Tuesday 27 October 2009

အင်တာဗျူးကို မကြောက်ကြနဲ့တော့

လူတိုင်း စား ၀တ် နေရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တစ်ချို့ သူတွေ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး တစ်ချို့ သူတွေကျပြန်တော့ အဆင်မပြေဖြစ်တတ်ကြပါတယ်။ အလုပ်ရှားပါးလာတဲ့ ခေတ်ကာလကြီးထဲမှာ အလုပ်အကိုင် ရှာဖွေကြရတာလဲ အတော်လေးစိတ်ကသိကအောက် ဖြစ်စေပါတယ်။ အထူးအားဖြင့်တော့ ကုမ္ပဏီတစ်ခုခုမှာ အလုပ်လျောက်ပြီဆိုရင် အင်တာဗျူးခံရတာ ပုံသေကားချဖြစ်နေပါပြီ။ အဲဒီလို အင်တာဗျူးခံရပြီဆိုရင် ဘာတွေမေးမှာပါလိမ့်၊ ငါ ဖြေဆိုနိုင်ပါ့မလား စတဲ့ အတွေးတွေ ၀င်လာပြီး ကတုန်ကယင် မလုံမလဲ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲဒီအခက်အခဲလေးတွေကို ပြေပျောက်စေနိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။

အင်တာဗျူးပြုလုပ်မဲ့နေရာကို သွားတဲ့အခါ...
၁။ အ၀တ်အစား ရွေးချယ်မှုမှန်ကန်ပါစေ။ မိမိနှင့်လိုက်ဖက်ပြီး သက်တောင့်သက်သာဖြစ်မဲ့ သန့်သန့်ရှင်းရှင်း အ၀တ်အစားကိုဘဲ ၀တ်ဆင်ပါ။ အမွှေးနံ့သာတွေကို အရမ်းမဆွတ်သွားပါနဲ့။ ရတနာတွေကို တသီကြီးဝတ်ဆင်မသွားပါနဲ့။ ဖိနပ်ကို သေသပ်သန့်ရှင်းစွာဝတ်ဆင်သွားပါ။

၂။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလိုလေး အမြဲပြောနေပါ။
(က) ဒီကိစ္စကို ငါကိုင်တွယ် ဖြေရှင်းနိုင်တယ်။
(ခ) ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်အ၀ရှိတယ်။
(ဂ) ဒီအင်တာဗျူးအတွက် ငါ သေချာစွာ ပြင်ဆင်ခဲ့ပြီးပြီ။
(ဃ) ငါ့ရဲ့ အားသာချက် အားနည်းချက်တွေကို ငါသိတယ်။ ဒါပေမဲ့ ငါ အတတ်နိုင်ဆုံး အကောင်းဘက်ဦးတည်အောင် ပြုလုပ်နိုင်တယ်။

၃။ စိတ်ထဲက ကိုယ့်ကိုကိုယ် ဒီလို လုံးဝမပြောရဘူး။
(က) အင်တာဗျူးကို ငါမုန်းတယ်။
(ခ) ငါသေချာပေါက် ရှုံးဆုံးလိမ့်မယ်။
(ဂ) ဒီလူတွေထဲမှာ ငါ့ထက် အတွေ့အကြုံ၊ အရည်အချင်းအားလုံး သာလွန်တဲ့သူတွေ အများကြီးရှိမယ်။
(ဃ) သူတို့မေးတဲ့ မေးခွန်းတွေကို ငါဖြေဆိုနိုင်စွမ်းရှိမှာ မဟုတ်ဘူး။
(င) ငါ အလုပ်ရလိမ့်မယ်မဟုတ်ဘူးဆိုတာ ငါသိနေတယ်။

၎။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်းပြသပါ။ ပခုံးကို နောက်ပစ်ပြီး ရင်ဘက်ကို ကော့ထားပါ။ ခေါင်းကို မတ်မတ်ထားပါ။ ပြုံးပါ။ အင်တာဗျူးလုပ်တဲ့သူက လက်ပေးလာလျှင် လက်ဆွဲနှုတ်ဆက်ပါ။ လက်ဆွဲနှုတ်ဆက်တဲ့အခါ စိတ်လှုပ်ရှားမှု မရှိစေဘဲ တည်တည်ကြည်ကြည် လက်တစ်ပြင်လုံးကို ကိုင်တွယ်ပြီး နှုတ်ဆက်ပါ။ မျက်လုံးချင်း မကြာခဏဆုံပေးပါ။

၅။ ထိုင်ဖို့နေရာပေးရင် ထိုင်လိုက်ပါ။ ဂျူရီအဖွဲ့ကအင်တာဗျူးလုပ်တယ်ဆိုရင် ကိုယ့်ထိုင်ခုံက အင်တာဗျူးလုပ်သူတွေနဲ့ အနည်းငယ် ကွာဝေးနေပါလိမ့်မယ်။ စိတ်ကသိကအောက်ဖြစ်ဖို့ကောင်းပေမဲ့ အပြုသဘောဆောင်တဲ့ စကားလေးတွေကို စိတ်ထဲကနေပြီး ကိုယ့်ကိုကိုယ် ပြောဆိုအားပေးနေပါ။ ဂျူရီအဖွဲ့လူကြီးတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်အမူအယာ လှုပ်ရှားမှုတွေကို အကဲခတ်နေပါလိမ့်မယ်။ ဒါကြောင့် Body Lauguage ကို အသင့်အနေအထားပြုလုပ်ထားပါ။ ခြေထောက်ကို တင်ပလ္လင်မချိတ်ထားပါနဲ့။ လက်နှင့်လက်မောင်းတို့ကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အရှေ့ ပိုင်း ပေါင်ပေါ်မှာ ပေါ့ပါးစွာ တင်ထားပါ။ ဒါမှမဟုတ် ကုလားထိုင် လက်တန်းပေါ်တင်ထားပါ။ Body Language လှုပ်ရှားမှုကို အနိမ့်ဆုံးမှာ ထားပါ။ ဒါပေမဲ့ စကားပြောတဲ့သူ မေးခွန်းမေးတဲ့သူဘက်ကို မျက်နှာလှည့်နိုင်ပါတယ်။

၆။ မတ်မတ်ထိုင်ပါ။ အာရုံစူးစိုက်မှုရှိပါ။ နိုးကြားပါ။ စိတ်ဝင်စားမှုရှိလာအောင် ရှေ့ သို့မျက်နှာမူပြီး တည့်တည့်ထိုင်ပါ။ စကားပြောသူကို ကြည့်ပေးပါ။ မေးခွန်းမေးတဲ့ အခြားလူတစ်ယောက်ရှိရင် သူ့ဘက်ကို မျက်နှာ ပြန်လှည့်လိုက်ပါ။ သူတို့မေးခွန်းကို ဖြေတဲ့အခါ မျက်စိကို ဂျူရီလူကြီးများဆီသို့ တစ်လှည့်စီကြည့်ပြီး ဖြေပါ။ ဖြစ်နိုင်ရင် ပြုံးပြဖို့မမေ့ပါနဲ့။

၇။ ခေါင်းငိုက်ဆိုက်ကြီးနဲ့ ပျင်းရိသလိုမနေပါနဲ့။ ကိုယ့်လက်ကို ကိုယ် ငုံ့ကြည့်မနေပါနဲ့။ ပြတင်းပေါက်ကို စိုက်ကြည့်မနေပါနဲ့။ မျက်နှာကျက်ကို ငေးကြည့်မနေပါနဲ့။ ခန္ဓာကိုယ်ပေါ်မှာ လက်ကို တင်းတင်းကြပ်ကြပ် ထပ်မထားပါနဲ့။

၈။ အင်တာဗျူးပြုလုပ်တဲ့အခါမှာ မေးမြန်းသူရဲ့ နေရာကို မကျူးကျော်ပါနဲ့။ ဥပမာ မေးမြန်းသူရဲ့ ခုံပေါ် (သို့မဟုတ်) စားပေါ်ပေါ်သို့ ခွင့်မတောင်းဘဲ တစ်ခုတစ်ခုတင်ထားခြင်း၊ မေးမြန်းသူအနီးသို့ အရမ်းတိုးကပ်သွားခြင်း။ အဲဒါတွေကို ရှောင်ကြဉ်ပါ။ မေးမြန်းသူကို အခက်မတွေ့ပါစေနဲ့။

ဒီအချက်အလက်တွေအတိုင်း ကျင့်သုံးမယ်ဆိုရင်တော့ အင်တာဗျူးတိုင်းမှာ ထိပ်ဆုံးကနေပြီး အလုပ်ရမှာ
သေချာပါတယ်။ အင်တာဗျူးရန်ကို တွန်းလှန်ကျော်နှင်းနိုင်ကြပါစေ။


မှတ်ချက်။
Pauline Rowson, Communicating with More Confidence, PP, 74-76 မှ အချက်အလက်တို့ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

.....

လူတွေအပေါ် ဘယ်လို လွှမ်းမိုးနိုင်မလဲ

လူတိုင်းလူတိုင်း ကိုယ့်အပေါ် အရေးထားဆက်ဆံခံချင်ကြတာ ဓမ္မတာပါ။ ကိုယ်ကသာ ကောင်းကောင်းမဆက်ဆံပေမဲ့ ကိုယ့်အပေါ်ကိုတော့ ကောင်းစေချင်ကြတာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတစ်ခုပါဘဲ။

ဒီတော့ လူတစ်ဘက်သားက ကိုယ့်အပေါ် အာရုံစိုက်လာစေဖို့၊ လူတစ်ဘက်သားအပေါ် ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုတွေ လွှမ်းမိုးမှုရှိစေဖို့ လိုအပ်လာပါပြီ။ အဲဒီ ဆန္ဒလေးတွေ အကောင်အထည်ဖော်ဖို့ဆိုရင် အောက်က အချက်ကလေး ငါးချက်လောက် လေ့လာပြီး လေ့ကျင့်မှုပြုလုပ်ပါ။ မြေကြီးလက်ခတ်မလွဲ ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမှာ သေချာပါတယ်။

လူတွေအပေါ်ဘယ်လိုနည်းနဲ့ လွှမ်းမိုးမလဲ
၁။ လူတစ်ဘက်သားကို ဘယ်လိုဆက်ဆံရင်ကောင်းမယ် ဆိုတဲ့ အစီအစဉ်လေးတစ်ခု ကြိုတင်ဆွဲထားပါ။
၂။ လူတစ်ဘက်သားအပေါ်မှာ အာရုံစူးစိုက်မှု အပြည့်အ၀ထားပါ။
၃။ လူတစ်ဘက်သားရဲ့  သဘောထား၊ စိတ်ခံစားမှုတွေကို နားလည်ပေးပါ။
၎။ လူတစ်ဘက်သားကို သေသေချာချာလေ့လာပါ။
၅။ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ အသိကြွယ်မှု အပြည့်အ၀ရှိပါ။

အဲဒီငါးချက်ကို ကျကျနနလေ့လာကျင့်သုံးရင် လူတွေအားလုံးက ကိုယ့်အပေါ်အာရုံစိုက်လာကြပါလိမ့်မယ်။ ပြီးတော့ ကိုယ့်အပေါ် နားလည်မှု ယုံကြည်မှု အပြည့်အ၀ရှိလာပြီး ခင်မင်ဖွယ် အတုယူဖွယ် အားကျဖွယ် လူတစ်ယောက် အနေနဲ့ မြင်လာကြပါလိမ့်မယ်။ ဒါဆိုရင် လူတွေအပေါ် လွှမ်းမိုးနိုင်ပြီပေါ့။ လွှမ်းမိုးတယ်ဆိုတာ အနိုင်ကျင့် ဗိုလ်ကျတာကို ပြောတာမဟုတ်ဘူးနော်။ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တာကိုဘဲ ဆိုလိုတာပါ။

မှတ်ချက်။
Pauline Rowson, Communicating with More Confidence, P, 14 မှ အချက် ငါးချက်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

....

Presentation Skills အတွက်


နိုင်ငံတကာနှင့်ယှဉ်ပြီး Academic Presentation ပေးတော့မယ်ဆိုရင် အစီအစဉ်တကျ ဖြစ်ဖို့လိုအပ်ပါတယ်။ နားထောင်တဲ့သူတွေ အများစုက Academic field ကနေ လာကြတာဆိုရင် Presentation အဆင့်ရှိမရှိ Checklist တွေနဲ့ တိုင်းတာ ဆုံးဖြတ်ပါလိမ့်မယ်။ ကျန်တဲ့အစိတ်အပိုင်းတွေမှာ ဘယ်လောက်ဘဲ အာပေါင်အာရင်းသန်သန်နဲ့ ပြောပြော Checklist တွေကို ထည့်မသုံးဘူးဆိုရင် အဆင့်အတန်းရှိတဲ့ Presentation တစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လိုအပ်သူများအတွက် ကျနော်တို့ကို ပေးဝေထားတဲ့ စာအုပ်ထဲမှ Checklist ကလေးတွေကို ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်။ Presentation Skills ကျွမ်းကျင်နိုင်နှင်းနိုင်ကြပါစေ။





Checklist--- Signposts and Language Signals

********

Introducing the talk
I'd like to talk about............
I'm going to discuss............
I want to ........ about..........
What I'd like to do is to explain to you............
What I'm going to do is to describe........
What I want to do is to give an account of...........



Ordering Points (Time order)
To begin with
Second(ly)
After that

At the begining
Then
Finally

At the start
Next
At the end



Ordering points (Listening and adding)
First(ly)

Second(ly)
A second reason
Another point
Also
Last(ly)

Third(ly)
The third aspect
Other factors
In addition
Finally



Starting a new section
Now
Moving on to
Turning to
What....?

If we move onto
If we turn to
Why......?
How......?

I'd like to move on to
I'd like to turn to
Which....?



Transition
Having considered (X), let us now move on to (Y)
So these were our methods. What about our results?



Contrasting
But
On the other hand
However
Neverthless
By contrast



Referring to visual aids
This slide (graph, chart) shows...
Here you can see
Here are
This is



Defining
By X we mean yy.
X is defined as yy.
We call X yy.
We can define X as yy.



Rephrasing
This is,
In other words,
To put it another way,



Giving an example
For example,
such as
To give you an example,
Let me give you an example.
For instance,
say,
like
including
An example of this is....
Here is an example.



Emphasising
Actually
Importantly
It's clear that
I'd like to underline
It's important to bear in mind
in fact,
surprisingly
clearly
highlight
indeed
interestingly
obviously
emphasise
keep in mind
stress
remember



Concluding a section
So



Concluding the talk
So
Finally
To summarise
Summing up
To conclude
In conclusion
I'd like to finish by saying....
I'd like to conclude now with a few remarks about.....



မှတ်ချက်။
SOAS, University of London, IFCELS, Speaking and Listening Skills (Student Course book-2009) p-41 မှ ကူးယူမျှဝေပေးလိုက်ခြင်းပါ။ ။

.....

Monday 26 October 2009

ဆက်ဆံရေးကောင်းစေဖို့နည်းလမ်းကောင်းများ


လူဖြစ်လာတော့လဲ လူ့လောကဆိုတာ ရှိလာပြန်ရော။ လူ့လောကထဲမှာ ရှိနေကြတဲ့ ကျနော်တို့ဟာ တစ်ယောက်ထဲ နေထိုင်လို့ မဖြစ်နိုင်ပြန်ဘူး။ အသင်းအဖွဲ့  မိတ်ဆွေသူငယ်ချင်းတွေ လိုအပ်လာပြီလေ။ မိတ်ဆွေတွေရဖို့ ကျပြန်တော့လဲ ဆက်ဆံရေး လိုအပ်လာပြန်ရော။ အဲဒီဆက်ဆံရေး ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။ အာလုံးက ဆက်ဆံရေး ကောင်းမွန်ချင်ကြတာချည်းပါဘဲ။

စကားပြောအလွန်ကောင်းတဲ့ ၀က်စ်တန် ချာချီတို့လို၊ မာတင်လူသာကင်း တို့လို ပုဂ္ဂိုလ်မျိုးတွေကို အားကျမိတာတော့အမှန်။
သူတို့ ဘာဖြစ်လို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ လူတွေကိုစည်းရုံးရလွယ်ကူသလဲ။ စာရေးဆရာ Pauline Rowson ရဲ့  အချက်အလက်ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရအောင်။ စာရေးဆရာရဲ့ အလိုအရ အောက်ပါအချက်အလက်တွေက သူတို့ကို စကားပြောကောင်း၊ ဆက်ဆံရေးကောင်းတဲ့ ပုဂ္ဂိုလ်များအဖြစ် ပို့ဆောင်ပေးခဲ့ပါတယ်တဲ့။ ။

အဲဒီအချက်တွေက ဘာတွေပါလဲ

၁။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိရမယ်။

၂။ ကိုယ့်အမူအယာ၊ ကိုယ့်စွမ်းရည်ကို ကိုယ်တိုင် အားရကျေနပ်မှု များစွာ ရှိရမယ်။

၃။ ကိုယ့်ရဲ့ ဘာသာရပ်ကို နားလည်ထားရမယ်။

၎။ ကိုယ့်ဘာသာရပ်အတွက် စွမ်းအင်၊ နှစ်သက်မှု၊ စိတ်ဝင်စားမှု အပြည့်အ၀ရှိရမယ်။

၅။ ရှင်းလင်းပြတ်သားတဲ့ အသံရှိရမယ်။

၆။ တည်ငြိမ်ပြီး ဆွဲဆောင်မှုအပြည့်ရှိရမယ်။

၇။ နားထောင်သူတို့ နားလည်နိုင်လောက်တဲ့ စကားလုံးကို သုံးစွဲတတ်ရမယ်။

၈။ ပြောတဲ့အကြောင်းအရာက နားထောင်သူနှင့် ပတ်သက်ဆီလျော်နေရမယ်။

၉။ ကိုယ်အမူအယာ (Body Lauguage) ကို ကောင်းစွာ အသုံးပြုပေးရမယ်။

၁၀။ နားထောင်မှုစွမ်းရည် ကောင်းမွန်ရမယ်။

၁၁။ မေးခွန်းပြုလုပ်ခြင်းနှင့်အနှစ်ချုပ်စွမ်းရည် ပိုင်ပိုင်နိုင်နိုင်ရှိရမယ်။

၁၂။ နားထောင်သူကို တန်ဖိုးထားရမယ်၊ အသိအမှတ်ပြုရမယ်၊ သက်တောင့်သက်သာ ဖြစ်စေရမယ်။

၁၃။ နားထောင်သူရဲ့  ခံစားမှုကို နားလည်မှု အရည်အချင်းရှိရမယ်။

၁၄။ ပွင့်လင်းရမယ်၊ အားပေးနိုင်မှုစွမ်းအင်နှင့်အကြံဥာဏ်ပေးနိုင်မှုစွမ်းအင် ရှိရမယ်။

၁၅။ လိုအပ်ရင် သင့်လျော်တဲ့ တုန့်ပြန်မှု ပြုလုပ်ပေးရမယ်။

၁၆။ ဘယ်သူ့ကို စကားပြောနေတယ်ဆိုတဲ့အပေါ် မူတည်ပြီး ဆီလျော်တဲ့စကားလုံးများဖြင့် ရင်းနှီးစွာ ပြောဆိုတတ်ရမယ်။

အဲဒါတွေ အားလုံးပိုင်ပြီဆိုရင်တော့ စကားပြောအကောင်းဆုံး၊ ဆက်ဆံရေးအကောင်းဆုံး လူသားတစ်ယောက် ဖြစ်မှာ သေချာပါတယ်။


မှတ်ချက်။
Pauline Rowson, Communicating with More Confidence, PP, 7-8 မှ အချက်အလက်တို့ကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။

...

သူဘယ်လိုယောက်ျားလဲ


ဝေဒကျမ်းလာ၊ လက္ခဏာအရ၊
ပုရိသတို့၊ ခြေချ မြေပြင်၊
ခြေရာထင်လျှင်၊ သိမြင်စိတ်ဓါတ်၊
မှန်းဆအပ်၏။


ရာဂကြီးမား၊ ယောက်ျားများမှာ၊
ဖ၀ါးအလယ်၊ မြေ၀ယ်မထိ၊
ငုံးတိတိရှင့်။


ဒေါသကြီးရာ၊ ပုရိသာတို့၊
ခြေရာ ဖနောင့်၊ ခပ်ဆောင့်ဆောင့်ကြောင့်၊
ဖနောင့် ခြေရာ၊ ထင်ရှားပါ၏။


မောဟူထူငြား၊ ထိုယောက်ျားကား၊
ခြေဖျား ဖနောင့်၊ ဆောင့်ဆောင့်ချနှင်း၊
သွားတတ်ခြင်းကြောင့်၊ ရှင်းရှင်းခြေရာ၊
လွန်သိသာ၏။


ကိလေသာပြတ်၊ ယောက်ျားမြတ်မှာ၊
ညီလတ် ဖ၀ါး၊ ချကာသွားပြီး၊
ထင်ရှား ညီစွာ၊ မြေမျက်နှာဝယ်၊
ထင်ကာကျန်ရစ်၊ လွန်ပြေပြစ်၏။


အသာထိုင်ကြည့်၊ အထာသိပြီး၊
ပုရိယောက်ျား၊ မျိုးသားများအား၊
ခွဲခြားလေပါ၊ ကြိုက်လေရာကို၊
ကညာပျိုမြစ်၊ ပျိုစင်စစ်တို့၊
အနှစ်ကိုရှာ၊ အကာကိုပစ်၊
ရွေးချယ်ချစ်လော့။ ။


....

ပထမဖြစ်ချင်ရင်


လယ်ဦးတစ်ပါး၊ စပါးပုံဦး၊
ကျီဦး အိုးဦး၊ စားဦး လှူရာ၊
ဤငါးဖြာသည်၊ လူ့ရွာ နတ်ပြည်၊
ထိပ်ရောက်စေ၏။


ပဉ္စဂ်ပုဏ္ဏား၊ ဓိဋ္ဌာန်အားဖြင့်၊
ဘုရားဗုဒ္ဓါ၊ ရှိစဉ်ခါက၊
ထိုဒါနအား၊ သံဃာများနှင့်၊
ဘုရားရှင်ကို၊ လိုလိုလားလား၊
လှူသောအားကြောင့်၊ ထင်ရှား နာမ၊
ကျော်စောရ၏။


သုံးဖြာလောက၊ ထိုဋ္ဌာန၌၊
ပထမကို၊ ဆန္ဒပိုကာ၊
ရလိုပါလျင်၊ ဦးစွာရှေးဦး၊
အလှူထူးအား၊ အထူးစေတနာ၊
ထက်သန်စွာဖြင့်၊ သမ္မာ ဒါန၊
ပေးလှူကြလော့။ ။

...

Saturday 24 October 2009

အချိန်ပိုတစ်နာရီ ဆုတောင်း


ယူကေတစ်ဝှိုက်၊ အများကြိုက်၍၊
ဒေးလိုက်(တ်)ဆေ့ဗင်း၊ ကျင့်သုံးခြင်းကြောင့်၊
ညခင်းနှစ်ချက်၊ နောက်ပြန်ယက်ပြီး၊
တစ်ချက်ဖြစ်ခါ၊ ယူကေ နာရီ၊
နောက်ပြန်လည်လိမ့်။ ။


ဇနီး ယောက်ျား၊ သမီးသားနှင့်၊
အများအတွက်၊ ချိန်ပိုထွက်ပြီး၊
နှစ်သက်ဖွယ်ရာ၊ မွေ့အိပ်ယာဝယ်၊
ခွေကာအိပ်စက်၊ ကောင်းအိပ်မက်နှင့်၊
နံနက်မိုးသောက်၊ အလင်းရောက်က၊
ထမြောက်ပြုံးရွှင်၊ စိတ်ကြည်လင်လိမ့်။


ဤနေ့ဤည၊ ချိန်ပိုရ၍၊
သောကအေးကာ၊ ပျော်ရွှင်စွာဖြင့်၊
အိပ်ယာ ကုတင်၊ တလင်းပြင်၌၊
တူယှဉ်အိပ်စက်၊ ပြုံးပန်းဆက်လျက်၊
သက်သက်သာသာ၊ အိပ်ပျော်ရာသည်၊
သဟာအပေါင်း၊ ဆုတွေတောင်းလော့။ ။

....

Thursday 22 October 2009

ခက်တယ်


စောစောထကာ
ကျောင်းသွားပါလည်း
ဆရာလုပ်ချက်
အတန်းပျက်၏။


အီးမေလ်းလိပ်စာ
ပေးထားပါလည်း
ကြောင်းလာမကြား
ဆရာဖျား၏။


ကုန်ကျငွေကြေး
ကျောင်းနှင့်ဝေးလည်း
အိပ်ရေးပျက်ကွက်
ပို၍ခက်၏။ ။

...

Wednesday 21 October 2009

လျောက်မည့်လမ်း ကြမ်းပါစေ တွေဝေစိတ် နှိပ်ကွပ်ရန် မှန်မှန်လျောက်

တစ်ရေးနိုး
မိုးကအေး
ကွေးနေမိ
ကြည့်စာအုပ်
ပြုတ်လို့ကျ။

ထကာကောက်
ကြောက်လို့သွား
များ အိမ်စာ
ချာချာလည်။

လည်တဲ့စိတ်
အိပ်ချင်ခြင်း
တင်းကာဖြေ
နေအရုဏ်
မှုန်ဝါးဝါး
ကားသံဆူ
ပူနေလျက်။

ရက်တွေကြာ
စာက များ
စားချင်စိတ်
ဆိတ်သုဉ်းနေ။

သွေဖယ်ခြင်း
ရှင်းကာဖျောက်
နောက်မနက်
တက်ကြွစိတ်
ဟိတ်မာန်ချီ
ဝီရိယ
ဆထက်တိုး
ကြိုးစားမည်။ ။


...

Tuesday 20 October 2009

ကိုးနှစ်မြောက် အမေသို့


ခါတန်ဆောင်မုန်း၊ လဆန်း သုံး နှင့်
တစ် သုံး ခြောက် နှစ်၊ သက္ကရာဇ်ကောဇာ၊
ရောက်သောခါက၊ မာတာ မိခင်၊
ကျေးဇူးရှင်သည်၊ သခင်သေမင်း၊
ခေါ်ယူခြင်းကြောင့်၊ သေမင်းတိုင်းပြည်၊
သက်ဆင်းလေ၏။


အေးချမ်းဆောင်းရက်၊ ဖြစ်နေလျက်နဲ့၊
ပူချက်ရင်မှာ၊ မထောင်းသာဘူး၊
ပုတ္တာ သားတို့၊ မျက်ရည်စို့ပြီး၊
ပို့သမေတ္တာ၊ မျှဝေကာဖြင့်၊
မာတာ အမေ၊ ရပါစေဟု၊
စိတ်ဝယ်ပြုလို့၊ ကောင်းမှုကုသိုလ်၊
ပြုပြီး ထိုခါ၊ ပေးဝေပါသည်၊
ဝမ်းသာသမှု၊ ကြိုးစားပြုပြီး၊
သာဓုခေါ်ပါ မွေးမေမေ။


တစ် သုံး ခွန် တစ်၊ သက္ကရာဇ်ကောဇာ၊
ခုခါ မှာကား၊ မာတာအမေ၊
စုတေသည်မှာ၊ ကိုးနှစ်ကြာပြီ၊
မာတာကျေးဇူး၊ စိတ်ရည်စူးပြီး၊
အထူး ၀န္ဒနာ၊ လက်ဆယ်ဖြာဖြင့်၊
ခါခါ ဦးခိုက်၊ ကန်တော့လိုက်သည်၊
မဟီမြေထု သိစေသော်။ ။

...

Monday 19 October 2009

ကြိုးစားထား


လုပ်ငန်းများစွာ၊ ရှိနေပါလျက်၊
စီးပွါးပျက်၊
သင့်ထက်နာသူ မရှိပြီ။


ကောင်းမှုများစွာ၊ လုပ်ခွင့်သာလျက်၊
ကျင့်တွေပျက်၊
သင့်ထက်ရှုံးသူ မရှိပြီ။


မိတ်ဆွေများစွာ၊ ချဉ်းကပ်လာလျက်၊
ခင်မင်ပျက်၊
သင့်ထက်ဆိုးသူ မရှိပြီ။


စာအုပ်များစွာ၊ ပေါများပါလျက်၊
စာမကျက်၊
သင့်ထက်မိုက်သူ မရှိပြီ။


ထိုကို ကြောင်းပြု၊ လုပ်ငန်းစုနှင့်၊
ကောင်းမှု မိတ်ဆွေ၊ မြတ်စာပေကို၊
ရိုသေ ဆက်ဆံ၊ သင်ကျက်အံသော်၊
အမှန် စီးပွါး၊ လွန်ထွန်းကား၍၊
ထင်ရှား ချမ်းသာ၊ လူ့ရပ်ရွာတွင်၊
ပညာရှိဖြစ်၊ လူ နတ် ချစ်မည်၊
နစ်နစ်ကာကာ၊ ကြိုးစားပါလော့။ ။


....

Sunday 18 October 2009

အဆိပ်ဖြစ်သွားခြင်း


ချိနှဲ့လူနာ၊

လူမမာကို၊

မဟာ အားဆေး၊

တိုက်ခါကျွေးလည်း၊

အရေး အခွင့်၊

ကြောင်းမသင့်က၊

အခွင့်တွေ ပိတ်၊

ဘ၀င်စိတ်ကြောင့်၊

အဆိပ်ပမာ၊

ဖြစ်တတ်စွာ၏။


...

Friday 16 October 2009

စာ ပိနေခြင်း


တိုက်ပိ မြေပိ၊
ဤနှစ်ပိထက်၊
စာပိ ကျောင်းသား၊
ပို ပိပြား၏။ ။

...Add Image

Tuesday 13 October 2009

ဘလော့ဂ်အိမ်တစ်နှစ်ပြည့်မင်္ဂလာ ရတုပိုဒ်စုံ


ကညစ်ပွေ့ချီ၊ စ ရေးသည်မှာ၊ ခါမှီသက္ကရာဇ်၊ နှစ်ထောင့်ရှစ်ရောက်၊ ဆယ်လမြောက်သည့်၊ လအောက်တိုဘာ၊ ဆယ့်သုံးမှာတည့်၊ ရေးကာစဉ်ဆက်၊ ရံခါပျက်၍၊ ရေးချက် ရေးထုံး၊ စီကာကုံးပြီး၊ ရေးနှုန်းမမှန်၊ ရေးဟန်မကျ၊ ရေးရ ပျော်ရွှင်၊ စိတ်ဘ၀င်မှာ၊ ဘလော့ဂါဟု၊ တွင်မှုနာမည်၊ ဇော်ဂျီအားကိုး၊ ဂူးဂဲ ကျိုးကြောင့်၊ တစ်မျိုး ဂါထာ၊ ကဗျာ ရတု၊ စာစုထွေထွေ၊ များစာပေကို၊ မသွေ တွယ်ရစ်၊ ရေးနေဖြစ်သည်၊ တစ်နှစ်ပြည့်လေပြီ ဘုရား


တစ်နှစ်ပြည့်ပြီ၊ နှစ်ပတ်လည်၍၊ ရေးသည်များမှာ၊ ပုဒ်လေးရာကျော်၊ ဘလော့ဂ်ပေါ်တင်၊ ဟို ဒီ ၀င်ပြီး၊ ဖတ်ချင်စရာ၊ များစွာဘလော့၊ လက်ဆော့ ကွန်မင့်၊ ရေးသင့် ထင်၍၊ နေ့နေ့ ညည၊ မန့်ရသည်မှာ၊ မမောသာဘူး၊ ဒေါသာ အလျောက်၊ စိတ်နှောက်ထွေပြား၊ စကားများကာ၊ မုန်းထား စိတ်ဝင်၊ ဆိုးခဲ့ပင်ငြား၊ မျက်မထားခဲ့၊ အများ မိတ်ဆွေ၊ ရခဲ့လေ၍၊ မျက်ပြေ အချစ်၊ ရင်၌ဖြစ်သည်၊ အပြစ်မေ့သွေဖီ ဘုရား


အပြစ်မေ့မည်၊ တိုင်းမြန်ပြည်က၊ ချစ်ရည်လူးဖို့၊ ချစ်ကြစို့ဟု၊ ဆိုမှု ချစ်ရေး၊ ချစ်အမေးကို၊ ဖြေပေးသည်မှာ၊ ချစ်လျက်ပါတဲ့၊ မာယာ မရော၊ ချစ်တင်းနှောဖို့၊ သူပြောစကား၊ မေ့မထားပါ၊ ၀မ်းပန်းတသာ၊ သစ္စာ ပွေ့ဆောင်၊ ကိုကိုမောင်ကို၊ ဟန်ဆောင် အချစ်၊ သူမချစ်ခဲ့၊ သူချစ်သည်မှာ၊ စဉ်ထာဝရ၊ တစ်ဘ၀လုံး၊ ခန္ဓာဆုံးထိ၊ အမုန်းကင်းစွာ၊ ချစ်နေမှာဟု၊ နှစ်လွှာနှုတ်ခမ်း၊ စကား ကမ်း၍၊ အလွမ်း ရင်ဖြစ်၊ လွမ်းရ လှစ်သည်၊ အချစ်တွေ့ဝေစီ ဘုရား


မှတ်ချက်။
လက်ဝဲသုန္ဒရအမတ်၏ မဲဇာသောင်ခြေ အစချီသည့် ရတုပိုဒ်စုံကို အားကျ၍ မပီကလာ ပီကလာဖြင့် ၀ါသနာအရ စီကုံးလိုက်ခြင်းဖြစ်သည်။ သည်းခံပြီးသာ ဖတ်ကြပါလေကုန်။ ။

....

Monday 12 October 2009

ငါ


ငါတော် ငါတတ်..... ငါမှမြတ်ဟု၊
ငါအတ္တစွဲ..... ငါဘဲ လုပ်ရ၊
ငါမာနနှင့်..... ငါက ပြီးဆို၊
ငါလိုသို့ရောက်..... ငါ ပြီးမြောက်၏။


ငါ့ကိုယ် ငါ့ဟာ..... ငါ့ဥစ္စာနှင့်
ငါသာ ပိုင်စိုး..... ငါမျိုးမျိုးတည်း၊
ငါ့သမီး သား..... ငါ့မယားဟု၊
ငါ့အား ချစ်မက်၊ ငါ မာန်တက်၏။


ငါ့မျိုး ငါ့ဆွေ..... ငါ့ ဌာနေ၀ယ်၊
ငါ့မြေတွေရှိ..... ငါ့ဖို့ကြည့်ကာ၊
ငါ့ဥစ္စာစွဲ..... ငါကဲ ကဲပြီး
ငါစွဲ သက္ကာ..... ငါ အတ္တာနှင့်၊
ငါ ငါ စွဲငြိ..... ငါဒိဋ္ဌိပွါး၊
ငါ လွဲမှားစွာ..... ငါသာ ပထမ၊
ငါ ဓိကဟု..... ငါရ ပြီးရော၊
ငါ ပါယ်ကြောဝယ်..... ငါမျော မျောပြီး၊
ငါ ချည်းနှီးတည်း။ ။


.....

Sunday 11 October 2009

ချစ်သူသို့ အိတ်ဖွင့်ပေးစာ


ချစ်သူ
ပန်းတိုင်ခရီး..... ပင်ပန်းကြီးစွာ၊
ချီတက်လာဆဲ..... ကာလထဲ၌၊
ဖောက်လွဲလူသား..... လူအများကို၊
ထင်ရှားတွေ့မြင်..... အပြစ်ထင်လိမ့်။


ချစ်သူ
မထိတထိ..... ရိတိတိဖြင့်၊
ဆိုမိဆိုရာ.....ဏှာအထာနဲ့၊
ပါလာလိမ့်နိုး..... သူ့လိုဆိုးသို့၊
မျှော်ကိုးတမ်းတ..... ဆိုကြသူတွေ၊
ကုဋေကုဋာ..... နေရာတိုင်းရှိ၊
မြင်တွေ့မိလိမ့်။


ချစ်သူ
ရေလာမြောင်းပေး..... လွမ်းဆွေးလေဟန်၊
ကြံဖန်တွေထုတ်..... ဇာတ်ရှုပ်ဖန်တီး၊
သူ့လိုပြီးဖို့..... ကြံနည်းတစ်ထောင်၊
သူတော်ကြောင်က..... ယိုကျကြွက်ချေး၊
တွေ့မိသေးလိမ့်။


ချစ်သူ
မာယာပွေလီ..... လူ့လောကီမှာ၊
တူညီမေတ္တာ..... စဉ်လာတွေပျက်၊
မြီးကျက် မြီးစား..... ခေါင်းကျက်သွားသော်၊
ခေါင်းစားမည်ပင်..... လိုအင် ကာမ၊
လွန်ပြင်းပြ၍..... မရမနေ၊
ကြိုးစားပေလိမ့်။


ချစ်သူ
ကူညီသယောင်..... ထင်ယောင်ထင်မှား၊
ဖြစ်ခဲ့ငြားအံ့..... ယောက်ျားမည်ရှိ၊
ထိုပုရိကို..... သတိရှေ့ ပြေး၊
ဥာဏ်ဖြင့်တွေးကာ..... အရေးသုံးပါး၊
နားလည်ထားပြီး..... ရှောင်ရှား ဝေးစွာ၊
လျောက်လှမ်းရာကို..... စိတ်မှာ မထောင့်၊
ဖြောင့်ဖြောင့်တန်းတန်း..... လျောက်မြဲလှမ်းလော့။ ။


...

လွမ်း


လွမ်းငွေ့တွေဝေ..... လွမ်းမိုးစွေပြီး၊
လွမ်းစေရာညွှန်း..... လွမ်းကို လွမ်းဖို့၊
လွမ်းမှုဓါတ်ခံ..... လွမ်းဖို့ဖန်ကာ၊
လွမ်းရန်အသင့်..... လွမ်းရေးဆင့်၏။


လွမ်းသူ့မျက်နှာ..... လွမ်းလျက်သာလျင်၊
လွမ်းပင်လွမ်းငြား..... လွမ်းမအားဘူး၊
လွမ်းဖျား ဖျားချင်..... လွမ်း ငိုချင်၏။


လွမ်းမျက်ရည်ကျ..... လွမ်း တသနဲ့၊
လွမ်းလှပါသည်..... လွမ်း အလီဆင့်၊
လွမ်းရေးသင့်က..... လွမ်းပိုရ၏။ ။

...

Saturday 10 October 2009

ချစ်


ချစ်စိတ်ကြိုက်စိတ်..... ချစ်ကြိုက်စိတ်နှင့်၊
ချစ်သိပ်ပိုကာ..... ချစ်လိုရာကို၊
ချစ်သာပထမ..... ချစ်ဓိကတည့်။


ချစ်ကဖြူဆို..... ချစ်အလိုလိုက်၊
ချစ်ကြိုက်အောင်ဖြူ.....ချစ်သူ မဲမဲ၊
ချစ်သဲ မူပို..... ချစ် မဲ လိုဘူး။


ချစ်သူတို့ထုံး..... ချစ်ပြုံးလေးပြ၊
ချစ်ဘ၀မှာ..... ချစ်ကြ ကြိုက်ကြ၊
ချစ်မ၀လို့..... ချစ်က ချစ်ဆို၊
ချစ်ကြိုက်ပို၏။ ။

...

မုန်း


မုန်းစကားဆို.....မုန်းအားပိုပြီး၊
မုန်းကိုမုန်းလို့.....မုန်းဖို့စိတ်ထဲ၊
မုန်းသဲမရှိ..... မုန်းနတ္ထိတည့်။


မုန်းအသဲနဲ့..... မုန်းမြဲမုန်းရင်၊
မုန်းရင်ခွင်ကို..... မုန်းပင်မုန်းလိုက်၊
မုန်းအကြိုက်ကို..... မမုန်းလိုဘူး။


အမုန်းစကား.....မုန်းနှုတ်ဖျားက၊
မုန်းသွားကြဖို့..... မုန်းကြစို့ဆို၊
မုန်းဖို့ဝေးစွ..... မုန်းမရစွာ၊
မုန်းစိတ်ကွာ၏။ ။

..

Friday 9 October 2009

စိတ်


စိတ်ဆိုး စိတ်မိုက်..... စိတ်လိုလိုက်ပြီး၊
စိတ်ကြိုက်ကိုသာ..... စိတ်နစ်ပါ၍၊
စိတ်ကို မရှု..... စိတ်တုနှင့်ပင်၊
စိတ်ပျော်ရွှင်လျင်..... စိတ်ပင်မကောင်း၊
စိတ်ထောင်းကိုယ်ကြေ..... စိတ်ညစ်စေ၏။


စိတ်မှန် စိတ်မြတ်..... စိတ်ကောင်းဓါတ်ခံ၊
စိတ်ဆက်ဆံ၍..... စိတ်ဥာဏ် မြင်သိ၊
စိတ်သတိနှင့်..... စိတ်ရှိညစ်ကြေး၊
စိတ်ဖြင့်ဆေးကာ..... စိတ်အေးအောင်ပြု၊
စိတ်ရှုပြီးနေ..... စိတ်ပျော်စေ၏။ ။


.....

Thursday 8 October 2009

ပျော်အစစ်နှင့်၊ ပျော်ရစ်ကြလော့


ပျော် သောက်စား..... ပျော်ကစား၍၊
ပျော်ပါးခုံမင်..... လွန်ပျော်ရွှင်ပြီး၊
ပျော်ပင် ပျော်လျက်..... ပျော်နေ့ရက်တို့၊
ပျော်ဖို့ထပ်တွေး..... ပျော်ရေးကိုသာ၊
ပျော်ဖို့ရှာလျင်..... ပျော်တာမရိုး၊
ပျော်သူခိုးတည်း။


ပျော်ဖို့ရာမှာ.....ပျော်လာလိမ့်နိုး၊
ပျော်အားကိုးဖြင့်.....ပျော်မိုးမီးလောင်၊
ပျော်အောင်ထပ်တိုး.....ပျော်မျိုးမျိုးနှင့်၊
ပျော်ရိုး ပျော်စဉ်.....ပျော်မရွှင်ဘဲ၊
ပျော်လျင်ပြီးမြဲ.....ပျော်ကဲ ကဲကာ၊
ပျော်မြဲ ပျော်လျက်.....ပျော်အသက်ကြီး၊
ပျော်ချည်းနှီးတည်း။


ပျော်နည်းမမှန်..... ပျော်ဟန်မဟုတ်၊
ပျော်လုပ်တစ်လွဲ..... ပျော်ခဲ ခဲပြီး၊
ပျော်ကြီး ပျော်လို့..... ပျော်ဖို့ စိတ်ထဲ၊
ပျော်မြဲ ပျော်လျင်..... ပျော်ရွှင်အစစ်၊
ပျော်နှစ်သာရ..... ပျော်ရခက်ခဲ၊
ပျော်လွဲလွဲတည်း။


ပျော်မမြဲပါ..... ပျော်ဆဲ ပျော်လျင်၊
ပျော်ပူပင်ပြီး..... ပျော်ထင်စရာ၊
ပျော်မလာလို့..... ပျော်မှာဘဲဟု၊
ပျော်မှုကိုသာ..... ပျော်ဖွေရှာလျင်၊
ပျော်မှာမဟုတ်..... ပျော်အစုတ်တည်း။


ပျော်ဝယ် ပျော်သွား..... ပျော်အများနှင့်၊
ပျော်ကားစီးကာ..... ပျော်မာယာချဲ့ ၊
ပျော်သဲ့သဲ့ဖြင့်..... ပျော်မယ့်အချိန်၊
ပျော်နှင့်ဇိမ်ယူ.... ပျော်တူတူဝယ်၊
ပျော်မူမဆုံး.... ပျော်ငွေဖြုန်းလျက်၊
ပျော်လုံးကြီးကာ..... ပျော်ချာချာတည်း။


ထို့ကြောင့် ပျော်နည်း..... ပျော်စည်းအမှန်၊
ပျော်ဟန်စစ်စစ်..... ပျော်အနှစ်ဖြင့်၊
ပျော်စစ် ပျော်တု..... ပျော်မှုခွဲခြား၊
ပျော်ကွဲပြားလျင်..... ပျော်မှားကိုပစ်၊
ပျော်စစ်စစ်နဲ့..... ပျော်ဖြစ်ဖို့သာ၊
ပျော်ရာပါလော့။ ။

.....

Tuesday 6 October 2009

ပျင်းစိတ်ပြတ်စေ


ပျင်းစိတ် ပျင်းပြော.....ပျင်းအဟောနှင့်၊

ပျင်းကြောကိုဆန့်..... ပျင်းနည်းနှံ့လျက်၊

ပျင်းအံ့မူးမူး.....ပျင်းအထူးကို၊

ပျင်းဦးဟဲ့လို့..... ပျင်းဖို့စိတ်အား၊

ပျင်းမအားအောင်..... ပျင်းအားကိုလျော့၊

ပျင်းမမော့ဖို့..... ပျင်းတော့ဘူးဆို၊

ပျင်းကိုမပျင်း..... ပျင်းပြတ်ရှင်းနှင့်၊

ပျင်း အပြီးပိတ်..... ပျင်းစိတ်တွေကြွေ၊

ပျင်းမွေတွေပြတ်စေသတည်း။


....

အနိစ္စသရုပ်


ထိုးဟန် ကြိတ်ဟန်.....အောင်ပွဲခံနှင့်၊

အားမာန်အပြည့်..... သတ္တိဖြည့်ထား၊

ထိုယောက်ျားကို..... ထင်ရှားစွာပင်၊

မြင်လျင်မြင်ဆဲ..... ငါ့စိတ်ထဲဝယ်၊

ငါလဲသူ့လို..... သတ္တိပိုချင်၊

ထိုလျင်ခဏ..... ပစ္စက္ခ၌၊

တက်ကြွစိတ်ဓါတ်..... တွယ်ငြိကပ်၏။
...



လွမ်းချင်း တမ်းချင်း..... လွမ်းသီချင်းနှင့်၊

ဧချင်းစုစု..... လွမ်းဆွေးမှုကို၊

အနုအရွ..... သုခုမဖြင့်၊

သောတ စက္ခု..... ကြား ရှု တုံလတ်၊

ငါ့စိတ်ဓါတ်ဝယ်..... ထပ်ခါတစ်လဲ၊

ဝမ်းနည်း ၀မ်းသာ..... မျက်ရည်ဖြာလျက်၊

သိင်္ဂါရသ..... ခံစားရ၏။
...


ပုထုဇဉ်စိတ်..... ငြိမ်မဆိတ်ဘူး၊

အတိတ် ပစ္စု..... နာဂါတ် မှုခင်း၊

ဇာတ်တလင်းဝယ်.....ဇာတ်ခင်းဖုံဖုံ၊

ကြမ္မာစုံကို..... တွေ့ကြုံသောခါ၊

ဘယာနက..... သိင်္ဂါရနှင့်၊

ဝီရ စသား..... ဘာဝပြားလျက်၊

ကိုးပါးရသ..... ပြောင်းလဲကြသည်၊

ဓမ္မသဘော..... အဟောဝတ၊

အော်.....

အနိစ္စချည်းပါတကား။


....

Saturday 3 October 2009

သီတင်းကျွတ်လပြည့်မျှော်ရည် တေးထပ်


သီတင်းကျွတ် ခါသမယ......... လာသမျှ လုံးစုံ၊

ထာဝရ ပြုံးရွှင်ကြည်.........ရွှေမြန်ပြည် ထက်ချုံး၊

ကမ္ဘာ့ရွာ မိတ်ဆွေတွေကို.........တိုးတက်စေ မေတ္တာမဆုံး၊

ဘိုးဘွားမိဘတွေရယ်.........ကန်တော့မွေ ခံဦး၊

ဝါလကျွတ် မင်္ဂလာမှာ......... ရိပ်သာကို ဆက်သွား၊

မျက်မထား ဒေါသကွာသည်၊ ဘာဝနာ ထပ်လို့သာပွါး၊

ဝတိံနန်းက ဆင်းသက်လာသည်.........ဘဂ၀ါ နတ်သနင်း၊

လူနတ်ချင်း ချစ်ကြည်ဖြူ......... ကြိုကြအတူ၊

သူတို့ချင်း ရိုင်းပင်းကူသည်......... ကျွန်းဇမ္ဗူ ခြိမ့်သဲလို့လေး။

မြဲမပြတ် သဒ္ဓါဆောင်သည်......... ဆီမီးရောင် ထွန်းညှိစို့လေး။

မြတ်သီလ စိတ်ကမျှော်ရည်......... ဥပုသ်တော် ယူကြစို့လေး။ ။

...

Friday 2 October 2009

အမျိုးသမီးအခွင့်အရေးအတွက်


"" ဗုဒ္ဓက အမျိုးသမီးတွေအတွက် အထူးအခွင့်အရေး ရယူပေးခဲ့တယ် ""

ဟိန္ဒူဘာသာဟာ တစ်ခြားဘာသာနှင့်မတူဘဲ ကွဲပြားခြားနားနေတယ်။ အခြားဘာသာကြီးတွေဟာ စတင်တည်ထောင်ခဲ့တဲ့သူရဲ့  ဘ၀သမိုင်းအတိအကျရှိပါတယ်။ ဟိန္ဒူဘာသာသမိုင်းအစကိုတော့ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးထောင်လောက်က ပေါ်ပေါက်လာခဲ့တယ်လို့ဘဲ ပါးစပ်သမိုင်း တွင်ရစ်နေလေရဲ့ ။

Dowry, Sati, Purdah (အထက်ပို့စ်တွေမှာ ရေးခဲ့ပြီး)စတဲ့ ရင့်သီးလှတဲ့ ဟိန္ဒူဝါဒတွေ အင်အားကြီးမားစွာ ထွန်းကားနေချိန်မှာ ဗုဒ္ဓပေါ်ပေါက်လာခဲ့တာပါ။ ဗုဒ္ဓဟာ သူရဲ့ ဘ၀ကို လွယ်လင့်တကူ မဖြတ်သန်းခဲ့ရပါဘူး။ ဒီအယူအဆတွေကို ခက်ခက်ခဲခဲ တွန်းလှန်ဖြိုဖျက်ပစ်ခဲ့ပြီးမှ ဗုဒ္ဓဘာသာကို တည်ထောင်ခဲ့ရတာပါ။ ဟိန္ဒူဝါဒအပြင် တိတ္ထိဆရာကြီး ၆ ယောက်တို့ရဲ့  အယူဝါဒတွေလဲ အရမ်းရေပန်းစားနေတဲ့အချိန်ပေါ့။ ဗုဒ္ဓရဲ့  မနားမနေကြိုးစား အားထုတ်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဟာ အထူးသဖြင့် အမျိုးသမီးထုအများစုအတွက် အားကိုးခုံလှုံရာနေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။

ဒါတောင်မှ ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးထဲမှာ ဟိန္ဒူဝါဒအရိပ်အယောင် နဲနဲထင်ဟပ်နေသယောင်ယောင်ပါ။ ဒါကြောင့်မို့ ဗုဒ္ဓကိုယ်တိုင်တောင် အမျိုးသမီးနှင့်ပတ်သက်တဲ့ တစ်ချို့ ကိစ္စတွေမှာ အတော်လေးစဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့ဟန်ရှိပါတယ်။ ဥပမာ။ ပထမအနေနဲ့ အမျိုးသမီးတွေကို ဘိက္ခုနီ(ရဟန်းမ)၀တ်ဖို့ ဗုဒ္ဓက လုံးဝသဘောမတူခဲ့ပါဘူး။ ပထမဦးဆုံး ဘိက္ခုနီဝတ်ဖို့ တောင်းပန်လာတဲ့သူဟာ ဗုဒ္ဓရဲ့ ကျေးရှင်ရှင် မိထွေးတော်ပဇာပတိဂေါတမီကိုယ်တိုင်ပါဘဲ။ ရှင်အာနန္ဒာဝင်ရောက်တောင်းဆိုမှ ဗုဒ္ဓငါးဝါမြောက်မှာ ဘိက္ခုနီသာသနာကြီး ထွန်းလင်းပေါ်ပေါက်လာခဲ့ရတာပါ။
ဒါပေမဲ့ ဘိက္ခုနီမတွေရဲ့ ဘ၀ဟာ ရဟန်းတွေရဲ့  ဘ၀လောက် ဦးစားပေးမခံခဲ့ရပါဘူး။
လူတွေရဲ့ အထင်ကြီးချင်းကိုလဲ ရဟန်းတွေလောက် မရရှိခဲ့ကြပါဘူး။ ယနေ့ခေတ် သီလရှင်နှင့်ရဟန်းတော်တွေကို နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။

ဗုဒ္ဓက ဇာတ်နိမ့် ဇာတ်မြင့် ဆင်းရဲ ချမ်းသာ ယောက်ျား မိန်းမ ကလေး လူကြီး ရုပ်လှ ရုပ်ဆိုး စတဲ့ ခွဲခြားမှုတွေအားလုံးကို လက်ရည်တစ်ပြင်ထဲဖြစ်အောင် မနေမနား ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အတိုက်အခိုက် အတင်းအဖျင်း အလုပ်အကြံ ဖျားယောင်းသွေးဆောင် အစွပ်အစွဲ အဆင်းအရဲ စတဲ့ ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံပြီး လူသားအားလုံး ကောင်းစားရေးအတွက် ဗုဒ္ဓက သူ့ဘ၀ကို ပေးအပ်သွားခဲ့ပါတယ်။ အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီး ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ဘဲ မားမားမတ်မတ် ရပ်တည်နိုင်တာပါ။

တကယ်လို့သာ
-ဗုဒ္ဓမပေါ်ပေါက်ခဲ့ဘူးဆိုရင်
-ဗုဒ္ဓရဲ့ ကြိုးပမ်းမှုတွေအားလုံးကို ဟိန္ဒူဝါဒက ၀ါးမျိုသွားခဲ့မယ်ဆိုရင်
-ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံကို မရောက်ရှိခဲ့ဘူးဆိုရင်
-ဟိန္ဒူဝါဒက မြန်မာနိုင်ငံကို လွှမ်းမိုးသွားမယ်ဆိုရင်
အဓိကဓားစာခံက မြန်မာအမျိုးသမီးတွေဘဲ ဖြစ်မှာပါ။

ဗုဒ္ဓပေါ်ပေါက်လာခြင်းဟာ လူသားအားလုံး ၀ဋ်ဆင်းရဲကလွတ်မြောက်ရေးလမ်းစဉ်အပြင် အမျိုးသမီးလူထုကြီးအားလုံးကို အနှိပ်အစက် အဖိခံဘ၀ကနေ လွတ်မြောက်အောင် ကယ်တင်ရာလဲ ရောက်ခဲ့တယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ဗုဒ္ဓဟာ အမျိုးသမီးလူထုကြီးအားလုံးရဲ့  ကယ်တင်ရှင်စစ်စစ်ကြီးဖြစ်တယ်လို့သာ ဆိုလိုက်ချင်ပါတော့တယ်။


ဗုဒ္ဓရှင်တော်၊ မပွင့်ပေါ်က၊
မိန်းမယောက်ျား၊ ဇာတ်ခွဲခြားကာ၊
လွဲမှားအယူ၊ များပြည်သူတို့၊
အယူဝါဒ၊ မတူမျှ၍၊
မာနစွက်ကူ၊ ဒေါသမူပြီး
ကြည်ဖြူသက်ညှာ၊ မရှိရာဘူး။


ထို့ပြင်တစ်ဝ၊ ဣတ္ထိယတို့၊
မောဟထူပြော၊ တဏှာနှော၍၊
သဘောတရား၊ ဝေးရှောင်ရှားပြီး၊
ယောက်ျားအလို၊ ဟန်ပိုပိုဖြင့်၊
ငိုငိုရီရီ၊ Dowry Sati ၊
သေချာမိအံ့။


ဗုဒ္ဓရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ရှင်တော်ဗုဒ္ဓ၊ ဆိုဆုံးမဖြင့်၊
ဤကမကောင်း၊ ထိုကကောင်းဟု၊
ဆိုးကောင်းနှစ်ဖြာ၊ ဓမ္မတာကို၊
သေချာပိုင်ပိုင်၊ သိမြင်နိုင်ပြီး၊
စွဲကိုင်မေတ္တာ၊ ကရုဏာဖြင့်၊
ချမ်းသာစစ်မှန်၊ မြတ်နိဗ္ဗာန်ကို၊
ကြိမ်ဖန်တွေ့ဆုံ၊ ပန်ခွင့်ကြုံ၏။


Dowry Sati ၊ ဇာတိခွဲခြား၊
ကွဲအပြားကို၊ ဘုရားဗုဒ္ဓ၊
ဆန့်ကျင်ပြလျက်၊ မိန်းမခွင့်ရေး၊
လူ့ခွင့်ရေးကို၊ ယူပေးခါသာ၊
ဣတ္တိယာတို့၊ ချမ်းသာသုခ၊
လွန်စွာရ၍၊ ဘ၀လှဆင့်၊
ထင်တိုင်းတင့်၏။


ထို့ကြောင့်မိန်းမ၊ ဣတ္ထိယတို့၊
ဗုဒ္ဓသခင်၊ ကျေးဇူးရှင်ကို၊
ဦးတင်ညွတ်ကျိုး၊ ရှိခိုးခါခါ၊
ပြုကျင့်ရာသည်၊ များစွာဣတ္ထိ၊
သတိရှိလော့။

မှတ်ချက်။
ဤကဗျာ ဤစာ ဤပို့စ်ဖြင့် ဗုဒ္ဓအား လွန်ကဲသော ကြည်ညိုမှုနှင့်အတူ ဦးချရိုသေမှုပြုပါ၏။
ကိုကိုမောင် (ပန်းရနံ့)
...

Thursday 1 October 2009

အော်....မိန်းမဘ၀... (ကရုဏာသံဖြင့်)


မုဆိုးမဖြစ်ရတာထက် သေရတာကပိုမြတ်ပါတယ်။
ဒီအယူဟာ ဟိန္ဒူဘာသာမှာ အရိုးစွဲနေပါပြီ။

Sati ( a practice of suicide burning) မီးလောင်ပြီးအသေခံခြင်း
လင်ယောက်ျားသေဆုံးပြီးနောက် ကျန်ရစ်တဲ့အမျိုးသမီးကို အမင်္ဂလာမိန်းမ၊ ကျက်သရေတုံးတဲ့မိန်းမ တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။ ဒါကြောင့်မို့ ဒီ Sati ဆိုတဲ့ ထုံးတမ်းစဉ်လာ ပေါ်ပေါက်လာရတာပါ။
ဒီ Sati က နှစ်မျိုးရှိပါတယ်။ Widow-Burning နှင့် Jauhar ပါ။ ရှင်းပြပါမယ်။


Widow-Buring (မုဆိုးမကို မီးရှို့ သတ်ကြခြင်း)
မုဆိုးမကို မီးရှို့ သတ်ကြတယ်ဆိုပေမဲ့ များသောအားဖြင့် ကျန်ရစ်သူ မုဆိုးမကိုယ်တိုင်က သူ့ကိုသူ အဆုံးစီရင်တာပါ။ ဘယ်လို စီရင်သလဲဆိုတော့ လင်ယောက်ျားရဲ့ အလောင်းကို မီးရှို့ တဲ့ Funeral Pyre လို့ခေါ်တဲ့ မီးပုံထဲ ခုန်ဆင်းပြီး သူမကိုယ်သူမ(သူမယောက်ျားအလောင်းနှင့်အတူ) မီးလောင်စေပြီး အသေခံတာပါ။ မုဆိုးမဘ၀နှင့်မယှဉ်သန်ချင်တာလဲ ပါမှာပေါ့လေ။ နောက်အိမ်ထောင်ပြုခွင့်မရမဲ့အတူတူ သေတာဘဲကောင်းပါတယ်ဆိုတဲ့ အယူလဲ ရှိကောင်းရှိနိုင်ပါတယ်။ ကျန်ရစ်သူမုဆိုးမကိုယ်တိုင် သူမဆန္ဒနှင့်သူမ အသေခံတာရှိသလို
လင်ယောက်ျားရဲ့ ဆွေမျိုးတွေက အတင်းအကြပ် မီးပုံထဲခုန်ဆင်းခိုင်းလို့ သေရတဲ့ မုဆိုးမတွေလဲ မနည်းခဲ့ပါဘူး။

ဟိန္ဒူဘာသာရဲ့  အမွန်မြတ်ဆုံးကျမ်းဟာ ဝေဒအမည်ရှိတဲ့ကျမ်းတွေပါ။ အဲဒီဝေဒကျမ်းတွေထဲက ရိဒ်ဝေဒကျမ်းဟာ ရှေးအကျဆုံးကျမ်းဖြစ်ပါတယ်။ အဲဒီ ရိဒ်ဝေဒကျမ်းထဲမှာ Sati Hynm လို့ခေါ်တဲ့ မုဆိုးမမီးလောင်ခံတဲ့အခမ်းအနားမှာ သီဆိုတဲ့ ဘာသာရေးသီချင်းတွေကို ဖော်ပြထားပါတယ်။ မုဆိုးမမီးလောင်အသေခံတာတောင် အခမ်းအနား အတီးအမှုတ် အကအခုန်တွေနဲ့ ပြုလုပ်လိုက်ကြသေးတယ်။ အတော်ကို မတရားအနိုင်ကျင့်လွန်းပါတယ်။

သေချာလေ့လာကြည့်လိုက်တော့ သူတို့မှာ ဒီလိုယုံကြည်မှုလေးတွေကြရှိတယ်။
လင်ယောက်ျားအလောင်းနှင့်အတူ မီးလောင်အသေခံတဲ့ အမျိုးသမီးကို----
၁။အလွန်မြင့်မြတ်ပြီး သီလနှင့်ပြည့်စုံတဲ့ အမျိုးသမီးလို့ အများက သတ်မှတ်ကြခြင်း
၂။သေဆုံးပြီးပြီးချင်း ကောင်းကင်ဘုံသို့ တိုက်ရိုက်ရောက်ရှိနိုင်ခြင်း
၃။ငရဲမှာ ဒုက္ခခံစားနေရတဲ့ ဆွေမျိုးတွေအားလုံးကို ကယ်တင်ရာရောက်ခြင်း
၎။နတ်သမီးတစ်ပါးအနေနဲ့ ကိုးကွယ်ခံရခြင်း
၅။ကောင်းကင်ဘုံ၌ နှစ်ပေါင်း ၃၅ သန်းတိုင်တိုင် သူမယောက်ျားနှင့်အတူ စည်းစိမ်ခံစားနိုင်ခြင်း
၆။ကျန်ရစ်သူများက အမှတ်ရနေစေရန်အတွက် ဘုရားကျောင်းတစ်ခုခုကို သူမအတွက် ဆောက်လုပ်ပေးကြခြင်း၊
အဲဒီလို ယုံကြည်မှုတွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀ဟာ ပိုပြီး အဖိနှိပ်ခံဖြစ်ခဲ့ရပါတယ်။
ဒီလိုအလေ့အကျင့်တွေ ပျောက်ပျက်ခဲ့တာ နှစ်ပေါင်း ရာချီရှိခဲ့ပြီဆိုပေမဲ့ အိန္ဒိယနိုင်ငံအစွန်အဖျားဘက်မှာ တစ်ခါတစ်ရံ ဒီကျင့်ထုံးကို ယနေ့တိုင်အောင် ပြုလုပ်နေကြပါသေးတယ်။


Jauhar (မိန်းမများ အစုလိုက်အပြုံလိုက် မီးရှို့ အသတ်ခံရခြင်း)
ဒီအလေ့အကျင့်ဟာ Sati နှင့်အနည်းငယ်ကွဲသယောင်ထင်ရပေမဲ့ အမှန်ကတော့ Sati အလေ့အကျင့်ပါဘဲ။
ယောက်ျားတွေ စစ်မြေပြင်ထွက်တဲ့အခါမျိုးမှာ တစ်မြို့လုံးမှာရှိတဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ ဇနီးနှင့်သမီးတွေအားလုံးကို စစ်မထွက်ခင် အစုလိုက်အပြုံလိုက် မီးရှို့  သတ်ဖြတ်ခဲ့ကြလေ့ရှိပါတယ်။
သူတို့ ဒီလိုလုပ်တာဟာ အကြောင်းနှစ်ချက်ကြောင့်လုပ်ရတာပါ။
၁။ဇနီးနှင့်သမီးတွေအားလုံး ရန်သူလက်တွင်းကို ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ထားခြင်း
၂။စစ်ထွက်သွားတဲ့ယောက်ျားတွေဟာ စစ်မြေပြင်မှာ သေဖို့ရာခိုင်နှုန်းများတဲ့အတွက် ဇနီးမယားတွေ မုဆိုးမဘ၀ ရောက်ရဖို့ ကျိန်းသေခြင်း။ (မုဆိုးမဘ၀ဟာ အမင်္ဂလာ၊ ကျက်သရေမရှိ ဟု အယူရှိကြ၏)

အဲဒီလို အစုလိုက်အပြုံလိုက် မီးရှို့ အသေခံတဲ့ အမျိုးသမီးတွေထဲမှာ အမျိုးသမီးအများစုက သူတို့စေတနာအလျောက် အသေခံကြတာပါ။ သေဖို့ ဆန္ဒမရှိတဲ့ အမျိုးသမီးကိုလဲ လင်ယောက်ျားက အတင်းအဓမ္မအသေခံခိုင်းပါတယ်။ သေဖို့ဆန္ဒရှိရှိ မရှိရှိ အားလုံး သေကြကြတာချည်းပါဘဲ။ တော်တော်ဥာဏ်ကြီးကြတဲ့သူတွေဘဲနော်။ စစ်မရောက်ခင် များကုန်နေကြပြီ။ စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ ဒါပေမဲ့ ဒီအယူဝါဒတွေကို ဒီခေတ်မှာတော့ မကျင့်သုံးကြတော့ပါဘူး။ ပျောက်ပျက်သွားပါပြီ။


No divorce and no remarriage (အိမ်ထောင်ကွဲနှင့်ပြန်အိမ်ထောင်ပြုခြင်းတို့ကို ခွင့်မပြု)
ယောက်ျားဘယ်လောက်ဆိုးဆိုး မိန်းခလေးမှာ အိမ်ထောင်ကွဲခွင့်မရရှိပါဘူး။ ကြိတ်မှိတ်သည်းခံပြီးနေရုံပါဘဲ။ တကယ်လို့ ယောက်ျားနှိပ်စက်တာ မခံနိုင်လို့ အိမ်ကထွက်ပြေးရင်တောင်မှ ဟိန္ဒူဝန်းကျင်ထဲမှာ ကျင်လည်နေသရွေ့  ဘယ်တော့မှ နောက်အိမ်ထောင်ပြုခွင့်မရှိပါဘူး။


Purdah (သူစိမ်းရှေ့ မှာ မျက်နှာဖုံးကွယ်ထားရခြင်း)
ဟိန္ဒူအမျိုးသမီးတွေဟာ လျို့ ဝှက်စွာ သီးသန့်နေရပါတယ်။ အပြင်ထွက်ရင်လဲ ခန္ဓာကိုယ်တစ်ခုလုံးအပြင် မျက်နှာကိုပါ အ၀တ်နှင့်ဖုံးကွယ်ပြီးထွက်ရပါတယ်။ မျက်စိမြင်ရရုံသာ အပေါက်ကလေးတွေပြုလုပ်ထားပါတယ်။ ကျနော်တို့ အများစုက မွတ်စလင်မတွေသာ အပြင်ထွက်ရင် မျက်နှာဖုံးကွယ်ပြီးထွက်ရတယ်လို့ သိကြတာပါ။ အမှန်တကယ်က ဟိန္ဒူအမျိုးသမီးတွေလဲ Purdah လို့ခေါ်တဲ့ မျက်နှာဖုံးကွယ်ပြီး အပြင်ထွက်ရတဲ့ စည်းကမ်းဥပဒေတွေရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို ဇာတ်မြင့်အာရိယန်ဟိန္ဒူတွေသာ မှန်မှန်ကန်ကန်လိုက်နာကြတယ်လို့ ဆိုပါတယ်။ ဒီလို မျက်နှာကို ဖုံးကွယ်ထားခြင်းအားဖြင့် တစ်ခြားယောက်ျားလေးတွေရဲ့  တဏှာရန်မှ လွတ်ကင်းနိုင်တယ်လို့ သူတို့ ယုံကြည်ထားကြပါတယ်။

သူ့အရပ်နှင့်သူ့ဇာတ်ကတော့ ဟုတ်နေတာပါဘဲ။
အမျိုးသမီးဆိုသူတွေ အများစုကလဲ အလှအပအတွက်နှင့် ဂုဏ်အတွက်ဆိုရင် ငွေကုန်တာ ထမင်းငတ်ခံတာကို အသာလေးထားပြီး အသက်ကိုတောင် မနှမြောတတ်ကြလေတော့ သူတို့ကြောင့်လဲ ခပ်ခက်ခက်ပါဘဲ။


ကိုးကားချက်။
1.http://www.geocities.com
2.http://www.hinduwebsite.com
3.Thitthila, Ashin, (1992) Essentail Themes of Buddhist Lectures, Yangon: Religious Affairs Press.
4.Pruthi, R and Sharma, B.R (1995) Buddhism, Jainism and Women, New Delhi: Anmol Publications.


.....