Sunday 20 June 2010

ဘုန်းတော်ကြီး ပျောက်ဆုံးမှု တရားစီရင်ထုံး


အေပရယ်လ်လ၏ တစ်ခုသောဆန်းဒေးနေ့၌ သူကြီးကိုကိုမောင်တစ်ယောက် ပက်လက်ကုလားထိုင် တစ်လုံးပေါ်တွင်ထိုင်ကာ နယူးအပ်(ပ်)ဒိတ်ဗားရှင်းထုတ်ဖြစ်သည့် ရာဇသတ်စာအုပ်ထူထူကြီးကို ၁၅ ခေါက်မြောက်ထပ်၍ ဖတ်နေစဉ်ဝယ် အသက် ၅၀ အရွယ်ခန့် လူစိမ်းတစ်ယောက် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အိမ်ဝင်းထဲ ၀င်ရောက်လာ၏။

"ဗျို့  သူကြီးရှိပါသလားခင်များ"

"ဟုတ်ကဲ့.. ရှိပါတယ်။ အိမ်ထဲဝင်လာခဲ့ပါ"

ထိုလူစိမ်းသည် အိမ်ထဲဝင်ရောက်လာပြီး သူကြီးကိုကိုမောင်ညွန်ပြသည့် ကုလားထိုင်တစ်လုံး၌ ထိုင်နေလေ၏။ သူကြီးကိုကိုမောင်သည်လည်း ကုလားထိုင်အလွတ်တစ်လုံး၌ ၀င်ထိုင်ပြီး လိုရင်းတိုရှင်းမေးလေ၏။

"ကျနော် သူကြီးကိုကိုမောင်ပါ။ ဘာကိစ္စရှိလို့ပါလဲ ခင်များ"

"ကျူပ်က ကျီးပင်ရွာကပါ။ အမှုတစ်ခု အပ်ချင်လို့လာခဲ့တာပါ"

"ဘာအမှုများပါလိမ့်"

"ဘုန်းတော်ကြီးပျောက်ဆုံးမှုပါ"

"ဘုရားရေ... ဘုန်းတော်ကြီးပျောက်ဆုံးမှု"

"ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး ပျောက်ဆုံးသွားခဲ့တာပါ"

"ဦးလေး.. မှားနေပြီထင်တယ်။ ကျနော်က သူကြီးပါ။ စုံထောက်မဟုတ်ပါဘူး။ ပြီးတော့ ဒီတုံးဖလားရွာရဲ့ သူကြီးဘဲ ဖြစ်ပါတယ်။ တစ်ခြားရွာနဲ့ ဘာမှ မပတ်သက်ပါဘူး"

"သိပါတယ်။ ဒါပေမဲ့ သူကြီးရဲ့အကူအညီလိုအပ်လို့ တကူးတကလာရောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်။ ပလိပ်ဋ္ဌာနကို တိုင်ကြားရင် အမှုရှည်မှာစိုးလို့ သူကြီးရဲ့ဥာဏ်ရည်ဥာဏ်စွမ်းနဲ့ဘဲ အဖြစ်မှန်ကို ဖော်ထုတ်ချင်လို့ပါ။ သူကြီးရဲ့ နာမည်ကျော်ကြားမှုကလဲ ကျုပ်တို့ တစ်မြို့နယ်လုံး ပျံ့ နှံ့နေပြီလေ။ ဒါကြောင့် ကျုပ်အားကိုးတစ်ကြီးနဲ့ လာခဲ့တာပါ။ ကူညီပါ သူကြီးမင်းရယ်"

ဤသို့ဤနှယ် ဒိုင်ယာလော့ခ်ဖွင့်ပြီးနောက် ထို ဘုန်းတော်ကြီးပျောက်ဆုံးမှုကို သူကြီးကိုကိုမောင် လက်ခံလိုက်ရလေ၏။ ကိုကိုမောင်၏ ရာထူးသည် သူကြီးရာထူးပင်ဖြစ်လင့်ကစား ရံဖန်ရံခါ၌မူ (မြှောက်ပင့်ပြီးခိုင်းလျှင်) စုံထောက်လုပ်ငန်းကိုလည်း ကျေကျေနပ်နပ်ကြီး အပင်ပန်းခံဆောင်ရွက်တတ်လေ၏။ သေချာတွေးကြည့်လျှင်မူ ခိုင်းကောင်းတိုင်း ခိုင်းနေကြခြင်းဖြစ်လေ၏။ ပညာမရှိ၊ သူ၏၀န်ထမ်းဆိုသည့် စကားပုံကို ပညာရှိ၊ သူ၏၀န်ထမ်း ဟု ပြင်ရမလိုလိုပင်ဖြစ်နေချေတော့၏။

ထိုလူစိမ်းဧည့်သည်ကို အိမ်၌တစ်ညအိပ်စေပြီး နောက်တစ်နေ့၌ ထိုသူ၏ မော်တော်ဆိုင်ကယ်ကြီးဖြင့် တုံးဖလားရွာနှင့် မိုင်ငါးဆယ်ခန့်ဝေးသည့် ကျီးပင်ရွာသို့ သူကြီးကိုကိုမောင် လိုက်ပါသွားခဲ့လေ၏။ ရွာသို့ ရောက်ရောက်ချင်း ရပ်ရွာလူကြီးများနှင့်တွေ့ဆုံကာ အကြောင်းစုံကို မေးမြန်းရလေ၏။ ရပ်ရွာလူကြီးများကလည်း သူတို့၏ ကျီးပင်ရွာဦးကျောင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်တို့ကို ဟုတ်တိုင်းမှန်စွာ စုံစုံလင်လင် ရှင်းပြကြလေတော့၏။
...

ကျီးပင်ရွာဦးကျောင်း၌ ကျောင်းထိုင်ကြသည့် ကျောင်းထိုင်ဘုန်းကြီးများသည် အသေထွက် သို့မဟုတ် အရှင်ထွက်ဖြင့် ထိုကျီးပင်ရွာမှ ထွက်ခွါရလေ့ရှိ၏။ မည်မျှပင် အနေအထိုင်ကြည်ညိုဖွယ်ကောင်းသည့် ဘုန်းတော်ကြီးဖြစ်စေကာမူ ထိုကျီးပင်ရွာဦးကျောင်း၌ သုံးနှစ်ခန့်သီတင်းသုံးပြီးလျှင် ထိုကျောင်းတိုက်မှ ထွက်ခွါဖို့ အကြောင်းဖန်လာသည်ချည်းဖြစ်၏။ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း၌ပင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးပျံလွန်ပြီး အသေထွက် ထွက်ခွါသွားရကာ ဘုန်းကြီးလေးပါးမှာ ထိုကျောင်း၌ လုံးဝ မပျော်ပိုက်တော့၍ ဘုန်းတော်ကြီးကျောင်းကို ရပ်ရွာဂေါပကလူကြီးများထံအပ်နှံကာ အရှင်ထွက် ထွက်ခွါသွားခဲ့ကြလေ၏။ ဘုန်းကြီးသေ ရွာကြေ ဆိုသကဲ့သို့ ရွာသူရွာသားများမှာလည်း ဘုန်းကြီးပျံပွဲကျင်းပလိုက်၊ ဘုန်းကြီးအသစ်ကို ကျောင်းထိုင်အဖြစ်တင်မြှောက်ပွဲကျင်းပလိုက်ဖြင့် ရှိစုမဲ့စု ငွေကြေးလေးများ ပြောင်သလင်းခါနေလေတော့၏။ ယခုပျောက်ဆုံးသွားသည့် ဘုန်းတော်ကြီးမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က အခြားနယ်ဘက်မှ ပင့်ဆောင်ထားသည့် အသက်၃၀ကျော်မှ သင်္ကန်းဝတ်လာသည့် တောင်ပျံဘုန်းကြီးတစ်ပါးပင်ဖြစ်လေ၏။ လွန်ခဲ့သည့် သုံးရက် (တနင်္ဂနွေနေ့) ၌ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခြင်းဖြစ်၏။ ကိုရင်ကျောင်းသားများလည်း ဘုန်းတော်ကြီး ဘယ်သို့ထွက်သွားသည်ကို လုံးဝမသိရှိလိုက်ကြဟု ဆို၏။
....

"လာဗျာ... ဘုန်းတော်ကြီးကျောင်းကို သွားကြည့်ကြရအောင်"

သူတို့ရှင်းပြသည့် ရွာဦးကျောင်းအကြောင်းကို နားထောင်ပြီးနောက် သူကြီးကိုကိုမောင်က ရပ်ရွာလူကြီးများကို ဘုန်းတော်ကြီးကျောင်းသွားကြဖို့ လှုံ့ဆော်ပြီး အုပ်စုလိုက် ဘုန်းတော်ကြီးကျောင်းသို့ ချီတက်ခဲ့ကြလေ၏။ လမ်းဘေးဝဲယာရှိ အိမ်အများစုတို့မှ ရွာသူရွာသားတို့သည် သူကြီးကိုကိုမောင်ကို မမြင်ဖူးကြ၍ ကြိတ်ကြိတ်တိုးမျှကြည့်ရှုကြသောကြောင့် သူကြီးကိုကိုမောင်သည်ပင် ခြေလှမ်းများ အယောင်ယောင်အမှားမှားဖြစ်လျက်ရှိနေလေတော့၏။

"ဟယ်... သူကြီးဆိုလို့ အသက်အကြီးကြီးအောက်မေ့တာ။ နှစ်ဆယ်ကျော်အရွယ်လေးဘဲ"

"ရုပ်ရည်ကလဲ ကိုရီးယားမင်းသား ဂျွန်စောရုပ်ရည်မျိုး"

"ကိုကိုမောင်ကို တုံးဖလားရွာ ပြန်မလွတ်တော့ဘူး။ ဒီမှာဘဲ ထောင်ချထားလိုက်မယ် (အိမ်ထောင်)"

"သူကြီး... သားသားတို့ကို မုန့်ဖိုးပေးပါ"

"သူကြီး... ကျုပ်တို့အိမ်ဘက်ကိုလဲ အလည်လာခဲ့ဦးနော်"

"ထမင်း ဖိတ်ကျွေးပါရစေ သူကြီးမင်း"

ထိုကဲ့သို့ပင် အပျိုချောချောလှလှတို့၏ မထိတထိ ကလိလိ အသံမျိုး၊ ကလေးများ၏ မုန့်ဖိုးတောင်းသံမျိုး၊ အလည်ဖိတ်ခေါ်သံမျိုးတို့ကို သူကြီးကိုကိုမောင်တစ်ယောက် နားဝင်ချိုစွာကြားနေရပြီး ဖရဏာပီတိ၊ ဂွမ်းဆီထိသကဲ့သို့ တအိအိကျေနပ်နေလေတော့၏။ ထိုသို့သော အသံတို့ကြောင့် သူကြီးကိုကိုမောင်တစ်ယောက် ခန္ဓာကိုယ်ကြီးပေါ့ပါးပြီး ကောင်းကင်ကို ပျံတက်တော့မလို၊ ခလုပ်တစ်ခုခု တိုက်မိတော့မလိုလို၊ မြေကြီးတစ်ခြမ်းစောင်းနိမ့်သွားတော့မလိုလို ဖီလင်မျိုးတို့ကို မကြုံစဖူး တွေ့ကြုံခံစား နေရလေ၏။

ရွာဦးကျောင်းဝင်းအတွင်း ၀င်ချိန်ကစပြီး သူကြီးကိုကိုမောင်သည် ဂရုတစ်စိုက်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာနေ၏။ ကျောင်းပေါ်သို့တက်ပြီး ဘုရားဝတ်ပြုကာ ကျောင်းဆောက်လုပ်ပုံအနေအထားကိုပါ မျက်စိကစားကြည့်လေ၏။ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ(ရှေးကျောင်း)ဖြစ်၏။ ထိုရွာဦးကျောင်းကို ဆောက်လုပ်ထားသည်မှာ နေကျော်လကျော် ဆောက်လုပ်ထားခြင်းဖြစ်သည်ကို တွေ့ရ၏။ နေကျော်လကျော် ဆိုသည်မှာ နေသွားရာလမ်းကြောင်းအတိုင်း အလျားလိုက် ဆောက်လုပ်ခြင်းမျိုးမဟုတ်ဘဲ နေလမ်းကြောင်းကို ကန့်လန့်ဖြတ်ဆောက်လုပ်ထားခြင်းကို ဆိုလို၏။ ရှင်းရှင်းဆိုရပါမူ အရှေ့ နှင့်အနောက် အလျားလိုက်ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ တောင်နှင့်မြောက်ကို အလျားလိုက်ယူပြီး ဆောက်လုပ်ထားခြင်းပင်တည်း။

ကျောင်း၏ အတွင်းပိုင်းကို လေ့လာကြည့်ရှုလိုက်သည့်အခါ ကြမ်းပျဉ်ခင်းထားသည်မှာ တစ်နေရာ၌ လှည်းဦးတိုက်ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရလေ၏။ လှည်းဦးတိုက်ဆိုသည်မှာ အလျားလိုက်ခင်းထားသည့် ကြမ်းခင်းကို တစ်နေရာ၌ အနံလိုက်ခင်းခြင်းဖြင့် အလျားကို ဖြတ်တောက်ပိတ်ဆို့ထားသည့် ပုံစံမျိုးကို ဆိုလို၏။ ထိုကျောင်း၌ ဘုရားခန်းကို အလျားလိုက်၊ သံဃာတန်းကို အနံလိုက်၊ ကျန်အပိုင်းများကို အလျားလိုက်ပုံစံမျိုး အစဉ်လိုက်ကြမ်းခင်းထားလေ၏။

ထိုကဲ့သို့ နေကျော်လကျော်ဆောက်လုပ်ခြင်း၊ လှည်းဦးတိုက် ကြမ်းခြင်းတို့ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦးသည် အိမ်ဖြစ်စေ၊ ရုံးဖြစ်စေ၊ ဘုန်းကြီးကျောင်းဖြစ်စေ၊ မည်သည့်အဆောက်အဦးဘဲဖြစ်ဖြစ် ခိုက်တတ်သည်ဟု ကြားဖူး၏။ မကြာခဏနေမကောင်းဖြစ်တတ်၏။ စီးပွါးရေး လူမှုရေး အဆင်မပြေဖြစ်တတ်၏။ ထိခိုက်အနာတရဖြစ်တတ်၏။ ကံဆိုးလျှင် အသေအပျောက်များတတ်၏။ သူကြီးကိုကိုမောင်သည် ထိုအကြောင်းအရာတို့ကို ကြားဖူးနားဝရှိထားလေ၏။

"ဘုန်းတော်ကြီးကျိန်းစက်တဲ့အခန်းကို ကြည့်ပါရစေ"

ရပ်ရွာလူကြီးများထံ ခွင့်ပန်ပြီး သူကြီးကိုကိုမောင်သည် ဘုန်းကြီးဘောဂါခန်းသို့ ၀င်ရောက်လေ့လာ၏။ အခန်းတံခါးကို သော့ခတ်ထားသောကြောင့် သော့ကို အားလုံးသဘောတူဖျက်ဆီးပြီး ၀င်ရောက်ကြခြင်းဖြစ်လေ၏။ အခန်းတွင်းရှိပစ္စည်းပစ္စယအားလုံး လက်ရာမပျက်သေသေသပ်သပ်ရှိနေလေ၏။ သေတ္တာအားလုံး ဗီဒိုအားလုံးကို မွှေနှောက်ရှာကြည့်သော်လည်း ငွေစငွေနဟူ၍ တစ်ပြားတစ်ချပ်မှ မတွေ့ရပေ။ ထိုအခြေအနေတို့ကို ကြည့်ရှုပြီး သူကြီးကိုကိုမောင်တစ်ယောက် စဉ်းစားခန်းဖွင့်နေလေတော့၏။

"၁။ထိုကျောင်း၌ မပျော်ပိုက်တော့၍ ဇာတိရပ်ရွာသို့ အပြီးပြန်သွားချင်လျှင်လည်း ရပ်ရွာဂေါပကများကို နှုတ်ဆက်ပြီး ထွက်ခွါသွားရမည်။

၂။ဘုန်းကြီးကို ဓါးမြတိုက်ပြီးဖမ်းခေါ်သွားလျှင်လည်း အခန်းတွင်းရှိ ပစ္စည်းပစ္စယများ ဖရိုဖရဲ ပြန့်ကြဲနေရမည်။


၃။စိတ်ဓါတ်ကျပြီးရုတ်တရက် မိမိကိုယ်ကို တစ်နေရာရာ၌ သေကြောင်းကြံစည်လျှင်လည်း ပိုက်ဆံငွေသားတို့ကို ယူဆောင်သွားမည်မဟုတ်။


၎။ဧကန္တတော့..... ??????
"

စဉ်းစားခန်းဖွင့်ပြီးနောက် သူကြီးကိုကိုမောင်သည် ရပ်ရွာလူကြီးများကို စကားဆိုလိုက်၏။

"မနက်ဖန်မှာ ရပ်ရွာလူကြီးများအားလုံးနှင့်ကိုရင်ကျောင်းသားတွေအကုန်လုံး ဘုန်းတော်ကြီးကျောင်းမှာ စုဗျာ။ ကျနော် စုံစမ်းမေးမြန်းစစ်ဆေးစရာတွေ ရှိသေးတယ်"

"ဟုတ်ကဲ့ပါ။ ကြည့်စီစဉ်လိုက်ပါ့မယ်"

နောက်တစ်နေ့တွင် ရွာဦးကျောင်းအတွင်း၌ လာရောက်နားထောင်သူများ၊ ကိုရင်ကျောင်းသားများ၊ ရပ်ရွာလူကြီးများဖြင့် ကြက်ပျံမကျ လူစည်ကားနေလေတော့၏။ သူကြီးကိုကိုမောင်သည် လူထုပရိသတ်ရှေ့ မှောက်၌ ဘယ်ဘက်လက်ဖြင့် ကျောက်သင်ပုန်းကိုကိုင်ကာ ညာဘက်လက်ဖြင့် ကျောက်တံခပ်တိုတိုတစ်ချောင်းကို ကိုင်ထားပြီး အမှုကို စတင်စစ်ဆေးလေတော့၏။

"ဒီရက်ပိုင်းအတွင်း ဘုန်းတော်ကြီး ခရီးထွက်တာရှိခဲ့လား"

"မရှိပါဘူး သူကြီးမင်း"

"ဘုန်းကြီးရဲ့ မျက်နှာမှာ စိတ်ဓါတ်ကျနေတဲ့အမူအယာကော တွေ့မိကြလား"

"မတွေ့မိပါဘူး သူကြီးမင်း"

"ဘုန်းတော်ကြီး သက်တော် ဘယ်လောက်ရှိပြီလဲ"

"၃၇ လောက် ရှိမယ်ထင်ပါတယ် သူကြီးမင်း"

"နားနှင့်မနာ ဖ၀ါးနှင့်နာပါ။ ရပ်ရွာထဲမှာ ဘုန်းကြီးနှင့်အမျိုးသမီးတစ်ယောက် ရည်ငံနေတယ်ဆိုတဲ့ ကောလာဟလသတင်းကော ရှိခဲ့ရဲ့လား"

"မရှိခဲ့ပါဘူး သူကြီးမင်း"

"ဒါဖြင့်... ဘုန်းတော်ကြီး ဘယ်နေ့ကစပြီး ပျောက်ဆုံးသွားပါသလဲ"

"လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကပါ သူကြီးမင်း"

ထိုကဲ့သို့ စစ်ဆေးမေးမြန်းပြီး သူကြီးကိုကိုမောင်တစ်ယောက် ကျောက်သင်ပုန်းပေါ် ကျောက်တံဖြင့် တစ်ဂျစ်ဂျစ်ရေးခြစ်လိုက်မှတ်ရင်း ပါးစပ်ကလည်း တစ်စုံတစ်ခုကို အောက်ပါအတိုင်း မတိုးမကျယ် ရွတ်ဆိုနေလေတော့၏။

"အို-ကြင်-ရာ =ဥဒကေ
ကြာ-ကန်-သူ =၀နေ
စိတ်-တူ-၏ =ဂူပေ

လှ-ဒေ-သ =ဂါမေ

x-x-x-x-x-x-x.......... ????
"

ထိုကဲ့သို့ ရွတ်ဆိုနေစဉ်ဝယ် လူထုပရိသတ်ထဲမှ လူရွယ်တစ်ယောက် ဖြုန်းကနဲ မတ်တပ်ထပြီး--

"သူကြီးမင်း... အဲဒီ လင်္ကာက ကျွဲပျောက် နွားပျောက်နှင့် ဥစ္စာပျောက် အဟောအတွက် စပ်ဆိုထားတဲ့ လင်္ကာပါ။ အခု ဘုန်းတော်ကြီးပျောက်ဆုံးတာနဲ့ ဘာဆိုင်လို့တုန်း"

ဟူ၍ ခပ်မာမာ ခပ်စွာစွာ အော်ဟစ်ပြောဆိုလေတော့၏။

"မောင်ရင်... မသိရင် အသာလေးထိုင်နေ။ ၀င်မစွက်နဲ့။ အဓိကက ဘုန်းကြီးကို ပြန်ရှာတွေ့ဖို့ မဟုတ်လား"

ဟူ၍ ပိုပြီး ကျယ်လောင်ပြတ်သားသော အသံဖြင့် သူကြီးကိုကိုမောင်က ရဲရဲရင့်ရင့် ပြန်ဟောက်လိုက်တော့မှ သကောင့်သား ထိုင်ချသွားလေတော့၏။ သူကြီးကိုကိုမောင်သည်လည်း တနင်္ဂနွေနေ့အပျောက်အဟောကို နိဿယပေါင်းစုံပေးပြီး ပုံဖော်နေလေတော့၏။

"၁။
တနင်္ဂနွေနေ့မှာ ပျောက်ဆုံးသွားတာဆိုတော့--
အို-ကြင်-ရာ =ဥဒကေပေါ့

အို=တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်=တနင်္လာအရပ် (အရှေ့ )ဘက်က ထွက်ခွါသွားပြီး
ရာ
= ရာဟုအရပ် (အနောက်မြောက်) ဘက်တွင်
ဥဒကေ
= ရေရှိသောအရပ်၌ ရှိနေရမည်

၂။

အို
= တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်ရာ
= ကြင်ရာတော်နှင့်
ဥဒကေ
= ရေနှင့်ပတ်သက်သည့်နေရာတွင် တွေ့ဆုံခဲ့ရမည်

၃။

အို
= တနင်္ဂနွေနေ့၌ ပျောက်ဆုံးပါမူ
ကြင်
= တနင်္လာအရပ်က ခိုးထွက်ပြီး
ရာ
= ရာဟုအရပ်ဘက်ရှိ
ဥဒကေ
= ရေအမည်ပါသည့် ရွာတစ်ရွာ၌ ရှိနေရမည်

၎။

အိုကြင်ရာ
= ကြင်ရာတော်နှင့် အိုနေပြီးဖြစ်ရမည် (ပေါင်းဖော်ပြီးဖြစ်ရမည်)
ဥဒကေ
= ရေအမည်ပါသည့် ရွာတစ်ရွာ၌ ခေတ္တရှိနေရမည်"

ထိုကဲ့သို့ တွက်နည်းပေါင်းစုံဖြင့် တွက်ချက်ပြီးသောအခါ ယုံကြည်ချက်အပြည့်ဖြင့် သူကြီးကိုကိုမောင်က ပရိသတ်တို့အား မေးခွန်းတစ်ခုမေးလေ၏။

"ရွာထဲက အမျိုးသမီးတစ်ယောက်ယောက်များ ပျောက်နေတာရှိလားမသိဘူး"

"ဘယ်သူမှ မပျောက်ပါဘူး သူကြီးမင်း"

"သေချာစမ်းစားကြည့်ကြပါဦး။ အလုပ်တစ်ခုခုအတွက် သွားမယ်ဆိုပြီး ထွက်သွားတဲ့ အမျိုးသမီးများ ရှိနေလေမလား"

"ကျုပ်သမီးအကြီးမ ကြည်မြိုင်တစ်ယောက်တော့ မန္တလေးဘက် ဈေးဝယ်ထွက်ဦးမယ်ဆိုပြီး တနင်္ဂနွေနေ့က ထွက်ခွါသွားပါတယ်။ ဒါပေမဲ့ သူက မန္တလေးက အ၀တ်အထည်နှင့်ဖိနပ်တို့ကို သယ်ယူပြီး ရောင်းချနေသူဆိုတော့ အခုလိုဘဲ မကြာမကြာ မန္တလေးဆင်းပြီး ဈေးသွားဝယ်လေ့ရှိပါတယ်"

"ဟုတ်ပြီ။ ခင်များနာမည် ဘယ်လိုခေါ်လဲ"

"ဦးလူမောင်ပါ"

"ခင်များသမီးအသက်ကကော ဘယ်လောက်ရှိသွားပြီလဲ"

"၃၀ လောက်တော့ရှိပါပြီ"

"ဟုတ်ပြီ။ ဒီလောက်ဆို လုံလောက်ပြီ။ အခု ကိုရင်ကျောင်းသားတွေကို မေးမယ်။ ကိုရင်များ ကျောင်းသားများ သေချာစဉ်းစားပြီး ဖြေဆိုပါ။ ဘုန်းတော်ကြီးနှင့်မကြည်မြိုင်တို့ တစ်နေရာရာမှာ တွေ့ဆုံခဲ့တာ ရှိခဲ့ဖူးပါသလား"

"မရှိပါဘူး။ သူကြီးမင်း"

"သေချာပြန်စဉ်းစားကြပါဦး။ ရေတွင်းတို့ ရေကန်တို့ရှိတဲ့ တစ်နေရာရာမှာ တွေ့ခဲ့ကြသလားလို့"

"ဟုတ်ပြီ သူကြီးမင်း။ သတိရသွားပြီ။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မနက် ၁၀ နာရီလောက်က ဘုန်းကြီးရေချိုးဖို့ ရေတွင်းမှာ တပည့်တော်ရေဆွဲပေးပြီး ရေချိုးကန်ထဲထည့်ပေးပါတယ်။ ဘုန်းကြီးရေချိုးနေစဉ်မှာ မကြည်မြိုင်က ရေလာခပ်ပါတယ်။ သောက်ရေအတွက်ပါ။ အဲဒီအခါမှာ ဘုန်းကြီးက မကြည်မြိုင်ကို မေးပါတယ်"

"မကြည်မြိုင် အပျိုကြီးစာရင်းဝင်နေပြီ မင်္ဂလာဆွမ်းကျွေးဖို့ အစီအစဉ်မရှိသေးဘူးလား "

"ဘုန်းဘုန်းရယ်.. တပည့်တော်မကို လာကြိုက်တဲ့သူမှ မရှိတာ၊ ပြီးတော့ တပည့်တော်မက ဒီလောက် ရုပ်ဆိုးနေတော့ ဘယ်တော့မှ ကြိုက်မဲ့သူ ရှိလာမှာလဲ မဟုတ်ပါဘူး"

"ကြိုက်တဲ့သူ ရှိရင် ယူမလား"

"အခုကြိုက်တဲ့သူရှိရင် အခုယူပြီသာမှတ်တော့ဘုရား"

"အခု မကြည်မြိုင်ကို ကြိုက်တဲ့သူ ရှိနေပြီ"

"မဖြစ်နိုင်ပါဘူးဘုရား"

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ မကြည်မြိုင်ကို ကြိုက်နေတဲ့ အဲဒီသူကို ကျုပ် သိနေတယ်"

"ဒါဖြင့် ဘယ်သူလဲ ဘုရား"

"ကျုပ်ထင်တယ်"

"ပြောပါဘုရား။ ဘယ်သူပါလဲ"

"ကျူပ်ထင်တယ်"

"ထင်တဲ့အတိုင်းသာ ပြောပါဘုရား"

"ကျုပ်ထင်တယ်ဆိုနေမှဘဲ။ ကဲဗျာ... ကျုပ်ထင်တယ်။ ကျုပ်ထင်တယ်" (ဟူ၍ ဘုန်းကြီးသည် မိမိလက်ဝါးဖြင့် မိမိရင်ဘတ်ကိုပုတ်ကာ အားရပါးပြောနေလေတော့၏။)

"အဲဒီလို အပြန်အလှန်ပြောပြီး ရယ်မောနေကြတာကို တပည့်တော်တွေ့ခဲ့ကြားခဲ့ရပါတယ် သူကြီးမင်း"

"ဟုတ်ပြီ။ ဒါဆိုသဲလွန်စရပြီ"

သူကြီးကိုကိုမောင်သည် အထက်ပါ ဘုန်းကြီးကျောင်းသားတစ်ယောက်၏ ရှင်းပြမှုကိုကြားရပြီးနောက် သူ၏ (အို-ကြင်-ရာ= ဥဒကေ)ဟူသည့် တွက်ချက်နည်းမှန်ကန်နေသဖြင့် အကျေနပ်ကြီး ကျေနပ်နေလေတော့၏။ ပြီးနောက် ဘုန်းကြီး (၅+၂) နှင့် ကြည်မြိုင် (၂+၅)တို့ အချင်းချင်း ကက်ကင်းပြန်နေကြသည်ကို တွေ့ရှိရကား ပို၍ပင် ကျေနပ်မှုဖြစ်ပေါ်၍နေလေတော့သတည်း။

"ကျန်တဲ့အပိုင်းကတော့ လွယ်သွားပါပြီ။ ဘုန်းကြီးဟာ ကျောင်းရဲ့အရှေ့ ဘက်အပေါက်က ထွက်ခွါသွားပြီး ကျောင်းရဲ့ ရာဟုဒေါင့်ဘက်မှာရှိတဲ့ ရေအမည်ပါတဲ့ ရွာတစ်ရွာမှာ ရှိနေလိမ့်မယ်။ ရာဟုဒေါင့်ဘက်က ရေအမည်ပါတဲ့ ရွာရှိမရှိ အားလုံးစဉ်းစားပေးကြပါ"

အားလုံးသေချာစဉ်းစားပြီး လူတစ်ယောက်က အဖြေပေးလေ၏။

"ဒီကနေ မိုင်ငါးဆယ်လောက်မှာ ရေ၀န်းဆိုတဲ့ရွာတစ်ရွာရှိပါတယ်။ ဒီကနေကြည့်ရင် ရာဟုဒေါင့်အရပ်ဘက်ဖြစ်ပါတယ် သူကြီးမင်း"

"ကဲဗျာ.. ဒါဖြင့် မော်တော်ဆိုင်ကယ် သုံးလေးစီးနှင့်အဲဒီရွာကို လူလွတ်လိုက်ပါ။ အဲဒီကိုရောက်ရင် ပထမဆုံးဘုန်းတော်ကြီးကျောင်းကို သွားပါ။ ကျောင်းထိုင်ဆရာတော်ကို အခုရက်ပိုင်းအတွင်း သာသနာ့ဘောင်မှာ မပျော်ပိုက်တော့လို့ သိက္ခာလာချတဲ့ ဘုန်းကြီးရှိမရှိမေးကြည့်ပါ။ ပြီးရင် ရပ်ကွက်လူကြီးထံသွားပြီး လက်ထပ်စာချူပ်လာလုပ်တဲ့သူ ရှိမရှိမေးကြည့်ပါ။ တကယ်လို့ သူတို့ (ဘုန်းကြီးနှင့်ကြည်မြိုင်)နှစ်ယောက်လုံးကို တွေ့ရှိခဲ့ရင် ဆိုင်ကယ်နှင့်တစ်ပါတည်း ခေါ်ဆောင်လာခဲ့ပါ"

ဟူ၍ အစီအစဉ်ကို စနစ်တကျချပြီး တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းအလုပ်ကို ရပ်နားလိုက်လေ၏။

"ကြည်မြိုင်ကံကောင်းပါတယ်။ ဘုန်းကြီးမှ လူထွက်ပြီးမယူရင် သူဒီတစ်သက် ယောက်ျားရကိန်းမရှိဘူး။ ဒီလောက်ရုပ်ဆိုးတာ"

"ဘုန်းကြီးလဲ ကံကောင်းပါတယ်။ မိန်းမမရလို့ ဘုန်းကြီးတက်ဝတ်ခဲ့တာ။ အခု ကြည်မြိုင်နှင့်ရသွားပြီဆိုတော့ ကံကောင်းတာပေါ့။ သူ့ကိုလဲ ကြည်မြိုင်မှ မယူရင် ဘယ်သူမှ ယူမဲ့သူရှိမှာ မဟုတ်ဘူး"

"ဟေ့ ကောင်မလေးတွေ ဘာအတင်းတွေလျောက်ပြောနေကြတာလဲ၊ သူများအတင်းမပြောကောင်းဘူး"

စသည့်စသည့် တီးတိုးစကား အတင်းအဖျင်းစကား၊ ဟိုဟိုဒီဒီစကားတို့သည် ဘုန်းတော်ကြီးကျောင်းမှ ရွာအပြန်လမ်းတစ်လျောက်၌ ဆူညံလျက်ရှိနေလေတော့၏။

နောက်တစ်နေ့၌ ရွာထဲလူရွယ်ငါးယောက်ကို မော်တော်ဆိုင်ကယ်ငါးစီးဖြင့် ရေ၀န်းရွာသို့ လွတ်လိုက်လေ၏။ သူကြီးကိုကိုမောင်၏ တွက်ကိန်းသည် ကွက်တိပင်ဖြစ်၏။ ထိုဆိုင်ကယ်ငါးစီး ရေ၀န်းရွာသို့ရောက်သည့်အခါ ရွာဦးကျောင်းသို့ ပထမဦးဆုံးသွားရောက်ကြ၏။ ရွာဦးကျောင်းဆရာတော်ကို မေးလျောက်ကြည့်သည့်အခါ ဘုန်းကြီးတစ်ပါး သိက္ခာလာချကြောင်း သိရ၏။ ထို့နောက် ရွာလူကြီးအိမ်သို့ သွားရောက်စုံစမ်းသည့်အခါ စုံတွဲတစ်တွဲသူ့အိမ်၌ လက်ထပ်စာချုပ်လက်မှတ်လာထိုးကြောင်း၊ ရွာအတွင်းက အိမ်တစ်အိမ်၌ တည်းခိုသွားကြောင်း၊ ယနေ့မနက်ပိုင်းကမှ မန္တလေးသို့ ဆင်းမည်ဆိုပြီး ကောလင်းဘူတာသို့ မော်တော်ဆိုင်ကယ်အငှားဖြင့် ထွက်ခွါသွားကြောင်းသိရှိရလေ၏။ ထို့ကြောင့် ဆိုင်ကယ်ငါးစီးလုံး ကောလင်းဘူတာသို့ ဒုံးစိုင်းကြရလေတော့၏။ ကောလင်းသို့အရောက်တွင် ဘုန်းကြီးလူထွက်စုံတွဲ ရထားပေါ်သို့ တက်ခါနီးဆဲဆဲ၌ အတင်းအဓမ္မခေါ်ဆောင်လာပြီး ကျီးပင်ရွာသို့ ပြန်ခဲ့ကြလေတော့၏။ ကျီးပင်ရွာအ၀င်လမ်း၌မူ ဘုန်းကြီးလူထွက်၏ မျက်နှာကြီးသည် စပ်ဖြီးဖြီးကြီးဖြစ်နေပြီး ကြည်မြိုင်၏ မျက်နှာ၌မူ ရှက်သွေးဖျန်းလျက် ရှိနေလေ၏။

ကျီးပင်ရွာသို့ ပြန်ရောက်သည့်အခါ ဦးလူမောင်တစ်ယောက် တစ်စခန်းထလေ၏။ သူ့သမီးကို ဘုန်းကြီးလူထွက်နှင့်သဘောမတူနိုင်၊ အတင်းကွာရှင်းခိုင်းမည်ဟု ဆို၏။ ရွာသူရွာသားများကလည်း ကြည်မြိုင်ကို အပြစ်တင်ကြလေ၏။ ကြည်မြိုင်ကြောင့်ဘုန်းကြီးလူထွက်ရသည်၊ ဘုန်းကြီးမရှိလျှင် ဘုန်းကြီးအသစ်ပြန်ရှာရမည်၊ ဘုန်းကြီးအသစ်ပြန်ရှာလျှင် ပိုက်ဆံတွေတောက်တောက်လဲ ကုန်ပြန်ကြဦးမည် ဟူ၍ တစ်စီတစ်တန်းကြီးစဉ်းစားကာ တောက်တစ်ခေါက်ခေါက် ရှိနေကြလေတော့၏။

ထိုကဲ့သို့သော မပြေလည်မှုများကို သူကြီးကိုကိုမောင်တစ်ယောက် ခေါင်းအေးစွာဖြင့် ဆုံးဖြတ်ချက်ချပေးလိုက်ရလေ၏။

"ကျနော်သည် ကျီးပင်ရွာသူကြီးမဟုတ်ပါ။ တုံဖလားရွာသူကြီးသာဖြစ်ပါသည်။ သို့သော်လည်း ကျနော့်ထံသို့ အားကိုးတစ်ကြီးလာရောက်အကူအညီတောင်းမှုကြောင့် မအားလပ်သည့်ကြားထဲမှပင် တစ်ကူးတစ်က လိုက်ပါပြီး ဤအမှုကို ဖော်ထုတ်ပေးခဲ့သည်။ ထို့ကြောင့် ထိုအမှုကို ဆုံးခန်းတိုင်အောင် ကျနော်ဆောင်ရွက်မည်။ မည်သူမျှ ၀င်ရောက်စွက်ဖက်ခွင့်မပြုပါ။ အမိန့်။

၁။ဘုန်းကြီးလူထွက်နှင့်ကြည်မြိုင်တို့သည် အရွယ်ရောက်ပြီးသူများဖြစ်ကြသည်။ အချင်းချင်းအလိုတူစွာ လက်ထပ်စာချုပ်၌လည်း လက်မှတ်ထိုးပြီးဖြစ်လေသည်။ ထို့ကြောင့် ၄င်းတို့အား အတင်းအဓမ္မခွဲခွါစေခြင်းမပြုလုပ်ရ။


၂။၎င်းတို့နှစ်ဦးအား ရွာ၏တစ်နေရာ မြေလွတ်သည့်နေရာ၌ တစ်ရွာလုံးမှ တာဝန်ယူကာ ယာယီအိမ်တစ်လုံးဆောက်လုပ်ပေးရမည်။


၃။ရွာဦးဘုန်းတော်ကြီးကျောင်းသည် နေကျော်လကျော်ဆောက်လုပ်ထားခြင်း၊ လှည်းဦးတိုက် ကြမ်းခင်းထားခြင်းဖြစ်သောကြောင့် ထိုကျောင်းကို ဖျက်ပြီး ကျောင်းအသစ်ပြန်လည်ဆောက်လုပ်ရမည်။


၎။အမိန့်အား ဖီဆန်ခြင်း လုံးဝမပြုရ"


အထက်ပါကဲ့သို့ တရားစီရင်ဆုံးဖြတ်မှု ပြုလုပ်ပေးထားခဲ့ပြီး နောက်တစ်နေ့၌ သူကြီးကိုကိုမောင်သည် ရွာသူရွာသားများကို နှုတ်ဆက်ကာ ကျီးပင်ရွာမှ တုံးဖလားရွာသို့ မော်တော်ဆိုင်ကယ်အကူအညီဖြင့် ပြန်လာခဲ့လေ၏။

"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ"
"သူကြီးကိုကိုမောင်.....အဆင်ပြေပါစေ၊ အသက်ရှည်ပါစေ
"
"သူကြီးကိုကိုမောင်.....ပျော်ရွှင်နိုင်ပါစေ၊ အများအကျိုးဆောင်ရွက်နိုင်ပါစေ
"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ
"
"သူကြီးကိုကိုမောင်..... ကျန်းမာပါစေ၊ ချမ်းသာပါစေ
"

ဟူသောအသံတို့သည် တစ်စတစ်စ ဝေး၍ဝေး၍ကျန်ရစ်ခဲ့လေ၏။ တကယ်စိတ်ရင်းအမှန်နဲ့ မေတ္တာပို့ဆုတောင်းပေးကြခြင်းလော၊ ရွဲ့ ၍ဆုတောင်းပေးကြခြင်းလော၊ ရွာသူကြီးက အတင်းအကြပ်ဆုတောင်းခိုင်းသောကြောင့်လော။ မည်သို့ပင်ဆိုစေကာမူ ထိုကျီးပင်ရွာသူရွာသားတို့၏ ဆုတောင်းမေတ္တာပို့သံတို့သည် ကြည်နူးဖွယ်အတိပင်ဖြစ်ချေတော့၏။
.....

ထိုအမှုစီရင်းထုံးဖြစ်ပွါးပြီးနောက်ပိုင်း တစ်နှစ်ခန့်အကြာ၌ သူကြီးကိုကိုမောင်အိမ်ဝင်းအတွင်းသို့ လင်မယားစုံတွဲတစ်တွဲ ရောက်လာလေ၏။ အမျိုးသမီးဖြစ်သူက မွေးကင်းစ ကလေးတစ်ဦးကို ပွေ့ချီထားလေ၏။ ယောက်ျားဖြစ်သူက စကားစပြော၏။

"သူကြီးမင်း။ ကျုပ်တို့ကို မှတ်မိပါရဲ့လား၊ ကျီးပင်ရွာကလေ"

"အဲ.. ဟို.. ဟို... ဘုန်းကြီးလူထွက်ကြီးမဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း။ သူကြီးမှတ်မိတဲ့အတွက် အရမ်းဝမ်းသာပါတယ်"

"အလည်သက်သက်ဘဲလား"

"ဆိုပါတော့ သူကြီးမင်း။ သူကြီးမင်းကို လာတွေ့ရင်း ကလေးနာမည်ပေးဖို့ အကူအညီလာတောင်းတာပါ"

"ဟာ လုပ်ပြီ။ ကျနော်က ဗေဒင်ဆရာမှ မဟုတ်တာ"

"ဘယ်လိုဘဲဖြစ်ဖြစ်ပါ သူကြီးမင်း။ သူကြီးပေးတဲ့ နာမည်အတိုင်း ကျုပ်တို့သားလေးကို နာမည်ပေးချင်လို့ပါ။ သူကြီးကျေးဇူးကြောင့် ကျုပ်တို့အေးအေးဆေးဆေး ကျီးပင်ရွာမှာ နေခွင့်ရခဲ့တာပါ။ ဒါကြောင့် ကလေးမွေးပြီးချင်းချင်း သူကြီးမင်းကို သတိရပြီး အခုလို လာခဲ့တာပါ။ သူကြီးမင်း ကျုပ်တို့ကလေးအတွက် နာမည်ပေးပေးပါနော်"

"ကဲဗျာ... ဒါဖြင့်.. ကလေးက ယောက်ျားလေးလား၊ မိန်းခလေးလား"

"ယောက်ျားလေးပါ သူကြီးမင်း"

"ဘာနေ့သားလဲ"

"ကြာသပတေးသားပါ သူကြီးမင်း"

""သူ့ကို နိုင်လို၊ ဆ ကိုခို။ ရွှေသွတ် ငွေသွတ်၊ ပဉ္စပွတ်" လို့ ဆိုရိုးရှိတဲ့အတွက် ခင်များတို့ရဲ့ သားလေးကို ပဉ္စပွတ်နာမည်ပေးလိုက်မယ်ဗျာ။ ဒါမှ ရွှေတွေငွေတွေ အများကြီး ၀င်လာမှာ။ ဘုန်းကြည် လို့ နာမည်ပေးလိုက်ပါတယ်။ ကြာသပတေးအစနှင့်တနင်္လာအဆုံးဆိုတော့ ပဉ္စပွတ် ကွက်တိပါဘဲ"

"ကျေးဇူးတင်ပါတယ် သူကြီးမင်း။ သားလေးရေ... ဘုန်းကြည်ရေ..... ဟဲတော့...ကြည့်စမ်းပါဦး.. သားလေး ဘုန်းကြည်က ပြုံးနေတယ်။ သူ့နာမည်ကို ခေါ်မှန်းသိနေတယ်"

ထိုကဲ့သို့ပြောပြီး လင်မယားနှစ်ယောက် ၀မ်းအသာကြီးသာနေကြလေ၏။

"ဒါနဲ့ စကားမစပ်။ ခင်များတို့ ရွာဦးကျောင်းကို ဘယ်လို စီရင်နေကြသလဲ"

"အခုဆို ကျောင်းဟောင်းကို အားလုံးဖျက်လိုက်ကြပါပြီ။ ပြီးတော့ ကျောင်းအသစ်တည်ဆောက်ဖို့ ပန္နက်လဲ ရိုက်ပြီးပါပြီ။ အုတ်တိုက်ကျောင်းဆောက်မှာမို့ ရွာသူရွာသားတွေစုပေါင်းပြီး အုတ်ဖုတ်တဲ့အလုပ်ကို လုပ်နေကြပါတယ် သူကြီးမင်း။ ကျောင်းဆောက်ပြီးမှဘဲ ဘုန်းကြီးအသစ်ပင့်ပြီး ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ကြမှာပါသူကြီးမင်း"

"ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ"
....

ထိုသို့သော အဖြစ်အပျက်များတွေ့ကြုံခဲ့ပြီးနောက်ပိုင်းတွင် သူကြီးကိုကိုမောင်သည်လည်း အရေးအကြောင်းတစ်ခုဖြင့် ပညာသင်ကြားရန် ဘိလပ်သို့ ထွက်ခွါလာခဲ့လေ၏။ ဘိလပ်သို့ ရောက်ပြီး တစ်နှစ်ခွဲခန့်အကြာတွင် သူကြီးကိုကိုမောင်ထံသို့ စာတစ်စောင်ရောက်ရှိလာလေ၏။ ဗမာပြည်မှ ပို့ခဲ့သည့်စာပင်တည်း။

သို့/
သူကြီးကိုကိုမောင်
ကျန်းခန့်သာလို့မာပါစခင်မျာ။ ကျုပ်တို့ကတော့ မောင်ဘုန်းကြည်ရဲ့ မိဘများပင်ဖြစ်ကြပါသည်။ သူကြီးမင်းပေးခဲ့သည့် နာမည်က အရမ်းအကျိုးပေးပါသည်။ စီးပွါးရေးလုပ်ငန်းများလည်း မောင်ဘုန်းကြည်ရဲ့ ကံဇာတာကြောင့် အဆင်ပြေပါသည်။ ရွှေသွတ် ငွေသွတ်၊ ပဉ္စပွတ် ဆိုသည့်အတိုင်း သားလေုးန်းကြည်၏ ပဉ္စပွတ်နာမည်ကြောင့် ငွေအ၀င်အရမ်းဖြောင့်ပါသည်။ လွန်ခဲ့သည့် နှစ်လခန့်က မောင်ဘုန်းကြည်နာမည်နှင့်အောင်ဘာလေထီတစ်စောင်ထိုးခဲ့ရာ သိန်းငါးရာဆုကြီးပေါက်ခဲ့ပါသည်။ ထို့ကြောင့် ကျီးပင်ရွာဦးကျောင်းဆောက်လုပ်ခြင်း၌ ကျန်ရှိသမျှ အစိတ်အပိုင်းအားလုံးကို ကျုပ်တို့မိသားစု တာဝန်ယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သူကြီးမင်းကိုလဲ ဧည့်ခံပွဲကောင်းကောင်းပြုလုပ်ပြီး ဂုဏ်ပြုချင်ပါသောကြောင့် ဗမာပြည်ပြန်ရောက်သည့်အခါ ကျုပ်တို့ ကျီးပင်ရွာကို ရောက်အောင်လာခဲ့ဖို့ ဖိတ်ခေါ်ပါသည်။
သူကြီးမင်း ဘိလပ်ပြည်၌ အိုကေမှာစိုပြေပါစေ။

လေးစားလျှက်
မောင်ဘုန်းကြည်၏ မိဘများ
...

သူကြီးကိုကိုမောင်သည် ထိုစာကို ဆုံးအောင်ဖတ်ကြည့်ပြီး ပြုံးစိစိဖြစ်နေလေတော့၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းကြီးလူထွက်၏ ကလေးကို နာမည်ပေးရာ၌ ခပ်ရွဲ့ရွဲ့ ခပ်နှောက်နှောက် ပြုလုပ်ချင်စိတ်ပေါက်သောကြောင့် ဘုန်းကြီးနှင့်ကြည်မြိုင်တို့၏ ရှေ့ ဆုံးစာလုံးတို့ကို ယူကာ ဘုန်းကြည်ဟူ၍ ပေးခဲ့ခြင်းပင်ဖြစ်သောကြောင့်တည်း။ အကယ်၍ ထိုလင်မယား စုံတွဲသည် အဖြစ်မှန်ကို သိရှိခဲ့လျှင်မူ သူကြီးကိုကိုမောင်ကို ကော်ဆဲနေမည်လားမသိ။ မည်သို့ပင်ဖြစ်စေ သူတို့အိမ်ထောင်စု ချမ်းချမ်းသာသာရှိကြောင်း ကြားသိရသည်ကတော့ သူကြီးကိုကိုမောင်အတွက် မဟာမင်္ဂလာတစ်ပါးပင်ဖြစ်နေချေတော့၏။
...

ထိုအကြောင်းအရာအဖြစ်အပျက်အပြည့်အစုံကို သူကြီးကိုကိုမောင်သည် သူတက်ရောက်ပညာသင်ကြားနေသည့် လန်ဒန်ယူနီဗာစီတီက ပရော်ဖက်ဆာ ဒေါက်တာဒေးဗစ်ဂျနက်ကအား စကားစပ်မိ၍ ပြန်လည်ပြောပြမိသောအခါ ပရော်ဖက်ဆာကြီးသည် တဟားဟား တ၀ါးဝါး ရယ်မောပြီး... "Oh My God, Ko Ko Mg!! You are very intelligent, but a bit stupid" ဟူ၍ ကောင်းချီးသြဘာ ထောပနာ ပြုနေလေတော့သတည်း။


....

"

Tuesday 8 June 2010

အိမ်သာတက် တရားစီရင်မှု

အင်တာနက်ကွန်ယက်ကြီး ကမ္ဘာတစ်ဝှမ်းလုံးဖြန့်ကျက်နေစဉ်ဝယ် သူကြီးကိုကိုမောင်အုပ်ချုပ်နေသည့် တုံးဖလားရွာ၌မူ အိမ်သာတက်ခြင်းအမှုဖြင့် ရှုပ်ထွေးလျက်ရှိနေပေ၏။ ထိုအမှုသည် ရွာအတွင်းမှ စတင်ခဲ့သည့်အမှုမဟုတ်။ ရွာဦးကျောင်းမှ စတင်ဖြစ်ပွါးခဲ့သည့် အမှုပင်ဖြစ်ချေ၏။ ရွာဦးကျောင်းဆရာတော်က...

"ဤအမှုသည် ၀ိနည်းဓမ္မကံကျင့်ထုံးနှင့်ဆုံးဖြတ်၍မဖြစ်နိုင်ချေ။ လောကဥပဒေနှင့်ဆုံးဖြတ်မှ သင့်လျော်ချေတော့မည်။ ထို့ကြောင့် ထိုအမှုအား ဘက်စုံတော်သည့် ရွာသူကြီးကိုကိုမောင်လက်သို့ အပြီးသတ်လွဲအပ်လိုက်သည်"

ဟူ၍ လူသူဗိုလ်ပါပရိသတ်အလယ်၌ ဖော်ပြပါ အမှုကို ရွာသူကြီးကိုကိုမောင်လက်ထဲသို့ ထိုးအပ်ခဲ့လေ၏။

အမှုဖြစ်ပွါးပုံမှာ အောက်ပါကဲ့သို့ဖြစ်၏။
တုံးဖလားရွာဦးကျောင်းကို လွန်ခဲ့သည့် ၁၅နှစ် လွန်နှစ်များက စတင်တည်ထောင်ခဲ့၏။ ရွာအကြားနှင့်သုဿာန်အကြားရှိ တောအုပ်ကြီးကို ခုတ်ထွင်ပြီး ရွာဦးကျောင်းကို တည်ထောင်ထား၏။ ကျောင်းဝင်းပရ၀ုဏ်ခုတ်ထွင်ရှင်းလင်းပြီး ခြံတံတိုင်းကာရံစဉ်က သုဿာန်မြေအနည်းငယ်သည် ရွာဦးကျောင်းဝင်းထဲ ပါခဲ့လေသတတ်။ ထို့ကြောင့်ပင် (လူကြီးများပြောစကားအရ) ရွာဦးကျောင်း၌ တစ္ဆေသရဲများ ရံဖန်ရံခါ လာရောက်မွှေနှောက်တတ်လေသတတ်။

ရွာဦးကျောင်းဝင်းအတွင်း၌ အိမ်သာနှစ်လုံးရှိ၏။ တစ်လုံးသည် ရွာဦးကျောင်းဆရာတော်အတွက်ဖြစ်ပြီး ကျန်တစ်လုံးသည် ကိုရင်နှင့်ကျောင်းသားတို့အတွက်ဖြစ်သည်။ နှစ်လုံးလုံးကိုပင် ရှေးစတိုင်လ် မြေကျင်းပေါ် (တိုင်လေးတိုင်စိုက်ထူပြီး) တည်ဆောက်ထားခြင်းဖြစ်၏။ ပျဉ်ခင်း ပျဉ်ကာ သက္ကယ်မိုး ဖြစ်၏။ အိမ်သာအဆောက်အဦသည် ဆယ်ပေပတ်လည်ခန့်ကျယ်၏။ ကျင်းအနက်သည် ၁၅ ပေခန့်စီ ရှိ၏။ မိုးကာလ၌ အိမ်သာကျင်းထဲ ရေများရှိနေတတ်၏။ ထို့ကြောင့် အိမ်သာတက်လျှင် ပလုံ.. ပလုံ ဟူသော အသံကို ကြားရမြဲဖြစ်၏။ ၀မ်းလျောလျှင်မူကား ဖလပ် ဖလပ် ဟူသော အသံကိုသာ ကြားရလေ့ရှိ၏။ ဆောင်းကာနှင့်နွေကာလတို့၌မူ ပလုံ... ပလုံ အသံများအစား.. ဘုတ်.. ဘုတ်..ဟူသောအသံ၊ ဖလပ်.. ဖလပ်...အသံများအစား ဖောက်..ဖောက် ဟူသောအသံများသာ ကြားရလေ၏။ ထိုအသံများကို အလေးစွန့်ပြီး စက္ကန့်ပိုင်းအတွင်းကြားရခြင်းပင်ဖြစ်လေ၏။ ထိုအသံများသည်ပင် အိမ်သာတက်ခြင်း၏ အိုင်ဒီ တစ်ခု ဖြစ်နေလေတော့၏။

ကျောင်းဝင်းအတွင်း သုဿာန်မြေပါလာခြင်း၊ သုဿာန်နှင့်နီးကပ်နေခြင်းတို့ကြောင့် တစ္ဆေသရဲခြောက်ခြင်းတို့သည် ရွာဦးကျောင်း၌ ရေပန်းစားလျက်ရှိနေလေ၏။ တစ္ဆေသရဲခြောက်ပုံတို့မှာ များစွာရှိ၏။ အဆိုးဝါးဆုံးမှာ အိမ်သာတက်စဉ်အခြောက်လှန့်ခံရခြင်းပင်ဖြစ်လေ၏။ ခြောက်လှန့်ပုံတို့မှာ ညဘက်အချိန်အခါတွင် အိမ်သာတက်နေစဉ် အိမ်သာထဲသို့ အ၀င်၌ တံခါးအပေါ်မှ ဦးခေါင်းကို လှန်း၍ပုတ်ခြင်း၊ အိမ်သာနံရံကို တစ်ဒုံးဒုံးထုခြင်း၊ အလေးစွန့်ပြီးသည့်အခါ ပလုံ ပလုံ ဖလပ် ဖလပ် ဘုတ် ဘုတ် ဖောက် ဖောက် ဟူသော အသံတို့ မကြားရခြင်း၊ အလေးစွန့်ခြင်းကိစ္စပြီးဆုံးသည့်အခါ စအိုဝကို လျာဖြင့်လာလျက်ခြင်း၊ စအိုဝကို လေဖြင့် မှုတ်ခြင်း စသည်တို့ဖြစ်၏။

ကြားဖူးသည်မှာ များသောအားဖြင့် ၀မ်းချုပ်သူတို့သည် ဦးခေါင်းအပုတ်ခံရခြင်း၊ အိမ်သာနံရံကို တဒုံးဒုံးအထုခံရခြင်းတို့နှင့်ကြုံတွေ့ရပြီး ၀မ်းမှန်သူ ၀မ်းလျောသူတို့သည် စအိုဝကို လျာဖြင့်အလျက်ခံရခြင်း၊ အလေးအောက်သို့ပြုတ်ကျသံ မကြားရခြင်း၊ စအိုကိုလေဖြင့်အမှုတ်ခံရခြင်းတို့ ကြုံတွေ့ရလေ့ရှိ၏။ ထို့ကြောင့် ထိုတစ္ဆေသရဲတို့ကို ချီးစားတစ္ဆေ၊ ချီးစားသရဲ ဟူ၍ နာမည်ပေးထားကြလေ၏။

ရွာဦးကျောင်း၌ ကိုရင် ကျောင်းသား စုစုပေါင်း ၃၀ ကျော်ရှိ၏။ ညဘက်၌ တစ္ဆေသရဲကြောက်ကြသောကြောင့် အိမ်သာသို့ သွားပြီး အလေးစွန့်ဝံ့သည့်သူမရှိချေ။ မထိန်းချုပ်နိုင်သည့်အခါ နီးစပ်ရာနေရာတို့၌ တိုးတိုးတိတ်တိတ် အပေါ့အလေးသွားထားကြလေ၏။ ထို့ကြောင့် ကျောင်း၏ နံရံဒေါင့်များ တိုင်များ၌ ချီးသေးတို့ဖြင့် ပေကျံပြီး နှံစော်လျက်ရှိနေချေတော့၏။ ထိုသည်ကို ရွာဦးကျောင်းဆရာတော်သိရှိပြီး "ညဘက် အိမ်သာတက်ချင်လျှင် အဖော်ခေါ်သွားရမည်၊ ခေါ်၍ မလိုက်သည့်သူကို ကြိမ်ဒဏ် ၁၀ ချက်ပေးမည်၊ ကျောင်းပေါ်၌ အပေါ့အလေးစွန့်သူကို ကြိမ်ဒဏ်အချက် ၂၀ ပေးမည်၊ မည်သူစွန့်သည်ဟု မပေါ်ပေါက်လျှင် အားလုံးကို ကြိမ်ဒဏ်အချက် ၃၀ စီပေးမည်" ဟူ၌ ကိုရင်ကျောင်းသားများအပေါ် အမိန့်ထုတ်လေတော့၏။

ထိုနေ့မှစ၍ ကိုရင်ကျောင်းသားတို့သည် အိမ်သာတက်ချင်လျှင် အဖော်ခေါ်ပြီးသွားလေ့ရှိကြ၏။ များသောအားဖြင့် ညဘက်၌ အိမ်သာတက်ချင်ကြသည့် ကိုရင်ကျောင်းသားများ တစ်ယောက်မကဆုံလေ့ရှိကြ၏။ ကြောက်၍အောင့်အီးထားသည့်တိုင် တစ်ယောက်ယောက်က အိမ်သာတက်ချင်သည်ဟု အသံပြုလျှင် အိမ်သာတက်ချင်သည့်အခြားသူကိုတွေ့ရလေ့ရှိ၏။ အိမ်သာမတက်ချင်ဘဲ အဖော်လိုက်သွားရလျှင်လည်း အပြင်ဘက်၌ တစ်ယောက်ထဲ ထိုင်စောင့်ရမည်ကို ကြောက်လန့်၍ အိမ်သာထဲဝင်ကာ အူး..အဲ ညစ်ပြီး အလေးစွန့်လေ့ရှိကြ၏။ ဤပုံဤနည်းဖြင့် ဒွယံဒွယံ အိမ်သာတက်ကြသည့် ဓလေ့သည် တုံးဖလားရွာဦးကျောင်း၏ ပြယုဂ်တစ်ခုဖြစ်နေချေတော့၏။

နှစ်ယောက်အတူ အိမ်သာတက်ခြင်းဆိုသည်မှာ အိမ်သာဘောင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ နှစ်ယောက်သား ကျောချင်းကပ်ပြီး အလေးစွန့်ကြခြင်းပင်ဖြစ်၏။ ကိစ္စ၀ိစ္စပြီးသည့်အခါ ချီးတုတ်ခနောင်း(၀ါးခြမ်းစိပ်)နှင့် သုတ်သင်လေ့ရှိကြ၏။ အသုံးပြုပြီး တုတ်ခနောင်းကို အိမ်သာကျင်းထဲသို့ ပစ်ချလေ့ရှိကြ၏။ တစ်ခါတစ်ရံ၌မူ တုတ်ခနောင်းကို ခပ်ရှည်ရှည်စိပ်ထားပြီး အလေးစွန့်ခြင်းကိစ္စပြီးသည့်အခါ နှစ်ယောက်သား တိုင်ပင်ပြီး တုတ်ခနောင်းတစ်ချောင်းတည်းဖြင့် နှစ်ယောက်လုံး၏ စအိုဝအညစ်အကြေးကို ပြိုင်တူသုတ်သင်လေ့ရှိကြ၏။ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်သကဲ့ပင်တည်း။

တစ်ည၌ ဘုန်းကြီးကျောင်းသားများဖြစ်သည့် ထွန်းခင်နှင့်ကျော်နိုင်တို့သည် နှစ်ယောက်အတူ အိမ်သာသွားတက်ကြ၏။ တုတ်ခနောင်း(၀ါးခြမ်းစိပ်)တစ်ခု ခပ်ရှည်ရှည်ကို နီးရာကဆွဲယူပြီး နှစ်ယောက်အတူသုတ်သင်ဖို့ ဆုံးဖြတ်ထားကြ၏။ ထွန်းခင်သည် ကိစ္စ၀ိစ္စပြီးချိန်၌ ကျော်နိုင်ကို အဆင်သင့်ဖြစ်ပြီလား ဟူ၍ မေး၏။ ကျော်နိုင်က မီးစိမ်းပြလိုက်၏။ ထို့နောက် ထွန်းခင်သည် အညစ်အကြေးသုတ်သင်ရန် ယူဆောင်လာသည့် တုတ်ခနောင်း(၀ါးခြမ်းစိပ်)ရှည်ကို စအိုဝအောက်သို့ ထိုးပို့လိုက်၏။ ထိုအချိန်၌......

"အားးးးးးးးးး သ..သ...သရဲ...ကိုက်တယ်................"

ဟူသော ကျော်နိုင်၏ စူးစူးရှရှ သံကုန်ဟစ်အော်လိုက်သည့် အသံသည် ညဥ့်အမှောင်ကို ဖောက်ထွင်းသွားလေတော့၏။ နှစ်ယောက်သား သရဲခြောက်သည်ဟုမှတ်ယူကာ ချီးတုတ်ခနောင်းကို ပစ်ချထားခဲ့ပြီး အိမ်သာထဲမှ ထွက်ပြေးလာခဲ့ကြလေ၏။ ကျောင်းပေါ်ရောက်လာပြီးနောက် ကျော်နိုင်မှာ ဖင်နာသည်ဆိုပြီး ဖင်ကိုလက်ဝါးဖြင့်အုပ်ကာ တစ်ရှုပ်ရှုပ်ငိုယိုပြီးနောက် မေ့မြောသွားလေတော့၏။

ရွာဦးကျောင်းဆရာတော်သည်လည်း အော်ဟစ်ဆူညံသံကြောင့် တရားရှုမှတ်နေရာမှထလာပြီး ကိုရင်ကျောင်းသားများ အိပ်စက်ရာနေရာသို့ လာခဲ့လေ၏။ အကြောင်းစုံမေးမြန်းပြီးနောက် မေ့မြောနေသည့် ကျော်နိုင်ကို နှာနှပ်ပေးစေပြီး သတိရစေ၏။ ထို့နောက် ကျော်နိုင်၏ ဖင်ကိုလှန်၍ ကြည့်လိုက်ရာ မစင်တွေပေနေသည့်စအိုဝ၌ မစင်ရောရော သွေးရောရောဖြစ်နေသည်ကို တွေ့ရလေ၏။ သေချာသုတ်သင်ကြည့်ရှုလိုက်တော့မှ စအိုဝနဘေးသား၌ လက်မ၀က်ခန့် ရှည်မျောမျော ပြတ်ရှရာကို တွေ့လိုက်ရလေတော့၏။ (ဘုရား.... ဘုရား... တကယ်များ သရဲကိုက်ခဲ့လေသလား။)

အဖြစ်မှန်ကို သေချာစစ်ဆေးရန် ရွာဦးကျောင်းဆရာတော်သည် လက်နှိပ်ဓါတ်မီးကိုကိုင်ဆောင်ကာ ကိုရင်ကျောင်းသားတစ်ချို့ ကို ခေါ်ယူပြီး သူတို့တက်ခဲ့သည့် အိမ်သာသို့ သွားကြည့်လေ၏။ အိမ်သာထဲသို့ ရောက်သောအခါ အိမ်သာကြမ်းပြင်ပေါ်၌ ခပ်ရှည်ရှည်ဝါးခြမ်းစိပ်တစ်ခုကို တွေ့ရလေ၏။ ထိုဝါးခြမ်းစိပ်တစ်ဘက်ထိပ်ဖြားဝန်းကျင်၌ သွေးစအနည်းငယ်ပေရေနေသည်ကိုလည်း တွေ့ရ၏။ ထိုသွေးစ ပေရေနေသည့်ဘက်၌ ခပ်မြိမြိထက်လှသည့် တင်းကြော (၀ါးကို ခြမ်းစိပ်သည့်အခါ၌ ဖြစ်ပေါ်လေ့ရှိသော ဓါးကဲ့သို့ ထက်လှသည့် ၀ါးခြမ်းအသွား၊ ၀ါးကြော)ကိုလည်း တွေ့မြင်ရလေ၏။ အဖြစ်အပျက်အားလုံးကို ဆရာတော် သဘောပေါက် နားလည်သွား၏။ ထွန်းခင်နှင့်ကျော်နိုင်တို့ကို သရဲခြောက်ခဲ့သည်မဟုတ်၊ ကျော်နိုင်ကိုလည်း သရဲကိုက်ခဲ့သည်မဟုတ်။ အမှန်မှာ ချီးကုန်းစဉ် ၀ါးခြမ်းစိပ်အဖျား၌ ရှိသော တင်းကြောအရှခံခဲ့ရခြင်းပင်တည်း။

ထွန်းခင်က တုတ်ခနောင်းကို အားနဲ့ထိုးခိုက် ကျော်နိုင်ကသူ့စအိုကို အောက်သို့ အနည်းငယ်ချချိန်နှင့်ကြုံကြိုက်ခဲ့သောကြောင့် အရှခံခဲ့ရခြင်း ဖြစ်နိုင်ချေရှိ၏။ ကျောင်းပေါ်သို့ ပြန်တက်ပြီး ထွန်းခင်ကို မေးကြည့်လိုက်တော့လည်း "ဆရာတော်ထင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။ တပည့်တော်လဲ ကြောက်ကြောက်လန့်လန့်နဲ့ဆိုတော့ သိပ်မမှတ်မိတော့ဘူး" ဟုပြောလေ၏။ ဆရာတော်လည်း ကျော်နိုင်၏ စအိုဝပြတ်ရှနာကို မန္တလေးမြို့ မောရဂီဝါရပ်ကွက်က ထုတ်လုပ်သည့် မောရိယမန်းဆေးဖြင့်အုံပေးလိုက်ပြီး ကိုရင်ကျောင်းသားများကို "သရဲဆိုတာ အမှန်တကယ်မရှိကြောင်း၊ ကိုယ့်စိတ်နဲ့ကိုယ်အခြောက်ခံရခြင်းသာဖြစ်ကြောင်း၊ ဘုရားစာသာ ပုံမှန်ရွတ်ဖတ်နေရင် ဘာမှကြောက်စရာမလိုကြောင်း" အားပေးစကားပြောကြားကာ ဘောဂခန်းသို့ ပြန်ဝင်သွားပြီး တရားဆက်လက်မှတ်နေလေ၏။ ကိုရင်ကျောင်းသားများလည်း အိပ်စက်ကြလေ၏။

နောက်တစ်နေ့၌ ထိုအကြောင်းအရာကို ထွန်းခင်၏ မိဘများနှင့်ကျော်နိုင်၏ မိဘများ အသီးသီးသိရှိသွားကြကာ သူ့သားမှားသည် ငါ့သားမှန်သည် ဟူ၍ ငြင်းခုန်မှုကြီး ဖြစ်ကြလေတော့၏။ ကျော်နိုင်၏ မိဘများက ကျော်နိုင်၏ စအိုအနာကို ဆေးကုသရန် ကုသစရိတ်လိုချင်ကြ၏။ ထွန်းခင်၏ မိဘများက မတော်တဆ ဖြစ်ပျက်ခဲ့ကြသည့်အတွက် အလျော်ကြေးပေးရန်မလိုဟု ကန့်ကွက်ကြ၏။ ထို့နောက် နှစ်ဘက်မိဘများသည် ရွာဦးကျောင်းဆရာတော်ထံသို့ သွားရောက်ခါ အမှားအမှန်အတွက် အဖြေတစ်ခုခုဆုံးဖြတ်ပေးဖို့ လျောက်ထားတောင်းဆိုကြလေတော့၏။ ဆရာတော်ကလည်း ကျော်နိုင်ကို သူဆေးကုသပေးမည် မိဘအချင်းချင်းကြေအေးကြပါ ဟု နားချ၏။ သို့သော် အလျော်အကြေးလိုချင်သော ကျော်နိုင်၏ မိဘများသည် ဆရာတော်၏ စကားကို နားမထောင်ဘဲ သူတို့၏သားကျော်နိုင်အတွက် ကုသစရိတ်ကို ထွန်းခင်၏ မိဘများက အလျော်ပေးရန် ဆရာတော်မှတစ်ဆင့် အမိန့်ရှိဖို့ အတင်းအဓမ္မတောင်းဆိုလာလေတော့၏။ ထို့ကြောင့် ဆရာတော်သည် အထက်ကဖော်ပြခဲ့သည့်.... "ဤအမှုသည် ၀ိနည်းဓမ္မကံကျင့်ထုံးနှင့်ဆုံးဖြတ်၍မဖြစ်နိုင်ချေ။ လောကဥပဒေနှင့်ဆုံးဖြတ်မှ သင့်လျော်ချေတော့မည်။ ထို့ကြောင့် ထိုအမှုအား ဘက်စုံတော်သည့် ရွာသူကြီးကိုကိုမောင်လက်သို့ အပြီးသတ်လွဲအပ်လိုက်သည်" ဟူသော အမှုလွဲအပ်မှုကိုသာ ပြုလုပ်လိုက်လေတော့၏။

ဘုန်းကြီးကျောင်းအမှု သူကြီးသို့ပတ် ဆိုသကဲ့သို့ ဤကဲ့သို့ အသေးအဖွား ပြဿနာလေးတွေကစပြီး ကြီးကြီးမားမားပြဿနာများထိ ရွာသူကြီးကိုကိုမောင်ဆုံးဖြတ်ပေးရလေ့ရှိ၏။ ဆုံးဖြတ်ပေးသည့်နေ့တိုင်း ရွာလုံးကျွတ် သူကြီးအိမ်၌ လာရောက်စုဝေးကြ၏။ ရွာလုံးကျွတ်လုံးကိုပင် ထမင်းကျွေးရလေ၏။ ကုသိုလ်ထူးလှပေစွတကား။ အကယ်၍သာ မစ်စ်ကိုကိုမောင်များရှိခဲ့ငြားအံ့။ တွတ်ပီကို မသေးမျှင်အော်ငေါက်သည့် "တော်...ကတွတ်ပီ" ဟူသော အသံကဲ့သို့ အသံစူးစူးခါးခါးကို မချွတ်ဧကန် ကြားရပေလတ္တံ့းဝ)။

နှစ်ဘက်မိဘများနှင့်ရွာသူရွာသားများရှေ့ မှောက်၌ပင် ထွန်းခင်နှင့်ကံမောင်တို့ကို စစ်ဆေးလေ၏။

"ကဲ... ထွန်းခင်... မင်းကို အရင်မေးမယ်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"မင်းနှင့်ကျော်နိုင်နှင့် ရန်ငြိုးရန်စရှိခဲ့ဖူးသလား"

"မရှိခဲ့ပါဘူး သူကြီးမင်း.. သူနှင့်ကျနော်မျိုးနှင့်က အရမ်းချစ်ခင်ကြတဲ့ သူငယ်ချင်းစစ်စစ်ကြီးတွေပါ"

"မင်းအိမ်သာတက်ပြီးတဲ့အခါမှာ သူ့စအိုဝကို ချီးတုတ်ခနောင်းနဲ့ ထိုးဖို့ကြိုတင်ကြံရွယ်ခဲ့သလား"

"မကြံရွယ်ခဲ့ပါဘူး သူကြီးမင်း"

"ဒါဖြင့် အဲဒီ တုတ်ခနောင်းကို မင်းဘယ်က ရခဲ့တာလဲ"

"ကျောင်းဝင်းထဲမှာ စိုက်ထားတဲ့ ဘူးသီးပင်ကို စင်ခံဖို့ ၀ါးလုံးတွေကို ခွဲခြမ်းထားတဲ့ နေရာက ရခဲ့တာပါ သူကြီးမင်း"

"အေး.. ဟုတ်ပြီ။ မင်းခဏနားပါ။ အခု.. ကျော်နိုင်ကို မေးမယ်"

"ကျော်နိုင်... ခုနက ထွန်းခင်ပြောသွားတာ အကုန်လုံး မှန်သလား"

"မှန်ပါတယ် သူကြီးမင်း"

"မင်းနှင့်သူနှင့် ရန်ဖြစ်ဖူးသလား"

"မဖြစ်ဖူးပါဘူး သူကြီးမင်း"

ထိုအခိုက်၌ ထွန်းခင်၏ မိဘနှစ်ပါးသည် ပြုံးရွှင်ရွှင်ဖြစ်နေကာ ကျော်နိုင်၏မိဘနှစ်ပါးတို့မှာ ပြိုမလို ညိုမလို ရွာတော့မယ့် မိုးကဲ့သို့ အုံမှိုင်းမှိုင်းဖြစ်နေချေ၏။

"မင်း.. အခုလို ဒဏ်ရာရသွားတော့ ထွန်းခင်ကို မုန်းသွားသလား"

"မမုန်းပါဘူး သူကြီးမင်း။ သူက ကျနော်မျိုးရဲ့ အချစ်ဆုံးသူငယ်ချင်းပါ"

"အခု ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဘယ်သူမှားတယ်လို့ မင်းထင်သလဲ"

"မတော်တဆဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ မမှားပါဘူး သူကြီးမင်း"

"ဒါဖြင့် မင်းဒဏ်ရာကို ကုသဖို့ ထွန်းခင်က ပိုက်ဆံပေးရင် မင်း လက်ခံမှာလား"

ကျော်နိုင်သည် သူ့မိဘနှစ်ပါးကို တစ်လှည့် ထွန်းခင်ကိုတစ်လှည့်ကြည့်ပြီး တွေဝေနေ၏။ မိဘနှစ်ပါးက "လက်ခံမယ်လို့ပြောလိုက်" ဟူသော မျက်နှာထားဖြင့် ကျော်နိုင်ကို မျက်လုံးကစားပြ၏။ ထွန်းခင်သည် ခေါင်းကိုအောက်သို့ ငုံ့ထား၏။ ကျော်နိုင်သည် ဆွံ့အနေသူကဲ့သို့ စကားတစ်လုံးမှ ထွက်မလာတော့ပေ။

"ကိုင်း...ပြောလေ... ဘာလုပ်နေတာလဲ.... လက်ခံမှာလား လက်မခံဘူးလား...."

ဟု ခပ်ဆတ်ဆတ်အော်ငေါက်ပြီး မေးလိုက်သည့်အခါ ကျော်နိုင်သည် အယောင်ယောင်အမှားမှားဖြင့်

"လက်မခံချင်ပါဘူး သူကြီးမင်း"

ဟူ၍ ရွာသူရွာသားအားလုံးရှေ့ မှောက်၌ အလျော်ပေးမည့်ငွေကို လက်မခံနိုင်ကြောင်း အတည်ပြုပြောဆိုလေတော့၏။

"ကဲ.. အမိန့်တော် ချမှတ်မယ်.."

ရွာသူရွာသားများအားလုံး ကွန်ပျူတာရှပ်ဒေါင်းချလိုက်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြလေ၏။

"ယခု.. ကျော်နိုင်စအိုဝကို ၀ါးခြမ်းရှသည့်ကိစ္စသည် ကြိုတင်ကြံစည်မှုမဟုတ်၊ မတော်တဆမှုသာဖြစ်ပေသည်။ ကာယကံရှင်နှစ်ဦးတို့သည်လည်း သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်ကြလေသည်။ အလျော်အစားကိုလည်း သူတို့မလိုလားကြ။ ထို့ကြောင့် အမှုကို ဤကဲ့သို့ ဆုံးဖြတ်လိုက်သည်။ ထွန်းခင်သည် ကျော်နိုင်အား အလျော်ငွေ ပေးဆောင်ရန်မလို။ သို့ပေမဲ့ ထွန်းခင်သည် ကျော်နိုင်အား ကျေနပ်သည်အထိ အိုင် အမ်မ် ဆောရီး မိုင် ဖရင့်ဒ် ဟု တောင်းပန်သမှု ပြုရမည်။ မိဘများ ၀င်စွက်ခွင့်မရှိ။ နောက်နောင် အိမ်သာတက်လျှင် နှစ်ယောက်အတူ ထိုင်ပြီးမတက်ရ။ တစ်ယောက်ပြီးမှ တစ်ယောက်တက်ရမည်။ မလိုက်နာပါက ပြစ်ဒဏ် ငွေဒဏ်နှစ်ရပ်လုံးတစ်ပြိုင်နက် ချမှတ်မည်။ သူကြီးအမိန့်..."

အမှုကိစ္စပြတ်သွားပြီဖြစ်၍ လူထုပရိသတ်ကြီး လှုပ်လှုပ်ရွရွဖြင့် ထပြန်ကြရန် တာစူနေကြ၏။ ထိုအခိုက်၌.......

"ရွာသူရွာသားများအားလုံးကိုလည်း တစ်ပါတည်း အမိန့်ချမှတ်လိုက်မည်"

ဟူသော သူကြီးကိုကိုမောင် စကားကြောင့် အားလုံး အံ့သြသွားကြ၏။ နောက်ပြီးပြန်ထိုင်နေကြလေ၏။

"ယခုပြဿနာသည် အိမ်သာ၌ တုတ်စက္ကူကိုသာ အသုံးပြုကြသည့်အတွက် ဖြစ်ပေါ်လာရသော ပြဿနာပင်ဖြစ်သည်။ ထို့ကြောင့် တုတ်စက္ကူအသုံးပြုသည့် ရိုးရာမှ ရေကို အသုံးပြုသည့်ရိုးရာသို့ ပြောင်းလဲပြီး ဘုန်းတော်ကြီးကျောင်းသုံးအိမ်သာ အပါအ၀င် ရွာတွင်းရှိ အိမ်သာများအားလုံး တစ်လအတွင်းရေလောင်းအိမ်သာ တည်ဆောက်ကြဖို့ အမိန့်ချမှတ်လိုက်သည်.. အကယ်၍ မလိုက်နာပါက (သို့မဟုတ်) ပျက်ကွက်ပါက ရပ်ပယ်ရွာပယ်မိသားစုအဖြစ်သတ်မှတ်မည်... သူကြီးအမိန့်.."

ရွာသူကြီးကိုကိုမောင်၏ ဆုံးဖြတ်ချက်အပြီးမှာ ရွာသားများ စောဒကမတက်ရဲဘဲ မျက်နှာမူတူတူဖြင့်ထွက်ခွါသွားကြလေ၏။ သူကြီးကွယ်ရာ၌မူ...

"သူကြီးကိုကိုမောင် အရမ်းတော်တာဘဲ။ ဆုံးဖြတ်ချက်က ပိုင်နိုင်လိုက်တာ"

"ဟိုသေချင်းဆိုးလေးနှစ်ကောင်ကြောင့် ငါတို့ ပင်ပန်းရတော့မှာ"

"သူကြီးကိုကိုမောင်ကလဲ ပဲတွေချည်းဘဲ"

"ရေကို တစ်ခါမှ အသုံးမပြုဖူးတော့ ဘယ်လိုနေမလဲ မသိဘူး"

"တို့ကတော့ တုတ်စက္ကူခိုးအသုံးပြုရမှာဘဲ"

"ဘယ်လိုဘဲ ဖြစ်ဖြစ် ရေလောင်းအိမ်သာဆိုတော့ အနံ့သက်သာတာပေါ့"

တစ်ယောက်တစ်ပေါက်စကားသံတို့ဖြင့် ဆူညံလျက် ရှိနေလေတော့၏။ ထိုသို့ပင် တစ်ယောက်တစ်ပေါက် ဖြစ်နေကြသော်ငြားလည်း ရွာသူကြီးအမိန့်မို့ မည်သူမှ မလွန်ဆန်ရဲဘဲ နောက်တစ်နေ့၌ အ၀ယ်တော် တစ်ယောက်အား ကောလင်းမြို့သို့လွတ်လိုက်ပြီး အိမ်သာခွက်အစုံ ၃၃ စုံ အ၀ယ်ခိုင်းလိုက်ကြလေသည်။ ရွာသူရွာသားအားလုံးတို့သည်ကား ဘုန်းကြီးကျောင်းဝင်းထဲသို့ ဘုန်းတော်ကြီးနှင့်ကိုရင်ကျောင်းသားများအတွက် ရေလောင်းအိမ်သာတည်ဆောက်ဖို့ အင်တိုက်အားတိုက်စုဝေး ရောက်လာခဲ့ကြလေ၏။ အနက် ၁၀ပေ အလျား ၁၀ပေ အနံ ၅ ပေရှိ ကျင်းကိုတူးကြရန် ၁၀အိမ်တစ်စုစီဖြင့် ပထမဆယ်အိမ်စု ၄ ပေ၊ ဒုတိယနှင့်တတိယဆယ်အိမ်စု ၃ပေစီ တူးကြလေတော့၏။

ဤသို့ဖြင့် ဘုန်းတော်ကြီးကျောင်းသုံးခန်းတွဲရေလောင်းအိမ်သာ (ဘုန်းကြီးအိမ်သာတစ်ခန်း၊ ကိုရင်အိမ်သာတစ်ခန်း၊ ကျောင်းသားအိမ်သာတစ်ခန်း)ကြီးနှင့် ရပ်ရွာအတွင်းရှိ အိမ်တိုင်းစေ့ ရေလောင်းအိမ်သာတည်ဆောက်ခြင်းတို့သည် တစ်လအတွင်း လုံးဝပြီးဆုံးအောင်မြင်ခြင်းသို့ ရောက်လေတော့၏။ ထို့ကြောင့် ရေလောင်းအိမ်သာအောင်မြင်ပွဲကြီးကို ရွာဦးကျောင်းဝင်းအတွင်း၌ ရွာလုံးကျွတ် ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ၏။ ရွာ၏လှပျိုဖြူတို့နှင့်ကွမ်းတောင်ကိုင်တို့ဖြင့်ဖွဲ့စည်းထားသော ၀တ်ရွတ်အသင်းတို့မှ သံပြိုင်ရွတ်ဆိုသည့်....

"သူကြီးကိုမောင်၊ ရွာဂုဏ်ဆောင်၊ ဂုဏ်ရောင်ဂုဏ်ဝါလင်းပါစေ။
အပျိုလှလှ၊ အိမ်ထောင်ကျ၊ ထာဝရချစ်နိုင်ပါစေ။

အပျိုစစ်စစ်၊ ရတုံလစ်၊ အချစ်မေတ္တာခိုင်ပါစေ။

တုံးဖလားရွာ၊ အောင်မြင်တာ၊ ကမ္ဘာတစ်ဝှမ်းသိပါစေ။

ကိုမောင်သူကြီး၊ စပ်ဖြီးဖြီး၊ တစ်ခွီးခွီးရယ်မောနိုင်ပါစေ။
"

ဟူသော သံပေါက်ကဗျာတို့သည်လည်း ဘုန်းတော်ကြီးကျောင်းအတွင်းကျင်းပသည့် ရေလောင်းအိမ်သာအောင်ပွဲ၌ မိုးသို့တိုင် ညံနေလေတော့၏။ ရွာဦးကျောင်းဆရာတော်သည်လည်း ၀မ်းသာအားရဖြစ်၊ ရွာသူရွာသားတို့သည် အစ၌ ညီးညူကြသော်လည်း အားလုံးအောင်မြင်ပြီးဆုံးသွားသည့်အခါ ပျော်ရွှင်ကြည်နူးမဆုံးရှိကြလေ၏။ တစ်ဆင့်စကားအရ ရေလောင်းအိမ်သာကျေးဇူးကြောင့် အိမ်ထောင်ရေးကိစ္စ၌လည်း များစွာပိုမို သာယာစိုပြေလျက်ရှိကြလေသတတ်။

ရွာဦးကျောင်းဆရာတော်သည် ကျေးဇူးတင်လွန်းလှ၍ ဘိလပ်သို့ထွက်ခွါတော့မည့် သူကြီးကိုကိုမောင်ကို သူကိုယ်တိုင် စိပ်နေကျ ၁၀၈ လုံးပုတီးတစ်ကုံးကို လက်ဆောင်ပေးလေ၏။ သူကြီးကိုကိုမောင်က "ဆရာတော် ဘုရား.... တပည့်တော် ဘိလပ်သွားတာဟာ ပုတီးစိပ်ဖို့သွားတာမဟုတ်ဘူး၊ ပုတီးစိပ်ချိန် အများကြီး မပေးနိုင်ဘူးဒါကြောင့် အချိန်နည်းနည်းနဲ့ အပတ်ရေ များများရမဲ့ ပုတီးကိုသာစွန့်ပါ" ဟု ပြန်လျောက်လိုက်သဖြင့် ၁၀၈ လုံးပုတီးကို ပြန်ယူလိုက်ပြီး ဘုရားခန်းတိုင်တစ်တိုင်၌ ချိတ်ဆွဲထားသည့် စကားဝါသားဖြင့်ပြုလုပ်ထားသော ဂုဏ်တော်ကိုးပါး ၉ လုံးပုတီးတစ်ကုံးကို ပေးခဲ့လေ၏။

သူကြီးကိုကိုမောင်သည် ဘိလပ်ပြည်သို့ရောက်ရှိပြီး အများတကာ စားဝတ်နေရေးအဆင်မပြေဖြစ်နေကြသော်လည်း သူကိုယ်တိုင်မှာမူ အားလုံးချောချောမောမော စိုစိုပြေပြေဖြစ်နေသဖြင့် တစ်ခုခုတော့ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားနေရလေ၏။ ထို့ကြောင့် ရွာဦးကျောင်းဆရာတော်ပေးခဲ့သည့် စကားဝါသားဖြင့် ပြုလုပ်ထားသော ပုတီးကို ဆန်းစစ်ကြည့်လေရာ ထူးဆန်းတိုက်ဆိုင်စွာပင် ကိုးန၀င်းလေးခါမိနေခြင်းကို တွေ့ရှိလေတော့၏။ ထို ကိုးန၀င်းတို့မှာ..

ဂုဏ်တော် ကိုးပါး ၉ လုံး ပုတီး= ()
စကားဝါ=(စ +ကား+၀ါ ၄= ၉)
ကိုကိုမောင်= (ကို
+ ကို + မောင် ၅= ၉)
ဘိလပ်= (ဘိ
+ လပ် ၄= ၉)

ဟူ၍ပင် ဖြစ်လေတော့၏။ ထပ်ပြီး ဆက်စပ်တွေးတောလေရာ နောက်ထပ် ကိုးန၀င်း ၅ ခါ ထပ်မိနေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရလေတော့၏။ ထွန်းခင်နှင့်ကျော်နိုင်ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် ည ကိုးနာရီအချိန် အိမ်သာ (ဘုန်းတော်ကြီးများ အခေါ် ကုဋီ)၌ ၀ါးခြမ်းစိပ်ရှခဲ့ခြင်းကြောင့်ဖြစ်လေ၏။ ထို့ကြောင့်...

နာရီ = ()
ဝါးခြမ်းစိပ် (၀ါး
+ ခြမ်း + စိပ် ၃= ၉)
ထွန်းခင် (ထွန်း
+ ခင် ၂= ၉)
ကျော်နိုင် (ကျော်
+ နိုင် ၇= ၉)
ကုဋီ (ကု
+ ဋီ ၇= ၉)

ဟူ၍ ကိုးန၀င်း ၅ ခါတိတိမိနေလေ၏။ စုစုပေါင်း ရေတွက်ကြည့်လိုက်ရာ ကိုးန၀င်းကို ကိုးခါတိတိမိနေခြင်းကြောင့် ကိုးန၀င်းအောင်နေသည့်အတွက် ရွာသူကြီးကိုကိုမောင်သည် ဘိလပ်၌ သာယာစိုပြေ ကြည်နူးဝမ်းသာ ကျန်းမာချမ်းသာလျက် ရှိနေချေတော့၏။ ဤသို့လျှင် သူကြီးကိုကိုမောင်တစ်ယောက် အိမ်သာတက်တရားစီရင်မှုမှသည် ဘုန်းတော်ကြီးကျောင်းအပါအ၀င် ရွာလုံးကျွတ်ရေလောင်းအိမ်သာအသုံးပြုမှု၊ ရွာဦးကျောင်းဆရာတော်၏ ကြည်နူးဖွယ်မျက်နှာအနေအထား၊ ဘိလပ်သို့ ထွက်ခွါခါနီး ဆရာတော်ပေးစွန့်ခဲ့သည့် အပတ်ရေများများရသည့်ပြင် ကိုးန၀င်းပါ မိနေသည့် စကားဝါသား ပုတီးတစ်ကုံး၊ စသည့်စသည့် အတိတ်က အရိပ်တို့ကို စဉ်းစားရင်း ကြည်နူးပီတိဖြစ်မှုနှင့်အတူ ရွာဦးကျောင်းဆရာတော်ကို စိတ်မှန်းပြီး လက်အုပ်အကြိမ်ကြိမ်ချီ ကန်တော့နေမိလေတော့သတည်း။ ။


မှတ်ချက်။
ရွာဦးကျောင်းရေလောင်းအိမ်သာ(ကုဋီ)တည်ဆောက်မှုမှတ်တမ်းဓါတ်ပုံများကို အနည်းငယ်ဖော်ပြပေးလိုက်ပါသည်။

အိမ်သာ(ကုဋီ)အဟောင်း

ရေလောင်းအိမ်သာ (ကုဋီ) စတင်တည်ဆောက်မှု

ရေလောင်းအိမ်သာ (ကုဋီ) ပြီးစီးမှု အခြေအနေ


....

Thursday 3 June 2010

ရွာသူကြီး ကိုကိုမောင် ဖြတ်ထုံး

နေလုံးကြီးစုံးစုံးမြှုပ်မ၀င်မီ လမင်းကြီးပြူထွက်စပြုသောနေ့၌ ဘဏ်သူဌေးကြီးကိုကိုမောင်တစ်ယောက် ရာထူးတစ်ခု လက်ခံရရှိလိုက်၏။ ရွာသူကြီးရာထူးတဲ့။ တုံးဖလားရွာကြီးကို အုပ်ချုပ်ခြယ်လှယ်ရမည့် ရွာသူကြီးပင်။ ရာထူးကြီးလျင် ကြေးကြီးကြီးထည့်ဝင်လှူဒါန်းရသည့် ခေတ်ကာလမို့ ၄င်းရာထူးအား မည်သည့်သူမျှ လိုချင်တပ်မက်မောလေ့မရှိပေ။ ထို့ကြောင့်ပင် ငွေကြေးအင်အားတောင့်တင်းသည့် ကိုကိုမောင်လက်ထဲသို့ ထိုရာထူးကြီး ဆိုင်းမဆင့်ဘုံမဆင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိခဲ့ခြင်းပင်တည်း။ အိမ်ခြေ သုံးထောင်မဟုတ် သုံးရာမဟုတ် သုံးဆယ်မျှသာရှိသောရွာ၌ ရွာသူကြီးတစ်ယောက်၏ တာဝန်သည်ကား စကြာဝတေးမင်း၏ တာဝန်ထက်ပင် ကြီးမားပြီးအရေးကြီးလျက်ရှိချေတော့သည် တမုံ့။

ရွာလုံခြုံရေးအတွက် အိမ်တိုင်းစေ့ခြံကာခြင်းနှင့်ရွာပတ်လည်ခြံခတ်ခြင်း၊ မီးကင်းချထားရခြင်း၊ ကျွဲတင်းကုတ် နွားတင်းကုတ်များ တည်ဆောက်ပေးရခြင်း၊ ရွာဦးကျောင်းဆောက်လုပ်ရေး၌ ကြီးကြပ်ပေးရခြင်း စသည့်စသည့် မဟာ့မဟာတာဝန်များသည် ရွာသူကြီးကိုကိုမောင်၏ ဦးခေါင်းထက်၌ပင် ရှိနေလေ၏။ အဆိုးဆုံးမှာ ရွာ၌ဖြစ်ပေါ်သည့်မှုခင်းကိစ္စတို့ကို ဖြေရှင်းပေးရခြင်းပင်ဖြစ်၏။ ယုတ်စွအဆုံး အငြင်းအခုန်ဖြစ်ပွါးနေလျင်ပင် ရွာသူကြီးက ဆင့်ခေါ်ပြီး ကိုင်တွယ်ဖြေရှင်းပေးရခြင်းပင် ဖြစ်လေ၏။ တာဝန် ကြီးမားလှပေစွ။

တစ်နေ့သောအခါ လူသုံးယောက်တို့သည် ရွာထဲ၌ အပြင်းအထန် အငြင်းအခုန်ပြုလုပ်နေကြလေ၏။ ကိုယ်ကအမှန် ကျန်တဲ့သူများက အမှားဟူ၍ သူတို့အားလုံးယူဆထားကြလေ၏။ ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်သည့် ငြင်းခုန်ပွဲကြီးပင်တည်း။ ထိုသုံးယောက်တို့မှာ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင် တို့ပင်ဖြစ်လေ၏။ ပို၍ဆိုးသည်မှာ ထိုသုံးယောက်လုံးပင် ဘိလပ်ပြန်တွေချည်းဖြစ်နေခြင်းပင်။ ဘိလပ်ခေါ် အင်္ဂလန်နိုင်ငံသို့ ကောက်စိုက်ခြင်း အတတ်ပညာ၊ တောင်ယာခုတ်ခြင်းအတတ်ပညာနှင့် ကျွဲကျောင်းနွားကျောင်း အတတ်ပညာတို့ကို သွားရောက်သင်ယူပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် မာစတာဘွဲ့ကြီးများကို အသီးသီး ပိုက်ထွေးကာ တုံးဖလားရွာကြီးသို့ ပြန်လည်ရောက်ရှိလာကြသောသူများပင်ဖြစ်လေ၏။

သက်ဆိုင်ရာ ပညာတို့ကို သင်ယူပြီးသူအချင်းချင်းမို့ မာန်မာနတွေ တစ်လွင့်လွင့်ထူကာ ရွာသူကြီးရာထူးကိုပင် သူတို့၏ ဂုဏ်သိက္ခာအရ လိုချင်နေသူများဖြစ်လေ၏။ သို့သော် သူတို့၏ ငွေကြေးပမာဏသည် ဘဏ်သူဌေး ကိုကိုမောင်၏ လဘက်ရည်ဖိုးမျှပင် မပြည့်မီချေ။ ပညာအဆင့်အတန်းအနေနဲ့ဖြင့်လည်း သူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များထက် နှာတစ်ဖျားသာသည်ဟုဆိုရမည်ဖြစ်၏။ ဖြီးတတ်ဖျန်းတတ် ရွှီးတတ်လှီးတတ်လေ၏။ ကြုံရင်ကြုံသလို ရွှီးတတ်သော သူကြီးကိုကိုမောင်ကို ရွာသူရွာသားများက ကွယ်ရာ၌ ကိုကြုံရွှီး ဟူ၍ ချစ်စနိုးပင်ခေါ်ကြလေသေးသတတ်။ ထိုသို့သောအကြောင်းများကြောင့်ပင် ရွာသူကြီးရာထူးကို ရွာလုံးကျွတ်မျှ ကန့်ကွက်သူမရှိဘဲ ကိုကိုမောင်လက်ထဲသို့ ယုံကြည်အပ်နှံလိုက်ခြင်းပင်ဖြစ်လေ၏။

ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ငြင်းခုန်နေကြသည့် ပြဿနာမှာ မိတ်အင်တုံးဖလားဖြစ်မဟုတ်ချေ။ ဘိလပ်ဖြစ် ပြဿနာကြီးပင်ဖြစ်၏။ သူတို့ပြောဆိုငြင်းခုန်နေကြသည့် စကားတို့မှာ...

"ဘိလပ်ဆိုတာ အ၀တ်မ၀တ်ထားတဲ့ ငါးဖောင်ရိုးအမျိုးသမီးတစ်ယောက်လို ရိုးတံပြိုင်းပြိုင်းကြီးပါကွာ"

"မဟုတ်ဘူး ပေါက်ကျော် မင်းမှားနေတယ်။ အမှန်က ဘိလပ်ဆိုတာ ကျောင်းစိမ်းဝတ်ထားတဲ့ ကျောင်းသူခပ်ချောချောခပ်တောင့်တောင့်တစ်ယောက်လို စိမ်းလန်းစိုပြေလှပပြီး ရှုချင့်စဖွယ် တင့်တင့်တယ်တယ်ပါ"

"မင်းတို့မှားနေတယ် ပေါက်ကျော်နှင့်တောက်ထိန်။ တကယ်ဆို ဘိလပ်ဆိုတာကြီးဟာ မေမြို့ရုက္ခဗေဒဥယျာဉ်ကြီးလို ပန်းပေါင်းစုံဝန်းရံခနေတဲ့ နတ်ဘုံဗိမာန်ကြီးတစ်ခုဘဲ ဖြစ်ပါတယ်"

"မင်းတို့မှားနေတယ်"

"မဟုတ်ဖူး မှားနေတာက မင်းတို့"

"တကယ်မှားနေတာက မင်းတို့"

ဤသို့ဤနှယ် ပဋိစ္စသမုပ္ပါဒ်သံသရာငြင်းခုန်ပွဲကြီးသည် တုံးဖလားရွာတင်မကဘဲ ရွာနီးစပ်ရွာများနှင့် မြို့နယ်အဆင့်သို့ပင် ကူးစက်သွားလေတော့၏။ ပေါက်ကျော်ဆွေမျိုး၊ တောက်ထိန်ဆွေမျိုး၊ တိုးမောင်ဆွေမျိုး ဟူ၍ အုပ်စုကြီးပင် သုံးစုလောက် ကွဲစပြုနေလေပြီ။

"ကဲပါကွာ.. ဒီပြဿနာကို တို့ချည်း ငြင်းခုန်နေရင်တော့ ပြီးဆုံးမဲ့ ကိန်းမမြင်ချေဖူး။ ရွာသူကြီးထံ အဆုံးအဖြတ်ခံကြမယ်။ ဘယ်လိုလဲ"

"ရွာသူကြီးကကော ဘာသိမှာမို့လဲ။ ဘိလပ်အကြောင်းကို တို့လောက်တောင် သိချင်မှ သိမှာ"

"ဟာ.. အဲဒီလိုတော့ မပြောနဲ့ကွ။ သူဖတ်တဲ့ စာအုပ်တွေက ဓမ္မသတ်၊ ရာဇသတ်၊ အကုန်သတ်ဆိုတဲ့ စာအုပ်ထူထူကြီးဟ။ ဟိုတစ်နေ့ကတောင် ကောလင်းသွားတဲ့လူကြုံကို ၀ိနည်းအဆုံးအဖြတ်ကျမ်းဆိုလား မသိဘူး။ မှာလိုက်သေးတယ်"

"ကဲပါ.. ဒါဖြင့်လဲ ရွာသူကြီးဆီမှာဘဲ အဆုံးအဖြတ်ခံကြတာပေါ့။ သမာသမတ်ကျကျဆုံးဖြတ်နိုင်တယ်ဆိုရင်တော့ တို့အားလုံး လက်ခံကြတာပေါ့ကွာ။ အေး.. တကယ်လို့ မဆုံးဖြတ်ပေးနိုင်ဘူးဆိုရင်တော့ သူ့ကို ရွာသူကြီးရာထူးက အတင်း ဖြုတ်ချပြီး တို့ထဲက နိုင်တဲ့သူ ရွာသူကြီးလုပ်ကြစတမ်းပေါ့။ ဟုတ်ပြီလား"

"ကောင်းပါပြီ... ကောင်းပါပြီ။ အဲဒီလိုဘဲ လုပ်ကြတာပေါ့"

နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့..... အဲ အဲ... ယောင်လို့... နောက်ဆုံး၌ ထိုပြဿနာကို ဖြေရှင်းပေးရန် ရွာသူကြီး ကိုကိုမောင်ထံပါးသို့ သုံးယောက်သား အထောက်အထားများစွာဖြင့် ဆိုက်ရောက်လာခဲ့ကြလေတော့၏။ ကိုကိုမောင်တစ်ယောက် ရှင်ပြုသည့်နှစ်မှ ၀ါကြီးထပ်လေပြီ။ ဦးဏှောက် ခြောက်ရလေပြီတည်း။

အမှုဆုံးဖြတ်မည့်ရက်၌ အိမ်ခြေသုံးဆယ် လူဦးရေ နှစ်ရာခန့်ရှိသော တုံးဖလားရွာသူရွာသားများအားလုံး ရွာသူကြီး ကိုကိုမောင်အိမ်ဝင်းထဲသို့ ရောက်ရှိနေကြလေပြီ။ အိမ်မဆန့်၍ အိမ်ဝင်းထဲ၌ ယာယီမဏ္ဍပ်ထိုးပေးထားရ၏။ ပေါက်ကျော် တောက်ထိန် တိုးမောင်တို့သည်လည်း ရွာသူကြီးကိုကိုမောင်ရှေ့ မှောက်၌ အထောက်အထားနှင့်တကွ သက်သေပြရန် အဆင်သင့်ဖြစ်နေလေပြီ။ ရွာသူကြီးကိုကိုမောင်သည် ရွာသူကြီးရာထူးကို ရယူထားလင့်ကစား လူပျိုလူလွတ်ကြီးတစ်ယောက် ဖြစ်နေသည်ကတစ်ကြောင်း၊ မိဘနှစ်ပါးမရှိတော့ဘဲ တစ်ယောက်တည်းတစ်ကောင်ကြွက်ဖြစ်နေသည်ကတစ်ကြောင်း၊ လူများကို လွန်စွာအားနာတတ်သည်ကတစ်ကြောင်းတို့ကြောင့် အမှုဆုံးဖြတ်ပေးဖို့ ရာဇသတ် ဓမ္မသတ် အကုန်သတ် ၀ိနည်းအဆုံးအဖြတ် ကျမ်းကြီးတို့ကို ဖတ်လိုက်၊ ရောက်ရှိလာကြသည့် ရွာသူရွာသားများကို ထမင်းကျွေးမွေးရန် မီးဖိုချောင်တွင်းဝင်ကာ ထမင်းဟင်း ချက်ပြုတ်လိုက်ဖြင့် အလုပ်အရှုပ်ကြီး ရှုပ်နေချေတော့၏။

အမှုအဆုံးအဖြတ်ကို စိတ်ဝင်စားသည်ကတစ်ကြောင်း၊ ရွာသူကြီးကိုကိုမောင်တည်ခင်းကျွေးမွေးလေ့ရှိသည့် (အားနာ၍ကျွေးခြင်း :D) အစားအသောက်ကောင်းများကို အ၀အပြဲစားလိုသည်ကတစ်ကြောင်း တို့ကြောင့် ရွာသူရွာသားများသည် ရွာလုံးကျွတ် မီးခိုးတိတ် တံခါးပိတ်လာရောက်ကြခြင်းပင်ဖြစ်လေ၏။ ဂေါ်မစွံသည့် လူပျိုသိုးကြီးများသည်လည်း အပျိုတွေစုံတုန်း ရိသဲ့သဲ့လုပ်ဖို့လာရောက်ကြ၏။ အလောင်းအစားဝါသနာပါသည့်သူများလည်း ပေါက်ကျော် ၃လေး ၁လေး၊ တောက်ထိန် ၅လေး ၃လေး၊ တိုးမောင် ၇လေး ၅လေး စသည့် လောင်းကစားဘွတ်ကီများဖွင့်ကြလေ၏။ ထိုကြားထဲမှာပင် နှစ်လုံးသုံးလုံးရောင်းသူများသည်လည်း အလုပ်အကိုင်ဖြစ်နေကြ၏။ အတော်လေး အားကျဖို့ကောင်းသည့် လူတွေပါတကား။

ရွာသူကြီးကိုကိုမောင်တစ်ယောက် အကျွေးအမွေး အဆေးအကြော အားလုံးပြီးဆုံးသည့်နောက် ချွေးပြန်နေသည့် မျက်နှာပြင်ကြီးကို မရမ်းကုန်းအထည်ချုပ်စက်ရုံဖြစ် သဘက်ကြမ်းကြီးဖြင့် ခပ်ဖိဖိသုတ်သင်လိုက်ပြီး တရားခွင်သို့ ရောက်ရှိလာလေ၏။ ရွာဆော်မောင်းကြီးကို ဒူ ကနဲ ထုကာ အမှုစတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်လေ၏။ ရွာသူရွာသားများ အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ နားစွင့်နေကြလေ၏။ ထိုအခိုက်၌ အပျိုကြီးဂွမ်းပုံမှ ဘူ ကနဲ ကျယ်လောင်စွာ လေလည်လိုက်သည့်အတွက် ပရိသတ်များအားလုံး ၀ါးဟားဟား ဖြစ်သွားကြလေတော့၏။ အပြစ်တင်သူတင် နှာခေါင်းရှုံ့ သူရှုံ့ ဖြင့် တစ်ဖန် တိတ်ဆိတ်စွာ တရားခွင်ကို စောင့်မျှော်နေကြလေတော့သတည်း။

ရွာသူကြီး ကိုကိုမောင်၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏

"ကဲ.. ပေါက်ကျော်.. မင်းပြဿနာကို မင်းအရင်တင်ပြ..."

"ဒီလိုပါ ရွာသူကြီး၊ ကျနော်မျိုးက ဘိလပ်နိုင်ငံဟာ ရိုးတံကျဲကျဲနဲ့ ရုပ်ပျက်ဆင်းပျက်ရှိကြောင်းပြောပါတယ်။ အဲဒါကို တောက်ထိန်နှင့်တိုးမောင်တို့က ကန့်ကွက်ကြတယ်။ ဘိလပ်ဟာ မင်းပြောသလို မဟုတ်ဘူးတဲ့"

"ဒါဆို မင်းက မင်းပြောတာ မှန်ကန်ကြောင်း ဘယ်လို သက်သေပြမလဲ"

"မယုံရင် ဒီမှာ ကြည့်ပါ သူကြီးမင်း"

ထိုသို့ပြောပြီး ပေါက်ကျော်တစ်ယောက် ဘိလပ်သွားစဉ်က သူရိုက်ယူလာခဲ့သည့် ဓါတ်ပုံအား ထုတ်ပြလေတော့၏။ ဓါတ်ပုံကို ကြည့်ပြီး ရွာသူကြီးကိုကိုမောင်က....

"အေး... မင်းဓါတ်ပုံတွေအရဆိုရင်တော့ မင်းကမှန်နေတာဘဲ။ ဒါနဲ့ နေပါဦး။ ဒီဓါတ်ပုံကို မင်းကိုယ်တိုင် ရိုက်ယူလာခဲ့တာတော့ ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် သူကြီးမင်း။ ကျနော်မျိုးရဲ့မိဘတွေက ကျွဲတစ်ရှဉ်းရောင်းပြီး ၀ယ်ပေးခဲ့တဲ့ ကျနော်မျိုးပိုင် ကင်နွန်ကင်မရာကြီးနဲ့ ရိုက်လာခဲ့တဲ့ပုံပါ သူကြီးမင်း"

"အေး... မင်းပြောတာ ယုတ္တိရှိတယ်"

ထိုအခိုက် တောက်ထိန်နှင့်တိုးမောင်တို့က...

"သူကြီး... အဲဒီလိုတော့ တစ်ဖက်သတ် မဆုံးဖြတ်ပါနဲ့၊ ကျနော်တို့မှာလဲ ကျနော်တို့မှန်ကန်ကြောင်း အထောက်အထားရှိပါတယ်"

ရွာသူကြီးကိုကိုမောင်သည် မောင်းကို ဒူ ကနဲမြည်အောင် ခပ်နာနာထုလိုက်ပြီး--

"မင်းတို့ကို မေးမှ ဖြေပါ။ ကြားဝင်မစွက်ပါနဲ့။ နောက်တစ်ခါ ၀င်စွက်ရင် ၀င်စွက်တဲ့သူ အရှုံးဘဲ"

ဟူ၍ ခြောက်လန့်ပြီး အမှုကို ဆက်လက်စစ်ဆေးနေလေတော့၏။ အတန်ငယ်စစ်ဆေးပြီးနောက်....

"ကဲ... တောက်ထိန်.. မင်းပြဿနာကို တင်ပြနိုင်ပြီ"

"ကျနော်မျိုးက ဘိလပ်ဆိုတာ စိမ်းလန်းစိုပြေနေတဲ့အရပ်တစ်ခုပါလို့ပြောပါတယ်။ အဲဒါကို သူတို့နှစ်ယောက်က မဖြစ်နိုင်ဘူးဆိုပြီး အကျောက်အကန်ငြင်းခုန်ပါတယ် သူကြီးမင်း။ ကျနော်မျိုးမှာလဲ ဓါတ်ပုံအထောက်အထား ရှိပါတယ်။ ဒီမှာ ကြည့်ပါ"

"ဟေ... မင်းတင်ပြပုံအရဆိုရင်လဲ ဟုတ်တုတ်တုတ်ဘဲ။ ဒါနဲ့... မင်းကကော ဒီဓါတ်ပုံကို ကိုယ်တိုင် ရိုက်ယူလာတာလား"

"ဟာ... သူကြီးမင်းကတော့ လုပ်ပြီ။ စပါးပေါ်တဲ့အခါ အကြေဆပ်မယ်ဆိုပြီး ရွာတောင်ပိုင်းက မောင်ပိုဆီမှာ ငွေသုံးသိန်းချေးပြီး ၀ယ်ထားတဲ့ ဆိုနီ ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာတာပါဗျ။ ဓါတ်ပုံအောက်ခြေမှာ ဓါတ်ပုံရိုက်တဲ့ ရက်စွဲတွေတောင် ပါသေးတယ်။ သူကြီးမင်း ကြည့်ရှုစစ်ဆေးနိုင်ပါတယ်"


"အေး..အေး.. မင်းလဲ ယုတ္တိရှိနေသားဘဲ"

ပေါက်ကျော်နှင့်တောက်ထိန်ကို စစ်ဆေးပြီးနောက်...

"ကဲ... တိုးမောင်... မင်းအလှည့်ရောက်ပြီ၊ မင်းပြဿနာကို တင်ပြပေတော့"

"ဒီလိုပါ သူကြီးမင်း။ ကျနော်မျိုးက ဘိလပ်ဆိုတာ ပန်းပေါင်းစုံပွင့်ဖူးနေတဲ့ ပျော်မွေ့ဖွယ်ဘုံဌာနတစ်ခု ပါဘဲ လို့ ပြောပါတယ်။ အဲဒါကို သူတို့က ယုတ္တိမရှိဘူးဆိုပြီး ငြင်းပါတယ်။ ကျနော်မျိုးမှာလဲ အထောက်အထားရှိပါတယ်။ ဒီဓါတ်ပုံကို ရှုလှည့်ပါ သူကြီးမင်း"

"ဟေ.... မင်းလဲ ခပ်ဟုတ်ဟုတ်ပါဘဲလား။ ဒါနဲ့.. မင်းလဲ မင်းကိုယ်တိုင် ရိုက်လာခဲ့တဲ့ ဓါတ်ပုံတော့ ဟုတ်ပါတယ်နော်"

"ဟာ.. သူကြီးမင်းကလဲ အထင်သေးလိုက်တာ။ ဘိလပ်သွားခါနီး ကျနော့်ဆွေမျိုးတွေ စုပြီး ၀ယ်ပေးခဲ့တဲ့ အိုလံပတ်စ် ကင်မရာကြီးနဲ့ ကိုယ်တိုင် ရိုက်လာခဲ့တာပါဗျ။ ဒါတောင် ဘိလပ်မှာ တစ်ပတ်နှစ်ရက်ဖွင့်တဲ့ ကားဘု(တ်) ဈေးထဲက ၀ယ်ထားတဲ့ ကောန်ကော့ဒါနဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ ပျက်သွားလို့ မတင်ပြနိုင်တာ။ နို့မို့ဆိုရင် ကျနော်မျိုးသက်သေက ပိုခိုင်မာမှာ သေချာတယ်"

ရွာသူကြီးကိုကိုမောင်သည် အမှုသည်တို့ကိုတစ်လှည့်၊ သူတို့တင်ပြသည့် ဓါတ်ပုံတို့ကို တစ်လှည့်၊ လာရောက်နားထောင်နေကြသည့် ရွာသူရွာသားများကိုတစ်လှည့် ကြည့်ကာ ပြဿနာ၏ ဇာစ်မြှစ်အမှန်ကို မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေလေ၏။ ရွာသူရွာသားများနှင့်အမှုသည်တို့သည်လည်း ရွာသူကြီးကိုကိုမောင်၏ အဆုံးအဖြတ်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နားစွင့်နေကြလေ၏။ အမှားအမှန် ကောက်ချက်ချရန် ရွှေဥာဏ်တော်ကို များစွာအသုံးချရသည့်အတွက် ရွာသူကြီးကိုကိုမောင်၏ လက်ကတီးကြားတို့၌ ချွေးသီးချွေးပေါက်တို့ ကွန်းခိုနေကြလေ၏။ နောက်ဆုံး၌.....

"ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ အမှုသည် တိမ်သယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်၊ အချက်ချချလေ့လာဆုံးဖြတ်ဖို့ လိုအပ်ပါသောကြောင့် ဤအမှုကို ဆက်လက်စစ်ဆေးရန် ရက်အကန့်အသတ်မရှိ ရွှေ့ ဆိုင်းလိုက်သည်... သူကြီး အမိန့်..."

ဟူ၍ တဒင်္ဂအခက်အခဲကို ထိုသို့သောနည်းဖြင့် ဖြေရှင်းလိုက်ရလေတော့၏။ အမှုသည်တို့နှင့်ရွာသူရွာသားများသည် ....

"ဟာ.."

"ဟင်... အို..."

"ဘယ်လိုကြီးလဲ..."

"ရွာသူကြီးကိုယ်တိုင်တောင် မဖြေရှင်းနိုင်ဘူးဆိုတော့ ပေါက်ကျော်တို့ တောက်ထိန်တို့ တိုးမောင်တို့က အရမ်းတော်တာဘဲ..."

"ရွာသူကြီး ကိုကိုမောင်လဲ တော်ပါတယ်။ အခြေအနေအရ ခဏဆိုင်းထားတာ ဖြစ်မှာပါ"

ထိုကဲ့သို့ တစ်ယောက်တစ်ပေါက် အော်ဟစ် ပြောဆို ညည်းညူကြရင်း မိမိတို့၏ အိမ်ဂေဟာ အသီးသီးတို့ ပြန်သွားကြလေ၏။ လောင်းကစားဒိုင်များသည်လည်း အဖြေမှန်မပေါ်ခဲ့သည့်အတွက် ငွေများပြန်အမ်းပေးရကာ စိတ်အညစ်ကြီးညစ်နေကြလေတော့၏။

ထိုည၌ ရွာသူကြီး ကိုကိုမောင်တစ်ယောက် အိပ်၍မပျော်နိုင်ပေ။ ခေါင်းအုံးပေါ် နဖူးတင်ပြီး ပြဿနာ၏ အတိမ်အနက်ကို အနုလုံ ပဋိလုံစဉ်းစားပြီး ခေါင်းရှုပ်နေ၏။

"ငါက ရွာသူကြီး၊ ရွာသားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရမယ်။ မဟောသဓာတောင် ပြဿနာပေါင်းစုံကို သွေးအေးအေးနဲ့ ဖြေရှင်းနိုင်ခဲ့သေးတာဘဲ၊ ငါက ဘာဖြစ်လို့ မဖြေရှင်းပေးနိုင်ရမှာလဲးဝ)၊ ငါ အဆင်ပြေအောင် ဖြေကို ဖြေရှင်းပေးမှ ဖြစ်မယ်။ ဒီပြဿနာက ဘိလပ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်နေတယ်။ ငါကိုယ်တိုင် ဘိလပ်ကို မရောက်ဖူးတာက ခက်နေတယ်။ ဒီတော့ ငါကိုယ်တိုင် ဘိလပ်ကို သွားမယ်။ အခြေအနေမှန်ကို စုံစမ်းဖော်ထုတ်မယ်။ ပြီးတော့ ဘိလပ်သားတွေ မြေကျင်းတူးတာတော်တယ်လို့ ကြားဖူးတယ်။ မြေအောက်ရထားတွေလဲ ရှိတယ်တဲ့။ မြေအောက်ကို ပေ လေးငါးရာ တူးပြီး ဖောက်လုပ်ထားတာတဲ့။ ဒီတော့ အဲဒီမှာ မြေတူးတဲ့ပညာသင်ယူရမယ်။ ဒါမှ ရွာမှာ သောက်ရေအတွက် ရေတွင်းတွေကို သေသေသပ်သပ် တူးနိုင်မှာ။ ဟုတ်ပြီ။ ဒီအကြံမဆိုးဘူး။ ဘိလပ်ကို ငါ ကိုယ်တိုင်သွားမယ်"

ထိုသို့ကဲ့သို့ စဉ်းစားဆုံးဖြတ်ပြီး ရွာသားများအားလုံး၏ သဘောတူညီချက်အရ ဘိလပ်ပြန် ပေါက်ကျော်၊ တောက်ထိန်နှင့် တိုးမောင်တို့အား ရွာကို လေးလတစ်ကြိမ် အလှည့်ကျ ကောင်းကောင်းမွန်မွန်အုပ်ချုပ်စေပြီး ဘဏ်တိုက်ထဲမှ စတာလင်ပေါင် သုံးသောင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ အနည်းငယ်တို့ကို ထုတ်ယူပြီး ရန်ကုန်၌ ယူအက်စ်ဒေါ်လာနဲ့ လှဲလှယ်ကာ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ၌ ရန်ကုန်-ဗန်ကောက်-လန်ဒန် တီဂျီလေကြောင်းဖြင့် ဘိလပ်သို့ ရွာသူကြီးကိုကိုမောင် ချီတက်လာခဲ့လေ၏။

ယခုဆိုလျှင် ရွာသူကြီးကိုကိုမောင်တစ်ယောက် ဘိလပ်သို့ရောက်ရှိနေသည်မှာ နှစ်ပရိစ္ဆေဒအားဖြင့် သုံးနှစ်ခန့်ရှိလေပြီ။ ရေတွင်းတူးသည့်ပညာရပ်၌လည်း မာစတာဘွဲ့ရခါနီးနေလေပြီ။ ဘိလပ်ရာသီဥတုများစွာကိုလဲ ကိုယ်တိုင်ကြုံခဲ့ဖူးလေပြီ။ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ ပြဿနာကို ဖြေရှင်းပေးဖို့ အရည်အချင်းလည်း အပြည့်အ၀ရရှိပြီးဖြစ်လေပြီ။ ပညာစုံသလောက် ဖြစ်သွားလေပြီတည်း။

ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့၏ တင်ပြချက်သည် အားလုံးမှန်ကန်နေလေ၏။ သို့သော် သူတို့၏ အယူအဆသည် အားလုံး မှားယွင်းနေလေ၏။ ပေါက်ကျော်သည် ဘိလပ်သို့ ဆောင်းတွင်းကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထို့ကြောင့် အအေးဒဏ်ကို မခံနိုင်သည့်အတွက် အရွက်အားလုံး မြေခကြွေကျနေသည့်အတွက် ဘိလပ်က သစ်ပင်များ ရိုးတံကျဲကျဲ ဖြစ်နေခြင်းဖြစ်ရာ၏။ ထိုသို့သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ငြင်းခုန်နေခြင်းဖြစ်တန်ရာ၏။ တောက်ထိန်သည် ဘိလပ်သို့ နွေရာသီ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ နွေရာသီ၌ ဘိလပ်ရှိ သစ်ပင်များအားလုံး အရွက်စိမ်းလန်းစိုပြေနေကြ၏။ နေဓါတ်ရ၍ အရွက်အခက်များ တူရရူထွက်နေကြ၏။ ထို့ကြောင့် သူသည် သူ၏အမြင်ကို မစွန့်လွတ်နိုင်ခြင်းဖြစ်တန်ရာ၏။ တိုးမောင်သည် ဘိလပ်သို့ နွေဦးကာလ၌ ရောက်ရှိခဲ့မည်ဖြစ်၏။ ထိုနွေဦးကာလတွင် ဘိလပ်၌ ပန်းပေါင်းစုံပွင့်ဖူးကြ၏။ အပွင့်ရှိသည့်အပင်မှန်သမျှ အားလုံးညီညီညာညာတစ်ချိန်တည်းလိုလို ဖူးပွင့်ကြ၏။ ထိုအတွေ့အကြုံကြောင့် သူသည်လည်း အကျောက်အကန် ငြင်းခုန်နေခြင်း ဖြစ်တန်ရာ၏။ သူတို့အားလုံးမှန်ကန်သော်လည်း လှေနံဓါးထစ် မှတ်သားထားသည့်အတွက် သူတို့ အားလုံး မှားယွင်းကြ၏။
...

ရွာသူကြီးကိုကိုမောင်သည် သူ၏အဘိုးဖြစ်သူ မဟာကိုကိုမောင်၏ ပြောစကားများကို အမှတ်ရမိနေလေ၏။
တစ်နေ့၌ လူကြီးတစ်ယောက်သည် သားသုံးယောက်တို့ကို မေးခွန်းတစ်ခု မေးလေသတတ်။ သားတို့ ပေါက်ပင်ဆိုတာ ဘယ်လိုဟာကြီးလဲဟူ၍။ နွေကာလ၌ ပေါက်ပင်နားရောက်ဖူးခဲ့သည့် သားတစ်ယောက်သည် ပေါက်ပင်ဆိုတာ အရွက်မရှိ အရိုးသက်သက်မျှသာ ဖြစ်ချေ၏ဟု ဖြေသတတ်။ မိုးကာလ၌ ပေါက်ပင်နားသို့ ရောက်ဖူးသည့် အခြားသားတစ်ယောက်သည် ပေါက်ပင်ဆိုသည်မှာ အရွက်တို့ဖြင့်စိမ်းလန်းတင့်တယ်နေသည့်အပင်ကြီးတစ်ပင်ပင် ဖြစ်ချေ၏ဟု ဖြေဆိုသတတ်။ ဆောင်းကာလ၌ ပေါက်ပင်အနီးသို့ ရောက်ခဲ့ဖူးသည့် နောက်ဆုံးသားတစ်ယောက်ကမူ ပေါက်ပင်ဆိုတာ နီနီရဲရဲပွင့်နေသည့်ပွင့်ချပ်များ ပြည့်လျှမ်းနေသည့် သစ်ပင်ကြီးပင်တည်း ဟု ဖြေဆိုသတတ်။ ထိုအခါ၌ အဖေဖြစ်သူသည် သားသုံးယောက်တို့အား အဖြေမမှားသော်လည်း ဗဟုသုတနည်းပါးလွန်းသည်ဟု ကဲ့ရဲ့လေသတတ်။ ထို့နောက် ရာသီအလိုက်ပြောင်းလဲတတ်သည့် သစ်ပင်သဘာဝတို့ကို သားသုံးယောက်တို့အား ကျကျနနရှင်းပြလေသတတ်။
...

ရွာသူကြီး ကိုကိုမောင်သည် ရေတွင်းတူးသည့် အတတ်ပညာလေးဖြင့် အားရတင်းတိမ်မှုမရှိနိုင်သေးဘဲ ပေါက်ကျော်၊ တောက်ထိန်၊ တိုးမောင်တို့ ဤဘိလပ်၌ လေ့လာဆည်းပူးခဲ့သည့် ပျိုးနှုတ်ကောက်စိုက်/ရိပ်သိမ်းအတတ်ပညာ၊ တောင်ယာခုတ်/စိုက် အတတ်ပညာ၊ ကျွဲ/နွားကျောင်းသည့်အတတ်ပညာတို့ကို ဆက်လက်လေ့လာပြီး ထို ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ရယူရန် တာစူနေလေ၏။ သို့မှသာ သူတို့သုံးယောက်တို့ထက် ပညာသာလွန်ပေမည်တည်း။

ရွာသူကြီးကိုကိုမောင်သည် ဘိလပ်ပြန်များ၏ ဘိလပ်အဓိပ္ပါယ်ဖွင့်ဆိုမှု ပြဿနာကို ကျကျနနဖြေရှင်းပေးနိုင်သည့် အခြေအနေတွင် ရောက်ရှိနေလေ၏။ ထို့ကြောင့် စိတ်ထဲတွင် အောက်ပါကဲ့သို့ ရွတ်ဆိုနေမိလေ၏။

"ပေါက်ကျော်... မောင်မင်းသည်.. ဘိလပ်သို့ ဆောင်းကာလအတွင်း ရောက်ရှိခဲ့၍ ဆောင်း၏သင်္ကေတအဖြစ် သစ်ပင်များ အရွက်မရှိ ရိုးတံကျဲကျဲဖြစ်နေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်းသည် လေးပုံတစ်ပုံမှန်လေသည်

တောက်ထိန်... မောင်မင်းသည်.. ဘိလပ်သို့ နွေကာလအတွင်း ရောက်ရှိခဲ့၍ နွေကာလ၏ သင်္ကေတဖြစ်သည့် အရွက်ဝေစီနေသည့်သစ်ပင်များကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

တိုးမောင်... မောင်မင်းသည်... ဘိလပ်သို့ နွေဦးကာ၌ ရောက်ရှိခဲ့၍ နွေဦးကာလ၏ သင်္ကေတဖြစ်သည့် ပန်းပေါင်းစုံပွင့်ဖူးနေသည်ကိုသာ မောင်မင်းသိပေသည်။ ထို့ကြောင့် မောင်မင်း၏ အဖြေသည်လည်း လေးပုံတစ်ပုံသာ မှန်လေသည်

အမှန်မှာ ဘိလပ်၌ မြန်မာကဲ့သို့ ရာသီသုံးမျိုးထဲ ရှိသည်မဟုတ်၊ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီလေးမျိုးရှိပေသည်။ မိုးရာသီကား မရှိချေ၊ သို့သော် ရွာချင်သည့်အချိန်ရွာလေသည်။ ထို ရာသီလေးမျိုးထဲတွင် နွေဦးရာသီ၌ ပန်းများပွင့်ကြသည်။ နွေရာသီ၌ အရွက်များစည်ပင်ပြီး စိမ်းလန်းစိုပြေရှိသည်။ ဆောင်းဦးရာသီ၌ သစ်ရွက်များ အ၀ါရောင် အနီရောင်သန်းလေသည်။ ဆောင်းရာသီ၌ကား သစ်ရွက်များ အားလုံးကြွေကျလေသည်။ မောင်မင်းတို့ကို ငါသူကြီးမင်းကိုယ်တိုင် နီကွန်အမည်ရှိ ဒစ်ဂျစ်တယ်ကင်မရာကြီးဖြင့် ရိုက်ယူခဲ့သည့် ဓါတ်ပုံသုံးပုံကို ပြပေးဦးမည်။ ထိုဓါတ်ပုံထဲကအတိုင်းသာ နောက် တုံးဖလားရွာသားတစ်ယောက်ကြုံဆုံခဲ့လျှင် အငြင်းပွါးဖွယ် ထပ်ဖြစ်ပေဦးမည်။ ရှုစားလေလော့။





ထိုသို့ ရာသီလေးမျိုးထဲက တစ်မျိုးစီကိုသာ မောင်မင်းတို့ သိရှိကြသည့်အတွက် မောင်းမင်းတို့အားလုံး လေးပုံပုံ တစ်ပုံသာ မှန်လေသည်။ ငါသူကြီမင်းကတော့ လေးပုံပုံ လေးပုံလုံး ရာနှုန်းပြည့် မှန်ကန်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဤဘိလပ်ပြည်၌ လေးရာသီလုံး ဖြစ်ပျက်လျက်ရှိသည့် အဖြစ်အပျက်အသီးသီးတို့ကို ငါသူကြီးမင်း ကောင်းကောင်း ကြုံဆုံခဲ့ပြီဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့် သူကြီးရာထူးကို ငါကိုယ်တိုင် ပြန်ယူပြီး အုပ်ချုပ်ပေတော့မည်"

ထိုကဲ့သို့ စိတ်ထဲက ရေရွတ်ရင်း တုံးဖလားရွာကြီးသို့ အမြန်ပြန်ပြေးချင်သည့် စိတ်ပေါက်နေလေတော့၏။ သို့သော်ငြားလည်း အထက်ဖော်ပြပါ ပညာရပ်တို့ဖြင့် ပီအိပ်ခ်ျဒီ ဘွဲ့ယူရရန်ရှိနေသေးသည့်အတွက် သုံးနှစ် လေးနှစ်ခန့် ဘိလပ်ပြည်၌ ဆက်လက်နေထိုင်ရပေဦးတော့မည်။ သို့သော်.. သို့သော်... သုံးမိနစ်ကို နှစ်စင်းကျ ခေါင်းပေါ်ဖြတ်ပျံသန်းနေသည့် လေယာဉ်ပျံအသံကြီးကို ကြားနေရတိုင်း တုံးဖလားရွာ၊ အမှုသည်သုံးဦးနှင့် ရွာသူရွာသားများကို မျက်စိထဲ ပြေးမြင်ယောင်နေမိလေတော့သတည်း။ ။


....