Saturday 31 July 2010

ယူသော်ရ၏


အချစ်သည် ဖိတ်ခေါ်သော်လည်း ရောက်မလာတတ်။
ပြဿနာသည်ကား မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတတ်ချေ၏။
...

ညတစ်ချက်ထိုးလေပြီ။
စက်တင်ဘာလမှာ တင်ရမည့်စာတမ်းတစ်စောင်အတွက် စာအုပ်အတော်များများဖတ်ပြီးနောက် စိတ်ညီစီစီ ဖြစ်လာသည့်အတွက် နွားနို့တစ်ခွက်ကျိုသောက်ပြီး စိတ်အပန်းပြေရင်း ကွန်ပျူတာဖွင့်ကာ ကျနော့်ဘလော့လေးထဲ ၀င်ကြည့်လိုက်၏။ အလည်လာသူ ကွန်မင့်ပေးသူတွေကို တွေ့ရှိရသည့်အတွက် များစွာများစွာကြည်နူးမှုနှင့်အတူ မျက်နှာတစ်ခွင်လုံး ပြုံးပြုံးကြီးဖြစ်နေလေ၏။ နာရီဝက်ခန့် ကျနော့်ဘလော့လေးထဲ ၀င်မွှေပြီးနောက် အခြားဘလော့များသို့ လည်ပတ်ကာ ကွန်မင့်များပေးပြီး ကွန်ပျူတာပိတ်ကာ အိပ်ရာထက် လဲလျောင်းလိုက်၏။ မျက်စိအနည်းငယ် ကျယ်နေသေးသည့်အတွက် (မျက်စိကျယ်ဆိုသည်မှာ မအိပ်ချင်သေးဟု အဓိပ္ပါယ်ရ၏) အနားမှာ ရှိနေသည့် စာရေးဆရာမ J.K Rowling ၏ Harry Potter အမည်ရှိ ခပ်ထူထူစာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ အပျင်းပြေ ဖတ်နေမိ၏။ လေး ငါး မျက်နှာခန့် ဖတ်ပြီးနောက် ငိုက်မျည်းလာသည့်အတွက် စာအုပ်ကို ခေါင်းရင်းဘက်(ခေါင်းပေါ်တည့်တည့်ရှိ) စာအုပ်စင်အသေးစားလေးပေါ်သို့ မမီလက်ကမ်း တင်ထားလိုက်ပြီး အိပ်စက်မှုကို ပြုလိုက်လေတော့၏။
....

"ကလင်..ကလင်..ကလင်"

မနက်လင်းလင်းချင်း ဘဲလ်မြည်သံကြောင့် ကျနော်လန့်နိုးလာ၏။ အပြင်မှ ဧည့်သည်တစ်ချို့၏ စကားသံကိုတိုးတိုးကြားရလေ၏။ အခန်းပေါ်သူငယ်ချင်း ထသွားပြီး တံခါးဖွင့်ပေးလေ၏။

"ဟုတ်ကဲ့ပါ ခင်မျာ။ ဘယ်သူနှင့် တွေ့ချင်လို့ပါလဲ ခင်မျာ"

"ကိုကိုမောင်ရှိလား"

"ဟုတ်ကဲ့ ရှိပါတယ်။ ဒါပေမဲ့ အခုအိပ်နေတုန်းရှိပါသေးတယ်။ ကျနော်နိုးပေးမယ်။ အထဲကို ၀င်ပြီး အေးအေး ဆေးဆေး ထိုင်ကြပါဦးခင်မျာ"

"ကျနော်တို့ မထိုင်တော့ပါဘူး။ ကိုကိုမောင်နှင့်စကားပြောစရာရှိလို့ပါ။ သူ့ကို မြန်မြန်ခေါ်ပေးပါ"

အပြင်ဘက်မှ ကျနော့်သူငယ်ချင်းနှင့် ဧည့်သည်တို့၏ အပြန်အလှန်စကားတို့ကို အိပ်ယာထဲမှနေပြီး ကျနော် အတိုင်းသားကြီးကြားနေရ၏။

"ကိုကိုမောင်ရေ.. ဒီမှာ ဧည့်သည်တွေက တွေ့ချင်လို့တဲ့။ ထပြီး တွေ့လိုက်ပါဦး"

ကျနော်အိပ်ယာထက်မှ ဖြုန်းကနဲထပြီး မျက်နှာမသစ်ဘဲ ဧည့်သည်တွေကို ထွက်တွေ့လိုက်၏။ ကျနော်တစ်ခါမှ မမြင်ဖူးသည့် ဧည့်သည်များဖြစ်၏။ စုစုပေါင်း ဆယ်ယောက်ရှိ၏။ အမျိုးသား ၆ ယောက် အမျိုးသမီး လေးယောက်။ အသက်အနည်းငယ်ကြီးပုံရသည့် အမျိုးသားတစ်ယောက်က ကျနော့်မျက်နှာကို ကြည့်ပြီး စကားစပြော၏။

"မင်းက ဘလော့ဂါ ကိုကိုမောင်လား"

"ဟုတ်ပါတယ်"

"အေး.. ငါတို့အားလုံးလဲ ဘလော့ဂါတွေဘဲ"

ကျနော်ဝမ်းသာသွားလေ၏။ ဧကန္တတော့ ကျနော့်ရေးခဲ့သည့် အိမ်ထောင်ရေးကုထုံးနှင့် ချစ်ရေးချစ်ရာကုထုံး ပို့စ်နှစ်ခုကို ဖတ်ပြီး ဆေးမီးတိုလာတောင်းကြတာ ထင်တယ် ဟူ၍ စိတ်ထဲတွေးပြီး ကျေနပ်နေမိ၏။

"အော်... ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ အထဲကို ၀င်ပြီး အေးအေးဆေးဆေးထိုင်ကြပါဦးခင်များ"

"ဟေ့ကောင် ထိုင်ဖို့လာတာ မဟုတ်ဘူးကွ။ မင်းနှင့်စာရင်းရှင်းဖို့ လာခဲ့ကြတာ"

"ခင်မျာ"

"ခင်မျာမနေနဲ့။ မင်း ဘာအချိုးချိုးလိုက်တာလဲ"

"ဘာကိုပြောတာပါလဲ ခင်မျာ"

"မင်းအခုမှ မသိခြင်ထောင်ထောင်မနေနဲ့... အဲ.. မသိချင်ယောင် ဆောင်မနေနဲ့။ မင်းရေးခဲ့တဲ့ ပို့စ်ကို မင်းဘယ်လို သဘောမျိုးနှင့်ရေးခဲ့တာလဲ"

"ဘယ်ပို့စ်ပါလဲခင်မျာ"

"အနိုးရခက်နေပြန်ပါပြီ။ ကျနော်အမြင်ကပ်ဆုံး ဘလော့ဂါတစ်ယောက်အကြောင်းကို ပြောနေတာကွ"

"အော်... အဲဒါလား။ ဒါက ဒီလိုရှိတယ်ဗျ။ အဓိကကတော့ ပွဲဆူပြီးလူစည်အောင်လုပ်လိုက်တာဘဲ။ ခင်များတို့ သိတဲ့အတိုင်းဘဲလေ။ လူဆိုတာက အတိုက်အခိုက် အပစ်အခတ် အညစ်အပတ်ပါမှ ပိုပြီး စိတ်ဝင်စားကြတာလေ။ ခင်များတို့လဲ ကြားဖူးကြမှာပါ။ ရထားတွေပေါ်မှာ စာအုပ်တွေမြန်မြန်အရောင်းထွက်ချင်ရင် အော်ပြီးရောင်းကြလေ့ရှိတဲ့စကားတွေကိုလေ။ ဘာတဲ့။ "တုံးဆိုရင်တိုက် ကျားဆိုရင်ကိုက်။ မိုက်မှမိုက်။ ခိုက်မှခိုက်။ ကြမ်းမှကြမ်း။ ရမ်းမှရမ်း။ သိချင်ရင်ဝယ်ဖတ် တစ်အုပ်မှ တစ်ရာထဲ" ဆိုတာက တစ်မျိုး။ "ဆိုရိုးစကားပုံတွေရမယ်။ ၀ယ်ထားကြနော်။ နောက်ကျသွားရင် ၀ယ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီစာအုပ်ထဲမှာ ဘာတွေပါလဲဆိုတော့... ငါးကိုလဲ လွယ်လွယ်မစားနဲ့။ မယားကိုလဲ ငယ်ငယ်မထားနဲ့။ ငါးကို လွယ်လွယ်စားတော့ အရိုးမြက်တတ်တယ်။ မယားကို ငယ်ငယ်ထားတော့ အ(-)ခက်တတ်တယ်။ အဲဒီလို စကားပုံတွေအများကြီးကို အပြည့်အစုံသိချင်ရင်တော့ ၀ယ်ဖတ် ၀ယ်ဖတ်ကြဗျို့  " ဆိုတာက တစ်မျိုးနဲ့ အော်ဟစ်ရောင်းနေကြတာလေ။ လူတွေစိတ်ဝင်စားပြီး စာအုပ်ဝယ်ဖတ်ချင်အောင်လုပ်နေကြတာ။ အခုလဲ ဒီလိုပါဘဲ။ ပို့စ်ခေါင်းစဉ်လေးမြင်ပြီးများ အလည်လာတဲ့သူတွေများမလားလို့ အဲဒီပို့စ်ကို တင်ခဲ့တာပါ။ ဘာမှ ရည်ရွယ်ချက်မရှိပါဘူး။ အဟီး"

ကျနော် မျက်နှာချိုသွေးကြည့်လိုက်၏။ သို့သော် အထင်နှင့်အမြင်တစ်ခြားစီပင်။

"ဟေ့ကောင်... စကားမများနဲ့။ မင့်အကြောင်း ငါတို့သိတယ်။ မကြီးမငယ်နဲ့ ဟိုလူ့စောင်းပြော ဒီလူ့စောင်းပြော။ တတ်လဲ တတ်နိုင်တဲ့လူ။ မင်းကို လုံးဝမကျေနပ်ဖူး"

နောက်အမျိုးသားတစ်ယောက်ကလဲ ထပ်ပြောလေ၏။

"ဟုတ်တယ်။ မင်းရေးတဲ့အဲဒီပို့စ်က ငါကို တိုက်ရိုက်လာထိတယ်။ ကမ္ဘာတစ်ဝှန်းလုံးက ဘလော့ဂါတွေလဲ အဲဒီပို့စ်ဟာ ငါ့ကိုရည်ရွယ်ပြီးရေးထားတာလို့ ထင်နေကြတယ်။ အဲဒါ မင်း ငါ့ကို စောင်းမြောင်းရေးတာမဟုတ်လား"

ဘလိုင်းကြီးအခွပ်ခံလိုက်ရ၍ ကျနော်လဲ စိတ်အတော်ဆိုးသွားမိ၏။ ထို့ကြောင့်

"ယူသော်ရ၏ပေါ့ဗျာ"

ဟူ၍ တုန့်ပြန်ပြောဆိုလိုက်လေ၏။ နောက်အမျိုးသားတစ်ယောက်ကလဲ

"ငါက ဘာသာရေးစာပေတွေရေးသားနေတာကွ။ ဘာသာရေးစာပေတွေကောင်းကောင်းမတတ်ကျွမ်းဘဲ ရေးရကောင်းလားဆိုပြီး ငါ့ကို ဆော်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်....

"ငါက အင်္ဂလိပ်စာအသုံးအနှုန်းတွေကို ရေးပြီး ပို့စ်အဖြစ်တင်နေတဲ့သူကွ။ အင်္ဂလိပ်စာ ဘာမှမတတ်ဘဲ ရေးနေတယ်ဆိုပြီး ငါ့ကို လာခွပ်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်....

"ငါက ဗေဒင်အကြောင်းသိကောင်းစရာတွေ ရေးနေတဲ့သူကွ။ ဗေဒင်မတတ်ဘဲရေးနေတယ်ဆိုပြီး ငါ့ကို လာတီးတာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်တစ်ယောက်...

"ငါက ဟိုတစ်နေ့က ငါ့ဘလော့ကို လာဝေဖန်တဲ့သူကို ပြန်တွယ်ပစ်လိုက်တဲ့သူဘဲ။ အဲဒါ ငါ့အကြောင်းမင်းအတင်းတုတ်တာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

ထို့နောက် အမျိုးသမီးတစ်ယောက်က..

"ဒီမှာရှင့်... ကျမအန်တီက ကလေးမွေးပြီးလို့ မီးတွင်းမှာဘဲရှိသေးတာ။ သွေးနုနု သားနုနုရယ်။ အဲဒါ ရှင်ရေးခဲ့တဲ့ တော်တော်ဆိုးတဲ့ကိုကိုမောင် ပို့စ်အောက်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး ရှော့ရိုက်လို့ သေဆုံးသွားတယ်.. အဟင့် ဟင့်"

"ဆောရီးပါဗျာ။ အဲဒီလိုဖြစ်မှန်းတကယ်မစဉ်းစားမိခဲ့လို့ပါ"

"ဘာအခုမှ ဆောရီးလဲ။ အဲဒါ ရှင်သိသိကြီးနဲ့ သူ့ကို သေကြောင်းကြံတာမဟုတ်လား"

ဇွတ်စွပ်စွဲလာတော့လည်း စိတ်မထိန်းနိုင်၍...

"ယူသော်ရ၏ပေါ့ဗျာ"

ဟုပင်ပြောလိုက်လေတော့၏။ နောက်အမျိုးသမီးတစ်ယောက်ကလဲ...

"ဒီမှာ.. ဒီမှာ... ကျမက နှလုံးရောဂါရှိတဲ့သူရှင့်။ အဲဒါ ရှင့်ဗီဒီယိုဖိုင်ကိုဖွင့်ပြီး ကြောက်လန့်လို့ သတိမေ့သွားခဲ့တယ်။အဲဒါ ရှင်တမင်သက်သက် မိန်းခလေးတွေကို အနှောင့်အယှက်ပေးတာမဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်အမျိုးသမီးတစ်ယောက်ကလဲ..

"ဒီမှာ ကိုကိုမောင်... ကျမက တစ်ယောက်ထဲသမားရှင့်။ ရှင့်ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်ပြီး ညဘက်တွေမှာ ကြောက်လွန်းလို့ ဘယ်လိုမှ အိပ်လို့မရတော့ဘူး။ အရာရာတိုင်းကို ကြောက်နေသလိုခံစားရတယ်။ ရှင်သက်သက်မဲ့ မိန်းခလေးတွေကို ခြောက်လှန့်လိုက်တာ မဟုတ်လား"

"ယူသော်ရ၏ပေါ့ဗျာ"

နောက်ဆုံးအမျိုးသမီးတစ်ယောက်ကလဲ အားကျမခံ ကက်ကက်လန်ရန်တွေ့လေ၏။

"ဒီမှာ ဦးကိုကိုမောင်... ကျနော်က ဟိုအရေး ဒီအရေး ဟိုအကြောင်း ဒီအကြောင်း ဟိုစပ်စပ် ဒီစပ်စပ် ရေးတဲ့သူရှင့်။ ရှင်ရေးလိုက်တဲ့ ပို့စ်က ကျနော့်ကို တည့်တည့်ကြီးကျွေးလိုက်တဲ့ ပို့စ်ဘဲ။ ခင်များ ကျနော့်အကြောင်း အထုတ်ဖြေပြလိုက်တာ မဟုတ်လား"
(အဟီး... သူ့ကိုယ်သူ ကျနော်တဲ့။ ဧကန္တတော့ မန်းသူလေးထင်တယ်။ ကျနော်ရေးခဲ့တဲ့ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဟူသော ပို့စ်အဟောင်းကလေးကို သတိရမိလိုက်သေး၏။ စကားချပ်)။


"ယူသော်ရ၏ပေါ့ဗျာ"

ထိုကဲ့သို့ပင် စိတ်မရှည်တော့၍ ယူသော်ရ၏ ဟူသော စကားကိုသာ ကျနော် တွင်တွင်ကြီးတုန့်ပြန်နေလေတော့၏။ ထိုကဲ့သို့ တုန့်ပြန်ပြောဆိုသံကို ကြားရသောအခါ ထိုဘလော့ဂါ(ဧည့်သည်) ဆယ်ယောက်တို့မှာ ရှူးရှူးဒိုင်းဒိုင်းဖြစ်ပြီး စိတ်အတိုကြီးတိုနေကြလေတော့၏။ သူတို့သည် ဒေါသကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့၍ ဒုတ်ကိုင်ဓါးကိုင်ဖြစ်နေကြလေ၏။ သူတို့အဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် အမျိုးသားကြီးတစ်ယောက်သည်....

"ကြာတယ်ကွာ။ ၀ိုင်းပြီးသာ ဆုံးမလိုက်ကြတော့"

ဟုပြောလိုက်သည်နှင့်တပြိုင်နက် ထိုဧည့်သည်အဖွဲ့တို့သည် ကျနော့်ထံသို့ ချဉ်းကပ်လာပြီး တုတ် ဓါး လက်သီးများဖြင့် ဒလစပ်စတင်တိုက်ခိုက်လေတော့၏။ ကျနော်လဲ တတ်သည့်ပညာ မနေသာဆိုသကဲ့သို့ သူတို့တိုက်ခိုက်သမျှကို ရှောင်တိမ်းရင်း အနီးဆုံးရှိအမျိုးသားနှစ်ယောက်ကို လက်သီးတစ်လုံးစီကျွေးပြီး ခြေသိုင်းပညာရပ်ဖြင့် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟု သတ်မှတ်ကာ သူတို့နှင့်ဝေးရာသို့ သုတ်ခြေတင်ထွက်ပြေးဖို့ ပြင်ဆင်ရလေတော့၏။ ထိုစဉ် ထိုအဖွဲ့ထဲမှ အမျိုးသားတစ်ယောက်က ခြံစည်းရိုးနားပုံထားသည့် အုတ်ပုံတစ်ခုမှ အုတ်တစ်ချပ်ကို ဖြုန်းကနဲ ကောက်ကိုင်ကာ ကျနော့်ရှေ့တည့်တည့်သို့ ချိန်ရွယ်ပြီး ပစ်ပေါက်လိုက်လေ၏။ ကွက်တိပင်တည်း။ ထိုအုတ်ခဲသည် ကျနော့် နဖူးထိပ် တည့်တည့် "ခွပ်" ကနဲထိပြီး...

"အား"

ဟု အော်ဟာ ကျနော် မေ့မြောသွားပြီး လောကကြီးတစ်ခုလုံး အမှောင်ကျသွားလေတော့၏။
......


"အား.... အား... အား"

ကျနော့်အော်သံကြောင့် ကျနော့်အခန်းဖော် နိုးထလာပြီး...

"ကိုကိုမောင်... ဘာဖြစ်တာလဲ... ဘာဖြစ်သွားသေးလဲ"

ဟု စိုးရိမ်တကြီး မေးမြန်းလေ၏။

ကျနော်လဲ လန့်နိုးလာပြီး ဖြစ်ပျက်ပုံကို သေချာဆန်းစစ်ကြည့်လိုက်တော့မှ ကျနော် အိပ်ပျော်နေစဉ် ခေါင်းပေါ်တည့်တည့်ရှိ စာအုပ်စင်မှ နေရာကျအောင်မတင်ထားမိခဲ့သည့် Harry Potter စာအုပ် နဖူးပေါ်တည့်တည့် ပြုတ်ကျလာမှန်း သဘောပေါက်လေ၏။ ၄င်းကို အစွဲပြု၍ အိပ်မက်ယောင်ပြီး လန့်အော်လိုက်ခြင်းပင်ဖြစ်၏။ အတော်ထူးဆန်းသည့် အိပ်မက်ပင်တည်း။

"ဘာမှ မဖြစ်ပါဘူး ကိုမောင်ဋ္ဌေးရာ... အိပ်မက်ယောင်နေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်စင်ပေါ်က စာအုပ်ကလဲ နဖူးပေါ်တည့်တည့်မှ ပြုတ်ကျရတယ်လို့.... တောက် .... နာလိုက်တာကွာ"

ဟု (နဖူးကို လက်နှင့်ပွတ်ကာ) ပြန်ဖြေပြီး အကြောင်းစုံပြောပြလိုက်လေ၏။

ကိုမောင်ဋ္ဌေးလဲ တ၀ါးဝါး တဟားဟား ရယ်မောပြီး....

"မင်းကတော့ ဖြစ်ရမယ်... လုပ်လိုက်ရင် အရာရာနှင့်အကြောင်းကြောင်းချည်းဘဲ"

ဟု မှတ်ချက်ချလေ၏။ နာရီကို ကြည့်လိုက်တော့ နံနက် ၄ နာရီထိုးခါနီးနေပြီ။ မိုးစင်စင်မလင်းခင်လေး ကြိုးစားပြီး အိပ်ပျော်အောင်အိပ်စက်လိုက်ရလေ၏။
...

မနက်မိုးလင်းသည့်အခါ အိပ်ရာမှထပြီး မျက်နှာသစ်လိုက်၏။ ရေချိုးခန်းအတွင်းရှိ မှန်ထဲမှ ကျနော့်မျက်နှာကို မြင်လိုက်ရသည့်အခါ မယုံကြည်နိုင်စွာပင် နဖူးပြင်၌ ညိုမဲကွက်ကြီးဖြစ်နေပြီး ယောင်ကိုင်းနေလေ၏။ ထိုသည်ကို အခြားအခန်းမှ သူငယ်ချင်းတစ်ယောက်က လှမ်းမြင်ပြီး....

"ကိုကိုမောင်... ဘယ်လိုဖြစ်တာလဲဗျ။ ညတုန်းက ရည်းစားနှင့်ချိန်းတွေ့တာ ယောက်ခထီးနှင့်ပက်ပင်းမိပြီး လေးခွနဲ့ထုလိုက်လို့ နဖူးတည့်တည့်ထိသွားတာလား"

ဟု လှမ်းမေးလေ၏။ ကျနော်လဲ အိပ်မက်အကြောင်းနှင့်နဖူးပေါ်စာအုပ်ပြုတ်ကျခဲ့သည့်အကြောင်းကို ရှင်းပြရန် စိတ်မရှည်တော့၍...

"ယူသော်ရ၏ပေါ့ဗျာ"

ဟူ၍ပင် သက်တောင့်သက်သာ ဖြေဆိုလိုက်လေ၏။ ထို့နောက် အိပ်ခန်းထဲပြန်ဝင်ကာ ကွန်ပျူတာကို ဖွင့်ပြီး ကျနော့်ဘလော့ထဲ ကပျာကယာ ၀င်ကြည့်လိုက်လေ၏။

"ဟူးးးး.... တော်ပါသေးရဲ့... ကွန်မင့်မှာနှင့်စီဘောက်စ်မှာ ဘယ်သူမှ အော်ဆဲတဲ့သူ မရှိလို့... ထင်တဲ့အတိုင်းပါဘဲ၊ ကမ္ဘာအ၀ှမ်းက ဘလော့ဂါတွေနှင့် စာဖတ်သူတွေအားလုံး ချစ်စရာကောင်းပြီးသားပါလို့ :D :D :D"

ဟု စိတ်ထဲမှရေရွတ်ပြီး အိပ်မက်ထဲက ယူသော်ရ၏ ဟူသော စကားကို ကြားယောင်မိကာ ငါးရံ့ပြုံး ပြုံးနေမိလေတော့၏။ ထို့ကြောင့် ကြံရာမရသည့်အဆုံး ထိုယူသော်ရ၏ဟူသောစကားကိုပင် ခေါင်းစဉ်စာသားအဖြစ်ယူပြီး ဤပို့စ်ကို တင်လိုက်ရခြင်းဖြစ်ပေတော့၏။ ။

ကံက ကံကို ကံအဖြစ် ကံပြု၏။
ကိုကိုမောင်(ပန်းရနံ့)

....

Friday 23 July 2010

ကျနော်အမြင်ကပ်ဆုံး ဘလော့ဂါတစ်ယောက်အကြောင်း


ပြောမယ်ပြောမယ်နဲ့ ခင်မင်ခဲ့တဲ့ လက်ကျန်သံယောဇဉ်လေးတွေကို ငဲ့ပြီး ပြောမထွက်ခဲ့တာ။ ပြောချင်နေခဲ့တာ အတော်လေးကြာခဲ့ပြီ။ ဘယ့်နှယ်ဗျာ၊ ဘလော့ဂါတစ်ယောက်လုပ်နေပြီး ဘလော့စည်းကမ်းလဲမသိ၊ ဟိုဟာလဲ မသိ၊ ဒီဟာလဲမသိနဲ့။ သူထင်ရာ သူစိုင်းနေတာ။ သူလုပ်ရင် သူပြောရင် သူရေးရင် အားလုံးတင့်တယ်မယ်ထင်ခဲ့တာ။ အဲဒါ သူ့အမှားပေါ့။ ဘလော့ရေးပြီဆိုရင် ကမ္ဘာနဲ့အ၀ှမ်း စာဖတ်သူတွေ အနည်းနဲ့အများတော့ ရှိလာမှာဘဲ။ စာဖတ်သူတွေကို မစော်ကားသင့်ပါဘူး။ ပြီးတော့ နာမည်က လိုချင်လိုက်သေးတယ်။ စာရေးကောင်းတယ် အတွေးအခေါ်ကောင်းတယ် ရေးဟန်အဆင့်မြင့်တယ်စတဲ့ သူများမြှောက်ပြောတာကိုလဲ အရှက်မရှိခံယူချင်လိုက်သေးတယ်။ သူလို ဘလော့ဂါ ရှာမှရှားဘဲ။

သူစာရေးတဲ့ပုံစံကိုလဲ ကြည့်လိုက်ကြပါဦး။ ဘာသာရေးနှင့်ပတ်သက်ရင် ပိဋကတ်သုံးပုံလုံး နှုတ်တက်အာဂုံဆောင်ထားတာကျနေတာဘဲ။ ဟိုကျမ်းညွန်းထည့် ဒီကျမ်းညွန်းထည့်နဲ့။ အမှန်တကယ်က သူဘာမှသိတာမဟုတ်ဘူး။ စာဖတ်တဲ့သူတွေ အထင်ကြီးအောင်လုပ်နေတာ။ လေကြီးလေကျယ်နဲ့။ အချစ်ရေးဘက်ဆိုရင်လဲ အချစ်ပါရဂူကြီးကျနေတာဘဲ။ ကဗျာဖွဲ့လား ဖွဲ့ရဲ့၊ စာဖွဲ့လား ဖွဲ့ရဲ့။ ရာရာစစ အင်္ဂလိပ်လို ကဗျာလေးတွေတောင် ရေးလိုက်သေးတယ်။ အေ ဘီ စီ ဒီ အဆင့်လောက်နဲ့ အင်္ဂလိပ်ကဗျာရေးတယ်တဲ့။ မကြားဘူးပေါင်ဗျာ။ သူ့ကဗျာ သူ့စာတွေဖတ်ကြည့်ရင် အရည်အချင်းမရှိဘူးဆိုတာ အသိသာကြီးပါ။

သူလိုဘလော့ဂါတွေ ဘလော့လောကကြီးထဲမှာ များများမဟုတ်ပါဘူးဗျာ။ ဆယ်ယောက်လောက်သာရှိကြည့်။ မြန်မာဘလော့လောကကတော့ သွားပါပြီ။ သုံးစားလို့ရတော့မှာ မဟုတ်ပါဘူး။ အရေးထဲ ဗေဒင်သုံးပုံလုံး နှံ့စပ်ကျွမ်းကျင်တဲ့ ဗေဒင်ဆရာယောင်ယောင်၊ ဓါတ်ဆရာယောင်ယောင်၊ နတ်ဆရာယောင်ယောင်က လုပ်လိုက်သေးတယ်။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပါဘဲ။ သူ့အကြောင်းမသိတဲ့သူတွေကတော့ သူဘာလဲ ဘယ်လဲဆိုတာ အတွေးပွါးစရာပေါ့လေ။ ကျနော်ကတော့ လူရင်းဆိုတော့ အတွင်းသိ အစင်းသိ အားလုံး(အားလုံး) သိပါတယ်။ ဟိုရမ်း ဒီရမ်းပြီး ယုတ္တိမရှိတာတွေ လျောက်ရေးနေတာ။ ရှင်းရှင်းပြောရရင်တော့ ဖြီးနေတာပေါ့ဗျာ။

သူ့ဘလော့ကလေး လူစည်ကားဖို့အရေးကို နေ့စဉ်ဘဲ သူများတွေရဲ့ ဘလော့တွေထဲ လျောက်လည်ပြီး အရမ်းကောင်းးတာဘဲ ဘာညာသာရကာ မြှောက်ပင့် ကွန်မင့်ပေးနေလေရဲ့။ စာတွေကိုတော့ သေချာဖတ်မဲ့ပုံ မပေါ်ပါဘူး။ သူရောက်လာတယ်ဆိုတာ အသိပေးရုံအဆင့်လောက်ဘဲ ရှိမှာပါ။ ဟိုဘက်က အိမ်ရှင်တွေကလဲ ကိုယ့်အိမ်လာမှတော့ ပြန်လိုက်မလည်ရင် လူမှုရေးညံ့ဖျင်းရာရောက်ပါတယ်လေ ဆိုပြီး အားနာလို့ ပြန်လိုက်လည်ပြီး သူ့ကို မြှောက်ပင့် ကွန်မင့်တွေ ပေးကြတာပေါ့။ ဒါကို သူက အဟုတ်ကြီးထင်နေတာဗျ။ မြှောက်ပြောတာကို မြှောက်ပြောမှန်းလဲ သိမှာမဟုတ်ပါဘူး။ ဘ၀င်ရူးပုံစံမျိုးပေါ့။ ပြီးတော့ သူ့ရဲ့ ဘလော့ဂါလက်သုံး သီအိုရီကိုဘဲ ကြည့်ဦး။ ဘလော့ဂါတွေ စာရေးဘယ်လောက်ကောင်းကောင်း သူသွားလည်ပြီး ကွန်မင့်သုံးခါတိတိပေးပြီးလို့မှ သူ့ရဲ့ဘလော့ကို ထပ်မလိုက်လာရင် အဲဒီဘလော့ကို ဘယ်တော့မှ မသွားတော့ဘူးတဲ့။ အဲဒါဘဲ ကြည့်တော့ဗျာ။ မစပ်မဆိုင်ကြီး။ ဒါနဲ့များ ဘလော့ဂါလုပ်နေသေးတယ်။

ပြီးတော့ သူကပြောလိုက်သေးတယ်၊ လူတိုင်းကို အထင်မကြီးဘူးတဲ့။ အထူးသဖြင့် မိန်းခလေးတွေကို အထင်မကြီးဘူးတဲ့။ ဘာဝါဒကို ကိုင်စွဲထားမှန်းလဲ မသိပါဘူး။ လူဘဲဥစ္စာဗျာ။ လူ့ယဉ်ကျေးမှုတော့ ရှိသင့်တာပေါ့။ လောကကြီးမှာ မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။ သူက အဲဒါတွေကိုလဲ သိပုံမရပါဘူး။ သူကြုံဖူးခဲ့တဲ့ လူတစ်ချို့ နှင့် မိန်းခလေးအနည်းစုလေးတွေကို ကြည့်ပြီး အထင်မကြီးဘူးဆိုတဲ့ စကားပြောတာ ထင်ပါတယ်။ သူငယ်ချင်းအချင်းချင်းမို့ သူ့ကို ခဏခဏနားချတော့လဲ ကျွဲပါးစောင်းတီးပါဘဲ။ ကျနော့်စကားတွေကို သူ ခံယူနိုင်စွမ်းမရှိဘူးလေ။ ပြီးတော့ သူကပြောသေးတယ်။ မင်းက ဘယ်လောက်သိလို့ ငါ့ကို လာနားချတာလဲတဲ့။ ရေးရင်းနဲ့ကို ဒေါသထွက်တယ်ဗျာ။

သူ့ရဲ့ကြွားလုံး ငွါးလုံးတွေနှင့်ရေးတဲ့ စာကိုဖတ်ပြီး သူငယ်ချင်းတော်ချင်လို့ သူ့အကောင့်မှာ လာအက်တဲ့သူတွေကိုလဲ စိတ်ပါမှ အဆက်လုပ်တာတဲ့။ စိတ်မပါရင် ဒီနိုင်းဘဲတဲ့။ အဆက်လုပ်ပြီးသား သူတွေကိုလဲ သူစိတ်ပါမှ လှမ်းနှုတ်ဆက်တာတဲ့။ တစ်ခါတစ်ခါဆို တစ်ဘက်လူက အရေးတစ်ယူစကားလာပြောရင်တောင် သူက အရေးမလုပ်ဖူးတဲ့။ ကျနော်နဲ့ခင်မင်စဉ်တုန်းက သူပြောခဲ့စကားတစ်ချို့ ပါ။ သူ့သီအိုရီကိုလဲ ကြည့်လိုက်ပါဦး။ မိန်းမနှင့်နွား မသနားနဲ့တဲ့။ တကယ့်ကို လက်ပေါက်ကပ်တဲ့သူဘဲ။ ကြာလာတော့ ကျနော့်စိတ်နဲ့ မကိုက်ဘူး။ သူတစ်လမ်း ကိုယ်တစ်လမ်းဘဲကောင်းတယ်။

သူ့ဘလော့ပေါ်မှာတော့ အကြံဥာဏ်တွေကို ကြိုဆိုပါတယ်၊ သူအမှားရေးမိရင် ဝေဖန်ထောက်ပြပေးကြပါ လို့ စာဖတ်ပရိသတ်တွေကို ဖိတ်ခေါ်ထားတယ်။ ဒါပေမဲ့ ဟိုဘက်နှစ်တုန်းက သူစာရေးတာကို ထောက်ပြဝေဖန်လဲ ပြလိုက်ရော။ သူ့မျက်နှာကြီး ပြေးမြင်ယောင်လိုက်သေးတယ်။ နီတက်နေတာဘဲ။ သူစာရေးတာကို ဝေဖန်ရမလားတဲ့။ ဟာ ဟ။ ရယ်စရာကောင်းလိုက်တာ။ ဒါများ ဘလော့ဂါလုပ်ဦးမယ်တဲ့။ နဲနဲလေး ဝေဖန်တာကိုတောင်မှ မခံနိုင်တာ။ ဘယ်လိုလုပ်ပြီး ဘလော့ဂါကောင်းတစ်ယောက်ဖြစ်နိုင်ဦးမှာတဲ့လဲ။ စာရေးတဲ့သူနှင့်စာဖတ်တဲ့သူ၊ စာဖတ်တဲ့သူက အမှားအမှန်ပိုမြင်တာပေါ့။ အကြောင်းအရာကို အသာထားဦး။ စာလုံးပေါင်း သတ်ပုံ ၀ါကျဖွဲ့ပုံတွေကိုတောင် အားလုံးအမှန်တွေချည်း ဘယ်သူရေးနိုင်ပါ့မလဲ။ သူက အဲဒါတွေကို နားလည်ပုံမပေါက်ဘူး။ လာပြီးဝေဖန်ထောက်ပြတဲ့သူတွေကို ကက်ကက်လန်အောင် ရန်တွေ့နေလိုက်သေးတယ်။

တကယ်စိတ်ကုန်စရာကောင်းပါတယ်။ ကျနော်ပြောတာတောင် နဲနေသေးတယ်။ သူ့ဆိုးချက်ကတော့ မိုးမီးလောင်မတတ်ပါဘဲ။ ရေမပြည့်တဲ့အိုး ဘောင်ဘင်ခပ်တယ်ဆိုတာ သူ့ကို ပြောတာရှိမယ်။ သူစိတ်တိုရင်လဲ မတတ်နိုင်ဘူး။ ကျနော်က ရေးချင်နေတာ အတော်လေးကြာခဲ့ပြီ။ အကြောင်းကြောင်းကြောင့် မရေးခဲ့နိုင်ဘူး။ ဒီနေ့တော့ စိတ်ကူးပေါက်ပေါက်နဲ့ ထရေးလိုက်တာ။ သူလဲ ကျနော့်အကြောင်းရေးချင်ရေးပေါ့လေ။ ဘာဖြစ်သေးလဲ။ စိန်ခေါ်ရဲပါတယ်။ သူမှ စာရေးတတ်တာ မဟုတ်တာ။ ကျနော်လဲ ကကြီးခခွေးတော့ကောင်းကောင်းကျေပါတယ်။းဝ) ။

ကျနော်ပြောတာမယုံရင် သူ့ဘလော့ထဲကို ၀င်ပြီး တစ်ပုဒ်လောက်ဖတ်ကြည့်ပါ။ သူဘယ်လိုလူလဲဆိုတာ ချက်ချင်း သိသွားစေရမယ်။ သူ့ဘလော့နာမည်က ကောင်းကင်မိုက် ရဲ့ ပျင်းရောင်နွဲ့ တဲ့။ ဧကန္တတော့ သူလဲ ငပျင်းတစ်ကောင်ဖြစ်မယ်။ အဲ.. အဲ.. ပြောရဦးမယ်။ သူ့ရုပ်ကိုမှ အားမနာ။ ဗီဒီယိုဖိုင်တောင် တင်ထားလိုက်သေးတယ်။ ဟဲ ဟဲ။ သူ့ဗီဒီယိုဖိုင်ကိုတော့ စိတ်ခိုင်မှ ကြည့်ကြနော်။ မဟုတ်ရင် မေ့လဲသွားနိုင်တယ်။ သံဗုဒ္ဓေ ဂါထာရွတ်ဖတ်ပြီး ကြည့်ရမဲ့ပုံ။ ဘီလူးချော ချောနေလို့။

"ဟေ့ရောင်... သယ်ရင်း... မင့်အချိုးတွေ ပြင်ရင်ပြင်။ မပြင်ရင်တော့ ငါ့ အဆိုးမဆိုနဲ့။ ငါကတော့ ဆက်ရေးရဦးမှာဘဲ။ မင့်အကြောင်း ငါအသိဆုံး။ ရှင်းပြီလား။ ဒါဘဲ"

....

Sunday 18 July 2010

ကံဆိုးပြီဆိုမှဖြင့်...

မှတ်မှတ်ရရ အဲဒီနေ့က အဖိတ်နေ့။ ညနေဆည်းဆာချိန်။

တတ်သရွေ့ မှတ်သရွေ့ အာနာပါနကမ္မဋ္ဌာန်းလေး ရှုမှတ်ရင်း မန်ကျည်းပင်တောင်တန်း၌ ရဟန်းသူကြီးကိုကိုမောင် နေထိုင်လာခဲ့သည်မှာ လ၀က်ခန့်ရှိနေလေပြီ။ မနက်ဖန်လပြည့်နေ့ဥပုသ်ဖြစ်သည့် အတွက် ရဟန်းသူကြီးကိုကိုမောင် ဥပုသ်ပြုရန် တုံးဖလားရွာဦးကျောင်းသို့ သွားဖို့အစီအစဉ်ရှိ၏။ ညနေဆည်းဆာသည် ပတ်ဝန်းကျင်တစ်ခုလုံးကို အလှဆင်ထား၏။

ပေနှစ်ထောင်ခန့်ရှိ မန်ကျည်းပင်တောင်တန်းထိပ်အမြှင့်ဆုံးနေရာ၌ တောရကျောင်းတည်ရှိသောကြောင့် ၀ဲ ယာ ရှေ့  နောက် ရှုခင်းများအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရ၏။ အနောက်ဖက်သို့ လှမ်းမျှော်ကြည့်လိုက်သော် ဟိုး..မှုန်ပျပျတစ်နေရာ၌ ပင်လည်ဘူးမြို့အား ကွေ့ပတ် စီးဆင်းနေသည့် မူးမြစ်၏ အလှအပသည် ဆည်းဆာအောက်၌ လှချင်တိုင်း လှနေတော့၏။ အရှေ့ ဘက်၌မူ ကောလင်းနှင့် ၀န်းသိုမြို့တို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဒေါင်းမြူးချောင်းကို အတိုင်းသားတွေ့မြင်နိုင်လေ၏။ တောင်ဘက်နှင့်မြောက်ဘက်၌ကား ဧရာမတောင်တန်းကြီးဖြင့် အတိပြီးနေ၏။ အုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းမှုန်မှုန် တောကြီးရဂုံထဲဝယ် သဘာဝအလှတရားတို့ကို ကြည့်ရှုခံစားရင်း ရဟန်းသူကြီးကိုကိုမောင်သည် စိတ်တွင်းမှ ရှင်ဥတ္တမကျော်တောလား တစ်ပိုင်းတစ်စကို ရွတ်ဆိုနေမိလေ၏။

"သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့".....


ညနေဆည်းဆာချိန်မို့ အိပ်တန်းတက်ငှက်ကလေးတို့၏ တကျီကျီအော်မြည်သံ၊ ပုစဉ်းရင်ကွဲအော်သံ၊ စမ်းရေ စီးကျသံ၊ လေတိုးသံစသည်တို့ဖြင့် သာယာနာပျော်ဖွယ်ရှိနေ၏။ ထိုကဲ့သို့ ပတ်ဝန်းကျင်နှင့် သဘာဝအလှတရားတို့ကြောင့် ရဟန်းသူကြီးကိုကိုမောင်တစ်ယောက် အမည်ပေး၍မရနိုင်သည့် လွမ်းဆွေးမှုဝေဒနာတစ်ခုခုကို ခံစားရသလို ရှိလာ၏။ ဘယ်သူ ဘယ်ဝါ ဘယ်ဝယ် ဘယ်ဆီကို လွမ်းနေမှန်း သူကိုယ်တိုင်ပင်မသိ။ သို့သော် လွမ်းနေသည်ကတော့ သေချာနေ၏။ ဆည်းဆာ၏ဖျားယောင်းမှု တောရိပ်တောင်ရိပ်တို့၏ ဆွဲဆောင်မှုတို့ကြောင့် တစ်ခုခုကို အော်ဟစ်ပြီး အလွမ်းဖြေချင်သယောင်ဖြစ်လာ၏။

"မဖြစ်ချေဘူး။ ငါက အခုလက်ရှိမှာ ရဟန်းဘ၀ဖြစ်နေတယ်။ ငါအော်ဟစ်သံကို တစ်ယောက်ယောက်ကြားသွားရင် ဒုက္ခ။ ရှက်စရာကြီး"

ဟု စဉ်းစားပြန်၏။ သို့သော် လူတို့၏ ချင်ချင်းသည်ကား ဖြေဖျောက်ရခက်လှချေ၏။ ထို့ကြောင့် တစ်ခုခုဟစ်အော်ရန် သူဆုံးဖြတ်လိုက်၏။ မအော်ဟစ်ခင် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေး၏။ ကျောင်းသင်္ခန်းပတ်ပတ်လည်ကိုလည်း ကြည့်ရှုစစ်ဆေးလေ၏။ တစ်စုံတစ်ဦးမှ မရှိပေ။ "အေးလေ.. တောကြီးမျက်မဲထဲ ဘယ်သူလာပါ့မလဲ.. ငါကတောင် စိုးရိမ်ကြီးနေတာ။ တစ်ခုခုကို အော်ဟစ်ပြီး အလွမ်းဖြေဦးမှဘဲ " ဟုစဉ်းစားဆုံးဖြတ်ပြီး ရဟန်းသူကြီးကိုကိုမောင်သည်..

"မဲဇာသောင်ခြေ....စီးထွေထွေတည့်...... မြစ်ရေ၀န်းလည်..... မြိုင်တောဆီက.... ရွှေပြည်ကိုသာ..."

အစချီသည့် လက်ဝဲသုန္ဒရအမတ်၏ မဲဇာသောင်ခြေ ရတုပိုဒ်စုံကို အားရပါးရ ဆွဲဆွဲငင်ငင် သီဆိုအော်ဟစ်နေလေတော့၏။ ထိုရတုပိုဒ်စုံ သုံးပုဒ်လုံးအပြီး၌....

"ဟိ... ဟိ... ဟိ.."

"အဟိ... အဟိ... အဟိ.."

"ဖျောင်း... ဖျောင်း.... ဖျောင်း"

"ရဟန်းသူကြီးကိုကိုမောင်က သီချင်းဆိုနေတယ်တော့"

စသည့် ရယ်သွမ်းသွေးသံ အီစီကလီရယ်မောသံ လက်ခုပ်တီးအားပေးသံ စသည့် မိန်းခလေးအသံများစွာတို့ကို မယုံကြည်နိုင်စွာ ကြားရလေတော့၏။ ရဟန်းသူကြီးကိုကိုမောင်သည် ပြင်းပြင်းထန်ထန်အရှက်ရသွား၏။ ခေါင်းနပန်းကြီးသွား၏။ ဖြုန်းကလဲ ဘယ်လိုကဘယ်လို ရောက်လာသည်မသိသည့် အမျိုးသမီးတစ်သိုက်။ သေချာကြည့်လိုက်တော့မှ တုံးဖလားလှပျိုဖြူများဖြစ်ကြသည့် ဥမ္မာ အင်ကြင်း ကြည်မြင့် နှင့် ထွေးကြည်တို့ လေးယောက် ဖြစ်နေလေ၏။ သူတို့မျက်နှာများက ပြုံးစိစိ။ ဒီနေ့မှ သူတို့လေးတွေရဲ့ မျက်နှာက ပိုပြီးလှလာသလိုလို။ သူတို့လက်ထဲမှာကတော့ သစ်သီးဝလံနှင့်အခြားစားသောက်ဖွယ်များ ကိုင်ဆောင်ထားကြလေ၏။

"ညနေမိုးချုပ်ကြီး ဘာအကြောင်းရှိလို့ ဒီကို လာခဲ့ကြတာလဲ"

"ရွာဦးကျောင်းဆရာတော်က ရဟန်းသူကြီးကိုကိုမောင်ကို သစ်သီးဝလံလေး သွားပို့ပေးပါဆိုလို့ လာခဲ့တာပါဘုရား"

"ဆရာတော်နှယ်... မိန်းခလေးတွေချည်းလဲဖြစ် ညနေခင်းကြီးလဲဖြစ် ဘာဖြစ်လို့ ခိုင်းရတာပါလိမ့်"

"အဲဒါတော့ တပည့်တော်မတို့လဲ မသိပါဘုရား"

"အေး... ကောင်းပြီ.. အဲဒါတွေ ကပ်လှူပါ။ ပြီးရင် ပြန်ကြတော့"

"တင်ပါ့ဘုရား"

သူတို့တစ်သိုက် တစ်ခစ်ခစ် ရယ်မောရင်း ပြန်သွားကြလေ၏။

နောက်တစ်နေ့၌ ရဟန်းသူကြီးကိုကိုမောင်သည် နံနက်စောစောထကာ ဥပုသ်ပြုရန်အတွက် တုံးဖလားရွာဦးကျောင်းသို့ ကြွလာခဲ့၏။ ထိုတောရကျောင်းနှင့်တုံးဖလားရွာမှာ ၇ မိုင်ခန့်ဝေးကွာလေ၏။ နေ့ဆွမ်းအမီ တုံးဖလားရွာဦးကျောင်းသို့ရောက်၏။ ဆရာတော်ကို ၀တ်ပြုပြီး ဥပုသ်ပြုကြ၏။ ပြီးနောက် နေ့ဆွမ်းဘုဉ်းပေးကြ၏။ နေ့ဆွမ်းဝိုင်း၌ ရဟန်းသူကြီးကိုကိုမောင်က စပြီး စကားဆိုလေ၏။

"ဆရာတော်.. ဘာဖြစ်လို့ ဥမ္မာတို့ အုပ်စုလွတ်ပြီး စားစရာတွေ ပို့ခိုင်းရတာလဲ ဘုရား၊ ဘယ်သူနှင့်မှ မတွေ့ချင်လို့ တစ်ပါးထဲ အေးအေးဆေးဆေးနေပါရစေလို့ တောရမဆောက်တည်ခင် ဆရာတော်ကို လျောက်ထားခဲ့တယ်လေ ဘုရာ့"

ဆရာတော် မျက်လုံးပြူးသွား၏။

"ဟေ... ဘယ်ကလာ ဘယ်လို သူကြီးဆီ ဥမ္မာတို့အဖွဲ့ကို လွတ်ရမှာလဲ။ မလွတ်ရပါဘူး"

"ဒါပေမဲ့ သူတို့ တပည့်တော်ဆီ စားစရာတွေလာပို့တယ်ဘုရား"

"ဘယ်တုန်းကလဲ"

"မနေ့က ညနေ ငါးနာရီခွဲလောက်ကပါဘုရား"

"မဖြစ်နိုင်ဘူး"

"ဘာဖြစ်လို့လဲ ဘုရား"

"မနေ့က အဲဒီအချိန် ဒီကျောင်းမှာ ရွာထဲက အပျိုလူပျိုတွေ အားလုံးစုပေါင်းပြီး အဖိတ်နေ့တိုင်းလုပ်နေကြ ဘုရားပန်းလာလဲကြတယ်။ သောက်တော်ရေ လာဆက်ကပ်ကြတယ်။ သူကြီးပြောတဲ့ မိန်းခလေး လေးယောက်လုံးလဲ ဒီကိုလာကြတယ်"

"သေချာရဲ့လား ဘုရား"

"မယုံရင် သူတို့ကို ခေါ်ပြီး မေးပေးတယ်"

ထိုကဲ့သို့ ဆရာတော်ပြောဆိုပြီး ကျောင်းသားတစ်ယောက်ကို ရွာထဲ လွတ်ကာ ဥမ္မာတို့လေးယောက်လုံးအား အခေါ်လွတ်လိုက်၏။ သူတို့ရောက်လာသောအခါ လေးယောက်လုံး မနေ့ကလောက် လှလှပပ မဟုတ်သည်ကို တွေ့ရလေ၏။ သူတို့ကိုမေးကြည့်ပြန်တော့လည်း ရွာဦးဘုန်းတော်ကြီးကျောင်းကိုသာ ပန်းတော်ကပ် ရေတော်ကပ်ဖို့ သွားခဲ့ကြောင်း၊ သူကြီးနေထိုင်ရာနေရာကို သိပင်မသိကြောင်း၊ သိလျှင်လည်း ညနေမိုးချုပ်ကြီး တောထဲတောင်ထဲကို ဘယ်မိဘကမှ ပေးလွတ်မည်မဟုတ်ကြောင်းဖြင့် သူတို့မလာကြောင်းကို ခိုင်ခိုင်မာမာ သက်သေပြနေကြလေတော့၏။

တစ်ခုခုလွဲမှားနေမှန်း ရဟန်းသူကြီးကိုကိုမောင် သဘောပေါက်သွား၏။ "ဧကန္တ နာနာဘာဝမလေးတွေ လူယောင်ဆောင်ပြီး လာခဲ့တာဘဲ ဖြစ်ရမယ်" ဟု စဉ်းစားမိလေ၏။ ထိုသို့စဉ်းစားမိသည်နှင့်တစ်ပြိုင်နက် ကြက်သီးဖြန်းကနဲ ထသွား၏။ ညနေဘက် တောရကျောင်းသို့ ပြန်သွားရမည်ကိုပင် ၀န်လေးသလို ဖြစ်လာ၏။ သို့သော် ၀ါကျွတ်သည့်တိုင် နေမည်ဟု ကတိပေးထားပြီးဖြစ်သောကြောင့် သတ္တိမွေးကာ ညနေပိုင်း၌ ဆရာတော်ကို ကန်တော့နှုတ်ဆက်ပြီး တောရကျောင်းလေးသို့ ပြန်ခဲ့လေတော့၏။ သုံးနာရီခန့် တောမြိုင်တောင်တန်းများကို ဖြတ်သန်းပြီးနောက် တောရကျောင်းဝင်းလေးထဲသို့ ညနေဆည်းဆာချိန်၌ပင် ရောက်ရှိလာလေ၏။

ကျောင်းဝင်းထဲ ၀င်ဝင်ချင်း အမွှေးရနံ့တစ်ခုခုကို ရှူရှိုက်မိလေ၏။ ပြင်သစ်ထုတ် ရေမွှေးအကောင်းစား အနံ့ပင်ဖြစ်၏။ ထို့နောက် တောရကျောင်းပေါ်မှ ထွက်ပေါ်လာသည့် အမျိုးသမီးတစ်စုတို့၏ တဟိဟိ ရယ်မောသံကို တိုးတိုးလေး ကြားရပြန်၏။ ဘုရား ဘုရား။ သူတို့ လာပြန်ပြီထင်တယ်။ ဒုက္ခဘဲ။ ရဟန်းသူကြီးကိုကိုမောင်သည် အဟမ်း အဟမ်း ဟု ချောင်းအကျယ်ကြီးဆိုးလိုက်ပြီး တောရကျောင်းလေးပေါ်သို့ တက်သွားလေ၏။ သို့သော် ကျောင်းပေါ်၌ကား အမျိုးသမီးများ မရှိတော့လေပြီ။ ဘုရားပန်း သောက်တော်ရေတို့ကိုမူ ကျကျနနဆက်ကပ်ထားပြီး ကျောင်းပေါ်ကျောင်းအောက် သန့်ရှင်းရေး လုပ်ထားသည်ကို တွေ့ရလေ၏။

ကြောက်တစ်ဝက် ကြည်နူးတစ်ဝက်ဖြင့် ရဟန်းသူကြီးကိုကိုမောင်သည် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်၏။ ရသမျှ ဘုရားစာတို့ကို ရွတ်ဖတ်၏။ ဟေတုပစ္စယောစသည့် ၂၄ ပစ္စည်းဖြင့် အရပ်ရှစ်မျက်နှာကို ရေဖျန်းပြီး စည်းချ၏။ သဗ္ဗေဗုဒ္ဓါ စသည့် ဂါထာတို့ဖြင့် အရပ်ဆယ်မျက်နှာတို့ကို စည်းချ၏။ လာရောက်ကူညီသောသူတို့အား ကျေးဇူးတင်ကြောင်း၊ နောက်တစ်ခါ ထပ်လာဖို့မလိုတော့ကြောင်း၊ အမျှပေးဝေပါကြောင်းဖြင့် အစီအမံပြုလုပ်လိုက်လေတော့၏။

ထိုနေ့မှ စတင်၍ ရဟန်းသူကြီးကိုကိုမောင်သည် မန်ကျည်းပင်တောင်တန်းရှိ တောရကျောင်းလေး၌ အနှောင့်အယှက်ကင်းစွာ အေးအေးဆေးဆေး တရားရှုမှတ်ပြီး အနားယူနိုင်လေတော့၏။ သူ၏ စိတ်တွင်း၌မူကား....

"အော်.. ကံဆိုးပြီဆိုမှဖြင့် လူသားအမျိုးသမီးများတင်မက နာနာဘာဝအစိမ်းသရဲမလေးများကပင် လာကြိုက်ချေပြီကော"

ဟူ၍ အပြင်းစားသတိသံဝေဂကြီးကို ရရှိပြီး မိန်းခလေးများကို အကြောက်ကြီးကြောက်၍ နေလေတော့သတည်း။ :D :D :D

ကံက ကံကို ကံအဖြစ် ကံပြု၏။
ကိုကိုမောင်(ပန်းရနံ့)

....

Wednesday 14 July 2010

တုံးဖလားရွာသူကြီးကိုကိုမောင် ဒုလ္လဘရဟန်းဝတ်ခြင်း


တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေလေ၏။ သူတီထွင်ကြံဆ ဖော်စပ်ပေးခဲ့သည့် ဆေးမျိုး အဖုံဖုံတို့ကြောင့် ရပ်တွင်းရွာတွင်းဝယ် အပျိုလူပျိုဟူ၍ မရှိသလောက်ဖြစ်သွား၏။ ရွာသူရွာသားများကလည်း အခြေခံပညာ မူလတန်းအဆင့်လောက် အောင်မြင်သွားလျှင် ပညာရေးကိစ္စပြီးသွားပြီ၊ ထပ်ပြီးသင်ယူစရာ ဘာမှမရှိတော့ဟု ထင်မှတ်ကြလေ၏။ ထို့ကြောင့် ယောက်ျားလေး မိန်းခလေးအများစုသည် လေးတန်းအောင်ပြီးသည့်အခါ ကျောင်းမှထွက်ပြီး လုပ်ငန်းခွင်သို့ ၀င်ရောက်ကြလေ၏။ ထို့နောက် အရွယ်ရောက်သည့်အခါ အိမ်ထောင်ပြုဖို့လောက်ကိုသာ စိတ်ထဲရှိလေတော့၏။ နူနာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း ဆိုသကဲ့သို့ သူကြီးကိုကိုမောင်၏ ဆေးမျိုးစုံတို့သည်လည်း ရွာသူရွာသားများအား အိမ်ထောင်ပြုဖို့ တိုက်တွန်းလေသယောင် ရှိလေတော့၏။

"သူကြီးကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး"

"သူ့ကြောင့် ကလေးတွေ ပညာရေးဘက် စိတ်မ၀င်စားကြတော့ဘူး"

"ကလေးတွေ အရွယ်ရောက်လာရင် လူစာအရင် မရှာကြတော့ဘူး။ ဟ၀ှါစာဘဲ အရင်ရှာကြတော့တယ်"

"သူကြီးကိုကိုမောင်ရဲ့ ပီယဆေးနှင့်အချစ်ဒဿနတွေကြောင့် ကလေးတွေကတော့ ပျက်စီးကုန်ပါပြီ"

"အနာဂါတ်ရဲ့သားကောင်းရတနာ သမီးကောင်းရတနာလေးတွေ အညွန့်ချိုးပစ်လိုက်သလို ဖြစ်နေပြီ"

"ငါတို့ရွာသားတွေအားလုံး သူကြီးကိုကိုမောင်လုပ်ရပ်ကို ဆန့်ကျင်ကြရအောင်"

အထက်ပါစကားတို့ကို တုံးဖလားရွာသူရွာသား အများစုပြောဆိုနေကြလေပြီ။ တစ်ယောက်နား တစ်ယောက်ကြားဆိုသကဲ့သို့ ထိုစကားများအားလုံးကို သူကြီးကိုကိုမောင် ကြားသိရလေ၏။ အော်... လူတွေ..လူတွေ လိုတစ်မျိုး မလိုတစ်မျိုးပါကလား ဟူ၍ သင်ခန်းစာယူရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့။ အဆင်ပြေနေစဉ်တုန်းကတော့ ရွာသူကြီးကိုကိုမောင်မှ ကိုကိုမောင်ဖြစ်နေကြလေ၏။ သူကြီးကိုကိုမောင်အိမ်၌ လူစည်ကားခဲ့၏။ လူပုံအလယ် မျက်နှာပွင့်ခဲ့၏။ ဂုဏ်ရှိခဲ့၏။ သို့သော် ယခုအချိန်တွင်ကား သူကြီးကိုကိုမောင်၏ ကုထုံးများကို ရွာသူရွာသားများ ရိုးအီသွားကြပြီး နှာခေါင်းရှုံ့ လာခဲ့ကြလေပြီတည်း။ မရခင်တုန်းကတော့ ဖျာလိုလိပ်၊ ထိပ်မှာတင်၊ ရပြီးရင်တော့ ဖျာလိုခင်း၊ နင်းချေ ဆိုသလို ဖြစ်လာ၏။ တရားသံဝေပွါးဖွယ်ကောင်းလေစွ။ တကယ်လည်း သူတို့ပြောသလို ရွာသူရွာသားများကလည်း လုပ်ငန်းကိစ္စတို့၌စိတ်ဝင်စားမှု နည်းပါးသွားသည်ကတော့ အမှန်ပင်။ ထိုသည်လည်း သူကြီးကိုကိုမောင် ဒုလ္လဘရဟန်းဝတ်ရခြင်း၏ အကြောင်းတစ်ခု ဖြစ်ချေတော့သည် တမုံ့။
....

လွန်ခဲ့သည့် အပတ်က သန်းမောင်နှင့်ရွှေမိတို့၏ ကွာစဲပြတ်ရှင်းသည့်အမှုကို စီရင်ခဲ့ရ၏။ ကွာစဲလိုခြင်း၏ အကြောင်းအရာတို့မှာ သန်းမောင်က အိမ်သာတက်ပြီးသည့်အခါ ရေမသုံးဘဲ တုတ်စက္ကူခိုးသုံးခဲ့၍ ဖြစ်၏။ ရွှေမိက ရေသုံးသည်ကို ကြိုက်၏။ သန်းမောင်က တုတ်စက္ကူ အသုံးပြုသည်ကို ကြိုက်၏။ ထိုကဲ့သို့ ၀ါဒကွဲပြားမှုမှစတင်ကာ အိမ်ထောင်ရေးကမောက်ကမဖြစ်ပြီး လင်မယားချင်း ကွာရှင်းပြတ်စဲချင်ကြသည့်အထိ ဖြစ်လာလေ၏။ သို့သော် သူကြီးကိုကိုမောင်၏ အစွမ်းဖြင့် လင်မယားချင်း ပြန်လည်သင့်မြတ်သွားခဲ့လေ၏။ ထိုကဲ့သို့ အပင်ပန်းခံပြီး အမှုသွားအမှုလာတို့ကို စစ်ဆေးဖြေရှင်းပေးခဲ့သည့် အမှုသည် အမှန်အကန်အမှု မဟုတ်ဘဲ အကြံအဖန်အမှု ဖြစ်ခဲ့လေ၏။

အမှုတစ်ခု စီရင်တိုင်း သူကြီးကိုကိုမောင်က ရွာသူရွာသားအားလုံးကို ထမင်းကောင်းဟင်းကောင်းများဖြင့် တည်ခင်းဧည့်ခံကျွေးလေ့ရှိခဲ့လေ၏။ ထိုထမင်းကောင်း ဟင်းကောင်းများကို စားချင်ကြ၍ အမှုမဟုတ် အမှုဆင်ပြီး သူကြီးကိုကိုမောင်ကိုယ်တိုင် အပင်ပန်းခံချက်ပြုတ်သည့် ဧရာမထမင်းစားပွဲကြီးကို ရွာလုံးကျွတ် လာရောက်စားသောက်ကြခြင်းဖြစ်လေ၏။ စိတ်မကောင်းလိုက်သည့်ဖြစ်ခြင်း။ ကျွေးရမွေးရသည်ကို ၀ါသနာပါသော်လည်း တစ်ပတ်အရိုက်ခံရသည်မှာ စိတ်ထိခိုက်လှချေ၏။ တစ်ခါတစ်ရံ သူကြီးကိုယ်တိုင် ရပ်ရွာတွင်း လှည့်လည်သွားလာသည့်အခါ ကာလသားများက သူကြီးမင်း အမှုတွဲတွေမရှိဘူးလားဗျ၊ ကျနော်တို့ လာအားပေးချင်လို့ ဟူ၍ ပြောခဲ့ကြသည့် စကားများကို ကြားယောင်လာလေ၏။ အော်...လောက လောက။

ထိုအကြံအဖန်အမှုတွဲကို စိတ်နာပြီး သူကြီးကိုကိုမောင်သည် အမိန့်တစ်ခု ထုတ်ပြန်လေ၏။

"တုံးဖလားရွာသူရွာသားများသို့
ယနေ့မှစပြီး အမှုတွဲရှိလာလျှင် အမှုစစ်ဆေးသည့်နေ့၌ ကုန်ကျစရိတ် ကျွေးမွေးစရိတ်အားလုံးကို တရားခံ တရားလို နှစ်ဦးနှစ်ဘက် တစ်ဝက်စီ ကုန်ကျခံစေရမည်။


အမိန့်

တုံးဖလားရွာသူကြီးကိုကိုမောင်
"

ထိုအမိန့်ကို ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ ရွာသူရွာသားများသည် ရွာသူကြီးကိုကိုမောင်ကို အမြင်မကြည်လင်ကြတော့ပေ။ ကွယ်ရာ၌အတင်းအဖျင်းများလာ၏။ စောင်းပြော မြောင်းပြော ခဏခဏတွေ့ကြုံရ၏။ နားမခံသာသည့် စကားတို့ဖြင့် ထိုးနှက်ဝေဖန်လာ၏။ အော်... အိမ်ခြေ သုံးဆယ်လောက်သာရှိတဲ့ တုံးဖလားရွာလေးကို အုပ်ချုပ်ရတာတောင်မှ မလွယ်ကူဘူးဆိုတော့... နိုင်ငံတော်ကို အုပ်ချုပ်နေကြတဲ့ သူတွေကို ကိုယ်ချင်းစာပါတယ်လေ... ဆိုပြီး မစပ်မဆိုင် တွေးတောနေမိလေ၏။ ကံဆိုးပြီဆိုမှဖြင့် အစုလိုက်အပြုံလိုက် မကောင်းကျိုးများ ၀င်ရောက်လာလေ့ရှိ၏။ ကံကြမ္မာ ဂြိုဟ်စီး၊ ကိုယ့်( -ီး )ကိုယ်မယုံ၊ တုံးမှတ်လို့ခုန် ဆိုသကဲ့သို့ ဖြစ်လာ၏။ သူကြီးကိုကိုမောင်သည် နှုတ်တွင်းမှ မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာအပိုင်းအစတစ်ခုကို နွမ်းလျစွာ တိုးတိုးလေး ရွတ်ဆိုနေမိလေတော့၏။

လူ၏အကြိုက်
ဆယ်ခါလိုက်လည်း

မလိုက်တစ်ခါ

ရှိခဲ့ပါမူ
ကြီးစွာရန်သူ
စွဲမှတ်ယူ၏
သတိမြဲမြံ
ကြည့်ဆက်ဆံလော့။ ။
.....

သူကြီးကိုကိုမောင်သည် ထိုကဲ့သို့ စိတ်အနှောက်အယှက်များ မကြာမကြာ ကြုံတွေ့ရလေသောကြောင့် သူ၏ အားကိုးအားထားရာ ရွာဦးကျောင်းသို့ ဦးတည်လေ၏။ ဆရာတော်ဘုရားကို အပြည့်အစုံ ရှင်းပြလျောက်ထားလိုက်သည့်အခါ ဆရာတော်သည်ပင် လူ့သဘော လူ့မနောတို့ကို သံဝေဂပွါးနေလေ၏။

"ဒါနဲ့... စကားမစပ်။ သူကြီးမင်းက ဘာနေ့သားလဲ"

"အင်္ဂါသားပါဘုရား"

"အခုအသက်ဘယ်လောက်ရှိပြီလဲ"

"လွန်ခဲ့တဲ့ သြဂုတ်လက အသက်အစိတ်ပြည့်ခဲ့ပြီးပါပြီဘုရား"

"အော်.. ဒါကြောင့်ကိုး"

"ဘာဖြစ်လို့လဲ ဘုရား"

"သူကြီးမင်းက အခု စနေဂြိုဟ်ထဲဝင်နေတယ်လေ။ ဒါကြောင့် အခုလို စိတ်မကောင်းစရာတွေနှင့်ကြုံရတာ"

"ရှင်းပြပါဦးဘုရား"

"ဒီလို သူကြီးမင်းရဲ့။ စနေဂြိုဟ်ဟာ ဂြိုဟ်ကောင်းမဟုတ်ဘူး။ ဒသာမသန့်၊ အတန့်မကောင်း၊ သံတောင်းစီးနင်း၊ ပါပချင်း၍ လို့ အဆိုရှိတယ်။ စနေဂြိုဟ်ဟာ ပါပဂြိုဟ်ပါဘဲ။ အ၀င်မှာခတ်တတ်တယ်။ အ၀င်မှာ မခတ်ခဲ့ဘူးဆိုရင် အထွက်မှာ ခတ်ရော။ နှစ်မျိုးလုံးက အခတ်လွတ်သူတွေကတော့ ခပ်ရှားရှားရယ်"

"အော်... အဲဒီလိုလားဘုရား"

"ဟုတ်တယ်။ ဒီတော့ ဒီစနေဂြိုဟ်ရဲ့ ဖိအားကို တွန်းလှန်ပစ်ရမယ်။ ဒါမှ စိတ်ချမ်းသာစရာတွေနဲ့ ကြုံလာမှာ"

"ဒါဖြင့် ဘယ်လို တွန်းလှန်ရမလဲ ဘုရား"

"အကောင်းဆုံးကတော့ အခုအချိန်ကစပြီး ၀ါကျွတ်တဲ့အထိ ဒုလ္လဘရဟန်းစည်းတာ အကောင်းဆုံးပါဘဲ ဒကာတော် သူကြီးမင်း"

"အခုမှ သင်္ကြန်ကာလဘဲရှိသေးတယ်ဘုရား။ အကြာကြီး ရဟန်းဘ၀နဲ့နေရမှာလား ဘုရား"

"၀ါကျွတ်တဲ့အထိဆိုတော့ ၇လ ၈လပေါ့ ဒကာတော်သူကြီးမင်း။ ဒါမှ ရဟန်းဘ၀နဲ့ ၂၆ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းမှာလေ။ ဘုရားကုနဲ့ ကုသတယ်ဘဲ ဆိုကြပါစို့။ ဒါမျိုးက သမား ဟူးရားတွေနဲ့ ကုသလို့ ပျောက်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ပေဘူး"

"တင်ပါ့ဘုရား။ ဒါဖြင့် တပည့်တော် အခု သင်္ကြန်အကျနေ့မှာ ဒုလ္လဘရဟန်းဝတ်မယ်ဘုရား"

ဤပုံဤနည်းဖြင့် တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် ဒုလ္လဘရဟန်းအဖြစ်ကို ရရှိခဲ့လေတော့၏။ ရဟန်းဘ၀သည်ကား အေးချမ်းလှချေ၏။ သိမ်မွေ့လှချေ၏။ နူးညံ့လှချေ၏။ နှလုံးမွေ့လျော် သာပျော်ဖွယ်ကြီးပင်တည်း။
....

ရဟန်းဘ၀ရောက်ပြန်တော့လည်း ရဟန်းဒုက္ခကြုံရပြန်လေ၏။ ညနေပိုင်း၌ ၀မ်းတွင်းစစ်ဖြစ်၏။ တဂွမ်းဂွမ်းမြည်လေ၏။ နံနက်အစောကြီးထပြီး အရုဏ်ဆွမ်းဘုဉ်းပေးရ၏။ ရဟန်းသာမဏေများအတွက် လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း အအိပ်မက်သည့် သူကြီးကိုကိုမောင် အတွက်မူ ဒုက္ခတစ်ခုဖြစ်လေ၏။ ပို၍ဆိုးသည်မှာ သီလပေး ရေစက်ချအပြင် ရဟန်းကျင့်ဝတ်တို့ကို ပါဠိလိုတစ်မျိုး မြန်မာလိုတစ်ဖုံ ကျက်မှတ်ရခြင်းပင်ဖြစ်၏။ ရပ်ရွာအတွင်း၌ စွာကျယ်စွာကျယ်နေခဲ့သမျှ ဘုန်းတော်ကြီးကျောင်းရောက်မှ ဆရာတော်ရှေ့ မှောက်၌ ပုဆစ်ဒူးတုပ် ခယ၀ပ်ကျိုးနေရလေတော့၏။ ရဟန်းဘ၀ အလွယ် မမှတ်နဲ့၊ တကယ်ကြပ်သကွဲ့ ဒကာတို့ရေ... အနယ်နယ် အရပ်ရပ် ငါတို့ပြည်မှာ... ဟူသော လင်္ကာစာပိုဒ်ကို ပြေးသတိရမိလိုက်သေး၏။

အဖိတ်နေ့နှင့်ဥပုသ်နေ့မှလွဲ၍ နေ့စဉ်လိုလို ကိုရင်ကျောင်းသားများနှင့်အတူ စာပေများကို ကျက်မှတ်ရ၏။ အိမ်၌ ဇိမ်ကျကျနေခဲ့သည့် သူကြီးကိုကိုမောင်သည် ဘုန်းတော်ကြီးကျောင်း၌မူ ကြမ်းပြင်ပေါ် ဖြစ်သလိုထိုင်ပြီး ကိုရင်ကျောင်းသားများနည်းတူ စာကျက်စာအံအမှုတို့ကို ပြုလုပ်ရလေ၏။ ထင်းခွဲ ရေခပ် တံမြက်စည်းလှဲ ပေါင်းရှင်း သန့်ရှင်းရေးလုပ် ထမင်းခြောက်လှန်း ခွေးစာ ကြောင်စာကျွေး အစရှိသည့် ဝေယျာဝေစ္စတို့ကိုလည်း နေ့စဉ်လိုလို ပြုလုပ်ရလေ၏။

တစ်ခါတစ်ရံ ကိုရင်ကျောင်းသားတစ်ချို့ ၏ အောက်ပါအတိုင်း ပြက်ချော်ချော်စာကျက်သံတို့သည်လည်း သူကြီးကိုကိုမောင်၏ နားဝကို ဒုက္ခပေးလေ၏။ ဘယ်သူဘယ်ဝါကစပြီး သံယောင်လိုက်ကာ ရွှတ်နောက်နောက်လုပ်ထားခဲ့သည်မသိပေ။ အတော်လဲ တတ်နိုင်ကြတဲ့ ကလေးတွေ။ ကန်တော့ပါရဲ့။ အနည်းငယ်မြည်းစမ်းကြည့်စေချင်လှပါဘိ။

"ပဋိသင်္ခါ ယောနိသော"= "အပျိုမြင်ရင် ငါ့ကိုပြော"

"အသေ၀နာစ ဗာလာနံ"= "မသေချာသမျှ ငါမပြန်"

"ဧတံ မင်္ဂလမုတ္တမံ"= "အေးကျန်ဖင်က ပုပ်စော်နံ"
....


ရဟန်းသူကြီးကိုကိုမောင်အတွက် အဆိုးဆုံးမှာ မနက်စောစောထပြီး အရုဏ်ဆွမ်းလာပို့ကြသူများအား သီလပေးရခြင်းပင်ဖြစ်၏။ ထိုကဲ့သို့ သီလပေးသောအခါ ဘုန်းကြီးကျောင်းသားများလည်း သီလယူကြရလေ၏။ ထိုကဲ့သို့ အရုဏ်ဆွမ်းလာပို့သော သူတို့အား သီလပေးရခြင်းသည် အနီးတစ်ဝှိုက်တောရွာများအားလုံး၏ ဓလေ့ထုံးစံတစ်ခုပင်ဖြစ်၏။ ဆွမ်းလာပို့သူတို့မှာ အမျိုးသမီးချည်းဖြစ်၏။ များသောအားဖြင့် လူလတ်ပိုင်း အိမ်ထောင်သည် အမျိုးသမီးများပင်ဖြစ်၏။ ထိုအမျိုးသမီးများနှင့်ဘုန်းကြီးကျောင်းသားများအတူတူ ငါးပါးသီလ ယူကြရ၏။ ရဟန်းသူကြီးကိုကိုမောင်သည် ဒုလ္လဘ၀တ်နေစဉ်ကာလအတွင်း သီလပေးရသည့်တာဝန်ကို ယူထားရလေ၏။

တစ်နေ့ ရဟန်းသူကြီးကိုကိုမောင် သီလပေးနေစဉ်ဝယ် လုံးဝထင်မှတ်မထားသည့် ပြဿနာတစ်ခုကို အစပျိုးလိုက်သလို ဖြစ်သွား၏။ အရုဏ်ဆွမ်းလာပို့သူတို့အား သီလပေးနေစဉ်ဝယ် သူနှုတ်တိုက်ချပေးသည့် သီလတောင်းပါဠိကို ကျောင်းသားတစ်ယောက်က မကြားတကြား အပြောင်အပျက် ပြုလုပ်လေ၏။ ရဟန်းသူကြီးကိုကိုမောင်က အဟံ ဘန္တေ ဟု ချပေးသည့်အခါ အားလုံးက အဟံ ဘန္တေဟု လိုက်ဆိုပေမဲ့ ဘုန်းကြီးကျောင်းသားတစ်ယောက်က ဆန်ထမ်းချေဟု မကြားတကြား လိုက်ဆို၏။ သူ့အသံကို ကြားရသည့် အချို့ သူများက ပြုံးကြ၏။ အချို့သူများက ဟေ့ကောင်လေး မနှောက်ကောင်းဘူး ဟု ဆိုကြ၏။ ထိုကျောင်းသားသည် ရပ်တန့်မနေဘဲ အောက်ပါကဲ့သို့ လိုက်ဆိုလေတော့၏။

"အဟံ ဘန္တေ"

"ဆန်ထမ်းချေ"

"တိသရဏေန သဟ"

"သစ်ပင်ပေါ်က ကျ"

"ပဉ္စသီလံ"

"၀က်သား ဆီပြန်"

"ဓမ္မံ ယာစာမိ"

"ထရံကာပါ၏"

"အနုဂ္ဂဟံ ကတွာ"

"မဟုတ်မခံ ရပ်ရွာ"

"သီလံ ဒေထ"

"ဆီပြန် ရေကျ"

"မေ ဘန္တေ"

"ရေထမ်းချေ"

ရဟန်းသူကြီးကိုကိုမောင်သည် ထိုကျောင်းသားကို စိတ်တိုရကောင်းနိုး ထပြီးရယ်လိုက်ရကောင်းနိုးဖြင့် အနေရခက်ကြီးခက်နေချေတော့၏။ ဘယ်ဘက်မျက်လုံးက ရယ်ချင်နေပေမဲ့ ညာဘက်မျက်လုံးက ဒေါသအရိပ်အရောင်တို့ဖြင့် ၀င်းလက်နေ၏။ မျက်နှာတစ်ပြင်လုံးသည်လည်း ကြောင်ဂါဖေးကာတွန်းကားကြည့်ရသကဲ့သို့ တွန့်လိမ်နေသလို ခံစားလာရ၏။ ထို့ကြောင့် သီလကို အမှားမှား အယွင်းယွင်းပေးမိနေလေတော့၏။

"အပါယ်လေးပါး.. ကပ်သုံးပါး.. ရပ်ပြစ်ရှစ်ပါး........ပ........... အနာမျိုး ၉၆ ပါး. မိစ္ဆာဒိဋ္ဌိ ၆၂ ပါးနှင့် ပြည့်စုံနိုင်ကြပါစေ" ဟုလည်းကောင်း

"ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး၏ ကျေးဇူးကြောင့် ယနေ့မှစပြီး သင်ဒကာဒကာမအပေါင်းတို့သည် ပျက်စီးခြင်းသို့ အမြန်ရောက်ပါစေသတည်း"
ဟုလည်းကောင်း

ဆန့်ကျင်ဘက်အဓိပ္ပါယ်သက်ရောက်သည့် သီလပေးတို့ကို ပေးနေမိလေတော့၏။ ဆွမ်းလာပို့သူတို့သည်လည်း သာဓုသာခေါ်သွားရသည်၊ ကျေနပ်ကြပုံတော့မပေါ်ပေ။ ထိုထက်ဆိုးသည်ကား ခုနက ဘုန်းကြီးကျောင်းသားက စိတ်တိုရမလို ပြုံးရမလို ဖြစ်နေသည့် ရဟန်းသူကြီးကိုကိုမောင် မျက်နှာကို ကြည့်ပြီး သူ့အနီးရှိ ကျောင်းသားတစ်ယောက်ကို ပြောနေလေ၏။

"ဟေ့ကောင်... မိုနာလီနာ ပန်းချီကားကို မြင်ဖူးသလား"

"မြင်ဖူးဘူး"

"ရဟန်းသူကြီးကိုကိုမောင် မျက်နှာကိုသာ ကြည့်လိုက်။ တစ်ထေရာထဲဘဲ။ ငိုမလို ရယ်မလို မျက်နှာမျိုးကြီး"

"ဟာ.. ဟုတ်သေးပါဘူး။ သူကြီးမျက်နှာက ယမကအစုံတန်ခိုးပြနေတာပါ။ ဘယ်ဘက်က ရေ၊ ညာဘက်က မီး။ တန်ခိုးတွေ အစုံအစုံပြနေတာလေကွာ"

"ဟာ ဟ"

ရဟန်းသူကြီးကိုကိုမောင်သည် သည်းခံနိုင်စွမ်းမရှိတော့၍ အနီးရှိ ဆရာတော်၏ လက်သုံး ကြိမ်လုံးကို ကောက်ယူကာ တစ်ယောက် သုံးချက်စီ ဆော်ပစ်လိုက်လေ၏။ စိတ်ကြည်နူးဖွယ် အရုဏ်ဦးသည် ရဟန်းသူကြီးကိုကိုမောင်၏ဒေါသနှင့်ကျောင်းသားနှစ်ယောက်တို့၏ ငိုကြွေးသံတို့ဖြင့် အကျီးတန် ဆန်သွားလေတော့၏။

နေ့လည်ပိုင်း၌ ထိုကျောင်းသားနှစ်ယောက်၏ မိဘများ ရွာဦးကျောင်းရောက်လာပြီး ရဟန်းသူကြီးကိုကိုမောင်ကို မကျေနပ်ကြောင်း လာဝေဖန်ကြ၏။ သူတို့၏ သားများကို ရွာဦးကျောင်းဆရာတော်လက်ထဲသို့သာ အပ်ထားသည်၊ ဆရာတော်သတ်ပြီး သူတို့သေသွားရင်တောင် ကျေနပ်သည်၊ တစ်ခြားတစ်ဦးတစ်ယောက်အနေနဲ့ သူတို့သားများအား ကြိမ်တုတ်ဖြင့် ရိုက်နှက်ဖို့မဆိုထားနဲ့၊ လက်ဖျားနဲ့ ထိတာတောင်မကြိုက်ဟု လာရောက် အော်ဟစ်ပေါက်ကွဲလာကြလေ၏။ အော်... မလွယ်ပါလားနော်။

ရဟန်းဘ၀ဖြင့် တုံးဖလားရွာဦးကျောင်း၌ နေထိုင်ချင်သည့် စိတ်ကုန်ဆုံးသွားသည့်အတွက် ဆရာတော်ထံ ခွင့်ပန်ပြီး တုံးဖလားရွာနှင့် မိုင်နှစ်ဆယ်ခန့်ဝေးသည့် သာယာကုန်းရွာသို့ ရဟန်းသူကြီးကိုကိုမောင် ထွက်လာခဲ့လေ၏။ ထိုရွာရှိ ရွာဦးကျောင်းဆရာတော်ထံ ခွင့်ပန်ပြီး နေထိုင်လေ၏။ ရောက်ခါစ အဆင်ပြေပေမဲ့ ကြာလာသည့်အခါ စိတ်အနှောက်အယှက်ဖြစ်စရာများ ပေါ်ပေါက်လာပြန်၏။ အခြားကိစ္စတော့မဟုတ်ပေ။ အသားအရည်ဝင်းဝင်းဝါ၀ါ ကတုံးတုံးပြီး သင်္ကန်းအညိုရောင် ၀တ်ဆင်ထားသည့် သူကြီးကိုကိုမောင်သည် ရှုမငြီးဖွယ်ပင်ဖြစ်နေလေ၏။ ထို့ကြောင့် လာရောက်ဖူးမြင်သူတို့ တစ်နေ့ထက်တစ်နေ့ ပေါများလာ၏။ ကုထုံးနှင့်တရားစီရင်မှုမှာ နာမည်ကြီးခဲ့သည့်အတွက် မြင်ဖူးချင်သူတို့ များပြားလာ၏။ အထူးသဖြင့် အမျိုးသမီးအများစု အကြောင်းမရှိအကြောင်းရှာ လာရောက်ကြ၏။ ဗေဒင်မေးစရာရှိသလိုလို၊ လက္ခဏာကြည့်ချင်သယောင်ယောင်၊ မသိသည်များကို မေးမြန်းချင်သလိုလိုဖြင့် အမျိုးသမီးပရိသတ်များ စည်ကားလာလေ၏။ စကားအထူးအဆန်းများ ပြောလာကြ၏။ နာမည်ကျော်ရင်.... မိန်းခလေးတွေ.. ၀ိုင်းဝိုင်းလည်တတ်တယ် ဆိုသည့် သီချင်းစာသားလေးကို ပြေးအမှတ်ရလိုက်မိ၏။ မှန်လိုက်လေခြင်း။

"အရှင်ဘုရား။ ရဟန်းဘ၀နဲ့ အရိုးထုတ်တော့မှာလား"

"ပျော်သလောက်ပေါ့ ဒကာမလေးတို့"

"အဲ... တော်ပါသေးရဲ့။ နို့မဟုတ်ရင် နှမြောစရာကြီး။ ဟိ ဟိ။ သူမင်းကြီးရဲ့ ပညာတွေကိုပြောတာပါ။ တစ်ခြားမထင်ပါနဲ့ဘုရား"

"သူကြီးက ဒီသာယာကုန်းမှာ အခြေချမှာမဟုတ်လားဘုရား၊ ပျော်စရာကြီး ဟီး ဟီး"

"အရှင်ဘုရား.. ပစ္စည်းငါးပါး အလိုရှိရင် ပွင့်ပွင့်လင်းလင်းပြောပါဘုရား"

"ပစ္စည်းလေးပါးလို့သာ ကြားဖူးပါတယ် ဒကာမလေးတို့"

"နောက်တစ်ခု ထပ်ပေါင်းလိုက်ပေါ့ဘုရား.. အဟိ အဟိ"

ရဟန်းသူကြီးကိုကိုမောင် အကြီးအကျယ်စိတ်ညစ်သွား၏။ စိတ်ပိန်သွား၏။ စိတ်လေသွား၏။ ရွာတွင်းရှိ ကာလသားများလည်း မျက်စောင်းထိုးနေလေပြီ။ သည်လိုပုံနှင့်တော့ သည်သာယာကုန်းရွာ၌ ရေရှည်နေ၍ မဖြစ်တော့ပေ။ ပြဿနာပေါ်လာနိုင်၏။ "အိအိ သွဲ့သွဲ့၊ နွဲ့နွဲ့ နှောင်းနှောင်း၊ ပျောင်းပျောင်း ဆိုင်ဆိုင်၊ ကြိုင်ကြိုင် လန်းလန်း၊ ဆန်းဆန်း ပြားပြား၊ ငွါးငွါး စွံ့စွံ့၊ တင့်တင့်တယ်တယ်၊ ရယ်ရယ် မောမော၊ သောသော ရှုပ်ရှုပ်၊ လှုပ်လှုပ် ရွရွ၊ လှလှ ပပ" သူတို့၏သဘာဝအလှတရားတို့ကိုမြင်ရဖန်များလေပြီ။ စိတ်မထိန်းနိုင်ရင် ဒုက္ခကောင်းကောင်းတွေ့နိုင်၏။ ထို့ကြောင့် ရဟန်းသူကြီးကိုကိုမောင် ဣနြေ္ဒတွေကို သတိချွန်းဖြင့် ပြင်းပြင်းထန်ထန်အုပ်နေရလေတော့၏။

ရဟန်းသူကြီးကိုကိုမောင်သည် ထိုရွာကျောင်း၌ တစ်လခန့်နေပြီး တုံးဖလားသို့ ပြန်ခဲ့လေ၏။ သူ့အတွက် အန္တရာယ်ရှိလာနိုင်၍ ပြန်လာခဲ့ခြင်းပင်ဖြစ်၏။ တုံးဖလားရွာဦးကျောင်းသို့ ပြန်ရောက်ရှိလာသည့်အခါ ဆရာတော်က ရဟန်းသူကြီးကိုကိုမောင်အား ဘာဖြစ်လို့ တစ်လဘဲ နေပြီး ပြန်လာခဲ့ရတာလဲ ဟုမေးမြန်း၏။ ရဟန်းသူကြီးကိုကိုမောင်သည်လည်း အဖြစ်အပျက်ပေါင်းစုံတို့ကို တစ်လုံးမကျန်ဆရာတော်အား လျောက်ထားလိုက်လေ၏။

"အေး...အေး... ကံတရားက ဆိုးဝါးလာပြီဆိုရင် နေရာတိုင်းမှာ ပြဿနာဖြစ်တတ်တာပါဘဲ။ မြန်မြန်ပြန်လာခဲ့တာ မှန်တယ်။ ဆိုရိုးစကားတစ်ခုရှိတယ်။ ရေနစ် ခွေးကိုက် မိန်းမကြိုက် တဲ့။ အဲဒါတွေဟာ ကံအရမ်းဆိုးတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဉ်တွေလေ။ အဲဒီအထဲမှာမှ မိန်းမအကြိုက်ခံရတာက ကံအဆိုးဆုံးဘဲ"

"တင်ပါ့ဘုရား။ တပည့်တော်လဲ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူးဘုရား။ တပည့်တော် တစ်ပါးထဲ အေးအေးဆေးဆေးဘဲ နေချင်တယ်ဘုရား"

"ရပ်ရွာကျောင်းမှာနေရင်တော့ ပြဿနာတစ်ခုမဟုတ်တစ်ခု တွေ့လာဦးမှာပါဘဲ"

"ဒါဖြင့် တပည့်တော် တောထဲသွားပြီး တစ်ပါးထဲ သွားနေမယ်ဘုရား"

"ဟေ... တောရဆောက်တည်မလို့လား"

"အဲဒီလိုတော့ မဟုတ်ပါဘူးဘုရား။ ဒီကနေ မြင်ရတဲ့ ဟော ဟိုက မကျည်းပင်တောင်တန်းကြီးမှာ တောရကျောင်းလေးဆောက်ပြီးနေမယ်။ အနီးအနားတစ်ဝိုက်က ရွာတွေမှာ ဆွမ်းခံပြီး ဘုဉ်းပေးမယ်။ ဘယ်သူ့ကိုမှ အဲဒီကျောင်းကို အလာမခံဘူးဘုရား"

"အဲဒီတောင်တန်းက ရွာတွေနှင့်အနည်းဆုံး ခြောက်မိုင်လောက်ဝေးတယ်နော"

"ကိစ္စမရှိပါဘူးဘုရား။ ကျန်းမာရေးလဲရ ဆွမ်းလဲရ လမ်းလဲ လျောက်ရတာပေါ့ဘုရား"

"အေး... ကောင်းပါပြီ။ အရာအားလုံးကိုတော့ သတိထားပြီးနေပေါ့"

"တင်ပါ့ဘုရား"

ရဟန်းသူကြီးကိုကိုမောင်သည် ထိုမန်ကျည်းပင်တောင်တန်းတွင် တောရကျောင်းလေးဆောက်လုပ်ကာ ထိုတောရကျောင်းလေး၌ ၀ါဆိုဝါကပ်ပြီး တစ်ပါးတည်း အေးဆေးတည်ငြိမ်စွာနေထိုင်လေ၏။ တောရိုင်းတိရစ္ဆာန်များအော်ဟစ်သံ၊ ကျေးငှက်သာရကာ တေးသီသံ၊ လေပြေလေညှင်း ခပ်ညှင်းညှင်းတိုက်ခတ်သံ၊ စမ်းရေစီးကျသံ၊ တောရနံ့၊ တောင်ရနံ့၊ ပန်းရနံ့ စသည်တို့နှင့် အငြိမ်းချမ်းကြီး ငြိမ်းချမ်းအေးမြနေလေတော့၏။ တစ်နေ့ကို တစ်ရွာကျ အနီးနားရှိ ရွာများသို့ ဆွမ်းခံကြွပြီး ဘုဉ်းပေးလေ၏။ ၀ါကျွတ်လျှင် လူပြန်တော်ဖြစ်ပြီး သူကြီးရာထူးပြန်ယူရမည်ကိုပင် မလိုချင်ဘဲ ရှိနေလေ၏။ သူသည် စနေဂြိုဟ်ကို ကြံဖန်ကျေးဇူးတင်မိနေ၏။ စနေဂြိုဟ်ကျေးဇူးကြောင့် ယခုကဲ့သို့ ငြိမ်းချမ်းသည့်ဘ၀ကို ရောက်ရှိနေသည်မဟုတ်ပါလား။ ။


မှတ်ချက်။
သူကြီးကိုကိုမောင်၏ တရားစီရင်မှု၊ ကုထုံးများနှင့် ဒုလ္လဘ၀တ်ခြင်း ပို့စ်တို့ကိုဖတ်ရှုပြီး တကယ့်အမှန်အကန် ဖြစ်ပျက်ခဲ့သည့် ဘ၀အတွေ့အကြုံများဟု စာဖတ်သူများ ထင်မြင်သွားခဲ့လျှင် စာရေးသူ (ကျနော်)၏ စာအရေးအသား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်။ တစ်စုံတစ်ခု မှားယွင်းတင်ပြမိခြင်း၊ ဘာသာရေးအရမရေးသားသင့်သည်ကို ရေးသားမိခြင်းရှိခဲ့သော် အားလုံးကို တောင်းပန်ပါ၏။ နိဂုံးချုပ်အနေဖြင့် စိတ်ရှည်လက်ရှည်နဲ့ ပို့စ်အရှည်ကြီးများကို သည်းခံပြီးဖတ်ပေးကြသည့်အတွက် အလွန့်အလွန် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါရစေ။ အားလုံး မင်္ဂလာပါ။

ကိုကိုမောင်(ပန်းရနံ့)


...

Friday 9 July 2010

ချစ်ရေးချစ်ရာ ကုထုံး

နွေနေသည် ပူပြင်းလှ၏။ ရိုးပြတ်တောကို လှမ်းမျှော်ကြည့်လိုက်လျှင် တံလျပ်တို့ တညီးညီးရှိနေ၏။ အပူဒဏ်ကို ခံနိုင်ရည်ရှိသည့် ခိုင်းနွားများသည်ပင် စားကျက်မှထွက်ခွါပြီး နီးစပ်ရာအပင်ရိပ်အောက်၌ အရိပ်ခိုပြီး စားမြုံ့ပြန်နေလေ၏။ နွေသရုပ်ဖော် ဥသြငှက်များသည်လည်း တောအုပ်အတွင်းမှနေပြီး တေးတစ်ပုဒ်ကို ထပ်ခါထပ်ခါ သီဆိုကျူးရင့်နေ၏။

တုံးဖလားရွာမြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ တောင်ကုန်းတစ်ခုရှိ၏။ ထိုတောင်ကုန်းပေါ်၌ နှစ်ပေါင်းရာကျော်ကထဲက ပေါက်ရောက်နေသည့် သရက်ပင်ကြီးနှစ်ပင်ရှိ၏။ တစ်ပင်ကို ၀ါဆိုသရက်ပင်ဟု ခေါ်၏။ နောက်တစ်ပင်ကိုမူ အောင်း သရက်ပင်ဟုခေါ်၏။ တစ်ပင်နှင့်တစ်ပင် ပေတစ်ရာခန့် ကွာခြားသော်လည်း နှစ်ပရိစ္ဆေဒကြာမြှင့်စွာပေါက်ရောက်နေသည့်အတွက် အပေါ်ဘက်၌ ကိုင်းများယှက်ပြီး တစ်ဆက်တည်း ဖြစ်နေလေ၏။ ခပ်လှမ်းမှ လှမ်းမျှော်ကြည့်လျှင် ဧရာမအနက်ရောင်ထီးကြီးနှစ်လက်က တောင်ကုန်းကြီးကို အပူဒဏ်သက်သာစေရန် ဆောင်းပေးထားသကဲ့သို့ ရှိချေ၏။

ထိုသရက်ပင်ကြီးနှစ်ပင် ပတ်ပတ်လည်၌ ၀ါးရုံပင်များ ဂျာမနီပင်များ သက်ကယ်ပင်များဖြင့်အတိပြီးသော ဖုန်းဆိုးတော ထူထူကြီးရှိ၏။ ထိုသရက်ပင်နှစ်ပင်အောက် ၀င်ရောက်သူတိုင်း ကျောစိမ့်စိမ့်ဖြစ်လောက်အောင် အုံ့အုံ့ဆိုင်းဆိုင်းကြီးဖြစ်၏။ ၀ါဆိုသရက်ပင်ထက် အောင်း သရက်ပင်က ပို၍ကြီးထွားပြီး ပို၍လည်း အရိပ်အာဝါသကောင်းလေ၏။ ထို့ကြောင့်ပင် ထိုတောင်ကုန်းကို အောင်းပင်ကုန်းဟူ၍ တုံးဖလားတစ်ရွာလုံးက နာမည်ပေးထားကြ၏။ ထိုကုန်း၌ နေ့ည မရွေး သရဲတစ္ဆေခြောက်တတ်သည်ဟု နာမည်ကြီး၏။ ထို့ကြောင့် အရိပ်အာဝါသကောင်းပြီး နေ့လည်ပိုင်း အပူဒဏ်လာခိုရန်သင့်တော်သည့်နေရာဖြစ်သော်လည်း တစ္ဆေသရဲ ကြောက်ကြ၍ မည်သူမျှ လာရောက်အနားယူသူမရှိဖြစ်နေ၏။

တုံးဖလားရွာသူကြီးကိုကိုမောင်သည် အုတ်ကာသွပ်မိုးအိမ်၌ နေထိုင်ရသည်မှာ ရောရုဝသို့အလည်ရောက်နေဘိသကဲ့သို့ ပူအိုက်အိုက် ရှိန်းရှိန်းကြီးဖြစ်နေ၏။ စာဖတ်ဖို့ဆန္ဒရှိသော်လည်း အပူဒဏ်ကြောင့် စာထဲဈာန်မ၀င်စားနိုင်ရှိနေလေ၏။ ထို့ကြောင့် အပူဒဏ်သက်သာပြီး အေးအေးဆေးဆေးရှိသည့် အောင်းပင်ကုန်းသို့ စာဖတ်ရန် ထွက်လာခဲ့လေ၏။ သူ၏ လက်ထဲ၌ သခင်သန်းထွန်းနောက်ဆုံးနေ့အမည်ရသည့် ပထမတွဲစာအုပ်ထူထူတစ်အုပ်၊ ရေတဂေါင်းတစ်လုံး နှင့် သောက်ရေခွက်တစ်ခွက်ကို ကိုင်ဆောင်လာလေ၏။ သူကြီးကိုကိုမောင်သည် အောင်းပင်ကုန်းသို့ရောက်ပြီး အောင်းသရက်ပင်အောက်၌ နေရာပြင်ကာ ကျကျနနထိုင်ပြီး သခင်သန်းထွန်း၏ ဖြုတ်ထုတ်သတ်ဝါဒများ၊ လီနင်စတာလင်တို့၏ အဘိဓမ္မာသဘောတရားများကို ဇိမ်ကျကျဖတ်နေလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး၌လည်း ပုစဉ်းရင်ကွဲအော်သံ ကျေးငှက်သာရကာတွန်းကြူးသံတို့ဖြင့် အသာယာကြီးသာယာလျက်ရှိနေချေတော့၏။
ထိုအခိုက်ဝယ်.....

အီး ဟီး ဟီး ဟီး.. ရှလွတ်.. ရှလွတ်.... အီး ..အီး

ဟူသော ငိုသံရှည်ကြီးတစ်ခု ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားလေ၏။ အသံသည် ပို၍ ကျယ် ကျယ် လာလေ၏။ သရဲသိပ်မကြောက်တတ်သည့်တိုင် သရဲများလားဟူသော အတွေးကြောင့် ဆံပင်များထောင်လာ၏။ ဦးခေါင်းကြီးလာ၏။ ကြက်သီးမွေးညှင်းထလာ၏။ ဒုက္ခ။ အရေးထဲ နွေရာသီရဲ့ထုံးစံအတိုင်း တောင်ပြန်လေက တရှဲရှဲတိုက်ခတ်လာ၏။ ၀ါရုံပင်တို့၏ အချင်းချင်းပွတ်တိုက်သံ လေတိုးသံတို့သည် ကြောက်စိတ်ကို ပိုစေ၏။ ချွေးစေးပြန်လာ၏။ မောဟိုက်လာသလို ခံစားရ၏။ ကြံကြံဖန်ဖန် ရွာထဲက ဖိုးထောင်ပြောနေကျ ရယ်စရာစကားကို သတိရမိလိုက်သေး၏။ တောင်လေ တိုက်လေ မောင်မောလေတဲ့ :D။

အသံလာရာအရပ်ကို စိတ်မှန်းကြည့်လိုက်သည့်အခါ တစ်ဘက် ၀ါဆိုသရက်ပင်အောက်က ထွက်ပေါ်လာမှန်း ချက်ချင်းသဘောပေါက်လိုက်၏။ ထို့ကြောင့် နာနာဘာဝလား သတ္တ၀ါအော်သံလား လူငိုသံလား ကွဲကွဲပြားပြားသိဖို့ ထို ၀ါဆိုသရက်ပင်အောက်သို့ အမြန်သွားကြည့်လိုက်၏။ တွေ့လိုက်ပါပြီ။ ငိုနေသူမှာ နာနာဘာဝလည်းမဟုတ်။ တိရစ္ဆာန်သတ္တ၀ါလည်းမဟုတ်။ လူသားစင်စစ်ကြီးပင်ဖြစ်၏။ ရွာလည်ခေါင်အိမ်က ဦးချစ်မောင်၏သား ထွန်းဖေပင်တည်း။ သူ့လက်ထဲမှာလည်း နွားချည်သည့်ကြိုးကို ခွေရစ်ပြီး ကိုင်ဆောင်ထားလေ၏။

"ဟေ့ကောင်...ထွန်းဖေ၊ ဘာဖြစ်လို့ ရှိုက်ကြီးတငင်ငိုနေရတာလဲ။ နွားပျောက်သွားတာ ရှာမတွေ့လို့ ငိုနေတာလား"

"ဘယ်ကလာ သူကြီးမင်းရာ.... အသဲကွဲနေတာဗျ။ အသဲကွဲနေတာ"

"ဟေ... အသဲကင်ဆာလား၊ အရမ်းနာလို့ ငိုနေတာပေါ့။ သနားပါတယ်..."

"ခက်ပါ့ သူကြီးမင်းရာ.... ဒါကြောင့် အခုအသက်အစိတ်မှာ သူကြီးမင်း ပုခက်မချိတ်ရသေးတာ။ အချစ်ကြောင့် အသဲတွေ တစ်စစီဖြစ်နေတာဗျ"

"အော်.... ဆိုစမ်းပါဦး"

"ကျနော် အနှစ်နှစ်အလလက ကြိတ်ပြီး ချစ်ကြိုက်ခဲ့တဲ့ ရွာထဲက ပြုံးမေလေ။ ကျနော့်ကို လုပ်ရက်တယ်။ မနေ့ညက ကျနော် သူ့ကို ချစ်ရေးဆိုလိုက်တယ်။ သူက ပြောတယ်။ နင့်ကို ယူမဲ့အစား ဂုတ်ကျားကို အမြီးဖြတ်ပြီး လက်ထပ်လိုက်မယ်။ တစ်သက်လုံး မစဉ်းစားနဲ့တဲ့။ အီး ဟီး ဟီး ရှလွတ်။ အဲဒါကြောင့် ကျနော်လဲ သူ့ကို မရမှတော့ သေတာဘဲအေးတယ်ဆိုပြီး ဒီဝါဆို သရက်ပင်မှာ ကြိုးဆွဲချသေမလို့ ဒီကို လာခဲ့တာဗျ။ သေခါနီး သူ့ကို အရမ်းသတိရလာလို့ ငိုနေတာ။ အီး ဟီး ဟီး"

"မောင်ထွန်းဖေနှယ်။ မင်းမကြားဖူးဘူးလား။ ကိုယ့်ကိုကိုယ် သတ်သေရင် ဂျပန်ငါးရာနှင့် ငါးခါတိတိ ခံရတတ်တယ်တဲ့... အဲ... အဖန်ငါးရာ ငါးကမ္ဘာ ခံရတတ်တယ်တဲ့။ ပြုံးမေအတွက်နဲ့များ အသက်အသေခံနေဦးမယ်။ ဒီကိစ္စက လွယ်လွယ်လေးဘဲ"

ထိုလွယ်လွယ်လေးဆိုသည့် စကားကြောင့် ထွန်းဖေခေါင်းထောင်လာ၏။ အငိုလည်း တိတ်သွား၏။

"ဘယ်လိုလွယ်တာလဲသူကြီးမင်း"

"မင်း သူ့ကို တကယ်လက်ထပ်ယူမှာလား"

"သူကသာ ကြည်ဖြူမယ်ဆိုရင် တစ်သက်လုံး မခွဲမခွါ အတူတူနေမှာပါ သူကြီးမင်း"

"မင်းကတိတည်တယ်နော်"

"ဘုရားအဆူတစ်သိန်းစူးရပါစေရဲ့ဗျာ"

"ကဲ.. ဒါဖြင့် မင်းမျက်ရည်တွေ သိမ်းလိုက်တော့။ ဘာမှ ပူမနေနဲ့။ ညကျရင် ငါ့အိမ်ကို တစ်ယောက်ထဲလာခဲ့ ကြားလား"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

ထွန်းဖေသည် သူကြီးကိုကိုမောင်နှင့်စကားပြောပြီး အားတက်သွားကာ ပြုံးမေနှင့်လည်း စိတ်ကူးယဉ်ခွင့်ရသွားလေ၏။ ထို့နောက် သူကြီးကိုကိုမောင်ကို နှုတ်ဆက်ပြီး တုံးဖလားရွာတွင်းသို့ ခပ်သွက်သွက်ပြန်သွားလေတော့၏။ သူကြီးကိုကိုမောင်မှာ အောင်းသရက်ပင်အောက်သို့ ပြန်လာပြီး ဖတ်လက်စ သခင်သန်းထွန်းနောက်ဆုံးနေ့ ပထမတွဲစာအုပ်ကို ပြန်ဖတ်နေသည့်တိုင် စာထဲစိတ်မ၀င်စားနိုင်ဘဲ ထွန်းဖေကို ဘယ်လိုကူညီပေးရမလဲ၊ နည်းပေါင်းများစွာထဲက ဘယ်နည်းကို အသုံးပြုပြီး ပြုံးမေရဲ့ မေတ္တာကို ရယူပေးရင် ကောင်းမလဲ ဟူသော အကြောင်းအရာတို့ကိုသာ စဉ်းစားခန်းထုတ်နေလေတော့၏။

"ထွန်းဖေကို ဘယ်ဆေးနည်းနဲ့ အကူအညီပေးရမလဲ ???? ပန်းပေါင်းတစ်ထောင် ပီယဆေးက ပျော့လွန်းအားကြီးတယ်၊ ပြီးတော့ အဲဒီဆေးက နှစ်ရှည်စီမံကိန်းအတွက်ဘဲ ကောင်းတယ်။ ဒါဖြင့် စနေသားဘုန်းကြီး စနေနေ့ ပျံလွန်တော်မူပြီး စနေနေ့မှာ သင်္ဂြိုဟ်တဲ့အခါ အသုံးပြုခဲ့တဲ့ တံစူးဝါးနဲ့ ဖော်စပ်ထားတဲ့ ပီယဆေးဆိုရင်ကော ??? ။ ဒါကျပြန်တော့ ပြင်းလွန်းအားကြီးတယ်။ ကြမ်းတမ်းတယ်။ ပြီးတော့ အောက်လမ်းဆန်တယ်။ ဒါလဲ မကောင်းဘူး။ ဒါဖြင့် ဟို မေတ္တာဓါတ်အလွန်ကြီးမားတဲ့ ဆရာတော်တစ်ပါးရဲ့ ချွေးသုတ်ပုဝါတစ်ထည်ရယ်၊ နွယ်ရှင်တစ်ပင်ရယ်၊ ရင်ကပ်ပန်း ၁၀ ပွင့်ရယ် အချိုးကျရောကြိတ်ထားတဲ့ ပီယဆေးဆိုရင်ကော... ဟာ ဟုတ်ပြီ။ အဲဒီဆေးကို အသုံးပြုရမယ်။ အဲဒီဆေးက ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် လပိုင်းအတွင်း အဆင်ပြေလောက်တယ်"

ထိုကဲ့သို့ စဉ်းစားရင်း သူကြီးကိုကိုမောင်တစ်ယောက် အချစ်ကုထုံးပြုလုပ်ပေးရမဲ့အရေး တွေးတွေးပြီး ဒါလဲ ကုသိုလ်တစ်မျိုးပါဘဲလေ ဟု မိမိကိုယ်ကို ဆင်ခြေဆင်လက်ပေးကာ ဗိုလ်အောင်ဒင်အပြုံးမျိုး ပြုံးနေမိလေတော့၏။

ညပိုင်း၌ ထွန်းဖေတစ်ယောက် ပေါက်ချလာ၏။ သူကြီးကိုကိုမောင်သည်လည်း သူကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် မေတ္တာရှင်ဆရာတော်တစ်ပါး၏ ချွေးသုတ်ပ၀ါကို ပြာချကာ၊ အခြောက်လှန်းထားသည့် နွယ်ရှင်ပင်ခြောက်နှင့် ရင်ကပ်ပန်းဆယ်ပွင့်တို့ကို သံဆုံထဲ ရောထည့်ပြီး တဒုံးဒုံးထောင်းလေတော့၏။ အားလုံးအမှုန့်ဖြစ်သွားသောခါ ယင်ပျားရည်နှင့်ရောသမမွှေပြီး အောက်ပါကဲ့သို့ အလုံးလေးများကို ထွန်းဖေနှင့်အတူတူ လုံးလိုက်လေ၏။

"ကဲ... မောင်ထွန်းဖေ.. မင့်ကို ငါ ဒီထဲက ဆေးတစ်လုံးပေးလိုက်မယ်။ အဲဒီဆေးလုံးနဲ့ မင်းရဲ့ ရင်ညွန့်တည့်တည့်က ဖောက်ထုတ်ထားတဲ့ သွေးနဲ့ ရောစပ်ရမယ်။ ပြီးရင် အဲဒီဆေးလုံးကို ပြုံးမေမျိုချဖို့လိုတယ်။ သူစားလိုက်မိပြီဆိုရင် မင့်အတွက် ရာနှုန်းပြည့်သေချာသွားပြီလို့သာ မှတ်လိုက်တော့"

"အစားအစာတွေနဲ့ ရောနှောပြီး ကျွေးရင်ကော မရဘူးလား သူကြီးမင်း"

"ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အဲဒီဆေးလုံး သူ့ဗိုက်ထဲ ရောက်သွားရင် ရပြီ"

"ကောင်းပါပြီ သူကြီးမင်း။ ကျေးဇူးတင်ပါတယ်"

ထိုကဲ့သို့ပြောပြီး ထွန်းဖေတစ်ယောက် သူကြီးကိုကိုမောင်ပေးလိုက်သည့် ဆေးလုံးတစ်လုံးကို သေချာစွာ စက္ကူဖြင့် ရစ်ပတ်ထုပ်လိုက်ပြီး ပြန်သွားလေ၏။ ထိုကိစ္စကို သူကြီးကိုကိုမောင် မေ့မေ့လျော့လျော့ပင် နေလိုက်၏။ နှစ်လခွဲခန့်အကြာ၌မူ ထွန်းဖေတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ ပေါက်ချလာပြန်၏။ သူ့မျက်နှာကြည့်ရသည်မှာ ပြုံးတုံ့တုံ့ကြီးပင်ဖြစ်၏။ သူကြီးကိုကိုမောင်သည် သူ့ကိုမြင်လိုက်မှ ပီယဆေးအကြောင်း တန်းသတိရမိ၏။

"ဘယ်လိုလဲ ထွန်းဖေရ... အဆင်ပြေရဲ့လား"

"ပြေလွန်းလို့ ခက်နေတယ် သူကြီးမင်းရေ... တစ်ကောင်ပစ်လိုက်တာ သုံးကောင်လုံးထိသွားတယ်"

"ဟေ.... ဘယ်လိုကြီးတုန်း။ လင်းစမ်းပါဦး"

"ဒီလို သူကြီးမင်းရေ... ပထမတော့ ကျနော်ပြုံးမေကို ချဉ်းကပ်ရတာ ခက်နေတယ်။ ဒါကြောင့် ပရိယာယ်နဲ့ချဉ်းကပ်ရတာ။ ငါ့ကို မချစ်လဲ သူငယ်ချင်းတစ်ယောက်လို အကိုတစ်ယောက်လိုတော့ နေခွင့်ပေးပါ၊ ထပ်မနှောင့်ယှက်တော့ပါဘူးလို့ပြောလိုက်တယ်။ ဒါနဲ့ သူက ဒါဆို ရိုးရိုးသူငယ်ချင်းအနေနဲ့ဘဲ နေကြတာပေါ့တဲ့။ အဲဒါနဲ့ သူငယ်ချင်းလိုဘဲ သူနှင့် ရင်းရင်းနှီးနှီးပြန်ဖြစ်သွားတယ်။ တစ်နေ့မှာ ကျနော် ကောလင်းမြို့ကို သွားတယ်။ ကောလင်းက အပြန်မှာ ဒိန်ချဉ်တစ်ဗူးဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီး ခဏအကြာမှာ ပြုံးမေရောက်လာတယ်။ မြို့ပြန်လက်ဆောင် ဘာပါလာသလဲတဲ့။ ကျနော်လဲ ဒိန်ချဉ်ပါလာတယ် သောက်မလားဆိုတော့ သောက်မယ်တဲ့။ ဒါနဲ့ အဲဒီ ဒိန်ချဉ်ဗူးထဲကို သူကြီးမင်းပေးခဲ့တဲ့ဆေးလုံးကို ချေထည့်ပြီး မွှေနှောက်လိုက်တယ်။ ပြီးမှ ခွက်ထဲထည့် ဇွန်းတစ်ချောင်းစိုက်ပြီး သူ့ကို ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူ့နှမ နှစ်ယောက် (ပြုံးကြည်နှင့်ပြုံးရီ)ရောက်လာတယ်။ သူတို့က ပြုံးမေကို အမ ဘာစားနေလဲ ကျမတို့ကိုလဲ နဲနဲကျွေးဦးလေ ဆိုပြီး သူ့အမဆီကနေ တစ်ဇွန်းစီ ယူစားလိုက်ကြတယ်။ သူကြီးမင်းရေ... အခုဆိုရင် သူကြီးမင်းရဲ့ ဆေးအစွမ်းကြောင့် မချောသုံးယောက် ကိုယ်တစ်ယောက်ဆိုသလို ဖြစ်နေပြီ"

"ဟာ... မင်း အဲဒီလို လုပ်လို့တော့ မဖြစ်ဖူးလေ။ ဒီဆေးက သစ္စာနှင့်အလုပ်လုပ်ရတာ။ သစ္စာမရှိရင် ခိုက်တတ်တယ်။ တစ်ယောက်ဆို တစ်ယောက်ထဲဘဲ ဖြစ်ရမယ်"

"ဒါပေမဲ့ သူတို့က ဇွတ်ဖြစ်နေတယ်"

"ဒါနဲ့ ... မင်း သူတို့နဲ့ လွန်လွန်ကျူးကျူးတွေ ဖြစ်ပြီးပြီလား"

"ဒါကတော့ ထိန်းပါတယ် သူကြီမင်းရယ်။ ဘယ်သူနှင့်မှ ဘာမှ အဲဒီအဆင့်မရောက်သေးပါဘူး"

"ဒါဆို အချိန်မီသေးတယ်။ မင်း ရှင်းရှင်းသာပြော။ သူတို့ ညီအမ သုံးယောက်ထဲက ဘယ်သူနှင့်လက်ထပ်မှာလဲ"

"ရှင်းနေတာဘဲ သူကြီးမင်းရယ်။ ကျနော်က ပြုံးမေကိုဘဲ ချစ်တာပါ"

"ဒါဆို ကျန်တဲ့နှစ်ယောက်ကို မင်းအဆက်ဖြတ်ရမယ်"

"သူတို့က ဇွတ်ဖြစ်နေရင် ဘယ်လို လုပ်မလဲ"

"အဲဒီအတွက်မပူနဲ့။ မင်းပြတ်နိုင်သလားဘဲပြောပါ"

"သူတို့နှစ်ယောက် ပြတ်နိုင်ရင် ကျနော့်ဘက်က ပြတ်နိုင်ပါတယ် သူကြီးမင်း"

"အေး ဒါဆိုကောင်းပြီ။ သွား အခုချက်ချင်း ခွေး ကျင်စွယ် ငါးပင်နှင့် ကြောင်မုတ်ဆိတ် ငါးပင် ရှာလာခဲ့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

ထွန်းဖေတစ်ယောက် ခွေးကျင်စွယ်နှင့်ကြောင်မုတ်ဆိတ်တို့ကို ရှာရန် ထွက်ခွါသွားလေ၏။ နှစ်နာရီခန့်အကြာ၌ အရှာခိုင်းလိုက်သည့် ပစ္စည်းတို့နှင့်အတူ ပြန်ရောက်လာလေ၏။

"ကဲ... အဲဒါတွေကို ဒီသံဆုံထဲ ထည့်ပြီးသား ထောင်းပေတော့"

ခွေးကျင်စွယ်နှင့်ကြောင်မုတ်ဆိတ်တို့ကို ရောထောင်းပြီး အမှုန့်ပုံစံဖြစ်သွားသည့်အခါ ပျားရည် တစ်စက်လောက်ချပြီး လုံးလိုက်၏။ ထို့နောက် ထိုအလုံးသေးသေးလေးကို ထွန်းဖေအား ပေးလိုက်၏။

"အဲဒီဆေးနှင့် (အရင်ဆေးလိုဘဲ) ရင်ညွန့်ကသွေးနှင့် ရောစပ်ပြီး ပြုံးကြည်နှင့်ပြုံးရီကို တစ်နည်းနည်းနဲ့သာ ကျွေးပေတော့။ ဒါဆိုရင် သူတို့ဘာသာ နောက်ဆုတ်သွားလိမ့်မယ်။ ဒီအတိုင်းဆက်နေမယ်ဆိုရင်တော့ မင်းအတွက် အန္တရာယ်ဖြစ်ပေါ်လာနိုင်တယ်။ အဲဒီဆေးက သစ္စာမရှိရင် တကယ်ခိုက်တတ်တယ်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"
....


နောက် တစ်လခန့်အကြာ၌ သူကြီးကိုကိုမောင်အိမ်သို့ ထွန်းဖေ၏ ညီတော်မောင် ထွန်းဝေ ရောက်လာ၏။ ထွန်းဖေများ တစ်ခုခုဖြစ်သွား၍ လာရောက်အကြောင်းကြားလေသလားဟု သူကြီးကိုကိုမောင် တွေးနေမိ၏။

"ဟာ .. ထွန်းဝေကြီးပါလား။ ဘာအကြောင်းထူးများရှိလို့လဲ။ အကိုတော် ထွန်းဖေကိစ္စလာတာထင်တယ်"

"မဟုတ်ပါဘူး သူကြီးမင်းရ"

"ဒါဖြင့် ထွန်းဖေတစ်ယောက် ပြုံးမေနဲ့ အဆင်ပြေရဲ့လား မသိဘူး"

"အဆင်ပြေတာမှ လွန်ရောဘဲ သူကြီးမင်းရေ"

"ပြုံးကြည်နှင့်ပြုံးရီကိစ္စကကော"

"သူကြီမင်းရဲ့ ဆေးအစွမ်းတွေကြောင့် အားလုံးကွက်တိဘဲတဲ့။ ပြုံးကြည်နှင့် ပြုံးရီလဲ ပုံမှန်အတိုင်းဖြစ်သွားပြီတဲ့။ ပြုံးမေနှင့်တောင် သီတင်းကျွတ်ရင် လက်ထပ်တော့မယ်တဲ့"

"မင်္ဂလာသတင်းပါဘဲ။ ဒါနဲ့ မင်းကကော ဘာကိစ္စများရှိလို့ ဒီကို လာခဲ့တာလဲ"

"အဲဒါ ပြောမလို့ဘဲ သူကြီးမင်းရေ"

"ထွန်းဖေလိုဘဲ ကိုယ်ကြိုက်တဲ့သူက ပြန်မကြိုက်ဘူး ဖြစ်နေတာလား"

"ဘယ်ကလာ သူကြီးမင်းရာ။ ကျနော်က ကျနော့်ကောင်မလေးဆီကတောင် ချစ်တယ်ဆိုတဲ့ အဖြေကို ရပြီးပါပြီ"

"ဒါဖြင့် ဘာကိစ္စအထူးလုပ်စရာရှိသေးလို့လဲ"

"သူကြီး ဟိုသီချင်း ကြားဖူးလား မသိဘူး"

"ဆိုစမ်းပါဦး"

"မွှေးမွှေးပေးမယ် ကြံတိုင်းကွယ်... လက်ကလေး သူကာတယ်... ချစ်တော့ ချစ်တယ် ကိုကိုရဲ့ ဒီလို မလုပ်နဲ့ ... ဆိုတဲ့ သီချင်းလေ"

"ကြားဖူးသားဘဲ"

"အခုလဲ အဲဒီလို ဖြစ်နေတယ် သူကြီးမင်းရယ်။ ကျနော့်ချစ်သူက ရွာမြောက်ပိုင်းက ဦးဖိုးကံသမီး မချောပါ။ သူကြီးမင်း သိမှာပါ။ ကျနော် မွှေးမွှေးပေးမယ် ကြံတိုင်း သူကအမြဲပြောတယ်။ လက်မထပ်မချင်း အသားကို လာမထိနဲ့။ ပါးကျိုးသွားမယ်။ ငါ့ကို ဘယ်လို မိန်းခလေးအမျိုးအစား အောက်မေ့လို့လဲတဲ့"

"ဟေ.. အဲဒီလိုလား"

"ဟုတ်တယ် သူကြီးမင်း။ အဲဒီကိစ္စကို အကိုထွန်းဖေကို ပြောပြလိုက်တော့ သူကြီးမင်းက အကူအညီပေးနိုင်ပါလိမ့်မယ်၊ သူကြီးမင်းဆီ သွားပြီး အကူအညီသွားတောင်းပါ လို့ သူကပြောတယ်၊ ဒါနဲ့ ကျနော် ဒီကိုလာခဲ့တာပါ"

"အော်... လက်စသတ်တော့ ဒီလိုကိုး။ ဒီကိစ္စက ငှက်ပျောသီးအခွံနွှာတာထက်တောင် လွယ်ပါပကောလား မောင်ထွန်းဝေရယ်"

"အားကိုးပါတယ် သူကြီးမင်း၊ လမ်းညွန်ပေးပါ"

"တစ်ပတ်မှာ ၇ ရက်ရှိတယ်။ တစ်ရက်စီမှာ မိန်းခလေးတွေရဲ့ အချစ်စိတ်တွေက သူတို့ကိုယ်ခန္ဓာတစ်နေရာစီမှာ တည်ရှိတယ်။ အဲဒီ သူတို့ရဲ့ အချစ်စိတ်တည်ရှိတဲ့ နေရာကို မွှေးမွှေးပေးလိုက်ရင် မောင့်ရင့်ကို မောင်ကျန် တစ်တို့တစ်တို့ လို့တောင် သူတို့ပြောနေလိမ့်ဦးမယ်"

"ရှင်းပြပါဦး သူကြီးမင်း"

"ဟုတ်ပြီ။ သေချာမှတ်ထား။ တနင်္ဂနွေနေ့မှာ ဆိုရင် မိန်းခလေးတွေရဲ့ အချစ်စိတ်က လည်တံမှာ တည်တယ်။ တနင်္လာနေ့မှာ ဆိုရင်........???? အင်္ဂါနေ့မှာ ဆိုရင်????... (ပ)... စနေနေ့မှာ ဆိုရင် လက်ချောင်းအဖျားလေးတွေမှာ တည်ရှိတယ်"

"သူကြီးမင်းရယ်။ မမှတ်မိတော့ဘူး။ ထပ်ပြောပါဦး"

"ကဲ ကဲ ပိုပြီး မှတ်မိလွယ်အောင် သျှတ္တရပေါင်းချုပ်ကျမ်းကြီးထဲက လင်္ကာတစ်ပုဒ်ကို မင့်ကို ပေးလိုက်မယ်။ အဲဒါကိုသာ အလွတ်ကျက်မှတ်ထားပေတော့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

သူကြီးကိုကိုမောင်သည် မှတ်စုစာအုပ်ထဲမှ လင်္ကာတစ်ပုဒ်ကို ထွန်းဝေအား ရေးမှတ်စေလေ၏။

နေ့အလိုက် အမျိုးသမီးများ၏ အချစ်စိတ်တည်နေရာ (အမျိုးသားများ Select ပေးပြီးဖတ်ပါ၊ အမျိုးသမီးများ ကျော်ဖတ်ပါ :D )
နွေလည် လာရင်၊
အင်္ဂါမှာချက်၊ ဟူးမှာမက်၊
ကြွက်မှာကျောက်ကုန်း၊ ပူးဆံထုံး၊
အဆုံးစနေ၊ လက်ဖျားနေ။


"ရေးမှတ်ပြီးသွားပြီလား
"

"ဟုတ်ကဲ့ ပြီးသွားပါပြီ"

"ကဲ... အဲဒီလင်္ကာထဲကအတိုင်းသာ ကြည့်ကြပ်ပြီး မင့်ချစ်သူကို မွှေးမွှေးပေးပေတော့။ စိတ်ချ။ ငါ အာမခံတယ်။ သူ မင်းကို ငြင်းမလွတ်စေရဘူး"

"ဟုတ်ကဲ့။ ကျေးဇူးအရမ်းတင်ပါတယ် သူကြီးမင်း။ သွားလိုက်ပါဦးမယ်"

ထိုကဲ့သို့ လင်္ကာကို ရေးမှတ်ပြီး ထွန်းဝေသည် ပြန်ရန် ဟန်ပြင်လိုက်၏

"ဟေ့ကောင်... သိပ်မလောနဲ့။ နေဦး။ ပြောစရာတစ်ခုရှိသေးတယ်။ ပိုပြီးအစွမ်းထက်အောင် သူနှင့်မင်း စကားပြောတဲ့အခါမှာ ဆောင်းပိုင်းကာလဆိုရင် သူ့ရဲ့ မြောက်ဘက်အရပ်ကနေပြီး စကားပြောပါ။ နွေနှင့်မိုးကာလဆိုရင် သူ့ရဲ့ တောင်ဘက်အရပ်ကနေပြီး စကားပြောပါ"

"ဘာဖြစ်လို့လဲ သူကြီးမင်း"

"မင်းကလဲ တုံးရန်ကော။ ကျားအနှံ့ပေးတာကွ၊ ကျားအနှံ့ပေးတာ။ ခွေးတွေတောင်မှ သူတို့သခင်ရဲ့အနှံ့ကို သေချာမှတ်ပြီး သခင်ကို အသေစွဲလန်းနေကြတာကလား။ မိန်းခလေးတွေလဲ အဲဒီလိုဘဲကွ။ သူတို့ချစ်သူရဲ့ အနှံ့ကို အရူးအမူးစွဲလန်းတတ်ကြတယ်။ ဒါကြောင့် မင်းကို ကျားနှံ့ပေးခိုင်းတာ။ ဒါမှ မင့်ကိုယ်ရနံ့ကို သူယဉ်ပါးလာမှာ။ ဆောင်းကာလဆိုရင် မြောက်ပြန်လေတိုက်တယ်။ ဒါကြောင့် သူတို့ရဲ့ မြောက်ဘက်အရပ်မှာ မင်းနေရင် မင့်အနှံ့ကို သူ ရှူမိမယ်။ နွေနှင့်မိုးကာလဆိုရင်တော့ တောင်ပြန်လေတိုက်တယ်။ ဒါကြောင့် အဲဒီအချိန်တွေမှာဆိုရင် စကားပြောတဲ့အခါ မင်းက သူ့ ရဲ့တောင်ဘက်အရပ်မှာ နေရမယ်။ ရှင်းပြီလား"

"မှတ်သားလောက်ပါပေတယ် သူကြီးမင်း။ ဟို သီချင်းကိုတောင် ပြေးသတိရမိလိုက်သေးတယ်။ လေညာရပ်က အချစ် ဆိုတာကိုလေ"

"ခွီးမှဘဲ။ မင်းကတော့... လုပ်တော့မယ်"

မောင်ထွန်းဝေတစ်ယောက် သူလိုချင်သည့်နည်းစနစ်ကို ရရှိပြီးနောက် သူကြီးကိုကိုမောင်ကို နှုတ်ဆက် အရိုသေပေးကာ ပြန်သွားလေတော့၏။
....


ဝါလကင်းလွတ် သီတင်းကျွတ်လသို့ ရောက်ရှိခဲ့လေပြီ။ မြန်မာ့ရိုးရာအတိုင်း သီတင်းကျွတ်သည့်အခါ လက်ထပ်မင်္ဂလာပွဲများ ဆင်နွှဲလေ့ရှိကြ၏။ တုံးဖလားရွာ၌လည်း ဈေးဦးပေါက် မင်္ဂလာပွဲ နှစ်ပွဲရှိလေ၏။ ထွန်းဖေနှင့်ပြုံးမေ၊ ထွန်းဝေနှင့်မချောတို့၏ မင်္ဂလာပွဲများပင်တည်း။ ထွန်းဖေက သီတင်းကျွတ်လပြည့်ကျော် နှစ်ရက်နေ့၊ ထွန်းဝေက သီတင်းကျွတ်လပြည့်ကျော် ၇ ရက်နေ့၊ ညီအကို နှစ်ယောက် အသီးသီးမင်္ဂလာဆောင်ကြလေ၏။ သူကြီးကိုကိုမောင်သည်လည်း သူတို့ညီအကိုနှစ်ယောက်၏ မင်္ဂလာပွဲတို့၌ အဘိသိက်သွန်းပေးလေ၏။ သစ္စာရှိရှိ လက်ထပ်ကြသော သူတို့ညီအကို နှစ်ယောက်ကိုလည်း စိတ်ထဲမှ ကျိတ်ပြီးချီးကျူးနေမိ၏။

ရပ်ရွာထုံးစံအရ တစ်နှစ်အတွင်းမှာ တစ်အိမ်ထဲ၌ စုံဂဏန်း ပွဲများ မလုပ်ကောင်း၊ မဂဏန်းပွဲသာ လုပ်ကောင်းသည်ဟု အယူရှိကြ၏။ ဥပမာ။ တစ်နှစ်အတွင်း တစ်အိမ်ထဲ၌ နှစ်ပွဲ၊ လေးပွဲ၊ ခြောက်ပွဲ စသည်ဖြင့် စုံဂဏန်း ပွဲများ မလုပ်ကောင်း၊ တစ်ပွဲ၊ သုံးပွဲ၊ ငါးပွဲ စသည်ဖြင့် မဂဏန်းပွဲများကိုသာ လုပ်ကောင်းသည်ဟု ဆိုလို၏။ ယခု မောင်ထွန်းဖေတို့အိမ်၌ ညီအစ်ကို နှစ်ယောက်လုံး မင်္ဂလာပွဲကျင်းပခဲ့ကြသောကြောင့် နှစ်ပွဲ ဖြစ်နေ၏။ ထိုအတိုင်း မထားကောင်းပေ။ သုံးပွဲပြည့်အောင် လုပ်ရမည် ဖြစ်၏။ ထို့ကြောင့် ရွာဦးကျောင်း၌ သူတို့မိသားစုတစ်တွေ ကထိန်ပွဲတော်ကြီးကို သုံးပွဲမြောက် သိုက်သိုက်ဝန်းဝန်း ကျင်းပကြလေတော့၏။

ရွာသူကြီးကိုကိုမောင်သည်လည်း မင်္ဂလာပွဲများအပြင် ကထိန်ပွဲတော်ကိုပါ ကျင်းပကြသည့် ထွန်းဖေ ထွန်းဝေတို့၏ လုံ့လ၀ီရိယနှင့် သူတို့ မိသားစုတို့၏ သဒ္ဓါတရားကို ကွန်ဂရက်ကျူလေးရှင်းပြုလုပ်ကာ သာဓုအကြိမ်ကြိမ်ခေါ်နေမိလေတော့၏။ ။


မှတ်ချက်။
တုံးဖလားရွာသူကြီးကိုကိုမောင် ဘိလပ်သို့ရောက်ပြီး ပရန္န၀ါဆေး၊ ထိကရုံးနှစ်ပါးဆေး၊ ပီယဆေးအစွမ်းနှင့် အချစ်နည်းစနစ်တို့ နာမည်ကြီးသွားသောကြောင့် ဘိလပ်ရှိ အချစ်ဒုက္ခသည်များ (ကျားကျားမမ) မကြာမကြာလာရောက် အကူအညီတောင်းကြ၏။
တစ်ချို့ သူတွေကလည်း တယ်လီဖုန်းဖြင့် လှမ်းမှာကြ၏။ တစ်ချို့  သူတွေကျတော့ လူကြုံဖြင့် မှာကြားကြ၏။ ထို့ကြောင့် အားလုံးအဆင်ပြေစေရန် သူကြီးကိုကိုမောင်သည် ၄င်းဆေးတို့ကို ဖော်စပ်ပြီး မှာကြားသူတို့အား Special delivery, First class delivery, Second class delivery, Free delivery နှင့် Royal mail delivery စနစ်တို့ဖြင့် အဆင်ပြေသလို ပို့ပေးနေလေတော့၏။ အခကြေးငွေမယူဘဲ စေတနာသက်သက်ဖြင့် အခမဲ့ ကူညီခြင်းဖြစ်၏။ မှာကြားလိုသူတို့သည် (သို့မဟုတ်) စုံစမ်းလိုသူတို့သည် ကျားမမရွေး kokomaung.uk@gmail.com သို့လည်းကောင်း၊ ဘိလပ်အတွင်းမှ နှလုံးသားလမ်းကြောင်း ကျွန်းခံနေသူတို့သည် ဖုံးနံပါတ် ၀၇၇ ၂၉၇ ၅၅၈ ၇၇ သို့လည်းကောင်း အိုဗာဆီးမှ ၀ါသနာရှင်များသည် ၀၀၄၄ ၇၇ ၂၉၇ ၅၅၈ ၇၇ သို့လည်းကောင်း ဆက်သွယ်၍ အလွယ်တကူ မှာယူနိုင်ရန် စီစဉ်ပေးလျက် ရှိနေလေတော့၏။ သို့သော် ရဟန်း သာမဏေ သီလရှင် အိမ်ထောင်သည် ဟိုမိုဆက်ရွှယ် လစ်စ်ဘီယံ နှင့် အချစ်ကိစ္စ၌ သစ္စာမဲ့တတ်သူများအား လုံးဝ (လုံးဝ) မပို့ပေးပါ ဟု သူကြီးကိုကိုမောင် စည်းကမ်းထုတ်ထားလေ၏။ :D :D :D

....

Sunday 4 July 2010

အိမ်ထောင်ရေးကုထုံး


တုံးဖလားရွာသူကြီးကိုကိုမောင်တစ်ယောက် စိတ်အညစ်ကြီးညစ်နေလေ၏။ သူကြီးတာဝန်သည် ရပ်ရွာသာယာရေးနှင့် အုပ်ချုပ်ရေး တာဝန်သာဖြစ်သင့်၏ဟု သူတွေးနေ၏။ ယခုမူ ဘာအရေးဖြစ်ဖြစ် သူကြီးကိုကိုမောင်တာဝန်သာ ဖြစ်နေလေ၏။ ရာဇ၀တ်မှုခင်းကိစ္စမှစ၍ ကလေးပေါက်စ ၀မ်းချုပ်သည့်ကိစ္စထိ ပါဝင်နေရလေ၏။ ခေါင်းမူးခေါင်းကိုက်ဖြစ်နေလား၊ ကိုကိုမောင်ဆီသွား။ ၀မ်းလျောဝမ်းကိုက်ဖြစ်နေလား ကိုကိုမောင်ဆီသွား စသည့် တုံးဖလားမိုတိုများစွာပင် ပေါ်ပေါက်လျက် ရှိနေချေတော့၏။

ထိုသို့သော အကြောင်းတို့ကြောင့် သူကြီးကိုကိုမောင်တစ်ယောက် ဆေးမီးတိုနည်းများစွာအား သေချာလေ့လာသမှု ပြုနေရလေ၏။ ရာဇသတ်၊ ဓမ္မသတ်ကျမ်းများအပြင် ဥတုဘောဇနကျမ်း၊ မီးဖိုချောင်မှဆေးစွမ်းကောင်းများအမည်ရှိသောကျမ်း၊ ဘေသဇ္ဇဒီပနီဆေးကျမ်း၊ သျှတ္တရပေါင်းချုပ်ကျမ်း၊ ချက်နည်းပြုတ်နည်းကျမ်း၊ သိဒ္ဓိပေါင်းချုပ်ကျမ်း စသည့် ကျမ်းစာအုပ်များအား သေချာဖတ်ရှုလေ့လာပြီး ကောင်းနိုးရာရာအချက်အလက်တို့ကို မှတ်စုအဖြစ် ထုတ်နှုတ်ရေးထားရလေတော့၏။ တာဝန်ကြီးမှားလွန်း၍ မည်မျှပင် ပင်ပန်းပြီး စိတ်ညစ်ရသည်ဖြစ်စေ မိမိဆောင်ရွက်ပေးလိုက်သည့်ကိစ္စများ အဆင်ပြေသည်ဟု ကြားသိရလျှင်မူ သူကြီးကိုကိုမောင်တစ်ယောက် ပီတိစားပြီး အားရှိနေလေ၏။

တစ်နေ့တွင် ရပ်ရွာတွင်းမှ မောင်ပုတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ အကြောင်းတစ်ခုဖြင့် ရောက်ရှိလာလေ၏။ သူ့ပုံစံကြည့်သည်မှာ ခုနစ်ရက်ခန့် အစာရေစာ မစားထားရသည့်ပုံစံမျိုး လိမ်ပိန်ပိန်ဖြစ်နေ၏။ အားကိုးပါရစေ ဟူ၍ အဓိပ္ပါယ်ပေါက်သည့် အကြည့်မျိုးဖြင့် သူကြီးကိုကိုမောင်ကို အားကိုးတကြီး ကြည့်ရှုနေလေ၏။ သူကြီးကိုကိုမောင်က အလိုက်သိစွာ စကားလမ်းကြောင်းပေးလိုက်၏။

"ကဲ မောင်ပုရေ... ဆိုစမ်းပါဦးဗျ။ ဘာကိစ္စတွေ ပေါ်ပေါက်ခဲ့ပြီး ကျနော် ဘာအကူအညီပေးရမလဲ"

"ကျနော်တို့ အိမ်ထောင်ရေး မသာယာဘူးဗျာ။ မိန်းမက ပူညံပူညံနဲ့ ညဘက်ဆို ကောင်းကောင်းကို အိပ်လို့မရဘူး"

"ဘာဖြစ်လို့လဲဗျ။ စီးပွါးရေးအဆင်မပြေလို့လား"

"မဟုတ်ပါဘူး သူကြီးမင်း"

"ဒါဖြင့် အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်နေလို့လား"

"မဟုတ်ပါဘူး သူကြီးမင်း။ ရှင်းရှင်းပြောရရင် စီးပွါးရေး လူမှုရေး ကျန်းမာရေး အားလုံးအဆင်ပြေပါတယ်"

"ခင်များဟာက ဘယ်လိုကြီးလဲဗျ။ ရှင်းရှင်းပြောစမ်းပါဦး"

"သူကြီးမင်းရယ် ပြောရမှာတော့ ရှက်စရာကြီးဗျာ။ ကျန်တဲ့ကိစ္စ အားလုံးအဆင်ပြေပါတယ်။ ဟိုကိစ္စတစ်ခုဘဲ အဆင်မပြေဖြစ်နေတာ"

ထိုကဲ့သို့ပြောပြီး မောင်ပုမျက်နှာကြီး နီတက်လာသည်ကိုတော့ သူကြီးကိုကိုမောင်သတိထားမိလိုက်၏။

"ဘာကိစ္စတုန်းဗျ။ ကျနော်နားမလည်ဘူး။ တဲ့တိုးကြီးသာ ပြောချလိုက်စမ်းပါဗျာ"

သူကြီးကိုကိုမောင်တစ်ယောက် တုံးအလိုက်သည့်ဖြစ်ခြင်း။ ထို့ကြောင့်ပင် လူပျိုလူလွတ်ကြီး ဖြစ်နေပုံပေါ်၏။ အရေးအရာကိစ္စအ၀၀တို့၌ ကျွမ်းကျင်တတ်မြောက်သည့်သလောက် မောင်ပုကိစ္စကိုမူ ယခုထက်ထိ သဘောမပေါက်သေးပေ။

"ဟာဗျာ...ပြောရမှာ ခက်နေတယ်"

မောင်ပုသည် ခေါင်းကို တွင်တွင်ကြီး ကုတ်နေလေတော့၏။

"ဒီမှာ မောင်ပု။ ဒီနေရာမှာ ခင်များနှင့်ကျနော် နှစ်ယောက်ထဲရှိတယ်။ ဘယ်သူမှ မရှိဘူး။ ခင်များလဲ ယောက်ျား ကျနော်လဲ ယောက်ျားဘဲ။ ဘာမှရှက်စရာမလိုဘူး။ ပွင့်ပွင့်လင်းလင်းသာပြောပါ။ အဖြစ်မှန်ကို သိမှ ကျနော် ကူညီလို့ရမှာပေါ့"

မောင်ပုမျက်နှာ ၀င်းလက်လာ၏။ တက်ကြွမှု အရိပ်အရောင်ကို တွေ့ရ၏။ အားတက်သွားပုံပေါ်၏။

"ဒီလိုဗျာ။ ကျနော့်မိန်းမနှင့်အတူအိပ်ချင်စိတ်ကုန်နေတယ်ဗျ။ အဲဒါ သူကြီးမင်းဆီမှာ ဘာဆေးညာဆေးလေးများ ရှိမလားလို့ လာအကူအညီတောင်းတာ"

ယခုမှပင် သူကြီးကိုကိုမောင်တစ်ယောက် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်းကြီး သိသွားပေတော့၏။ အနာသိရင်တော့ ဆေးရှိရမှာပေါ့ ဟူသည့် လက်စွဲအတိုင်း အနာနဲ့ သင့်လျော်သည့် ဆေးဝါးတို့ကို ညှိယူရန် သူကြီးကိုကိုမောင် စဉ်းစားခန်း ဖွင့်နေလေ၏။

"ဟောဗျာ။ ခင်များက အိမ်ထောင်ရေးမသာယာဘူးတာပြောတယ် ကလေးကျတော့ လေးယောက်တောင်ရှိနေပြီ။ ဒီကြားထဲ အဆစ် အမွှာပူးပါ ပါလိုက်သေး"

"အဲဒီလောက် ကလေးတွေမွေးပြီးလို့ ဆိုက်ကိုအရ စိတ်မပါတော့တာလဲ ဖြစ်နိုင်တာပေါ့ သူကြီးမင်း"

"အေးဗျာ... ဘာဘဲဖြစ်ဖြစ် ကြည့်စီစဉ်ကြတာပေါ့။ ခဏလေးစောင့်ပါ။ ကျနော် မှတ်စုစာအုပ်သွားရှာလိုက်ဦးမယ်"

ထိုကဲ့သို့ပြောပြီး သူကြီးကိုကိုမောင်တစ်ယောက် စာမျက်နှာ တစ်သောင်းခန့်ရှိသည့် န၀မမြောက် မှတ်စုစာအုပ်ကြီးကို ဧည့်ခန်းအတွင်းရှိ စာအုပ်ဗီဒိုထဲက ထုတ်ယူခဲ့လေ၏။ မှတ်စုစာအုပ်ကို အက္ခရာစဉ်အလိုက်ဖြင့်လည်းကောင်း အကြောင်းအရာအစဉ်အလိုက်ဖြင့်လည်းကောင်း သေချာပြုစုထားသည့်အတွက် သိချင်သည့်အကြောင်းအရာတို့ကို ခဏအတွင်း ရှာဖွေတွေ့ရှိနိုင်လေ၏။ မှတ်စုစာအုပ်ကိုပင် သူကြီးကိုကိုမောင်စွယ်စုံကျမ်း ဟူ၍ နာမည်ပေးထား၏။ အင်ကာတာ၊ ဘရိတနိကာ၊ ၀ီကီစသည့် စွယ်စုံကျမ်းတို့ထက် ပို၍အကြောင်းအရာစုံလင်သည့် တုံးဖလားရွာဖြစ် စွယ်စုံကျမ်းဟူ၍ ဆိုရလောက်အောင် ဣစ္ဆာသယမှတ်စုစာအုပ်ကြီးပင် ဖြစ်ချေတော့၏။

လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာရေး စသည့် အကြောင်းအရာများအပြင် တုံးဖလားရွာအတွင်းရှိ ရွာသူရွာသားများအာလုံး၏ တစ်ယောက်ချင်းစီအကြောင်းအရာတို့ကိုပါ မှတ်စုစာအုပ်ကြီးအတွင်း၌ သေချာစာရင်းပြုစုမှတ်သားထားလေ၏။ ကကြီးအက္ခရာပါရှိသည့်မာတိကာအက္ခရာစဉ်၌ ကိုကိုမောင် ဟူသောနာမည်မျိုး၊ အက္ခရာပါရှိသည့် မာတိကာအက္ခရာစဉ်၌ မောင်ပုဟူသောနာမည်မျိုးတို့ကို အစီအစဉ်တကျမှတ်သားထား၏။
ဥပမာ။
က
ကိုကိုမောင်= ရွာသူကြီး၊ လူပျိုကြီး၊ ၁၉၈၂ခုနှစ် သြဂုတ်လ ၁၀ ရက် အင်္ဂါနေ့တွင်မွေးဖွားသည် (ပ) ယခုလက်ရှိ တုံးဖလားရွာသူကြီးတာဝန်ထမ်းဆောင်နေဆဲ ဟုလည်းကောင်း၊
မောင်ပု= ၁၉၇၉ခုနှစ် ဇန်န၀ါရီလ ၈ ရက် နေ့တွင်မွေးဖွား၊ မကြည်တင်၏ယောက်ျား၊ ကလေး ၄ ယောက်တို့၏ အဖေ ဟုလည်းကောင်း စသဖြင့် စသဖြင့် အသေးစိပ်မှတ်သားထားလေ၏။

ထို ကိုကိုမောင်စွယ်စုံကျမ်း ခေါ် အတွဲဆက်မှတ်စုစာအုပ်ကြီးများကို တစ်နှစ်တစ်ခါလောက် အပ်ပဒိတ်လုပ်ပေးရ၏။ ပြန်လည်ဖြည့်စွက်ချက်တို့ကို ထပ်ပိုးပေး၏။ ထူးခြားဖြစ်စဉ်များကို ထည့်စွက်ပေး၏။ ထို့ကြောင့် ထိုမှတ်စုစာအုပ်များသည် အကောင်းဆုံး ရက်ဖရင့်စာအုပ်ကြီးအသွင်ကို ဆောင်နေလေတော့၏။

သူကြီးကိုကိုမောင်သည် ဗီဒိုထဲမှ ထုတ်ယူလာသည့် န၀မမြောက် မှတ်စုစာအုပ်ကြီးကို လှန်လောဖွေရှာလိုက်သည့်အခါ စာမျက်နှာ ၅၁၈ ၌ အိမ်ထောင်သည်တို့အတွက် အလွန်တန်ဖိုးရှိသော အိမ်ထောင်သာယာရေးဆေးမီးတိုကြီးကို တွေ့ရှိလေ၏။ ထိုဆေးမီးတိုကြီးကို ကာမသိဒ္ဓိသျှတ္တရပေါင်းချုပ်ကျမ်းကြီးထဲက ကူးယူထားခြင်းဖြစ်၏။

"ကဲ.. မောင်ပုရေ... ဆေးကောင်းဝါးကောင်းတော့ တွေ့ပြီဗျ။ ဒါပေမဲ့ အဲဒီဆေးကို ခင်များဖာသာ စီရင်ရမယ်။ ကျနော်ကတော့ နည်းစနစ်ဘဲပေးဖို့ တတ်နိုင်တယ်။ ဒါကြောင့် အဲဒီဆေးမီးတို မှတ်စုကို ခင်များရေးမှတ်သွားပေတော့။ ရော့.. ဒီမှာ စာရွက်အလွတ်နှင့်ခဲတံ။ ဟောဒီ စာမျက်နှာ ၅၁၈ ဒုတိယအပိုဒ်ကစပြီး ရေးမှတ်ပေတော့"

ဟူ၍ပြောကာ သူကြီးကိုကိုမောင်သည် သူ၏မှတ်စုအတွင်းရှိ အိမ်ထောင်သာယာရေးဆေးမီးတိုကြီးကို မောင်ပုအားရေးမှတ်စေလေတော့၏။ အလွန်တန်ဖိုးရှိလှသည့် ဆေးမီးတိုကြီးမှာ အောက်ပါအတိုင်း ဖြစ်လေ၏။
မှတ်ချက်။ ထိုမှတ်စုသည် ဂါမ္မဒေါသသင့်စရာများပါရှိပါသောကြောင့် အမျိုးသမီးများ လုံးဝ (လုံးဝ)မဖတ်ရ။ အမျိုးသားများ ဥာဏ်ရှိသလို ဖတ်နိုင်သည်။

(အမျိုးသားများအတွက်အားဆေး)
ပရံန၀ါ၊ ပါးပါးလွှာ၊ သကာပျားနှင့်ဖက်။

ဒန့်သလွန်ပွင့်၊ အုန်းဆံရင့်၊ အသင့်ညီအောင်ချက်။

တစ်နေ့သုံးခါ၊ မင်းရာဇာ၊ မကြာမှန်မှန်လျက်။

မောင်းမတစ်ထောင်၊ တွေ့မရှောင်၊ စေ့အောင်အကုန်နှက်။


"အားလုံးရေးမှတ်ပြီးသွားပြီလား"

"ပြီးသွားပါပြီ သူကြီးမင်း"

"ဒါဖြင့် တစ်ခါတည်းဘဲ ခင်များအမျိုးသမီးအတွက် အသုံးပြုဖို့ ဆေးမီးတိုပါ ပေးလိုက်မယ်။ နောက်လဲ လာတောင်းမှာချင်း အတူတူ တစ်ခါထဲသာ ရေးမှတ်သွားပေတော့"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"အဲဒီ စာမျက်နှာမှာဘဲ စာပိုဒ် ၄ ပိုဒ်မြောက်က စပြီး ရေးမှတ်လိုက်ပါ"

မောင်ပုသည် သူကြီးကိုကိုမောင် ညွန်ပြသည့် မှတ်စုကို ခေါင်းငုံ့ပြီး မြိန်ရည်ယှက်ရည် လိုက်မှတ်နေလေတော့၏။
မှတ်ချက်။ ထိုမှတ်စုသည်လည်း ဂါမ္မဒေါသသင့်စရာများပါရှိပါသောကြောင့် အမျိုးသမီးများ လုံးဝ (လုံးဝ)မဖတ်ရပါ။ အမျိုးသားများမှာမူ ဥာဏ်ရှိသလို ဖတ်နိုင်သည်။

(အမျိုးသမီးများအတွက် လိမ်းဆေး)
ထိကရုံးနှစ်ပါး၊ ကျပ်စီထား၊ မျှော့ကားတစ်ကောင်လုံး။

ရေဖျံပဉ္စာ၊ ရောထည့်ကာ၊ နေမှာ အတောင့်လုံး။

အပေါက်ကျယ်လှ၊ ထိုမိန်းမ၊ လိမ်းပါ့သုတ်ပါ့ဦး။

အပေါက်ဟူက၊ ရှာမရ၊ ပဉ္စပါပီရှုံး။


အိမ်ထောင်သည်တို့အတွက် အလွန့်အလွန်တန်ဖိုးရှိလှသော ဆေးမီးတိုကြီးနှစ်ခုကို လိုက်ရေးမှတ်ပြီးနောက် မောင်ပုသည် သူကြီးကိုကိုမောင်ကို ရှိမခိုးရုံတမယ် အရိုအသေပြုပြီး မှတ်စုစာရွက်ကို အကျီ င်္အိတ်ကပ်ထဲ ခေါက်ထည့်ကာ သူ၏ နေထိုင်သို့ ရွှင်လန်းတက်ကြွစွာ ခြေလှမ်းကျဲကြီးဖြင့် ခပ်သုတ်သုတ် ပြန်သွားလေတော့၏။

နောက်တစ်နေ့မှစတင်ကာ မောင်ပုတစ်ယောက် ဆေးအညွန်းပါ အင်ဂရီဒီးယန့်စ်အတိုင်း တောထဲသွား၍တစ်ဖုံ ရေအိုင်ထဲသွား၍တစ်မျိုး မြို့တက်ပြီးပရဆေးဆိုင်ပြေးဝယ်၍တစ်သွယ် စသည့် အိမ်ထောင်သာယာရေး လုပ်ငန်းကြီးကို အကောင်အထည်ဖော်နေလေတော့၏။ ဆေးထောင်းသံ ဆေးကြိတ်သံတို့သည်လည်း သူ၏အိမ်၌ဆူညံနေလေ၏။ အိမ်ကပြင်၌ နေလှန်းထားသည့် ဆေးလုံးများကလည်း ထောင်ပုံရာပုံပင်တည်း။

ရက်သတ္တနှစ်ပတ်ခန့်အကြာ၌ မောင်ပုတို့လင်မယားနှစ်ယောက် ပြုံးရွှင်စွာဖြင့် သူကြီးကိုကိုမောင်အိမ်သို့ ရောက်ရှိလာလေ၏။ သူတို့၏ လက်ထဲ၌လည်း ခြံထွက်သီးနှံများဖြစ်ကြသည့် ငှက်ပျောသီး၊ လိမ္မော်သီး၊ နာနတ်သီးစသည့် သစ်သီးဝလံတို့ကို ကိုင်ဆောင်လာလေ၏။ မောင်ပုက မျက်နှာနီနီကြီး ဖြင့် စတင်ပြောဆိုလာလေ၏။

"ကျေးဇူးတင်လိုက်တာ သူကြီးမင်းရယ်။ သူကြီးပေးခဲ့တဲ့ ဆေးညွန်းအတိုင်း ဖော်စပ်လိုက်တာ။ ဆေးနှစ်မျိုးလုံး အရမ်းအသုံးဝင်နေတာကို တွေ့ရတယ်။ အခုဆို ကျနော်တို့ အိမ်ထောင်ရေးသုခကို အပြည့်အ၀ ရရှိနေပါပြီ။ ဒါကြောင့် တမင်တကာလာပြီး ကျေးဇူးတင်စကားလာပြောတာပါ။ ဒါကတော့ ကျနော်တို့ ခြံထွက်သစ်သီးဝလံတွေပါ။ လက်ခံပေးပါ သူကြီးမင်း"

သူကြီးကိုကိုမောင်သည်လည်း မိမိဆေးအစွမ်း ထိရောက်မှုရှိသည်ကို ကြိတ်ဝမ်းသာနေပြီး ပြုံးတုံ့တုံ့ကြီး ဖြစ်နေလေ၏။ ဘယ်လို ဘယ်ပုံအစွမ်းထိရောက်မှန်းမသိပေမဲ့ သူတို့လင်မယားနှစ်ယောက်၏ မျက်နှာကို ကြည့်ရသည်မှာ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် လွန်စွာ ပျော်ရွှင်နေပုံရလေ၏။ သူတို့လင်မယားပြန်သွားပြီးနောက် သူတို့လက်ဆောင်ပေးထားခဲ့သည့် သစ်သီးဝလံတို့ကို သူကြီးကိုကိုမောင်တစ်ယောက် ရွာဦးကျောင်းသွားပြီး ဦးဦးဖျားဖျား အားလုံးလှူဒါန်းလိုက်လေ၏။

ထိုဆေးစွမ်းကောင်းနည်းစနစ်ကို မောင်ပုသည် တစ်ယောက်ထဲကြိတ်ခံစားစံစားမနေဘဲ အိမ်ထောင်ရေးဒုက္ခရောက်နေကြသည့် သူနှင့်နီးစပ်ရာဆွေမျိုးသားချင်း လင်မယားစုံတွဲတို့အား မျှဝေပေးလိုက်လေ၏။ ထိုဆွေမျိုးတို့မှတစ်ဆင့် လက်ဆင့်ကမ်းကာ တစ်ခြားသူတို့အား ဝေငှပေးလိုက်ပြန်လေ၏။ ဤမှ ထိုမှ မျှဝေပေးမှုတို့ကြောင့် ထိုဆေးစွမ်းကောင်းအကြောင်းကို တုံးဖလားရွာတစ်ရွာလုံး အိမ်တိုင်းစေ့ သိရှိသွားကြလေတော့၏။ ထို့ကြောင့် ထိုဆေးဖော်ခြင်း ဆေးအမယ်ရှာဖွေခြင်း မြို့တက်၍ပရဆေးဆိုင်သို့သွားရခြင်း စသည်ဖြင့် ရွာလုံးကျွတ် အလုပ်အရှုပ်ကြီး ရှုပ်၍ နေချေလေ၏။ ဆေးအညွန်းစာရွက်ကြီးကြည့်ကာ ဆေးဖော်စပ်ခြင်းထက် အလွတ်ကျက်မှတ်၍ ဖော်စပ်ရသည်က ပို၍အချိန်ကုန်သက်သာကြောင်း တွေ့ရှိကြသည့်အခါ အထက်ပါ လင်္ကာတို့ကို အိမ်တိုင်းစေ့ ကျက်မှတ်ကြလေတော့၏။

ဟိုဘက်အိမ်သွားလည်း ပရံန၀ါ၊ ပါးပါးလွှာ......၊ ထိကရုံးနှစ်ပါး၊ ကျပ်စီထား... ဒီဘက်အိမ်သွားလည်း ပရံန၀ါ၊ ပါးပါးလွှာ...၊ ထိကရုံးနှစ်ပါး၊ ကျပ်စီထား.. နေရာတိုင်း၌ ပရံန၀ါ၊ ပါးပါးလွှာ...နှင့် ထိကရုံးနှစ်ပါး၊ ကျပ်စီထား.... ဟူသည့် လင်္ကာရွတ်ဆိုကျက်မှတ်သံတို့ကို တွင်တွင်ကြီး ကြားသိနေရလေတော့၏။ မိဘများ ကျက်မှတ်သံကြား၍ သားငယ် သမီးငယ်လေးများသည်ပင် ဘုမသိ ဘမသိ လိုက်ကျက်မှတ်ကြလေ၏။ ဤသို့ဖြင့် ကလေးအစ ခွေးအဆုံး ထိုဆေးဖော်စပ်နည်းလင်္ကာတို့ကို အာဂုံရရှိကြလေ၏။

တုံးဖလားရွာတွင်းရှိ ကလေးသူငယ်များကို သားလေး.... သမ္ဗုဒ္ဓေ ဂါထာ အလွတ်ရလား ဟုမေးသောအခါ၌ပင် သမ္ဗုဒ္ဓေ ဂါထာတော့ မရဘူး သူကြီးမင်း၊ ပရံန၀ါ လင်္ကာတော့ရတယ် ဟူ၍ ဖြေဆိုကြသည့် ကလေးတွေချည်းဖြစ်နေလေတော့၏။ ထိုမျှထိ ကြောက်စရာကောင်းလောက်အောင် ထိုဆေးအစွမ်းသည် ပေါက်ရောက်အောင်မြင်သွားလေ၏။ ကာလအတန်ကြာသည့်အခါ အိမ်နံရံတို့၌လည်းကောင်း၊ စပါးကျီနံရံတို့၌လည်းကောင်း၊ ဘုန်းကြီးကျောင်းနံရံတို့၌လည်းကောင်း၊ စရပ်နံရံတို့၌လည်းကောင်း မီးသွေးခဲ (သို့မဟုတ်) မြေဖြူခဲတို့ဖြင့် ကလေးများရေးခြစ်ထားသည့် ပရံန၀ါ လင်္ကာနှင့် ထိကရုံးနှစ်ပါး လင်္ကာတို့ နေရာယူနေကြပြီး အဆောက်အဦများ ညစ်ပတ်လျက်ရှိနေလေတော့၏။

ပို၍ဆိုးသည်မှာ ရွာထဲမှ ကာလသားခေါင်းဆောင် ဇော်ထက်ဦးဆောင်သည့် တူရိယာအဖွဲ့ပင်ဖြစ်လေ၏။ ကျောက်စိမ်းတွင်းကအပြန် ဘယ်လိုကဘယ်လို ၀ယ်ယူလာသည်မသိသည့် ဂီတာ လေး ငါးလက်ဖြင့် ရပ်ရွာအတွင်းတွင် ညစဉ်တီးခတ်အော်ဟစ်နေလေ၏။ ရိုးရိုးသီချင်းသီဆိုလျှင်မူ ရှိစေဦးတော့။ ယခုသီဆိုနေသည်မှာ သူကြီးကိုကိုမောင်၏ မှတ်စုဖြစ်သည့် ဆေးနည်းဖော်စပ်ပုံလင်္ကာတို့ကို ပုံစံအသွင် အမျိုးမျိုးပြောင်းကာ အော်ဟစ်နေကြခြင်းပင်ဖြစ်လေ၏။ ပထမဦးဆုံး သူတို့ ဟစ်အော်နေသည်မှာ သံချပ်ထိုးပြီး အော်ဟစ်နေကြခြင်းဖြစ်၏။
ရှေ့ က တိုင်ပေးသူနှင့် နောက်ကလိုက်သူ ညီညီညာညာရှိလှချေ၏။ ချီးကျူးဖွယ်ပင်တည်း။

(မိုး မိုးလား မောင်တို့..
လေ လေလားမောင်တို့..)


(ပရံန၀ါ ပါးပါးလွှာ
....
သကာပျားနှင့်ဖက်ကြပါစို့)


(ဒန့်သလွန်ပွင့် အုန်းဆံရင့်ကို
..
အသင့်ညီအောင် ချက်ကြစို့လား)


(တစ်နေ့သုံးခါ မင်းရာဇာ..
မကြာမကြာ လျက်ပါစေသား)

(မောင်းမတစ်ထောင် တွေ့မရှောင်
...
စေ့အောင်အကုန် (-)ကြစို့လား)

ဟေ့စိန်လား ဟေ့မြလား

ဟေလာမောင်တို့ ၀ါးးးးးးး


ထိုကဲ့သို့ သံချပ်ထိုးခြင်းကိစ္စကို အကြိမ်များစွာ အော်ဟစ်ကြပြီးနောက် သံချပ်၏ ဆန့်ကျင်ဘက် ငိုချည်းရှည်ကြီးကို ထပ်ပြီးညီးကြပြန်လေ၏။

အမယ်မင်း ပြောရတော့မယ်...
ပရံန၀ါကို ပါးပါးလွှာပြီးတော့.... သကာပျားနှင့်ဖက်ရမယ်.....
ဒန့်သလွန်ပွင့်ကိုလေ... အုန်းဆံရင့်နဲ့ရော.....ရော...ပြီးတော့....အသင့်ညီအောင်ချက်ရက်တယ်...............
ချက်ရက်တယ်မှ... ချက်ရက်တယ်လေးးးး...

အမယ်မင်းးးးး.... ရက်စက်လှချည်ရဲ့ အရှင်မင်းဘုရား....ဘုရား.....ဘုရားးးးးးးးးး

ပုံနောင်း ပုံနောင် ပုံနောင်း ပုံနောင် (ပါးစပ်ဆိုင်းတီးသံ)


အိက်စ်ဇမ်းပယ်လ်ဇ်ထွန်းထွန်းတို့ အဖွဲ့ကို အားကျသည့် အခြားကာလသားများကလည်း သူကြီးကိုကိုမောင်၏ ဆေးအစွမ်းလင်္ကာမှတ်စုကို ရက် လုပ်ပြီး အော်ဟစ်ကြလေ၏။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဟူ၍ ဆိုရလောက်ပေ၏။ ရှုစားကြပါလှဲ့။

ငါတို့မှာတော့ပရံန၀ါ.... မင်းတို့ကတော့ပါးပါးလွှာ......ရောမွှေလိုက်ပေါ့ ပျားသကာ (ရေ့ ... ရေ့ .... ရေ့ ......)
ဒန့်သလွန်ပွင့်အမာ...... အုန်းဆံရင့်နှောကာ.......သင့်အောင်ချက်ပေါ့ ချစ်သူရာ...(ရို့ .... ရို့ .... ရို့ ....)
တစ်နေ့သုံးခါ... ငါတို့ရဲ့ရာဇာ........ မကြာမကြာလျက်ပေါ့တစ်ခါ...( အု... အု... အူးယား..)


ပေါက်ပေါက်ရှာရှာ ထိုလင်္ကာကို လှေထိုးသံ အဖွဲ့အနွဲ့ဖြင့်လည်း ဇော်ထက်တို့အုပ်စု တဝေးဝေး တဟေးဟေး ဖြစ်နေကြလေ၏။ အာဂတုံးဖလားရွာသားများပင်တည်း။

ဟေလာ ယောက်ျား ဘာသံလဲလေးးးးးးး
(ပရံန၀ါ...)၂
အလွှာပါး.. ထက်ပါ စေ့....

သကာပျား.. စွက်ပါ..လေ့...

(ချက်နည်းတွေ စုံလို့..စုံလို့..)၂

ဒန့်သလွန်..အုန်းဆံ.. အပွင့်တွေ...ချက်တယ်လေးးးးးးး

ချက်မျိုးစုံ.... တိုးးး တိုးထည့်ကြကုန်.....

ဟေလာ ယောက်ျား ဘာသံလဲလေးးးးးးး


ဒုံးဂွမ်း ဒုံးဂွမ်းဖြင့် ညစဉ်ညတိုင်း ဆူညံနေလေ၏။ သူကြီးကိုကိုမောင်သည်လည်း ကာလသားသဘာဝ အလုပ်အားချိန် ညချမ်းအခါ၌သာ ပျော်ခွင့်ရကြရှာသည့် တောသူတောသားများကို သနားစာနာ၍ လျစ်လျူရှုကာ နေလေ၏။ ပို၍ဆိုးသည်မှာ ထိုလင်္ကာများ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပေါက်ရောက်သွားခြင်းပင်ဖြစ်လေ၏။ ကိုရင်ကျောင်းသားများ စာကျက်စာအံသောအခါ၌ ယံ မင်္ဂလံ ဒွါဒသဟိ စိန္တယိံသု သဒေ၀ကာ... ပရံန၀ါ... ပါးပါးလွှာ.. သကာပျားနှင့်ဖက်.... အသေ၀နာစ ဗာလာနံ စသဖြင့် တောင်ရောက်မြောက်ရောက် စာကျက်စာအံနေကြသည်ကို ကြားရလေ၏။ အဆိုးဆုံးမှာ ကိုရင်များက ဓမ္မကထိကစတိုင်လ်မျိုးဖြင့် တရားအမေးပြုလုပ်ကာ ကျောင်းသားများက ဒကာဒကာမပုံစံမျိုးဖြင့် တရားထောက် ပြုလုပ်ကြခြင်းပင်ဖြစ်လေ၏။

"ပရံန၀ါကို ပါးပါးလွှာပြီးတော့ ဘာလုပ်ဖို့လိုသေးလဲ ပရိသတ်ကြီး"

"သကာပျားနဲ့ ဖက်ရမှာပါဘုရား"

"အေးကွယ် အေး အေး။ နောက်ပြီးတော့ ဒန့်သလွန်ပွင့် အုန်းဆံရင့်နဲ့ ရောပြီး ဘာလုပ်ရမှာတဲ့တုန်း ပရိသတ်ကြီး"

"အသင့်ညီအောင် ချက်ရမှာပါဘုရား"

"ကောင်းလိုက်လေကွယ်.... အဲဒါ ပြီးရင် မင်းကြီးက ဘာလုပ်ဖို့လိုသေးလဲ ပရိသတ်ကြီး"

"တစ်နေ့သုံးခါ အချိန်မှန်မှန် လျက်ဖို့ လိုပါတယ်ဘုရား"

ဤသို့ဤနှယ် သံချပ်လိုတစ်ပုံ၊ ငိုချင်းလို တစ်မျိုး၊ ရက်လို တစ်သွယ်၊ လှေထိုးသံလို တစ်ခု၊ တရားဟောစတိုင်လ်လို တစ်ပုဒ် စသဖြင့် ရွတ်ဆိုအော်ဟစ်ကြသည့် အသံတို့သည် တုံဖလားတစ်ရွာလုံး ကျွက်ကျွက်ညံနေလေတော့၏။
......

မထင်မှတ်ပါဘဲ ကြောက်ခမန်းလိလိ ကျော်ကြားသွားသည့် ထိုဆေးနည်းအစွမ်းတို့ကြောင့် ရပ်သူရွာသားများမှာလည်း အထူးသဖြင့် အိမ်ထောင်သည်များ ညစောစောအိပ်ရာဝင်ကြပြီး မနက်နေဖင်ထိုးမှ အိပ်ရာက ထကြလေတော့၏။ ရပ်သူရွာသားများအတွက် ပြဿနာမရှိပေမဲ့ ရွာဦးကျောင်းဘုန်းတော်ကြီးနှင့် ကိုရင်ကျောင်းသားများအတွက်မူ ပြဿနာကြီးတစ်ခုပင်ဖြစ်ချေ၏။ အဘယ့်ကြောင့်ဆိုသော် မနက်စောစော ဘုဉ်းပေးရသည့် အရုဏ်ဆွမ်းဝတ်များ ရောက်မလာကြခြင်းကြောင့်ပင်တည်း။ ထို့ကြောင့် သူကြီးကိုကိုမောင်သည် ရွာသူရွာသားများအတွက် ပြန်တမ်းတစ်ခု ထုတ်ပြန်ရလေ၏။

"တုံးဖလားရွာသူရွာသားများသိစေရန်
တုံးဖလားရွာ၌ အိမ်ခြေစုစုပေါင်း ၃၀ ရှိလေသည်။ ထို အိမ်ခြေ ၃၀တို့ကို နှစ်ခုခွဲကာ ၁၅ အိမ်ကို တစ်ပတ်ကျ ရွာဦးကျောင်းသို့ အရုဏ်ဆွမ်းအချိန်မီ ချက်ပြုတ်ပြီး ပို့ရမည်။ မလိုက်နာပါက ငွေဒဏ် တစ်သိန်းပေးဆောင်ရမည်။ ။ အမိန့်... သူကြီးကိုကိုမောင်
"

အထက်ပါ အမိန့်ကိုထုတ်ပြီးနောက် တစ်ပတ်ကို ၁၅ အိမ်စီအလှည့်ကျ အရုဏ်ဆွမ်းပို့ကြလေ၏။ ဆေးနည်းမပေးခင်ကဆိုလျှင် ကြက်တွန်သံကို နားထောင်ပြီး ကြက်သုံးသားမြောက်တွန်လျှင် အိမ်ရှင်မများ အိပ်ရာမှထကြပြီး ဆွမ်းဟင်းချက်ပြုတ်ကြလေ၏။ ယခုအခါ၌မူ ကြက်တွန်သံသည် သူတို့၏ အိပ်စက်ခြင်းကို နိုးထနိုင်ခြင်းမရှိကြတော့ပေ။ ထို့ကြောင့် သူကြီးအမိန့်ကို ကြောက်လန့်ကြပြီး အိပ်ရာထက်မှမနိုးထနိုင်မှာကို စိုးရိမ်ကာ နိုးစက်နာရီကို အိမ်တိုင်း ၀ယ်ထားကြရလေတော့၏။ ရွာဦးကျောင်း၌ အချိန်မီ ဆွမ်းဝတ်များ ရောက်ရှိလေ၏။ သို့သော် ရွာဦးကျောင်းဆရာတော်က ဒကာမကြီး.. ဆွမ်းဟင်း ဆွမ်းထမင်းက ညအိပ်ရာမ၀င်ခင်ချက်ထားတာလား၊ မနက် အိပ်ရာနိုးမှ ချက်တာလာ ဟူ၍ ထူးထူးဆန်းဆန်း မေးခွန်းများကို ဆွမ်းလာပို့သည့် ဒကာမများအား မေးလေ့ရှိ၏။ ညကထဲက ချက်ထားတာပါဘုရား ဟု လျောက်တင်မှ ဆရာတော်က ဘုဉ်းပေးလေ၏။ မနက်အိပ်ရာနိုးမှ ချက်တာပါဘုရား ဟု လျောက်လျှင် ဆရာတော် လုံးဝ မဘုဉ်းပေးပေ။ အဘယ့်ကြောင့်ဆိုသည်ကိုမူ ဆရာတော်ကိုယ်တိုင်သာ သိပေလိမ့်မည်။
.....

ထိုဆေးစွမ်းကောင်းအကြောင်းကို တုံးဖလားရွာမှတစ်ဆင့် အုပ်စုတိုက်နယ်ရှိ ရွာများသို့၊ ထိုမှတစ်ဆင့် မြို့နယ်သို့တိုင် ပျံ့ နှံ့သွားလေတော့၏။ ကလေးရောလူကြီးပါ ထိုလင်္ကာတို့ကို နှုတ်တက်ရွရွဆောင်ထားကြလေ၏။ မည်မျှထိနှုတ်ကျိုးနေကြသည်မသိ။ စာသင်ကျောင်းတက်စဉ် မင်္ဂလာပါ တပည့်တို့ ဟူ၍ဆရာမနှုတ်ဆက်လျှင်ပင် ပရံန၀ါပါ ဆရာမ ဟူ၍ ကျောင်းသူကျောင်းသားများ ညီညာဖျဖျ တုန့်ပြန်ကြသည်အထိ ဖြစ်နေလေ၏။

ထိုဆေးနည်းကို ဖော်စပ်ဖို့ ပရံန၀ါပင်လိုက်ရှာသူ၊ ကုန်းထိကရုံး ရေထိကရုံးတို့ကို လိုက်ရှာသူ၊ မျှော့များကို လိုက်ရှာသူဦးရေ တိုးပွါးလာသည့်အတွက် ဆိုင်ရာ မျိုးနွယ်အပင်များ၊ မျှော့များ မျိုးသုဉ်းလုနီးနီးဖြစ်နေလေ၏။ ရှားပါးအပင်များ သတ္တ၀ါများ မျိုးသုဉ်းမည့်အန္တရာယ်ကို စိုးရိမ်ရသောကြောင့် မြို့နယ်သူကြီးသည် သူကြီးကိုကိုမောင်ထံသို့ စာချွန်လွှာတစ်ခုပါးခဲ့လေ၏။

"တုံးဖလားရွာသူကြီးကိုကိုမောင်သို့
သူကြီးက စတင်ခဲ့သည့် အိမ်ထောင်ရေးသုခဆေးအညွန်းဇာတ်လမ်းကို သူကြီးကိုယ်ထိန်းသိမ်းပေးစေလိုပါသည်။ မဟုတ်ပါက မြို့နယ်အတွင်းရှိ ရှားပါးအပင်များ သတ္တ၀ါများ မျိုးသုဉ်းမည့်အရေး စိုးရိမ်ရပါသည်။
ပုံ။ မြို့နယ်သူကြီးမင်း
"

ထိုစာကို လက်ခံရရှိပြီးနောက် သူကြီးကိုကိုမောင်သည် မိမိကစတင်ခဲ့သည့် တာဝန်ကို မိမိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယတိပြတ်ဆုံးဖြတ်ချက်ချကာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားတွေးတောနေလေတော့၏။ အလွယ်ဆုံးနှင့်အရှင်းဆုံးဖြစ်သည့် မူရင်းလင်္ကာတို့ကို အသွင်တစ်မျိုးပြောင်းပေးလိုက်ရန် စိတ်ကူးရ၏။ ထို့ကြောင့် အောက်ပါကဲ့သို့ နောက်ဆုံးစာကြောင်းတို့အား အသွင်ပြောင်းပေးလိုက်လေ၏။

(အမျိုးသားများအတွက်အားဆေး)
ပရံန၀ါ၊ ပါးပါးလွှာ၊ သကာပျားနှင့်ဖက်။

ဒန့်သလွန်ပွင့်၊ အုန်းဆံရင့်၊ အသင့်ညီအောင်ချက်။

တစ်နေ့သုံးခါ၊ မင်းရာဇာ၊ မကြာမှန်မှန်လျက်။

တစ်လအတွင်း၊ မှန်မယွင်း၊ ချက်ခြင်းအသက်ထွက်
ဟူ၍လည်းကောင်း

(အမျိုးသမီးများအတွက် လိမ်းဆေး)
ထိကရုံးနှစ်ပါး၊ ကျပ်စီထား၊ မျှော့ကားတစ်ကောင်လုံး။

ရေဖျံပဉ္စာ၊ ရောထည့်ကာ၊ နေမှာ အတောင့်လုံး။

အပေါက်ကျဉ်းလှ၊ ထိုမိန်းမ၊ လိမ်းပါ့သုတ်ပါ့ဦး။

အပေါက်ဟူက၊ လွန်ကျယ်လှ ၊ ကျွဲမဟိုဟာရှုံး။
ဟူ၍လည်းကောင်း

ပရိယာယ်ဆင်ကာ လက်ကမ်းစာစောင်ပြုလုပ်ပြီး နီးစပ်ရာရွာများသို့ ဝေငှပေးလိုက်လေ၏။ သို့သော် ဆေး၏အစွမ်းအမှန်ကို သိရှိပြီးသူများသည် ထိုလက်ကမ်းစာစောင်ကို ယုံကြည်မှုမရှိဘဲ နဂိုမူရင်း လင်္ကာပါ ဆေးနည်းကိုသာ တွင်တွင်ကြီးအသုံးချလျက်ရှိနေလေ၏။ ကြံရာမရသည့်အဆုံး သူကြီးကိုကိုမောင်သည် မြို့တက်ကာ သစ်ပင်ပန်းမာလ်မျိုးဆက်နည်းနှင့် သတ္တ၀ါ အင်းဆက် မျိုးပွါးနည်း သင်တန်းသို့ တက်ရောက်ပြီး ၄င်းပညာတို့ကို တုံးဖလားရွာမှစတင်ကာ ရွာစဉ်ထိုးပြီး ပြန်လည်သင်တန်းဖွင့် ပို့ချနေရလေတော့၏။

ထို့နောက် မြို့နယ်သူကြီးနှင့်ပူးပေါင်းကာ တစ်ကောင်သတ် နှစ်ကောင်မွေးမြူ၊ တစ်ပင်နှုတ် နှစ်ပင်စိုက် အမိန့်ကို ထုတ်ပြန်လိုက်လေ၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သောအခါမှသာ မြို့နယ်လုံးကျွတ် အိမ်ထောင်ရေးသုခကိုလည်း ပြည့်ပြည့်၀၀ခံစား၊ ရှားပါးသတ္တ၀ါနှင့်ရှားပင်အပင်တို့သည်လည်း မျိုးမသုဉ်းသည့်ပြင် ပိုမိုတိုးပွါးလာခဲ့လေ၏။ ထိုကဲ့သို့ ရှဥ့်လဲလျောက်သာ ပျားရည်စွဲသာ အခြေအနေကို ရရှိပြီး လွန်စွာ အဆင်ပြေသည်ကို တွေ့ရသောအခါတွင်မှ သူကြီးကိုကိုမောင်တစ်ယောက် ဖူး ကနဲ သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်ပြီး အနေအထိုင် သက်တောင့်သက်သာ ရှိနေလေတော့သတည်း။ ။


မှတ်ချက်။
ဤပို့စ်၌ ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများကို နားလည်ပေးပြီး ဖတ်ရှုကြရန် တောင်းပန်ပါသည်။
(Blank အတွင်းက စာများကို ဖွင့်ဖတ်ရန် မခက်လော။ Select ပေးပြီးဖွင့်သော် မပွင့်လော) :D :D :D
ကိုကိုမောင် (ပန်းရနံ့)


....