Monday 8 December 2008

အိပ်မက် (၇)

မကောင်းကျိုးကို လိုလားပြီး နတ်တွေ မက်ပေးတဲ့ ဒေ၀တောပသံဟာရအိပ်မက်အကြောင်းပြီးတော့ ကောင်းကျိုးကို လိုလားတောင့်တပြီး နတ်တွေမက်ပေးတတ်တဲ့ ဒေ၀တောပသံဟာရအိပ်မက်အကြောင်း နဲနဲလောက် နှီးနှောကြတာပေါ့။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကလို့ထင်ပါတယ်။
မန္တလေးနှင့်ဗန်းမော်ပြေးဆွဲတဲ့ သင်္ဘောကြီးတစ်စီး မထင်မှတ်ဘဲ ဧရာဝတီမြစ်ထဲမှာနစ်မြုပ်သွားတယ်။
သင်္ဘောပေါ်စီးနင်းလိုက်ပါလာခဲ့ကြတဲ့ ခရီးသည် အတော်များများ အသက်ဆုံးရှုံးကြရတယ်။ အထူးသဖြင့် အထက်တန်း သီးသန့်အိပ်ခန်းမှာ ဇိမ်ကျကျစီးနင်းလိုက်ပါလာခဲ့ကြတဲ့ သူတွေ အပေါက်ပိတ်မိပြီး ရုန်းမထွက်နိုင်ဘဲ သေဆုံးကြရတယ်။

စိတ်ဝင်စားစရာကောင်းတာက
အဲဒီ သင်္ဘောအထက်တန်းအိပ်ခန်းမှာ စီးနင်းလိုက်ပါခဲ့တဲ့ အသက် ၅၀ အရွယ် စုံတွဲတစ်တွဲ အကြောင်းပါ။
သူတို့လဲ အများနည်းတူ သေဆုံးခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ သားသမီးတွေ ရှိတယ်။ တစ်ချို့ ဆိုရင် ကျောင်းသူကျောင်းသားအရွယ်တွေ။ သူတို့ ပြန်အလာကို သားသမီးတွေ စောင့်မျှော်နေမှာ သေချာတယ်။
ဒါကြောင့် သူတို့စိတ်မချနိုင်ဘူး။ စိတ်မချနိုင်ပေမဲ့လဲ ကံကြမ္မာရဲ့ ကျီစားမှုအောက်မှာ သူတို့ အသက်ပေးဆပ်ခဲ့ကြရတယ်။

သူတို့ သေဆုံးသွားခဲ့တာကို အိမ်က သားသမီးတွေ ချက်ချင်းမသိကြပါဘူး။ ဒါပေမဲ့ သမီးတစ်ယောက် ညမှာ အိပ်မက်တစ်ခုမက်တယ်။ အဖေနှင့်အမေ ပြန်လာပြီလို့။

"သမီးရေ... အမေနှင့်ခဏလိုက်ခဲ့ပါကွယ်။ သမီးကို ပြစရာရှိတယ်"

"ဟုတ်ကဲ့... မေမေ"

"ဒီနေရာကို မှတ်ထားပါ။ ဒီမှာ ရွှေထည်ပစ္စည်းတွေ အများကြီးသိမ်းထားတယ်။ နားဍောင်း ဆွဲကြိုး လက်စွပ် အစုံရှိတယ်။ လိုတဲ့အခါ သုံးဖို့ အမေသိမ်းထားတာ။ သမီးတို့ လိုအပ်တဲ့အခါ တူးဖော်ပြီး သုံးစွဲကြပါ။ အလှူအတန်းလုပ်ကြပါ။ ပြီးရင် အဖေနှင့်အမေအပါအ၀င် သတ္တ၀ါတွေ အားလုံးကို အမျှဝေပေးဖို့ မမေ့ကြနဲ့။
သမီး သေချာမှတ်ထားနော်။ မေ့နေဦးမယ်"

"ဟုတ်ကဲ့.. သမီး ကောင်းကောင်းမှတ်မိပါတယ် မေမေ"

သမီးတစ်ယောက်ရဲ့  အိပ်မက်ပါ။ အိပ်မက်ထဲမှာ သူ့အမေနဲ့တွေ့တယ်။ အိမ်နောက်ဖေးကို သူ့ကိုခေါ်သွားတယ်။ အိမ်ခြံစည်းရိုးနားကပ်ရက် မြေနေရာတစ်ခုကို သူ့ကို ညွန်ပြတယ်။ အိပ်မက်ဆိုပေမဲ့လဲ တကယ်ပြောလာသလို ခံစားရတယ်။မနက်မိုးလင်းတော့ ကျန်တဲ့ မောင်နှမတွေကို ညကအိပ်မက်အကြောင်းပြောပြလိုက်တော့ ထူးဆန်းစွာဘဲ သူတို့အားလုံးလဲ အလားတူ အိပ်မက်မျိုးမက်ကြတယ်တဲ့။

ညီအစ်ကို မောင်နှမတစ်စု အိပ်မက်ထဲကအတိုင်း တကယ်ရှိမရှိသိရအောင် ခြံစည်းရိုးနားသွားပြီး တူးဖော်ကြည့်ကြတယ်။ နှစ်တောင်ကျော်ကျော်လောက် တူးပြီးတဲ့အခါ ကြုတ်သေတ္တာလေးတစ်လုံးကို တွေ့ကြတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ရတနာပစ္စည်းတွေ အများကြီးဘဲ။ ပစ္စည်းတွေကို ရရှိလိုက်ပေမဲ့ သားသမီးတွေအားလုံး စိတ်ထဲမှာ တစ်ထင့်ထင့်ဖြစ်နေကြတယ်။
ဘာဖြစ်လို့ အိပ်မက်က ကွက်တိဖြစ်နေရတာလဲပေါ့။

မကြာလိုက်ပါဘူး။ နေ့လည်ပိုင်းလောက်မှာ သတင်းတစ်ခုဝင်လာတယ်။ သူတို့ရဲ့  မိဘနှစ်ပါးစီးနင်းသွားတဲ့ သင်္ဘောကြီး ဧရာဝတီမြစ်ထဲနစ်မြုပ်သွားလို့ သင်္ဘောပေါ်လိုက်ပါစီးနင်းသူခရီးသည် အများအပြား သေဆုံးကြတဲ့ အကြောင်းသတင်းပေါ့။ သူတို့ ညီအစ်ကို မောင်နှမတွေ ထိုင်ပြီး ငိုကြွေးကြတယ်။ အိပ်မက်ပေးလာပုံထောက်သောအားဖြင့် မိဘနှစ်ပါးလုံး သေဆုံးကြပြီပေါ့။ ညနေပိုင်းလောက်မှာ ခိုင်လုံတဲ့သတင်းတစ်ခု ထပ်ရလိုက်ပါတယ်။ အမှန်အကန်ပါဘဲ။ မိဘနှစ်ပါးလုံး သင်္ဘောအိပ်ခန်းထဲမှာ အသက်ဆုံးရှုံးသွားကြပြီလေ။

ဒီလိုမျိုးအိပ်မက်ကို နတ်တွေမက်ပေးတဲ့ ဒေ၀တောပသံဟာရအိပ်မက်လို့ခေါ်ပါတယ်။ ကောင်းစေချင် အဆင်ပြေစေချင်လို့ အကျိုးကို လိုလားပြီး မက်ပေးတဲ့ အိပ်မက်ပါ။ အိပ်မက်ထဲက အတိုင်းမှန်ကန်နေတာကို တွေ့ရတယ်လေ။

ဒါကြောင့် ဒ၀တောပသံဟာရအိပ်မက်ကို ဒီလိုလေး နားလည်ထားသင့်တယ်။
"မှန်တာလဲ ရှိနိုင်တယ်။ မှားတာလဲနိုင်ရှိတယ်။ အကျိုးလဲရှိနိုင်တယ်။ အကျိုးလဲ မဲ့နိုင်တယ်"

(အိပ်မက် အမှတ် ၈ ဆက်ဖတ်ပါ)

No comments: