Thursday 24 February 2011

သတိ... နတ်ကြီးသည်

သူကြီးမင်းတို့ တုံးဖလားရွာနဲ့ ငါးမိုင်လောက် ကွာဝေးတဲ့ အရပ်မှာ အောင်သာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အိမ်ခြေ လေးဆယ်လောက်ရှိတဲ့ ရွာလေးတစ်ရွာပါ။ အဲဒီရွာနဲ့ တစ်မိုင်လောက်အကွာမှာ နံ့သာဆိုတဲ့ ရွာလေး တစ်ရွာရှိတယ်။ အိမ်ခြေ အစိတ်လောက်ဘဲ ရှိမယ်ထင်တယ်။ အဲဒီ နှစ်ရွာဟာ တစ်ရွာနဲ့ တစ်ရွာ တစ်မိုင်လောက် အကွာအဝေး ရှိပေမဲ့ လယ်ကွင်းပြင်ချင်း ထိစပ်နေတဲ့အတွက် လှမ်းမြင်နေရပါတယ်။ အဲဒီ ရွာ နှစ်ရွာ ကြားထဲမှာ သင်္ချိုင်းကုန်းတစ်ခုရှိတယ်။ နောက်ပြီး နတ်ကြီးစင်တစ်ခုလဲ ရှိတယ်။ နတ်ကြီးစင်ဆိုတာက ရပ်ရွာကို စောင့်ရှောက်ပေးတဲ့ နတ်တွေအတွက် နေရာလေးတစ်ခုပါ။ ရှင်ပြုပွဲဘဲလုပ်လုပ် မင်္ဂလာပွဲဘဲ လုပ်လုပ် အဲဒီ နတ်ကြီးစင်ရှိတဲ့ နေရာသွားပြီး ပွဲပေးရပါတယ်။

သင်္ချိုင်းကုန်းက အဲဒီ ရွာနှစ်ရွာကို ဖြတ်သန်းသွားလာတဲ့ လမ်းရဲ့ အရှေ့ဘက်မှာ ရှိပြီး နတ်ကြီးစင်ကတော့ လမ်းရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ သင်္ချိုင်းကုန်းနှင့် နတ်ကြီးစင်က အရှေ့နှင့်အနောက် တည့်တည့်ပါဘဲ။ ရွာက ငယ်တဲ့အတွက် လူအသေ အပျောက် နည်းပါတယ်။ ဒါကြောင့် အဲဒီ သင်္ချိုင်းကုန်းကို ကြောက်စရာနေရာ အဖြစ် ဘယ်သူမှ မသတ်မှတ်ကြပါဘူး။ နတ်ကြီးစင်ရှိတဲ့ တောထဲမှာတော့ ဧရာမ သစ်ပင်ကြီးတွေ ရှိတယ်။ လူနှစ်ယောက် ဖက်မမီလောက်တဲ့ တောသရက်ပင်ကြီး နှစ်ပင်လဲ နတ်ကြီးစင်အနားမှာ လမ်းရဲ့ အရှေ့ဘက်တစ်ပင် အနောက်ဘက်တစ်ပင် နေရာ ယူထားကြတယ်။ လမ်းပေါ်ကို အုပ်မိုးနေတဲ့အတွက် အုံ့ဆိုင်းဆိုင်းကြီး ဖြစ်နေတယ်။ အဲဒီ သရက်ပင်ကြီး နှစ်ပင်ရယ် နတ်ကြီးစင်ထဲက ဧရာမသစ်ပင်ကြီးတွေရယ်ကြောင့် လမ်းသွားလမ်းလာလူတွေဟာ သင်္ချိုင်းကုန်းကို မကြောက်ကြတော့ဘဲ နတ်ကြီးစင်ကိုဘဲ ပို ကြောက်နေတတ်ကြတယ်။

ကြောက်မယ်ဆိုလဲ ကြောက်ချင်စရာပါ။ အဲဒီ နတ်ကြီးစင်က နာမည်နဲ့အလိုက် အရမ်းကို နတ်ကြီးပါတယ်။ တစ်ခုခု အမှားလုပ်မိတာနဲ့ လူတွေကို နှောင့်ယှက်တတ်တယ်။ ဥပမာအားဖြင့် နတ်ကြီးစင်နားတ၀ိုက် တံတွေးထွေးတာတို့ နှပ်ချေးညှစ်တာနဲ့ ရှူးရှူးပေါက်တာတို့ ပြုလုပ်မိရင် အဲဒီလူကို ပူးဝင်ပြီး ကြောင်တောင်တောင် ဖြစ်အောင် လုပ်တော့တာပါဘဲ။ နောက်ပြီး ရှိသေးတယ်။ အဲဒီ နတ်ကြီးစင်နား ဖြတ်သွားရင် အ၀တ်အစား အနက်ရောင် မ၀တ်ရပါဘူး။ နတ်မကြိုက်ဖူးလို့ လူကြီးတွေ ပြောကြပါတယ်။ နောက်တစ်ခုကတော့ စက်ဘီး ဆိုင်ကယ် စီးပြီး အဲဒီ နတ်ကြီးစင်ကို မဖြတ်သွားရပါဘူး။ အခန့်မသင့်ရင် စက်ဘီးတွေ ဆိုင်ကယ်တွေကို တွန်းလှဲပစ်တတ်တယ်တဲ့။

တစ်နေ့မှာ ရွာထဲက ကံညွန့်ဆိုတဲ့ လူတစ်ယောက် အဲဒီ နတ်ကြီးစင် တောထဲမှာ ငှက်သွားပစ်တယ်။ အဲဒီတောထဲ သူ ၀င်သွားပြီး ၃ ရက်တိတိ အိမ်ကို ပြန်မရောက်တော့ဘူး။ အဲဒီ အရပ်စကားနဲ့ ပြောရရင်တော့ နတ်လွင့်တယ်လို့ ခေါ်ပါတယ်။ နတ်လွင့်တယ်ဆိုတာ ကိုယ့်အိမ်ကို မပြန်တတ်တော့ဘဲ ဟိုဟို ဒီဒီ လျှောက်သွားနေတာကို ခေါ်တာပါ။ ကံညွန့်တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ အဲဒီ နတ်ကြီးစင်တော အပါအ၀င် နေရာ အတော်အနှံ့ အော်ခေါ်ပေမဲ့ ဘယ်လိုမှ ရှာမရပါဘူး။ နတ်ကြီးစင် တောထဲမှာ ငှက်လိုက်ပစ်တဲ့ အတွက် နတ်က ဒဏ်ခတ်လိုက်တဲ့ သဘောပါ။

သုံးရက်မြောက်တဲ့ နေ့မှာမှ ကံညွန့်ကို ပြန်တွေ့ခဲ့တယ်။ ပြန်တွေ့တော့လဲ အဲဒီ နတ်ကြီးစင်တောထဲမှာဘဲ ပြန်တွေ့ခဲ့တာပါ။ သူ့ကို မေးကြည့်လိုက်တော့ သူ အဲဒီ အထဲမှာဘဲ နေခဲ့တာပါတဲ့။ ဘယ်ကိုမှ မသွားခဲ့ပါဘူးတဲ့။ လူတွေ အဲဒီ တောထဲ ၀င်လာပြီး သူ့ကို အော်ခေါ်နေတာကိုလဲ မြင်တယ်တဲ့။ ပြန်ထူးချင်စိတ် မရှိလို့ ပြန်မထူးလိုက်တာတဲ့။ ဒါဖြင့် မင်းကို ဘယ်သူက ထမင်းကျွေးလဲ မေးတော့ ငါက အဲဒီထဲမှာ ခဏလေးဘဲ နေခဲ့တာ ဗိုက်တောင် မဆာခဲ့ပါဘူးတဲ့။ အမှန်မှာဆို သူက အဲဒီထဲမှာ သုံးရက်တိတိ နေခဲ့ရတာပါ။ ဒါပေမဲ့ သူကတော့ ခဏလေးဘဲလို့ ထင်နေခဲ့တယ်။ လူ့ပြည်က အချိန်နှင့် နတ်ပြည်က အချိန် ကွာခြားတယ်ဆိုတာ အဲဒါကို ပြောတာ ဖြစ်ချင် ဖြစ်မှာပါ။ ကံညွန့်တစ်ယောက် အဲဒီအချိန်ကစပြီး နဲနဲတော့ ကြောင်တောင်တောင် ဖြစ်လာတယ်လို့ အဲဒီ ရွာသားတွေက ပြောပြကြတယ်။

နောက်တစ်ယောက် နတ်ပြုစားခံရတဲ့ သူက တင်အောင်ဆိုတဲ့ လူပျိုကြီးတစ်ယောက်ပါ။ အောင်သာရွာကပါဘဲ။ တစ်နေ့မှာ သူ့နွားတွေ ပျောက်သွားတယ်။ နွားပျောက်လိုက်ရှာတာ နှံ့နေတာဘဲ။ ဒါပေမဲ့ ရှာမတွေ့ဘူး။ ညနေလောက်ရောက်မှ သူ့နွားတွေကို နတ်ကြီးစင်တောထဲမှာ သွားတွေ့တယ်။ သူလဲ တစ်နေကုန် နွားရှာဖွေနေရတာနဲ့ အချိန်ကုန်နေတော့ စိတ်တိုတော့တာပေါ့။ ဒါကြောင့် အဲဒီ နတ်ကြီးစင်ထဲမှာဘဲ နွားတွေကို မအေတုတ်ပြီး ကော်ဆဲတော့တာပေါ့။

နောက်တစ်နေ့မှာ ကိုတင်အောင်ဟာ လယ်ထဲက စပါးတွေ အိမ်ကို တိုက်ယူဖို့အတွက် သူ့နွားတွေနဲ့ လှည်းကို ကတယ်။ ပြီးတော့ လယ်ကွင်းထဲကို သွားတယ်။ လယ်ကွင်းထဲ မရောက်ခင် သူ့နွားလှည်း မှောက်သွားတယ်။ သူလဲ လှည်းအောက်ရောက်သွားတယ်။ ဘာမှတော့ ထိခိုက်ဒဏ်ရာ မရပါဘူး။ ဒါပေမဲ့ သူ့မျက်လုံးကို ကြည့်ရတာ ကြောင်တောင်တောင် ဖြစ်နေတယ်။ တစ်ခါတစ်ရံ ထအော်တတ်တယ်။ တစ်ခါတစ်ရံ င့ါအနားမလာကြနဲ့ ဆိုပြီး ကြိမ်းမောင်းတတ်တယ်။ အဲဒီ ရွာသားတွေ ပြောတာကတော့ နတ်ပြုစားတာတဲ့။ နတ်ကြီးစင်ထဲမှာ ဆဲဆို အော်ဟစ်ခဲ့လို့တဲ့။

နောက်တစ်နေ့ရောက်တော့ ရွာထဲက လူကြီးတွေရဲ့ အကြံပေးချက်အရ ကိုတင်အောင်ရဲ့ မိသားစုတွေဟာ အုပ်ပွဲပြင်ပြီး နတ်ကြီးစင်ထဲသွားရတယ်။ ငှက်ပျောပွဲ အုန်းပွဲ ဖယောင်းတိုင်ပွဲတွေပေါ့။ အဲဒီနတ်က သက်သတ်လွတ်စားတော့ အသားတွေ မတင်ရဘူး။ (ဒါပေမဲ့ သူ့ညီမ နတ်တစ်ပါးကတော့ ကြက်သားဆို ကြိုက်မှ ကြိုက်ဆိုဘဲ၊ တစ်နှစ်တစ်ခေါက်လောက်တော့ သူ့ညီမအတွက် ကြက်သား ဆက်သရတယ်)။ ပြီးတော့ နတ်ကို ပူဇော်ပသပြီး ကိုတင်အောင်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရတယ်။ ဒါပေမဲ့ ကိုတင်အောင်တစ်ယောက်ကတော့ သူကြီးမင်း ဘိလတ်မလာခင်ထိ ပြန်ကောင်းလိုက် ပြန်ဖောက်လိုက်ပါဘဲ။ အဲဒီနောက်မှာတော့ ရွာထဲက လူကြီးတွေက ရွာသားတွေ အတွက် စိုးရိမ်ပြီး နတ်ကြီးစင်နားက သရက်ပင်ကြီး တစ်ပင်မှာ သတိပေး ဆိုင်းဘုတ် တစ်ခုချိတ်ဆွဲထားလေရဲ့။

သတိ။
နတ်ကြီးသည်။
ရိုရိုသေသေ သန့်သန့်ရှင်းရှင်း ဖြတ်သန်း သွားလာပါ။
နတ်မကြိုက်က ပြုစား ခံရတတ်သည်။
....

တစ်ခုထူးဆန်းတာက အဲဒီနတ်ဟာ ဘုန်းကြီးကျောင်းသားတွေကိုတော့ မပြုစားဘူး။ မ၀င်ပူးဘူး။ အဲဒီလို နတ်ပွဲပေးပြီး နတ်ကြီးစင်သွားတာမြင်ရင် ဘုန်းကြီးကျောင်းသားတွေက နောက်နားက မသိမသာ လိုက်သွားပြီး နတ်ပူဇော်ပသတဲ့ လူတွေ ပြန်သွားရင် နတ်ပွဲကို နတ်တော့ စားလား မစားလားမသိ ဘုန်းကြီးကျောင်းသားတွေတော့ ဗိုက်ကားအောင် စားလိုက်ကြရတာချည်းဘဲ။ ဘုန်းကြီးကျောင်းက အောင်သာရွာကြားနဲ့ အဲဒီ နတ်ကြီးစင်ကြားမှာ ရှိတယ်။ ဒါကြောင့် နတ်ကြီးစင်ကို သွားပြီး ပူဇော်ကြတိုင်း ဘုန်းကြီးကျောင်းနားက ဖြတ်သွားရတယ်။ ဒီတော့ ဘုန်းကြီးကျောင်းသားတွေအတွက် အကွက်ဘဲပေါ့။

ကြားဖူးတာကတော့ ဘုန်းကြီးကျောင်းသားတွေဆို သရဲတွေ တစ္ဆေတွေ နတ်တွေက ကြောက်မှ ကြောက်ဆိုဘဲ။ ဒါကြောင့် ဘုန်းကြီးကျောင်းသားဆို ဝေးဝေးက ရှောင်ကြသတဲ့။ စာဖတ်သူတွေကတော့ ထင်ကြတော့မှာဘဲ။ ဘုန်းကြီးကျောင်းသားတွေက ဘုရားနှင့်တရားနှင့်နေလို့ နတ်တွေ တစ္ဆေသရဲတွေက ကြောက်ကြတာနေမှာပေါ့လို့။ မဟုတ်ရေးချ မဟုတ်ရပါခင်ဗျာ။ နတ်တွေ တစ္ဆေသရဲတွေ ဘုန်းကြီးကျောင်းသားကို ကြောက်တာက ညစ်ပတ်လို့တဲ့ဗျား။ ဒါကြောင့်မို့ ဘုန်းကြီးကျောင်းသားဆို ရွံကြောက်ကြီး ဖြစ်နေကြသတဲ့။

ဒါလဲ ဖြစ်လောက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုန်းကြီးကျောင်းသားတွေက အိမ်မှာ မိဘတွေနှင့်အတူ မနေရတော့ဘူးလေ။ ကျောင်းအိပ် ကျောင်းစားနေကြရတယ်။ ကျောင်းမှာဘဲ စာသင်ကြရတယ်။ ကျောင်းမှာလဲ အများနဲ့ နေရတော့ ကလေးပီပီ ခပ်ညစ်ညစ်တွေ ဖြစ်ကုန်တော့တာပေါ့။ ဘုန်းကြီးက ရေချိုးဖို့ ပြောလဲ ရေတွင်းနားသွားပြီး ရေမချိုးဘဲ ပြန်ခဲ့ကြတာ များတယ်။ ရေချိုးရမှာ အလွန်ကြောက် အလွန်ပျင်းတဲ့ အရွယ်လေးတွေ မဟုတ်လား။ ညဘက် သေးပေါက်ချင်ရင်လဲ ကျောင်းအောက် မဆင်းတော့ဘဲ ကျောင်းတိုင်တစ်တိုင်ကို ကပ်ပြီး ဆွဲထည့်လိုက်ကြတာပါဘဲ။ ပြီးတော့ ရှိသေးတယ်။ ဟိုနား ဒီနား သွားပြီး သေးပေါက်ချင်ရင် နေရာ မရွေးဘူး။ ပုဆိုးလေးမပြီး အဆင်ပြေသလို ပေါက်ချလိုက်တာချည်းဘဲ။ လမ်းဘေး ခြုံဖုတ်လဲ မနေရ၊ ၀ါးလုံးခေါင်းတွေ့ရင်လဲ မနေရ ပေါက်ထည့်မယ် ဆိုတာ ချည်းဘဲ။ ဒါကြောင့်လဲ နတ်တွေ တစ္ဆေသရဲတွေ ဘုန်းကြီးကျောင်းသားဆို ဝေးဝေးရှောင်ကြတာ ဖြစ်မယ်။

တစ်နေ့မှာ အဲဒီ နတ်ကြီးစင်တောထဲမှာ ရှိတဲ့ နတ်စင်ကလေးကို ရွာသားတွေ ပြန်လည်ပြုပြင် တည်ဆောက်ကြတယ်။ နတ်စင်ကလေးက ပျဉ်ထောင် သွပ်မိုးအိမ်လေးဆိုတော့ သပ်သပ်ရပ်ရပ်ကလေးပါဘဲ။ နတ်ကြီးစင်တောထဲမှာ သံရိုက်သံ၊ မူလီ စွဲသံ၊ ရွေဘော်ထိုးသံ၊ နတ်ကြပ်သံတွေနဲ့ ဆူညံနေတော့တယ်။ နတ်စင်ကလေးကို တစ်ရက်ထဲနဲ့ ဆောက်လို့ မပြီးဘူး။ ဒါကြောင့် နောက်တစ်နေ့ မနက်မှာ ရွာသားတွေ နတ်စင်ကို အပြီးကိုင်ဖို့ နတ်ကြီးစင်တောကို လာခဲ့ကြပြန်တယ်။

ရွာသားတွေ နတ်ကြီးစင်နားရောက်တော့ အဲဒီ နတ်ကြီးစင်နားက သရက်ပင်မှာ ရိုက်ကပ်ထားတဲ့ သတိပေးဆိုင်းဘုတ်ကလေးက သရက်ပင်မှာ မရှိတော့ဘဲ ဆောက်လက်စ နတ်ကြီးစင် နဘေးနံရံမှာ ရိုက်ကပ်ထားတာကို တွေ့လိုက်ကြရတယ်။ သတိပေးဆိုင်းဘုတ်က တစ်ချို့  စာသားတွေကိုလဲ ပြင်ဆင်ထားတာ တွေ့ရတယ်။ အဲဒါကို လူတွေ ၀ိုင်းကြည့်ပြီး ရယ်မောတဲ့သူက ရယ်မော၊ ကြောက်ရွံ့ တဲ့သူက ကြောက်ရွံ့ ၊ အပြစ်တင်တဲ့ သူက အပြစ်တင်နဲ့ နတ်ကြီးစင်တောထဲမှာ လူတွေ သောသောညံ စည်ကားနေကြလေရဲ့။ ဆိုင်းဘုတ်ကလေးမှာ အသစ်ပြင် ရေးထားတဲ့ စာတွေကတော့..

သတိ။
နတ်ကြီးသည်။
ဂွကြီးကြီးဖြင့် သေချာ ကြပ်ပါ။
မကြပ်တတ်က နတ်ပြုံးတတ်သည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။
....

ဘယ်သူဘယ်ဝါ လက်ချက်မှန်း မသိပေမဲ့ တစ်ရွာလုံးကတော့ ဒါဟာ ဘုန်းကြီးကျောင်းသားတွေရဲ့ လက်ချက်ဘဲ ဖြစ်ရမယ်လို့ ကောက်ချက်ချနေကြလေရဲ့။ ဟုတ်မှန်ဖို့လဲ များပါတယ်။ အဲဒီလို ခပ်ရွတ်ရွတ် ခပ်နောက်နောက် လုပ်တတ်တာကလဲ ဘုန်းကြီးကျောင်းသားတွေဘဲ ရှိတာ မဟုတ်လား။ ပြီးတော့ ဘုန်းကြီးကျောင်းသားတွေမို့ နတ်က ဘာမှ ပြန်မလုပ်တာ နေမှာပါ။ ရွာထဲက တစ်ယောက်ယောက် ဆိုရင်တော့ ငြိမ်ခံနေမဲ့ ပုံမပေါ်ဘူး။ ဘာဘဲဖြစ်ဖြစ် အဲဒီ အပြုပြင်ခံထားရတဲ့ ဆိုင်းဘုတ်ကလေးကို ကြည့်ပြီး လူတွေသာ မဟုတ် နတ်ကြီးစင်က နတ်တွေလဲ ရယ်ချင်လွန်းလို့ တပြုံးပြုံး ဖြစ်နေမှာ သေချာပါတော့တယ်။

မှတ်ချက်။
သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် ကာစတန်မက်ဆေ့ခ်ျမှာ အပေါ်က သတိပေးစာလေးကို ပြန်တွေ့ရလို့ သူကြီးမင်း ငယ်ဘ၀ကို ပြန်လည် သတိရပြီး ပုံဖော်ခြင်းဘဲ ဖြစ်ပါတယ်။

.

Saturday 19 February 2011

လပြည့်နေ့ညကို တူးဆွကြည့်မိခြင်း

လရောင်ဟာ လူတွေရဲ့ စိတ်ကို ကြည်နူးစေတယ်။ အေးမြစေတယ်။ သာယာစေတယ်။ လရောင်ထဲမှာမှ လပြည့်နေ့မှာ သာတဲ့ လရောင်က စိတ်ကို ပိုပြီး ကြည်နူး အေးမြ သာယာမှုကို ဖြစ်စေတယ်။ ဒါကြောင့် လရောင်ကို ထိတွေ့သူတွေရဲ့ စိတ်ဟာ တိမ်းလွယ်တယ်။ ယိမ်းလွယ်တယ်။ စိမ်းလွယ်တယ်။ ဒီအခွင့်အရေးကို ယူပြီး ဘုရားရှင်လဲ လူနတ်ဗြဟ္မာ သတ္တ၀ါတွေကို တရားထူး ဟောခဲ့ဟန် တူပါရဲ့။ စမ္မစကြာ တရားဦးကို ဟောခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။ သာမညဖလသုတ်ကို ဟောခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။ နောက်ပြီး သြ၀ါဒပါတိမောက်ကို စတင် ကျင့်သုံးစေခဲ့တာလဲ လပြည့်နေ့မှာပါဘဲ။

မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ နေ့ထူးနေ့မြတ်တွေကို ကြည့်ပြန်တော့လဲ လပြည့်နေ့တွေ ဖြစ်နေတာကို တွေ့ရပြန်တယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ နယုန်လပြည့် မဟာသမယအခါတော်နေ့၊ ၀ါဆိုလပြည့် စမ္မစကြာနေ့၊ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့၊ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တပို့တွဲလပြည့်နေ့ သြ၀ါဒပါတိမောက်အခါတော်နေ့ တဲ့။ လပြည့်နေ့ရဲ့ အရေးအရာရောက်ပုံတွေကို ကြည့်ပြီး ကြည်နူးပီတိ ဖြစ်မိပါတယ်။

ဒါကြောင့်လဲ လပြည့်နေ့ရောက်လာမှာကို မျှော်နေမိခဲ့တယ်။ လပြည့်နေ့ ရောက်လာတာကို ပျော်နေမိခဲ့တယ်။ လပြည့်နေ့ ပျောက်သွားမှာကို စိုးရိမ်နေမိခဲ့တယ်။ မျှော်လိုက် ပျော်လိုက် စိုးရိမ်လိုက်နဲ့ လပြည့်နေ့ညရဲ့ သံစဉ်တွေက လူကို တစ်ရေး နိုးစေခဲ့တယ်။ လူကို အတွေး တိုးစေခဲ့တယ်။ လူကို အသွေး ညှိုးစေခဲ့တယ်။ ဒီလို ဒီလိုနဲ့ မသိလိုက် မသိဖာသာ ဒါမှမဟုတ် သိသိသာသာနဲ့ဘဲ လပြည့်နေ့ညကို ချစ်တတ်လာတယ်။ လပြည့်နေ့ညကို မြတ်နိုးတတ်လာတယ်။ လပြည့်နေ့ညကို တွယ်တာတတ်လာတယ်။

ဒါပေမဲ့ မနေ့တုန်းက လပြည့်နေ့ညမှာတော့ လ မသာခဲ့ဘူး။ လ မလာခဲ့ဘူး။ လ မညှာခဲ့ဘူး။ ဆီးနှင်းတွေ ဖုံးအုပ်နေခဲ့တယ်။ မြူတွေ ဆိုင်းနေခဲ့တယ်။ တိမ်တွေ အုပ်နေခဲ့တယ်။ သူရိန်တွေ ကြီးစိုးနေခဲ့တယ်။ မီးခိုးတွေ လွှမ်းမိုးနေခဲ့တယ်။ အဲဒါတွေဟာ လပြည့်နေ့ညရဲ့ အကြီးမားဆုံး အန္တရာယ်တွေဘဲ ဖြစ်တယ်။ အညစ်အကြေး ငါးမျိုးရဲ့ မညှာမတာ နှိပ်စက်မှုအောက်မှာ လပြည့်နေ့ည ပျောက်ခဲ့ရတယ်။ လပြည့်နေ့ည မှောက်ခဲ့ရတယ်။ လပြည့်နေ့ည ကြောက်ခဲ့ရတယ်။ ရှင်းရှင်းပြောရရင်တော့ မနေ့တုန်းက လပြည့်နေ့ညဟာ ဟို အရင့် အရင် လပြည့်နေ့ညတွေနဲ့ လုံးဝ မတူခဲ့ပါဘူး။

လ မသာ၊ လ မလာ၊ လ မညှာခဲ့ပေမဲ့ မနေ့က လပြည့်နေ့ညမှာ တစ်ယောက်ထဲ အဆိုတော် အနိုင်ရဲ့ လပြည့်နေ့ည သီချင်းလေးကို ငြီးတွားနေမိခဲ့တယ်။ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်း သီချင်းလေးကို သီကျူးနေမိခဲ့တယ်။ ပြီးတော့ ဘာမဆိုင် ညာမဆိုင် ရှင်မဟာရဋ္ဌသာရရဲ့ နှမလက်လျှော့ ရတုလင်္ကာလေးကိုလဲ တိုးတိုးလေး ရွတ်ဆိုနေမိခဲ့တယ်။ ဒါပေမဲ့ လပြည့်နေ့ညရဲ့ လပြည့်နေ့လလေးကတော့ ပုန်းလို့ ၀ှက်လို့ ပုန်းဝှက်လို့ ကောင်းနေဆဲပါဘဲ။ လပြည့်နေ့ညရဲ့ သွေးဆောင်မှု လပြည့်နေ့လရဲ့ ဖျားယောင်းမှုတွေက လူကို ဒယီးဒယိုင် ဖြစ်စေတယ်။ အပြီးအပိုင် ညစ်နေတယ်။ ခရီးမနိုင် ဖြစ်စေတယ်။ အဲဒီလို ဟန်ချက်ညီညီတွေ ဟန်ချက်မညီမညာ ဖြစ်နေတာကို ပျောက်ဆုံးနေတဲ့ လပြည့်နေ့ညလေး သိရှာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ လပြည့်ဝန်းလေးမှာ ဘယ်သူမှ မသိနိုင်တဲ့ လျှို့ ဝှက်ချက်တွေ ရှိတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ တစ်ချို့ လှည့်ကွက်တွေ ရှိတယ်။ အဲဒီ လျှို့ ဝှက်ချက်တွေ တစ်ချို့ လှည့်ကွက်တွေနဲ့ဘဲ လပြည့်ဝန်းလေးဟာ ပျော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ မော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ ကျော်နေခဲ့တယ်။ လပြည့်ဝန်းလေးဟာ တိမ်ရဲ့အထက်မှာ ကြယ်တာရာတွေနဲ့ စံနေခဲ့တယ်။ ဥက္ကာပျံတွေနဲ့ ရံနေခဲ့တယ်။ ဂြိုဟ်နက္ခတ်တွေနဲ့ ခြံနေခဲ့တယ်။ အဲဒါတွေကို တိမ်အောက် ရောက်နေတဲ့ တိမ်အောက် မှောက်နေတဲ့ တိမ်အောက် ကြောက်နေတဲ့ လပြည့်ချစ်သူလေးတွေ ဘယ်သူမှ မသိရှာကြဘူး။

လပြည့်ဝန်းရဲ့ မာယာ၊ လပြည့်ဝန်းရဲ့ ပရိယာယ်၊ လပြည့်ဝန်းရဲ့ အသိကြွယ်မှုတွေက လပြည့်ချစ်သူတွေအတွက် ဒုက္ခတစ်မျိုးဖြစ်စေတယ်။ ရုပ်အလှ ဆိုးစေတယ်။ နှုတ်အဟ တိုးစေတယ်။ လပြည့်ချစ်သူတစ်ယောက် ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်စုနှစ် နှစ်ခုနှင့် တစ်ဝက်ကျော်ကျော် အချိန်ကို မျှော်ကြည့်မိလိုက်တယ်။ ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ အဇာတသတ်မင်းကြီး တွေ့လိုက်တယ်။ သူ့ ဒုက္ခတွေ ပြေပျောက်ဖို့ သူဘာလုပ်ခဲ့သလဲ။ လပြည့်နေ့ည တစ်ညမှာဘဲ ဘုရားရှင်ထံ ချဉ်းကပ်ပြီး တရားနာယူတယ်။ တရားမေးလျောက်တယ်။ အမြင်ချင်း ဖလှယ်တယ်။ အဲဒီလို နည်းနဲ့ဘဲ သူ့ဒုက္ခကို ပြေပျောက်စေခဲ့တယ်။ အဲဒီ အကြောင်းလေးကို စဉ်းစားရင်း လပြည့်ချစ်သူ တစ်ယောက်လဲ လမသာတဲ့အတွက် ညစ်နေတဲ့ စိတ်တွေ ဖြေဖျောက်ဖို့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို သွားခဲ့တယ်။ ဦးဇင်းလေး တစ်ပါးနဲ့ တွေ့ပြီး သိချင်တာတွေ မေးလျောက်ခဲ့တယ်။ ဟောပြပေးတာတွေကို နာယူခဲ့တယ်။ အကြံပေးတာတွေကို ခံယူခဲ့တယ်။ တစ်ရက်တစ်ရက်မှာ ကုသိုလ် ပညာ ဥစ္စာ တစ်ခုခု ရသင့်တယ် မဟုတ်လား။ အဲဒီ ဦးဇင်းလေး ရှင်းပြတဲ့ သြ၀ါဒပါတိမောက် အကြောင်းက လပြည့်ချစ်သူတစ်ယောက်ရဲ့ စိတ်ကို ငြိမ်းချမ်းစေခဲ့တယ်။ သာယာစေခဲ့တယ်။ အေးမြစေခဲ့တယ်။ အဲဒါတွေ အားလုံးဟာ လပြည့်ချစ်သူတစ်ယောက်ရဲ့ လမသာခဲ့တဲ့ လပြည့်နေ့ည တစ်ည အကြောင်းဘဲ ဖြစ်ပါတော့တယ်။

.

Wednesday 16 February 2011

ပြိုင်ပွဲ

သူကြီးမင်း တုံးဖလားရွာကို အုပ်ချုပ်စဉ်တုန်းက လစဉ်ရာသီအလိုက် ပြိုင်ပွဲလေးတွေ ကျင်းပပေးခဲ့တယ်။ ရွာသူရွာသားတွေကို ပျော်ရွှင်ကြည်နူးလိုတဲ့ ဆန္ဒသက်သက်နဲ့ ကျင်းပပေးခဲ့တာပါ။ မှတ်မှတ်ရရ ၀ါလကင်းလွတ် သီတင်းကျွတ်ရောက်ပြီဆိုရင်တော့ ဆီမီးပူဇော်ပွဲပေါ့။

အဲဒီပွဲမှာ ထူးထူးခြားခြားလေးဖြစ်အောင် အပျိုလူပျိုတွေကို စုံတွဲလေးတွေ ပြုလုပ်ပေးတယ်။ တစ်တွဲတစ်တွဲကို ဖယောင်းတိုင်တစ်တိုင်စီ မီးထွန်းပေးပြီး နှစ်ယောက်အတူကိုင်စေတယ်။ ပြီးရင် အပြေးပြိုင်ခိုင်းတယ်။ လမ်းမှာ ဖယောင်းတိုင်မီး မငြိမ်းရဘူး။ တကယ်လို့ ငြိမ်းသွားရင် တာလွှတ်တဲ့နေရာကို ပြန်လာပြီး မီးပြန်ညှိရတယ်။ ပန်းတိုင်ကတော့ ရွာဦးကျောင်းဝင်းအ၀င်ဝမုခ်ဦးမှာပါ။ ပန်းတိုင်ကို ရောက်ရင် ကြိုတင်ထားတဲ့ နေရာလေးမှာ ဖယောင်းတိုင်ကို နှစ်ယောက်အတူ စိုက်စေပါတယ်။ ဖယောင်းတိုင် အရင်စိုက်ပြီးတဲ့ အတွဲဟာ ပထမဆုရရှိမှာဖြစ်ပါတယ်။ ပထမဆုရှင် စုံတွဲကို ငွေသားဆုပေးပါတယ်။

အခုလို တပို့တွဲလမျိုးမှာဆိုရင်တော့ ထမနဲထိုးပွဲပေါ့။ ဒါက ယောက်ျားလေးတွေ ပြိုင်တဲ့ပွဲပါ။ ထမနဲဒယ်ကြီးကို ယောက်ျား လေး ငါးယောက် တစ်အုပ်စုစီ ၀ိုင်းပြီး ယောက်မရှည်ရှည်ခိုင်ခိုင်နဲ့ထိုးရတဲ့ ထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးတယ်။ အရင်ကျက်တဲ့ထမနဲအိုး၊ စားလို့အကောင်းဆုံး ထမနဲအိုးကို ပထမဆုပေးပါတယ်။

ထမနဲထိုးပြိုင်ပွဲက သိပ်စိတ်ဝင်စားစရာမကောင်းတော့ အဲဒီထမနဲထိုးပြိုင်ပွဲအစား ဘာပြိုင်ပွဲကို အစားထိုး ကျင်းပပေးရမလဲလို့ သူကြီးမင်းတစ်ယောက် စဉ်းစားနေလေရဲ့။ အခုလို ဆောင်းအေးအေးကာလမှာ ဘယ်လို ပြိုင်ပွဲမျိုးက ပိုပြီး အဆင်ပြေမှာပါလိမ့်။

သူကြီးမင်းတစ်ယောက် ဟိုရှာကြံဒီရှာကြံနဲ့ စိတ်ဝင်စားစရာပြိုင်ပွဲတစ်ခုကို ဘီဘီစီသတင်းမှာ တွေ့လိုက်ရတယ်။ အဲဒီပြိုင်ပွဲလေးကို အတော်လေး စိတ်ဝင်စားသွားမိတယ်။ ကြံကြံဖန်ဖန်ပြိုင်ပွဲလေးပါ။ တကယ့်ကို ကြံကြံဖန်ဖန် ပြိုင်ပွဲလေးပါဘဲ။ အဲဒီပြိုင်ပွဲက ဘိလပ်မှာလဲမဟုတ်ဘူး။ ရွှေနိုင်ငံမှာလဲ မဟုတ်ဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲလေးပါ။ ဘာတဲ့။ Kissing ပြိုင်ပွဲတဲ့ဗျား။ ချစ်သူများနေ့အထိမ်းအမှတ် Kissing ပြိုင်ပွဲဆိုပါလား။ Kissing ပြိုင်ပွဲဆိုတိုင်း စိတ်တွေ လှုပ်ရှားမနေကြနဲ့ဦး။ ရက်နဲ့ချီပြီး အကြာကြီး Kissing ပေးကြရတဲ့ တကယ့်ပြိုင်ပွဲကြီး။ လင်မယားတွေ၊ စုံတွဲတွေ ၀င်ပြိုင်လို့ရတယ်တဲ့။

ပြိုင်ပွဲကာလအတွင်း စားလို့ရတယ်။ သောက်လို့ရတယ်။ ပေါက်လို့ရတယ်။ ယိုလို့ရတယ်။ ဒါပေမဲ့ ဖက်ထားတာကို မလွှတ်ရဘူးတဲ့။ ကဲ မှတ်ကရော။ ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ မထိုင်ရဘူး၊ မအိပ်ရဘူးတဲ့။ သူကြီးမင်းဆိုရင်တော့ တစ်မိနစ်လောက်နဲ့ ပြိုင်ပွဲက ထွက်ခွါရမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ Very sensative ဖြစ်လို့။ ရွံစရာမြင်လို့ကတော့ သူများရွံတာထက် အဆ ၁၀၀ လောက် ပိုရွံတတ်တဲ့ သူကြီးမင်းအဖြစ်က သနားစရာကောင်းလှပါတယ်။ စုံတွဲဆိုတော့ တစ်ယောက်က ယိုရင် တစ်ယောက်က ဘယ်လိုနေရပါ့မလဲ။ ဖက်ထားတာကို မလွှတ်ဘဲ ဘယ်လို ယိုရပါ့မလဲ။ အင်း... စဉ်းစားတာနဲ့တင် ခေါင်းမူးချင်လာပြီ။

သူကြီးမင်းကသာ စဉ်းစားနေတာ ပြိုင်ပွဲဝင်တဲ့ အတွဲက ၁၄ တွဲတိတိကို ရှိတာ။ ကြိုးစားပန်းစားပြိုင်နေကြတယ်။ ပြိုင်ဆို မက်လုံးကလဲ ပေးထားတာကိုး။ ဘာတဲ့။ ပထမဆုရှင်အတွက် ဘတ် ၅၀၀၀၀ (ပေါင် ၁၀၁၆) တန် စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသား ဘတ် ၁၀၀၀၀၀ (၂၀၃၂ ပေါင်)တဲ့။ အဲဒီလောက် မက်လုံးပေးထားလို့လဲ ပြိုင်ပွဲဝင်တွေ ရှိကြတာပါဘဲ။

ပထမဆုရှင် စုံတွဲတစ်တွဲပေါ်ပေါက်လာတယ်။ ရိုးရိုးပထမမဟုတ်ဘူး။ ကမ္ဘာ့စံချိန်ကို ချိုးလိုက်တဲ့ ပထမ Kissing ဆုရှင်ပါ။ နာရီပေါင်း ၄၆ နာရီနှင့် ၂၄ မိနစ်တိတိ မနားမနေ Kissing ပေးနိုင်ခဲ့တဲ့အတွက် စံချိန်ချိုးသွားတာပါ။ အရင်ရှိခဲ့တဲ့ စံချိန်က ၃၂ နာရီဘဲ ဖြစ်ပါတယ်တဲ့။ ဂျာမနီက စုံတွဲတစ်တွဲရဲ့ စံချိန်ပါတဲ့။ အခုတော့ ထိုင်းက ကမ္ဘာ့စံချိန်ကို လုံးဝ ချိုးပစ်လိုက်တာပါ။

သူကြီးမင်းလဲ အဲဒီပြိုင်ပွဲကို ကြည့်ပြီး စဉ်းစားနေမိတယ်။ အခုနှစ် ချစ်သူများနေ့မှာ ကြံကြံဖန်ဖန် Kissing ပေးပွဲကို ကျင်းပပေးတယ်။ အကြာဆုံး Kissing ပေးနိုင်တဲ့အတွဲက ပထမဆုရတယ်။ ဒီလောက်နဲ့ ရပ်ထားရင် တော်ပါသေးရဲ့။ တကယ်လို့ လာမဲ့နှစ် ချစ်သူများနေ့မှာများ တစ်ဆင့်တိုးပြီး ဒီပြိုင်ပွဲထက် ပိုပြီး ဒီဂရီမြင့်တဲ့ ပြိုင်ပွဲမျိုးကျင်းပပေးမယ်ဆိုရင်တော့ မျက်စိရှက်စရာကြီးတွေ ဖြစ်ကုန်တော့မှာဘဲ။ အင်း ဒါပေမဲ့ ပြောလို့ရတာ မဟုတ်ဘူး။ အဲဒီ နိုင်ငံက သူတို့လုပ်ချင်တာ လုပ်လိုက်ကြတာ။ ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ အခုလဲ ကြည့်လေ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က အချစ်ရဲ့ အဓိပ္ပါယ်၊ အချစ်ရဲ့အင်အားကို ပြသချင်လို့ပါတဲ့။

စိတ်ပါဝင်စားရင်တော့ ကြိုတင်စာရင်းပေးထားကြပေါ့။ သူကြီးမင်းကတော့ "ရောမဏိ သိက္ခာပဒံ၊ အထူး ရှောင်ကြဉ်ပါ၏ ဘုရား" ပါဘဲ။ ဟဲ ဟဲ။ မလုပ်နိုင်မှာချင်းအတူတူ ဒီလိုကြိုပြောထားလိုက်တာ ပိုကောင်းတယ်။ ဒါပေမဲ့ စိတ်တော့ အ၀င်စားသား။

သူကြီးမင်းလဲ အဲဒီပြိုင်ပွဲကို စိတ်သာဝင်စားတာ။ သူကြီးမင်းတို့ တုံးဖလားရွာမှာ ကျင်းပပေးလို့ မဖြစ်ဖူးနဲ့တူပါတယ်။ တော်ကြာ တုတ်ပျံ ခဲပျံတွေ သူကြီးမင်း အိမ်ခေါင်မိုးပေါ်ဝဲလာမှ ဒုက္ခ။ ကိုယ်က စေတနာ ဗလပွနဲ့ ကျင်းပပေးပေမဲ့ တစ်ချို့လူတွေက အကောင်းမမြင်တတ်ကြဘူးလေ။းဝ)

.

Friday 11 February 2011

သူကြီးမင်းလဲ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ခဲ့ဘူး


"သူကြီးမင်းရယ်.. အမြင်မတော်ပါဘူး။ အဲလိုကြီးမလုပ်ပါနဲ့။ လူမြင်မကောင်းသူမြင်မကောင်းကြီးပါ။ ပတ်ဝန်းကျင်ကိုလဲ သတိထားဦးလေ။ သူကြီးမင်းဆိုတဲ့ ဂုဏ်ပုဒ်ကြီးလက်ကိုင်ထားပြီး ရှက်စရာကောင်းလှပါတယ်။ လုပ်စရာရှိတာကို မြန်မြန်သာ လုပ်လိုက်လေ။ အချိန်ဆွဲမနေပါနဲ့"

ဟိုက်ရှာလပတ်ရည်... ငါ ဘာများအမှားလုပ်မိပါလိမ့်၊ ဘာတွေများ အချိန်ဆွဲထားမိပါလိမ့်ဆိုပြီး ပတ်ဝန်းကျင်အားလုံးကို အကဲခတ်ကြည့်လိုက်မိတယ်။ ဘာမှမတွေ့။ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတယ်။ ဘာမှ မထူးခြား။ ဒါဖြင့် ဘာများပါလိမ့်။ ခေါင်းစားစရာတော့ ခေါင်းစားစရာပေဘဲ။ ဒီကောင်မလေး ငါ့ကို သက်သက်မဲ့ ချောက်တွန်းတာများလားမသိ။ ဒါနဲ့ဘဲ "ဟိတ်ကလေးမ ဘာတွေ လျောက်ပြောနေတာလဲ၊ သူများကြားသွားလို့ တစ်မျိုးထင်ကုန်ဦးမယ်" လို့ ဟန့်လိုက်ရတယ်။ ဟန့်လိုက်မှ ပိုဆိုးလို့ပြောရမလားဘဲ။

"သူကြီးမင်း... တုံးဖလားက ရွာသားတွေကို ဟောက်နေကျအတိုင်း ကျမကို လာမဟောက်နဲ့။ စေတနာနဲ့ အသိပေးတာ။ သူကြီးမင်း.. ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်လိုက်ဦး။ ကြည့်မကောင်းတော့ဘူး။ သူကြီးမင်းခန္ဓာကိုယ်မှာ ၀ဲတွေ အများကြီးပေါက်နေတယ်။ အဲဒါ ပြောမလို့။ တကယ်ဘဲ။ တွေးချင်တာ လျောက်တွေးနေတယ်။ မှန်ယူပြီး သေချာပြန်ကြည့်လိုက်ဦး။ ရော့ ဒီမှာ မှန်"

သူပေးတဲ့ မှန်လေးနဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့မှ.. ဟိုက်ရှားဘား... ၀ဲကွက်ကြီးတွေက အထင်းသားကလား။ အထင်းသားဆို ထိပ်တည့်တည့် ပေါက်နေတာကိုး။ ကိုင်းဗျာ။ မှတ်ကရော။ ဒီမှာ တစ်ကွက်၊ ပြီးတော့ ဒီမှာက တစ်ကွက်။ အတော်လေး ရှက်သွားတယ်။ ဒါကြောင့်မို့ သူ့ကို "ရှူးးး တိုးတိုးးး။ သူများတွေ မသိစေနဲ့ကြားလား။ ပြီးတော့ ဘယ်သူ့ကိုမှ ငါ့ဆီမှာ ၀ဲပေါက်ကြောင်း သွားမပြောနဲ့နော်.. ငါ့ညီမက လိမ်မာပါတယ်.. နော်.. နော်.." ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ အချိန်မီ နှုတ်ပိတ်လိုက်ရတယ်။ သူကလဲ ပြောပါတယ်။ သူကြီးမင်းရဲ့ ၀ဲကို သူတစ်ယောက်ထဲ မြင်သေးတာပါတဲ့။ ရှက်မနေပါနဲ့တဲ့။ သူလဲ ကလေးဘ၀ကထဲက စပြီး ၀ဲစို ၀ဲနာ ၀ဲခြောက်တွေ ပေါက်ခဲ့ဖူးတဲ့သူဆိုတော့ ကိုယ်ချင်းစာလို့ အခုလို ပြောပြတာပါတဲ့။ သူ့ခန္ဓာကိုယ်မှာလဲ ၀ဲတွေမနေ့ကထိပေါက်နေတုန်းဘဲတဲ့။ မနေ့ကမှ ဆရာဝန်ဆီက ၀ဲကင်းကြောင်း ထောက်ခံစာရရှိခဲ့ပါသတဲ့။ "အင်း ကိုယ်ချင်းစာတတ်လိုက်တာ။ သူတော်ကောင်းမလေးဘဲ" လို့ စိတ်ထဲ ကျိတ်တွေးနေမိလိုက်တယ်။ ပြီးတော့ သူက ကုသနည်းတွေကိုပါ ပေးလိုက်တယ်။

ဝဲဆိုတဲ့ အသံကို ကြားမှဘဲ သူကြီးမင်း ငယ်စဉ်က ဘုန်းကြီးကျောင်းသားဘ၀ကို ပြေးအမှတ်ရမိလိုက်တယ်။ ရွာဦးကျောင်းမှာ ကိုရင်ကျောင်းသားစုစုပေါင်း ၇၀ ကျော်လောက်ရှိတယ်။ ဘုန်းကြီးကျောင်းသားတွေဟာ ကိုရင်တွေလိုဘဲ အဖိတ်နေ့ရောက်တိုင်း ခေါင်းရိတ်ရတယ်။ ဆံပင်အရှည်မထားရဘူး။ ကိုရင်ကျောင်းသား ၇၀ ကျော်ရှိပေမဲ့ ခေါင်းရိတ်ဓားက စုစုပေါင်းမှ ၃ ချောင်းဘဲ ရှိတယ်။ လူငယ်တွေဆိုတော့ ဆံပင်တွေကသန် ခေါင်းရိတ်ခံတဲ့သူတွေကလဲများဆိုတော့ ခေါင်းရိတ်ဓါး ၀မ်းဗိုက်ကလေးဟာ လခြမ်းလေးလို ခုံးခုံးလေး ဖြစ်နေခဲ့တယ်။ ခေါင်းရိတ်ပေးတဲ့ ကိုရင်ကြီး ကျောင်းသားကြီးတွေကလဲ ခေါင်းရိတ်ဓါးကို ပေါင်မှာ ရွှမ်းကနဲ ရွှမ်းကနဲ အသံ မြည်အောင် ခတ်ခတ်ပြီး ဆက်ရိတ်တယ်။ ပေါင်မှာ ခတ်လို့အဆင်မပြေရင် ကျောက်သင်ပုန်းခြမ်းလေးပေါ်မှာ ဓါးကို သွေးတယ်။ ပြီးရင် ဆက်ရိတ်တယ်။ အဲဒီလို အဲဒီလိုနဲ့ ခေါင်းရိတ်ဓားလေးဟာ လုံးပါးပါးရရှာတယ်။

မနက်ပိုင်းကထဲက ခေါင်းရိတ်လိုက်ကြတာ ညနေစောင်းလောက်မှ ပြီးတယ်။ အဖိတ်နေ့ရောက်တိုင်း ခေါင်းအရင်ရိတ်ရဖို့ တုံကင်ယူရတာလဲ အမော။ ကြာလာတော့ အဖိတ်နေ့ရောက်မှာတောင် ကြောက်လာတယ်။ ခေါင်းရိတ်လုပ်ငန်းနဲ့ဘဲ တစ်နေကုန်တော့တာကိုး။ ကျောင်းသားတစ်ယောက် (သို့မဟုတ်) ကိုရင်တစ်ပါးရဲ့ ခေါင်းမှာ ၀ဲတို့ ဒက်တို့ ပေါက်နေရင် ကိုရင်ကျောင်းသားတွေအားလုံး ကူးစက်ခံရတော့တာဘဲ။ ခေါင်းရိတ်ဓါးကတစ်ဆင့်ကူးစက်တာလေ။ အဲဒီတုန်းကဆိုရင် သူကြီးမင်းအလောင်းအလျာ ကိုကိုမောင်ရဲ့ ခေါင်းမှာလဲ ၀ဲတွေ ဒက်တွေနဲ့ပေါ့ဗျာ။ အခု ဘလော့တွေအားလုံးနီးပါး ၀ဲစွဲနေကြသလိုမျိုးပေါ့။ ကိုရင်ကျောင်းသားမှန်ရင် ၀ဲတွေ ဒက်တွေ ရှိကို ရှိတယ်။ အဲဒါ ဘုန်းကြီးကျောင်းသားနှင့်ကိုရင်တွေရဲ့ အိုင်ဒီတစ်ခုပေါ့။

တစ်ခေါင်းလုံး ၀ဲတွေ ဒက်တွေနဲ့ ဆိုတော့လဲ ခေါင်းရိတ်ပေးတဲ့သူတွေက အဲဒါတွေကို ရှောင်မနေတော့ပါဘူး။ မြေထိုးစက်နဲ့ မြေကြီးကို ထိုးခွါလိုက်ချသလို ၀ဲတွေဒက်တွေကို ခေါင်းရိတ်ဓါးနဲ့ ခပ်ဆဆလေး လွှာချကုန်တော့တာဘဲ။ နာပေမဲ့ ကျိတ်ခံနေရတယ်။ ခေါင်းမရိတ်ပေးဘဲ နေမှာစိုးလို့လေ။ ခေါင်းရိတ်ပေးတဲ့သူကလဲ မြှောက်ပေးရှာပါတယ်။ ကိုကိုမောင်.. အရမ်းသတ္တိရှိတယ်။ ဒီလောက် ၀ဲတွေ ဒက်တွေကို ခေါင်းရိတ်ဓားနဲ့ လွှာချတာတောင် တစ်ချက်မလှုပ်ဘူးတဲ့။ သူကြီးမင်းလဲ အမြှောက်မကြိုက်ရှာပါဘူး။ အောက်ကနေ တခွီးခွီးနဲ့ သဘောကျနေတယ်။ ပြီးတော့ အောက်ကနေ ပြောလိုက်သေးတယ်။ "ချ ချ အားမနာနဲ့ ပေါက်နေတဲ့ ၀ဲတွေ ဒက်တွေကို အရင်းကနေသာ အကုန်လွှာချလိုက်" ဆိုပြီးတော့ပေါ့။

သူကြီးမင်းရဲ့ တစ်ခေါင်းလုံးလဲ သွေးတွေနဲ့ ရဲနေတော့တာပါဘဲ။ ခေါင်းရိတ်ပေးတဲ့သူက ရိတ်ပြီးသားဆံပင်လေးတွေနဲ့ ဖိနှိပ်ပြီးတော့ သွေးတိတ်အောင်လုပ်ပေးပါတယ်။ ဒါပေမဲ့ ရေချိုးတဲ့အခါကျတော့ တစ်ခေါင်းလုံး ပူစပ်ပူလောင်ဖြစ်နေတော့တာပါဘဲ။ ဘာစကေဘီလဲ မ၀ယ်နိုင် မြွေနှစ်ကောင် ပွေးဆေးလဲ မ၀ယ်နိုင်ဆိုတော့ ကြက်ဟင်းခါးရွက်ကို ထုချေပြီး ဆားနဲ့နှယ်လို့ ခေါင်းမှာ ပွတ်လိမ်းပေးနေရတယ်။ တစ်ခါတစ်ခါ သံပုရာရည်လေးပါ ထည့်နှယ်လိုက်တယ်။ ဘယ်လိုက ဘယ်လို အဆင်ပြေသွားမှန်းတော့ မသိဘူး။ ကြာလာတော့လဲ အဲဒီ ၀ဲတွေ ဒက်တွေ သူ့ဟာသူ ပျောက်သွားတယ်။ အဲဒီအချိန်ကစပြီး ၀ဲ ဆိုတဲ့ အသံကြားတိုင်း သူကြီးမင်းလဲ ကိုယ့်ခေါင်းကိုယ် အခါခါ စမ်းမိနေလေရဲ့။

အခုလဲ သူကြီးမင်းဘလော့ပေါ်မှာ ပေါက်နေတဲ့ ၀ဲတွေကို အဲဒီကောင်မလေး ပေးခဲ့တဲ့ ဆေးနဲ့ ကုလိုက်တာ၊ ဆေးကဘဲ စွမ်းလို့လား သူ့စေတနာကဘဲ အားကောင်းလို့လား မသိဘူး။ ချက်ချင်းဘဲ အမြစ်ပြတ် ပျောက်သွားပါတော့တယ်။ ၀ဲဆိုလို့ အဖုအပိန့်လေးတောင် မရှိတော့ပါဘူး။ ဒါကြောင့်မို့ မိတ်သင်္ဂဟ အားလုံးကို အကြောင်းလိုက်ပါတယ်။ သူကြီးမင်းမှာလဲ ကျန်းမာပျော်ရွှင်ပြီး ၀ဲကင်းစင်ကြောင်းပါ ခင်ဗျာ။ ။


ဆေးမစားမီ


ဆေးစားပြီး



.

Sunday 6 February 2011

ဘာသာပြန်မှားခြင်း၏ဆိုးကျိုးများ


အချို့ သူတို့သည် အချဉ်ကိုကြိုက်၏။ အချို့ သူတို့သည် အချိုကိုကြိုက်၏။ အချို့ တို့သည် အခါးကိုကြိုက်၏။ အချို့ သူတို့သည် အငံကိုကြိုက်၏။ ထို့အတူပင် အချို့ သူတို့သည် ခွေးအကျင့်ကို ကျင့်တတ်၏။ အချို့ သူတို့သည် လူအကျင့်ကို ကျင့်တတ်၏။ အချို့ သူတို့သည် မကောင်းသော အမြင်ရှိတတ်၏။ အချို့ သူတို့သည် ကောင်းသော အမြင်ရှိတတ်၏။ ကိုယ်လုပ်သည်မှကောင်းသည်ထင်၏။ ကိုယ်ပြောသည်မှ မှန်သည်ထင်၏။ ကိုယ်ကအမှန် အခြားသူတို့က အမှားဟူ၍ ထင်မြင်တတ်၏။ သူ့သဘော သူ့မနောနှင့် သူ့အကြိုက် သူ့စရိုက်တို့သည် သူ့သဘောသူဆောင်သည်ချည်းဖြစ်၏။ မည်သူမှ ကန့်ကွက်တားဆီးခြင်းငှါမတတ်ကောင်း။

ကျွန်ုပ်ကိုယ်တိုင်သည်ပင် ငယ်စဉ်ကာလက လှေနံဓါးထစ်မှတ်ယူတတ်သည့် အကျင့်ရှိခဲ့ပေ၏။ လူတစ်ယောက်ကို မကောင်းဘူးဟု မြင်မိလျှင် တစ်သက်စာ မကောင်းမြင်တတ်ခဲ့၏။ ထို့နည်းတူစွာပင် လူတစ်ယောက်ကို လူကောင်းဟု မြင်မိပါကလည်း တစ်သက်စာပင် လူကောင်းဟူ၍ မှတ်ယူတတ်၏။ ထိုအယူအဆသည် ကျွန်ုပ်၏ မဟာအမှားပင် ဖြစ်ချေတော့သည်လား မသိ။ ပို၍ဆိုးသည်မှာ လူတစ်ယောက်ကို အထင်ကြီးမိလျှင် သူလုပ်သမျှအရာအားလုံး အကောင်းချည်းဟု ထင်တတ်ခဲ့၏။ မင်းတို့ပုဆိုး ပိုးချည်းဘဲ ဟု အထင်ရှိခဲ့၏။ တစ်ဘက်က ပြန်ကြည့်ပြန်ပါကလည်း လူတစ်ယောက်ကို မကောင်းမြင်မိပြီဆိုလျှင် သူဘာလုပ်လုပ် ဘာပြောပြော မကောင်းချည်းမြင်မိခဲ့၏။ အထင်မကြီးဘဲ အထင်ပင်သေးတတ်ခဲ့သေး၏။ ပုထုဇဉ်လူသားပီပီ ကျွန်ုပ်၏ အမြင်တို့သည် အရိယာပုဂ္ဂိုလ်များကဲ့သို့ အဆင့်အတန်းမြင့်မြင့် မမြင်တတ်ခဲ့ချေ။

လူသားအတော်များများ၌လည်း ထိုကဲ့သို့ အမြင်မျိုး ရှိတတ်ကြသည်ကို ကျွန်ုပ်ကိုယ်တိုင်တွေ့ရှိနေရ၏။ ထိုအမြင်မျိုး ရှိနေသမျှကာလပတ်လုံး ဘာလုပ်လုပ်ဘာပြောပြော အမှန်ကို မမြင်ကြတော့ပေ။ ကောင်းမကောင်း ဝေခွဲမမြင်တတ်ကြတော့ပေ။ ကိုယ်က အကောင်းမြင်ခံရသူတို့ ဘာမကောင်းမှုလုပ်လုပ် မကောင်းမှုဟူ၍ မမြင်ကြတော့။ လုံးဝခွင့်လွတ်၍မရနိုင်သည့် မဟာအမှားကြီးကိုပင် ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတတ်ကြပါတယ်၊ လူတိုင်း အမှားမကင်းနိုင်ပါဘူးဟု နားလည်ခွင့်လွတ်ပေးတတ်ကြ၏။ သို့သော် ကိုယ်က မကောင်းမြင်ခံရသူတို့ ကုသိုလ်ကောင်းမှုလုပ်နေသည်ကိုမူ အကောင်းဟူ၍ မမြင်တတ်ကြတော့ပေ။ ကုသိုလ်လုပ်နေသည်ဟူ၍ မမြင်တတ်ကြတော့ပေ။ အကောင်းမြင်ခြင်း မကောင်းမြင်ခြင်းသည် လူတို့အား ဒုက္ခပေးသော မကောင်းသော အကျင့်တစ်ခုဖြစ်နေသည်ကို လူအတော်များများ မမြင်တတ်ကြပေ။ ထိုသည်ပင်လျှင် ဘာသာပြန်မှားခြင်း၏ သဘောသဘာဝ ဖြစ်ချေတော့၏။

ဘာသာပြန်မှားခြင်းသည် ဒီဂရီမြင့်လေ ပိုပြီး ဆုံးရှုံးမှုများလေ ဖြစ်၏။ ဒီဂရီမြင့်ခြင်းဆိုသည်မှာ လူတစ်ယောက်၏ ရပ်တည်မှု အဆင့်အတန်း ဂုဏ်ထူးဌာနန္တရကို ဆိုလို၏။ ရာထူးမြင့်သူတစ်ယောက်၏ ဘာသာပြန်မှားခြင်းသည် အများသူငါတို့အတွက် ဆုံးရှုံးနစ်နာမှု ပိုမိုဖြစ်စေတတ်၏။

"စည်းရုံးခြင်းကို မည်သည့်အရာကမှ ယှဉ်ပြိုင်အနိုင်မယူနိုင်။ စည်းရုံးခြင်းကို သင်းခွဲခြင်းဖြင့်သာ အနိုင်ယူရာ၏"
ဗုဒ္ဓ၏ ဥပဒေသတစ်ခုဖြစ်၏။ ဗုဒ္ဓ၏ရည်ရွယ်ချက်မှာ စည်းရုံးခြင်းကိုသင်းခွဲဖို့မဟုတ်။ စည်းလုံးနေသည့်သူများကို သင်းခွဲမှု မခံရလေအောင် သတိပေးချင်သည့် ရည်ရွယ်ချက်ဖြစ်၏။ ဗုဒ္ဓသည် အမှန်ကိုသာ ဟောတတ်၏။ လူတစ်ဘက်သား စိတ်ချမ်းသာမှုရရင် ပြီးရော သဘောဖြင့် တရားတော်ကို လူ့အကြိုက်လိုက်၍မဟောတတ်ပေ။ ရှင်းရှင်းဆိုရသော် ဗုဒ္ဓသည် လူမှန်စကားမှန် ပုဂ္ဂိုလ်မြတ်ကြီးပင်ဖြစ်၏။ အထက်ပါ ဥပဒေသကို ဘာသာပြန်မှားသူ တစ်ဦးရှိခဲ့၏။ ထိုသူသည် မင်းအမတ်တစ်ဦးဖြစ်၏။ ရာထူးဌာနန္တရခပ်ကြီးကြီးထဲကဖြစ်၏။ ၀ဿာကာရအမည်ရှိ၏။ ရာဇဂြိုဟ်ပြည်သားဖြစ်၏။ ထို့ကြောင့် ထိုဝဿာကာရအမတ်၏ ဘာသာပြန်မှားခြင်းသည် လိစ္ဆ၀ီမင်းမျိုးတို့ ပျက်စီးရခြင်း အကြောင်းဖြစ်လေတော့၏။

ဘုရားရှင်လက်ထက်က လိစ္ဆ၀ီအမည်ရှိမင်းမျိုးတို့ရှိကြလေ၏။ ထိုမင်းမျိုးတို့သည် အချင်းချင်းစည်းလုံးညီညွတ်မှု အပြည့်အ၀ရှိကြ၏။ မည်သည့်ကိစ္စမဆို စုရုံးတိုင်ပင်ပြီး ဆုံးဖြတ်လေ့ရှိကြ၏။ လုပ်ငန်းကိုင်ငန်းတို့၌လည်း စိတ်တူသဘောတူ ညီညီညွတ်ညွတ် ပြုလုပ်လေ့ရှိကြ၏။ ထို့ကြောင့် ထိုလိစ္ဆ၀ီမင်းတို့၏ နိုင်ငံကို မည်သည့် နိုင်ငံကမှ စစ်မက်ပြု အနိုင်မရခဲ့ကြပေ။ ထိုမင်းတို့ကသာ အနိုင်ရကြလေ၏။ စည်းရုံးခြင်း၏ အင်အားပင်တည်း။

"ဗုဒ္ဓက ဟောတယ်။ ညီညွတ်တဲ့သူတွေကို ကွဲပြားအောင်လုပ်ပြီးမှ အနိုင်ယူလို့ ရနိုင်မယ်တဲ့။ ဒါကြောင့် ဗုဒ္ဓရဲ့စကားနဲ့အညီ ငါတို့အားလုံး လိစ္ဆ၀ီတို့ကို အချင်းချင်းကွဲပြားအောင်အရင်လုပ်ကြရမယ်"

မင်းရင်ပြင်၌ ထိုကဲ့သို့ ပြောဆိုပြီး အားလုံး၏ သဘောတူညီချက်အရ ထိုအမတ်သည် လိစ္ဆ၀ီတို့၏ နိုင်ငံတွင်းသို့ သူလျှိုအဖြစ်ဝင်ရောက်ကာ ရာဇဂြိုဟ်မင်းတို့ နှင်နှယ်ဒဏ်ခတ်ခဲ့သည့်အတွက် နိုင်ငံရေးခိုလှုံခွင့်ပြုပါရန် တောင်းဆိုလေတော့၏။ လိစ္ဆ၀ီတို့က လက်ခံပြီး လူယုံကြည်တစ်ယောက်အနေနဲ့ ဆက်ဆံလေ၏။ ချုံး၍ဆိုရသော် ထိုအမတ်သည် ယုံကြည်မှု အပြည့်အ၀ရရှိသည့်အခါ လိစ္ဆ၀ီတို့အား အချင်းချင်းဂုံးတိုက်ပြီး ကွဲပြားအောင်ပြုလုပ်လေတော့၏။ လိစ္ဆ၀ီတို့ အချင်းချင်း မညီညွတ်ဘဲ တစ်ကွဲတစ်ပြားစီရှိသောအခါရောက်မှ ရာဇဂြိုဟ်မင်းအား စက်မက်လာပြုပါတော့ဟူ၍ အကြောင်းကြားပြီး လွယ်ကူစွာပင် လိစ္ဆ၀ီတို့အား အနိုင်ယူလေတော့၏။ ထိုလိစ္ဆ၀ီတို့ ပျက်စီးရခြင်းသည် ၀ဿာကာရအမတ်၏ ဗုဒ္ဓစကားတော်ကို ဘာသာပြန်မှားမှုကြောင့်ပင်ဖြစ်၏။
....

နောက်ထပ် ဘာသာပြန်အမှားတစ်ခုရှိသေး၏။ အသောကမင်းလက်ထက်အခါက ဖြစ်၏။ အသောကမင်းလက်ထက်၌ သာသနာသည် နေလိုလလို ထွန်းလင်းတောက်ပ၏။ သာသနာတော်ကိုလည်း လိုလေသေးမရှိထောက်ပံ့ကြ၏။ သာသနာ့လောက၌ ပြည့်စုံလုံလောက်မှု များစွာရှိ၏။ ထိုသည်ကို အကြောင်းပြုပြီး အချောင်သမားတို့ သာသနာ့ဘောင်ဝင်ပြီး အချောင်စားသောက်နေထိုင်ကြလေတော့၏။ ထို့ကြောင့် သာသနာသည် ကျောက်ရောရော သဲရောရော ဖြစ်လာ၏။ ရဟန်းတုရဟန်းယောင်များလာ၏။ အညစ်အကြေးတို့ဖြင့် ရောပြွမ်းလာ၏။ စင်ကြယ်မှုတို့ အားလျော့စ ပြုလာ၏။

ရဟန်းကောင်းတို့သည် ရဟန်းတုရဟန်းယောင်တို့နှင့် ကံကြီးကံငယ် အတူမပြုကြတော့ပေ။ ထို့ကြောင့် သာသနာ့လောကသည် အပိုင်းပိုင်းပြတ်ကာ သံဃာ့ဂိုဏ်း ကွဲပြားသွားကြလေတော့၏။ ထိုသည်ကို အသောကမင်းကြီးသိတော်မူလျှင် စိတ်နှလုံး မသာမယာ လွန်စွာဖြစ်တော်မူလေ၏။ ထို့ကြောင့် သံဃာညီညွတ်ရေးကို အသောကမင်းကြီး အချိန်တိုင်း စဉ်းစားတွေးတောနေလေတော့၏။ နောက်ဆုံးအကြံရသည်မှာ သံဃာမညီညွတ်ခြင်းသည် သံဃာအားလုံး ကံကြီးကံငယ် အတူမပြုကြခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် သံဃာအားလုံး ဥပုသ်ပြုခြင်းမှ စပြီး ကံကြီးကံငယ်အားလုံး အတူတူ ပြုကြစေရန် မင်းကြီးစီမံလေ၏။ သူ၏ စစ်သူကြီးကို ခေါ်ယူပြီး သံဃာတော်တွေ အားလုံး ဥပုသ်ကံမှစပြီး ကံကြီးကံငယ်အတူပြုကြရန် ပြုလုပ်ဆောင်ရွက်ချေလော့ဟု အမိန့်ပေးလေ၏။

စစ်သူကြီးသည် အသောကမင်းကြီး၏ အမိန့်ကို ဘာသာပြန်မှားလေတော့၏။ ထိုဘာသာပြန်မှားခြင်းကြောင့် ရဟန်းစစ်ရဟန်းမှန်တို့များစွာ သေကြေပျက်စီးရလေတော့၏။ အဘယ့်ကြောင့်ဆိုသော် ရဟန်းတုရဟန်းယောင်တို့၏ ဥပုသ်ကံဆောင်ပွဲသို့ ရဟန်းစစ်ရဟန်းမှန်တို့ မတက်ရောက်ဘဲ နေကြသောကြောင့် ထိုဥပုသ်ကံဆောင်ပွဲသို့ မတက်ရောက်ကြည့် ရဟန်းမှန်သမျှကို စစ်သူကြီးက မင်းအမိန့်ဖြင့် သတ်ဖြတ်ပစ်လိုက်သောကြောင့်ဖြစ်၏။ အမှန်မှာ မင်းအမိန့်သည် ရဟန်းတို့အား သတ်ပစ်ရန်မဟုတ်၊ ညီညွတ်အောင်ပြုလုပ်ခိုင်းခြင်းမျှသာ ဖြစ်လေ၏။ သို့သော် အမှန်အကောင်အထည်သွားဖော်သူမှာ စစ်သူကြီးဖြစ်၏။ ထိုစစ်သူကြီးက အဓိကဖြစ်၏။ ထိုအဓိကကြသည့် စစ်သူကြီးက ဘာသာပြန်မှားသွားသည့်အခါ ရဟန်းကောင်းရဟန်းစစ်များ သေကြေပျက်စီးရလေတော့၏။
....

ထိုသာဓကတို့သည် အချင်းချင်း ဆက်ဆံနေထိုင်ကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ဘာသာပြန်မမှားစေဖို့ သင်ခန်းစာကိုပေးလေ၏။ ထိုသင်ခန်းစာကို မှတ်ယူပြီး အချင်းချင်း ဘာသာပြန်မမှားဖို့ လိုအပ်လှပေ၏။ လူတစ်ယောက်၏ စိတ်ကို မည်သူက တပ်အပ်သိနိုင်မည်တည်း။ ကိုယ်လိုရာ ဆွဲပြီး ဘာသာပြန်၍ မည်ကဲ့သို့ ရနိုင်မည်နည်း။ ပါးစပ်ပါတိုင်း ဘာသာပြန်ဖောက်သည်ချလျှင်၊ ထိုဘာသာပြန်သည်လည်း အမှားသက်သက်ဖြစ်နေလေလျှင် တစ်ဘက်သားလူ မည်ကဲ့သို့ နစ်နာသွားမည်ကို စဉ်းစားတတ်ဖို့ လိုအပ်လှပေ၏။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဟူသော အတ္တအလွန်ကြီးမားသူများသာ တစ်ဘက်သားလူ နစ်နာဆုံးရှုံးသည်ကို ကြည်နူးဝမ်းမြောက်တတ်ကြလေ၏။ ကိုယ်ချင်းစာတရား ကင်းမဲ့တတ်ကြလေ၏။

ချုပ်၍ဆိုရလျှင် ဘာသာပြန်မှားခြင်းမှတစ်ဆင့် ကိုယ်လုပ်တာမှန်သမျှ၊ ကိုယ်ပြောတာမှန်သမျှ တစ်ဘက်သားလူအပေါ် မည်မျှလောက် သက်ရောက်မှုရှိနိုင်ပြီး အကျိုးကျေးဇူးမည်မျှပျက်စီး ဆုံးရှုံးသွားမည်ကို အရင်စဉ်းစားသင့်၏။ တစ်ဘက်သားပျက်စီးဆုံးရှုံးနေသည်ကို သူ့နေရာမှာ ကိုယ်တိုင်ဝင်ရောက်ခံစားပြီး စာနာနားလည်ပေးသင့်၏။ ကံတရားတို့မည်သည် အတုံ့အလှည့်ရှိတတ်၏။ ကောင်းခြင်းမကောင်းခြင်းသည် လူတစ်ယောက်ထဲအတွက် မဟုတ်။ ကိုယ်ပြုလုပ်သမျှ ကာယကံ၊ ပြောဆိုသမျှ ၀စီကံ၊ ကြံစည်သမျှ မနောကံတို့သည် ကိုယ့်ဆီ ပြန်လာကြမည်ဖြစ်၏။ ထို့ကြောင့် ဘာသာပြန်မှားခြင်းကို အတတ်နိုင်ဆုံး မပြုလုပ်မိကြစေရန် လိုအပ်လှပေတော့၏။

မှတ်ချက်
ပုံကို ဤနေရာမှ ယူထားပါသည်။

...

Tuesday 1 February 2011

ဖိုးကြွားတို့ရွာ


နဲနဲဘဲလုပ်ပြီး များများပြောတတ်တဲ့ရွာ၊ နဲနဲဘဲပညာတတ်ပြီး များများကြွားတတ်တဲ့ရွာ၊ နဲနဲဘဲ ကုသိုလ်လုပ်ပြီး များများကုသိုလ်လုပ်ခဲ့သယောင်ပြောတတ်တဲ့ရွာ၊ အပြစ်စစ်တွေကို ဖုံးကွယ်ထားပြီး အချစ်တုတွေကို ဖွင့်ပြတတ်တဲ့ရွာ၊ အမုန်းစုတွေကို ဖုံးကွယ်ထားပြီး အပြုံးတုတွေကို တပ်ဆင်ထားတဲ့ရွာ၊ ခြတောင်ပို့ကို ဧ၀ရက်တောင်ဖြစ်အောင်ပြောတတ်တဲ့ရွာ၊ ကျွဲခြေရာကွက်ကလေးကိုသမုဒ္ဒရာကြီးဖြစ်အောင် ပြောတတ်တဲ့ရွာ၊
ခြင်ကလေးကို ဂေါ်ဇီလာကြီးဖြစ်အောင်ပြောတတ်တဲ့ရွာ... အို.. စုံလို့ စုံလို့ပါဘဲ။ အဲဒါကြောင့် အဲဒီရွာကို ကျနော်တို့က ဖိုးကြွားတို့ရွာလို့ နာမည်ပေးထားတယ်။

ကြွားတယ်ဆိုတာကလဲ အထင်ကြီးခံချင်လို့ ကြွားကြတာ များပါတယ်။ သူများအထင်ကြီးခံရတာကလဲ လောကစည်းစိမ်တစ်မျိုးလိုဘဲ နေလို့ထိုင်လို့ သိပ်ကောင်းကိုး။ ဒါပေမဲ့ လူအတော်များများက သူများအထင်ကြီးခံရတာထက် သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာများတယ်။ ဆရာတစ်ယောက်ပြောတာကို အမှတ်ရမိတယ်။ သူများအထင်ကြီးခံရတာထက် ကိုယ့်ကိုကိုယ် အထင်ကြီးတာက နေထိုင်လို့အကောင်းဆုံးတဲ့။ ဒီစကား အတော်လေးမှန်တယ်။ လူတွေအများစုက ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်အထင်ကြီးပြီး မြှောက်ကြွမြှောက်ကြွ ဖြစ်နေတတ်ကြတာကလား။ ပတ်ဝန်းကျင်ကလူတွေအတွက်ကတော့ မျက်စိနောက်စရာဘဲပေါ့။ ဒါပေမဲ့ သူတို့အတွေးနှင့်သူတို့တော့ ဟုတ်နေကြတာဘဲ။ ကျနော်ပြောတဲ့ ဖိုးကြွားတို့ရွာမှာလဲ ဒီအတိုင်းဘဲဗျ။ ရောဂါရနေကြတယ်။ တစ်ခြားရောဂါတော့မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ ရောဂါ။

ကြွားတယ်ဆိုတာကလဲ ပါရမီဓါတ်ခံကောင်းမှ ကြွားတတ်ကြတယ်ထင်ပါ့။ အကြွားကောင်းပြီဆိုရင် တကယ့်အစစ်တွေ စိတ်ဝင်စားစရာမကောင်းတော့ဘူး။ အကြွားတွေဘဲ ရေပန်းစားနေတတ်ကြတယ်။ အင်းလေ ခေတ်ကြီးကတောင်မှ များများကြွားနိုင်မှ အမှန်တရား ဖြစ်နေကြတာကိုး။ ဒါကြောင့် ဖိုးကြွားတို့ရွာမှာလဲ အမှားကြာ အမှန်ဖြစ်ဆိုသလို ကြွားလုံးတွေ များတော့လဲ နားထောင်တဲ့သူတွေ နားယောင်ပြီး အမှန်တရားလို့ ထင်မှတ်နေကြလေရဲ့။ ပြောလိုက်တဲ့ စကားတွေက ခပ်သော့သော့၊ ၀တ်တဲ့အ၀တ်အစားတွေက ခပ်ဟော့ဟော့၊ လူပုံစံက ခပ်ကော့ကော့၊ အမူအယာတွေက ခပ်ငေါ့ငေါ့၊ လမ်းလျောက်ပြန်တော့ ခပ်မော့မော့။ ဆိုတော့ကာ။ အဲဒီဖိုးကြွားတို့ရွာသားပုံစံမျိုးနှင့် ကျနော်တို့ တုံးဖလားရွာထဲ ၀င်ခဲ့လို့ကတော့ အောင်နက်တို့ ဂုတ်ကျားတို့ မျက်စိနောက်လို့ တ၀ုတ်ဝုတ် ဖြစ်နေမှာ မြင်ယောင်မိပါရဲ့။

ကာတွန်းတစ်ခုတွေ့ဖူးတယ်။ လူတစ်ယောက်က သိန်းကျော်တန်ဖိနပ်၊ သိန်းကျော်တန် ဘောင်းဘီ၊ သိန်းကျော်တန်အကျီ င်္၊ သိန်းကျော်တန် လက်ပတ်နာရီ၊ သိန်းကျော်တန် မျက်မှန် တပ်ထားပြီး လက်ထဲမှာလဲ သန်းကျော်တန်ဟန်းဖုန်းတစ်လုံးကိုင်ထားတယ်။ သူ့အနားမှာတော့ သိန်းထောင်ကျော်တန် ကားတစ်စီးရပ်ထားတယ်။ ပြီးတော့ အနီးနားမှာ မုန့်လေပွေရောင်းတဲ့ဆိုင်ရှိတယ်။ ခုနက လူက လူတစ်ယောက်ဆီကို ဟန်းဖုန်းနဲ့ လှမ်းဆက်တယ်။

"ဟလို...။ ဒီမှာ အခက်တွေ့နေတယ်။ မုန့်လေပွေက တစ်ခုကို သုံးကျပ်တဲ့။ အဲဒါ နှစ်ခုကို ငါးကျပ်နဲ့ ဈေးဆစ်နေတာ ပါးစပ်ပေါက်တော့မယ်။ မပေးနိုင်ဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲ "

ကိုင်းမှတ်ကရောဗျာ။ အဲဒီလိုလူက တစ်နေကုန်နေပူမိုးရွာမရှောင် ရောင်းနေတဲ့ မုန့်လေပွေသည်ကလေးဆီက ဈေးဆစ်နေတယ်တဲ့။ ကျနော်ပြောတဲ့ ဖိုးကြွားတို့ရွာလဲ ဒီအတိုင်းပါဘဲ။ ပါးစပ်ကသာ သိန်းဂဏန်းသောင်းဂဏန်းပြောနေကြတာ။ ရှော့ပင်ထွက်ပြီဆိုရင်တော့ ဒစ်ကောင့်ချထားတဲ့ဆိုင်၊ အဟောင်းပစ္စည်းဆိုင်တွေကိုဘဲ သွားပြီး ဈေးအနည်းဆုံးကိုမှ ရွေးဝယ်တတ်ကြတယ်။ ဒါတောင်မှ ပစ္စည်းအမျိုးအစားကို အရင်မကြည့်ဘူး။ ဈေးနှုန်းအရင်ကြည့်ပြီးမှ ပစ္စည်းကို ၀ယ်ကြတာ။

ပြီးတော့ ရှိသေးတယ်။ အဲဒီဖိုးကြွားတို့ရွာက ရွာသားတွေဟာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်မယူကြဘူးဗျ။ ကြွားတုန်းက ကြွားခဲ့ပြီးမှ ပြဿနာဖြစ်ပြီဆိုရင် ဒီစကားကို ငါမပြောခဲ့ဘူး။ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ဘုရားစူးရချေရဲ့ ဆိုပြီး ခေါင်းကို တွင်တွင်ကြီးခါနေကြလေရဲ့။ ရယ်မောရခက် စိတ်တိုရခက်ကြီးဗျာ။ မျက်စိထဲမြင်အောင်ကြည့်ကြည့်စမ်းပါ။ ကြွားတုန်းကတော့ ကြွားခဲ့ပြီးမှ တကယ်အရေးကြုံလာပြီဆိုတဲ့အခါကျတော့ ထပ်ပြီးဖုံးကွယ်ကြပြန်ရော။ တကယ်ပါဘဲ။ ပြောမယုံ ကြုံဖူးမှသိ ဆိုရလောက်တယ်။

ပြောတော့အဟုတ်၊ လုပ်တော့တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ အဲဒီဖိုးကြွားတို့ ရွာသားတွေအတွက် ရှေးဆရာတော်တွေ စပ်ဆိုထားခဲ့လားမသိတော့ပါဘူး။ ပြောလိုက်တဲ့ စကားတွေမှန်သမျှ မိုးပေါ်ချည်းဘဲ။ ပြီးတော့ ရှိသေးတယ်။ ကိုယ့်ကိုကိုယ်ကျပြန်တော့ အပြစ်ဆိုလို့ မြူတစ်မှုန်မျှလောက်တောင် မရှိသယောင် အမွန်းတင်ကြပြန်ရော။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဘဲဗျို့။ နောက်ဆုံးတော့လဲ အဲဒီဖိုးကြွားတို့ရွာသားတွေကို ဘယ်လိုလူမျိုးတွေကများလာရောက်ပြီး ပညာပြဆုံးမကြမလဲ ဆိုတာကိုဘဲ အခြားရွာသားတွေ စောင့်စားကြည့်နေကြလေရဲ့။ အင်း.. တစ်ချိန်ချိန်မှာတော့ သူတို့ဆရာ ပေါ်လာကောင်းပါရဲ့လေ။ ။

.