Tuesday 30 December 2014

ဒီဇင်ဘာပုံပြင်

 လောက၌ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ပုထုဇဉ်မှန်လျှင် လူသားတို့သည် ချစ်တတ်ကြ၏ ကြိုက်တတ်ကြ၏ မုန်းတတ်ကြ၏ မေ့တတ်ကြ၏ မနာလို တတ်ကြ၏ ၀န်တိုတတ်ကြ၏။ အေးမြသောအချစ်သည် အေးမြသော စိတ်တည်ကြည်မှုကို ဖြစ်စေ၏။ ပူလောင်သော အချစ်သည် စိတ်အစဉ်ကို လောင်ကျွမ်းစေ၏။ မနာလိုမှုများစွာတို့တွင် အချစ်နဲ့ ပတ်သက်သည့် မနာလိုမှုသည် ဦးဏှောက်မဲ့ မနာလိုမှုတစ်ခုအဖြစ် တင်စားခြင်း ခံရလေတော့၏။ ထို မနာလိုမှုများ နှလုံးသားအပြည့် ပြည့်နှက်လာသောအခါ......။


ဒီဇင်ဘာပုံပြင်။

သူမနာမည်က သဇင်။ တောသူ။ အရိုင်းပန်းသက်သက်။ သဇင်ပန်းလို တော်မ၀င်ပေမဲ့ သူမမှာ အလှရှိသည်။ အရွယ်ရှိသည်။ ဖြူစင်မှုရှိသည်။ ဆွဲဆောင်မှု အပြည့်ရှိသည်။ ရွာရှိ အပျိုဘော်တစ်သင်းတွေထဲမှာမှ သူမက ပန်းတောင်ကိုင်။ 

သူ့နာမည်က စိုးခန့်။ မြို့ကြီးသား။ အတွေ့အကြုံများလွန်းသူ။ ခန့်ခန့်ချောချော မဟုတ်ပေမဲ့ သူ့အရွယ် သူကိုယ်ခန္ဓာအနေအထားက ကြည့်လို့ကောင်းသည်။ စကားပြောတိုင်း အာဝဇ္ဇန်းရွှင်ရွှင် ပြောတတ်လေ့ရှိသည်။ သဇင်နေထိုင်သည့် ရွာလေးသို့ သူငယ်ချင်းများနဲ့ အလည်လိုက်လာပြီး သဇင်တည်းဟူသော တောအရိုင်းပန်းလေးကို စိတ်ဝင်စားနေသူ။

အချစ်သည် အထင်ကြီးချင်းက စသလော။ အချစ်သည် အလှတရားက စသလော။ သို့တည်းမဟုတ် အချစ်သည် အချစ်ကပင် စလေသလော။ သဇင်သည် စိုးခန့်ကို မြို့ကြီးသားမို့ အထင်ကြီးလေ၏။ စိုးခန့်သည် သဇင်၏ ရိုးရှင်းဖြူစင်သော အလှကို ဆွတ်ခူးလို၏ သဇင်သည် ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်မတက်ဘဲ မိဘကို တပိုင်တနိုင် ကူညီလုပ်ကိုင်ပေးနေသူဖြစ်၏။ စိုးခန့်သည် တက္ကသိုလ်တစ်ခုမှ ပူပူနွေးနွေး ဘွဲ့တစ်ခု ရထားသူဖြစ်၏။

ပညာရေးအခြေခံရှိသူချင်းချင်း ဇာတ်တော်ကြီးဆယ်ဘွဲ့အကြောင်း နားလည်ကြ၏။ မတောက်တခေါက် အင်္ဂလိပ်စာလေးများ နားလည်ကြ၏။ ပုံတိုပတ်စလေးများ ကြားဖူးနားဝရှိကြ၏။ ထို့ကြောင့် စကားပြောသည့်အခါ အထာလေးများဖြင့် ပြောကြလေ့ရှိ၏။ တစ်နေ့ စိုးခန့်က မြို့မှနေပြီး တစ်ယောက်ထဲ ဆိုင်ကယ်နဲ့ ထိုတောရွာလေးသို့အလာ သဇင်ကလဲ ယာခင်းထဲ ခဏအသွား လမ်းခုလတ်၌ ကြုံဆုံကြလေ၏။ ထိုအခါ စိုးခန့်က သဇင့် အသက်ကို သိချင်၍ အသက်ဘယ်လောက်ရှိပြီလဲဟု မေး၏။ သဇင်ကလည်း..

"ကျမအသက် သပြေခက်၊ ရလာဒ်စားခြေ တူပါစေ"

ဟု သူမ ဖတ်မိထားသည့် ပုံပြင်ထဲက စာသားလေးအတိုင်း ပြန်ပြောလေ၏။

"ဒါဖြင့် ၁၆ နှစ်ပေါ့နော်"

"အင်း... ဟုတ်တယ်.. ဒါနဲ့ ရှင့် အသက်ကကော"

"ကျနော့်အသက် မောင်ငကြွက်၊ ရှေ့ကစာလုံး ဖျက်လိုက်ဦး"

"ဒါဖြင့် ၂၂ ပေါ့"

"ဟာ သဇင်က တော်လိုက်တာ။ ဟုတ်တယ် ၂၂"

ထိုအခါ စိုးခန့်က သဇင်အား လက်သီး ဆုပ်ပြလေ၏။ သဇင်ကလဲ အားကျမခံ လက်ဝါး ဖြန့်ပြီး ထောင်ပြလိုက်၏။ သူ့တို့အထာနဲ့ သူတို့ ဟုတ်နေကြသည်။ ဒီလောက်ဆို သူတို့နှစ်ယောက် အချင်းချင်း အသက်အရွယ်ကို သိကြပြီ ဖြစ်၏။ သဇင်၌ ချစ်သူမရှိမှန်း သိရပြီဖြစ်၏။ အချိန်လေး အနည်းငယ် စောင့်ဆိုင်းပြီး စိုးခန့်တစ်ယောက် သဇင့်အား ချစ်ရေးဆိုရန်သာ လိုလေတော့၏။ 

သုံးလေးလ လွန်လေပြီးသော တစ်နေ့။ မဆွတ်ခင်က ညွတ်ချင်ပြီးသား၊ ရေမလာခင်က မြောင်းပေးချင်ပြီးသား၊ မခိုင်းခင်က ကိုင်းချင်ပြီးသား သဇင်တစ်ယောက်။ မိန်းခလေးကျမ်းကြေသော၊မိန်းခလေး အထာကျွမ်းသော၊ မိန်းခလေးသဘော စောကြောတတ်သော စိုးခန့်နဲ့ လမ်းခုလတ်၌ အမှတ်မထင် ထပ်ဆုံပြန်လေ၏။ နှစ်ယောက်ထဲ တွေ့ရသည့် အခွင့်အရေးကို စိုးခန့် အပြည့်အ၀ အသုံးချလိုက်လေ၏။ ချစ်ရေးဆိုခြင်းပင် ဖြစ်၏။

ယခင့်ယခင် ရှေးလူကြီးများကတော့ စကားထာလေးများနဲ့ ချစ်ရေးဆိုလေ့ရှိကြသတဲ့။ ဥပမာအားဖြင့် ကြားဖူးနေကျအတိုင်း..ပင်လယ်ဓါးပြ.. ဟူသော စကားထာဖြင့် ချစ်ကြိုက်ကြောင်း အရိပ်အမြွက် ပြလေ့ ရှိကြသတဲ့။ ပင်လယ်က မကျယ်ဘူးလား။ ကျယ်တယ်။ ဓါးပြက မတိုက်ဘူးလား တိုက်တယ်။ ဒါဖြင့် ကြယ်တိုက် ကြိုက်တယ်။ အဲဒီလို အဲဒီလို ချစ်ရေး စလေ့ရှိကြသတဲ့။ သို့ပေမဲ့ အတန်းပညာ အခြေခံ  ဗဟုသုတရှိကြသူချင်းချင်းတွေမို့ စိုးခန့်တစ်ယောက်ကတော့ သဇင်အား ဂဏန်းစာလုံးများကို မြေပြင်၌ ရေးခြစ်ပြခြင်းဖြင့်ပင် ချစ်ရေး စဆိုလိုက်လေ၏။ မေးခွန်းအမှတ်အသားကလေးပင် ပါလိုက်သေး။

"၁၇၂၀၄ ?"

သဇင်ကလဲ အားကျမခံ မြန်မာလို မပြောဘဲ ဘိုလို ပြန်လည် တုန့်ပြန် ပြောဆို လိုက်လေ၏။

"Roman fifty before O, roman five before E"

ထိုနေ့မှစ၍ စိုးခန့်နဲ့ သဇင် အချင်းအချင်း အပေးအယူမျှပြီး ချစ်သူဘ၀သို့ နေ့ချင်းညချင်း ရောက်သွားကြလေတော့၏။ သဇင့်အနေနဲ့ ချစ်ဦးသူမြို့ကြီးသားကို နစ်နစ်ကာကာ ချစ်၏။ စိုးခန့်ကလဲ  မိန်းခလေးများစွာ တွဲခဲ့ဖူးသော်လည်း သဇင်နဲ့ကျမှ ခိုက်ခိုက်တုန်ချစ်ပြီး အိမ်ထောင်ပြုဖို့ထိ  စဉ်းစားလေတော့၏။ 

"အောင်ဇေယျတု သဗ္ဗမင်္ဂလာ... အခုလို အာဝါဟ ၀ိဝါဟ မင်္ဂလာရက်မြတ်မှသည်....."

နှစ်ဘက်မိဘများ ညှိနှိုင်းစေ့စပ်ပြီး သဇင့်မိဘများအနေနဲ့ သမီးကို နှမြောသော်လည်း သမီးရဲ့ ရှေ့ ရေးမို့ လက်ဆက်ပေးလိုက်လေတော့၏။ သို့ဖြင့် စိုးခန့်နောက် လိုက်သွားပြီး မြို့မှာ အိမ်တစ်အိမ်ခွဲကာ လင်မယားနှစ်ယောက် ဘ၀ကို ပျော်ရွှင်စွာ ရုန်းကန်ကြလေ၏။ မိုးမမြင်လေမမြင် မြေမမြင် လေမမြင်ပင် ဖြစ်လေတော့၏

မင်္ဂလာဆောင်ပြီး တစ်နှစ်ခန့်ကြာသော ဒီဇင်ဘာတစ်ည၌ အအေးဓါတ်က အနှုတ်ဒီဂရီထိ ဆင်းလာသည်။ ချမ်းလိုက် အေးလိုက်သည့်ဖြစ်ခြင်း။ သို့နှင့်လင်မယားနှစ်ယောက် စောစော အိပ်ရာဝင်ပြီး အိပ်ယာထဲမှာ နွေးနွေးထွေးထွေးဖြင့် ရှေးဟောင်း နှောင်းဖြစ်များ ပြောပြီး အချင်းချင်း စနှောက်ကျီစယ်နေကြလေ၏။ စိုးခန့်ပြောသမျှ သဇင်တစ်ယောက် ပြုံးပြုံးလေး နားထောင်နေလေ၏။ 

"သဇင့်ကို ပြောရဦးမယ်။ အမှန်ဆို ကိုက စော်ကြည်ဘဲကြီးလေ။ စော်တွေ အများကြီး ထားခဲ့ပြီး သဇင့်ကိုကျမှ အသဲနင့်အောင် ချစ်မိခဲ့ပြီး အပိုင်ယူပစ်လိုက်တာ။ ဟို အရှေ့ဘက် ရပ်ကွက်က အေးမာတို့ဆို ကို့ကို ချစ်လိုက်တာ သိမ့်သိမ့်တုန်။ ဟို မြောက်ရပ်ကွက်က ကြည်မြင့်ဆိုလဲ ကို့မေမေကို တွေ့တိုင်း ယောက္ခမကြီးဘဲ ဇွတ်ခေါ်နေတော့တာ။ ဟိုတစ်နေ့က ကိုတို့အပြင်မှာ ဆုံခဲ့တဲ့ အေးအေးဝင်းဆိုတဲ့ မိန်းခလေးကို မှတ်မိတယ် မဟုတ်လား။ သူဆို မိဘချင်းတောင် လာစေ့စပ်ဖို့ လုပ်ခဲ့ကြသေးတာလေ"

"အင်း.. ကိုက မိန်းခလေးတွေ အများကြီးဘဲနော်။ ဘာဘဲဖြစ်ဖြစ် သဇင် ကံကောင်းပါတယ်။ ကို့ချစ်သူတွေအားလုံးထဲမှာမှ သဇင်က ကို့ကို ပိုင်ဆိုင်ခွင့်ရခဲ့လို့"

"နောက် မိန်းခလေးတွေလဲ ရှိသေးတယ်။ ဟိုလျောက်လည် ဒီလျောက်လည်နဲ့ တေလေကြမ်းပိုး ဖြစ်ခဲ့တာလေ။ ပျော်လိုက်ပါးလိုက်နဲ့ အချိန်တွေ ဖြုန်းတီးခဲ့တာလေ။ အခုလို သဇင်နဲ့တွေ့မှဘဲ ဘ၀က တည်ငြိမ်လာတယ်။ သဇင့်ကို ကျေးဇူးတင်ပါတယ်"

"ရပါတယ် ကိုရယ်။ လင်မယား အချင်းချင်းတွေဘဲ။ အခုလို ကိုကိုယ်တိုင် ပွင့်ပွင့်လင်းလင်းပြောပြထားတော့လဲ နောက်ဆို အထင်လွဲစရာ မလိုတော့ဘူးပေါ့။ ဒါနဲ့ သဇင်လဲ ပြောပြရဦးမယ်။ သဇင့်မှာလဲ ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတယ်"

"ဟင်... ဟုတ်လား။ ဆိုစမ်းပါဦး။ ကိုက ကိုသာ သဇင်ရဲ့ ချစ်ဦးသူလို့ ထင်ထားခဲ့တာ"

"သဇင့်မှာလဲ သိပ်ချစ်ရတဲ့ ကောင်လေး တစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီကောင်လေးက အရမ်းချစ်စရာ ကောင်းတာ။ ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့။ ယောက်ျားလေး ပါးချိုင့်ရှိတာ ရှားတယ်နော်။ သူက အမြဲတမ်းလဲ သဇင့်ကို ပြုံးပန်းလေးတွေ ပေးတယ်"

စိုးခန့်တစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ သရဲခြောက်ခံရသည့်အလား ကြက်သီးမွေးညှင်းများ ထလာလေ၏။ သူထင်ထားခဲ့သည်မှာ သူသည်သာ သဇင့်ရဲ့ ချစ်ဦး။ သဲဦးပန်း။

"အဲဒီကောင်လေးနဲ့ နေ့တိုင်းတွေ့ဖြစ်တယ်လေ။ သူလဲ သဇင့်ကို အရမ်းချစ်တာ။ သဇင့်အနားကပ်ကပ်ပြီး ကပ်ချွဲချွဲလိုက်၊ သဇင့်အလှစ်မှာ ရွှတ်ကနဲ မွှေးမွှေးပေးလိုက်နဲ့။ သိပ်ကြည်နူးဖို့ ကောင်းခဲ့တာ ကိုရယ်"

စိုးခန့် သူ့နားကို သူမယုံတော့။ ဒီလောက်ရိုးသားသည့် သဇင်တစ်ယောက် သည်လို ဇာတ်လမ်းတွေ ရှိခဲ့တာကို သူမသိခဲ့။ တစ်ပါးသူ နမ်းချွေပြီးသည့်ပန်းကိုမှ မက်မက်မောမော နမ်းမိလေပြီလား။ စိတ်ထဲ ရှူးရှူးဒိုင်းဒိုင်းဖြစ်လာ၏။ ဖြစ်နိုင်လျှင် အတိတ်ကိုပြန်သွားပြီး အဲဒီကောင်လေးကို လက်သီးနဲ့ အချက်ပေါင်းများစွာ ထိုးနှက်ပစ်လိုက်ချင်မိ၏။ 

"မှတ်မှတ်ရရ အခုလို ဒီဇင်ဘာတစ်ညမှာပေါ့ ကိုရယ်။ အပြင်မှာလဲ နှင်းတွေ ကျနေတယ်။ အေးလိုက်တာလဲ လွန်ရောဘဲ။ ဒါနဲ့ အခု ကိုနှင့်သဇင်အတူနေသလို အိပ်ယာထဲ အတူတူ လဲလျောင်းရင်း ပုံပြင်လေးတွေ ပြောဖြစ်ခဲ့ကြတယ်။ စကားပြောနေရင်းနဲ့ဘဲ သူက အရမ်းချမ်းတယ်။ ဖက်ထားချင်တယ် ဆိုပြီး သဇင့်ရင်ခွင်ထဲ ခေါင်းထိုးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေရဲ့။ အဲဒီ အနွေးဓါတ်ကလေး အခုထက်ထိ တမ်းတနေမိတုန်းပါဘဲ။ အမှတ်ရစရာ အတိတ်ဇာတ်လမ်းလေး တစ်ခုပေါ့ ကိုရယ်"

စိုးခန့်တစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်တော့။ သူ့ဖာသူ နဖားကြိုးထိုးခံရသည့် နွားရိုင်းကြီး တစ်ကောင်အလား ရှူးရှူးဒိုင်းဒိုင်းဖြစ်သွားပြီး အိပ်ယာထဲမှ ငေါက်ကနဲ ထထိုင်လိုက်ကာ အော်ကြီးဟစ်ကျယ် ဆဲဆိုလေတော့၏။

"နင်..နင်.. အသဲစား ဘီလူးမ၊ -ာသည်မ၊ေ-ာက်ဆင့်မရှိတဲ့ မိန်းမ၊ အပျက်မ။ အမြှောင်မ။ အဖျက်မ။ ငါ့ကို နင်လှည့်စားတယ်။ သွား ငါ့အိမ်က ထွက်သွား။ ငါသတ်မိလိမ့်မယ်။ နင် မြဲမြဲမှတ်ထား။ လင်မယားနှစ်ယောက် အိပ်ယာထက်မှာ အတူတူအိပ်နေပြီး မိန်းမလုပ်တဲ့သူက တစ်ခြားယောက်ျားလေးအကြောင်း စဉ်းစားပြီး ဖီးလ်ဖြစ်နေတယ်ဆိုရင် အဲဒီဇနီးရဲ့ ယောက်ျားက နွားသက်သက်ဘဲ။ တကယ့်နဖားကြိုးထိုးထာတဲ့ နွားကြီးဘဲ။ အခု ငါလဲ အဲဒီလို နွားကြီးပေါ့။ စိုးခန့် နွားကြီး။ နွားကြီး။ ဟား ဟား ဟား"

အရူးတပိုင်းအလား စိုးခန့်၏ အော်ဟစ်သံများ တစ်အိမ်လုံး ဆူညံသွားလေ၏။ ဒေါသအလျောက် သဇင့်ပါးပြင်ပေါ် ဖြန်းကနဲ လက်ဝါးတစ်ချက် အမှတ်မထင် ကျရောက်သွားလေ၏။ ပူကနဲဖြစ်သွားသည့် နာကျင်မှုနဲ့အတူ သဇင့်ပါးပြင်ပေါ် မျက်ရည်များ ချောင်းစီးလာလေ၏။ ပါးပြင်ထက်က နာကျင်မှုထက် နှလုံးသားဒဏ်ရာက ပိုပြင်းထန်ကြောင်း သဇင်ဖာသာ သိလေ၏။ 

"နင်.. ငါ့အိမ်က ထွက်သွား။ တောသူက တောသူအဆင့်ဘဲ။ တောမှာဘဲ သွားနေ။ ငါနဲ့ နင် မတန်ဘူး။ သွား။ ထွက်သွား"

သဇင်တစ်ယောက် စိတ်ကို အတည်ငြိမ်ဆုံး ထိန်းပြီး စကားကို တစ်လုံးချင်းစီ ပြန်ပြောလေ၏။

"ကို... အဲဒီကောင်လေးက ဘယ်သူလဲလို့ သဇင့်ကို ပြန်မမေးတော့ဘူးလား ဟင်"

"မေးစရာ မလိုဘူး။ အဲဒီကောင်လေး ဘယ်သူလဲဆိုတာ ငါသိရင် ငါ သွားသတ်မိလိမ့်မယ်"

စိုးခန့်မျက်နှာကို စူးရှတဲ့ မျက်နှာနဲ့ စိုက်ကြည့်ပြီး သဇင် စကားဆက်ပြော၏။

"စိတ်ငြိမ်ငြိမ် ထားပြီး နားထောင်ပါ ကို။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုနဲ့ အိမ်ထောင်ကျခဲ့တဲ့အထိ သဇင် အပျိုစစ်ခဲ့တယ် မစစ်ခဲ့ဘူးဆိုတာ ကို အသိဆုံးပါ။ သဇင့်မှာ တစ်ခြားချစ်သူ တစ်ယောက်မှ မရှိပါဘူး။ ကိုသာ သဇင်ရဲ့ ချစ်ဦးပါ။ ကို့ကိုဘဲ ဘ၀တစ်ခုလုံး အပ်နှင်းခဲ့တာပါ။ ကို့ကိုဘဲ အသဲနင့်အောင် ချစ်ခဲ့တာပါ။ အခု ကိုက သဇင့်ခံစားချက်ကို နဲနဲလေးမှ ထည့်မတွက်ဘဲ ကို့ ကောင်မလေးတွေ အကြောင်း တန်းစီပြီး မြိန်ရည်ယှက်ရည် ပြောနေလို့ သဇင်လဲ ကို့စိတ်ကို စမ်းသပ်ချင်တာနဲ့ အခုလို ပြန်ပြောမိတာပါ။ အမှန်က သဇင်ပြောတဲ့ ကောင်လေးဆိုတာ တခြားသူ မဟုတ်ပါဘူး။ အကိုသိပြီးသားဖြစ်တဲ့ အမအကြီးဆုံးရဲ့သား (သဇင်ရဲ့ တူလေး) အောင်ပု ပါ။ သူ တစ်နှစ်ခွဲ နှစ်နှစ်သားအရွယ်လောက်က သူ့အမေ အလုပ်နဲ့ နယ်ထွက်တဲ့အခါတိုင်း သဇင်ကဘဲ သူ့ကို ထိန်းခဲ့ရတာပါ။ သဇင့် အိပ်ရာမှာဘဲ လာလာအိပ်တဲ့ သဇင့်တူလေး တစ်နှစ်ခွဲသားလေး အောင်ပုလေးရယ်ပါ ကို။ တခြား ယောက်ျားလေး မဟုတ်ပါဘူး"

စိုးခန့်တစ်ယောက် သက်ပြင်းရှည်ကြီးကို ဖူးးးကနဲ မှုတ်ထုတ်လိုက်ပြီး ခေါင်းအုံးနဲ့ မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုလေတော့၏။ သဇင့်အပေါ် မှားခဲ့သည့် နောင်တကြောင့် ငိုသည်လော၊ သဇင့်တူအရင်းခေါက်ခေါက် တစ်နှစ်ခွဲသားကလေးကိုပင် မနာလိုဝန်တိုဖြစ်ကာ ယူကြုံးမရ ငိုကြွေးနေသည်လော။ သဇင်လေး သူ့အပေါ် စိတ်ကွက်သွားမည်ကို စိုးရိမ်သည့်အတွက် ငိုကြွေးနေသည်လော။ သူကိုယ်တိုင်မှ လွှဲ၍ မည်သူမှ မသိနိုင်တော့ပေ။ သို့သော် ထို့နေ့မှ စ၍ သူတို့လင်မယား၏ အချင်းချင်း ဆက်ဆံမှုသည် ယခင်လို ပျော်ရွှင်ဖွယ် သိပ်မရှိတော့။ အေးစက်စက်ခြောက်ကပ်ကပ် ဖြစ်လာလေတော့၏။

ထိုသည်ပင်လျှင် သင်ခန်းစာယူစရာ အပြည့်ပါသော ဒီဇင်ဘာတစ်ည၏ ပုံပြင်တစ်ပုဒ် ဖြစ်လေတော့၏။ ။ 

 လောက၌ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ပုထုဇဉ်မှန်လျှင် လူသားတို့သည် ချစ်တတ်ကြ၏ ကြိုက်တတ်ကြ၏ မုန်းတတ်ကြ၏ မေ့တတ်ကြ၏ မနာလို တတ်ကြ၏ ၀န်တိုတတ်ကြ၏။ အေးမြသောအချစ်သည် အေးမြသော စိတ်တည်ကြည်မှုကို ဖြစ်စေ၏။ ပူလောင်သော အချစ်သည် ပူလောင်သော စိတ်အစဉ်ကို ဖြစ်စေ၏။ မနာလိုမှုများစွာတို့တွင် အချစ်နဲ့ ပတ်သက်သည့် မနာလိုမှုသည် ဦးဏှောက်မဲ့ မနာလိုမှုတစ်ခုအဖြစ် တင်စားခြင်း ခံရလေတော့၏။ ထို မနာလိုမှုများ နှလုံးသားအပြည့် ပြည့်နှက်လာသောအခါ......။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
၃၀၊၁၂၊၂၀၁၄ အင်္ဂါနေ့

မှတ်ချက်။
ဆွေလေးမွန်ရဲ့ တဂ်ကို ဖြေထားတာပါ။ ရေးတာ နဲနဲ နောက်ကျသွားတယ် ဆွေလေးမွန်ရေ။ ခွင့်လွတ်နော်။


.

Tuesday 25 November 2014

အအိပ်ခက်ခဲ့သည့် အိပ်ပျက်ညများအကြောင်း

ဖိုးလုံး။
နာမည်နဲ့ လူနဲ့ အတော်လေးလိုက်ဖက်တဲ့ သဖန်းပင်ရွာသားတစ်ယောက်ဖြစ်၏။ လုံးတုံးတုံးပုတုတုလေးမို့ သူ့ကို ချစ်စနိုးဖြင့် လုံးလုံးဟုလဲ ခေါ်ကြ၏။ ဒါပေမဲ့ ကျနော်ကတော့ ဖိုးလုံးဟုပင် နာမည် အပြည့်အစုံ ခေါ်၏။ လူပုစိတ်တို ခွေးပုရန်လို ဆိုတဲ့အတိုင်း တဆိတ်ကလေးဆို ဖိုးလုံးက စိတ်တိုနေလေပြီ။

"ယောက်ဖ"

သူငယ်ချင်းများက သူ့ကို ယောက်ဖဟုခေါ်တိုင်း စိတ်အတိုကြီး တိုကာ လေးခွဖြင့်သော်လည်းကောင်း ဆွဲမိဆွဲရာ တုတ်တိုတို့ဖြင့်လည်းကောင်း ခဲလုံးတို့ဖြင့်သော်လည်းကောင်း လိုက်လံ ပစ်ခတ်တတ်သူဖြစ်၏။ သူငယ်ချင်းများကလဲ ခံပြင်းလေ စနောက်တတ်လေ ဖြစ်ကာ ယောက်ဖခေါ်သံနဲ့ ဖိုးလုံး၏ ဆဲဆိုသံတို့မှာ ထို သဖန်းပင်ရွာလေး၏ ပြယုဂ်တစ်ခုဟုပင် ခေါ်ရမတတ်ဖြစ်နေလေ၏။

ဖိုးလုံးမှာ ပန်းနု အမည်ရှိ အမတစ်ယောက်ရှိ၏။ နာမည်အတိုင်း ပန်းနုရောင်သန်းနေသည့် ပါးပြင်နှစ်ဘက် မို့မို့လေး ရှိလေ၏။ အပျိုဖျန်းအရွယ်လေးမို့ ရှက်သွေးဖြန်းတတ်ပေမဲ့ စိတ်ကတော့ ခပ်ဆတ်ဆတ်ပင် ဖြစ်လေ၏။ သို့သော် ထိုကဲ့သို့ စိတ်ဆတ်သည်ကပင် တမျိုး ချစ်စရာ ကောင်းနေတတ်ပြန်၏။ တောသူတောင်သား တောအရိုင်းပန်းလေးပေမို့ ခန္ဓာကိုယ် ၀ဖိုင့်မနေဘဲ ယခုခေတ် မိုးယုစံ ကိုယ်လုံးလေးနဲ့ ခပ်ဆင်ဆင်ဖြစ်၏။ ရယ်လိုက်လျှင် သွားတက်ကလေး ပေါ်လာတတ်၏။ ပါးချိုင့်ကလေးကလဲ တမျိုးတဖုံ စွဲလန်းစရာ ဖြစ်နေပြန်၏။

ထိုသဖန်းပင်ရွာနဲ့ ကျနော်တို့ တုံးဖလားရွာနဲ့ ငါးမိုင်ခန့် ဝေးကွာ၏။  ထိုရွာ၌ ကျနော်၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ရှိသဖြင့် မကြာမကြာ ထိုရွာလေးသို့ ရောက်ဖြစ်၏။ အလုပ်ပါးချိန်ဆို နေ့အိပ်ညနေ ရောက်ဖြစ်၏။ ထိုသူငယ်ချင်းကလဲ သူ့ရွာအလည်သွားတိုင်း အပျိုလေးတွေရှိရာ အိမ်များသို့ ညဘက် အလည်ထွက်ပေးခြင်းဖြင့် သူ့သူငယ်ချင်းအား သူ့ရွာသို့ မကြာခဏ အလည်လာရန် မက်လုံးပေးလေ့ ရှိ၏။ 

ထိုရွာသို့ အလည်သွားဖန်များသောအခါ ဖိုးလုံးနဲ့ ခင်မင်ရင်းနှီးလာ၏။ သူတို့ရွာရောက်တိုင်း ကျနော့်နောက် ကပ်လိုက်လေ့ရှိ၏။ ပို၍ ထူးဆန်းသည်မှာ သူ၏ သူငယ်ချင်းများက သူ့အား ယောက်ဖဟု ခေါ်လျှင် စိတ်အဆိုးကြီးဆိုးသလောက် ကျနော့်ကို ဆက်ဆံသည်မှာ တမျိုးဖြစ်နေလေ၏။

"ယောက်ဖကြီး"

ဟုတ်သည်။ ဖိုးလုံးက ကျနော့်အား ကျနော်ဘာမှ အရိပ်အယောင် မပြရပါဘဲ သူ့အလိုလို ရင်ထဲက ခေါ်လာသည့်အသံဖြစ်၏။ သူ့သူငယ်ချင်းများရှေ့၌လည်း ကျနော့်ကို ယောက်ဖကြီးဟု ခေါ်၏။ ကျနော့်သူငယ်ချင်းရှေ့၌လည်း ကျနော့်ကို ယောက်ဖကြီးဟု ခေါ်လေ့ရှိ၏။ ပို၍ ထူးဆန်းသည်မှာ သူ့အမ ပန်းနုရှေ့၌ပင်လျှင် ကျနော့်အား ယောက်ဖကြီးဟု ကျယ်လောင်စွာ ခေါ်လေ့ရှိလေတော့၏။

"ဟေ့ ကောင်လေး .. ဧည့်သည်ကို အားနာစရာ"

ထိုကဲ့သို့ ယောက်ဖကြီးဟု ကျနော့်ကို ခေါ်တိုင်း သူ့အမ ပန်းနုတစ်ယောက် ရှက်ရမ်းရမ်းပြီး ပြန်ပြောလေ့ ရှိသော စကားဖြစ်၏။ ဧည့်သည်ကို အားနာစရာ ဆိုပေမဲ့ သူ့အသံ သူ့ဟန်နဲ့ သူ့အမူအယာတို့သည် ကျနော့်ကို တစ်ခုခု ဖိတ်ခေါ်နေသယောင်ရှိလေ၏။ အဲဒီအချိန်က ကျနော်က အသက် ၁၈ နှစ်အရွယ် သူမက ၁၅ နှစ်အရွယ်လေးတွေမို့ ထိုကဲ့သို့ မထိခလုပ် ထိခလုပ်လေးသည်ပင် ကမ္ဘာကြီး တုန်လှုပ်သွားလောက်အောင် ကြည်နူးမှုကို ဖြစ်စေလေတော့၏။ မှတ်မှတ်ရရ ပန်းနုနဲ့ ပထမဆုံး စတင်ဆုံတွေ့တဲ့နေ့က ပန်းနုတစ်ယောက် အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်ကလေး ၀တ်ထား၏။ လှမှလှ။

ထိုကဲ့သို့ ဖိုးလုံး၏ လှုံ့ဆော်မှုများကြောင့် ကျနော်သည် ထို သဖန်းပင်ရွာလေးသို့ မကြာမကြာ ထပ်ခါ ထပ်ခါ ရောက်ဖြစ်လေတော့၏။ ပွတ်တိုက်ပါ များတော့လဲ ခပ်လှုပ်လှုပ်ဖြစ်လာ၏။ သူငယ်ချင်းရှိသည်ကို အကြောင်းပြ သွားပေမဲ့ တကယ်တမ်းတွေ့ချင်နေသည်က ပန်းနုလေးပင်ဖြစ်၏။ သို့သော် ဘာညာသာရကာ ပြောဖို့တော့ ကျနော် သတ္တိမရှိ။ ထို့ကြောင့် အသံတိတ် လက်နက်ကြီး ထုတ်သုံးရလေတော့၏။ ထိုလက်နက်ကြီးကား ဖိုးလုံးပင်တည်း။

"ညပြာပြာ လ၀ါဝါအောက်က ချစ်ရပါသော ပန်းများရဲ့သခင် ပန်းနုဘုရင်မလေး" ဟူ၍လည်းကောင်း... "ပိတောက်တွေပြာ တမာတွေချို မိုးပြိုမြေအက် ကမ္ဘာကြီး ပျက်မှ ပန်းနုလေးကို မုန်းမေ့နိုင်မယ်" ဟူ၍လည်းကောင်း... "ကိုယ့်နှလုံးသားမှာ နားခိုချင်သူတွေ များပြားနေပေမဲ့ ကိုယ့်နှလုံးသားလေးက ပန်းနုလေးအတွက် သီးသန့်တဘ၀စာ ထာဝရပါ" ဟူ၍လည်းကောင်း... ဘယ်က ဘယ်လို ဖတ်မိ မှတ်မိလာမှန်း မသိတဲ့ ကဗျာအပိုင်းအစလေးတွေနဲ့ ပန်းနုအား ချည်နှောင်ဖို့  သူ့မောင်လေး ဖိုးလုံးမှ တဆင့် ချစ်သ၀ဏ်လွှာများ တစ်စောင်ပြီး တစ်စောင် ဆက်သစေလေတော့၏။

"မောင်လေးနဲ့ စာပေးမခိုင်းနဲ့ မကြိုက်ဖူး။ အိမ်က သိသွားရင် မိုးမီးလောင်ကုန်လိမ့်မယ်"

မောင်လေးနဲ့ စာမပေးခိုင်းနဲ့ ဟု ပြောသည့် ထိုစာလေးသည်ပင် သူ့မောင်လေး ဖိုးလုံးက တဆင့် ကျနော့်ထံ ပေးပို့ခဲ့ခြင်း ဖြစ်လေ၏။ မတတ်နိုင်ဘူး။ လုံခြုံစိတ်ချရတာဆိုလို့ ယောက်ဖလောင်းလေး ဖိုးလုံးဘဲ ရှိတာ မဟုတ်လား။ ဘေးလူတွေကို အကူအညီ သွားတောင်းရင် ဒီထက်ပို အခြေအနေဆိုးသွားနိုင်သည်။ ကာလသားများကို သွားအကူအညီတောင်းရင် ပိုဆိုးပေမည်။ သူတို့ရွာက အပျိုလေးကို အခြားရွာက သူစိမ်းတစ်ယောက် လက်ထဲ သူတို့ ကြည်ဖြူစွာ ထည့်ပေးလိမ့်မည်မဟုတ်။ 

တစ်နေ့ ထိုသဖန်းပင် ရွာလေး၌ မင်္ဂလာပွဲရှိလေ၏။ မင်္ဂလာပွဲရက်မတိုင်မီ ကျနော် ကြိုသွားလေ၏။ ထို့နောက် ဖိုးလုံးအား တွေ့ဆုံပြီး စာတစ်စောင်ကို သူ့အမ ပန်းနုအား ပေးခိုင်းလိုက်လေ၏။ အချိန်မဆွဲချင်တော့။ အဖြူအမဲ သဲကွဲဖို့က အရေးကြီးသည် မဟုတ်လား။ ဆန့်တငင်ငင်နဲ့ နေရသည့်ဘ၀ ဘာမှ မကောင်း။ ထိုစာထဲ၌ ထုံးစံအတိုင်း ပန်းနုကို ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်ကြိုက်ကြောင်း၊ ပြန်ချစ်နိုင် မချစ်နိုင်ဆိုတဲ့ အဖြေကို တိတိကျကျ သိလိုကြောင်း မျိုသိပ်မထားနိုင်တော့ကြောင်း စသဖြင့် စီကာပတ်ကုံး ရေးထားပြီး စာ၏ အဆုံး၌ ကျနော့်ကို ပြန်ချစ်လျှင် မနက်ဖန် မင်္ဂလာပွဲလာတဲ့အခါ ပထမဆုံးဆုံတွေ့စဉ်က ၀တ်ထားတဲ့ အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်ကလေး ၀တ်လာခဲ့ပါ၊ ပြန်မချစ်နိုင်လျှင် တခြားဟာ ၀တ်လာခဲ့ပါ ဟု အဖြူအမဲ သဲကွဲစေမည့် စာလေးဖြင့် အဆုံးသတ်ထားလိုက်လေ၏။

ထိုညက အိပ်၍ပင် မပျော်။ ရှိုက်ကနဲ အိပ်ပျော်သွားခိုက် ပါတိတ်ဝမ်းဆက်ကလေးနဲ့ ပန်းနုလေးက အိပ်မက်ထဲ အတင်းတိုးဝင်လာ၏။ ပျော်၏။ သို့သော် အိပ်မက်မှန်းသိတော့ ငို်င်ကျသွားပြန်၏။ ထပ်အိပ်ဖို့ ကြိုးစား၏။ ရှိုက်ကနဲ ဖြစ်ပြန်၏။ ပန်းနုလေး ၀င်ရောက်လာပြန်၏။ ထပ်နိုး၏။ ဟင်းကနဲ သက်ပြင်းချမိပြန်၏။ အိပ်တစ်ဝက် နိုးတစ်ဝက် သိပ်ရက်စက်ပါလား ပန်းနုလေးရယ်။ 

မင်္ဂလာပွဲရက်ရောက်တော့ အိပ်ချင်မူးတူးဖြင့် မင်္ဂလာဧည့်ခံပွဲသို့ ရောက်သွားလေ၏။ မင်္ဂလာပွဲ၌ ပန်းနုလေးအား မြင်လိုက်ရသည့်အခိုက် အိပ်ချင်စိတ်များ ပျောက်ချင်းမလှ ပျောက်သွားပြီး ကိုယ့်မျက်လုံးကိုပင်ကိုယ်မယုံနိုင်သလို ဖြစ်သွား၏။ အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်လေးဖြင့် လှချင်တိုင်း လှ၊ လှသွေးကြွနေသည့် အလှဘုရင် ပန်းနုသခင်မလေး။ ကျနော့်အား ခပ်လှမ်းလှမ်းမှ ပြုံးပင် ပြလိုက်သေး၏။ ဒီပါးချိုင့် ဒီသွားတက် ဒီကိုယ်လုံး ဒီအပြုံးများနဲ့ ကျနော့်နှလုံးသား အဘယ်သို့ ခံနိုင်ချေရှိတော့မည်နည်း။

ထိုနေ့၌ စားချင် သောက်ချင်စိတ်တွေလဲ ဘယ်တွေ ပျောက်ကုန်သည်မသိ။ ဗိုက်ထဲ အစာမရှိပေမဲ့ အလိုလို ရင်ပြည့်သလို ဖြစ်နေပြီး ဒိန်းတလိန်းနတ်များဝင်ပူးခံရသလိုလို ရွာသူများ ပြုစားခံရသလိုလို စုန်းကဝေများ ဖမ်းစားခံရသလိုလိုတွေဖြစ်ပြီး နေမထိ ထိုင်မသာ ၀မ်းအသာကြီး သာနေမိလေတော့၏။ သို့သော် မင်္ဂလာပွဲ၌ အလုပ်များနေသည့်အတွက် ထိုနေ့၌ ပန်းနုနဲ့ ထပ်မတွေ့ဖြစ်တော့။ သို့ပေသည့် အဖြေကတော့ လုံလောက်သွားပေပြီတည်း။

ထိုည၌ လုံးဝ အိပ်မပျော်နိုင်တော့ပေ။ ကျေနပ်ခြင်း ကြည်နူးခြင်း ကြောက်ရွံ့ ခြင်း ကြောက်လန့်ခြင်းများစွာဖြင့် အတွေးနယ်ချဲ့နေမိလေတော့၏။ ပန်းနုက ပြန်ချစ်သည့်အတွက် ကျေနပ်ခြင်း ကြည်နူးခြင်းများ ဖြစ်၏။ ပြန်ချစ်သည်နဲ့ တပြိုင်နက် တာဝန်များ ၀တ္တရားများ တွဲပါလာလေတော့၏။ အသက်က ၁၈ နှစ်၊ ပန်းနုကို ပိုင်ဆိုင်ခွင့်ရဖို့၊ ပိုင်ဆိုင်ခွင့်ရပြီး ရာသက်ပန် တာဝန်ယူဖို့ တာဝန်ကျေဖို့ စသည့် ဘ၀တသက်စာ စဉ်းစားပြီး ကြည်နူးလိုက် စိုးရွံ့ လိုက်ဖြင့် ညတာများ အိပ်စက်ခြင်းကင်းစွာဖြင့် ကုန်လွန်သွားလေတော့၏။ သို့သော် ရယူပြီး တာဝန်မကျေမှာ စိုးထိတ်ခြင်းထက် ပိုင်ဆိုင်မှုအတွက် ကြည်နူးခြင်းက ပိုသာသည်တော့ အမှန်ပင်ဖြစ်၏။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရင်ဆိုင်မယ်ဟူ၍ ဆုံးဖြတ်ပြီးသောခဏ၌ အရှေ့ က နေ၀န်း ထွက်ပေါ်လာလေတော့၏။ အိပ်စက်ခြင်းကင်းသော ညပေတကား။

နောက်တစ်နေ့။
ရွာထိပ်က ရေတွင်းသို့ ပန်းနုအလာနဲ့ လမ်းမှာ ဆုံတွေ့လေ၏။ တမင်ဆုံအောင် သူ သောက်ရေ လာခပ်နေကျ ဖြစ်သည့် ထိုရေတွင်း၌ ကျနော် စောင့်နေခြင်း ဖြစ်လေ၏။ ပန်းနုမျက်နှာကား အပြုံးများ ဝေရွှန်းစွာ။ 

"၀မ်းသာလိုက်တာ ပန်းနုရယ်၊ ကျေးဇူးလဲ အရမ်းတင်တယ်၊ ပျော်လဲ အရမ်းပျော်တယ်"

"ဟင်.. ဘာကြောင့်လဲ"

ပန်းနုတစ်ယောက် အံ့သြစွာ ပြန်မေး၏။ အံ့သြချင်ယောင်ဆောင်တာဖြစ်မှာပါဟု စိတ်ထဲ တွေးနေမိ၏။

"မနေ့က ပါတိတ်ဝမ်းဆက်ကလေး ၀တ်လာခဲ့လို့လေ"

"အဲဒါ ဘာဖြစ်လို့လဲ"

"ပန်းနု နောက်နေတာလား"

"ဘာကို နောက်ရမှာလဲ။ ဘာတွေ လာပြောနေတာလဲ။ လူကို ခေါင်းမူး ခေါင်းရှုပ်အောင် လာမလုပ်ပါနဲ့"

"ဟင်..."

ဒီတခါ အံ့သြသွားရသည်က ကျနော်။ ပန်းနုမျက်နှာ ကြည့်လိုက်တော့လဲ စနောက်နေတာ မဟုတ်မှန်း သိသာသည်။ ဒါဆို တစ်ခုခုတော့ မှားနေပြီ။ ရှင်းအောင် မေးမှ ဖြစ်တော့မည်။ 

"မနေ့တနေ့က ဖုံးလုံးနဲ့ ပေးခိုင်းလိုက်တဲ့ စာမရဘူးလား"

"ဟင့်အင်း... မရပါဘူး။ သူနဲ့ မပေးခိုင်းပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ သူနဲ့ ပေးခိုင်းလိုက်ပြန်တာလား"

"ဟုတ်တယ်လေ။ အဲစာထဲမှာ... အဲ စာထဲမှာ.."

ကျနော် ဆက်ပြောမထွက်တော့။ ရှက်သလိုလို ရွံ့ သလိုလို ဖြစ်ပြီး ငုတ်တုတ် မှင်သက်မိကာ ချွေးစေးများလဲ ခန္ဓာကိုယ်အနှံ့ ရွှဲရွှဲစို ထွက်နေလေတော့၏။ 

ညနေပိုင်း၌ ဖိုးလုံးနဲ့ တွေ့သောအခါ ကိစ္စက ရှင်းသွားလေပြီ။

"ဖိုးလုံး မင့်အမကို စာမပေးလိုက်ဖူးလား"

"အဲဒါပြောမလို့ဘဲ ယောက်ဖကြီးရ။ အဲဒီညက အမကို ပေးဖို့ စောင့်ကြည့်နေတာ အိမ်က လူတွေက အစုံရှိနေတာမို့ လူလွတ်တဲ့ အချိန် ပေးမယ်ဆိုပြီး စောင့်ရင်းနဲ့ အိပ်ပျော်သွားတာ။ မနက်မိုးလင်းတော့ အမက မင်္ဂလာပွဲထွက်သွားပြီ။ အမမင်္ဂလာပွဲက ပြန်လာတော့လဲ ကျနော် မေ့နေပြီး မပေးဖြစ်ဘဲ ဖြစ်နေတာ"

ဖြစ်ရလေ ဖိုးလုံးရယ်။ ဖြစ်ရလေ ပန်းနုရယ်။ ဖြစ်ရလေ ကိုမောင်ရယ်။ တိုက်ဆိုင်ချက်တွေက ကောင်းလွန်းနေလိုက်တာ။ နို့ နေစမ်းပါဦး။ အဲဒီစာ ပန်းနုဆီ မရောက်ရင် ပန်းနုက ဘာဖြစ်လို့ အဲဒီနေ့က အဲဒီ ပါတိတ်ဝမ်းဆက် ၀တ်စုံကို ၀တ်ခဲ့ရတာပါလိမ့်။ သိကြားနတ်ဒေ၀ါတွေများ ပန်းနုကို သွားနှိုးဆော်လေရော့သလား။ တိုက်ဆိုင်လွန်းလိုက်တာ လောကကြီးရယ်။

ထိုထက် ပိုတိုက်ဆိုင်သည်မှာ ပန်းနုနဲ့ ပထမဆုံး ဆုံတွေ့စဉ်က ပန်းနုတစ်ယောက် အင်ဒိုနီးရှားပါတိတ်ဝမ်းဆက်လေး ၀တ်ဆင်ထားခဲ့၏။ ထို့အတူ မင်္ဂလာပွဲ၌ ထိုအင်ဒိုနီးရှားပါတိတ်ဝမ်းဆက် ၀တ်စုံ ၀တ်ဆင်ခဲ့သည့် ပန်းနုလေးအား မင်္ဂလာပွဲနေ့အလွန်နောက်တစ်နေ့၌ တွေ့ဆုံခြင်းသည် နောက်ဆုံးတွေ့ဆုံခြင်း တစ်ခုပင် ဖြစ်ခဲ့လေတော့၏။

ထိုမင်္ဂလာပွဲပြီး၍ ပြန်လာခဲ့သည့် ကျနော်။ ထိုသဖန်းပင်ရွာလေးတော့ ထပ်မရောက်ဖြစ်တော့။ အလုပ်တစ်ခုဖြင့် တောမြို့လေးတစ်မြို့သို့ ပြောင်းရလေ၏။ ထိုမှတဆင့် မန္တလေး။ ထိုမှတဆင့် ရန်ကုန်။ ထိုမှတဆင့်... ထိုမှတဆင့်... ပန်းနုနဲ့ ပို၍ ပို၍ ဝေးရာ ဝေးရာဆီသို့။ 

နောက်မှတဆင့် ကြားသိရသည်မှာ အဲဒီနေ့က ကျနော့်စာကို ကြိုတင်ရရှိခဲ့လျှင် အောက်ပိုင်းအင်ဒိုနီးရှားလုံချည်နှင့် အပေါ်ပိုင်း အခြားအကျီ င်္တထည်ထည် ၀တ်ဆင်ပြီး မင်္ဂလာပွဲလာခဲ့ဖြစ်မည်ဟု ပန်းနုက ပြောသည်ဆို၏။ ထိုသို့ ၀တ်ဆင်ခြင်းမှာ ချစ်သည်ဟု အဖြေမပေးသော်လည်း နောင်အခါ အချိန်ကြာလာရင် သေချာပေါက် ချစ်သည်ဟု အဖြေပေးမည့် သဘောပင်ဖြစ်၏ ဟု ပြောသည်ဆို၏။ 

အဘယ်သို့ပင် ရှိစေ။ ပန်းနုတစ်ယောက် ယခုလောက်ဆို ကလေးတွေ တသီကြီး ရနေပေတော့မည်။ သမီးကညာ အခါမလင့်စေနဲ့ ဆိုသကဲ့သို့ပင် တောရပ်ဒေသများ၌ အရွယ်ကောင်းတုန်း အိမ်ထောင်ပြုကြလေ့ ရှိလေ၏။ ယခုအချိန် ကျနော်များ ပန်းနုတို့ သဖန်းပင်ရွာလေးသို့ အလည်တစ်ခေါက်  ရောက်သွားခဲ့လျှင် သူ့ကလေးများက ကျနော့်ကို  ဦးဦးဟု ခေါ်မည်လား၊ ဦးကြီးဟု ခေါ်မည်လား သို့မဟုတ် မတော်ရသည့်ယောက်ဖ ဖိုးလုံးနည်းတူ ဖေဖေကြီးဟုပင် ခေါ်လေဦးမည်လား မပြောတတ်တော့။

မည်သို့ပင်ဆိုစေကာမူ ထိုမင်္ဂလာပွဲမတိုင်ခင်ညနှင့် ထိုမင်္ဂလာပွဲနေ့ညက (နှစ်ညဆက်တိုက်) နှလုံးသားကို ဗဟိုပြု၍ အင်အားပြင်း အချစ်ငလျင် လှုပ်ခပ်ခဲ့သည့်အတွက် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ကျနော့်အတွက် အအိပ်ပျက်ခဲ့ရသော ညများပင် ဖြစ်ခဲ့လေတော့၏။

မှတ်ချက်။
ဝက်မလေးတဂ်၍ ဖျစ်ညှစ်ရေးသည်။ ငယ်ကျိုးငယ်နာပေါ်စေမည့် ထိုကဲ့သို့သောပို့စ်အား မည်သူ့ကိုမှ ဆက် မတဂ်လိုတော့ပါ။ သို့သော် လာဖတ်သူများကိုတော့ တဂ်ပြီး ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။း)

.

Friday 24 October 2014

ချွေးစေးများပင် ထွက်လို့ရယ်

စကူးထရစ်ပ်မို့ ပျော်စရာကောင်းသည်။ နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများက အစုံအလင်။ ငှားလာသော လေအိတ်မီနီဘတ်စ်က ခပ်ငြိမ့်ငြိမ့်ဖြင့် စီးကောင်းသည်။ အမြန်လမ်းမပေါ်မှာ တစ်နာရီ မိုင် ၉၀ နှုန်းဖြင့် ကားလမ်းဘေးဝဲယာမှ သစ်ပင်များ တောင်ကုန်းများကို ရိပ်ကနဲ ရိပ်ကနဲ ချန်လှပ်ထားခဲ့သည်။ မရောက်ဖူးသေးသော ရှုခင်းသာကုန်းမြေတစ်ခုသို့ သွားရောက်ရမှာမို့ စိတ်ဓါတ်များ တက်ကြွရွှင်လန်းလျှက် ရှိကြသည်။ မစပ်မဆိုင် ... တောင်ပြာတန်းက သိတယ်.. သီချင်းလေးက ပါးစပ်ထဲ အလိုလို ရောက်လာသည်။

~~.မေရယ်~~~ အထင်တော့ ~~~ မလွဲလိုက်နဲ့ဦး..
~~~ စာလွှာများ မရောက်လာခဲ့ရင်  ~~~
~~~ကိုယ့်အပေါ်မှာ မငြိုင်ငြင်ပါနဲ့နော်~~~
~~~.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်လို လူသားဘ၀ဟာ~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ချစ်သူကို လွမ်းဖို့ရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တခါတလေ အချိန်တော့ မပေးနိုင်ပါ.~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~တောင်တောကို ကျော်ကာဖြတ်လို့.~~..။

အင်း... စစ်သည်တော်များကတော့ တောင်ကြီးဖ၀ါးအောက် ဆိုသလို ခြေလျင်ခရီးဖြင့် တောတွေတောင်တွေကို ကျော်ဖြတ်ပေမည်။ သို့သော် ကျွနု်ပ်ကတော့ တောတွေတောင်တွေကို ဇိမ်ခံကားလေး တ၀ှီးဝှီးဖြင့် ကျော်ဖြတ်နေပေသည်။

ရှုခင်းသာ ကုန်းမြေရောက်တော့ ရှုခင်းရှုကွက်က မျက်စိပင် မှားသလား အောက်မေ့ရသည်။ ကုန်းမြေတလျှောက် လေညှင်းခံခုံတန်းလျားလေးများက ကဗျာဆန်ဆန် အလှအပများဖြင့် အစီအရီ ရှိနေသည်။ ရှုခင်းများကို လှမ်းကြည့်လိုက်လျှင်... မြက်ခင်းပြင်... ပန်းပေါင်းစုံရှိနေသည့် သဘာဝပန်းခင်းများ... ရဲတိုက်ဟောင်းကြီးတစ်လုံး.. ပင်လယ်ကျောက်စွန်းအငူများ.. ထို့နောက် မျက်စိတစ်ဆုံး ပင်လယ်ပြင်ကြီး။ အပေါ်မော့ကြည့်လိုက်တော့ ကြည်လင်ပြတ်သားသည့် မိုးကောင်းကင်... နေခြည်က နွေးနွေးထွေးထွေး။ ပင်လယ်ယံထက် တိမ်ပန်းချီများက ဟိုနားတစ်စု ဒီနားတစ်စု... ပြီးတော့ လိုက်တမ်းပြေးတမ်း ကစားနေကြသည့် အပျံသင်နေကြည့် ကောင်းကင်ပျော် ငှက်များ။ အားပါးးးး ~~~ဘယ်ပန်းချီ ရေးလို့ မမီ....~~~ လို့ပင် ဆိုလိုက်ချင်မိတော့သည်။ အလွန်အမင်းဆိုရသော် အန္တိမပန်းတိုင်ဖြစ်သည့် မြတ်နိဗ္ဗာန်တောင် ဒီနေရာလာက်မှ အေးချမ်းကြည်နူးဖွယ် ဖြစ်ပါ့မလားဆိုပြီး သံသယ၀င်မိသည့်အဖြစ်။ 

ရှုခင်းများ ငေးမောခံစားနေမိသည်မှာ ဘယ်လောက်အချိန်ကြာသွားလေသည်မသိ။ နေပင် အတော်စောင်း၍ ညနေဆည်းဆာရိပ်ပင် သန်းလာပေပြီ။ ပြန်ခါနီးမှ အသီးအရွက်ဆိုင် တစ်ခု ရှုခင်းသာ ကုန်းမြေပေါ်မှာ ရှိနေတာကို သတိထားမိသည်။ တစ်ခုခုတော့ အမှတ်တရ ၀ယ်သွားဦးမှ။ ကျန်တဲ့ အသီးအနှံတွေကိုတော့ စိတ်မ၀င်စား။ ပြူးကားနေတဲ့ ပြောင်းဖူးကြီးတွေကို သွားရည်ကျနေမိသည်။

"ပြောင်းဖူးတစ်ဖူး ဘယ်လောက်ပါလဲ"

"၂၅ ပြားပါ"

"ဟန်ကျလိုက်တာ။ ဒါဆို ကျနော့်ကို တစ်ဆယ်ဖိုးပေးပါ"

ကျောင်းသူကျောင်းသားများ အလုအယက် ပြောင်းဖူးများကို ၀ယ်ကြသည်။ ပြောင်းဖူးအိတ် ကိုယ်စီဖြင့် မီနီဘတ်စ်ဆီ ပြန်လာကြသည်။ ထိုအခိုက် အသက် ခပ်ကြီးကြီး လူတစ်ယောက် ရောက်လာပြီး ပြောင်းဖူးရောင်းသူနဲ့ စကားပြောဆိုနေသံကို အတိုင်းသား ကြားရသည်။ ထိုသူသည် ဆိုင်ပိုင်ရှင် ဖြစ်ဟန်တူသည်။

"မင်း ပြောင်းဖူးကို ဘယ်လောက်ဈေးနဲ့ ရောင်းလိုက်တာလဲ"

"တစ်ဖူးကို ၂၅ ပြားနဲ့ ရောင်းလိုက်တာ"

"သောက်ကျိုးနဲ.. အဲဒီပြောင်းဖူးတွေက ၂၅ ပြားတန် ပြောင်းဖူးတွေ မဟုတ်ဘူး။ တစ်ဖူးကို နှစ်ကျပ် တန်တဲ့ ပြောင်းဖူးတွေ။ မင်း အဲဒါတွေ ပြန်လိုက်တောင်း"

ကျွန်ုပ်တို့ အပြုံးများ ပျောက်လွင့်ကုန်သည်။ ပြောင်းဖူးအိတ်များကို ပြန်ပေးပြီး ပြန်အမ်းသည့် ငွေများကို ပြန်ယူကြရသည်။ သို့သော် ကျွနု်ပ်ကမူ ပြောင်းဖူးများကို သဘောကျလှ၍ တစ်ဆယ်ဖိုး ငါးဖူး ယူလာခဲ့၏။ ပြောင်းဖြူးဆိုင်ပိုင်ရှင်ကို အတင်းတုတ်ရင်း ကျောင်းသူကျောင်းသားများ မိမိတို့၏ မီနီဘတ်စ်ထံသို့ ပြန်လာကြသည်။ သို့သော် ငှားလာခဲ့သော ဘတ်စ်ကားမှာ ပျောက်ချင်းမလှ ပျောက်ဆုံးလျှက် ရှိလေတော့၏။ အနီးအပါး စုံစမ်းကြည့်လိုက်တော့ သဘောတူငှားလာခဲ့သည့် အချိန်ထက် အချိန်များစွာ ပိုလွန်သွားသည့်အတွက် ကားဆရာ စိတ်ဆိုးပြီး ပြန်သွားသည်ဟု သိရ၏။ ထိုစဉ် ထိုမီနီဘတ်စ်နဲ့ ဆိုက်တူပုံစံတူ မီနီဘတ်စ်တစ်စင်း ထိုးဆိုက်လာလေ၏။

"ခင်ဗျားတို့ ကားဆရာက ချိန်းထားတာရှိတဲ့အတွက် မစောင့်နိုင်လို့ ပြန်သွားပါပြီ။ သူက ကျနော်တို့ကားကို အကူအညီတောင်းခဲ့လို့ ခင်ဗျားတို့ကို ပို့ဆောင်ဖို့အတွက် ကျနော်တို့ လာခဲ့ကြတာပါ။ ကဲ.. အားလုံး ကားပေါ်ကို တက်နိုင်ကြပါပြီ"

"ဒီလိုဆိုတော့လဲ ကားဆရာက မဆိုးရှာပါဘူး။ သူမစောင့်နိုင်တဲ့အတွက် ကားတစ်စီးအစားထိုးခဲ့ပေးရှာတာဘဲ" ဟု စိတ်ထဲက ချီးကျူးနေမိလိုက်သေး၏။ ထိုကားပေါ်၌ ကားဆရာအပြင် ထောင်ထောင်မောင်းမောင်း စပယ်ယာ နှစ်ယောက်ပါ ပါလာလေသည်။ ထိုကားလေးသည် ကျွနု်ပ်တို့ အုပ်စုကို သယ်ဆောင်လာကာ အဝေးပြေးလမ်းမကြီးအတိုင်း အပြင်းမောင်းနှင်လေ၏။ သို့သော် ထိုကားလေးသည် တစ်နေရာအရောက် အပြန်လမ်းမဟုတ်သည့် အခြားလမ်းတစ်လမ်းကို ရွေးချယ်ပြီး ဆန့်ကျင်ဘက်အရပ်သို့ အပြင်းမောင်းနှင်ပြန်လေ၏။

"ကားဆရာ... လမ်းမှားပြီ ထင်တယ်။ အပြန်အတွက်ဆို ဒီဘက်က လမ်းကဘဲ သွားရမှာ"

"ညီတို့ ညီမတို့ မပူကြပါနဲ့။ ပိုမြန်အောင်လို့ ဖြတ်လမ်းက မောင်းဖို့ လမ်းပြောင်းလိုက်တာပါ"

မပူနဲ့ ဆိုပေမဲ့ စိတ်က ပူချင်လာသည်။ ကားက အရှိန်ပိုမြန်လာသည်။ တစ်နာရီ မိုင် ၁၂၀ လောက် ဖြစ်လာသည်။ စိမ်းလန်းစိုပြေသည့် ကားလမ်းဘေးဝဲယာမှ အပင်များလဲ တစတစ ပျောက်ကွယ်ကုန်သည်။ ထို့နောက် အဲယားကွန်းပင် ဖွင့်ထားလင့်ကစား ခြောက်သွေ့ပူလောင်သည့် အရိပ်အငွေ့ကို ခံစားလာရသည်။ ဘေးဝဲယာကို ကြည့်လိုက်တော့ သစ်ပင်များ လုံးဝ မရှိတော့။ ကျောက်ခဲများ သဲများဖြင့် ပြည့်နှက်နေသည့် သဲကန္တာရ တစ်ခုအတွင်းသို့ ကျွနု်ပ်တို့ ရောက်နေလေပြီ။ ထိုအခိုက် အိုင်ဖုန်းဖြင့် ဂူးဂဲလ်အာ့သ် ကြည့်နေသည့် ကျောင်းသားတစ်ယောက်က ထအော်လေတော့၏။

"ကျနော်တို့ ပြန်ရမဲ့ နေရာနဲ့ မိုင်ပေါင်း ၇၀၀ လောက် ဝေးကွာတဲ့ နေရာကို အခု ရောက်နေတာ"

"ဟာ... ဒါဆို ကားဆရာက ညာခေါ်ခဲ့တာဘဲ"

"ဘာအတွက် အခုလို လုပ်တာပါလိမ့်"

"ဟေ့.. ကားဆရာ  ခင်ဗျား ဘယ်လို လုပ်တာလဲဗျ။ ဒါ ကျနော်တို့ရဲ့ အပြန်လမ်း မဟုတ်ဘူး"

အသံပေါင်းများစွာ သံသယပေါင်းများစွာ စိုးရိမ်မှုပေါင်းများစွာဖြင့် ကျောင်းသူကျောင်းသားများ တစ်ယောက်တစ်မျိုးဖြင့် ကားပေါ်၌ ဆူညံနေလေတော့၏။ ထိုအခိုက်...

"ခင်ဗျားတို့ အားလုံးကို အိုင်အက်စ်နိုင်ငံတော်က လှိုက်လှဲစွာ ကြိုဆိုပါတယ် ခင်ဗျား"

ဟူသော ခပ်ဟိန်းဟိန်းအသံကြီး ထောင်ထောင်မောင်းမောင်း ကားစပယ်ယာ တစ်ယောက်ထံမှ ထွက်ပေါ် လာလေတော့၏။ ဗုဒ္ဓေါ... သွားပြီ။ ဒါဆို မလွယ်ရေးချ မလွယ်တော့။ 

"သိပ်ပြီးလဲ မကြောက်ကြပါနဲ့ကွ။ မင်းတို့ကို လိုအပ်လို့ ခေါ်လာတာပါ။ အခြေအနေပေးရင် ကိုယ့်အိမ်ကိုယ် ပြန်ရောက်ကောင်း ရောက်နိုင်ပါတယ်"

"ဒါမဖြစ်သင့်ဘူး"

"ငြိမ်မခံသင့်ဘူး"

"ဒါသက်သက် စော်ကားတာ"

"ပြန်တုန့်ပြန်ကြမယ်"

"ဟုတ်တယ်  ဟုတ်တယ်"

"မခံဘူး ပြန်ချမယ်"

အသံပေါင်းစုံဖြင့် ကားလေးပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့၏။ သူတို့က စုစုပေါင်းမှ သုံးယောက်ထဲ။ ကျွနု်ပ်တို့ အဖွဲ့က မိန်းခလေးတွေ အပါအ၀င် အယောက် သုံးဆယ်လောက် ရှိသည်။ ဆယ်ယောက် တစ်ယောက်နှုန်းဖြင့်ဆို ပြန်အာခံ၍ ရလောက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်သည့်အတွက် ကားကို ရပ်ထားလိုက်ရသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်က ဘယ်က ရလာမှန်းမသိသည့် တူမကြီး (ခြောက်ပေါင်တူကြီး) ဖြင့် ကျွနု်ပ်အနား၌ မတ်တပ်ရပ်နေသည့် စပယ်ယာ လူထွားကြီး၏ ဦးခေါင်းကို နင်းကန် ထုလေတော့၏။ တစ်ချက် နှစ်ချက် သုံးချက် လေးချက် ငါးချက်.... လူထွားကြီးမှာ လဲကျလိုက် ပြန်ထလာလိုက်ဖြစ်နေသည်။ တော်တော် အသက်ပြင်းတဲ့ လူထွားကြီး။ တူဖြင့်ထုသည့် ကျောင်းသား လက်ပန်းကျလာသည်။ တူကိုပင် မမနိုင်တော့။ သို့သော် လူထွားကြီးကတော့ ပန်းပန်လျှက် မတ်တပ်ကြီးပင်။ 

တတ်သည့် ပညာ မနေသာ ဆိုသလို ကျွနု်ပ်သည်လည်း ကြည့်မနေနိုင်တော့ပေ။ ထိုကျောင်းသားထံမှ တူမကြီးကို ယူကာ ထိုလူထွားကြီးအား အချက်ပေါင်းများစွာ ဦးခေါင်းတည့်တည့် အားရပါးရ ထုနေမိလေတော့၏။ သို့သော် ကျွနု်ပ်သည်လည်း လက်ပန်းကျကာ တူကိုပင် မနိုင်ချင်တော့ပေ။ လူထွားကြီးကတော့ ခေါင်းမှ သွေးများ ဖြာထွက်သည်မှ လွဲ၍ ဘာမှ မဖြစ်။ မတ်တပ်ကြီးပင် အနား၌ ရှိနေလေ၏။ ထူးဆန်းသည်မှာ ထိုလူထွားကြီးက ပြန်လည်တိုက်ခိုက်မှု လုံးဝ မလုပ်ခြင်းပင် ဖြစ်၏။ ထိုအခိုက် ခပ်လှမ်းလှမ်းမှ ဖုန်းတထောင်းထောင်းဖြင့် ကားအနက်ကလေး တစ်စီး လျင်မြန်စွာ ဆိုက်ရောက်လာ၏။

မျက်မှန်အနက်တပ်ထားသည့် ခပ်တောင့်တောင့် လူကြီးတစ်ယောက် ထိုကားပေါ်မှ ဆင်းလာပြီး ကျွနု်ပ်တို့အား (ကားဆရာနှင့် စပယ်ယာတွေ အပါအ၀င်) ကားအောက်သို့ ဆင်းခိုင်း၏။ ကျွနု်ပ်တို့ အားလုံး ကားအောက်သို့ ဆင်းပြီး တန်းစီရ၏။ ထိုလူကြီးက သူ၏ ကုတ်အကျီ င်္ထဲမှ စာချွန်တစ်ခုကို ထုတ်ယူကာ အသံသြဇာရှိရှိဖြင့် ဖတ်ပြီး အမိန့်ပေးလေ၏။

"အမိန့်တော် ပါတယ်။ ဒီကျောင်းသူကျောင်းသား အုပ်စုကို အန္တရာယ် လုံးဝ (လုံးဝ) မပြုရဘူး။ သူတို့ နေရာဌာနကို အန္တရာယ်ကင်းစွာ အမြန်ပြန်ပို့ပေးရမယ်။ မလိုက်နာရင် မင်းတို့ သုံးယောက် သေဒဏ်"

ထိုလူကြီးသည် ညာဘက်လက်ဖြင့် လည်ပင်းကို ဖြတ်ဟန်ပြုပြီး ထိုကဲ့သို့ အမိန့်ပေးခြင်းဖြစ်၏။ ထို့နောက် ထိုအမိန့်တော် စာချွန်ကို ထို ကားဆရာအား ပေးအပ်ထားခဲ့ကာ ကားအနက်ပေါ်သို့ တက်ပြီး မောင်းနှင်ထွက်ခွါသွားလေတော့၏။

ထိုအချိန်ရောက်မှ ကျွနု်ပ်သည် ကျွနု်ပ်တူဖြင့် ထုခဲ့သည့် စပယ်ယာကြီးအား မျက်နှာချိုသွေးကာ ဆောရီးတွေကို ထပ်ခါတလဲလဲ ပြောနေမိတော့၏။ ကျွနု်ပ်တို့အသက်ကို ကာကွယ်ဖို့ အခုလို တူမကြီးနဲ့ ထုခဲ့ရတာကို နားလည်ပေးစေလိုကြောင်း ခွင့်လွတ်ပေးစေလိုကြောင်း တဖွဖွ ပြောနေရတော့၏။ ထိုစပယ်ယာကြီးက ..ရပါတယ်.. ကိစ္စမရှိပါဘူး... ဟု ပြောပေမဲ့ သူ့လက်ကို သူ့ကုတ်အင်္ကျီ အိတ်ကပ်ထဲ နှိုက်ဖို့ ပြင်နေသည်ကို တွေ့ရ၏။ သူ့အိတ်ကပ်ထဲ မျက်လုံးကစားကြည့်လိုက်တော့ ပစ္စတိုသေနတ်တစ်လက်။ မျက်လုံးတွေ ပြာသွားသည်။ ဘုရား ဘုရား။ ကျောင်းသူကျောင်းသားတွေကို တစ်ခုခု အန္တရာယ်ပြုရင် သေဒဏ်ဆိုပေမဲ့ ကျွနု်ပ်တို့အုပ်စု သူ့ကို တူမကြီးဖြင့် အချက်ပေါင်းများစွာ ထုခဲ့သည် မဟုတ်ပါလား။ ဒါကို လက်စားချေတဲ့အနေနဲ့ သူသေကိုယ်သေ လုပ်သွားရင် ကိုယ်ကျိုးနည်းရချည်သေးရဲ့။

ကျွနု်ပ်သည်လည်း သူဒေါသပြေဖို့အတွက် ရူးကြောင်မူးကြောင်ဖြင့် ခပ်ကြောင်ကြောင် ခပ်ဖြီးဖြီး လုပ်နေရလေ၏။ သေနတ်ကို အိတ်အပြင်ထုတ်ဖို့ အဆင်မပြေလောက်အောင် ထိုသူ၏ လက်ကောက်ဝတ်နား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး.....

"သယ်ရင်းက သည်းခံနိုင်စွမ်းရည် အရမ်းရှိတယ်။ သူတော်ကောင်းတွေသာ ဒီလို သည်းခံနိုင်တယ်။ ပြီးတော့ သယ်ရင်းက ရုပ်ရည်ခန့်တယ်။ ဂျိန်းစ်ဘွန်းမင်းသားနဲ့ တူတယ်။ ရုပ်ရှင်ရိုက်ရင် အောင်မြင်နိုင်တယ်။ ဟဲ ဟဲ အဟီးး"

စသဖြင့် တစ်နာရီခန့် ရောက်တတ်ရာရာ ပြောရင်း သူစိတ်ပြေလာအောင် အချိန်ဆွဲထားရလေ၏။ သူ့လက်ကောက်ဝတ်ကိုလဲ လုံးဝ အလွတ်မပေးရဲ။ တစ်ချက်မှားရင် ဂန့်သွားနိုင်သည် မဟုတ်လား။ သူ့လက်ကောက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရသည့်အတွက် ကျွနု်ပ်၏ လက်များပင် ညောင်းညာလာပြီး ချွေးစေးများ ပြန်လာလေ၏။ ထိုကဲ့သို့ လက်ချောင်းများ ပိုမိုညောင်းညာ ထုံကျင်လာသည့်အတွက် ကျွနု်ပ်သည် အိပ်စက်ရာမှ လန့်နိုးလာလေတော့၏။ မျက်လုံးဖွင့်ပြီး လက်ထဲ ကြည့်လိုက်တော့ မိုဘိုင်းဖုန်းကလေး ဆုပ်ကိုင်လျှက်သား။ အော်... မိုဘိုင်းနဲ့ ဘီဘီစီသတင်းဖတ်ရင်း အိပ်ပျော်သွားခဲ့တာကိုး။

ပြုံးမိသည်။ သို့သော် တကိုယ်ကောင်လုံးကား ချွေးစက်များဖြင့် စီးကပ်နေလေပြီ။ နောက်နောင် အသိမဟုတ်သူများနဲ့ ကားကြုံလိုက်စီးဖို့ စဉ်းစားရပေတော့မည်။ ထူးဆန်းသည့် အငှားကားများ မစီးမိဖို့ သတိထားရပေတော့မည်။ ထို့နောက် သက်ပြင်းရှည်လေးတစ်ချက်ချရင်း ကော်နီရဲ့ သီချင်းလေးကို ပြေးအမှတ်ရမိလိုက်သည်။.. အိပ်မက်မို့ တို့ သက်သာတာ..။  ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
၂၄၊၁၀၊၂၀၁၄ သောကြာ ၂၁း၅၅ နာရီ။


ဤပို့စ်ဖြင့်....
စန်းထွန်း နှင့်စံပယ်ချို တို့၏ ဘီပီပီချဲလင့်ကို ဖြေပါသည်။


.

Friday 3 October 2014

သံဝေဂများနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ


မောင်နှံဇနီး
သားသမီးနှင့်
ဘိုးကြီးဘွားငယ်
မြေးမြစ်ကြွယ်၍
တူငယ်တူမ
ညီအမဖြင့်
မိဘခေါ်ဆို
လူထိုထိုတို့
နေချိုနံနက်
ပျော်တော်ဆက်လည်း
နေသက်ဆည်းကာ
ရောက်သောခါဝယ်
သေရွာသို့ချဉ်း
မလွတ်ကင်းဘူး
သေမင်းညွှန်ရာ
ကရရှာ၏။

သုဿာန်အထက်
ရှိုက်တ၀က်နဲ့
ကြွေပျက်မျက်ရည်
ပူဆွေးသည်ကို
မြင်သည်ခဏ
ငါ့ရင်ဝ၌
မရသံဝေ
ရှိလိမ့်ချေနည်း။

တူစားတူသွား
တူကစား၍ 
တူနားတူအိပ်
တူသိစိတ်ဖြင့်
တူမှိတ်ခံကာ
တူဘ၀ါကို 
တူသာလျှောက်ရင်း
ဆည်းဆာကျင်း၍
သေမင်းခေါ်ယူ
ထိုတူတူကို
အပူတွေကျွေး
ခွဲခွါပေးသည်
သေဘေးမလွတ်ပါတကား။


ဤသံဝေဂကဗျာလေးဖြင့် မဒမ်ကိုး လရိပ်အိမ် မောင်လက်ဝဲ နှင့် မဗေဒါတို့ရဲ့  BPP Challenge ကို ပြန်ချေပေးလိုက်ပါတယ်။ နောက်တစ်ခါ ချဲလင့်လုပ်တဲ့သူရှိရင် ပို့စ်ရှည်ရှည်ရေးပေးပါ့မယ်။ အခုတော့ တိုတိုတုတ်တုတ်ဘဲ လုပ်လိုက်ပါတယ်။ 


BPP Challenge
************

.


Friday 19 September 2014

~~~ထိုတည၀ယ်~~~

"အအိပ်မက်သော သူအဖို့  ညဥ့်တာတို့သည် တိုလွန်းလှချေ၏"

နဂါးမြူးသော နှစ်မို့လားမသိ အိပ်လို့ အလွန်ကောင်းသည်။ အိပ်ရင်းနဲ့ စာကြည့်မယ်၊ အိပ်ရင်းနဲ့ တရားနားထောင်မယ်လို့များ စိတ်ကူးမယဉ်လေလင့်။ "တရားဆုံး တုံးလုံးစက်တော်ခေါ်" ဆိုသလို ဖြစ်မှာ အမှန်ပင်။

စိတ်ဖိစီးမှုများလေ အအိပ်ပျက်အစားပျက်ဖြစ်လေ ဖြစ်ရမဲ့အစား နင်းကန်အိပ်ကောင်းနေသည်။ အဆိုတော် ဒေါ်မာမာအေးရဲ့ အိမ်ရှင်မ အလိုက်ကလေးနဲ့  "ခေါင်းအုံးပေါ် ခေါင်းကို ချလိုက်ရာ၊ သမ္ဗုဒ္ဓေမှ မဆုံးရှာ၊ အိပ်ပျော် သွားပါသတဲ့ခင်ဗျာ" ဆိုပြီး ဟစ်အော်ရမလိုလိုပင်။

ညပိုင်းအိပ်ချင်စိတ်မရှိအောင်ဆိုပြီး ကျွဲရိုင်းဗူးသောက်ပေမဲ့လဲ ကျွဲရိုင်းဗူး သောက်လို့မပြီးသေးခင် စာကြည့်ရင်း အိပ်ပျော်သွားတတ်ပြန်ရော။ တစ်ရေးနိုးမှ လက်ကျန်တစ်ဝက်ကို ထသောက်ရတဲ့အဖြစ်။ မနေ့တုန်းကလဲ တနေကုန်ထိုင်ပြီး စာကြည့်စာရေးလုပ်နေရတဲ့အတွက် တကိုယ်လုံး ညောင်းညာနွမ်းရိကိုက်ခဲလို့။ ဒါနဲ့ မာဆတ်တို့ စပါးတို့လဲ ၀ါသနာမပါလေတော့ အိမ်မှာရှိတဲ့  Bathtub ထဲ ရေနွေးနွေးလေး ပြည့်အောင်ဖြည့်ပြီး တကိုယ်ကောင်လုံး နစ်မြုပ်ကာ အညောင်းပြေစိမ်နေရင်း မှေးကနဲ အိပ်ပျော်သွားလိုက်တာ အိမ်ပေါ်မှာ ရေနစ်မှု ဖြစ်ခါနီးနီးရယ်။ အဲလောက်တောင်ဖြစ်တာ။ အဲဒီလိုနဲ့ ညဘက်ရောက်တော့ မဖြစ်ချေဖူး သံပုရာသီးခြမ်းလေး ပါးစပ်ထဲငုံထားမှ တော်ရာကျတော့မယ်၊ ကြည့်စရာစာတွေက အတော်များနေတယ် ဆိုပြီး မျက်လုံးကျယ်လာအောင် ချဉ်လှပါတယ်ဆိုတဲ့ သံပုရာသီးခြမ်းလေးး တစ်ခြမ်း ပါးစပ်ထဲငုံပြီး စာကြည့်စာဖတ်လုပ်ပါတယ်။ ဘယ်လိုက ဘယ်လို ဖြစ်သွားလေသည်မသိ။ ငိုက်ကနဲ ရှိုက်ကနဲ။

နေ့စဉ် အခန်းတွင်းအောင်း စာဖတ်စာကြည့် အင်တာနက်ဝင်နဲ့ လူလဲ နုံးချိချိ ဖြစ်လာသည်။ ဒါနဲ့ ညနေခင်းဘက် အညောင်းလဲပြေ စာရေးဖို့လဲ ကုန်ကြမ်းတစ်ခုခု ရပါစေတော့ဆိုပြီး ဟိုနားဒီနား လမ်းလျှောက်ထွက်ဖြစ်သည်။

ဆောင်းဦးဝင်ခါနီးမို့ မိုးချုပ်တာလဲ နဲနဲစောလာသည်။ ညနေ ခုနာရီခွဲ ရှစ်နာရီဝန်းကျင်လောက်တွင် နေရောင်က မရှိချင်တော့။ သို့သော် အလင်းရောင်ဖျဖျတော့ ရှိနေသေးသည်။ လမ်းလျောက်ရင်း အချိန် အလဟဿ မဖြစ်ရအောင် ဟန်းဆက်မှတဆင့် နားကြပ်တပ်ဆင်ပြီး ဘီဘီစီရေဒီယို နားထောင်ရင်း စည်းချက်မှန်မှန် လမ်းလျှောက်ဖြစ်သည်။ သို့သော် လမ်းလျှောက်သွားရာလမ်းနှင့် လေယာဉ်ဆင်းသက်ရာ  လမ်းကြောင်းတိုက်ဆိုင်နေ၍ လေယာဉ်သံက နားကြပ်နဲ့ နားထောင်နေသည့် ရေဒီယိုသံကို ကျော်လွန်သွားမြဲပင်။ လေယာဉ်က သုံးမိနစ်နှစ်စီး ပျံသန်းနေတာဆိုတော့ ဆူညံလွန်း၍ ရေဒီယိုဘက် အာရုံ သိပ်မရောက်ဖြစ်တော့။ လေယာဉ်သံကြားတိုင်း ဘယ်အဲယားလိုင်းက လေယာဉ်ပါလိမ့်ဟူသော အတွေးဖြင့် မော့မော့ ကြည့်ဖြစ်နေတော့၏။ 

နေရောင်ပျောက်သွားပြီမို့ လမ်းမီးတွေက ထိန်ထိန်သာလာ၏။ ကြည်လင်ပြတ်သားသော ကောင်းကင်၊ တန်းစီ ပျံသန်းနေသာ လေယာဉ်ကြီးများ။ အင်းးး အင်တာနက်နဲ့ ဒီလေယာဉ်ကြီးတွေကြောင့် ကမ္ဘာကြီး ကျဉ်းသွားတာ ကျုံ့ သွားတာ။ ကျဉ်းလွန်းကျုံ့ လွန်းတော့လဲ စိတ်လှုပ်ရှားမှုမျိုးတွေ ဆိတ်သုဉ်းကုန်သည်။ စိတ်ချမ်းသာဖို့ထက် စိတ်ဆင်းရဲဖို့ သတင်းတွေက ချက်ချင်းဖြစ် ချက်ချင်းကြားသိရသည်။ တိုက်ပွဲပေါင်းစုံ၊ ပြဿနာပေါင်းစုံ၊ အလိမ်အညာပေါင်းစုံ၊ ပြစ်မှုပေါင်းစုံ၊ ပြီးတော့ ရောဂါပေါင်းစုံ။ 

တောင်တောင်အီအီစဉ်းစားရင်း တနေရာအရောက်မှာ အမှတ်မထင် လေယာဉ်လမ်းကြောင်းရဲ့ အခြားတဘက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိ၏။ ဖရဲသီးအကြီးသုံးလုံးစာခန့်ရှိသော အလုံးနီနီကြီး တစ်လုံး ကောင်းကင်ပေါ်၌ ပျံဝဲနေသည်ကို တွေ့ရလေ၏။ ထိုအလုံးကြီးသည် ကျွနု်ပ်ဦးတည် လမ်းလျှောက်ရာ အရပ်ဆီသို့ တဖြည်းဖြည်း နိမ့်ဆင်းလာလေ၏။ မြေပြင်သို့ ရောက်ခါနီးလေ အလုံးကြီးကို ထင်ထင်ရှားရှား မြင်ရလေဖြစ်၏။ ထိုအလုံးကြီးပေါ်၌ အရုပ်တစ်ခု ရေးဆွဲထားသည်ကို တွေ့ရ၏။ ပူးတိုက်ဂါး ရုပ်ကြီး။ 

"အင်း... ဖန်ဖဲယား တစ်ခုခုကနေ မိုးပျံပူပေါင်း လွှင့်စင်ခဲ့တာ ဖြစ်မယ်။ ရှေ့ နား ပြုတ်ကျလာရင်တော့ ကောက်ယူခဲ့မှ။ တော်တော်လှတဲ့ အရုပ်ကြီး"

ကျွနု်ပ်၏ မိတ်ဆွေမိသားစုမှာ မူကြိုအရွယ် သမီးလေးတစ်ယောက်ရှိ၏။ ထိုသမီးလေးသည် ပူးတိုက်ဂါးရုပ်ကို အလွန်ကြိုက်၏။ ကျွနု်ပ်ထံသို့ အလည်လာသောအခါတိုင်း ကျွနု်ပ်၏ ကွန်ပျူတာဖြင့် ပူးတိုက်ဂါးဗီဒီယိုဖိုင်ကို ယူကျုကနေ ကြည့်လေ့ရှိ၏။ ကြည့်သည့်အခါတိုင်း တဟင်းဟင်း ရယ်မောလေ့ရှိ၏။ သူရယ်မောဟန်လေးက အပြစ်ကင်းကင်းနဲ့ တကယ့်ချစ်စရာလေး။ သူ့ကိုသာ ဒီပူးတိုက်ဂါးရုပ်ကလေး လက်ဆောင်ပေးလိုက်ရင် ပျော်လိုက်မဲ့ ဖြစ်ခြင်း။

ထိုပူးတိုက်ဂါးရုပ်ပါရှိသည့် အနီလုံးကြီးသည် မြေပြင်သို့ တစတစ နိမ့်ဆင်းလာလေသည်။ ကျွနု်ပ်သည်လည်း ခြေလမ်းသွက်သွက်ဖြင့် ထိုအလုံးကြီး ကျလောက်ရာနေရာကို မှန်းဆပြီး မပြေးရုံတမယ် သွားလေ၏။ သို့သော် ထိုအလုံးကြီး မြေပြင်သို့ ကျရောက်ခါနီးအချိန်လောက်မှာ ပတ်ဝန်းကျင်တစ်ခွင်ကို သတိပြုမိလိုက်တော့ ထိုအလုံးကြီးနောက် လိုက်လာကြသော လူပေါင်း လေးငါးဆယ်ကို အံ့သြစွာ တွေ့ရလေ၏။ အင်း.... အကြံတူ ရန်သူတွေ။

ထိုအလုံးကြီးကို ကျွနု်ပ်ရယူဖို့ရန်မှာ မလွယ်ကူတော့ချေ။ ကျွနု်ပ်သည် ပြိုင်ဆိုင်ချင်သူမဟုတ်။ ဘ၀တလျှောက်လုံး တခါမှ ပြိုင်ဆိုင်ဖူးခဲ့ခြင်းမရှိ။ ပညာရေး စီးပွါးရေး အချစ်ရေး။ ဘာအရေးမှ ပြိုင်ခဲ့သူမဟုတ်။  ပြိုင်ဆိုင်ခြင်းတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပို ဖြစ်စေတတ်သည် မဟုတ်ပါလား။ အခန့်မသင့်ရင် ဘ၀ပါ ဆုံးပါးသွားနိုင်သည်လေ။ ဒီတော့ ဒီလူအုပ်ကြီးနဲ့ ဒီအလုံးကြီးကို ယှဉ်လုဖို့ ကျွနု်ပ်မစဉ်းစားတော့။ သို့သော် မိတ်ဆွေ၏ သမီးလေးကို ထိုအရုပ်ကြီး လက်ဆောင် မပေးလိုက်နိုင်သည်ကိုတော့ စိတ်မကောင်း။

ကျွနု်ပ်နဲ့ မလှမ်းမကမ်း လူသွားကွန်ကရိလမ်းပေါ်သို့ ထိုအလုံးကြီး ကျရောက်လာ၏။ အပေါ်က ကျလာသည့်အရှိန်နဲ့ လေနဲနဲတိုက်နေသည့် အရှိန်တို့ကြောင့် ထိုအလုံးကြီးသည် ကွန်ကရိလမ်းပေါ်၌ လှိမ့်နေလေ၏။ လူအုပ်ကြီးကလဲ အပြေးအလွှား သူ့ထက်ငါ ရယူဖို့ တာစူနေကြလေ၏။  သို့သော် သို့သော်။ ထိုအလုံးကြီးအနား လူအုပ်ကြီး ရောက်သွားသောအချိန်၌ ထိုအလုံးကြီးသည် လမ်းပေါ်ရှိ ကွန်ကရိအစွန်းစ၊ သဲစတို့ဖြင့် ပွတ်တိုက်မိကာ အမှတ်မထင် ဖောင်းကနဲ ပေါက်ကွဲလေတော့၏။ အေးရော။ 

သို့သော် မအေးနိုင်ပါ။ ဖောင်းကနဲ ပေါက်ကွဲသံနဲ့အတူ ထိုအလုံးကြီးတွင်းမှ ပုရွက်ဆိတ်ငယ်များကဲ့သို့သော အနက်ရောင် အကောင်များ ထောင်ပေါင်းများစွာ ဖြာထွက်လာသည်။ ထို့နောက် တမုဟုတ်အတွင်း ရှေ့နောက်ဝဲယာသို့ ပျံ့နှံ့သွားကာ ထိုအကောင်လေးများ ရိပ်ကနဲ ရိပ်ကနဲ ပျောက်ကွယ်သွားကြကုန်လေ၏။ ခဏလေးမှ တကယ့်ခဏလေး။ ထို အဖြစ်အပျက်ကို ကြည့်ပြီး ထိုလူအုပ်ကြီးသည်လည်း မှင်တက်မိကာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေတော့၏။ 

ကျွနု်ပ်သည်လည်း မိုးအတန်ချုပ်နေပြီ ဖြစ်သည့်အတွက် နေအိမ်သို့ နောက်ကြောင်း ပြန်လှည့်လာခဲ့လေ၏။   အသွားတုန်းက ရပ်ကွက်လမ်းထဲ ကွေ့ပတ်သွားခဲ့သော်လည်း အပြန်မှာမူ အေဖိုး လမ်းမကြီးအတိုင်း လျှောက်ပြီး ပြန်လာခဲ့၏။ ကျွနု်ပ်ပြန်လှည့်လာပြီး နာရီဝက်ခန့်ကြာသောအခါ အေးဖိုးလမ်းမကြီးအတိုင်း ထိုအလုံးကြီးကျရောက်ရာ အရပ်ဘက်သို့ လူနာတင်ကားများ ရဲကားများ မီးသတ်ကားများ တ၀ီဝီဖြင့် ဖြတ်သန်းသွားနေကြသည်ကို သတိထားမိလေ၏။ ကျွနု်ပ်ပင် နေအိမ်သို့ ပြန်မရောက်သေးချေ။

ဒါကလဲ အဆန်းတော့မဟုတ်။ ဒီနိုင်ငံမှာက အရေးအကြောင်းတစ်ခုပေါ်တိုင်း ရဲကား၊ မီးသတ်ကား၊ လူနာတင်ယာဉ်တို့ သွားရောက်ကြမြဲဖြစ်လေ၏။ အခုလဲ တနေရာရာမှာ အရေးပေါ်ကိစ္စတစ်ခုခုရှိနေလို့ ဖြစ်မှာပါဆိုပြီး ပုံမှန်ထက်မပိုသော စဉ်းစားမှုမျိုးဖြင့် စဉ်းစားပြီး လာလမ်းအတိုင်း အေးဆေးစွာ လျှောက်မြဲ လျှောက်နေမိလေ၏။ သို့သော် အရေးပေါ်ကားတွေက များသထက် များလာသည်။ တစ်စီး.. နှစ်စီး.. သုံးစီး.. မရေတွက်နိုင်တော့။ အနည်းဆုံး အစီး သုံးဆယ်လောက်တော့ ရှိမည်။ တစ်ခုခုတော့ တစ်ခုခုပေဘဲ။

တိုးတိုး တိုးတိုး ပြောနေကြသည့် လမ်းသွားလမ်းလာများထံ စနည်းနာမိသည်။ ကြားရသည့် သတင်းက ကြက်သီးဖြန်းချင်စရာ။ လူပေါင်းသုံးလေးဆယ်လောက် အုပ်စုလိုက် ချက်ချင်း ခန္ဓာကိုယ် ယားယံပြီး အဖုအပိန့်တွေ တကိုယ်လုံးထွက်လာလို့တဲ့။ အဖုအပိန့်တွေကနေ သွေးတွေလဲ တလစပ် ထွက်ကြတယ်တဲ့။ အန်လဲ အန်ကြတယ်တဲ့။ မျက်လုံးတွေလဲ နီမြန်းလာကြတယ်တဲ့။ ခန္ဓာကိုယ်တွေလဲ ခြစ်ခြစ်တောက် ပူလောင်ကြသတဲ့။ ဘုရား ဘုရား။ 

""အီဘိုလာ""

ဟုတ်သည်။ သူတို့တတွေ အီဘိုလာရောဂါ ကူးစက်ခံရချေပြီ။ သူတို့ အငမ်းမရ လိုချင်လွန်းသည့် ကောင်းကင်မှ ကျလာသည့် အလုံးနီကြီးသည် အီဘိုလာရောဂါပိုးများစွာကို သယ်ဆောင်လာပြီး သူတို့ ရှေ့မှောက်မှာပင် ပေါက်ကွဲလေ၏။ ထို့နောက် ထိုရောဂါဗိုင်းရပ်ပိုးများသည် နီးစပ်ရာလူအုပ်ကြီးဆီသို့၎င်း အခြားအရပ်များသို့၎င်း ပျံ့ နှံ့ကူးစက်သွားလေတော့၏။ ထိုသို့ဆိုလျှင် ကျွနု်ပ်သည်လည်း ထိုအနီလုံးကြီး ကျရောက်ပေါက်ကွဲရာ အနီးအနား၌ တည်ရှိခဲ့သည် မဟုတ်ပါလား။ ပြန် စဉ်းစားမိသောအခါမှ ဗိုက်နာသလို ခန္ဓာကိုယ် ယားယံလာသလို စစ်ကနဲ စစ်ကနဲ ဖြစ်လာလေ၏။

အီဘိုလာဟူသော စကားလုံးသည် အလွန်လှပလေ၏။ သူ့လို လှပသောအမည်နဲ့ သည်ရောဂါဆိုးမျိုးနဲ့ မထိုက်တန်ပေ။ သို့သော် အလှအပတိုင်း၏ နောက်ကွယ်၌ အလွန်ကြီးမားသည့် အန္တရာယ်များ အမြဲရှိနေတတ်၏ ဟူသော နီတိတစ်ခုကို မွေးဖွားပေးလေသယောင် ရှိလေ၏။ အန္တရာယ် အလွန်ကြီးပါပေစွ။ အမှန်မှာ ထို အီဘိုလာ ဟူသော အမည်သည် ထိုရောဂါ၏ ကို်ယ်ပိုင်အမည် မဟုတ်ချေ။ ဒီမိုကရက်တစ်ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ အီဘိုလာ ဟူသော မြစ်၏ အမည်ကို ယူသုံးထားခြင်းဖြစ်၏။ အဘယ်သို့ ယူသုံးထားသနည်းဟူမူ ထိုရောဂါအား ပထမဆုံး ခြေရာခံနိုင်ခဲ့သော နေရာသည် ထိုအီဘိုလာမြစ်ဝှမ်းဒေသတ၀ိုက်၌ ဖြစ်သောကြောင့်ဖြစ်၏။

တိတိကျကျဆိုရပါမူ ထိုရောဂါအား ၁၉၇၆ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၌ စတင်တွေ့ရှိပြီး အတည်ပြုနိုင်ခဲ့၏။ ပထမဦးဆုံး ထိုအီဘိုလာရောဂါကို ခံစားရသူမှာ ကျေးရွှာကျောင်းအုပ်ကြီး မာဘလို လိုကဲလာ ဖြစ်လေ၏။ ထိုကျောင်းအုပ်ဆရာကြီးသည် ထိုအီဘိုလာမြစ်ကမ်းတလျှောက် ၁၉၇၆ခု သြဂုတ်လ ၁၂ ရက်မှ သြဂုတ်လ ၂၂ ရက်နေ့အထိ ခြေဆန့်ခရီးထွက်လေ၏။ ခရီးထွက်ရင်း ရောဂါဆန်းတစ်ခုရရှိကာ ထိုနှစ် စက်တင်ဘာ ၈ ရက်နေ့၌ ကွယ်လွန်လေ၏။ ထိုအခါမှစ၍ ထိုရောဂါနာမည်ကို အီဘိုလာမြစ်ကမ်းဘေးမှာ ဖြစ်ပွါးခဲ့သောကြောင့် အီဘိုလာရောဂါဟု ခေါ်တွင်ပြီး ထင်ရှားခဲ့လေ၏။ 

ထိုရောဂါကူးစက်ခံရသူသည် နှစ်ရက်မှ သုံးပတ်အတွင်း အပူဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျောဝမ်းပျက်ဖြစ်ခြင်း နှင့် အသဲ အဆုတ်တို့ အလုပ်မလုပ်တော့ခြင်း၊ ခန္ဓာကိုယ်တွင်းပြင်သွေးယိုစီးခြင်းစသည့် လက္ခဏာများ ဖြစ်လာလေတော့၏။ ထိုရောဂါရှိနေသော လူ သို့မဟုတ် တိရစ္ဆာန်တို့၏ သွေး ချွေး စသည်တို့မှလည်း ကူးစက်နိုင်သည်ဟု ၀ီကီ၌ ဆိုထားလေ၏။ (အကျယ်သိလိုပါက ၀ီကီ သို့သွားပြီး ရှုကြပါလှည့်)။ ထိုရောဂါသည် ယခုအခါ အနောက်အာဖရိကနိုင်ငံများဖြစ်သည့် ဂီနီယာ၊ ဆီရလီယွန်၊ လိုက်ဘေးရီးယားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့၌ ဖြစ်ပွါးနေလေ၏။ လွန်ခဲ့သည့် မတ်ခ်ျလကစပြီး ယခုအချိန်အထိ ထိုရောဂါဖြင့် လူပေါင်း ၂၄၀၀ ကျော် သေဆုံးပြီး ဖြစ်လေ၏။

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုသကဲ့သို့ ကျွနု်ပ်သည်လည်း အသက်ရှုမ၀သလိုလို တကိုယ်လုံး ယားယံလာသလိုလို ဗိုက်ထဲက နာလာသလိုလို ဖြစ်လာလေ၏။ ဒါဆို သေချာပြီ အီဘိုလာ။ အီဘိုလာဆိုရင်... ဆက်ပြီးမတွေးရဲတော့။ တကိုယ်လုံး တောင့်တင်းလာသည်။ ခြေတွေလက်တွေ လေဖြတ်သလိုဖြစ်လာသည်။ ပါးစပ်တွေလဲ ထုံကျင်လာလေသည်။ သွားတွေလဲ ကျိန်းစပ်လာလေသည်။ ငါ ဒီအတိုင်း အရှုံးပေးလို့ မဖြစ်သေးဘူး။ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ ဘာမှ မဖြစ်စေရဘူး။ ငါ ဘာမှ မဖြစ်ဘူး။ ငါ ငါ ငါ။ ဂါးးးးးးးးးး။

မျက်လုံးဖွင့်ကြည့်လိုက်တော့ ညဥ့် တစ်နာရီ။ လန့်နိုးလာမှ ပါးစပ်ထဲက သံပုရာသီးခြမ်းကို ထွေးထုတ်ပြီး ပါးလုပ်ကျင်းလိုက်ရသည်။ ကျင်လိုက် ကျိန်းလိုက်သည့်ဖြစ်ခြင်း။ အင်း.... မိုးမလင်းသေးဘူး။ အချိန်ရှိသေးတယ်။ ထပ် နှပ်လိုက်ဦးမှ။

"ကဲ အစက မပြောလား။ အအိပ်မက်သော သူအဖို့ ညဉ့်တာတို့သည် တိုလွန်းလှချေ၏" လို့။  ။


သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
သူကြီးမင်း (တုံးဖလား)
(၁၉၊၀၉ ၊၂၀၁၄ သောကြာနေ့ ၀၀း၄၀ နာရီ)


မှတ်ချက်။
ဝီကီပီဒီယားမှ အချက်အလက် အနည်းငယ် ယူထားပါသည်။


BPP Challenge
.


Monday 8 September 2014

ကမ္ဘာကျော် ကိုယ်ဝန်သည်


ဒီနေ့ တော်သလင်း လပြည့်နေ့။ ဒါမှမဟုတ် ဂရုဓမ္မအခါတော်နေ့။ ဂရုဓမ္မဆိုတာ ငါးပါးသီလကို ပြောတာပါဘဲ။ ဒါဆို ဒီနေ့ ငါးပါးသီလနေ့ပေါ့။ ဇာတ်တော်ထဲမှာတော့ ရှင်ဘုရင်ကစပြီး ပြည့်တန်ဆာထိ ငါးပါးသီလစောင့်ထိန်းကြတယ်တဲ့။ အကျိုးကျေးဇူးကတော့ မိုးလေ၀သမှန်ကန်ပြီး ကပ်ကြီးသုံးပါးက လွတ်မြောက်တယ်တဲ့။ ဗုဒ္ဓဘာသာကို အမွန်မြတ်ထားတဲ့ ရှေးမြန်မာမင်းများလဲ ၀ါတွင်းကာလတွေမှာ ဂရုဓမ္မသီလစောင့်ထိန်းလိုက်နာကြဖို့ အမိန့်တော်ပြန်တမ်းထုတ်ပြီး မြို့ထဲလှည့်လည်နိုးဆော်ကြသတဲ့။ သာဓု သာဓု သာဓု။

အမှန်က ဂရုဓမ္မအခါတော်နေ့အကြောင်း ရေးချင်တာ မဟုတ်ပါဘူး။  မင်းသမီးကိတ် ဂရုဓမ္မအခါတော်နေ့မှာ ကိုယ်ဝန်ရတဲ့ အကြောင်းလေး နဲနဲ တို့ထားမလို့ပါ။ ဒီကလေးဟာ မင်းသားဝီလျံနှင့်မင်းသမီးကိတ်တို့ရဲ့ ဒုတိယကလေး ဖြစ်သလို ဗြိတိန်နိုင်ငံရဲ့ လေးယောက်မြောက် နန်းညွန့်လျာလေး ဖြစ်လာမှာပါ။ တိုက်ဆိုင်မှုလို့ ဆိုလေမလား၊ ပုဗ္ဗနိမိတ်လို့ ဆိုလေမလား မသိ။ သူတို့ရဲ့ ပထမကလေးကို မနှစ်က ၀ါဆိုလပြည့်နေ့ကြီးမှာ မွေးဖွားလာပြီး မိုးချုန်းသံ မိုးကြိုးပစ်သံ တညံညံနဲ့ သဘာဝတရားရဲ့ ကောင်းချီးတွေ အပြည့်နဲ့ပေါ့။ အခုလဲ ဒုတိယကလေးကို ဒီနေ့ တော်သလင်းလပြည့်နေ့ကြီးမှာ ကိုယ်ဝန်ရပြန်ပြီတဲ့။ ကိုးလလွယ် ဆယ်လဖွားဆိုရင်တော့ လာမဲ့နှစ် ၀ါဆိုလပြည့်နေ့မှာ မွေးဖွားပြန်လေမလား မသိ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပထမကလေးကို ၀ါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှာ မွေးဖွားခဲ့ပြီး အခုဒုတိယကလေးကို တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့မှာ ကိုယ်ဝန်တည်နေတာကတော့ သူတို့လေးတွေရဲ့ ထွန်းတောက်မဲ့ နိမိတ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ 

မင်းသားဝီလျံက ဒုတိယမြောက်ကလေးကို လူ့လောကထဲ ဆွဲခေါ်ဖို့ ပြင်ဆင်နေပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော ညီတော်မောင် မင်းသား လူပျိုကြီး ဟယ်ရီကတော့ ကဲလို့ကောင်းတုန်း ပျော်လို့ကောင်းတုန်း။ သူ့ပုံစံကိုက ခပ်နောက်နောက် ခပ်ပျော်ပျော် ပုံစံရယ်။ အခုလဲ ကြည့် သူ့အကိုရဲ့ ဒုတိယကိုယ်ဝန်အတွက် ဘယ်လို ခံစားရလဲ ဆိုတော့ သူဖြေတာက "I can't wait to see my brother suffer more" တဲ့။ အဲဒီလို ခပ်နောက်နောက် ခပ်ပျော်ပျော်ကောင်။ သူ့အဖေ ချားလ်စ်မင်းသားကြီးအတိုင်းဘဲ။ ဒါပေမဲ့ သူပြောတာလဲ အဓိပ္ဗါယ်တွေ အပြည့်အ၀ ရှိပါတယ်။ ကလေးတစ်ယောက် တိုးလာလေ သံယောဇဉ်များလာလေ ပိုပြီးပူပန်ရလေလေ မဟုတ်လား။ 

တော်ဝင်မင်းသမီး ကိုယ်ဝန်ရပြီတော့ စိတ်ထဲပါတာ မပါတာ အသာထား မိတ်ဖက်နိုင်ငံတွေက ၀န်ကြီးချုပ်တွေ သမ္မတတွေ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေဆီက ကွန်ဂရက်ကျူလေးရှင်းတွေ သောသော ညံပြန်ဦးမှာပါဘဲ။ သူကြီးမင်းလဲ တုံးဖလားရွာထဲက ဆွေမျိုးအရင်းချာကြီးတွေဖြစ်တဲ့ အေးတုတ်တို့ ဘုတ်ဆုံတို့ ကိုယ်ဝန်ရရင်သာ ကွန်ဂရက်ကျူလေးရှင်း မလုပ်ရင် ရှိမယ်။ ဒီစုံတွဲနှင့် ပတ်သက်လို့ကတော့ ကွန်ဂရက်ကျူလေးရှင်း လုပ်ခဲ့ရပေါင်း မနည်းခဲ့ဘူး။ သူတို့နှစ်ယောက် မင်္ဂလာဆောင်တုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းဘဲ။ မင်းသမီးကိတ် ပထမကိုယ်ဝန်ရတဲ့ သတင်းကြားတုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းဘဲ။ ပြီးတော့ သူတို့ရဲ့ ပထမသားဦးလေး ဂျော့ဂ်ျကို မွေးဖွားတုန်းကလဲ ကွန်ဂရက်ကျူလေးရှင်းပါဘဲ။ ကဲ အခုလဲ ကြည့်။ သူတို့ ဒုတိယရင်သွေးလေးကို ဆောင်ယူပြန်ပြီတဲ့။ ဒါလဲ ကွန်ဂရက်ကျူလေးရှင်းပါဘဲ။ 

ဒါပေမဲ့ သူကြီးမင်းက အပေါ်ယံ ပါးစပ်ဖျားလေးတင် ကွန်ဂရက်ကျူလေးရှင်း လုပ်တာ မဟုတ်ပါဘူး။ ရင်ထဲက တကယ်ကို လှိုက်လှိုက်လှဲလှဲ ကွန်ဂရက်ကျူလေးရှင်း လုပ်တာပါ။ အားပေးရမှာပေါ့။ ကိုယ်မှ သူတို့လို မတတ်နိုင်တာ။ ပထမကလေး ဒုတိယကလေးမှ မဟုတ်ပါဘူး။ သူတို့ ရလာမဲ့ တတိယကလေး စတုတ္ထကလေး ..အို... ကုန်ကုန်ပြောရရင်  ဒါဇင်လောက် မွေးလေ့ပစေ ကွန်ဂရက်ကျူလေးရှင်းတွေ လုပ်နေဦးမှာပါ။ သူတို့ ပုံစံကြည့်ရတာလဲ ဆက်မွေးဦးမဲ့ ပုံစံတွေဘဲလေ။ ပထမကလေးမွေးလို့ ၁၄လဘဲ ရှိသေးတယ်။ အခု ဒုတိယကလေး ကိုယ်ဝန်ရပြန်ပြီတဲ့။ အားပေးလျှက်ပါ ၀ီလျံနှင့်ကိတ်တို့ရေ။ ဆက်သာကြိုးစားကြပါ။ အခုလဲ ဒီကိုယ်ဝန်လေးအတွက်...

"မဲနီး ကွန်ဂရက်ကျူလေးရှင်းစ်" ပါ။ 


စိတ်ဝင်စားသေးရင်..

.

Saturday 6 September 2014

ချန်ပီယံများသို့ ဂုဏ်ပြုတေးထပ်



ဖလားတွေ ဆင် ဆင် ဆင့်
မြင် မြင် မြှင့်တင်ပုံ။
ရင် ရင် ရင့်အခုန်
ကြင်ကြင့်စုံ ရွှေဘော။
ပျော် ပျော် ပျော့် မော် မော့ မော်တယ်
ကျော် ကျော့် ကျော် နိမိတ်အဟော။

ရွှေ ရွှေ ရွှေ့  ရွှေပြည်ခွင်မယ်
ဆွေကြည်ရွှင် မနော။
နေခြည်ဆင် အစောထတော့
သဘောကျ လန်းပုံ။
ရွှင် ရွှင့် ရွှင် ရွှင်မဆုံး
ခင်ခင့်ပြုံး ဇောကပ်လို့ တုန်။

တင်တင့်လို့  ညင်ညင့်ခုန်သည်
လျင်လျင့်ပုံ အပြုံးနဲ့။
မရှုံးကွဲ့ မြန် မြန့် မြန်
ငါတို့ရဲ့ စံ။
အောင်ပွဲရ မှန် မှန့် မှန်တယ်
ချန် ချန့် ချန် ပီယံတဲ့လေး။  ။


(တုံးဖလားရွာစား သူကြီးမင်း)း)



မဒမ်ကိုး(ဒေါ်စိန်တင်) ရဲ့ BPP Challenge ကို အောင်ပွဲရ မြန်မာဘောလုံးချန်ပီယံနှစ်သင်းအတွက် ဂုဏ်ပြုတေးထပ်ဖြင့် ပြန်လည်တုန့်ပြန်ပေးလိုက်ပါတယ်။ အောက်ပါ ဘလော့ဂါများကိုလည်း ထပ်မံ၍ BPP Challenge  လုပ်ပေးလိုက်ပါတယ်။ အချိန်လေး အနည်းငယ်ရှိရင်ဖြင့် ဘကုန်းရွာကြီးအား မစတော်မူကြပါ ခင်ဗျား။း)


.


Monday 1 September 2014

ဘလော့ပို့စ်တင်ရန် စိန်ခေါ်ခြင်း




ခုတလော ကမ္ဘာတ၀ှမ်းလုံး ခေတ်စားနေသည့် Ice-Bucket-Challenge ကို စိတ်ဝင်စားနေမိသည်။ တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်ပြီး ရေခဲရေဖြင့် ဦးခေါင်းပေါ်မှ နေပြီး တကိုယ်လုံးသို့ လောင်းချရသည်။ သို့မဟုတ် ရေခဲရေ ပျော်ဝင်နေသည့် ရေချိုးကန်၊=ရေကန်၊ ချောင်း၊ မြစ်၊ ပင်လယ် စသည်တို့ထဲသို့ ခန္ဓာကိုယ်ကို စိမ်နစ်ရသည်။ ထိုကဲ့သို့ လုပ်ခြင်းသည် အချီးနှီးအလဟဿတော့မဟုတ်။ Amyotrophic Lateeral Sclerosis အမည်ရှိ ရောဂါ ခံစားနေရသူတို့ကို ကိုယ်ချင်းစာ နားလည်ပေးဖို့နှင့် ရောဂါရှာဖွေကုသရေးသုတေသန အသင်းအဖွဲ့အတွက် ရံပုံငွေ ရှာပေးခြင်းဖြစ်၏။ ထို Ice-Bucket-Challenge ကို အစပျိုးခဲ့ရာနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်။

ထိုရောဂါသည် သွက်ချာပါဒမျိုးဖြစ်ပြီး ကြွက်သားများ သေသွားကာ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ စားမျိုခြင်း၊ အသက်ရှူခြင်းတို့ ခက်ခဲလာပြီး နောက်ဆုံး၌ သေဆုံးရသည်အထိ ဖြစ်ပွါးတတ်ပါသည်။ ထိုရောဂါ၏ ခံစားမှုတို့မှာ ရေခဲရေဖြင့် နာရီများစွာ အလောင်းခံရခြင်း အစိမ်ခံရခြင်းကဲ့သို့  ခံစားရသော ပုံစံမျိုးဖြစ်ပါသည်။ ထို့ကြောင့် ထိုရောဂါ ဝေဒနာရှင်တို့ကို သနားညှာတာနားလည်မှု ရှိစေရန် ရည်ရွယ်၍ ထို  Ice-Bucket-Challenge ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို Ice-Bucket-Challenge သည် ၂၀၁၄ ဂျူလိုင်-သြဂုတ်လများတွင် ကမ္ဘာတ၀ှမ်း ရေပန်းစားလာခဲ့သည်။ 

စိန်ခေါ်ပုံမှာ မိမိကိုယ်ကို ရေခဲရေဖြင့် လောင်းပြီး သို့မဟုတ် အလောင်းခံပြီး သို့မဟုတ် ရေခဲရေစိမ်ပြီး မိမိရင်းနှီးကျွမ်းဝင်သူ သို့မဟုတ် ဆွေမျိုးတို့ကို နာမည်ထုတ်ဖော်ပြီး စိန်ခေါ်ရသည်။ ဥပမာအားဖြင့်... ကျနော် အန်တီတင့် ဆရာဟန် ကမိုးသက် တို့ကို စိန်ခေါ်ပါတယ်.. ဆိုပြီး မိမိကိုယ်ကို ရေခဲရေလောင်းရန် သို့မဟုတ် ရေခဲရေထဲ ဆင်းစိမ်ရန် ဖြစ်ပါသည်။ ထိုကဲ့သို့ စိန်အခေါ် ခံရသူတို့သည် ၂၄ နာရီအတွင်း မိမိ ထပ်မံစိန်ခေါ်လိုသူများကို နာမည်ထုတ်ဖော် စိန်ခေါ်ပြီး ကိုယ်တိုင်လည်း ရေခဲရေဖြင့်လောင်းခြင်း သို့မဟုတ် ရေခဲရေထဲစိမ်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ပြန်လည်တုန့်ပြန်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ရံပုံငွေ ပေးလှူရမည် ဖြစ်သည်။ 

အမှန်မှာ စိန်ခေါ်ခံရသူသည် စိန်ခေါ်သည့်အတိုင်း ပြုလုပ်နိုင်ပါက အမေရိကန် ဒေါ်လာ တစ်ဆယ်သာ ပေးလှူရမည် ဖြစ်ပြီး အကယ်၍ စိန်ခေါ်မှုအတိုင်း မပြုလုပ်နိုင် (ရေခဲရေဖြင့် မလောင်းနိုင် မစိမ်နိုင်) ပါက  အမေရိကန် ဒေါ်လာ တစ်ရာတိတိ ပေးလှူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ စိန်အခေါ်ခံရသူသည် စိန်ခေါ်မှုအတိုင်း လုပ်နိုင်သည် ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ရံပုံငွေ ပေးလှူရမည် ဖြစ်သည်။ အနည်းနဲ့ အများသာ ကွာသည်။ သို့သော် စေတနာအလျှောက် အလှူငွေများစွာ လှူဒါန်းလိုကလည်း လှူဒါန်းနိုင်ပါသည်။ 
......

BPP (Blog-Post-Published) Challenge ဖြစ်ပေါ်လာပုံ..
ထိုအထက်ပါ Ice-Bucket-Challenge ကို အတုယူပြီး  ဘကုန်းရွာ (မြန်မာဘလော့) လေး စည်ကားတိုးတက်လာရန် စဉ်းစားမိလာသည်။ ဘကုန်းရွာလေးသည် ၂၀၀၈-၂၀၁၁ လောက်ထိ စည်းကားသိုက်မြိုက် လာခဲ့သမျှ ထိုကာလ နောက်ပိုင်း၌ တစတစ ခြောက်သွေ့၍ လာလေသည်။ ဖဦးထုပ်ရွာ (ဖေ့ဘုတ်စ်) လေး စည်ကားလာပြီး နောက်ပြီး ဘကုန်းရွာသူ ရွာသားများ ဖဦးထုပ်ရွာသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကုန်ကြသည်မှာလည်း ဘကုန်းရွာ ဆုတ်ယုတ်ရခြင်း၏ ကြီးမားလှစွာသော အကြောင်းတစ်ခု ဖြစ်ပေသည်။ 

မည်သူ့မည်သူ့ကိုမှ အပြစ်မပြောလိုပါ။ အဆင်ပြေရာဒေသ၌ ကျက်စားကျင်လည်တတ်ကြသည်မှာ တိရစ္ဆာန်အစ လူနတ်ဗြဟ္မာအဆုံး=သတ္တ၀ါအားလုံးတို့၏ ဓမ္မတာကြီးတစ်ခု မဟုတ်ပါလော။ သို့သော် မိမိမွေးဖွားရာဒေသ ဘကုန်းရွာလေးကို မေ့ထားကြသည်ကိုတော့ ပြောမပြတတ်အောင် ၀မ်းနည်းကြေကွဲမဆုံး  ဖြစ်ရလေသည်။ နိုင်ငံအသီးသီး၌ ကြီးပွါးတိုးတက်နေကြသည့် ဘကုန်းရွာသူ ရွာသားများကို လွမ်းဆွတ်သတိရ၍လည်း ဖြေမဆည်နိုင်ဖြစ်ရသည်။ အတိတ်က သူတို့၏ လက်ရာလှလှများကို တဖန်ခံစားထိတွေ့ လိုမိသည်။ သူတို့၏ အနုအရွအလှတို့နှင့် ဝေးကွာနေရသည့်အတွက် စာပေရသသွက်ချာပါဒ ဖြစ်နေမိသည်။ ဘကုန်းရွာချစ်သူပီပီ ဘကုန်းရွာသူရွာသားတို့၏ လက်ရာမွန်လေးများကို မစားသုံးရသည့်အတွက် အကန်းကဲ့သို့ အဆွံ့ကဲ့သို့ အအကဲ့သို့ အရူးကဲ့သို့ ဖြစ်နေပေသည်။

ထိုကဲ့သို့ ဘကုန်းရွာဖြစ် လက်ရာလှလှများ ရှားပါးလာမှုအတွက် စာပေရသသွက်ချာပါဒ ခံစားနေရခြင်းသည် "စာတတ်မြောက်ချင်ပါလျှက် အခြေအနေ အချိန်အခါ အရပ်ဒေသ ဆင်းရဲမွဲတေမှုတို့ ကွာဟချက်အရ စာပေမတတ်မြောက်ရှာလေသော သူတို့နှင့်  အဆင့်နိမ့်စာသင်ကျောင်း အဆောက်အဦအတွင်းတို့၌ ပင်ပန်းဆင်းရဲစွာ ပညာသင်ကြားနေကြသော မြန်မာ့ရင်သွေးငယ်လေးများ၏ သိမ်ငယ်ဝမ်းနည်း နေရသည့် ခံစားမှု" တို့နှင့် ထပ်တူကျလေသည်။ ထို့ကြောင့် ထိုကဲ့သို့ ပညာရေးချို့တဲ့ ရှာလေသော ရင်သွေးငယ်များကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ရန်အတွက် ဤ BPP-Challenge အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ပါသည်။ 

စီစဉ်ပုံမှာ မိမိကိုယ်တိုင် ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ်တင်ပြီး မိမိနှစ်သက်ရာ ဘလော့ဂါများကို အများဆုံး ဆယ်ယောက်အထိ စိန်ခေါ်ရန်ဖြစ်ပါသည်။ စိန်ခေါ်ခံရသူတို့သည်လည်း ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ်တင်ခြင်းဖြင့် ပြန်လည်တုန့်ပြန်ရမည် ဖြစ်သည်။ ထိုကဲ့သို့ တုန့်ပြန်ရာ၌လည်း မိမိနှစ်သက်ရာ ဘလော့ဂါ အများဆုံး ဆယ်ယောက်အား ထပ်မံ၍ စိန်ခေါ်နိုင်ပါသည်။ အချိန်မီ မတုန့်ပြန်နိုင်ပါက ကလေးပညာရေးအသင်းအဖွဲ့တစ်ခုခုအား အလှူငွေ ၅၀၀၀ ကျပ် ပေးလှူရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဘကုန်းရွာလေးစည်ကားလာပြီး ပညာရည်သောက်သုံးနေသော မြန်မာ့ရင်သွေးငယ်များအတွက်လည်း ပညာရေး ရံပုံငွေ အထောက်အပံ့ ဖြစ်စေသည်ဆိုလျှင် ၀မ်းသာမဆုံး တပြုံးပြုံး ဖြစ်နေမိမှာ သေချာပါတော့သည်။

သတ်မှတ်ချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်း ပြုလုပ်ထားပါသည်။ လိုအပ်သည်များကို ထပ်ဖြည့်ပေးကြရန်လည်း တောင်းခံပါသည်။ 


၁။ ဘလော့ဂါတစ်ယောက် တစ်ခါ BPP-Challenge လုပ်လျှင် ဆယ်ယောက်ထက် ပိုပြီး မလုပ်ရ။

၂။ BPP-Challenge လုပ်ထားကြောင်း အချိန်မီ အကြောင်းကြား၍ ရနိုင်သည့် ဘလော့ဂါတို့ကိုသာ BPP-Challenge လုပ်ရမည်။

၂။ BPP-Challenge အလုပ်ခံရသူသည် BPP-Challenge လုပ်ပြီး နှစ်ပတ်အတွင်း ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ် တင်ရမည်။

၃။ BPP-Challenge အလုပ်ခံရသူသည် မိမိနှစ်သက်ရာ ခေါင်းစဉ်၊ မိမိနှစ်သက်ရာ အကြောင်းအရာတို့ကို ရေးနိုင်သည်။

၎။ နှစ်ပတ်ကျော်လွန်ပြီး ပို့စ် မတင်နိုင်ပါက မိမိနှစ်သက်ရာ  ပညာရေးလုပ်ငန်းသို့ မြန်မာကျပ်ငွေ ၅၀၀၀ နှင့် ညီမျှသော သက်ဆိုင်ရာငွေကြေး အလှူငွေကို ပေးလှူရမည်။ (ထိုထက်ပို၍ ပေးလှူလိုပါကလည်း လက်ခံပါသည်)။ (မြန်မာမုဒိတာအဖွဲ့ဝင်ပီပီ ဦးစွာအနေဖြင့် မြန်မာမုဒိတာသို့ ပေးလှူရန်ဟု အကြံပြုချင်သည်)။း)

၅။ လှူဒါန်းမှု ပြုလုပ်ပြီးသော ဘလော့ဂါများကိုလည်း နှစ်ပတ်ကျော်လွန်ပါက ထပ်မံ၍ BPP-Challenge လုပ်နိုင်သည်။

၆။-BPP-Challenge လုပ်ခြင်းကို တစ်ခုမက များစွာ ပြိုင်တူ ခံရလျှင် အားလုံးအတွက် ပို့စ်တစ်ပုဒ် ရေးပြီးတုန့်ပြန်ပါက အလုပ်ပြီးမြောက်သည်ဟု မှတ်ယူပါမည်။ 

၇။-မိမိ BPP-Challenge လုပ်ထားသူများကို အသိပေးရာ၌ တဂ်(Tag) လုပ်ထားသည်ဟု မသုံးဘဲ ချဲလင့်  (Challenge) လုပ်ထားသည်ဟု အသုံးပြုရန် ဖြစ်ပါသည်။

၈။ ပို့စ်တင်ပြီးကြောင်း အသိပေးရာ၌ ပိုမိုမြန်ဆန်စွာ စာဖတ်သူထံ အချိန်နဲ့ တပြေးညီ ရောက်ရှိစေရန် https://www.facebook.com/groups/mbcdays/ သို့ သွားရောက်ပြီး အသိပေးစေလိုပါသည်။ ထိုဖေ့စ်ဘုတ်ကိုလည်း မိမိတို့ကိုယ်ပိုင် ဖေ့စ်ဘုတ်နဲ့ ချိတ်ဆက်ထားစေလိုပါသည်။

၉။ မိမိကတဖန် ပြန်ပြီး ချဲလင့်ပြန်လုပ်ရာတွင် ချဲလင့်လုပ်ခံထားရသူများ အချိန်မီ သိရှိစေနိုင်ရန်အတွက် အထက်ပါ ဖေ့စ်ဘုတ်၌သော်လည်းကောင်း၊ ထိုသူတို့၏ ဘလော့စီဘောက်စ်၌သော်လည်းကောင်း၊ ထိုသူတို့၏ ဘလော့နောက်ဆုံးပို့စ်၌ ကွန်မင့်ပေး၍သော်လည်းကောင်း အသိပေးကြစေလိုပါသည်။

၁၀။=Ice-Bucket-Challenge နှင့်BPP-Challenge တို့၏ ကွာခြားချက်မှာ Ice-Bucket-Challenge အလုပ်ခံရသူသည် ပြန်လည်တုန့်ပြန်နိုင်လျှင် ၁၀ ဒေါ်လာ၊ မတုန့်ပြန်နိုင်လျှင် ဒေါ်လာ ၁၀၀ ပေးလှူရမည်ဖြစ်သော်လည်း BPP-Challenge အလုပ်ခံရသူမှာ ပြန်လည်တုန့်ပြန်နိုင်လျှင် အလှူငွေ ပေးလှူရန် မလိုပေ။ မတုန့်ပြန်နိုင်မှသာ ၅၀၀၀ ကျပ် ပေးလှူရန် ဖြစ်ပါသည်။

၁၁ ။ လိုအပ်ပါက အများစု သဘောတူညီမှုဖြင့် စည်းကမ်း အလျော့အတင်း ပြုလုပ်နိုင်သည်။
.....


သူကြီးမင်းအနေဖြင့် ဦးစွာ ပထမ ဈေးဦးပေါက် အောက်ပါ ဘလော့ဂါများအား BPP-Challenge လုပ်ပါသည်။ ကျေးဇူးပြု၍ တုန့်ပြန်ပေးကြစေလိုပါသည်။  


သဘောမတူပါကလည်း မည်သို့မျှ စိတ်တွင်းမရှိပါ။ အတင်းအကြပ်သဘောမျိုး ဖြစ်သွားပါကလည်း တောင်းပန်ပါသည်။ ဘကုန်းရွာလေး စည်ကားဖို့လိုရင်းသာ ဖြစ်ပါသည်။

မေတ္တာဖြင့်
သူကြီးမင်း (တုံးဖလား)

.

Sunday 31 August 2014

"ဘလော့ဒေးမို့" ထပ်ကွန့်တေးထပ်


ဘလော့ဂါ ဖြစ်ကာစ၊ ထစ်မာန ပုံပုံပင်
ဖြစ်တာက စုံစုံလင်သည်၊ ပုံပြင်တွေ မနဲ။
နှစ်ထောင့်ရှစ် သက္ကရာဇ်မှာ၊ စလှစ်ခါ ရေးဖြစ်ဖို့ ခဲ။ 
အင်တာနက် အွန်လိုင်းပေါ်ဝယ်၊ ထင်တိုင်းပျော် နေမြဲ။ 
မြင်မဆိုင်း ကြွေအသဲ ဟာမို့၊ တွေဝေဆဲ ချိန်ခါ။
မြှောက်ပင့်ဆို ထိုကွန်မင့်တွေက၊ လွန်အတင့် ပျော်ဆင့်သည်သာ။
ခုများတော့ တုမှားစရာကို၊ မုသားဆို ရှက်လွန်းလို့
ထက်နန်းမှာ စာပုလွေ၊ ရေးကြစို့လေ။
ဘလော့အရေးမို့ အသော့ပေးနေသည်၊ မလျော့ရေးကာ နေဦးကွဲ့လေး။
ဘလော့ရေးဖို့ အသော့ပေးပါသည်၊ အလျော့ပေးကာ နေဦးနဲ့လေး။
ဘလော့ဒေးမို့ အသော့ရေးချင်သည်၊ အလျော့ပေးကာ နေဘူးကွဲ့လေး။ ။



.

Wednesday 27 August 2014

"ဘလော့ဂါပေါင်းစု" တေးထပ်



ဘလော့ရွာ  မာန်ချီဝင့်၊ အန်တီတင့်  ချစ် မေဓာ
ဟန်ကြည် နှင့် ဂျစ် ဧရာရယ်၊ နှစ်ဖွေရှာ နေ မြဲ။
မဒမ်ကိုးတို့  မယ်ကိုး အိမ်မှာ၊ ကြယ် မိုးကာ  လည်ဖြစ်ဖို့ ခဲ။
စော ၀ါ ငဘ  ချောကလျာ၊ မျော သဒ္ဓါ ဖတ်မြဲ။
မစ် မာယာ  မှတ်မလွဲစေနဲ့၊ ထပ်ကဲ၍ ဖတ်ပါ။
ရွှေစင်  တ်တဲ့  ချစ် စံအိမ်မှာ၊ ပစ် ပြန်ချိန်  ကန်ဒီလွမ်းတော့
ဥာဏ်မီ မန်း မို့  မောင် ဒု ပျော်၊ သူကြီးနိုးလို့ဆော်။
မိုး သက်တို့  ပျိုး လက်မျှော်သည်၊ တိုးဖက်ခေါ် ရေးဦးစို့လေး။


တေးထပ်ထဲ မပါခဲ့ကြည့်သည့် ဘလော့ဂါများအားလည်းကောင်း ခွင့်မတောင်းဘဲ တေးထပ်ထဲ ထည့်ဖြစ်ခဲ့သူတို့အားလည်းကောင်း ခွင့်လွတ်ပေးကြပါဟု တောင်းပန်ပါသည်။ ကာရန်ကို ငဲ့ထားရပါသောကြောင့် ဦးဦး ဒေါ်ဒေါ် ကိုကို ညီညီ နှမ အမ အကို ဆရာ စသည့် လေးစားသမှုဝိသေသနာမ်ပုဒ်များ မထည့်နိုင်ခဲ့တာကိုလည်း နားလည်ပေးကြပါဟု တောင်းပန်ပါသည်။  ကာရန်သင့်သည့် ဘလော့ဂါ ၄၃ ယောက် ထည့်သွင်းထားပါသည်။ အိုးနင်းခွက်နင်း ရေးသားသည်မို့ အဆင်ပြေသလို ဖတ်ရှုစေလိုပါသည်။ အဆင်ပြေလျှင် ဘလော့ရွာလေး၌ ပို့စ်လေးများ ရေးပေးကြပါဟုလည်း တောင်းဆိုပါသည်။
အားလုံးကို ချစ်ပါသည် ခင်ပါသည် တွယ်တာပါသည် မြတ်နိုးပါသည်။ (သူကြီးမင်း)

.

Tuesday 5 August 2014

မတူရင် မတုကြပါနဲ့




ဘိလပ်တိုင်းပြည်၏ အထင်ကရမြို့တော်ကြီးမှာ ဘိလပ်သားစစ်စစ်ဦးရေက ချိနဲ့နဲ့ ဖြစ်နေသည်။ ဟင်းလေးအိုးကြီးဟု အမည်ခံထားသည်နဲ့အညီ နိုင်ငံပေါင်းစုံမှ ကျက်စားကျင်လည်လာကြသည့် ဆူ ကြုံ နိမ့် မြင့် အဖြူ အမဲ စသူတို့ဖြင့် လန်ဒန်မြို့ကြီးကား ခန့်ခန့်စန့်စန့်ကြီးပင်။ စီစစ်ကြည့်လိုက်တော့ မြို့တော်ပေါ်မှာ ဘိလပ်သားစစ်စစ်က ၄၀၊ ကျန်တာက ၆၀။ (ရန်ကုန် မန္တလေးထက် ပိုဆိုးနေသလား မှတ်ရသည်)။ ကျွန်ုပ်တို့ နေထိုင်ရာ အရပ်သည်ကား ကုလားမြို့တော်ဟု နာမည်ကြီးလှသည့် ဆောက်(သ်)ဟောရပ်ကွက်ကြီးနဲ့ ကပ်လျက်တည်ရှိသည့် ဟောင်းစလိုးအမည်ရှိသော အရပ်ဖြစ်၏။ ကျွန်ုပ်တို့အိမ် ပတ်ဝန်းကျင်၌လည်း အဖြူအိမ် တစ်လုံးနှစ်လုံးမှ တစ်ပါး ပန်ချာပီ ဟိန္ဒူစသည့် အိန္ဒိယကုလားများ၏ နေအိမ်များဖြင့်သာ စည်ကားနေလေ၏။ မူလပထမ မြို့အတွင်း နေရာယူထားကြသည့် ဘိလပ်လူမျိုးတို့မှာ ကုလားများ၏ ပဲညှော်နံ့၊ မြန်မာတို့၏ ငါးပိညှော်နံ့တို့ကြောင့် မြို့ပြင်ရောက်ကုန်ကြသောဟူ၏။ ခံပေဦးတော့ မစ်စတာ ကိုလိုနီတို့ရေ။ တစ်လှည့်စီပေါ့။ 

အနံ့ချင်းမတူပေမဲ့ အနံ့ပြင်းတာချင်း တူညီနေသည့် ရွှေလူမျိုးတို့နှင့်ကုလားလူမျိုးတို့သည်ကား သူတော်ချင်းချင်း သတင်းလွေ့လွေ့ အနံ့ပေါင်းစုံတို့ဖြင့် ပေါင်းသင်းပျော်မွေ့ကြလေကုန်၏။ ငါးပိနဲ့ပဲ ပဲနဲ့ငါးပိ ပြိုင်သူမရှိ နိုင်သူမရှိ ကရောဟိ သဘောရှိ။ ချက်ချင်သလိုချက်၊ ပြုတ်ချင်သလိုပြုတ်။ ကြော်ချင်သလိုကြော်။ လှော်ချင်သလိုလှော်။ စောဒကတက်မည့် ရွာဆော် တစ်ယောက်မှ မရှိ။ သို့သော် အနံ့ထုံခံရတာ များလာပြီး ထိုအနံ့ကို ကျင့်သားရလာသည့် ရွှေမြန်မာလူမျိုးတို့မှာ နဂိုကထဲကမှ ပဲနဲ့ ဆွေမျိုးတော်ပြီး ဖြစ်နေရကား ပဲကြိုက်ခင်များ ဖြစ်သွားကြလေ၏။ ထိုကုလားများအဖို့ ငါးပိကြိုက်ခင်များ ဖြစ်မဖြစ်ကိုမူကား မသိတော့။ ရှိစေတော့။ ဘုရားတောင်မှ သူတို့နိုင်ငံထွက် ဘုရားကို ကိုးကွယ်ရသည်ကိုး။ 

ကိုကိုပဲ ပျိုပျိုပဲ ဘိုးဘိုးပဲ ဘွားဘွားပဲ ဦးလေးပဲ အဒေါ်ပဲ စသည်တို့ဖြင့် ရောပြွမ်းနေရသည့်အတွက် အိမ်ရှင်အဘိုးအိုကြီးသည်လည်း ဘိုးဘိုးပဲ ဖြစ်သွားလေ၏။ ပဲဟင်းမပါရင် ထမင်းတစ်လုပ် သူမ၀င်။ ဘာဟင်းချက်ချက် ပဲဟင်းလေးတော့ပါမှ။ ပဲဟင်းကြိုက်သည့် ဘိုးဘိုးပဲက သူကြိုက်သည့်  ပဲရာဇ၀င်ကို ခင်းပြလေ့ရှိ၏။

"ငါက ဒုတိယကမ္ဘာစစ်အတွင်းကထဲက ပဲနဲ့ ကြီးပြင်းလာတာကွ။ နေ့တိုင်း ပဲဟင်းမပါရင် ထမင်းဝိုင်းမဖြစ်ဘူး။ ဘိလပ်နယ်ချဲ့တွေကို တော်လှန်ဖို့ စစ်ထဲရောက်ပြန်တော့လဲ ပဲဟင်းဘဲ။ မင်းကြားဖူးမှာပေါ့။ ငါတို့ စစ်သားတွေရဲ့ မိုတိုတွေကိုလေ"

"ပြောပြပါအဘိုး"

အဘိုးအိုသည် ပြောပြောဆိုဆိုနဲ့ ခေါင်းကိုမော့ ရင်ကိုကော့ပြီး အောက်ပါမိုတိုတို့ကို သံကုန်ဟစ်အော်လေတော့၏။

"ဘာလုပ်နေလဲ (လေ့ကျင့်နေတယ်)"
"ဘာလုပ်ဖို့လဲ (တိုက်ပွဲဝင်ဖို့)"
"ဘယ်သူ့အတွက်လဲ (ပြည်သူ့အတွက်)"
"ဘာဟင်းစားလဲ (ပဲနဲ့ချဉ်ပေါင်)"
"ဘာ့ညော် ဘာ့ညော် ဘာ့ညော်"

"အော်.. ဒါဖြင့် အဘိုးက ပဲဟင်းစားပြီး အင်္ဂလိပ်တွေကို တော်လှန်ခဲ့တာကိုး။ ချီးကျူးပါတယ် အဘိုး။ အဲဒီလို စားသောက်ပြီး အဲဒီလို နိုင်ငံတော်ကို အသက်ပေးခဲ့ကြတဲ့အတွက် ဗမာ့သွေးကို နှမပေးချင်ပါတယ် ဆိုပြီး သီချင်းနဲ့ ဂုဏ်ပြုထားတာကိုး"

"ငါက ချီးကျူးခံချင်လို့ မဟုတ်ပါဘူး။ ပဲရာဇ၀င်ခင်းပြရုံသက်သက်ပါ။ ဘိလပ်ရောက်မှ ပတ်ဝန်းကျင်ကြောင့် ပဲကြိုက်မောင် ဖြစ်သွားရတာ မဟုတ်ကြောင်း သိစေချင်လို့ပါ"

ထိုကဲ့သို့ ရာဇ၀င်ဖြင့် ပဲကြိုက်ခဲ့သည့် အိမ်ရှင်အဘိုးအိုသည်  နေ့တိုင်း ပဲတစ်မျိုးမျိုးကို ချက်ပြုတ်ကြော်လှော်လေ့ ရှိ၏။ ပဲနီ ပဲဝါ ပဲမဲ ပဲဖြူတိုဖြင့် တစ်နေ့တစ်မျိုး မရိုးစေရပေ။ မနေ့ကလဲ ပဲဟင်းချက်၏။ ဒီနေ့လဲ ပဲဟင်းချက်၏။ မနက်ဖန်လဲ ပဲဟင်းချက်ဦးမည်ပင်ဖြစ်၏။ 

တစ်နေ့။
အစာစားချိန်ကို လူထက် ဗိုက်က ပိုသိနေသည့်အတွက် ဂြီ ဂြီအသံမ်ား ၀မ်းတွင်းက ညံထွက်လာသောခဏ၌ ကျွန်ုပ်သည် အောက်ထပ်သို့ ဆင်းကာ မီးဖိုခန်းထဲ ၀င်ပြီး တစ်ခုခု ကြံဖန် ချက်ပြုတ်စားဖို့ ကြံစည်ရင်း ဟိုဒီကြည့်မိသောအခါ အဘိုးအို၏ ဟင်းအိုးကို မီးဖိုပေါ် အစွင့်သားကြီး တွေ့ရလေ၏။

"အဘိုး.. ဒယ်အိုးကင်းထဲမှာ ဘာတွေ ထည့်ချက်ထားတာလဲ မီးတူးပြီး မဲညစ်နေပြီ"

"မောင်ရင်... အဲဒါ မီးတူးနေတာမဟုတ်ဘူး။ ပဲနက်တွေကြော်ထားတာ။ မင်းက ငါ ဟင်းချက်တိုင်း မီးတူးမယ်ချည်းထင်နေတာကိုး။ မင်းမှာလဲ အဲဒီအထင်နဲ့ တဒုက္ခ"

"သိပါဘူး အဘိုးရာ။ အဘိုးကလဲ ပြောမယ်ဆို ပြောစရာကိုး။ မီးမတူးတဲ့ရက်မှ မရှိတာ။ ဒါနဲ့ ဘာဖြစ်လို့ ဒီလောက်မဲတူးနေတဲ့ ပဲကိုမှ ကြော်စားရတာလဲ အဘိုး။ ပဲဖြူ ပဲဝါ ပဲနီတွေဆို တော်သေး"

"မင်းကတော့ လုပ်ပြီ။ အပြစ်တွေချည်း မြင်နေတော့တာဘဲ။ အမှန်ဆို ပဲထဲမှာ ပဲနက်ကမှ ဆေးဖက်အ၀င်ဆုံးကွ။ ပဲမှ မဟုတ်ပါဘူးကွာ။ အမဲရောင်မှန်ရင် ဘာဖြစ်ဖြစ် ပိုပြီး ဆေးဖက်ဝင်တာတွေချည်းပါဘဲ"

"အာ.. အဘိုးကလဲ ဟုတ်သေးပါဘူး။ ကျနော် ကြားဖူးတာကတော့.. မျက်စိမှာရည်၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ၀မ်းမှာခါး.. လို့သာ ကြားဖူးပါတယ်။ ၀မ်းကောင်းဖို့အတွက် အခါးဓာတ်ကသာ ဆေးဖက်ဝင်မှာပါ။ ဘယ့်နှယ် အမဲရောင်က ဆေးဖက်ဝင်ရတယ်လို့"

"မောင်ရင်.. ထင်တာတွေ လျောက်ပြောမနေနဲ့။ မင်းသိထားတာက ပါးပါးလေးရယ်။ အမှန်က အမဲရောင်ဆိုတာ အပူဒဏ်ကို ခံနိုင်ရည် ပိုရှိပြီး အပူဓာတ်တွေကိုလဲ စုပ်ယူထားလေ့ရှိတယ်။ အ၀တ်အစားဆိုရင်တောင်မှ အမဲရောင် အ၀တ်အစားက ပိုနွေးနေတာကို မင်းသတိထားမိကောင်း ထားမိနိုင်တယ်။ ဒါကြောင့် အလွန်အေးလွန်းလှတဲ့ နေရာမှာ နေထိုင်ကြတဲ့ တော်ပေါ်သူ တောင်ပေါ်သားတွေ အနက်ရောက် အ၀တ်အစားကို အ၀တ်များကြတာလေ။ အဲဒီ အနက်ရောင် အ၀တ်အစားတွေက နေ့လည်ဘက်မှာ အပူတွေ စုပ်ယူထားပြီး ညဘက်အေးတဲ့အခါမှာ ပြန်ထုတ်လွှင့်ပေးလေ့ ရှိတယ်။ ဒါကြောင့် အပူဓာတ်တွေ သိုလှောင်ထားတဲ့ အမဲရောင်က ပိုပြီး ဆေးဖက်ဝင်တယ်လို့ ပြောတာ။ မောင်ရင်ဘဲ စဉ်းစားကြည့်လေ။ ရောဂါအတော်များများကို အပူနဲ့ ကုသရတာမဟုတ်လား။  ဆေးထိုးဆေးသောက်ပြီးရင် ချွေးတွေထွက်လာပြီး နေကောင်းလာကြတာ မဟုတ်လား။ အဲဒါ ဆေးထဲမှာ အပူဓါတ်တွေ ပါဝင်လို့ပေါ့။ အမဲနဲ့အပူဆိုတာ လင်မယားလို တပူးတွဲတွဲတွေ မဟုတ်လား။ ဆိုတော့... အမဲမှန်ရင် ဘယ်အမဲဖြစ်ဖြစ် တနည်းနည်းနဲ့တော့ ဆေးဖက်ဝင်တာပါဘဲ"

"သဘောပေါက်ပြီ အဘိုး။ ဒါကြောင့်မို့  ဒီက အဖြူမတွေ ကပ္ပလီအမဲကောင်ကြီးတွေကို ယူကြတာ။ အစတော့ စဉ်းစားလို့ မရခဲ့ဘူး။ အခုတော့ သဘောပေါက်သွားပြီ။ အမဲကောင်ကြီးတွေက ဆေးဖက်ဝင်တာကိုး ဟီး ဟီး ဟီး"

"မင်း မဟုတ်မဟတ်တွေ ပြောမနေနဲ့ ငါက အတည်ပြောနေတာ။ တခြားဟာတွေ စဉ်းစားမနေနဲ့ဦး။ နွားတွေကိုဘဲကြည့်။ နွားနက်တွေရဲ့ ကျင်ငယ်ရည်က ကျန်တဲ့နွားတွေရဲ့ ကျင်ငယ်ရည်တွေထက် ပိုပြီး ဆေးဖက်ဝင်တယ်တဲ့။ ရှေးလူကြီးတွေဆို အဲဒီ နွားနက်ကျင်ငယ်ရည်နဲ့ ဖန်ခါးသီးကို နှစ်ပေါက်အောင် စိမ်ထားပြီး စားလေ့စားထရှိကြတယ်။ အညောင်းအညာ ထုံကျင်ကိုက်ခဲတာတွေ ယူပစ်လိုက်သလိုဘဲတဲ့"

"ဟုတ်မယ်နော် အဘိုး။ ဒါကြောင့် မန်လန်ဆရာတော်ဘုရားကြီးက...ရေသီတာ  နွားနက်ဓါတ်၊ ဆားစွက်ခတ်သောက်ပါ။ ဖျားငှက်ပြတ်ပျောက်ကွာသည်၊ နောင်မလာ ပျက်သုဉ်း။ မန်လည်မြို့နဂရာပေါ်မှာ၊ ဆရာတော်စွဲသည့် လက်သုံး... စသဖြင့် တေးထပ်စပ်ဆိုထားခဲ့တာမဟုတ်လား"

"မင်း.. အခုတော့ သဘောပေါက်သွားပြီမဟုတ်လား။ ရှေးတုန်းက လူတွေဆို မနက်စောစော နွားနက်ကျင်ငယ်ရည်လိုချင်လွန်းလို့  နွားနက်ရှိတဲ့နေရာကိုသွားပြီး ဗိုက်အောက် ခွက်ထိုးခံထားကာ... ဆရာကြီး မ စ ပါဦး... ဆိုပြီး ကျင်ငယ်ရည် တောင်းလေ့ရှိကြလေရဲ့။ အံမယ်.. နွားကလဲ ပေါက်ချလိုက်တာ ခွက်တစ်လုံး ခဏလေးနဲ့ ပြည့်ဆိုဘဲ"

"ဒါနဲ့ အဘိုး။ အဲဒီ နွားနက်ကျင်ငယ်ရည်က နွားနက်မကျင်ငယ်ရည်လား၊ နွားနက်ထီးကျင်ငယ်ရည်လား မသိဘူးနော်"

"မင်းကတော့ မေးလိုက်ရင် ကပ်ကပ်သတ်သတ်တွေချည်းဘဲ။ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ဆေးဖက်ဝင်လောက်ပါတယ်ကွ"

"အင်း... ဒါဖြင့် နွားနက်မကျင်ငယ်ကို လိုချင်ရင်တော့... ဆရာကြီး မ စ ပါဦးလို့ ပြောရမဲ့အစား ဆရာမကြီး မ စ ပါဦး လို့ ပြောရတော့မှာပေါ့နော်"

"ဒါပေမဲ့ မင်း သေချာစဉ်းစားကြည့်ရင် သိလိမ့်မယ်။ နွားထီးကျင်ငယ်နဲ့ နွားမကျင်ငယ် ဘယ်ဟာက ပို ခံယူရတာ လွယ်သလဲ ဆိုတာ"

"နွားထီးကျင်ငယ်ရည် ခံယူရတာကို ပိုလွယ်ပါတယ် အဘိုး။ နွားမကျင်ငယ်ရည်ခံယူမယ် ဆိုရင်တော့ ဗြဲလျန်းကြီး ဖြစ်နေမှာသေချာတယ်"

"အေးပေါ့ကွ။ မင်း ဟို သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ မတူရင် မတုကြနဲ့ ဆိုတဲ့ ပုံပြင်ကို ကြားဖူးတယ် မဟုတ်လား"

"အဘိုးပြောပြမှ သိရမှာပေါ့"

"အေးဒါဖြင့် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက အိမ်တစ်အိမ်မှာ ခွေးနှစ်ကောင်မွေးထားတယ်တဲ့။ တစ်ကောင်က အထီး၊ တစ်ကောင်က အမပေါ့။ ဒါပေမဲ့ အိမ်ရှင်က အမြဲတမ်း ခွေးထီးကို အသားတွေကျွေးပြီး ခွေးမကိုကျတော့ အရိုးတွေဘဲ နေ့စဉ်ကျွေးသတဲ့။ ဒါနဲ့ ခွေးမက လုံးဝ မကျေနပ်ဘူးပေါ့။ သူ့သခင်က ဇာတ်ခွဲခြားတယ် ဘာညာပေါ့။ ကျားကျားမမ ခွေးဟာ ခွေးဘဲပေါ့။ ညီတူမျှတူ ရှိသင့်တယ် ဆိုပြီးတော့ရောပေါ့။ အဲဒီ ခွေးမဟာ မသိမသာရော သိသိသာသာရော ခွေးထီးနဲ့ ပြိုင်ဆိုင်နေသတဲ့။ ခွေးထီးမှာ ရှိတဲ့ အရည်အချင်းတွေအားလုံး သူ့ဆီမှာ ရှိတယ်ဆိုပြီး အရိုးနဲ့အသားခွဲကျွေးခြင်းကို မကျေနပ်တဲ့အတွက် သူလုပ်နိုင်တာကို သက်သေပြတဲ့ သဘောပေါ့"

"ခွေးမာနပေါ့နော် အဘိုး"

"ဆိုပါတော့ကွာ။ ဒါနဲ့ ခွေးထီးက ပြေးရင် ခွေးမလဲ အတူလိုက်ပြေးတယ်။ ခွေးထီးက ခုန်ရင် ခွေးမလဲ ခုန်ပေါက်တယ်။ အတူတူ လုပ်နိုင်တာချည်းပါဘဲ။ ခွေးထီးက ပိုသာတယ်ဆိုတာ ယုတ္တိမရှိဘူးပေါ့။ ဒါပေမဲ့ တစ်ရက်ကျတော့ ခွေးထီးက နောက်ခြေတစ်ဖက်မြှောက်ကာ သစ်ပင်တစ်ပင်ကို သေးပန်းလိုက်သတဲ့။ ဒက်ထိကွက်တိဘဲပေါ့။ မလွဲဘူး။  ခွေးမလဲ အားကျမခံ အဲဒီသစ်ပင်ဆီသွားပြီး ပေါင်ကို မြှောက်ပင့်ကာ ရှူရှူးပန်းလိုက်သတဲ့။ ဒါပေမဲ့ အဲဒီရှူရှူးတွေက သူ့ရှေ့က သစ်ပင်ကို မထိဘဲ သူ့နောက်ကနေဘဲ ရှီးးးးကနဲ နောက်ပြန် ထွက်သွားတော့သတဲ့"

"ဟား ဟား ဟား အဘိုးပြောမှဘဲ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်တော့တယ်"

"ဒါကြောင့် မတူရင် မတုကြနဲ့ ဆိုတဲ့ ဆိုရိုးစကား ပေါ်ပေါက်လာတာပေါ့ မောင်ရာ"

"ကဲ ဟုတ်ပါပြီ အဘိုးရေ။ ကျနော်လဲ မတူတာကိုတော့ မတုတော့ပါဘူး။ တူတာလေးဘဲ တုတော့မယ်။ ဒီတော့ အဘိုးအို ကြော်ထားတဲ့ ပဲမဲကြော်လေးကို ထမင်းကြမ်းခဲလေးနဲ့ ကော်ဖီလေးနဲ့ ဗိုက်ဖြည့်လိုက်ဦးမယ်။ ကျနော်က ဗိုက်ဆာလာတာနဲ့ အောက်ထပ်မီးဖိုချောင်ကို ခဏ ဆင်းလာကြည့်တာ။ အဘိုးကြော်ထားတဲ့ ပဲကြော်နဲ့ ကွက်တိဘဲ။ အဘိုးနဲ့ အကြိုက်ချင်းတူအောင်လို့ တုကြည့်လိုက်တဲ့သဘောပါဘဲ။ နဲနဲ ယူစားမယ်နော် အဘိုး"

"အေးအေး စားစား။ မင်းကတော့ အတော်လူလည်ကျတဲ့ကောင်ဘဲ။ ဒီ ပဲကြော်လေး စားချင်တာနဲ့ ဇာတ်ကွက်တွေ ဆင်နေလိုက်တာ။ ဘာမှ မပြောဘဲ ယူစားလိုက်လဲ ပြီးတာဘဲကို။ ဟိုချီပါသား ပခန်းသား ပုံပြင်ထဲက... အရှင်ဘုရား မနေ့က စွန့်ခဲ့တဲ့ ကြက်ဟင်းခါးသီးကြီးက ကြီးလွန်းလို့ တပည့်တော်တို့ နှစ်ယောက် အတော်လေး ချက်စားလိုက်ရတယ်။ ဒါပေမဲ့ အခွံတော့ အတော်မာသားနော် ဘုရား... ဆိုပြီး ဘုန်းတော်ကြီးကို မြှောက်ပြောပြီး နောက်ထပ်ပိန္နဲသီးအမှည့်တစ်လုံး ထပ်ရဖို့ ကြံဖန်သလိုမျိုး ဇာတ်ကွက်တွေနဲ့ ငါ့ကို လာကပြပြီး ပဲကြော် လာအလှူခံတာ မဟုတ်လား။ မသိရင်ခက်မယ် မင်းကတော့"

"အဘိုး ပြောချင်သလိုသာ ပြောပေတော့ အဘိုးရေ။ ကျနော်ကတော့ ၀ါးနေပြီ ဟဲ ဟဲ ဟဲ"

အဘိုးအို၏ ပဲကြော်လေးကို မြည်းရင်း တကိုယ်တော် စဉ်းစားခန်းဝင်နေမိသည်။ ဟုတ်သည်။ အဘိုးအို ပြောသလို မတူရင် မတုတာဘဲ ကောင်းသည်။ ကျားကျားမမ တူတာကိုဘဲ တုကြတာ ကောင်းသည်။ လူတစ်စုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ လူမျိုးစုတစ်ခုနှင့်တစ်ခု တူတာကိုဘဲ တုကြတာကောင်းသည်။ နိုင်ငံတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ အုပ်ချုပ်မှုစနစ် တစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ဘာသာတစ်ခုနဲ့တစ်ခု တူတာကိုဘဲ တုကြတာ ကောင်းသည်။ ဒါကြောင့် တူတာကိုသာ တုကြစေချင်ပါတော့သည်။

.