Showing posts with label ဖေ့စ်ဘုတ်ပေါ်က ရောက်တတ်ရာရာ. Show all posts
Showing posts with label ဖေ့စ်ဘုတ်ပေါ်က ရောက်တတ်ရာရာ. Show all posts

Saturday, 1 April 2017

ဖောက် ...........

မျိုးစစ်မှန်စွာ
ပန်းမဟာတို့
ကြမ္မာငင်ရောက်
အုတ်ကြားပေါက်လည်း
မကြောက်အလျဉ်း
သူ ဖောက်ထွင်းသည်


အလင်းပန်းများ ပွင့်စေဖို့။

ရူး

အရူးလုပ်တော့
အဟုတ်ထင်။
အဟုတ်လုပ်တော့
အရူးထင်။
လူပင်
ရူးချင်သလိုလို ဖြစ်သွားရော။

နီ

အနီတော့ 
အနီပါပဲ
ဒါပေမဲ့
အနီလားဆိုပြန်တော့
မနီပြန်ဘူး။
ဒါဖြင့် မနီဘူးလားဆိုတော့လဲ
နီပြန်တယ်
လူတွေက
နီတာ မနီတာကို
အနီနဲ့ ခွဲနီနေကြတယ်။
တကယ်ဆို
နီတိုင်းလဲ
အနီမဟုတ်သလို
မနီတိုင်းလဲ
အနီမဟုတ်ဘူးလို့ ပြောမရပါဘူး။
အနီတွေ ထင်းနေတဲ့
နှင်းဆီမှာတောင်
နီ ဖြူ ၀ါ နက်
အနီသက်သက် မဟုတ်ကြဘူးမဟုတ်လား။
နီကြနော် နီကြ
အားရပါးရ နီကြ
ဒါပေမဲ့
တခြားနီသူတွေကိုတော့
ငါ့လောက် မနီဘူးလို့
အနီမကဲစေချင်ဘူး။
လူတိုင်းမှာ
သူ့အနီအခွင့်အရေးနဲ့
သူ နီနိုင်တယ်
သူနီချင်တဲ့အခါ နီမယ်
မနီချင်တဲ့ အခါ မနီဘူး။
သိထားရမှာက
နီတိုင်း မကောင်းသလို
မနီတိုင်းလဲ မကောင်းမဟုတ်ကြဘူးဆိုတာပါဘဲ။

ဝါ

အတော်ကြီးကို
ဝါနေတာပဲ။
ဝါရင့်နေသူတွေ
ဝါနေကြတာ မဆန်းပေမဲ့
မ၀ါဘူးထင်နေတဲ့အရာတွေ
ဝါနေရင်
ဝါနေတာကို
ဝါနေပါလားလို့ သိသွားတဲ့အခါ
ဝါတူချင်း
ဝါမတူချင်း
ဝါ၀ါဝင်းလက်လို့ပေါ့။
ဝါမှာသာ
ဆက်ဝါကြပါလေ
ဝါ၀ါမြင်တိုငး
အ၀ါမဟုတ်ပေမဲ့
မ၀ါတိုင်းလဲ
အ၀ါမဟုတ်ဘူးလို့
မ၀ါကြရုံပါဘဲ။

ကွက်

ပုထုသဘော
လူ့မနောဝယ်
ကောင်းသောအမှု
မကောင်းမှုတို့
ပေါင်းစုတည်မှာ
ဓမ္မတာတည်း
စဉ်လာမပျက်
ဓမ္မစွက်၍
ဆိုးကွက်ပယ်ခွါ
ကောင်းကွက်ရှာလော့။


(၃၁ မတ်လ ၂၀၁၇)

တံတိုင်း

ရှေ့ နောက်မြောက်တောင်
တံတိုင်းဆောင်၍
လုံအောင်ပိတ်ကာ
ကင်မရာဖြင့်
ဝင်လာထွက်သွား
ဧည့်သည်များကို
မှတ်ထားရုပ်သံ
ဥာဏ်ဖြင့်ကြံသော်
အမှန်ဘေးကင်း
ပြည်သန့်ရှင်းအံ့။


(၃၁ မတ်လ ၂၀၁၇)

"တူ" တေးထပ်

တူတူဆို တူတူပဲမို့
တမူထဲ ထောက်ခံ။
မတူကွဲ ဖောက်မပြန်သည်
နောက်တဖန် သိထား။
အစကောင်းလို့ ခဏပြောင်းဆိုလျှင်
ဘ၀ဟောင်းကို သွားဖို့လွန်များ။
အော်သမျှ ပျော်ဖို့ပါကွယ်
ခေါ်စို့ရယ် ပြည့်အား။
မျှော်လို့မယ် ဂတိတရားတွေနဲ့
အသိပွါး နေမှာ။
ပြည့်သာယာ ရောင်နီဝင်းကို
ဆောင်ကြည်လင်း သွင်းတော့သည်သာ။ 
ထာဝရ ငြိမ်းချမ်းရာကို
သိမ်းမြန်းကာ ဆင်နွှဲလို့။
စိတ်ထဲမှာ များပြည်သူ
ညီကြတူတူ။
တစ်ယောက်တစ်အုပ်နဲ့ နောက်ဆုပ်သူကို
ကြောက်-ယုတ်လူ ခေါ်ကြပါကွဲ့လေး။ ။

(၃၀ မတ်လ ၂၀၁၇)

Thursday, 30 March 2017

ပွင့်ခိုက်သာ


ပွင့်လွှာထပ်ထပ်
ပွင့်ဖတ်စုံစုံ
ပွင့်ပုံဆန်းဆန်း
ပွင့်လန်းညီညီ
ပွင့်သီရွရွ
ပွင့်လှစွင့်စွင့်
ပွင့်ခွင့်ဖန်ဖန်
ပွင့်နန်းဆန်၍
ပွင့်တံရိုးရှင်း
ပွင့်လင်းသာသာ
ပွင့်မာလာတည့်။ 

နန်းဆန်သည့်ပန်း
ဘယ်သို့လန်းလည်း
သက်တန်းပြတ်ကြုံ
ကံကျိုးကုန်သော်
ငုံဖူးပွင့်ကြွေ
အောက်အခြေသို့
ကြေမွလျောကျ
ပျက်စီးရ၏။

ပန်းလှသံဝေ
ပန်းအခြေကို
ပန်းလေသိသင့်
ပန်းချင့်သင့်သည်
ပန်းနှင့်တူသူ
သတိမူလော့။

(30 March 2017, Thursday)

ဆက်လျှောက်

လမ်းမှန်ပေါ်ရောက်
လမ်းမပျောက်ဖို့
ဆက်လျှောက်ကြိုးပမ်း
ဝီရိစွမ်းနှင့်
ဥာဏ်စွမ်းဥာဏ်စ
ရှေးကမ္မတို့
တူကွညီညာ
ကျိုးပေးလာသော်
လိုရာခရီး
အတိပြီးလိမ့်။

(30 March 2017, Thursday)

Wednesday, 29 March 2017

ဗောဓိပင်ပျိုး

ရွာတုံးဖလား၊ ထက်ဖျားမြန်ခွင်
စေတီဘုရား၊ တည်ထားလိုအင်
ဗောဓိပင်နှင့်၊ ဆင်သင့်မြင်ချင်
သူကြီးမင်း၊ မျှော်ခြင်း ဗောဓိပင်။
စင်္ကာပူရ၊ ကျွန်းလှမြေပြင်
ဂျစ်တူးမည်ရ၊ မုံရွာ့နွယ်ဝင်
တောင်းပန်လျှောက်ထား၊ ထေရ်များအရှင်
သဒ္ဓါပြည့်၊ ထိုသည့်ဗောဓိပင်။
လှတောနာမ၊ ထေရအရှင်
ဂယာဗုဒ္ဓ၊ ပင့်ကြွယူငင်
ပင်ပျိုဗောဓိ၊ ပီတိရွှင်ရွှင်
ပေးချီးမြှင့်၊၊ ရှူချင့်ဗောဓိပင်။
ဂယာဗုဒ္ဓ၊ ထိုမှယူငင်
ရန်ကုန်နဂရ၊ မြန်းကြွနေအင်
မန်းဌာနေသို့၊ ဆောင်ပို့ပျော်ရွှင်
ခရီးဆက်၊ အောင်ချက်ဗောဓိပင်။
မန္တလာမှ၊ ထပ်ကြွလေလျှင်
ရွှေတုံးမြေက၊ အားရပျော်ရွှင်
ပင်ပျိုမြင်လတ်၊ စိတ်ဓါတ်ကြည်လင်
ရွာဦးကျောင်း၊ ကိန်းအောင်းဗောဓိပင်။
ရက်ကောင်းကိုရွေး၊ စုဝေးလူရှင်
ရိုသေမှုပေး၊ စိုက်ရေးပြင်ဆင်
ကျောင်းရာမ်အတွင်း၊ စိုက်သွင်းမြေပြင်
နိမိတ်ဖတ်၊ ပင်မြတ်ဗောဓိပင်။ ။

(၁၂ အောက်တိုဘာ ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၈

ရဟန်းသံဃာ၊ မြတ်ဆရာနှင့်
ရပ်ရွာမိဘ၊ စုံညီကြွ၍
အားရရွှင်လန်း၊ မမောပန်းဘဲ
တက်လမ်းကိုမျှော်၊ သာဓုခေါ်သည်
ပျော်ပျော်ဆင်နွှဲ၊ ကျောင်းဖွင့်ပွဲ။ ။

(၁၅ စက်တင်ဘာ ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၇

မျိုးဆက်သစ်များ၊ ဥာဏ်ရည်ထွားဖို့
ကိုယ်အားစိတ်အား၊ ငွေကြေးအားဖြင့်
ကြိုးစားတည်ဆောက်၊ စိတ်မနှောက်ဘဲ
ပြီးမြှောက်ဖို့သာ၊ တောင်းတရာသည်
တို့ရွာတုံးဖလား၊ စွမ်းပကား။
ကျေးရွာငယ်လေး၊ မြို့နှင့်ဝေးပြီး
ငွေကြေးဂုဏ်အင်၊ မစုံလင်၍
လှူရှင်ပေါင်းစု၊ ထိုကောင်းမှုဖြင့်
ပြုစုတည်ထောင်၊ တစ်ဝက်အောင်ပြီ
ဂုဏ်ဆောင်တုံးဖလား၊ စွမ်းပကား။

(၁၁ စက်တင်ဘာ ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၆

အမိုးရယ် ပြာ
ခုန်မှာတော့ ယှဉ်ပူး။
အမြင်ကို ဘ၀င်ဆက်တယ်
လှချက်က ထူး။

(၁၀ ဇူလိုင် ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၅

တုံးဖလား ရွာဦး
ရွှင်ပျော်မြူး ညီပုံ ဤပုံ
ချွေးတွေက စုံ။
မတုန်ပါကွဲ့ သည်အရေး
မောင်တို့မယ် ပညာထွန်းဖို့
တွန်းလိုက်စို့လေး။

(၂၈ ဇွန် ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၎

ဝါးထရံ
ရက်ပြန်စို့ မာန်ခဲ။
သစ်မရောက်ခင်
ဝါးတင်ထားဖို့ရယ်
အားပြည့်ဆင်နွှဲ။

(ဇွန် ၁၆ ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၃

လုပ်အားဆိုလျှင် တူတူရုန်းစို့
တူတူပြုံးဖို့ တို့သူငါ။
အများစေတနာ ကုသိုလ်များနဲ့
ကုသိုလ်ပွါးစို့ ညီညွတ်စွာ။
နေပူမိုးရွာ အသာထားလို့
သဒ္ဓါအားကြောင့် ပြုံးဝေဖြာ။
ကုသိုလ်တွေပေး၊ ပညာရေး၊ မျှော်တွေး ၀မ်းတွေသာ။
အဲဒါမှ အမုန်းမပွါး အပြုံးများ တုံးဖလား ငါတို့ရွာ။
(၁၀ ဇွန် ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၂

အောင်သပြေပန်းရယ်နဲ့
ရောင်နေ၀န်းတို့ ခါဆန်းမီှ်
ရေဖျန်းလို့ချီ။
ရွှေပန်းတို့သီ
ညီပါလေ့ တိုင်တန်း။
တူကိုင်ကာ မြန်းပါတဲ့
ထူတိုင်မဟာ နန်းသို့ရယ်
သွန်းမြှောက်တဲ့ လမ်း။

(၆ ဇွန်လ ၂၀၁၄)

တုံးဖလားစာသင်ကျောင်းဆောက်လုပ်မှု ၁

တုံးဖလားက လုပ်ငန်းခွင်
ပြုံးပန်း ဝေေ၀လွင်။
ကုသိုလ်ရှင်တွေ စုကာပေါင်း
ငါတို့ စာသင်ကျောင်း။
သားကောင်းမြတ်တို့ ဖွားရာမြေ
အမိ မြန်မာပြည်။
ငါတို့တတွေ ကာကွယ်မှ
ဘေးကင်း နေထိုင်ရ။
အာဂပညာ ရှိမှပင်
အောင်ပွဲ အမှန်ဆင်။
ပြည်ခွင်ဌာနေ တိုးတက်ဖို့
ငါတို့ စာသင်စို့။

(၅ ဇွန်လ ၂၀၁၄)

ဗောဓိပင်ပျိုး

"ဗောဓိပင်ပျိုး ကဗျာ"
ဂျစ်တူးမုံရွာ လျှိုးမှာထားလို့
ပျိုးကာထားတဲ့ ဗောဓိပင်။
လှတောဆရာ သဒ္ဓါလှတော့
အသာရလို့ ပြုံးပျော်ရွှင်။
ညီတော်ခေမာ ပင့်ဆောင်ထားသမို့
သင့်အောင်ထားဖို့ သေချာပင်။
သူကြီးရပ်ရွာ တုံးဖလားက
အပြုံးများနဲ့ ကြိုဆိုချင်။
ဆိုချင်...ဆိုချင်။

(၂၂ မေလ ၂၀၁၄)

ဗောဓိပင်

ဗောဓိပင်
လိုချင်ပါလို့ အမှာပါး။
ဂျစ်ဆရာ အကူထောက်ပါလို့
အပင်ပေါက်ကို သ လို့ထားတယ်
လှတောဘုန်းဘြား။
မင်္ဂလာ
ကြင်နာပါတဲ့ ထိုစကား။
လွန်အားနာ တာဝန်ပျက်သမို့
ညွှန်ကြားလွှာ ခံဝန်ချက်နဲ့ရယ်
ရှက်ပါ့ တအား။ 

(19 May 2014)