော့ သူတို့ဖြစ်ပျက်ပုံကို မသိလိုက်ရပါဘူး။ ရပ်ကွက်ထဲက ပြောစကားအရကတော့ ကျနော် အထက်မှာ တင်ပြခဲ့တဲ့အတိုင်းပါဘဲ။
စာရေးဆရာကောင်းတစ်ယောက်ဆိုရင်တော့ ကြေကွဲဆို့နင့်စရာကောင်းတဲ့ ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ဖြစ်လာမှာ မလွဲပါဘူး။ ကျနော်ကတော့ ၀ါသနာအဆင့်ဘဲ ရှိသေးတာမို့ ဇာတ်ကွက်ပေါ်ရုံလောက် ဖော်ပြပေးလိုက်တာပါ။
အဓိကကတော့ ဆေးကို ဆေးအဖြစ်နဲ့ဘဲ သောက်သုံးဖို့ ပြောပြချင်တာပါ။ အိမ်ထောင်ရေး ပညာပေး ပုံစံမျိုး မဟုတ်ပါဘူး။ အိမ်ထောင်ရေး ပညာပေးတဲ့အနေနဲ့ ရေးသားရအောင်လဲ ကျနော်ကိုယ်တိုင်က လူလွတ်ဆိုတော့ အိမ်ထောင်ရေး အကြောင်း ကောင်းကောင်း မသိသေးပါဘူး။ ဒါကြောင့် ဘုန်းကြီးစာချ၊ မိချောင်းမင်း ရေခင်းပြ ဖြစ်နေမှာလဲ စိုးရိမ်ရသေးတယ်လေ။
ဆေးကို ဒေါက်တာညွန်ကြားချက်အတိုင်း (သို့) ဆေးအညွန်းအတိုင်းသာ သောက်သင့်ပါတယ်။
ဆေးညွန်းဆိုရာမှာလဲ မိတ်ဆွေတို့ ဥာဏ်ရှိသလို သံပုရာသီး ပျားရည် အရက် စသည်တို့နှင့်ရောစပ်၍သောက်သုံးနိုင်ပါသည် ဆိုတဲ့ ဆေးညွန်းမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အတိအကျညွန်းထားတဲ့ ဆေးညွန်းကိုဘဲ ဆိုလိုတာပါ။
ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် ၊ သတိတမံ ဥာဏ်မြေကတုတ် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း
ဥာဏ်နှင့်ဆင်ခြင်ပြီး
အားလုံးဆေးကို ဆေးအဖြစ်နဲ့ဘဲ သောက်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Thursday, 5 February 2009
ကော်ဖီများများသောက်ရင်.......
မိတ်ဆွေတို့
ကော်ဖီစွဲနေတာကို အပြစ်ကြီးတစ်ခုလို့ ထင်နေကြသလား။ မထင်လိုက်ပါနဲ့။ အပြစ်မဟုတ်တဲ့အပြင် ကောင်းကျိုးတွေကိုတောင် အများကြီးရသေးတယ်။ ဘာကောင်းကျိုးလဲ ရှူးရှူးပေါက်ရတဲ့ ကောင်းကျိုးလားလို့ ကတ်သီးကတ်သတ်မေးရင်လဲ ကျနော်စိတ်မဆိုးပါဘူး။ တစ်စိတ်တစ်ဒေသ ဟုတ်နေတာကိုး။ များများသောက်တော့ များများပေါက်ပေါ့။ အဟဲ။ ညစ်ပတ်သလိုများဖြစ်နေမလားမသိဘူး။ တတ်နိုင်ဘူး။ ထိန်းလို့မှ မရတော့တာ။ ထွက်သင့်တဲ့ အညစ်အကြေးတွေ ခန္ဓာကိုယ်ထဲက ထွက်သွားရင် ကျန်းမာရေးကောင်းတာဘဲလေ မဟုတ်ဘူးလား။
ကျနော်ပြောချင်တာက ရှူးရှူးပေါက်တဲ့ ကျန်းမာရေးကို ဆိုလိုတာ မဟုတ်ပါဘူး။
၂၀၀၆ စက်တင်ဘာလမှာ ထုတ်တဲ့ Reader's Digest စာအုပ်ကလေးကို ဖတ်ရင်း အဲဒီအထဲမှာ ဖတ်လိုက်ရတဲ့ ကော်ဖီအကြောင်းလေးပါ။ ကျနော်ကိုယ်တိုင်က ကော်ဖီနှင့်အဖော်လုပ်နေတဲ့သူဆိုတော့ အဲဒီဆောင်းပါးလေးက ကျနော့်အကြိုက်ပေါ့ဗျာ။ ဒါကြောင့် ကျနော့်လို ကော်ဖီကြိုက်တဲ့သူတွေ ဘာရောဂါကိုမှ မကြောက်ကြဖို့ နှိုးဆော်မောင်းခတ်လိုက်ခြင်းရယ်ပါ။
ကော်ဖီကို သင့်တင့်ရုံသောက်ရင် ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းပါတယ်လို့ မကြာသေးခင်က သုတေသနလုပ်ထားတဲ့ လေ့လာချက်အရ တွေ့ရှိရပါတယ်တဲ့။
The Journal of the American Medical Association (အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့ဂျာနယ်) အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်ကို ကော်ဖီ ၃ ခွက်သောက်ခြင်းဟာ အသက်ကြီးရင် ဖြစ်တတ်တဲ့ အကြောတုန်ယင်အားနည်းမှုရောဂါကို ငါးရာခိုင်နှုန်းယုတ်လျော့စေမှာဖြစ်ပါတယ်တဲ့။
ကျနော်ကိုယ်တိုင်က တစ်ရက်ကို နှစ်ခွက်က သုံးခွက်ထိသောက်နေကျဆိုတော့ အကြောရောဂါကိုတော့ လုံးဝမကြောက်တော့ဘူးဗျာ။
သူတို့က ကျကျနနလေ့လာထားတာကိုးဗျ။
A Harvard School of Public Health study (ပြည်သူ့ကျန်းမာရေးလေ့လာမှုဌာန၊ ဟားဗတ်ကျောင်း) ရဲ့  လေ့လာဖော်ထုတ်ချက်အရကတော့ အမျိုးသားတွေ တစ်ရက်ကို ကော်ဖီ ၆ ခွက်ထက် ပိုသောက်ရင် Type 2 diagetes (ဆီးချိုရောဂါအမျိုးအစား ၂)ရောဂါရဲ့ အန္တရာယ်ကို ၅၀ ရာခိုင်နှုန်းထိ ယုတ်လျော့စေပြီး အမျိုးသမီးတွေ အတွက်တော့ ၃၀ ရာခိုင်နှုန်း ယုတ်လျော့စေပါတယ်တဲ့။
ကျနော်က အဲဒီလောက်ထိတော့ ကော်ဖီကို မသောက်ပါဘူး။ ဒါကြောင့် ဆီးချိုရောဂါကာကွယ်ချင်ရင်တော့ ၆ ခွက်လောက် သောက်ရမဲ့ပုံပေါက်နေတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်သလောက်ပေါ့လေ။
Japan's Cancer Institute (ဂျပန်ကင်ဆာဌာန)ရဲ့  လေ့လာသုတေသနပြုချက်အရကတော့ တစ်ရက်ကို ကော်ဖီ ၃ ခွက် ၄ ခွက်သောက်ရင် အသဲကင်ဆာကို ရာခိုင်နှုန်းတစ်ဝက်လောက်ထိ ကာကွယ်နိုင်ပါတယ်တဲ့။
အဲဒီသုတေသနဌာနက လူတွေကိုယ်တိုင်က ကော်ဖီအရမ်းကြိုက်လို့ ဒီလိုထုတ်ပြန်ထားတာကတော့ ဟုတ်မယ် မထင်ပါဘူး။
တကယ်သုတေသနပြုချက်တွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမဲ့.... ဒါပေမဲ့
ဗြိတိန်နိုင်ငံရဲ့  The British Dietetic Association (ဗြိတိန်ဆီးချိုရောဂါဆိုင်ရာအဖွဲ့အစည်း)ကတော့ ကော်ဖီအလွန်အကျွံသောက်ခြင်းကို သတိပေးတားမြစ်ထားလေရဲ့ ။ သူတို့ရဲ့  ထုတ်ပြန်ချက်အရကတော့ ကော်ဖီကို အထက်က ပမာဏတွေထက် ပိုမသောက်သင့်ပါဘူးတဲ့။ ကောက်ဖီကို လွန်ကဲစွာသောက်ရင် ခြေတုန်လက်တုန် ရင်တုန်ပန်းတုန်ဖြစ်တတ်တယ်။ ပြီးတော့ အိပ်လို့မရတဲ့ရောဂါဖြစ်တတ်ပါတယ်တဲ့။ အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ တစ်ရက်ကို ကော်ဖီ နှစ်ခွက်လောက်ဘဲ သောက်သင့်ပါတယ်တဲ့။
ဒီတော့
တန်ဆေး လွန်ဘေးပေါ့ဗျာ။ အစာလဲဆေး ဆေးလဲအစာဆိုပေမဲ့ တစ်ခါတစ်လေ အသွားမတော် တစ်လမ်း အစားမတော်တစ်လုပ် အသောက်မတော်တစ်ခွက်ဖြစ်တတ်ပါတယ်။
မေထုန်မီ အိပ် စား သုံးမျိုးစလုံးဟာ လူမှာရော တိရစ္ဆာန်မှာရော ရှိပါတယ်။ လူတွေရဲ့ အားသာချက်က အဲဒီသုံးမျိုး အပြင် အသိဥာဏ်ရှိခြင်းတစ်မျိုးပါ အပိုရှိနေခြင်းပါဘဲ။ အဲဒီ အသိဥာဏ်လေးနဲ့ ဆင်ခြင်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ကိုယ်တိုင်အတွေ့ အကြုံအရ သိရှိထားရင် ပြီးတာပါဘဲ။
ကော်ဖီသောက်နေကျ ပမာဏကို လျော့ချဖို့ မလိုပါဘူး။ ပြီးတော့ ပိုပြီး ကြိုးစားသောက်ဖို့လဲ မတိုက်တွန်းချင်ပါဘူး။ သူ့အိုးနှင့်သူ့ဆန် တန်သလောက်ပေါ့လေ။ လိုအပ်တာကတော့ တစ်ခွက်ပိုသောက်ရင် ဘယ်လိုဖီလင်မျိုးရှိလာတယ်၊ တစ်ခွက်လျော့သောက်ရင် ဘယ်လိုခံစားမှုမျိုးဖြစ်ပေါ်လာတယ်ဆိုတာကို တိုင်းတာတတ်တဲ့ ဥာဏ်ကလေးကိုထုတ်သုံးပြီး သောက်နေကျ ကော်ဖီကို စိတ်ချလက်ချ သောက်နိုင်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ခင်များ။
မှတ်ချက်။
Reader's Digest, September, 2006= Coffee: A Health Drink? ကိုမူတည်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
ကော်ဖီပန်းကန်ကိုတော့ Wikipedia ထဲက ခဏငှားယူထားပါတယ်။
Monday, 19 January 2009
မှန်တာ မမှန်တာ ရှင်းလင်းချက်
ကဗျာဖတ်သူအားလုံးကို အားနာပါတယ်။
မှန်တာ မမှန်တာ ဆိုတဲ့ကဗျာလေးက ရိုးရိုးလေးပါ။
အဆန်းတကျယ်ရေးထားတာမဟုတ်ပါဘူး။
ကဗျာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက်အောင် ရေးမပြနိုင်တာ ကျနော့် လိုအပ်ချက်တွေပါ။
လိုအပ်ချက်တွေကို ထောက်ပြကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။
ကျနော်ဆိုလိုတာက ဒီလိုပါ။
လူတစ်ယောက်ရဲ့  သွေးခုန်နှုန်းဟာ တစ်မိနစ်မှာ အကြိမ် ၆၀ နှင့် ၇၀ ကြားမှာ ရှိတယ်မဟုတ်လား။
(မှတ်ချက်။ ကျနော် ဒေါက်တာတစ်ယောက်မဟုတ်ပါဘူး။ ကြားဖူးနားဝနဲ့ ရေးလိုက်ရတာပါ)
ဥပမာ။
လူတစ်ယောက်မှာ သွေးခုန်နှုန်း တစ်မိနစ်ကို အကြိမ် ၆၅ ကြိမ်ရှိတယ်ဆိုကြပါစို့။
အဲဒီသွေးခုန်နှုန်းဟာ တစ်မိနစ်တိုင်းမှာ ၆၅ ကြိမ် ခုန်နေတယ်ဆိုရင် မှန်နေတာတွေ မှန်နေတယ် လို့ ခေါ်လို့ရပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ အသက်အန္တရာယ်အတွက်လဲ စိုးရိမ်စရာမလိုသလို ကံတွေကလဲ အလွန်ကောင်းနေတယ်လို့ ဆိုလို့ရပါတယ်။
သွေးခုန်နှုန်းဟာ တစ်ခါတစ်လေ တစ်မိနစ်မှာ ၆၅ ကြိမ်ဖြစ်လိုက် တစ်ခါတစ်ရံ တစ်မိနစ်မှာ
၅၀ ဖြစ်လိုက်ဆိုရင် မှန်တာတွေ မမှန်တော့ဘူးလို့ ပြောလို့ရပါတယ်။ အဲဒီအခါမျိုးမှာဆိုရင် စိတ်ပိုင်းအခြေအနေအရရော ရုပ်ပိုင်းအခြေအနေအရရော သတိထားရမဲ့အခြေအနေပါ။ ရောဂါတစ်ခုခုရတာ သေချာနေပါပြီ။
အဲဒီသွေးခုန်နှုန်းဟာ တစ်မိနစ်တိုင်းမှာ အကြိမ် ၅၀ ချည်းဖြစ်နေတယ်ဆိုရင် အဲဒီအခိုက်အတန့်ကို မှားနေတာတွေ မှန်နေတယ် လို့ ပြောလို့ရပါတယ်။ ဟုတ်တယ်လေ။ အမှန်အားဖြင့် တစ်မိနစ်ကို ၆၅ ကြိမ် သွေးခုန်ရမှာ မဟုတ်လား။ အခုတော့ တစ်မိနစ်ကို အကြိမ် ၅၀ ဘဲ ခုန်နေတယ်ဆိုတော့ မှားကုန်ပြီပေါ့။ ဒါပေမဲ့ တစ်မိနစ်တိုင်း အကြိမ် ၅၀ ခုန်နေတယ်ဆိုတော့ အမှားတွေ မှန်နေတယ်ပေါ့ဗျာ။ ဒီလိုဖြစ်နေရင် သိပ်စိုးရိမ်စရာ မလိုသေးပါဘူး။ မှားနေတယ်ဆိုပေမဲ့ မှန်နေတာကိုး။
အဲ.... နောက်ဆုံး ပထမတစ်မိနစ်မှာ အကြိမ် ၅၀ ခုန်တယ်။ ဒုတိယတစ်မိနစ်မှာ အကြိမ် ၄၀ ခုန်တယ်။ တတိယတစ်မိနစ်မှာ အကြိမ် ၆၀ ခုန်တယ်။
တစ်မိနစ်မှာ ၆၅ ကြိမ်ခုန်ရမဲ့ကိစ္စကို ၅၀ဖြစ်လိုက် ၄၀ဖြစ်လိုက် ၆၀ဖြစ်လိုက်ဆိုတော့ အမှားတွေ မှားနေပြီပေါ့ဗျာ။
အဲဒီလို အမှားတွေ မှားနေပြီဆိုရင်တော့ ဒဏ်ရာအရမ်းပြင်းနေပါပြီ။ သတိထားပြီး နေရုံပါဘဲ။ နေ့လား။ ညလား။ ဘယ်တော့ လူ့ပြည်ကို ထာဝရခွဲခွါရမလဲဆိုတာကို စောင့်နေရုံပါဘဲ။ သွေးလေ ဖောက်ပြန်နေပြီလေ။
................
အဲဒီလို အထက်က သီအိုရီတွေကို အခြေခံပြီး မှန်တာ မမှန်တာ ဆိုတဲ့ ကဗျာလေးကို မွေးထုတ်ပေးလိုက်ခြင်းရယ်ပါ။
ဘာကိုမှ လေးလေးနက်နက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။
ဒါပေမဲ့
မှန်တာ မမှန်တာဆိုတဲ့ စကားတွေကို ဘယ်နေရာမှာမဆို အစားထိုးပြီး ကိုယ်ကြိုက်သလို အဓိပ္ပါယ်ကောက်ယူနိုင်တာမျိုးတွေရှိမှာပါ။
ဥပမာအားဖြင့် ကန်တော့ပါရဲ့ ။
တစ်ရက်ကို အိမ်သာ နှစ်ခါသွားတဲ့သူတစ်ယောက်ရှိတယ်ဆိုကြပါစို့။
အဲဒီလူဟာ တစ်ရက်တစ်ရက်မှာ အိမ်သာ နှစ်ခါသွားတယ်ဆိုရင် မှန်တာတွေ မှန်နေတယ်လို့ ပြောလို့ရတယ်။
ဒါပေမဲ့ တစ်ရက်မှာနှစ်ခါ နောက်တစ်ရက်မှာ သုံးခါ စသဖြင့် သွားနေရင် မှန်တာတွေ မှားနေတယ်လို့ ပြောရင် မမှားပါဘူး။
တစ်ရက်တိုင်းမှာ သုံးခါ သွားနေတယ်ဆိုရင် မှားတာတွေ မှန်နေတယ်လို့ ဆိုရင်မမှားပါဘူး။
အဲ.. ပထမတစ်ရက်မှာ သုံးခါသွားတယ်။ ဒုတိယတစ်ရက်မှာ လေးခါသွားတယ်။ တတိယတစ်ရက်မှာ တစ်ခါသွားတယ်။ အဲဒီလို ဖြစ်နေရင် မှားတာတွေ မှားနေပြီလို့ပြောရင် ရပါပြီ။
..............
မိတ်ဆွေများကြိုက်သလို အကျယ်ချဲ့စဉ်းစား ဥာဏ်ကွန့်လို့ပါတယ်။
ကဗျာဥာဏ် ရှိသရွေ့ပေါ့လေ။ ယူသော်ရ၏ဆိုတဲ့ စကားအတိုင်းဘဲပေါ့။
လိုအပ်ချက်တွေကို ထောက်ပြခဲ့ကြတဲ့ အမွန်နှင့်ရောင်စုံတို့ကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
နောက်လဲ မရှင်းမလင်းဖြစ်ရင် ချက်ချင်းထောက်ပြဖို့ တောင်းဆိုပါတယ် ခင်ဗျာ။
လှိုက်လှဲစွာ ကြိုဆိုလျက်ပါဘဲ။

Thursday, 15 January 2009
ချစ်သူ
ချစ်သူစိတ်ကောက်တဲ့အခါ
သောက်နေကျကော်ဖီခါးခါးပြတ်တောက်နေတာထက်
ပိုပြီးခံတွင်းပျက်စေတယ်။
ချစ်သူအဆင်မပြေကြောင်းကြားရတဲ့အခါ
ငရဲကြီးရှစ်ထပ် အလည်အပတ်သွားရတာထက်
ပိုပူလောင်တယ်။
ချစ်သူငိုကြွေးတဲ့အခါ
ပျားအကောင်တစ်သောင်းလောက် အတုပ်ခံရတာထက်
ပိုခံစားရတယ်။
ချစ်သူ မရှိတဲ့အခါ
အနှုတ်ဒီဂရီ ၁၀ အောက်မှာ
ဝတ်နေကျ အနွေးထည် ပျောက်သွားတာထက်
ပို နေရခက်တယ်။
ချစ်သူပြုံးပျော်အဆင်ပြေနေတဲ့အခါ
ယူရိုမီလျံ ဂျက်ပေါ့တ် (EuroMillions Jackpot) ပေါက်တာထက်
ပိုပျော်ရွှင်ရသူပါ။
မှတ်ချက်။
EuroMillions Jackpot= အင်္ဂလန်နိုင်ငံရဲ့  အမြင့်ဆုံးထီဆု။
တစ်ခါတစ်ရံ တစ်ပတ်မှာ တစ်ယောက်မှ မပေါက်တဲ့အခါတိုင်း Rollover စနစ်အရ ထပ်ထပ်တိုးပြီး ပေါင် သန်း ၉၀ ကျော်အထိ ရောက်တယ်။

Friday, 21 November 2008
လိုချင်မှု < > ငြိမ်းချမ်းမှု

ကျနော်တို့ လူသားတွေရဲ့ ဘ၀ကို လိုချင်မှုတွေနှင့်တည်ဆောက်ထားကြတယ်။
ဘယ်တော့မှတင်းတိမ်ရောင့်ရဲတယ်မရှိပါဘူး။ တစ်ခုရပြီးရင် နောက်တစ်ခုအတွက် လိုက်ရှာနေကြတာပါဘဲ။
ငါတော့ ဘယ်လောက်ရှိရင်တော်ပါပြီလို့ ပြောနေတဲ့သူတွေလဲ သူတို့ပြောတဲ့အတိုင်းအတာထိရပြီးရင် တင်းတိမ်မှုမရှိနိုင်သေးပါဘူး။ နောက်ထပ်ဘယ်လောက်ဆိုရင် ကျေနပ်ပါပြီဆိုပြီး တစ်ဆင့်တိုးပြန်ကြတယ်လေ။
ဘယ်တော့မှ ဆန္ဒမပြည့်ကြပါဘူး။
ဘာမှမလိုချင်တော့ဘူးဆိုရင် ပြည့်စုံသွားပြီ
ဒီစကားဟာ အရမ်းအဓိပ္ပါယ်ရှိပါတယ်။ လိုချင်နေသရွေ့ တော့ ဘယ်တော့မှလိုအင်တွေ ပြည့်ဝကြမှာ မဟုတ်ပါဘူး။
တစ်သိန်းရှိတဲ့သူက တစ်သန်းလိုချင်မယ်။ တစ်သန်းရှိတဲ့သူက သန်းတစ်ရာလောက်လိုချင်မယ်။ သန်းတစ်ရာပိုင်ဆိုင်ထားတဲ့သူကိုရော မေးကြည့်လိုက်ပါဦး။ လိုအင်တွေ ပြည့်သွားပြီလားလို့။ ပိုတောင်ဆိုးဦးမယ်။ ရလေလိုလေ အိုတစ္ဆေ လို့ ဆိုရိုးစကားရှိတယ်မဟုတ်လား။
မလိုချင်မှုတွေလွှမ်းခြုံလာမှဘဲ လိုချင်မှုတွေ ရပ်ဆိုင်းသွားမှာပါ။
ရိုင်းရိုင်းပြောရရင်
တော်သလင်းလရောက်ရင် ခွေးဖြစ်ချင်ကြတယ်။
ပြာသိုလရောက်ရင် ကြောင်ဖြစ်ချင်ကြတယ်။
တပေါင်းလရောက်ရင် နွားဖြစ်ချင်ကြတယ်။
လူတွေရဲ့ သဘာဝတွေက တည်တည်ငြိမ်ငြိမ်ရှိကြတာရှားပါတယ်။ အမြဲတမ်းယောက်ယက်ခတ်နေပြီး လိုချင်မှုနောက် မရမက လိုက်နေကြလေရဲ့ ။
ပညာရေး ဘက်မှာလဲ အထွတ်အထိပ်ရောက်ချင်ကြတယ်။
စီးပွါးရေးဘက်မှာလဲ ထိပ်တန်းကနေချင်ကြတယ်။
အာဏာပါဝါပိုင်းကြပြန်တော့လဲ အငန်းမရ။
ကျော်ကြားမှုပိုင်းဆိုရင်လဲ ငန်းငန်းတက်။
အချစ်ရေးဘက်ကို ပိုတောင်ဆိုးသေး။
လိုချင်မှုတွေကို လိုချင်ရက်သားနဲ့ မရရှိတဲ့အခါမှာ လူသားတွေရဲ့ စိတ်ဓါတ်တွေဟာ ဖောက်ပြန်လာကြတယ်။
ခိုးမယ်။ လုယက်မယ်။ နိုင်ထက်စီးနင်းလုပ်မယ်။ အလွဲသုံးစားမှုတွေရှိလာမယ်။ မှုခင်းတွေ များလာမယ်။ အရူးတွေပေါများလာမယ်။
အားလုံး အားလုံးဟာ လိုချင်မှုကို အခြေခံလို့ ဖြစ်ပေါ်လာကြတာပါ။ လိုချင်မှု သမုဒယကြောင့် ဆင်းရဲမှု ဒုက္ခတွေ စုပြုံပြီး အတုံးလိုက် အတစ်လိုက် ကျရောက်လာခြင်းဘဲ ဖြစ်ပါတယ်။
ဓမ္မစကြာသုတ်ထဲက ဘုရားရှင်ရဲ့ စကားတော်တစ်ခုပါ။
Not getting what one wants is suffering.
လိုချင်တာမရတာ ဒုက္ခပါ တဲ့။
အသိဥာဏ်ရှိလှပါတယ်ဆိုတဲ့ လူသားတွေ များသောအားဖြင့် လိုချင်မှုနှင့်လိုအပ်မှုကို ခွဲခြားမသိကြဘူး။
လိုချင်မှုတွေကိုဘဲ ရှေ့ တန်းတင်ပြီး အမဲလိုက်သလို တန်းတန်းစွဲလိုက်နေကြတယ်။ ဒါကြောင့်လဲ ကမ္ဘာကြီး မငြိမ်းမချမ်းဖြစ်နေကြတာပါ။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်လုပ်နေပါတယ်လို့ အသံကောင်းဟစ်နေကြတဲ့ လူတွေဟာလဲ အဲဒီလိုအင်မှုကြောင့် သူတို့ကိုယ်တိုင်မငြိမ်းချမ်းနိုင်ကြသေးပါဘူး။
ကိုယ့်ဆီမှာ မရှိတဲ့သေးတဲ့အရာကို သူများကို ဘယ်လိုမျှဝေပေးမလဲ။
ကိုယ်ကိုယ်တိုင် မငြိမ်းချမ်းသေးဘဲနဲ့ သူများကို ငြိမ်းချမ်းအောင် ဘယ်လိုလုပ်မလဲ။
လိုအင်တွေရဲ့ နှိပ်စက်မှုက အရမ်းကြောက်စရာကောင်းပါတယ်။
လိုချင်မှုတွေ ပြင်းထန်လာရင် ကောင်းကျိုးဆိုးကျိုးတွေကို မမြင်တော့ဘူး။
အစာကိုဘဲ မြင်တယ်။ ငါးမြှားချိတ်ကို မမြင်တော့ဘူး။
သားသမင်ကိုဘဲမြင်တယ်။ ကျားဘုရင်ကို သတိမထားမိတော့ဘူး။
ဘယ်လောက်ဘဲ ပညာတတ်တတ်
ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ
ဘယ်လောက်ဘဲ အာဏာရှိရှိ
ဘယ်လောက်ဘဲ ထင်ပေါ်ကျော်ကြား
ဘယ်လောက်ဘဲ လူချစ်လူခင်များများ
နောက်ဆုံးသွားရမဲ့လမ်းကတော့ အတူတူပါဘဲလေ။
ငါက ဧရာဝတီ
ငါက ချင်းတွင်း
ငါက သံလွင်
ငါ စစ်တောင်း
ဘယ်လောက်ဘဲ ငါဆိုတဲ့ အတ္တတရားကို လက်ကိုင်ထားပါစေ။
နောက်ဆုံးတော့ ပင်လယ်သမုဒ္ဒရာထဲမှာဘဲ အဆုံးသတ်ရမြဲမဟုတ်လား။
ဒါကြောင့်မို့
စကားကြီးကြီးကျယ်ကျယ်ပြောရရင်
ကျနော်တို့လူသားတွေအားလုံး လိုချင်မှုလေးတွေကို အထိုက်အလျောက်လျော့ချပစ်နိုင်ရင်
ကမ္ဘာကြီးလဲ နဲနဲများ ပိုငြိမ်းချမ်းလာမလားလို့ပါ။ ဗုဒ္ဓစာပေတွေဖတ်ကြည့်ပြီး စဉ်းစားရေးကြည့်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ လိုချင်မှုနောက် လိုက်နေဆဲဖြစ်တဲ့လူတစ်ယောက်ပါဘဲ လို့အသိပေးလိုက်ပါရစေ။
အားလုံးမင်္ဂလာပါ။
Sunday, 16 November 2008
အချစ်လား ၀ဋ်ကျွေးလား
သူ့နာမည်က ကျော်ကျော်
မရမ်းကုန်းမှာနေတယ်။ လက်လုပ်လက်စားဘ၀ပါဘဲ။ ပညာအရည်အချင်းကတော့ ရေးတတ်ဖတ်တတ်အဆင့်။ တစ်နေ့လုံး ဟိုယောင်ယောင် ဒီယောင်ယောင်လျောက်သွားနေတဲ့အတွက် ယောင်ခြောက်ဆယ် ကျော်ကျော် လို့တောင် သူငယ်ချင်းတွေက နာမည်ပြောင်ပေးထားကြသေးတယ်။
သူမနာမည်က အေးမီ
မြောက်ဥက္ကလာပမှာနေတယ်။ အသုပ်စုံရောင်းတယ်။ တစ်ခါတစ်ခါ မုန့်ဟင်းခါးလေးပါတွဲပြီးရောင်းတယ်။
သာမန်ဆိုင်ပေါက်စလေးပါဘဲ။ ၁၀ တန်းခဏခဏကျလို့ သူမရဲ့ အမေက အသုပ်ဆိုင်မှာ အကူအညီအဖြစ်ခေါ်ထားရင်းနဲ့ အသုပ်စုံလောကထဲရောက်ခဲ့တာ တစ်နှစ်ကျော်သွားပြီ။
................................
တစ်နေ့မှာ
ကျော်ကျော်တစ်ယောက် မြောက်ဥက္ကလာပဘက်လျောက်လည်ရင်း ဗိုက်ဆာလာတဲ့အတွက် အေးမီရဲ့  အသုပ်စုံဆိုင်လေးဘက် ရောက်သွားတယ်။ အသုပ်စုံကလေးတစ်ပွဲစားပြီး စကားပေါရင်းက ကျော်ကျော်နှင့်အေးမီ ခင်မင်သွားတယ်။ စားကျက် တွေ့သွားတဲ့ကျော်ကျော်တစ်ယောက် အသုပ်စုံဆိုင်ဘက် မကြာမကြာရောက်လာလေ့ရှိတယ်။ အေးမီကလဲ ကျော်ကျော်အလာကို စောင့်မျှော်နေတတ်တယ်။
အချိန်တွေကြာလာတော့ ကျော်ကျော်တစ်ယောက် အေးမီဆိုင်မှာ အသုပ်လာစားရင် ပိုက်ဆံပေးစရာ မလိုတော့ဘူး။
လူငယ်တွေသဘာဝအတိုင်း သူတို့နှစ်ယောက် ချစ်သူတွေအဖြစ်ရောက်သွားတယ်။ ချစ်သူတွေပီပီ အတူတူ လျောက်လည်ကြတယ်။ ရုပ်ရှင် အတူကြည့်ကြတယ်။ ဘုရားတွေကို အတူသွားတယ်။ အင်းယားကန် တိရစ္ဆာန်ဥယျာဉ် ကန်တော်ကြီး စတဲ့ ချစ်သူတို့ သွားတဲ့နေရာအတော်များများမှာ
သူတို့ရဲ့ ခြေရာတွေထပ်လာတယ်။ နောက်ဆုံးတော့လဲ စိတ်မထိန်းနိုင်ကြလို့ ခြေလွန်လက်လွန်ဖြစ်ကုန်ကြတော့တာပေါ့ဗျာ။
အေးမီမှာ ကိုယ်ဝန်ရလာတယ်။ ဒါပေမဲ့ ကျော်ကျော်တစ်ယောက် အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးဘူး။ ရှင်းရှင်းပြောရရင် သူအိမ်ထောင်မပြုချင်သေးဘူး။ ဒါကြောင့်မို့ ကိုယ်ဝန်ကို ဖျက်ချခိုင်းလိုက်တယ်။ အေးမီလဲ ကျော်ကျော့်ဆန္ဒအတိုင်းဘဲ ဖျက်ချလိုက်တယ်။
ဒါပေမဲ့ တိုးတိုးတိတ်တိတ်ဖြစ်မသွားဘဲ လူသိရှင်ကြားဖြစ်သွားတယ်။ အခြေအနေအရ သူတို့ အိမ်ထောင်မပြုလို့ မရတော့ဘူး။
"ကျော်ကျော်ရယ် ငါတို့ အိမ်ထောင်ပြုကြအောင်"
"ငါ့မှာ ဘာမှမပြည့်စုံသေးဘူး"
"ငါဘဲ တာဝန်ယူပါ့မယ်ဟာ။ ငါဈေးရောင်းကျွေးမှာပေါ့"
ကိုယ်ဝန်ပျက်ကြသွားပေမဲ့လဲ မယူလို့မဖြစ်တော့တဲ့ အခြေအနေကြောင့် သူတို့လက်ထပ်လိုက်ကြတယ်။
ကျော်ကျော်တစ်ယောက် အေးမီတို့အိမ်မှာ တက်နေပြီး ဇိမ်ကျနေတယ်။
စားချင်တဲ့အချိန်စား သောက်ချင်တဲ့အချိန်သောက်။ အလုပ်လုပ်စရာမလို။ အေးမီရဲ့ အသုပ်ဆိုင်လေးကရတဲ့ ၀င်ငွေလေးနဲ့ အငြိမ့်သားထိုင်စားနေတယ်။ ပိုပြီးခက်တာက ကျော်ကျော်တစ်ယောက် အရက်တွေအရမ်းသောက်တတ်လာတယ်။
အေးမီကို အရက်ဝယ်ခိုင်းတယ်။ မ၀ယ်ပေးရင် ရိုက်တယ်။ နှိပ်စက်တယ်။ အေးမီလေးကတော့ ချစ်လဲချစ် ကြောက်လဲကြောက်ဆိုတော့ ခိုင်းတာအကုန်လုပ်ပေးနေကျ။ အိမ်နီးနားချင်းတွေက အေးမီကိုသနားပေမဲ့ သူများအိမ်ထောင်ရေးကို ၀င်မစွက်ချင်။ ဒီလိုနဲ့နေလာခဲ့ကြတာ ငါးလသာသာလောက်ကြာသွားတယ်။
တစ်နေ့မှာ
အေးမီတစ်ယောက် သူမအိမ်ထဲကနေပြီး ခေါင်းကို လက်ဝါးနဲ့အုပ်ကာ အော်ငိုပြီး လမ်းပေါ် ပြေးထွက်လာတယ်။
ခေါင်းမှာလဲ သွေးတွေကရဲရဲနီလို့။ လမ်းမလယ်ခေါင်ရောက်တော့ မူးလဲကျပြီး သတိလစ်သွားတယ်။
အရက်ဝယ်ခိုင်းတာ မ၀ယ်ပေးလို့ ကျော်ကျော် တုတ်နှင့် ခေါင်းကို ရိုက်လိုက်တာတဲ့။
တုတ်ဒဏ်ရာက ခေါင်းအလယ်တည့်တည့်မှာ ဟက်တက်ကွဲကြီး။
ရပ်ကွက်ထဲက လူတွေ စုပြီး အေးမီလေးကို ဆေးရုံတင်လိုက်ရတယ်။ သူမရဲ့ ဆွေမျိုးတွေဘက်ကတော့ လုံးဝမကျေနပ်ကြဘူး။ အမှုဖွင့်ချင်ကြတယ်။
နောက်တစ်နေ့ရောက်မှ အေးမီလေးသတိရလာတယ်။ မိဘတွေက အမှုဖွင့်ဖို့အတွက် ရဲတွေကို ခေါ်ဆိုထားပေမဲ့
အေးမီလေးက အမှုမဖွင့်ချင်ဘူး။ သူမယောက်ျား အချုပ်ခန်းဝင်ရမှာ မကြည့်ရက်ဘူးလေ။
"ကျမယောက်ျားရိုက်လို့ ခေါင်းကွဲသွားတာ မဟုတ်ပါဘူး။
ကျမဘာသာ ချော်လဲပြီး တုံးနှင့်ဆောင့်မိလို့ အခုလို ခေါင်းကွဲသွားတာပါ။"
ရဲအရာရှိကို အေးမီလေးပြောသွားတဲ့ စကားပါ။
..................................
အိမ်ထောင်ကျတာလဲ ငါးလဘဲရှိသေးတယ်။ ကိုယ့်အိမ်အပေါ်ကိုလဲ ခေါ်တင်ထားသေးတယ်။ လုပ်ကိုင်လို့လဲ ကျွေးရသေးတယ်။ ခိုင်းတာလဲ လုပ်ပေးရသေးတယ်။ အရိုက်လဲခံရသေးတယ်။ ဘာကောင်းတာရှိလို့လဲ။
အိမ်ထောင်ကျခါစမှာတောင် ဒီလောက်ဆိုးတာ ကြာလာလေ ဆိုးလာလေ ဖြစ်မှာပေါ့။
ဒါတောင်မှ အေးမီလေးက ကျော်ကျော်အပေါ် အချစ်မပြယ်နိုင်သေးဘူးဆိုတော့ ကျနော်ကတော့ မစဉ်းစားတတ်တော့ဘူးဗျာ။
အေးမီလေးရဲ့  အချစ်ကြောင့်လား ၀ဋ်ကြွေးကြောင့်လားဆိုတာ ကျနော်အဖြေမထုတ်တတ်ပေမဲ့
အေးမီလေးကတော့ ဆေးရုံကဆင်းဆင်းချင်းဘဲ ကျော်ကျော့်ကို ချစ်မျက်ဝန်းကြီးနဲ့ ကြည့်နေလေရဲ့ ။

Saturday, 15 November 2008
ကြီးရင် နှုတ်ရခက်တယ်
တစ်ခါတုန်းက
ရွာတစ်ရွာမှာ
ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ မိသားစုတစ်စုရှိခဲ့တယ်။
သူတို့နေထိုင်တဲ့ အိမ်က အိမ်ကြီးအိမ်ကောင်းအမျိုးအစားထဲကပါ။
အိမ်ဝင်းနောက်ဖေးမှာရှိတဲ့ ဥယျာဉ်ခြံကြီးကလဲ အကျယ်ကြီးဘဲ။
ဥယျာဉ်ကြီးထဲမှာ သစ်ပင်ပန်းပင်တွေအများကြီးရှိတယ်။
အဘွားအိုတစ်ယောက် အပါအ၀င် မိသားစု စုစုပေါင်း ၇ ယောက်ရှိတယ်။
အဘွားအိုရဲ့  မြေးမလေးအငယ်ဆုံး (မိသားစုရဲ့ သမီးအထွေးဆုံး)လေးက အလိုလိုက်မှန်းသိလို့ အရမ်းဆိုးတယ်။
အမြဲတမ်း နားပူနားဆာလုပ်တယ်။ လိုချင်တာမရရင် သောင်းကျန်းတယ်။ ငိုတယ်။ ပြီးတော့ အစားအသောက် မစားတော့ဘူး။ ချစ်လို့ အလိုလိုက် အလိုလိုက်လို့ဆိုး သံသရာလည်နေတော့တာပါဘဲ။ သူမကို ဆုံးမမဲ့သူ မရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ဘဲ မြေးမလေး ၇ နှစ်သမီးအရွယ်လောက် ရောက်လာတယ်။
တစ်နေ့မှာ
"မြေးမလေးရေ.. အဘွားနောက်ကို ခဏလောက် လိုက်ခဲ့ပါကွယ်" ဆိုပြီး
အဘွားအိုက မြေမလေးကို အိမ်နောက်ဖေးက ဥယျာဉ်ကြီးထဲကို ခေါ်သွားတယ်။
တစ်နေရာအရောက်မှာ
အဘွားအိုက မြေးမလေးကို သစ်ပင်သေးသေးလေးတစ်ပင်ကို အနှုတ်ခိုင်းလိုက်တယ်။
မြေးမလေးကလဲ အသာလေးဘဲ နှုတ်ယူလိုက်တယ်။
နောက်တစ်နေရာအရောက်မှာ
ဒူးဆစ်လောက်ရှည်တဲ့အပင်လေးကို ထပ်နှုတ်ခိုင်းတယ်။
မြေးမလေးက ကြိုးစားပြီးနှုတ်တယ်။ မရဘူး။
အားစိုက်ပြီး ထပ်နှုတ်လိုက်တော့မှ သစ်ပင်လေးကျွတ်ထွက်လာတယ်။
သူမကိုယ်တိုင်လဲ နောက်ပြန် ဖင်ထိုင်ရက်သားကျသွားတယ်။
နောက်တစ်နေရာအရောက်မှာတော့
သစ်ပင် အကြီးကြီးကို ထပ်နှုတ်ခိုင်းလိုက်တယ်။
မြေးမလေး လုံးဝမနှုတ်နိုင်တော့ပါဘူး။ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်တော့ဘူး။
နောက်ဆုံးတော့ "အဘွားရေ နှုတ်လို့မရနိုင်တော့ဘူး" လို့ပြောပြီးလက်လျော့လိုက်တယ်။
အဲဒီတော့မှ အဘွားက
"မကောင်းတဲ့အကျင့်ကို ငယ်စဉ်အခါမှာ ပြုပြင်ရင် ပြုပြင်ရတာလွယ်တယ်။
နဲနဲအရွယ်ရောက်လာရင် ပြုပြင်ရ နဲနဲပိုခက်လာတယ်။
အရွယ်ကြီးရင့်လာရင်တော့ လုံးဝ (လုံးဝ) ပြုပြင်လို့မရတော့ဘူး။
မြေးမလေးကို အနှုတ်ခိုင်းလိုက်တဲ့ သစ်ပင်သုံးပင်လိုမျိုးပေါ့ကွယ်။
ဒါကြောင့် မြေးမလေး မဆိုးနဲ့တော့နော်။ လိမ္မာပါကလေးရယ်" လို့ ပြောလိုက်သတဲ့။
မြေးမလေးကလဲ "ဟုတ်ကဲ့ အဘွား။ ဘာဖြစ်လို့ ဥယျာဉ်ထဲကို ခေါ်လာတယ်ဆိုတာ သဘောပေါက်ပါပြီ။ အဘွားစကားကို နားထောင်ပါ့မယ်" လို့ ပြောပြီး အိမ်ကို အတူတူပြန်ခဲ့ကြတယ်။
နောက်ဆုံးတော့
အလွန်ဆုံးမရခက်တဲ့ သူမဟာ မြေးလိမ္မာမလေး ဖြစ်လာပါတော့သတဲ့။

မိုက်တာကို မိုက်မှန်းသိရင် လူလိမ္မာ
လွန်ခဲ့တဲ့ ၇ နှစ်တုန်းကပေါ့။
ညတစ်ညရဲ့  ညဥ့်နက်နက်အချိန်မှာ ကျနော် ခင်များဆိုင်နားကို ဖြတ်လျောက်ခဲ့တယ်။
လူတစ်ယောက် ခင်များရဲ့ ဆိုင်ကို ဖောက်ထွင်းဝင်ရောက်နေတာလဲ တွေ့ရော
ဘယ်ရမလဲ ကျနော်လဲ ရတဲ့အခွင့်အရေးကို အမိအရအသုံးချလိုက်တာပေါ့။
ကျနော် ခင်များဆိုင်ထဲကို တိတ်တစ်ဆိတ်ဝင်ရောက်လိုက်တယ်။
ဖောက်ထွင်းဝိဇ္ဇာကတော့ ဘယ်ရောက်သွားမှန်းမသိဘူး။
ကျနော်မှ သူ့ကို စိတ်မ၀င်စားတာ။
ကျနော်စိတ်ဝင်စားတာက ဆိုင်ထဲမှာ ရောင်းဖို့ ခင်းကျင်းထားတဲ့ စီးကရက်ဆေးလိပ်တွေကိုဘဲ။
ကျန်တဲ့ပစ္စည်းတွေကို ကျနော် စိတ်မ၀င်စားပါဘူး။
ဒါကြောင့် စီးကရက် အလိပ် ၄၀၀ တိတိယူပြီး ခင်များဆိုင်ထဲက ကျနော် အေးအေးဆေးဆေး ထွက်လာခဲ့တယ်။
ညသန်းခေါင်ကျော်ဆိုတော့ ဘယ်သူမှလဲ မရှိဘူးလေ။
အလိပ် ၄၀၀ ထဲက တစ်လိပ်ကို မီးညှိပြီး လမ်းလျောက်ရင်းနဲ့တောင် သောက်လာသေးတယ်။
အဲဒီတုန်းက ကျနော်က အလွန်အကျွံမူးယစ်ဆေးမီဝဲနေတဲ့ အချိန်ကိုးဗျ။
မှားသလား မှန်သလားဆိုတာ ကျနော် မခွဲခြားနိုင်ဘူး။ ကျနော်သိတာက ဆေးမှန်မှန်ရှူရဖို့ဘဲ။
အခုတော့ ကျနော် ဆေးပြတ်သွားပါပြီ။ နောက်ကိုလဲ ဘယ်တော့မှ မူးယစ်ဆေး မသုံးစွဲတော့ပါဘူး။ ရိုးသားတဲ့ လူကောင်းတစ်ယောက်ရဲ့ ဘ၀ကိုဘဲ တည်ဆောက်ပါတော့မယ်။ မိုက်ခဲ့တဲ့အမှားတွေအားလုံးအတွက်လဲ ပြန်လည်ဆေးကြောဖို့အဆင်သင့်ပါဘဲ။ ကျနော် အရမ်းမှားခဲ့ပါတယ်ဗျာ။
ဒီစာနှင့်အတူ စတာလင်ပေါင် ၁၀၀ တိတိ ထည့်ပေးလိုက်ပါတယ်။ အဲဒီပေါင် ၁၀၀ ဟာ ခင်များဆိုင်က ခိုးယူလာခဲ့တဲ့ စီးကရက် အလိပ် ၄၀၀ ကို တစ်နည်းနည်းနဲ့တော့ ဖားထေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျနော့်ကို ခွင့်လွတ်ပါဗျာ။ ။
.....................
အဲဒီစာကို ရေးလာတဲ့သူကတော့ နာမည်ဖော်မပြထားတဲ့ သူခိုးဟောင်းတစ်ယောက်ဖြစ်ပါတယ်။
Easton မှာနေတဲ့ ဆိုင်ရှင်ဖြစ်တဲ့ အီမရန် အာမက် (Imran Ahmed) ကလဲ
သူခိုးဟောင်းရဲ့  စိတ်ပြောင်းလဲမှုအတွက် ၀မ်းသာပါတယ်လို့ပြောတယ်။
အဲဒီပေါင် ၁၀၀ ကိုလဲ သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ Drug's charity တစ်ခုခုကို သွားလှူမယ်လို့ သိရပါတယ်။
ကျနော် ဒီသတင်းလေးကို bbc.co.uk သတင်းထဲက ဖတ်ထားတာပါ။
မိုက်ခဲ့တာကို မိုက်ခဲ့မှန်းသိလို့ ပြန်လည်တောင်းပန်ပြီး နောက်လဲ ဘယ်တော့မှ မမိုက်တော့ပါဘူးလို့ တောင်းပန်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အလုပ်ပါ။ အမှားဆိုတာ လူတိုင်းမှာ မကင်းနိုင်ပါဘူး။ တစ်နည်းနည်းနဲ့တော့ မှားခဲ့ကြတာများပါတယ်။ ဒါပေမဲ့ လူအတော်များများဟာ အတ္တအရမ်းကြီးကြတယ်။ အမှားကို ၀န်မခံချင်ကြဘူး။ အမြဲတမ်းကိုယ်အဆင်ပြေဖို့လောက်ဘဲ စဉ်းစားကြတယ်။
မှားနေတာကို မှားနေမှန်းသိရက်နဲ့ မပြင်ဆင်ကြတဲ့သူတွေ အများကြီးပါ။
ဒါကြောင့် ကျနော်ပြောချင်တာက
မိုက်တာကို မိုက်မှန်းသိလို့ ပြုပြင်နိုင်ရင် လူလိမ္မာပါဘဲ လို့။

Friday, 14 November 2008
ကလေးတွေ ကံကြီးမထိုက်ရလေအောင်
အသက်က ၈ နှစ်ဘဲရှိသေးတယ်။ လူနှစ်ယောက်သတ်ပြီးပြီ။
သူသတ်လိုက်တဲ့ နှစ်ယောက်ထဲမှာ တစ်ယောက်က သူ့အဖေ အရင်းခေါက်ခေါက်ကြီး။ နောက်တစ်ယောက်ကတော့ သူ့အဖေရဲ့ သူငယ်ချင်း။
ကလေးပေါက်စလေးက ဘယ်လိုလုပ်ပြီး လူကြီးနှစ်ယောက်ကို သတ်ပစ်နိုင်တာလဲ။
မမေးနဲ့လေ။ လွယ်လွယ်လေးဘဲ။
ရိုင်ဖယ်သေနတ်ခလုပ်လေးကို လက်ညိုးကွေးပြီး မောင်းဖြုတ်နိုင်ရင်ကိစ္စက ပြီးပြီ။
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကအမေရိကနိုင်ငံ အရိဇိုးနားပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။
အဲဒီကလေးကိုယ်တိုင်ကလဲ သူသတ်လိုက်တာပါလို့ ၀န်ခံတယ်။
သူ့အဖေကို ပစ်သတ်လိုက်ပြီးပြီးချင်းဘဲ အိမ်နီးချင်းအိမ်တစ်အိမ်ကို သွားပြီး "အဖေကတော့ သေပြီ" လို့ တောင် သွားပြောလိုက်သေးတယ်။ အာဂကလေးလေးဘဲ။
အဲဒီကလေးကို Juvenile detention center လို့ခေါ်တဲ့ ကလေးထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားလေရဲ့ ။
အတုမြင်အတတ်သင်ဆိုတာ ဒါကိုပြောတာဘဲထင်ပါတယ်။
ကလေးဆိုတာ စပ်စုချင်တယ်။ လုပ်ကြည့်ချင်တယ်။
အတုခိုးချင်တယ်။ ဒါသဘာဝဘဲလေ။
ရုပ်ရှင်တွေကြည့်မယ်။ ဗီဒီယိုတွေကြည့်မယ်။ ဂိမ်းတွေကစားမယ်။
ပြီးရင် အဲဒီအထဲကအတိုင်း အတုခိုးမယ်။ လိုက်လုပ်ကြည့်မယ်။ ကလေးဆိုတော့ အန္တရာယ်တွေ မသိဘူး။ ဆော့ချင်တာ လုပ်ချင်တာဘဲသိတယ်။
ဒါကြောင့်မို့...
တစ်ချို့ ပစ္စည်းတွေမှာ Out of reach of children လို့ရေးထားကြတာဖြစ်မယ်။
ကလေးကိုယ်တိုင်အန္တရာယ်ဖြစ်မှာ ပြီးတော့ ကလေးက အန္တရာယ်ပေးမှာ စိုးရိမ်ရတယ်မဟုတ်လား။
လူကြီးတွေကလဲ အမြဲတမ်းသတိထားဖို့လိုအပ်ပါတယ်။
သားသမီးမကောင်း မိဘခေါင်းလို့ ဆိုထားတယ်လေ။ အားလုံး မိဘတာဝန်တွေချည်းဘဲ။
အခုဖြစ်ရတဲ့ ကိစ္စမှာလဲ အဖေကိုယ်တိုင်က ရိုင်ဖယ်သေနတ်ကို ကလေးလက်လှမ်းမီတဲ့နေရာမှာထားမိတဲ့အတွက်ကြောင့်ဖြစ်ပျက်ခဲ့တာပါ။
"ကလေး ကလေး အထင်မသေးနဲ့၊ လူကြီး လူကြီး အထင်မကြီးနဲ့" လို့ ဆိုရမလိုတောင်ဖြစ်နေပြီ။
မိဘများအားလုံး သင်ခန်းစာယူတတ်ဖို့ တင်ပြပေးလိုက်ခြင်းရယ်ပါ။
ကလေးကို ကံကြီးမထိုက်ပါစေနဲ့။
မှတ်ချက်။
http://news.bbc.co.uk/2/hi/americas/7717545.stm ကို အမီပြုထားပါတယ်။

Wednesday, 12 November 2008
ကျောင်းမှန်မှန်တက် စာမခက်
ကျောင်းမှန်မှန်တက်၊ စာတွေခက်၊ ကျောင်းသားဦးဏှောက်ပျက်။
ကျောင်းမှန်မှန်ပြေး၊ စာနဲ့ဝေး၊ ကျောင်းသားဦးဏှောက်အေး။
ဒီစာကြောင်းလေးတွေကို မြို့ တစ်မြို့ က အထက်ကျောင်းတစ်ကျောင်းရဲ့ နံရံပေါ် မှာ တွေ့ခဲ့တာပါ။ ကျောင်းသားတွေ လက်ဆော့ပြီး မြေဖြူတောင့်နှင့်ရေးထားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆရာ ဆရာမတွေများ မြင်သွားရင် ကျောင်းသားတွေ လွယ်မှာမဟုတ်ဘူး။
ကျောင်းမှန်မှန်တက်ရင် အိမ်စာတွေများလာမယ်။ စာတွေအများကြီးလုပ်ရမယ်။ ဦးဏှောက်ခြောက်ပြီး စာတွေပိုခက်ခဲလာမယ်။ ကျောင်းပြေးရင်တော့ စာလုပ်စရာမလိုတော့တဲ့အတွက် ဦးဏှောက်အေးသွားပြီပေါ့။ ကျောင်းသားတွေက ဒါကိုရည်ရွယ်တာဘဲ ထင်ပါတယ်။
ကျနော်လဲ ဒီစာပိုဒ်ကို အမှတ်တမဲ့ဘဲနေလိုက်တယ်။
ကျနော် လန်ဒန်ရောက်ပြီး ကျနော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကလေးတစ်ခုကြောင့် ဒီစာပိုဒ်ကလေးကို ပြန်ပြီးသတိရခဲ့မိတာပါ။ ကိုယ်တိုင်တွေ့ကြုံရတော့လဲ အော်..ဒီစာပိုဒ်လေးက ဟုတ်တုတ်တုတ်ဘဲ လို့ စဉ်းစားမိလိုက်တယ်။
ကျနော်လန်ဒန်ရောက်ပြီး နောက်တစ်ပတ်မှာဘဲ အင်္ဂလိပ်ကျောင်းတစ်ကျောင်းကို တက်ပါတယ်။ နေ့တိုင်းကျောင်းမပျက်အောင်ကြိုးစားပြီး အတန်းမှန်မှန်တက်ခဲ့ပါတယ်။ အင်္ဂလိပ်စာနှင့်ပတ်သက်လို့ Four skills လုံး ဗဟုသုတ အများကြီးရရှိခဲ့ပါတယ်။ ကျောင်းတွင်းမှာကျင်းပတဲ့ စာမေးပွဲမှာလဲ အမှတ်မနည်းခဲ့ပါဘူး။
ဒီပုံစံအတိုင်း Ielts ဖြေရင်တော့ ကျိန်းသေပေါက် Band ကောင်းကောင်းရမယ်လို့ ယုံကြည်ချက်ရှိလာတယ်။
အင်္ဂလိပ်စာကျောင်းမှာ သုံးလတိတိသင်ယူပြီးတဲ့အခါ ကျနော် Ielts စာမေးပွဲကို ဖြေဆိုခဲ့ပါတယ်။ Westminster University မှာ ဖြေဆိုခဲ့တာပါ။ ခေါင်းကို မူးခြာလိုက်သွားတာပါဘဲ။
Listening, Reading, Writing သုံးမျိုးကို ဆက်ရက် တစ်ခါတည်းဖြေဆိုရတာဆိုတော့ ခေါင်းအတော်လေးခြောက်သွားတယ်။ ကျနော့်ဘ၀မှာ Ielts စာမေးပွဲကို ပထမဦဆုံးအကြိမ်ဖြေဆိုဖူးတာပါဘဲ။
Speaking ကိုတော့ အလှည့်ကျစနစ်နဲ့ စစ်ဆေးတယ်။ ဖြေဆိုသူတွေများတဲ့အတွက် Examiner သုံးလေးယောက်လောက်ထားပြီး စစ်ဆေးကြတယ်။
စာမေးပွဲဖြေပြီးလို့ နှစ်ပတ်တိတိပြည့်တဲ့နေ့မှာ အောင်ဂဇက်တွေ စာတိုက်ကတစ်ဆင့်ရောက်လာတယ်။
Band ဘယ်လောက်ရမယ်ထင်လဲ။ ကျောင်းမှန်မှန်တက်ပြီးဖြေထားတာလေ။ GP လုပ်ဖို့ ဆေးခန်းသွားရတဲ့ ရက်တစ်ရက်ကလွဲရင် ကျောင်းကို မှန်မှန်တက်ခဲ့တာ။ ဂဇက်စာရွက်ကို ကြည့်လိုက်တော့ Overall 5.0 ဆိုတာကိုလဲ တွေ့လိုက်ရရော စိတ်အတော်လေးညစ်သွားတယ်။
5.0 နဲ့ M.A, Ph.D ကို ဘယ်တက္ကသိုလ်ကမှလက်မခံဘူး။ အနည်းဆုံး Band 6.0 ရမှအဆင်ပြေမှာပါ။
ကျနော် နောက်တစ်ကြိမ် ထပ်ကြိုးစားရတာပေါ့ဗျာ။ ဒီအကြိမ်မှာတော့ ကျနော် အင်္ဂလိပ်ကျောင်း လုံးဝမတက်တော့ဘူး။ အိမ်မှာဘဲ အင်္ဂလိပ်စာ အေးအေးဆေးဆေး ကြည့်တယ်။ နားထောင်တယ်။
နှစ်လကျော်ကျော်လောက်မှာ Ielts ကို ထပ်ဖြေတယ်။လန်ဒန်မှာ Ielts ဖြေလို့ရတဲ့ ဌာနတွေအများကြီးရှိပေမဲ့ အရင်တက္ကသိုလ်မှာဘဲဖြေခဲ့တာပါ။
ထုံးစံအတိုင်းဘဲ စာမေးပွဲပြီးလို့ နှစ်ပတ်တိတိပြည့်တဲ့နေ့မှာ အောင်ဂဇက်စာရွက်တွေ စာတိုက်ကတစ်ဆင့် ရောက်လာတယ်။ စာအိတ်ကိုဖောက်ကြည့်ရမှာတောင် ခပ်လန့်လန့်ဖြစ်နေပြီ။ ခဲမှန်ဖူးတဲ့စာသူငယ်လို ဖြစ်ခဲ့ဖူးတာကိုး။ စာအိတ်ကိုဖောက်ပြီးဖွင့်ကြည့်လိုက်တော့။ Overall 6.0 တဲ့။
ကျနော် အတော်လေးဝမ်းသာသွားတယ်။ ဒါဆို တက္ကသိုလ်တက်လို့ရပြီပေါ့။
ကျနော်စဉ်းစားလိုက်တယ်။ ကျောင်းမှန်မှန်တက်ပြီး ဖြေဆိုခဲ့တုန်းက 5.0 ဘဲရတယ်။
အခု ကျောင်းလုံးဝမတက်ဘဲ ဖြေဆိုတဲ့အခါ 6.0 ရတယ်။ ဒါဘာကြောင့်လဲ ပေါ့။
အဲဒီအဖြစ်အပျက်ကလေးကြောင့်ဘဲ
အထက်မှာဖော်ပြခဲ့တဲ့ စာပိုဒ်လေးနှစ်ပိုဒ်ကို ပြန်လည်သတိရမိခြင်းရယ်ပါ။
ကျနော်ကိုယ်တိုင်တောင် ဒီစာပိုဒ်ဟာ မှန်ကန်တယ်လို့ ရုတ်တရက်ကောက်ချက်ချမိခဲ့သေးတယ်။
ဒါပေမဲ့
သေချာစဉ်းစားကြည့်လိုက်တော့မှ စာနဲ့ဝေးလို့ ဦးဏှောက်အေးပြီး အမှတ်များများရခဲ့တာမဟုတ်မှန်း သဘောပေါက်ခဲ့ပါတယ်။ လန်ဒန်ရောက်ရောက်ချင်း Ielts ဖြေပုံဖြေနည်းကို မသိရှိခဲ့ပါဘူး။ အင်္ဂလိပ်စာကျောင်းမှာ ပြည့်ပြည့်စုံစုံသင်ပေးလို့ သိခဲ့ရတာပါ။ ကျောင်းမှန်မှန်တက်ပြီး လေ့ကျင့်ခန်းတွေပုံမှန်လုပ်ခဲ့လို့ အင်္ဂလိပ်စာတိုးတက်လာတာပါ။
ပထမဦးဆုံးဖြေဆိုစဉ်က အတွေ့အကြုံမရှိသေးလို့ စိတ်မငြိမ်ဖြစ်ပြီး အမှတ်နည်းခဲ့တာပါ။ ဒုတိယထပ်ဖြေတဲ့အခါ စိတ်လှုပ်ရှားမှုက သိပ်မရှိတော့ဘူး။ ပြီးတော့ ကျောင်းတက်ခဲ့စဉ်က လေ့ကျင့်ခန်းတွေပြန်လုပ်၊ အသံသွင်းစီဒီတွေ ပြန်နားထောင်ပြီး ဖြေဆိုခဲ့လို့သာ အမှတ်ပိုကောင်းလာတာပါ။ စာမလုပ်ဘဲဖြေဆိုရင် ဘာမှအဆင်မပြေနိုင်ပါဘူး။ ကျောင်းမှန်မှန်တက်ခဲ့တဲ့ ကျေးဇူးကြောင့်သာ အမှတ်တွေပိုကောင်းလာတာပါလို့ ဆိုလိုက်ပါရစေ။
ဒါကြောင့်
ကျောင်းမှန်မှန်တက် စာမခက် ဆိုတဲ့ ဆောင်ပုဒ်ကလေးသာ အမှန်အကန် ဖြစ်ကြောင်းပါခင်မျာ။

နီးလွန်းတော့ရန်တွေဖြစ် ဝေးသွားတော့လွမ်းကျန်ရစ်
သီတင်းကျွတ်လပြည့်နေ့။
ပ၀ါရဏာနေ့လေးကပေါ့။ ကျနော်လဲ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုရောက်သွားတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း သံဃာတော်တွေကို ဖူးမြင်ဖို့ပေါ့ဗျာ။ သီတင်းဝါလကျွတ်ပြီဆိုရင် ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ သက်ကြီးတွေကို ပူဇော်ကန်တော့ကြတယ်။ သံဃာတော် အရှင်သူမြတ်တို့ကို ကန်တော့ဖို့ ဘုန်းတော်ကြီးကျောင်းတွေကို သွားတတ်ကြတဲ့ အလေ့အထလဲရှိကြတယ်မဟုတ်လား။
ကျနော်လဲ ဘုရားဖူးချင်လွန်းလို့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားခဲ့တာပါ။ ကျနော်ဘုန်းကြီးကျောင်းရောက်ချင်းဘဲ ဘုရားခန်းဝင်ပြီး ရထားသမျှဘုရားရှိခိုးစာလေးတွေကိုရွတ်ဖတ်ပြီး ဘုရားကို ပူဇော်လိုက်ပါတယ်။
ကလင်... ကလင်.. ကလင်
ဘုရားပူဇော်ပြီး မကြာခင်မှာဘဲ ကျောင်းတံခါးမှာ တပ်ဆင်ထားတဲ့ လူခေါ်ဘဲလ်လေး မြည်သံကို ကျနော်ကြားလိုက်ရတယ်။ ဘုန်းဘုန်းတွေလဲ အပေါ်ထပ်မှာ သီတင်းသုံးနေကြတဲ့အတွက် ကျနော်ကိုယ်တိုင်ဘဲ တံခါးသွားပြီး ဖွင့်ပေးလိုက်ပါတယ်။ တံခါးလာခေါက်လာတဲ့သူက နှစ်ယောက်။ တစ်ယောက်က အမျိုးသား၊ တစ်ယောက်က အမျိုးသမီး။ နှစ်ယောက်လုံးရဲ့ လည်ပင်းမှာ ကဒ်ပြားလေးတွေကိုယ်စီနဲ့။
ကျနော်ထိတ်လန့်သွားတယ်။ "သက်ဆိုင်ရာတာဝန်ရှိတွေများလားမသိဘူး။ လည်ပင်းမှာလဲ ကဒ်ပြားတွေနဲ့။ ဒီဘုန်းကြီးကျောင်းမှာ ဘာများသတင်းရထားလို့ ရှောင်တခင် ၀င်ပြီးစစ်ဆေးတာလဲ မသိဘူး"လို့
စဉ်းစားမိလိုက်တယ်။။
ဒါနဲ့ ကျနော်က "ဘာကိစ္စပါလဲခင်မျာ" လို့ အင်္ဂလိပ်လိုမေးလိုက်တယ်။ အမျိုးသမီးလေးက ပြန်ဖြေတယ်။ "ဒါဘုန်းကြီးကျောင်းလား" တဲ့။ ကျနော်အတော်လေးအံ့သြသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူပြောတာက မြန်မာလိုပြောလိုက်တာကိုးဗျ။
"ကျမတို့ ဘုရားလဲဖူးချင် ဘုန်းကြီးတွေကိုလဲ ဖူးချင်လို့ ၀င်လာတာပါ။ ကျမက ရှမ်းပြည် လားရှိုးကပါ။ ဒါက ကျမအမျိုးသား၊ သူက ဒီနိုင်ငံသားပါ"
ကျနော်လဲ တံခါးဖွင့်ပေးပြီး ဘုရားခန်းကိုလိုက်ပြပေးလိုက်တယ်။
ဘုန်းဘုန်းလေးတစ်ပါးကိုလဲ ပင့်ပေးလိုက်တယ်။ အဲဒီအမျိုးသမီးလေးလဲ ဘုရားကို ရိုရိုသေသေဦးချပြီး ဘုန်းဘုန်းလေးနှင့်စကားစမြည်ပြောတယ်။ ကျနော်က သူတို့အနားမှာ ရှိနေတာဆိုတော့ သူပြောတာတွေ အကုန်လုံးကြားရပါတယ်။
"တပည့်တော်မ ဒီလန်ဒန်ရောက်တာ ၅ နှစ်လောက်ရှိပါပြီ။ ဒါက တပည့်တော်မရဲ့ အမျိုးသားပါ။ သူကဗုဒ္ဓဘာသာမဟုတ်ဘူး။ တပည့်တော်မက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒီကဒ်ပြားလေးတွေကလဲ တပည့်တော်မတို့လုပ်တဲ့ ကုမ္မဏီက ကဒ်ပြားပါဘုရား။
အခု အလုပ်ကနေတစ်ခါထဲ လာခဲ့တာပါ။ ဘုန်းတော်ကြီးကျောင်းတွေလိုက်ရှာနေတာကြာပြီဘုရား။ မြန်မာတွေနဲ့လဲ သိပ်အသိမရှိတော့ ဘယ်နားမှာ သွားရှာရမှန်းလဲမသိဘူး။
အခုတောင် တပည့်တော်မရဲ့ အမျိုးသားက ရှာပေးလို့ရောက်ခဲ့တာပါ။
တပည့်တော်မကလာရှိုးကပါ။ လာရှိုးမှာနေတုန်းကတော့ ဘုန်းကြီးတွေအများကြီးရှိနေလို့ တန်ဖိုးထားတတ်မှန်းမသိဘူးဘုရား။ ရဟန်းငယ်လေးတွေ လူငယ်ပီပီ လွတ်လွတ်လပ်လပ် လျောက်သွားနေတာတောင် အပြစ်တင်မိခဲ့သေးတယ်။ အခုဒီရောက်ပြီးတော့လဲ အတော်လေးကြာတဲ့အထိ ဘုန်းကြီးကျောင်းတွေကို အမှတ်မရခဲ့ပါဘူး။ ဒီနှစ်ပိုင်းမှာမှ အရမ်းလာချင်လွန်းလို့ စုံစမ်းပြီးလာခဲ့တာပါဘုရား။
သံဃာတော်တွေကို အရမ်းဖူးချင်တာဘဲဘုရား။ နောက်ကိုမကြာမကြာလာပြီး ဆွမ်းလာကပ်ပါဦးမယ်ဘုရား"
စတဲ့ စတဲ့ စကားတွေ အဆက်မပြတ်တလစပ် (နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်တွေ့ကြတဲ့ မိသားစု ပုံစံမျိုး) အားရပါးရပြောနေရှာတယ်။ သူ့မျက်နှာကို လှမ်းကြည့်လိုက်တော့ ပီတိကြောင့်ကျတဲ့ မျက်ရည်စတွေ တွဲခိုနေလေရဲ့ ။
ကျနော်လဲ သူ့ရဲ့ စကားကိုနားထောင်ရင်း သူနှင့်ထပ်တူထပ်မျှ ၀မ်းသာကြည်နူးဖြစ်ခဲ့မိပါတယ်။ ကျနော်အပါအ၀င် လူတွေရဲ့ သဘာဝဟာ တစ်ခုခုရှိနေရင် ပိုင်ဆိုင်နေရရင် တန်ဖိုးမထားတတ်ကြဘူးလေ။
ဆုံးရှုံးတော့မှ ဝေးသွားတော့မှ တန်ဖိုးရှိမှန်း ပြန်သိလာတတ်ကြတယ်မဟုတ်လား။ ကျနော်လဲ သူတို့အကြောင်းလေးတွေ စဉ်းစားရင်း စိုင်းထီးဆိုင် သီဆိုထားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို သွားအမှတ်ရမိလိုက်တယ်။ "နီးလွန်းတော့ ရန်တွေဖြစ် ဝေးသွားတော့ လွမ်းကျန်ရစ် " တဲ့။

Subscribe to:
Posts (Atom)