Showing posts with label သုတစာပေ. Show all posts
Showing posts with label သုတစာပေ. Show all posts

Sunday, 10 May 2009

ကွမ်းစားသုံးသူများအတွက် မင်္ဂလာသတင်း


ကမ္ဘာအနှံ့ နိုင်ငံတိုင်းနီးနီး အိန္ဒိယကုလားများရှိသည်။ အိန္ဒိယကုလားရှိသည့်နေရာတိုင်း ကွမ်းယာရရှိနိုင်သည်။ ကွမ်းယာရနိုင်သည့် နေရာတိုင်းသို့ မြန်မာအမျိုးသားများ ချီတက်လေ့ရှိကြသည်။ ရောင်းသည့်သူရှိ၍ ၀ယ်သည်။ ၀ယ်သည့်သူရှိ၍ ရောင်းသည်။ ရောင်းသူနှင့်ဝယ်သူ မူလ မူလီ(အတိုင် အလှည့်)ဖြစ်၍နေသည်။

ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာလူမျိုးပီပီ ကွမ်းယာရရှိနိုင်သော နေရာသို့ ကျွန်ုပ်ရောက်ဖူးသည်။ သို့သော် ကျွန်ုပ်သည် ကွမ်းမစားပါ။ ဆေးလိပ်လည်း မသောက်ပါ။ ကွမ်းယာရရှိနိုင်သော နေရာသို့မူ ကွမ်းစားသုံးသည့် သူငယ်ချင်းများနှင့် အတူတကွ ရောက်ဖူးခြင်းဖြစ်သည်။

ကွမ်းစားခြင်းသည် ဗိုက်ပြည့်သလော၊ ရေငတ်ပြေသလော။
အထက်ပါ မေးခွန်းများကို ကျွန်ုပ်မဖြေတတ်ပါ။ ကျွန်ုပ်၏ နယ်ပယ်မဟုတ်၍ မသိခြင်းဖြစ်သည်။ တ..ဗျတ်..ဗျတ် ကွမ်းဝါးနေသည့်သူ အများအပြားကို ကျွန်ုပ်တွေ့ဖူးသည်။ သူတို့သည် အမြဲတမ်း ကွမ်းဝါးသည့်တိုင် ထမင်းကိုလည်း တ၀စားလေ့ရှိသည်။ ရေကိုလည်း များစွာ သောက်လေ့ရှိသည်။ ၄င်းကို ထောက်ဆ၍ ကွမ်းစားခြင်းသည် အဆာလည်းမပြေ ရေငတ်လည်းမပြေ ဟု ကျွန်ုပ် ကောက်ချက်ချလိုက်သည်။ ကွမ်းစားခြင်း၏ လက်ငင်းအကျိုးကား သွားများနီကျင်ကုန်၏။ ပါးစပ် ညစ်ပတ်၏။ ပတ်ဝန်းကျင်ညစ်ပတ် ရှုပ်ပွရုံသာ ရှိချေ၏။ ဆန့်ကျင်ဘက်လိင်၏ နှစ်သက်စုံမက်ခြင်းမှ ကင်းဝေးတတ်၏။

ကွမ်းသည် အဘယ်ကဲ့သို့ အရသာရှိသနည်း။
ကျွန်ုပ် အမှန်မသိပါ။ လောကနီတိ၌ မှတ်သားဖူးသည်မှာ ဆားမပါသော ဟင်း၊ ထုံးမပါသော ကွမ်းသည် အရသာမရှိ ဟူ၏။ ချို ချဉ် ဖန် ငန် စပ် ဆိမ့် အရသာခြောက်ပါးထဲတွင် ကွမ်းသည် မည်သည့်အရသာရှိသည်ကို ကွမ်းစားဖူးသူသည်သာလျှင် သိနိုင်မည်ထင်၏။

ကွမ်းသည် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပါသလား။
ကျွန်ုပ် ပြောမပြတတ်ပါ။ ကျွန်ုပ်ကြားဖူးသည်မှာ ကွမ်းစားခြင်းဖြင့် သွားဖုံးကင်ဆာ လည်ချောင်းကင်ဆာ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါ ဖြစ်ပွါးနိုင်ခြေ ပိုများ၏ ဟူ၍သာဖြစ်သည်။ ဆေးပညာပေးစာအုပ်တစ်အုပ်၌ ကျွန်ုပ်ဖတ်ဖူးထားသော စာတစ်ပိုဒ်ရှိ၏။ ၄င်းမှာ ကွမ်းစားသုံးသောသူသည် ကွမ်းမစားသုံးသောသူထက် ကင်ဆာရောဂါ ၃၅ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိသည် ဟူ၏။ ဆင်ခြင်ကြပါကုန်။

ကွမ်းစားသောသူအား ကွမ်းမစားဖို့ အတင်းအဓမ္မတိုက်တွန်းလျင် ကွမ်းကြိုက်သော သူ၏ ငြိုငြင်ခြင်းကို ခံရတတ်ပေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကွမ်းမစားဖို့ အကြံပေးချင်သော်လည်း မစားနဲ့ဟူ၍ကား မပြောရဲပေ။
သို့သော် ကွမ်းစားသုံးသူများကို မင်္ဂလာသတင်းတစ်ခုတော့ ပါးလိုက်ချင်သည်။ လောကနီတိ ပကိဏ္ဏကကဏ္ဍ ဂါထာအမှတ် ၁၂ ၌ ဤသို့ဆို၏။

တမ္ဗုလဿ မဇ္စျေ ပတ္တေ၊ ကုဝေရော ရက္ခတိ သဒါ
မူလမှိ ရက္ခတိ ယက္ခော၊ အဂ္ဂမှိ ကာဠကဏ္ဏိကာ
တာနိ ဘုေဥၨယ် ဆိႏၵိတြာ၊ သိရီ ဧ၀ံ ပ၀ၯတိ။

(မြန်မာပြန်)
ကွမ်းရွက်၏အလယ်၌ ကုဝေရနတ်မင်း အမြဲတမ်း စောင့်၏။
ကွမ်းရွက်၏အရင်း၌ ဘီလူး စောင့်၏။
ကွမ်းရွက်၏ အဖျား၌ နတ်ယုတ်မာ စောင့်၏။
ထို့ကြောင့် ကွမ်းရွက်၏ အရင်း အဖျားတို့ကို ဖြတ်၍ (အရွက်အလယ်သား)ကွမ်းယာကို စားသုံးရာ၏
ဤသို့ စားသုံးသည်ရှိသော် ဘုန်းကျက်သရေ တိုးတက်၏။

ဤလောကနီတိ စာသားလေးဖြင့် ကွမ်းစားသုံးသော သူတို့အား ဆုတောင်းပေးလိုက်၏။
ကွမ်းစားသုံးသူများ မိမိလည်း မညစ်ပတ်၊ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်း၊ ရောဂါအပေါင်းမှလည်း ကင်းဝေးပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေသတည်း။ ။

............

Saturday, 9 May 2009

အဲဒါ.. အဲဒါ.. ရန်ကုန်မှာ မဟုတ်ပါ


ဤပုံကို သင်ကြည့်သောအခါ ဘတ်စ်ကားမှတ်တိုင်အနီး စည်းကမ်းမရှိ ထွေးပစ်ထားသောကွမ်းတံတွေးနှင့်စီးကရက်ဆေးလိပ်တိုတို့ကို တွေ့ရပေမည်။ ၄င်းဘတ်စ်ကားမှတ်တိုင်သည် မြန်မာနိုင်ငံမှ ဘတ်စ်ကားမှတ်တိုင်တစ်ခုမဟုတ်ပါ။ စင်္ကာပူမှ ဘတ်စ်ကားမှတ်တိုင်လည်းမဟုတ်ပါ။ ဒါဖြင့် ဘယ်နိုင်ငံက ဘတ်စ်ကားမှတ်တိုင်တစ်ခုပါလိမ့်..?????

ကျွန်ုပ် မြန်မာမှာ နေစဉ်တုန်းက ဖြစ်သည်။ တစ်နေ့၌ ကျွန်ုပ်၏ အခန်းအတွင်းသို့ သူငယ်ချင်းတစ်ယောက် ရောက်လာသည်။ သူသည် ကွမ်းစားသည်။ ဆေးလိပ်သောက်သည်။ ကျွန်ုပ်ဆီနေခိုက် ခဏလေးအတွင်းမှာပင် ၄င်းအလုပ်နှစ်ခုလုံးကို သူလုပ်သွားခဲ့သည်။ သူပြန်သွားပြီးနောက် ကျွန်ုပ်ပြုလုပ်လိုက်ရသည်မှာ ဆေးလိပ်ပြာများကို တံမြက်လှည်းပစ်ရခြင်းနှင့် နံရံဒေါင့်နား၌ ပေကျံနေသော ကွမ်းသွေးများကို သန့်ရှင်းသုတ်သင်ရခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် ဥပဒေသတစ်ထုတ်ကြည့်မိသည်။ "ဆေးလိပ်သောက် ကွမ်းစားသောသူသည် စည်းကမ်းမရှိတတ်ကြ" ဟူ၏။

ကျွန်ုပ် စင်္ကာပူအလည်သွားစဉ်ကဖြစ်သည်။ မာလိုင်းယင်း ရှိသည့်နေရာကို ကျွန်ုပ်တို့ သွားကြသည်။ သူငယ်ချင်းတစ်ယောက်က လမ်းလျောက်ရင်း တံတွေးကို ပစ်ကနဲ ထွေးလိုက်သည်။ ၄င်းကို မြင်သော ကျွန်ုပ်တို့ကို လိုက်ပို့သည့် သူငယ်ချင်းက စင်္ကာပူမြို့ထဲမှာ တံထွေးမထွေးရကြောင်း စည်ပင်နဲ့တွေ့လျင် မြို့တော်ညစ်ပတ်စေမှုဖြင့် ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ရှင်းပြ၍ တံတွေး မထွေးဖြစ်အောင် ကျွန်ုပ်တို့ အတော်ပင် ကြိုးစားခဲ့ရသည်။

ရန်ကုန်မြို့တော် မန္တလေးမြို့တော်များမှာ နေရာအနှံ့အပြား၌ ကွမ်းတံတွေးများကိုတွေ့နိုင်သည်။ လမ်းဘေး၌လည်းကောင်း ကားလမ်းပေါ်၌လည်းကောင်း အဆောက်အဦ နဘေးဒေါင့်လေးနား၌လည်းကောင်း အုတ်တံတိုင်းဘေးနား၌လည်းကောင်း စည်းကမ်းမရှိ ကွမ်းတံတွေးထွေးထားသည်ကို မြင်ယောင်နေမိသည်။
သို့သော် စင်္ကာပူ၌ပူ ကွမ်းတံတွေး ထွေးဖို့ မဆိုထားဘိ။ တံတွေးတောင် ရဲရဲမထွေးဝံ့။ အံဘွယ်ရှိစွ။ စည်းကမ်းအလွန်ရှိသော လက်တစ်ဆုပ်စာ တိုင်းပြည်လေးပေတကား။

ကျွန်ုပ် ယခု လန်ဒန်မှာနေသည်။ အင်္ဂလန်သည် ကျွန်ုပ် လန်ဒန်မရောက်ခင် ကျွန်ုပ်အထင်ကြီးခဲ့ဖူးသည့် နိုင်ငံတွေထဲမှ တစ်နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးအနေနဲ့သော်လည်းကောင်း စည်းကမ်းပိုင်းဆိုင်ရာ၌သော်လည်းကောင်း သန့်ရှင်းမှုဆိုင်ရာ၌သော်လည်းကောင်း အထင်ကြီးအားကျဖွယ်ကောင်းသော နိုင်ငံဖြစ်သည်ဟု ထင်ခဲ့မိသည်။
"သို့သော် ပြောမယုံ ကြုံဖူးမှ သိ" ဆိုသကဲ့သို့ ကြုံဖူးမှ သိရလေတော့သည်။

ကျွန်ုပ် အင်္ဂလိပ်စာတက်သော ကျောင်းသို့ အသွားလမ်းဝယ် ကွမ်းတံတွေးကို အသာထား၍ ရှူးရှူး အီးအီးတွေကိုတောင် လမ်းဘေး၌ တွေ့ရတတ်သည်။ အံ့သြခြင်းမက အံ့သြခဲ့ရသည်။ ခွေးများစွန့်ထားခဲ့သည့် အညစ်အကြေးမဟုတ်ပါ။ လူ့အီအီးပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလန်၌ ခွေးလေခွေးလွင့်များ မရှိသောကြောင့်ပင်ဖြစ်သည်။
"စင်္ကာပူလို သေးသေးကွေးကွေးနိုင်ငံလေးမှာတောင် သန့်ရှင်းမှုအပြည့်အ၀ရှိတာ၊ အင်္ဂလန်မှာဆို အဘယ်ဆိုဖွယ်ရာ ရှိပါအံ့တော့နည်း" ဟု အထင်ကြီးထားခဲ့သမျှ အလွဲကြီးလွဲနေပါတော့သည်။

ယနေ့ ကျွန်ုပ် ကွန်ပျူတာပစ္စည်းတစ်ခု လိုချင်၍ နာမည်ကြီး ကွန်ပျူတာဆိုင်တစ်ခုသို့ သွားရန် ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ ထွက်လာခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်၌ ၅မိနစ်ခန့်ကားစောင့်ရသည်။ ဘတ်စ်ကားမလာခင် အနီးအနားကို အကဲခတ်ကြည့်ရာ အထက်ပါ ဓါတ်ပုံထဲရှိ မြင်ကွင်းကို အံ့သြမှုကင်းစွာ (တွေ့နေကျမို့) တွေ့လိုက်ရသည်။ ထို့ကြောင့် ကျွန်ုပ် ဓါတ်ပုံရိုက်ယူခဲ့သည်။ ထိုဘတ်စ်ကားမှတ်တိုင်သည် အစစ်အမှန် လန်ဒန်မြို့ထဲက ဘတ်စ်ကားမှတ်တိုင် တစ်ခုပင် ဖြစ်ပေတော့၏။

"ကွမ်းစား ဆေးလိပ်သောက်ကြသော မည်သည့်နိုင်ငံရှိ လူမျိုးမဆို စည်းကမ်းမရှိတတ်ကြပေ" ဟူသော ကျွန်ုပ်၏ အဆိုအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် ပိုမို၍ ခိုင်မြဲစွာ ယုံကြည်လာချင်သလိုလို ဖြစ်လာသည်။ စည်းကမ်းတကယ်ရှိသော ကွမ်းစား ဆေးလိပ်သောက်သူများရှိခဲ့လျင် ကျွန်ုပ်၏ အဆိုအမိန့်အတွက် ကျွန်ုပ်တောင်းပန်သည်။ သို့သော် ယေဘုယျအားဖြင့် ကျွန်ုပ်အဆိုအမိန့်သည် မှန်ကန်သည်ဟု ကျွန်ုပ်ယူဆပါသည်။

အကျွန်ုပ်တို့ အထင်ကြီး အားကျနေသော လန်ဒန်မြို့၌လည်း ရန်ကုန်နှင့်မခြား ဤသို့ဤနှယ် ရှိပေ၏ ဟူ၍သာ မှတ်ကြပါလေကုန်။ ။

......

Friday, 8 May 2009

ကဗျာလေးတစ်ပုဒ်

ကျနော် ခပ်ငယ်ငယ်တုန်းက ကဗျာ လင်္ကာလေးတွေ ကျက်မှတ်ရတာကို ၀ါသနာအရမ်းပါခဲ့တယ်။
မဂ္ဂဇင်းတွေဖတ်တယ်။ စာစောင်တွေဖတ်တယ်။ ယုတ်စွအဆုံး ပို့စ်ကတ်စာအိတ်ပေါ်မှာ ရှိတဲ့ ကဗျာလေးတွေကိုလဲ ဆုံးအောင်တော့ ဖတ်လိုက်တာပါဘဲ။
ကျနော် ကြိုက်နှစ်သက်တဲ့ကဗျာဆိုရင် ခဏလေးနဲ့ အလွတ်ရတယ်။ ကာရန်ပါတဲ့ကဗျာလေးတွေဆို ပိုပြီး အရမြန်တတ်တယ်။

ဆရာတစ်ယောက်ဆုံးမသြ၀ါဒပေးဖူးတာကို အမှတ်ရနေမိတယ်။ "စာသင်သား(ကျောင်းသား)ဆိုတာ အရူးလွယ်အိတ်နဲ့ တူအောင် ကျင့်ရတယ်ကွ။ အရူးတွေဟာ သူတို့လွယ်အိတ်ထဲကို ထည့်လို့ရတာ အကုန်ထည့်တာဘဲ။ ကောင်းတာဆိုးတာ စဉ်းစားမနေဘူး။ အဲဒီလိုဘဲ ကျောင်းသားတွေဟာလဲ ပညာရှာတဲ့အခါမှာ အားလုံး ဖတ်သင့် မှတ်သင့် လေ့လာသင့်တာချည်းဘဲ။ စာကောင်းပေကောင်းမှဟုတ်ရဲ့ လားလို့ စဉ်းစားမနေနဲ့။ မသင်ကောင်းတဲ့ ပညာရယ်လို့ မရှိဘူး။ အသုံးမချသင့်တဲ့ ပညာဘဲရှိတယ်ကွ" တဲ့။

ကျနော်လဲ ဆရာ့ဆုံးမသြ၀ါဒအတိုင်း စာတွေအတော်များများဖတ်ခဲ့တယ်။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။ ကဗျာလင်္ကာလေးတွေ တွေ့ရင်လဲ ကောက်ဖတ်လိုက်တာဘဲ။ ကြိုက်တဲ့ကဗျာဆိုရင် ခေါင်းထဲ စွဲကျန်ခဲ့ရော။ (အဟဲ... လေလုံးထွားလိုက်တာလို့ အော်ဆဲကြမလား မသိဘူး)။

ကျနော် ကလေးဘ၀တုန်းကထဲက အလွတ်ရထားတဲ့ ကဗျာလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။ ကဗျာဆရာက ဘယ်သူမှန်းတော့ ကျနော်မသိဘူး။ ပါးစပ်ထဲ နှုတ်တက်ရနေလို့သာ ရေးချလိုက်တာပါ။ မှန်မမှန်တော့ မသိဘူးနော်။မှားရင်လဲ ပြောပြဖို့ လက်နှေးမနေကြနဲ့ဦး။

အဲဒီကဗျာလေးက... ဒီလို........

အချစ်အစ၊ ထိုခဏ၌
အပြုံးလက်စ၊ ပျော်ကြရ၏။

အချစ်အဆုံး၊ ထိုနိဂုံး၌
အမုန်းလက်စ၊ ငိုကြရ၏။

အော်...
အချစ် အချစ်၊ ဖွေရှာလှစ်သော်
အချစ်အစ၊ ပျော်ရွှင်ရလည်း
အချစ်အဆုံး၊ ထိုနိဂုံးဝယ်
အမုန်းနှင့်သာ ဇာတ်သိမ်းပါတကား။ ။

မှတ်ချက်။
အချစ်ကို ကိုးကွယ်ဆည်းကပ်ကြသူများအားလုံး ဘ၀ရဲ့ အစ အလယ် အဆုံး သုံးပါးလုံးမှာ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးနိုင်ကြပါစေလို့ ဆုပန်ချွေသလိုက်ပါတယ်။ ။

......

Wednesday, 6 May 2009

NEWS ဆိုတာ ဒီလိုတဲ့

အခုတလောလောဆယ် မေဒီယာလောကထဲမှာ ရေပန်းစားနေတာတစ်ခုရှိတယ်။ အဲဒါက အမေရိကန်သမ္မတအကြောင်းလဲ မဟုတ်ဘူး။ အီရတ်စစ်ပွဲအကြောင်းလဲ မဟုတ်ဘူး။ အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသအကြောင်းလဲမဟုတ်သလို အာဖဂန်က တာလီဘန်တွေ အကြောင်းလဲ မဟုတ်ဘူး။

သတင်းစာ စာစောင် ဂျာနယ် မဂ္ဂဇင်း အားလုံးဖတ်ကြည့်။ အဲဒီအကြောင်းပါတယ်။ အင်တာနက်ပေါ်တက်ကြည့်ဦးမလား။ ဘလော့ဂ် ၀က်ဘ်ဆိုက် အတော်များများမှာ အဲဒီအကြောင်းကို ဖတ်ရတယ်။ အဲဒီအကြောင်းဆိုတာက လူအကြောင်းမဟုတ်ဘူးဗျ။ ၀က်တွေ ၀က်တွေအကြောင်း။

နာမည်ကြီး အားကစားသမားများ၊ ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင် မင်းသမီး မင်းသားများ၊ ကမ္ဘာ့နာမည်ကြီး သမ္မတများ၊ ၀န်ကြီးချုပ်များ နေရာယူထားခဲ့ကြတဲ့ သတင်းစာ ခေါင်းကြီးပိုင်းတွေပေါ်မှာ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ အခုဆိုရင် ၀က်တွေလွဲပြောင်း နေရာယူနေကြပြီလေ။ ဒီ ၂၀၀၉ ခုနှစ်ကို ၀က်နှစ်လို့ ခေါ်ရမလိုတောင် ဖြစ်နေပြီ။

အနောက်တိုင်းရဲ့  သတင်းတွေက လွတ်လပ်၊ တစ်ခါဖြစ်ပြီးသတင်းကိုလဲ ထပ်ခါတလဲလဲ ဖော်ပြ၊ ဝေဖန်ရေးတွေကလဲများ ဆိုတော့ ကမ္ဘာကြီးကို ၀က်တွေအုပ်စိုးတော့မလိုလိုဖြစ်နေလေရဲ့ ။ ၀က်တွေနာမည်ကြီးလာရတာက ကောင်းတဲ့ဘက်က နာမည်ကြီးလာတာမဟုတ်ပါဘူး။ လူတွေကို ခဏအတွင်း သတ်ပစ်နိုင်လောက်တဲ့ ၀က်တုပ်ကွေးရောဂါကြောင့် နာမည်ကြီးလာရတာပါ။ ကူးစက်ပုံကိုလဲ ကြည့်လိုက်ဦး ရောဂါရှိတဲ့သူနှင့်ဘတ်စ်ကားအတူစီးရင် ရထားအတူစီးရင် လေယာဉ်အတူစီးရင် ယုတ်စွအဆုံး လမ်းသွားရင်း ဆုံမိရင်တောင် ကူးစက်နိုင်ပါသတဲ့။ ရောဂါရှိတဲ့သူက နှာချီမယ်။ ကျန်တဲ့သူက ရှူရှိုက်မိမယ်။ ဒါဆို သေချာပြီ။ ရောဂါကူးစက်ပြီပေါ့။

ကြက်ငှက်တုပ်ကွေးတုန်းကလဲ တစ်ကမ္ဘာလုံး သတ်ပစ်လိုက်ရတဲ့ကြက်တွေ မနည်းဘူး။ ကြက်ဥစားချင်လို့ ဈေးထဲလိုက်ရှာရတာတောင် ရွှေထက်ခပ်ရှားရှားဖြစ်ခဲ့တယ်။ အခုလဲ ၀က်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြစ်ပစ်ဖို့ စီရင်နေကြလေပြီ။ နောက်တစ်ခါများ မတော်လို့ ကျွဲနွားတုပ်ကွေးပါ ထပ်ပေါ်လာရင်တော့ ကျနော်တို့ ရွှေမြန်မာတွေ တော်တော် ဒုက္ခရောက်ကြမှာ သေချာတယ်။ ကျွဲနွားတွေကို ထွန်ယက်ပြုစုဖို့အတွက် မွေးမြူထားကြတာမဟုတ်လား။ ဒုက္ခ ဒုက္ခ။

ဒါပေမဲ့ ခွေးတုပ်ကွေးပေါ်လာရင်တော့ အင်္ဂလန်သူ အင်္ဂလန်သားတွေ ငိုချင်းရှည်ကြီးချမှာ မြင်ယောင်မိသေးတယ်။ သူတို့က ခွေးကို သူတို့ ဇနီး ခင်ပွန်း သားသမီးတွေထက် ပိုချစ်ကြတာကလား။ ကုန်ကုန်ပြောရရင် သူတို့ကိုးကွယ်နေတဲ့ ဘုရားသခင်ထက်တောင် ခွေးကို ပိုဂရုစိုက်ကြတယ်။ လွတ်လပ်တဲ့နိုင်ငံဆိုတော့ သားသမီးတွေက မိဘအနား သိပ်မကပ်ကြတော့ဘူးလေ။ အမြဲအတူနေရတာက သူတို့မွေးထားတဲ့ ခွေးကလေးတွေပါဘဲ။

အခု ၀က်တုပ်ကွေးတွေ ကမ္ဘာတစ်ဝှန်း ပျံ့ နှံ့နေလေပြီ။ ဒါကြောင့်မို့လဲ ၀က်တွေကို သုတ်သင်ပစ်လို့ တစ်ချို့ နိုင်ငံတွေ ပြင်ဆင်နေကြလေရဲ့ ။ ၀က်တွေကတော့ မျက်စိလည်ကုန်မှာ သေချာတယ်။ နေ့တိုင်း အသားအတွက် အသတ်ခံရပေမဲ့ အခုလို အစုလိုက် အပြုံလိုက် သတ်ပစ်တာကိုတော့ သူတို့ တွေ့ကြုံဖူးမှာ မဟုတ်ဘူး။
အခုတော့ သူတို့ဆွေမျိုးမိတ်ဆွေတွေနဲ့အတူ တစ်ချိန်ထဲ အသတ်ခံကြရတော့မယ်။

လန်ဒန်ရဲ့  ရာသီဥတုကလဲ အခက်သား။ အခု နေပူလိုက် အခု မိုးအုံ့လိုက်နဲ့။ အခန်းထဲ အမြဲတမ်းထိုင်နေရတော့လဲ ခါးတွေပူ ဇက်တွေလေးလာတယ်။ နေရောင်လေးမြင်တုန်း အမြင်ထွက်မယ်စိတ်ကူးပြန်တော့လဲ ၀က်တုပ်ကွေးက ကြောက်ရပြန်ရော။ ကျန်းမာရေးအတွက် လမ်းလျောက်သွားရင်း ၀က်တုပ်ကွေးမိလာရင် သွားပြီ။ လူဖြစ်ရှုံးပြီ။ အများတွေ တပ်ဆင်အသုံးပြုသလို မျက်နှာစွပ် ၀တ်ရမယ်ဆိုတော့လဲ ရှိုးတိုးရှန့်တန့်ရယ်။ ကျနော်က နေကာမျက်မှန်စွပ်ပြီး လူကြားထဲ သွားရတာတောင် ခပ်ရှက်ရှက်။

သတင်းတွေက ပျံ့ နှံ့နေပြီ။ ၀က်တုပ်ကွေးတွေအကြောင်းပေါ့။ ကမ္ဘာ့မြောက်ဘက်ခြမ်းကလာလဲ ဒီဝက်တုပ်ကွေးအကြောင်းဘဲ။ ကမ္ဘာရဲ့  အရှေ့ ဘက်ခြမ်း အနောက်ဘက်ခြမ်း တောင်ဘက်ခြမ်း ဘယ်ဘက်ခြမ်းကဘဲလာလာ ဒီဝက်တုပ်ကွေးအကြောင်းတွေချည်းဘဲ။ စိတ်ပိန်စရာကောင်းလိုက်တာ။

ဒီလို မြောက် အရှေ့  အနောက် တောင်အရပ်တွေဆီက လာတဲ့ အချက်အလက် စကားတွေကိုဘဲ သတင်းလို့ ခေါ်ကြဟန်တူပါရဲ့ ။ ဆရာသမားတစ်ယောက်ပြောပြတာကို အမှတ်ရမိတယ်။ NEWS ဆိုတာ မြောက် အရှေ့  အနောက် တောင် ဆိုတဲ့ အရပ်လေးမျက်နှာကို ရည်ညွန်းထားတဲ့ စကားလုံးလေးပါတဲ့။
N= North (မြောက်)
E= East (အရှေ့ )
W= West (အနောက်)
S= South (တောင်)
အဲဒါတွေ အားလုံးအတိုချုံးလိုက်ရင် NEWS ဖြစ်သွားရောတဲ့။ ရှင်းလိုက်တဲ့ စကားလုံးလေးပါဘဲ။

ကျနော်လဲ အဲဒီ NEWS ဆိုတဲ့ စာလုံးလေးကြောင့် အခန်းအတွင်းဘဲ အောင်းနေရပါတယ်ခင်များ။ ဟဲ ဟဲ သတ္တိမရှိလို့တော့မဟုတ်ဘူးနော်။ ဒါပေမဲ့ အခုရောဂါနာမည်က သိပ်ကြားလို့မကောင်းဘူး။ ၀က်ရောဂါကြီး။ လူရောဂါမဟုတ်ဘူး။ ဒါကြောင့် ခပ်ဝေးဝေးကနေ ရှောင်ပြေးတာဘဲ ကောင်းပါတယ်လေ။

လူတိုင်း ၀က်တုပ်ကွေး အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

.....

Monday, 4 May 2009

ရောပြွမ်းကမ္ဘာ

နေသည် ပူပြင်း၏။ လောင်ကျွမ်း၏။ တောက်ပ၏။ ပြင်းထန်၏။ တက်ကြွ၏။
စမ်းရေသည် အေးမြ၏။ အေးချမ်း၏။ ကြည်လင်၏။ ပြတ်သား၏။ တည်ငြိမ်၏။

ဒေါသသည် နေနှင့်တူ၏။ မေတ္တာသည် စမ်းရေနှင့်တူ၏။
ဒေါသ၏ သဘောသည် ပူပြင်းလောင်ကျွမ်း၏။ မေတ္တာ၏ သဘောသည် ကြည်လင်အေးမြသော သဘောရှိ၏။ ဒေါသသည် ပြုလုပ်ကျူးလွန်ပြီးသောအခါ၌ နောင်တဖန်ပူလောင်စေ၏။ အရှက်ကို ဖြစ်ပေါ်စေတတ်၏။ ထို့အတူ မေတ္တာသည် ဖြစ်ဆဲကာလ၌လည်းကောင်း ဖြစ်ပြီးကာလ၌လည်းကောင်း အေးမြသောအသွင်ကိုဆောင်၏။ စိတ်ကို ငြိမ်းချမ်းစေ၏။

သဲကန္တာရခရီးကြမ်းသည် နေ့အခါ၌ တရှိန်းရှိန်းပူလောင်၏။ သံလျပ်တို့ဖြင့်အတိပြီး၏။ သဲမှုန်တို့ဖြင့် ပြည့်နှက်နေ၏။
အိုအေစစ်သည် တမြမြအေးချမ်း၏။ တစိမ့်စိမ့်ငြိမ်းအေး၏။ အမောကို ပြေပျောက်စေ၏။

ဒေါသသည် နေ့အခါ၌ဖြစ်ပေါ်သည့် သဲကန္တာရခရီးကြမ်းနှင့်တူ၏။
မေတ္တာသည် အိုအေစစ်စိမ့်စမ်းနှင့်တူ၏။
ဒေါသဖြစ်နေသောသူ၏စိတ်သည် ကြမ်းတမ်းနေတတ်၏။ ယောက်ယက်ခတ်နေတတ်၏။ ဗျာများနေတတ်၏။ လှုပ်ရှားနေတတ်၏။ အမှားအမှန်ကို မစဉ်းစားတတ်။
မေတ္တာတရားလက်ကိုင်ထားသူ၏စိတ်သည် ပျော့ပျောင်း၏။ တည်ငြိမ်၏။ အေးဆေး၏။ တည်ကြည်၏။ အမှားအမှန်ကို ကောင်းကောင်းခွဲခြားသိနိုင်၏။

လူတိုင်း ဒေါသ၏ ဆိုးပြစ်ကိုလည်းကောင်း မေတ္တာ၏ ကောင်းကျိုးကိုလည်းကောင်း ကျကျနနသိရှိကြ၏
ပူလောင်ခြင်း အေးမြခြင်းသဘောတရားတို့ကို သီအိုရီအနေဖြင့် နားလည်ကြ၏။ ဒေါသနှင့် မေတ္တာတို့၏ လုပ်ဆောင်မှုသဘောကိုလည်း သဘောပေါက်ကြ၏။ ထို့ကြောင့် ဒေါသကို ပယ်သတ်ပြီး မေတ္တာကို မွေးမြူချင်ကြ၏။

သို့သော် ဒေါသသည် မာယာအရမ်းများ၏။ တခါတရံ ကောဓ(အမျက်ထွက်ခြင်း)အနေနဲ့ အလည်လာ၏။ တခါတခါ ပဋိဃ(ကြမ်းကြုတ်ခြင်း)အဖြစ်ဖြင့် ချဉ်းကပ်လာတတ်၏။ တခါတခါ၌မူ ဘယ(ကြောက်ခြင်း)ပုံစံဖြင့် ၀င်ရောက်လာတတ်၏။ ဘယ်ပုံဘယ်နည်းနှင့်လာသည်ဖြစ်စေ ဒေါသသည် ဒေါသပင်ဖြစ်၏။ မေတ္တာမဖြစ်နိုင်။ ဒေါသကို ရှောင်ရှားရင်း ဒေါသနှင့်ချည်း ရင်ဆိုင်နေရတတ်၏။ မတွေ့ချင်သော သူကိုမှ တိုက်တိုက်ဆိုင်ဆိုင် ဒဲ့ဒိုး တွေ့ရတတ်သကဲ့သို့ဖြစ်၏။

ကျွန်ုပ်တို့ သာမန်ပုထုဇဉ်လူသားကို မဆိုထားဘိ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့သော ဂေါတမဘုရားအလောင်းသည် ပါရမီပြည့်သော ဝေဿန္တာမင်းလက်ထက်၌ပင် ဒေါသကို ရှောင်ကွင်းရင်း ဒေါသနှင့်ပက်ပင်းတွေ့ခဲ့ရပေသေး၏။ သားသမီးကို အလှူခံလာသော ဇူဇကာပုဏ္ဏားသည် ရေစက်ခံယူပြီး အလှူခံပြီးသောအခါ မင်းကြီးရှေ့ ၌ပင် မင်းကြီး၏ သားသမီးများကို ကြိုးဖြင့်တုတ်၏။ တုတ်ဖြင့်ရိုက်၏။ ပါးစပ်ဖြင့် ဆဲဆို၏။ ကြိမ်းမောင်း၏။

ရေစက်ချလှူပြီးသော အလှူပစ္စည်းသည် ထွေးပြီးသော တံတွေးနှင့် ဥပမာတူ၏။ ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများဖြစ်သော ဇာလီနှင့်ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားကြီးအား ရေစက်ချလှူဒါန်းခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏သားသမီးများသည် ထွေးပြီးသား တံတွေးနှင့်တူ၏။ အနည်းငယ်မျှ တွယ်ငြိစရာမလို။
သို့သော်... သားသမီးသည် သားသမီးပင်ဖြစ်၏။ မိဘသည် မိဘပင်ဖြစ်၏။ မိဘသည် သားသမီးများအား ကိုယ့်အသက်လောက် ချစ်ခင်တတ်ကြ၏။ သားသမီးနေမကောင်းဖြစ်လျင် မိဘနေမကောင်းသကဲ့သို့ ဖြစ်၏။ သားသမီးနာကျင်နေလျင် မိဘများ နာကျင်နေတတ်၏။ ဓမ္မတာပင်တည်း။

ဝေဿန္တရာမင်းကြီးသည် သူ၏သားသမီးများအား နှိပ်စက်နေသည်ကို မြင်သည့်အခါ နှလုံးသည်းပွတ်ထဲထိ နာကျင်၏။ အသဲကွဲလုမတတ် ကြေကွဲရ၏။ အရှင်လတ်လတ် တံကျင်လျှိုခံရသကဲ့သို့ ပူလောင်၏။ ထို့ကြောင့် လက်စွဲတော် သန်လျက်ကို သန်လျက်အိမ်အတွင်းမှ ဆွဲထုတ်လိုက်၏။ ဇူဇကာပုဏ္ဏားအား အပိုင်းပိုင်း ပိုင်းသတ်ရန် ကြံစည်၏။ စဉ်းစား၏။ တွေးတော၏။ ထိုနည်းအားဖြင့် ဒေါသ၏ အနုသယအဆင့်နှင့် ပရိယုဋ္ဌာနအဆင့်ကို မင်းကြီးကိုယ်တိုင် ကျူးလွန်ခဲ့၏။ သို့သော် နောက်ဆုံးဖြစ်သော ၀ီတိက္ကမအဆင့်သို့ မရောက်ခဲ့။ သတိချွန်းဖြင့် သူ၏ဒေါသကို ပိုင်ပိုင်နိုင်နိုင်ကြီး အုပ်နိုင်ခဲ့၏။

လူတိုင်း၌ရှိသော စိတ်သည် ပကတိအားဖြင့် ဖြူစင်၏။ စင်ကြယ်၏။ သန့်ရှင်း၏။
သို့သော် စိတ်သည် အမြဲတမ်းအရောင်ဆိုးခံရ၏။ စေတသိက်တို့၏ ခြယ်လှယ်မှုနောက် တကောက်ကောက် လိုက်ပါရရှာ၏။ စေတသိက်က မဲသွားလျင် သူပါလိုက်ပြီး အမဲဖြစ်ရ၏။ စေတသိက်က ဖြူပြန်လျင် သူပါလိုက်ပြီး အဖြူဖြစ်ရပြန်၏။ ဖြူစင်သန့်ရှင်းသည့် ပိတ်စပေါ်၌ ရောင်စုံဆေးရေးပန်းချီကား တစ်ချပ် ရေးဆွဲထားသကဲ့သို့ပေတည်း။

ဒေါသသည် အမဲဖြစ်၏။ မေတ္တာသည် အဖြူဖြစ်၏။
အမဲရှိမှ အဖြူသည် ပိုထင်ပေါ်၏။ အဖြူနှင့်ယှဉ်မှ အမဲသည် ပိုသိသာ၏။ အမြဲတမ်းဖြူနေလျင် အမဲ၏ သဘောကို မသိနိုင်။ အမြဲတမ်း မဲနေပြန်လျင်လည်း အဖြူ၏ အဆင်းကို နားမလည်နိုင်။ မွေးရာပါ မျက်စိကန်းနေသော လူတစ်ယောက်ကဲ့သို့ဖြစ်ပေ၏။

အချုပ်ဆိုရသော်
ဒေါသသည် ပူလောင်သော သဘောကို ဆောင်၏။ မေတ္တာသည် အေးမြသော အသွင်ကို ယူ၏။ အပူနှင့်ယှဉ်မှ အအေးသဘောကို ပိုသိနိုင်၏။ အအေးနှင့်တိုင်းတာမှ အပူ၏ သဘာဝကို ပိုသဘောပေါက်နိုင်၏။ ဒေါသအားကြီးသောသူသည် အပူကန္တာရခရီးခဲကို ဖြစ်သန်းလာ၍ မောပန်းနေခိုက် ရင်ဘတ်ကို ဆောင့်အကန်ခံရသကဲ့သို့ ပူလောင်နာကျင်တတ်၏။ မေတ္တာဓါတ်အားများသူသည် အိုအေစစ်မှ အပြန် မဒီကညာအချောအလှလေးက အောင်သပြေပန်းနှင့် လက်ကမ်းကြိုသကဲ့သို့ အေးမြကြည်နူးရတတ်၏။
သို့သော် ကျွန်ုပ်တို့ ပုထုဇဉ်လူသားတိုင်းသည် အပူချည်းသက်သက်လည်း မဖြစ်နိုင်။ ထို့အတူ အအေးချည်းသက်သက်လည်း မဖြစ်နိုင်ပေ။ အပူအအေး ရောနှောနေသော ရောပြွမ်းကမ္ဘာထဲမှာ ကျင်လည်ကျက်စားနေကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာကို ရောပြွမ်းကမ္ဘာဟု ကျွန်ုပ်ကိုယ်တိုင် ကဗျည်းတပ်လိုက်ခြင်းပင်ဖြစ်ပေတော့၏။

..............

Saturday, 2 May 2009

ဧရာဝတီ ရန်ကုန် အာဇာနည်နေ့

မနှစ်က ဒီအချိန်၌ ကမ္ဘာပျက်၏။ ကြယ်တွေကြွေ၏။ ပန်းပွင့်များ ကြွေမွပျက်စီး၏။ ကိန္နရီကိန္နရာ ချောင်းခြား၏။
ထိုကမ္ဘာသည်ကား သာရကမ္ဘာလည်းမဟုတ်။ မဏ္ဍကမ္ဘာလည်းမဟုတ်။ သာရမဏ္ဍကမ္ဘာလည်းမဟုတ်။ သုညကမ္ဘာလည်းမဟုတ်။ ထို့အတူ ဘဒ္ဒကမ္ဘာလည်းမဟုတ်။

ထိုကမ္ဘာသည် အမေရိကတိုက်မှာလည်းမဟုတ်။ ဥရောပတိုက်မှာလည်းမဟုတ်။ အာဖရိကတိုက်မှာလည်းမဟုတ်။ သြစတေးလျတိုက်မှာလည်းမဟုတ်။ ထိုကမ္ဘာသည် အာရှတိုက်က ကမ္ဘာဖြစ်၏။ အာရှတိုက်က ကမ္ဘာဖြစ်သည့်တိုင် ဂျပန်နိုင်ငံမှာ မဟုတ်။ အိန္ဒိယနိုင်ငံမှာလည်းမဟုတ်။ ကိုရီးယားနိုင်ငံမှာလည်းမဟုတ်။ မြန်မာနိုင်ငံမှာဖြစ်၏။

မြန်မာနိုင်ငံမှာမှ အထူးအားဖြင့် ဧရာဝတီကမ္ဘာဖြစ်၏။ ရန်ကုန်ကမ္ဘာဖြစ်၏။ ကမ္ဘာပျက်သောကြောင့် မိသားစုကြယ်စင်အုပ်များ မကြွေချင်ဘဲ ကြွေချိန်မတန်ဘဲ ကြွေကြရ၏။ အနာဂါတ်သားကောင်းသမီးကောင်း ပန်းရတနာလေးများ ကြွေချိန်မရောက်သေးခင် ကြွေကျကြွေမွပျက်စီးကြရ၏။ ကြင်နာမှုအပြည့် တွယ်တာမှုအပြည့်ရှိကြသည့် ဇနီးခင်ပွန်းများ မခွဲချင်ဘဲ မကွဲချင်ဘဲ သေကွဲကွဲကြရ၏။

ထိုကမ္ဘာသည် ဗုဒ္ဓစာပေ၌လာသော မီးခုနစ်ကြိမ် ရေတစ်ကြိမ်အားဖြင့် ခုနှစ်ကြိမ်တိတိပြည့်သောအခါ နောက်ဆုံး လေဖျက်၍ ပျက်ရခြင်းမျိုးမဟုတ်။ တစ်ညတည်း၌ နာဂစ်မုန်တိုင်းမွှေနှောက်လိုက်သည့်အတွက် ပျက်ရခြင်းဖြစ်၏။ နာဂစ်ကြောင့် ဧရာဝတီကမ္ဘာပျက်၏။ ရန်ကုန်ကမ္ဘာပျက်၏။ အခြားကမ္ဘာများလည်း အနည်းငယ်ပျက်စီး၏။ ထိခိုက်ဒဏ်ရာရပြီး ကြယ်များကြွေကြရ၏။ ရေနစ်ပြီး အနာဂါတ်ပန်းကောင်းလေးများ ပျက်စီးကြရရှာ၏။

လောကကြီးကား တရားမျှတမှုကို လုံးဝမပေး။ မြန်မာပြည်၌ ကမ္ဘာပျက်နေစဉ် ကျွန်ုပ်တို့သည် အင်္ဂလန်၌ နှစ်ခြိုက်စွာ နှစ်သက်စွာ အိပ်မောကျနေကြ၏။ မြန်မာပြည်၌ နာဂစ်ဓါးစာခံများ အမှောင်ထုတွင်း ဟိုဟိုဒီဒီ ကြိုးစားပြေးလွှားရင်း အသက်လုပွဲဆင်နွှဲနေခိုက် ကျွန်ုပ်တို့သည် လန်ဒန်၌ စိတ်ကူးယဉ် အိပ်မက်ကောင်းကောင်းလေးများကို ရှယ်မက်နေကြ၏။ မြန်မာပြည်၌ နာဂစ်ဒုက္ခသည်များ ရွှံ့ နွံတွေကြား ခြုံဖုတ်တွေကြား ဒိုက်တွေကြား ဆင်းဆင်းရဲရဲ လဲလျောင်းနေကြခိုက် ကျွန်ုပ်တို့သည် ယူကေ၌ မွေ့ယာထက်မှာ ဇိမ်ကျကျ အိပ်စက်အနားယူနေကြ၏။

သမိုင်း၌ ကျဆုံးမှုပေါင်းများစွာရှိခဲ့ဖူး၏။ လူအများ အုပ်စုလိုက်သေကျေကြသည်များရှိခဲ့ဖူး၏။
စစ်ပွဲရှေ့ စစ်မျက်နှာပြင်၌ အသေခံဗုန်းဒဏ်ကြောင့် အများအပြား သေကြေပျက်စီးခဲ့ကြသည်များရှိခဲ့၏။ ထိုသတင်းများကို ကြားခဲ့မှတ်ခဲ့ ဖတ်ခဲ့ကြည့်ခဲ့ရသည့်အတွက် ကျွန်ုပ်တုန်လှုပ်ခြောက်ခြားခဲ့ဖူး၏။ သို့သော် နာဂစ်မုန်တိုင်းကြောင့် နာရီပိုင်းအတွင်း လူများ ထောင် သောင်း သိန်း သေဆုံးရသည့် သတင်းကို ကြားလိုက်ရသည့်အခါ၌မူ ကျွန်ုပ်၏ တုန်လှုပ်ခြောက်ခြားမှုသည် အမြင့်ဆုံးအဆင့်သို့ရောက်သွား၏။ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

စစ်ပွဲ၌ အသက်စွန့်လွတ်ရခြင်းသည် အဓိပ္ပါယ်ရှိ၏။ အငြိုးအတေးကြောင့် ရန်တုန့်ပြန်လိုက်သည့်အတွက် သေကြကျေကြမှုသည် အဓိပ္ပါယ်ပြည့်ဝ၏။ သို့သော် ယခုနာဂစ်သည် တမင်သက်သက် ရက်စက်ခြင်းမျှသာ ဖြစ်၏။ အပြစ်မဲ့သူတို့ကို မတရားအနိုင်ယူသတ်ဖြတ်၏။ ထို့ကြောင့် နာဂစ်ကို ကျွန်ုပ်မုန်း၏။ နာဂစ်ဆိုသည့် အသံကိုမျှ ကျွန်ုပ်မကြားလို။ နာဂစ်ကို မေ့အောင်ကြိုးစား၏။ ပစ်ပယ်ထားလိုက်၏။ ကြဉ်ဖယ်ထားလိုက်၏။ သို့သော် နာဂစ်ဆိုသည့် ဝေါဟာရသည် ကျွန်ုပ်ဦးဏှောက်ထဲက ထွက်မသွား။ နမောတဿ ဘုရားရှိခိုး ရသကဲ့သို့ အလွတ်ရနေ၏။ ဒါသည်ပင်လျင် ပဋိဃသံယောဇဉ်မည်ပေ၏။ မုန်းတီးခြင်းကြောင့်ဖြစ်သည့် သံယောဇဉ်ဟု ခေါ်တွင်၏။

ရဖို့လွယ်၏။ မေ့ပစ်ဖို့ခက်၏။ နမောတဿ ဆိုသည့်စာကြောင်းလေးကို ဘယ်တော့မှ မမေ့နိုင်ဟု ပြောခဲ့သော ဆရာသမားတစ်ယောက်၏စကားကို အမှတ်ရမိ၏။ နာဂစ်အကြောင်းကို လုံးဝမကြားချင်။ သို့သော် ကြားနေရ၏။ နာဂစ်ကို မေ့ပစ်ချင်၏။ သို့သော် အမြဲတမ်းသတိရနေ၏။ သတိရတိုင်း ကြွေကွဲရ၏။ ၀မ်းနည်းရ၏။ ပူဆွေးရ၏။ သောက ပရိဒေ၀တို့ဖြင့် ပြည့်နှက်နေရ၏။

နာဂစ်ကြောင့် အမိမဲ့သားများ ပေါ်ပေါက်ခဲ့၏။ သားမဲ့အမိများ ကျန်ရစ်ခဲ့၏။ လင်မဲ့မိန်းမ မိန်းမမဲ့လင် များစွာ များစွာ ဖြစ်ပေါ်ခဲ့၏။ ခြေ လက် မျက်စိစသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ စွန့်လွတ်ခဲ့ကြရ၏။ အသားတွေ အသွေးတွေ ပေးဆပ်ခဲ့ကြရ၏။ အသက်အိုးအိမ်ပေါင်းများစွာ ၀ါးမျိုခံခဲ့ကြရ၏။ အိမ်မွေးတိရိစ္ဆာန် အမြားအပြား ပျောက်ပျက်ခဲ့ကြရ၏။

နာဂစ်၏ ပြင်းထန်လှသော လေလှိုင်းသည် နာဂစ်ဓါးစာခံများ၏ သောက ပရိဒေ၀လှိုင်းများနှင့်နှိုင်းစာလျင် သေးငယ်သွားမည်ဖြစ်၏။ ကြုံလှီသွားမည်ဖြစ်၏။ နာဂစ်နှင့်ရောပါလာသော မိုးရေပေါက်များစွာသည် နာဂစ်ဒုက္ခသည်များ၏ မျက်ရည်များနှင့်နှိုင်းယှဉ်လျင် တစ်ငုံစာလောက်သာဖြစ်သွားမည်ဖြစ်၏။ တစ်ခွက်စာလောက်ဘဲဖြစ်သွားမည်ဖြစ်၏။

သောက ပရိဒေ၀လှိုင်းများ၊ ဒုက္ခ္ခ ဒေါမနဿ ဥပါယာသ မျက်ရည်များ၊ သွေးများဖြင့် ပြည့်နှက်ခဲ့သော နာဂစ်သည် မြန်မာလူမျိုးတိုင်းအတွက် ရင်နာစရာဖြစ်ခဲ့၏။ မုန်းတီးစရာဖြစ်ခဲ့၏။ လက်တုန့်ပြန်ချင်စရာဖြစ်ခဲ့၏။ သို့သော် နာဂစ်သည် သက်မဲ့ဖြစ်၏။ သူကိုယ်တိုင် သက်မဲ့ဖြစ်နေသည့်အတွက် သက်ရှိများကို မနာလိုဝန်တို ဖြစ်သည့်ဟန်ဖြင့် သက်မဲ့နိုင်ငံသို့ ခေါ်ဆောင်သွား၏။

၂၀၀၈၊ မေလ ၂ ရက် (နံနက်စောစော အချိန်)။
ထိုရက်သည် ဧရာဝတီအာဇာနည်နေ့ဖြစ်၏။ ရန်ကုန်အာဇာနည်နေ့ဖြစ်၏။ ထိုနေ့သည် ယနေ့၌္ခ တစ်နှစ်တင်းတင်း ပြည့်သောနေ့ဖြစ်၏။ ကျန်ရစ်သူ မိသားစုနည်းတူ ကျွန်ုပ် ကြွေကွဲနေရ၏။ ၀မ်းနည်းနေရ၏။ မျက်ရည်လည်နေရ၏။

ကျွန်ုပ်အချိန်ရခိုက် စွမ်းနိုင်သလောက် ဘုရားစာရွတ်ဖတ်၏။ ဂုဏ်တော်ပွါးများ၏။ ဘုရားရှိခိုး၏။ ထိုကုသိုလ်ကို နာဂစ်မှာ ကြွေပျောက်သွားကြရှာသော အပြစ်မဲ့သေဆုံးသူများအားလုံးအတွက် အမျှပေးဝေလိုက်ပါ၏။ ရရာ ရောက်ရာ ကြားရာ အရပ်က သာဓု သုံးကြိမ် ခေါ်ဆိုနိုင်ကြပါစေသား။
အမျှ.. အမျှ... အမျှ။ ။

.......

Friday, 1 May 2009

ပန်းများပွင့်လန်းစေသတည်း

ကျွန်ုပ်၏ ပရိုဖိုင်ထဲ၌ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုရေးထား၏။ ၄င်းစာသားလေးကို ကိုင်စွဲပြီး အမျိုးသမီးဘလော့ဂါတစ်ယောက်က သူ၏ အကြံပေးမှုကို ကျွန်ုပ်၏ တုန့်ပြန်ရေးသားမှုအတွက် ပစ်ပစ်ခါခါ ဝေဖန်၏။ ရှေ့ စကားနှင့် နောက်စကားမညီဟုဆို၏။ သူ၏ အယူအဆသည် သူ့အတွက် အမှန်ဖြစ်ကောင်းဖြစ်နိုင်၏။ အမှားလည်းဖြစ်ကောင်းဖြစ်နိုင်၏။ အဘယ့်ကြောင့်ဆိုသော် ရေနစ်နေသည့်သူသည် တစ်စုံတစ်ခုဆွဲကိုင်စရာမရှိလျင် မြက်ပင်သေးသေးလေးကိုပင် အားမကိုးရမှန်းသိသည့်တိုင် ဆွဲကိုင်တတ်သောကြောင့်တည်း။

ကျွန်ုပ်၏ ပရိုင်ဖိုင်သည် ရှင်းလင်း၏။ သိသာထင်ရှား၏။ ရှုပ်ရှုပ်ထွေးထွေးမရှိ။ အကြံကောင်းများကို ကြိုဆိုလျက်ပါ ဟုသာ ရေးသားထား၏။ အကြံဆိုးများကို ကြိုဆိုပါသည်ဟု မရေးထား။ အဆိုးသည် အကောင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။ အမဲသည် အဖြူ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အဖြူလိုချင်သည့်သူသည် အမဲကို လုံးဝနှစ်သက်မည်မဟုတ်။

အကြံဆိုးများကိုပေးသာ ဒေ၀ဒတ်လောင်း လှည်းကုန်သည်ခေါင်းဆောင်ကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမား ငါးရာလုံး ဘီလူးစားခြင်းကို ခံခဲ့ရဖူးလေပြီ။ အကြံကောင်း ဥာဏ်ကောင်းများကို ပေးသနားသော ဘုရားအလောင်း လှည်းကုန်သည်ခေါင်းဆောင်၏ကျေးဇူးကြောင့် သူနှင့်တကွ နောက်လိုက် လှည်းသမားငါးရာ အသက်ချမ်းသာရာရခဲ့ကြပြီး စည်းစိမ်ဥစ္စာ များစွာ ရရှိခဲ့ကြဖူးလေပြီ။
..............

"ဘုရားတရားနဲ့နေပြီး တရားသဘောလေးတွေကို ပြောပြပေးခဲ့တဲ့အတွက် ကိုယ့်တူကိုယ့်သားလေးလို သဘောထားပြီး လေးစားကြည်ညိုခဲ့သမျှ အခုတော့ နောင်ကြဉ်သွားပါပြီ"
သူပြောခဲ့သည့် စကားအဓိပ္ပါယ်လေးပင် ဖြစ်၏။ သူ၏ကြည်ညိုလေးစားခြင်း အထင်သေးခြင်းသည် ကျွန်ုပ်၏စိတ်ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်။ ကြည်ညိုခြင်းသည် သဒ္ဓါတရားဖြစ်၏။ အထင်သေးခြင်း အယုံအကြည်မဲ့ခြင်းသည် သဒ္ဓါတရား၏ ဆန့်ကျင်ဘက်ဖြစ်၏။ သဒ္ဓါတရားသည် ကုသိုလ်ဖြစ်၏။ သဒ္ဓါတရား၏ ဆန့်ကျင်ဘက်သည် အကုသိုလ်ဖြစ်၏။

အကုသိုလ်တရားများကို အခြေခံအားဖြင့် လောဘ ဒေါသ မောဟ တရားသုံးပါးဖြင့်ဖွဲ့တည်ထား၏။ ထို့အတူ ကုသိုလ်တရားများကို အလောဘ အဒေါသ အမောဟ တရားသုံးပါးဖြင့် စုစည်းတည်ဆောက်ထား၏။ အကုသိုလ်တရားဖြင့် သေသွားလျင် အပါယ်ဒုဂ္ဂတိသို့ သွားရမည်ဖြစ်၏။ ကုသိုလ်တရားဖြင့် သေဆုံးလျင် အထက်သုဂတိသို့ လားရမည်ဖြစ်၏။

ထို့ပြင် ဒေါရဲ၊ လောပြိတ်၊ မောတိရိစ် ဆိုသည့်အတိုင်း ဒေါသနဲ့သေလျင် ငရဲရွာသို့ ဧကန်သွားရမည်ဖြစ်၏။ လောဘအားကြီးလျက် သေသွားလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ မောဟအားများပြီး သေဆုံးလျင် တိရစ္ဆာန်ဘ၀ ရောက်ရမည်ဖြစ်၏။ အကုသိုလ်သည် သူ့အလုပ် သူလုပ်၏။ ကုသိုလ်သည်လည်း သူ့လုပ်ငန်း သူလုပ်ကိုင်၏။

သူသည် အကြံပေးစာကို ဟိတ်ဟန်ထုတ် လူတတ်လုပ်ပြီး ရေးပေး၏။ ဟိတ်ဟန်လုပ်ခြင်းသည် သာဌေယျဖြစ်၏။ သာဌေယျသည် လောဘအုပ်စုဝင်ဖြစ်၏။ ထို့ကြောင့် ထိုသို့အမြဲတမ်း ဟိတ်ဟန်ထုတ်ပြီး သူသေဆုံးလျင် ပြိတ္တာဘုံဘ၀ ရောက်ရမည်ဖြစ်၏။ သူ၏ ဟိတ်ဟန်ထုတ်ပြီး အကြံပေးရေးသားချက်ကို ဖတ်ရှုပြီး ကျွန်ုပ် စိတ်ဆိုးအမျက်ထွက်၏။ စိတ်ဆိုးအမျက်ထွက်ခြင်းသည် ဒေါသဖြစ်၏။ ထိုကဲ့သို့ အမြဲတမ်း စိတ်ဆိုးအမျက်ထွက်ပြီး ကျွန်ုပ်သေဆုံးသွားလျင် ငရဲကြီးရှစ်ထပ်သို့ ကျွန်ုပ် စီတီဇင်အဖြစ် သွားရောက်ရမည်ဖြစ်၏။

သို့သော်.. စိတ်သည် မျက်စိတစ်မှိတ်၊ လက်ဖျစ်တစ်သွက်၊ လျက်တစ်ပြက်အတွင်း ကုဋေသန်းချီပြီး ဖြစ်ပျက်၏ဟု အဆိုရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်သည် တစ်ခဏအတွင်း ကုသိုလ်စိတ်လည်းဖြစ်နိုင်၏။ အကုသိုလ်စိတ်လည်း ဖြစ်နိုင်၏။ လောဘလည်းဖြစ်နိုင်၏။ ဒေါသလည်းဖြစ်နိုင်၏။ အလောဘလည်းဖြစ်နိုင်၏။ အဒေါသလည်းဖြစ်နိုင်၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဒေါသ အမြဲတမ်းဖြစ်မနေနိုင်။ သူ၏ စိတ်အစဉ်၌လည်း သာဌေယျ အမြဲတမ်း ကိန်းဝပ်မနေနိုင်။

သူ၏စိတ်အစဉ်၌လည်းကောင်း ကျွန်ုပ်၏ စိတ်အစဉ်၌လည်းကောင်း အားလုံးတို့၏စိတ်အစဉ်၌လည်းကောင်း လောဘ မောဟ ဒေါသ အလိုဆိုးတရားများအားနည်းပြီး အလောဘ အဒေါသ အမောဟ တရားကောင်းများ ပွါးများစည်ပင်နေမည်ဆိုပါက လောကကြီးတစ်ခုလုံး သာယာလှပနေမည်မှာ အမှန်ပင်ဖြစ်၏။ လန်ဒန်နွေဦးပေါက်ရာသီမှာ ပန်းပေါင်းစုံ ငြိမ့်ငြောင်းသာယာစွာ ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် ပွင့်လန်းနေသကဲ့သို့တည်း။ ။

...........

ကျွန်ုပ်သည် ပုထုဇဉ်လူသားတစ်ဦး

ပြဿနာတစ်ခုနှင့်ပတ်သက်ပြီး အမျိုးသမီးဘလော့ဂါတစ်ယောက်နှင့်သိကျွမ်းခင်မင်ခွင့်ရရှိခဲ့၏။ မိတ်ဆွေသစ်တစ်ယောက်တိုးလာ၍ ကျွန်ုပ်ဝမ်းမြောက်ခဲ့ရ၏။ သူ၏ ပြဿနာကို အားပေးနှစ်သိမ့်ပေးခဲ့ဖူး၏။ သူပြောချင်သည့်စကားများကို နားထောင်ပေးခဲ့ဖူး၏။ သူ၏ဘလော့ဂ်ထဲ မကြာမကြာအလည်ရောက်ခဲ့ဖူး၏။
နောက်ဆုံးတော့ ပြဿနာတစ်ခုနှင့်ဆက်နွယ်ပြီး သိကျွမ်းခဲ့ရသော ထိုမိတ်ဆွေသည် ပြဿနာတစ်ခုနှင့်ပင် ကျွန်ုပ်နှင့် မိတ်ဆွေအဖြစ်မှ ရပ်စဲသွားခဲ့၏။

ပထမပြဿနာသည် သူနှင့်အခြားတစ်ယောက်၏ပြဿနာဖြစ်၏။ ဒုတိယပြဿနာသည် သူနှင့် ကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်၏။ အချုပ်ပြောရလျင် သူသည် ပြဿနာနှစ်ခုပိုင်၏။ ကျွန်ုပ်သည် ပြဿနာတစ်ခုပိုင်၏။ သို့သော် သူပိုင်ဆိုင်သော ပြဿနာနှစ်ခုလုံး ကျွန်ုပ်အတွက် သက်ရောက်မှုဖြစ်စေ၏။ ပထမပြဿနာကြောင့် သူ့ကို ပိုမိုခင်တွယ်မိစေ၏။ လေးစားအားကျမိစေ၏။ ဒုတိယပြဿနာကြောင့် သူ့ကို တစ်မျိုးမြင်လာ၏။ ယုံကြည်မှုနည်းလာ၏။

တစ်နှင့်တစ်ပေါင်းလျင် နှစ်ဖြစ်၏။ သို့သော် ပြဿနာတစ်ခုနှင့်ပြဿနာတစ်ခုကို ထပ်ပေါင်းလိုက်သောအခါမူ သုညဖြစ်သွား၏။ ထူးဆန်းလှပေစွ။ ပထမပြဿနာမဖြစ်ခင် နှင့် ဒုတိယပြဿနာဖြစ်ပြီးအခါကာလသည် အတူတူပင်ဖြစ်သွား၏။ သို့ပေမဲ့ ပြဿနာနှစ်ခုကြားကာလထဲမှာ အချည်းနှီးတော့ မဖြစ်ခဲ့ကြ။ သူ့စာပေများကို ကျွန်ုပ်ဖတ်ဖြစ်ခဲ့သည်။ ကျွန်ုပ်ပို့စ်လေးတွေဆီ သူ အလည်လာဖြစ်ခဲ့သည်။

လူတစ်ယောက်သည် ရုပ်နာမ်နှစ်ပါးဖြစ်၏။ စိတ် စေတသိက် ရုပ်တရားတို့ဖြင့် ဖွဲ့စည်းထား၏။ ခန္ဓာငါးပါးဖြင့် တည်ဆောက်ထား၏။ ထို့ကြောင့် လူ့သန္တာန်အစဉ်မှာ လောဘရှိ၏။ ဒေါသရှိ၏။ မောဟရှိ၏။ မာနရှိ၏။ မာယာရှိ၏။ သာဌေယျရှိ၏။ ထို့ထက်များစွာ.. များစွာ ထပ်ရှိသေး၏။

ဆန့်ကျင်ဘက်အားဖြင့် လူ့ဖြစ်စဉ် အစဉ်အတန်း တစ်ခုမှာ မေတ္တာရှိ၏။ ကရုဏာရှိ၏။ မုဒိတာရှိ၏။ ဥပေက္ခာရှိ၏။ သဒ္ဓါရှိ၏။ သတိရှိ၏။ ပညာရှိ၏။ ထို့ပြင် များစွာ.. များစွာရှိပါသေး၏။

ရေကန်အတွင်းရှိရေသည် ပကတိတည်ငြိမ်၏။ တိတ်ဆိတ်၏။ အေးမြ၏။ သို့သော် လေပြင်းတစ်ချက်မွေနှောက်လိုက်လျင် လှိုင်းကြက်ခွပ်အသွင်သို့ကူးပြောင်းသွား၏။ ပြေးလွှားကြ၏။ လှုပ်ရှားကြရ၏။ ထို့အတူ ခဲတစ်လုံးနှင့်ပစ်ပေါက်လိုက်လျင်လည်း ၀ဲဂယက်ဖြစ်သွား၏။ လှိုင်းထသွား၏။ တစ်ချိန်တည်းမှာပင် တည်ငြိမ်မှုသည် ပျောက်ကွယ်သွား၏။ တိတ်ဆိတ်မှုသည် ဆူညံသံအဖြစ်သို့ ရောက်သွား၏။ သို့ပင်ဖြစ်လင့်ကစား ရေသည် ရေပင်ဖြစ်၏။ တိတ်ဆိတ်ငြိမ်သက်မှုနှင့်လှုပ်ရှားဆူညံမှုသာ ခြားနားသွား၏။

ကျွန်ုပ်သည် ပုတီးပန် ဈာန်ရရှိထားသည့် ရဟန္တာအရှင်မြတ်မဟုတ်။ တရားချည်းသက်သက်လိုက်စားနေသည့် တရားသမားလည်းမဟုတ်။ သူတော်စင်လည်းမဟုတ်။ သူမြတ်လည်းမဟုတ်။ ထို့အတူ သူယုတ်မာလည်းမဟုတ်။ သူမိုက်လည်းမဟုတ်။ သို့သော် အခြေအနေနှင့်အချိန်အခါအရ ကျွန်ုပ်သည်လည်း လူထဲက လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ရေကန်အတွင်းရှိရေကဲ့သို့ ဖြစ်၏။ လောဘရှိ၏။ ဒေါသရှိ၏။ မောဟရှိ၏။ မာန်မာနရှိ၏။ ထို့ကြောင့် ရံဖန် ပကတိတည်ငြိမ်၏။ တိတ်ဆိတ်ငြိမ်သက်၏။ ရံခါ၌ကား ၀ဲဂယက်ထန်၏။ ထကြွလှုပ်ရှား၏။ ရံခါ လူကောင်းဖြစ်၏။ ရံဖန် လူမိုက်ဖြစ်၏။

လောဘရှိသည့်ပုဂ္ဂိုလ် လောဘဖြစ်တတ်၏။ ဒေါသရှိသည့်သူ ဒေါသထွက်တတ်၏။ မာန်မာနရှိသည့်သူ မောက်မာခက်ထန်တတ်၏။ အားလုံးအဆန်းမဟုတ်။ သူ့သဘော သူဆောင်သည်ချည်းဖြစ်၏။ ကျွန်ုပ်၌ လောဘ ဒေါသ မာန်မာန အားလုံးရှိ၏။ ထို့ကြောင့် ကျွန်ုပ်စိတ်ဆိုးဒေါသထွက်၏။ ဒေါသသည် ကောင်းကျိုးကိုလုံးဝမပေးဆိုသည်ကိုလည်း ကျွန်ုပ်သိ၏။ သို့သော် သိသိချည်းနဲ့ ကျွန်ုပ်ဒေါသထွက်၏။

ဒေါသ၌အဆင့်သုံးဆင့်ရှိ၏။ အနုသယဟုခေါ်သည့် တိမ်မြှုပ်ကိန်းအောင်းနေသည့် ဒေါသသည် ပထမအဆင့်ဖြစ်၏။ တိမ်မြှုပ်နေသည့်အတွက် ဒေါသ၏အရိပ်အရောင်ကို မမြင်တွေ့နိုင်။ ဒေါသမရှိဟု ထင်မြင်တတ်ကြ၏။ အထူးသဖြင့် တရားဘာဝနာအလုပ်လုပ်နေကြသော ယောဂီများထံ၌ ထိုကဲ့သို့ အဖြစ်များ၏။

ပရိယုဋ္ဌာနဟုခေါ်သည့် ထကြွလှုပ်ရှားသည့် ဒေါသသည် ဒုတိယဆင့်ဖြစ်၏။ မနှစ်သက်သည့် အာရုံနှင့်ထိခိုက်တွေ့ဆုံသည့်အခါ ဒေါသသည် ထကြွလှုပ်ရှား နိုးထလာ၏။ အသွေးအသားတွေ နီးမြန်းလာ၏။ မျက်နှာပြင်ရဲတက်လာ၏။ အသားတွေ တစ်ဆတ်ဆတ်တုန်လာ၏။ တစ်ခုခုတုန့်ပြန်ချင်လာ၏။ စိတ်ဆောက်တည်ရာမရ ဖြစ်လာတတ်၏။

ဝီတိက္ကမဟုခေါ်သည့် ကျူးလွန်တုန့်ပြန်သည့် ဒေါသသည် တတိယအဆင့်ဖြစ်၏။ နောက်ဆုံးအဆင့်လည်းဖြစ်၏။
စိတ်မထိန်းနိုင်သည့်အတွက် လက်တုန့်ပြန်လိုက်၏။ ပါးစပ်ဖြင့် ဆဲဆို၏။ စာရေးပြီး ဆဲရေးတိုင်းထွာ၏။ ချိန်းခြောက်၏။ လက်ဖြင့် ပုတ်ခတ်ရိုက်နှက်၏။ ပစ်ခတ်သတ်ဖြတ်၏။

ဧပြီ ၂၈ ရက် ညဥ့်နက်သန်းခေါင်အချိန်၌ ကျွန်ုပ်သည် ထိုဒေါသသုံးပါးလုံး ဖြစ်ပျက်ခဲ့၏။ ကျွန်ုပ်၏ တိမ်မြှုပ်နေသော အနုသယဒေါသသည် ဝေဖန်အကြံပေးသလိုပုံစံမျိုးဖြင့် နှိမ်ချကဲ့ရဲ့ ထားသည့် အကြံပေးစာများနှင့်ထိခိုက်မိလိုက်သည့်အတွက် ပရိယုဋ္ဌာနအဆင့်သို့ ဒုန်းကနဲ ကူးပြောင်းသွား၏။ ကျွန်ုပ်သည် သည်းခံတတ်၏။ သို့သော် သည်းခံခြင်းသည် အရှုံးပေးခြင်းမဟုတ်။ မာနတရားကို ထိခိုက်လာလျင် ပြန်တွယ်တတ်သည့်အကျင့်က ကျွန်ုပ်ထံ ကိန်းအောင်းနေ၏။ ထို့ကြောင့် ၀ီတိက္ကမအဆင့်သို့ ရောက်သွား၏။ ချက်ချင်း လက်တုန့်ပြန်လိုက်၏။

သည်းခံပြီး ငြိမ်နေခြင်းသည် အကောင်းဆုံးလက်စားချေခြင်းပင်ဖြစ်၏ ဟူသော အဆိုကို ကျွန်ုပ်မထောက်ခံ။ ကျွန်ုပ်လက်ခံကျင့်သုံးနေသည်မှာ လက်တုန့်ပြန်လိုက်ခြင်းသည်သာလျင် အမြန်ဆုံး မေတ္တာတရားဘက်သို့ ရောက်စေ၏ ဟူသော ကျွန်ုပ်ကိုယ်တိုင်၏ အဘိဓမ္မာတရားပင်ဖြစ်၏။ သည်းခံကြိတ်မှိတ်ပြီး ခံစားနေခြင်းသည် မေတ္တာတရားနှင့် အဝေးဆုံးနေရာမှာ ရှိ၏။ ချက်ခြင်းတုန့်ပြန် ဖြေရှင်းပြီး ချက်ခြင်း စိတ်အေးချမ်းမှုရသွားခြင်းသည်သာလျင် မေတ္တာတရား၏ ရှေ့ ပြေးဖြစ်၏။ ထို့ကြောင့် ထိုနည်းကို ကျွန်ုပ် ကျင့်သုံးလိုက်၏။

အကြီးမားဆုံးရန်သူသည် အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သည် ဟူသော အဆိုကို ကျွန်ုပ်လက်ခံယုံကြည်၏။
အကြံပေးစာထဲက သူ၏ သာဌေယျ သဘောနွယ်သည့် ဟိတ်ဟန်လုပ်ခြင်း လူတတ်လုပ်ခြင်းသည် ကျွန်ုပ်၏ မာနအမှေးပါးပါးကို ပေါက်ကွဲခက်ထန်စေ၏။ သူ၏ သာဌေယျနှင့် ကျွန်ုပ်၏ မာနသည် အကြီးမားဆုံး ရန်သူများဖြစ်သွားကြ၏။ မာနသည် တစ်မဟုတ်တည်း ဒေါသဖက်သို့ တိုက်ခတ်မွှေနှောက်သွား၏။ ထို့ကြောင့် ဒေါသအဆင့် သုံးခုလုံး ကျွန်ုပ်ကျူးလွန်ခဲ့မိ၏။

သို့သော် ကျွန်ုပ်မုန်းသည်မှာ သူ့ကိုမဟုတ်။ သူ၏ စာပေကိုမဟုတ်။ သူ၏ ဘလော့ဂ်လေးကို မဟုတ်။ သူ၏ အတွေးအခေါ်ကို မဟုတ်။ သူ၏ အကြံပေးစာကို မဟုတ်။ သူ၏ ပညာကို မဟုတ်။ အမှန်မှာ သူ၏ စိတ်အစဉ်တွင် အခိုက်အတန့်မျှပေါ်ပေါက်လာသည့် ပလွှားမှု ဟိတ်ဟန်လုပ်မှု လူတတ်လုပ်မှုကိုသာ မုန်းတီးခြင်းဖြစ်၏။

သူက သူ့နာမည်နှင့်သူ့ဘလော့ဂ်လင့်ခ်ကို ကျွန်ုပ်၏ဘလော့ဂ်ထဲက ဖျက်သိမ်းပေးဖို့ပြော၏။ ထိုအဆိုကို ကျွန်ုပ်လက်မခံနိုင်။ သူ၏ ဘလော့ဂ်သည် လူသားများအတွက် တစ်နေရာရာ၌ အကျိုးဖြစ်ထွန်းနိုင်၏။ ပျော်ရွှင်မှုကို ပေးနိုင်၏။ သတင်းအချက်အလက်ကို ပေးနိုင်၏။ နှစ်သိမ့်မှုကို ပေးနိုင်၏။ ကျန်းမာရေး ပညာရေးအတွက် အထောက်အပံ့ဖြစ်နိုင်၏။ ထို့ကြောင့် ကျွန်ုပ်အိမ်ထဲ၌ သူ့ဘလော့ဂ်အတွက် အခန်းတစ်ခန်းပေးထား၏။ ကျွန်ုပ်ကိုယ်တိုင်လည်း သူ့ဘလော့ဂ်ကို ဖတ်ရှုလေ့လာ၏။

သို့သော်... သို့သော်
ကျွန်ုပ်သည် ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဖြင့် ဖွဲ့စည်းထားသော ပုထုဇဉ်ပုဂ္ဂိုလ် သက်သက်မျှသာ ဖြစ်ချေ၏။

...........

Thursday, 30 April 2009

ကျွန်ုပ်၏ ရှိရင်းစွဲ သီအိုရီ

ကျွန်ုပ်သည် လူတစ်ယောက်ဖြစ်၏။ လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ တိရစ္ဆာန်သတ္တ၀ါများထက် အသိဥာဏ်ရှိ၏။ ထို့ပြင် လမ်းမှန်ပေါ်ရောက်မှ လမ်းမပျောက်စေနဲ့ ဟူသော ဆရာသမားတစ်ယောက်၏ သြ၀ါဒကို ဦးထိပ်မှာပန်ဆင်ထားပြီး (ကျွန်ုပ်အထင်)လမ်းကြောင်းမှန်မှန်လျောက်နေသူလည်းဖြစ်၏။ သို့သော် ကျွန်ုပ်၏လမ်းကြောင်းအမှန်သည် အခြားသူများအဖို့ လမ်းမှားဖြစ်ကောင်းဖြစ်နိုင်၏။

နတ်သမီးတမျှလှပသည့် သူယောင်မယ်တစ်ဦးက ဖျားယောင်းသွေးဆောင်ပြီး လမ်းမှားဘက် ဆွဲခေါ်သွားလျင်လည်း ကျွန်ုပ်လိုက်ပါလိမ့်မည်မဟုတ်။ မင်းကုသလို ရုပ်ဆိုးသည့်သူတစ်ယောက်က လမ်းမှန်ပေါ်ဆွဲခေါ်သွားလျင်မူလည်း ကျွန်ုပ် တွေဝေစဉ်းစား အချိန်ဖြုန်းနေမည်မဟုတ်။ အမှန်ဟု ကျွန်ုပ်ကိုယ်တိုင် လက်ခံထားသော လမ်းကို ကျွန်ုပ် တွင်တွင်ကြီး လျောက်လှမ်းမည်သာတည်း။

လမ်းအမှန်ဟုယူဆ၍ လမ်းကြောင်းပေါ်လျောက်လှမ်းနေသော ကျွန်ုပ်သည် လမ်းပေါ်၌ ခလုပ်တိုက်မိလျင် တိုက်မိသည့် ခလုပ်ကို ဖြတ်ပစ်မည်။ ထို့အတူ လမ်းမှားဘက်သို့ နယ်ကျွံသွားလျင် ကျော်လွန်သွားသည့် ကျွန်ုပ်၏ ခြေထောက်ကို ကျွန်ုပ်ကိုယ်တိုင် ဖြတ်ပစ်မည်သာတည်း။

လူတစ်ယောက်သည် လက်တစ်ဖက်ဖြင့် လူသတ်လက်နက်ကို ကိုင်ဆောင်ထားပြီး လက်တစ်ဖက်ဖြင့် အလွန်ကောင်းမွန်သည့် အစားအစာကိုပေးခဲ့ငြားအံ့။ ထိုအစားအစာကို ကျွန်ုပ်သည် မစင်ဘင်ပုပ်ထက်ရွံရှာ၏။ သတ္တ၀ါအားလုံး အစာအဟာရအပေါ် မှီခိုနေရသည် ဟူသော သီအိုရီကို ကျွန်ုပ် နှလုံးသားထဲ ယုံယုံကြည်ကြည်လက်ခံ၏။ သို့သော် အထက်က ဖော်ပြသည့် အစားအစာကိုမူ ကျွန်ုပ် အသက်သေရမည်ထက် ပိုကြောက်၏။ ပိုရွံရှာ၏။ ပိုအော့နှလုံးနာ၏။

စေတနာသည် ကောင်းသည့်ဘက်မှာ ထားလျင်ကောင်း၏။ ဆိုးသည့်ဘက်မှာ ထားလျင်ဆိုး၏။ အကောင်းအဆိုးမကွဲသည့် စေတနာဖြင့် ကျွေးမွေးသော သဲတစ်ရှပ်ရှပ်ရောနှောထားသည့် ဆီတစ်ဝင်းဝင်း ထမင်းဟင်းကို ကျွန်ုပ်မသုံးဆောင်လို။ ပါးစပ်မှာ ယစ်သေရည်ပေကျံနေပြီး စကားသံလေးလေးသွဲ့သွဲ့ နဲ့ ဟောပြောသော သစ္စာတရားကိုလည်း ကျွန်ုပ်မနာကြားလို။ သစ္စာတရားသည် အမှန်ဖြစ်၏။ ဖြူစင်၏။ ကြည်လင်၏။ သန့်ရှင်း၏။ ထို့ကြောင့် ဖြူစင် ကြည်လင် သန့်ရှင်းပြီး အမှန်ဖြစ်သော သစ္စာတရားသည် သူရူးသူမူးတို့ထံ၌ တည်ရှိမနေပေ။

အများအားဖြင့် ကျွန်ုပ်သည် ငြိမ်နေတတ်၏။ ငြိမ်နေ၍ တိမ်လိမ့်မည်ဟု မထင်စေလို။ နက်သထက်နက်၏။ ထက်သထက် ထက်၏။ သွက်သထက် သွက်၏။ လက်သထက် လက်၏။ သို့သော် နက်တာ ထက်တာ သွက်တာ လက်တာ စသည်တို့ကို ကျွန်ုပ် အနည်းငယ်မျှ စိတ်မ၀င်စား။ ကျွန်ုပ်စိတ်ဝင်စားသည်မှာ လမ်းမှန်ဟု ကျွန်ုပ်ကိုယ်တိုင် ယုံကြည်နေသည့် လမ်းပေါ် ပုံမှန်တည့်တည့်လျောက်လှမ်းဖို့ဖြစ်၏။

ကျွန်ုပ်သည် သိန်(သိဟ်)ရာသီတွင်ဖွား၏။ သိန်ရာသီဖွားမို့ ဗီလိန်ဟု အမြင်မရွေ့ စေလို။ ကျွန်ုပ်က အမေ့ရဲ့ သား ခြင်္သေ့။ မြက်မစားဘူး။ သက်သတ်လွတ်မစားဘူး။ မလိုအပ်လျင် ခြေသည်းလက်သည်း ၀ှက်ထား၏။ လိုအပ်လျင် ထုတ်သုံး၏။ အင်အားကိုသုံး၏။ မျက်လုံးကို အရှင်ထား၏။ ရင်ဘတ်ကို မတ်မတ်ထား၏။

အကယ်၍ သေရည်သေရက်အံဖတ်ဆို့နေသော သိကြားမင်းက ၀ရဇိန်လက်နက်ကိုင်ထားပြီး ကျွန်ုပ်ကို လမ်းမှားသို့ အတင်းတွန်းပို့ငြားအံ့။ ထိုသိကြားမင်းသည် ရှေ့ လာမည့် သင်္ကြန်ကာလ၌ လူ့ပြည်သို့ ဘာညာကိုင်ပြီး ဆင်းသက်ခွင့်ရလိမ့်မည်မဟုတ်တော့။ အကယ်၍ ထိုသိကြားမင်းသည် လာမည့်နှစ် သင်္ကြန်ကာလ၌ ဆင်းသက်ခွင့်ရခဲ့ငြားအံ့ ကျွန်ုပ်သည်ကား ၄င်းနှစ်သင်္ကြန်၌ တူးပို့တူးပို့ သင်္ကြန်သီချင်းကို နားဆင်ခွင့်ရလိမ့်မည်မဟုတ်တော့ပေ။

သို့သော်.. ကျွန်ုပ်သည် တက်ကျိုးရင် လက်ထိုးလှော်မည် ဆိုသည့် လူစားမျိုးဖြစ်၏။ မဟာဇနကထုံးကို နှလုံးမူထား၏။ အင်အားမမျှ အခြေမလှပြီး ခန္ဓာကိုယ်ကို စွန့်လွတ်ခဲ့ရလျင်လည်း ၀ိညာဉ်ဘ၀ဖြင့် ဆက်လက်တိုက်ပွဲဝင်မည့်သူဖြစ်၏။ သိကြားဘဲဖြစ်ဖြစ် ကျားဘဲဖြစ်ဖြစ် အလကားကောင်ဘဲဖြစ်ဖြစ် ကျွန်ုပ်၏ အင်အားကို လျော့သုံးလိမ့်မည်မဟုတ်။ နောက်ဆုံးထွက်သက်ထိ အားစိုက်ပြီး လမ်းကြောင်းမှန်သို့သာ လျောက်လှမ်းမည်ဖြစ်၏။

မျက်နှာဖုံးတပ်ထားသည့် စေတနာအတုတွေကို ဝေရာမဏိ၊ ဝေးစွာ ရှောင်မည်ဖြစ်၏။ မာယာ သာဌေယျ မာနတို့ မပါသည့် စေတနာ အစစ်အမှန်တို့ကို သရဏံ ဂစ္ဆာမိ၊ ရိုရိုသေသေ ဆည်းကပ်ကိုးကွယ်မည်ဖြစ်၏။
အကယ်၍ လူတစ်ယောက်သည် လက်ဝဲလက်ဖြင့် စေတနာအမှန်အကန်ကို မြဲမြဲစွဲကိုင်ထားပြီး လက်ယာလက်ဖြင့် အကြံကောင်း ဥာဏ်ကောင်းများကို ပေးခဲ့လျင်မူကား ကျွန်ုပ်သည် ထိုစေတနာပိုင်ရှင် အကြံဥာဏ်ပိုင်ရှင်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ ကျိုးကျိုးနွံနွံ ဦးအကြိမ်ကြိမ်ချပြီး ထိုသူပေးအပ်သည့် အကြံကောင်းဥာဏ်ကောင်းတို့ကို ကျေကျေနပ်နပ်ကြီး လက်ခံပန်ဆင်မည်ဖြစ်ပါ၏။

လက်ရှိအချိန်အခါ၌ ဗုဒ္ဓ၏တရားတော်သည် အမှန်ကန်ဆုံးဖြစ်၏ဟု ကျွန်ုပ်ယူဆထား၏။ ယူဆထားသည့်အလျောက် ဗုဒ္ဓ၏တရားတော်များသည် ကျွန်ုပ်၏ အသွေးအသားထဲ စီးဆင်းစိမ့်ဝင်နေ၏။ နှလုံးသားထဲ အနက်ရှိုင်းဆုံး ၀င်ရောက်နေ၏။ ဦးဏှောက်ထဲ ပျံ့ နှံ့နေရာယူထား၏။ သို့သော်.. သို့သော်.. အကယ်၍များ ဤကမ္ဘာလောက၌ ဗုဒ္ဓ၏သစ္စာတရားတော်ထက် ပို၍ပို၍မှန်ကန်တိကျသော အခြားတရားတော်တစ်ခု ပေါ်ပေါက်လာခဲ့ငြားအံ့။ ထိုနေ့သည် လောက၌ ဗုဒ္ဓဘာသာဝင်တစ်ယောက် ယုတ်လျော့သော နေ့ဖြစ်မည်သေချာ၏။ ထိုဗုဒ္ဓဘာသာဝင်သည်ကား ကျွန်ုပ်ကိုယ်တိုင်ပင်ဖြစ်၏။

မှန်ကန်သော အမှန်တရားကို ဦးထိပ်ပန်ဆင်လျက်.....

...............

Tuesday, 28 April 2009

ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေ နယ်ချဲ့ ခဲ့ကြတာကိုး

ကြာကြာဝါးမှ ခါးမှန်းသိ။
အတွေ့အကြုံသည် အကောင်းဆုံးဆရာဖြစ်သည်။
ကိုယ်တိုင်ကြုံမှယုံမည်။
...စတဲ့....စတဲ့ စကားပုံလေးတွေဟာ အရမ်းမှန်ကန်တယ်။

ပထမတုန်းကတော့ အင်္ဂလိပ်လူမျိုးတွေ ကမ္ဘာအနှံ့နယ်ချဲ့  ကိုလိုနီလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ကြီး ဘာဖြစ်လို့ လုပ်ခဲ့ကြသလဲဆိုတာကို သဘောမပေါက်ခဲ့ဘူး။ အခုမှ နဲနဲရိပ်မိလာတယ်။ အင်္ဂလန်နိုင်ငံမှာ နေရထိုင်ရတာမှ အဆင်မပြေဘဲ။

အစားအသောက်အနေနဲ့ကြည့်မလား။
အသား အသီးအနှံ ဟင်းသီးဟင်းရွက် စည်သွပ်ဗူး သစ်သီးဝလံ ပါကင်ထုပ် ဘာတစ်ခုမှ ပြည်တွင်းဖြစ်မရှိဘူး။ ဒါပေမဲ့ ပင်လယ်နဲ့နီးတဲ့အတွက် ပင်လယ်စာနဲနဲကျဉ်းကျဉ်းတော့ ထွက်လောက်ပါတယ်။ ကျန်တာပြည်ပက သွင်းကုန်တွေချည်းဘဲ။ ပြည်တွင်းဖြစ်ကိုသာ အားပေးနေရရင် အင်္ဂလိပ်လူမျိုးတွေ လူစင်စစ်က အမြီးပေါက်တာ ကြာရောပေါ့။

သယံဇာတအနေနဲ့ကြည့်ဦးမလား။
စိန် ကြောင် နီလာ ရွှေ ငွေ ကျောက်သံပတ္တမြား ဥဿဖယား ဂေါမုတ် မြ ဘာရတနာမှ အင်္ဂလန်က မထွက်ဘူး။ ဘာသယံဇာတတွေထွက်သလဲဆိုတော့ ကျောက်မီးသွေးဘဲထွက်တယ်တဲ့။ အခုခေတ်အနေအထားအရ ကျောက်မီးသွေးတွေကို ဘယ်နေရာမှာ သွားအသုံးပြုမှာလဲ။ ပြည်တွင်းထွက် သယံဇာတတွေကိုသာ အစဉ်အမြဲသုံးစွဲနေကြမယ်ဆိုရင် အင်္ဂလိပ်လူမျိုးတွေ အသားတော်အရောင်ထွက် မှောင်နက်လို့ မဲညို ထောင်ထွက်နဲ့မကွဲလိုတယ် သူ့ရဲ့  ကိုယ်ဇာတိ ဆိုသလို ဖြစ်နေလောက်ရောပေါ့။

ပထ၀ီမြေအနေအထားအနေနဲ့ကြည့်ပြန်ဦးမလား။
ဘေးပတ်ပတ်လည်မှာ ပင်လယ်ဘဲရှိတယ်။ ဘယ်နိုင်ငံနဲ့မှ ဆက်ရက်မတည်ရှိဘူး။ ဥရောပ အာရှ အမေရိက အာဖရိက ဘာတိုက်နဲ့မှလဲ ဆက်စပ်တည်ရှိမနေဘူး။ ပင်လယ်ပြင်မှာ တစ်ကိုယ်တည်း ထီးထီးကြီးဖြစ်နေလေရဲ့ ။ ကျွန်းအစုလေးတွေထဲမှာ ဟိုနားတစ်စု ဒီနားတစ်ခု နေကြရရှာတယ်။ နည်းပညာတွေသာ မတိုးတက်ခဲ့ဘူးဆိုရင် မြန်မာနိုင်ငံက ပင်လယ်ပျော်ဆလုံလူမျိုးတို့ တောင်တန်းပျော်နာဂလူမျိုးတို့ထက်တောင်ပိုဆိုးမှာ သေချာတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်နေရလောက်ပြီ။

ရာသီဥတုအနေနဲ့ကြည့်လိုက်ပါဦး။
တစ်နှစ်မှာ နွေဦး နွေ ဆောင်းဦး ဆောင်း ဆိုပြီး လေးရာသီရှိတယ်ဆိုပေမဲ့ အမှန်တကယ်က တစ်နှစ်မှာ လေးရာသီမဟုတ်ဘူး။ တစ်ရက်ထဲမှာတောင် လေးရာသီရှိတာ။ အရေးထဲ ပင်လယ်ပြင်နှင့် ရေခဲပြင်တို့ကို ဖြတ်တိုက်ခတ်လာတဲ့ လေသရမ်းကအဆိုးဆုံး။ ကျောထဲ အသည်းထဲတောင် စိမ့်ဝင်သွားပြီး ခိုက်ခိုက်တုန်ဖြစ်သွားတယ်။

ဒီနေ့မနက် အစောကြီး အရမ်းအေးခဲ့တယ်။ တကယ်ဆို နွေဦးပေါက်ရာသီဘဲ။ သမရာသီဖြစ်သင့်တာပေါ့။ ခုတော့ ချမ်းလွန်းလို့ အပူပေးစက်တောင် ဖွင့်နေရတယ်။ ခဏနေတော့ မိုးတွေ တစ်ဝေါ၀ါရွာချပါရောလား။ အပြင်ခဏထွက်ပြီးလမ်းလျောက်ဖို့စဉ်းစားထားခဲ့တာ သဲထဲရေသွန်ဖြစ်သွားတယ်။ နေ့လည်တစ်နာရီလောက်ကျပြန်တော့ နေကျဲကျဲပူပါလေရော။ ချမ်းလွန်းလို့ ၀တ်ထားတဲ့ အနွေးထည်အထပ်ထပ်ကို ပြန်ချွတ်ပစ်လိုက်ပြန်ရတယ်။

ဟော... အခု ပြောရင်း ဆိုရင်းနဲ့ မိုးအုံ့လာပြန်ပြီ။ မိုးအုံ့လာပြီဆိုကတည်းက အအေးဓါတ်က ပါလာပြန်ပါရော။ ခက်လိုက်ပါဘိ။ အနွေးထည်ပြန်ဝတ်ဦးမှဘဲ။ မဟုတ်ရင် ခိုက်ခိုက်တုန်နေပြန်ဦးမယ်။ Credit crunch, economic downturn ရက်ရက်စက်စက်ဖြစ်နေလို့ မလန်းရတဲ့အထဲ ရာသီဥတုက တစ်ရက် လေးရာသီ ဖြစ်နေလေတော့ ပိုစိတ်ပိန်တာပေါ့ဗျာ။ ဟူး... ဟူး... ဂစ်.. ဂစ်( အေးလွန်းလို့ မေးရိုက်သံ)။ မဖြစ်ချေဘူး။ ဘာအလုပ်မှ မရှိတာချင်းအတူတူ စောင်ခြုံပြီးကွေးနေတာမှ ပိုကောင်းဦးမယ်။ ကဲပါ။ ဆိုရိုးလေးတစ်ခုရှိတယ်။ သိလားတော့မသိဘူး။ တစ်ရေးနိုးတဲ့အကြံ တစ်သိန်းတန်(ပေါင်တစ်သိန်း)တဲ့။ နှပ်လိုက်ဦးမယ်။

ဒါတွေကြောင့် အင်္ဂလိပ်လူမျိုးတွေ နယ်ချဲ့ ခဲ့ကြတာ။


မှတ်ချက်။
ကျနော်အထင်ဖြင့် ရမ်းတုပ်ခြင်းမျှသာဖြစ်သည်။

........

Wednesday, 8 April 2009

အလိုအပ်ဆုံးအရာ

အကောင်းဆုံးအလုပ်ဟာ နှစ်ခြိုက်စွာ အိပ်စက်ခြင်းပါဘဲ။
အိပ်တယ်ဆိုတာ အပြောလွယ်သလောက် ကျနော့်အတွက်တော့ တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါကြောင့်မို့လဲ ခဏလေးအတွင်း စကားပြောရင်းနဲ့ ဟောက်သံပေးပြီး အိပ်စက်တတ်ကြတဲ့သူတွေကိုတွေ့ရင် အားကျမိတယ်။ သူတို့လို ဖြစ်ချင်တယ်။

အမြဲနိုးကြားမှုရှိလို့ဘဲလား ဒါမှမဟုတ် အတိတ်ဘ၀က သူများအိပ်ပျော်နေတဲ့အခါ နှောင့်ယှက်ခဲ့မိလို့ ၀ဋ်လည်တာလားတော့ မပြောတတ်တော့ပါဘူး။ ဘယ်လောက်ဘဲ အိပ်မောကျနေနေ အသံလေးတစ်သံကြားလိုက်ရင် ကျနော် ဖြတ်ကနဲနိုးလာတတ်တယ်။ ပြီးတော့ ပြန်အိပ်ရင်လဲ တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ကျနော့်ကို ကျနော် အတော်လေးစိတ်တိုမိတယ်။

အိပ်ပျော်လွယ်အောင်ပြုလုပ်တဲ့ နည်းတွေလဲ အတော်လေးကျင့်သုံးပြီးပါပြီ။ တစ်ခုမှ အစပ်မတည့်ဘူးဖြစ်နေတယ်။ တစ်ကနေ တစ်ထောင်အထိ အိပ်ရင်းနဲ့ စိတ်ထဲက ရေတွက်ကြည့်ဖူးတယ်။ တစ်ထောင်သာကျော်သွားတယ်။ အိပ်လို့မပျော်ဘူး။ မေတ္တသုတ်ကိုလဲ တစ်ခေါက်ပြီးတစ်ခေါက်ရွတ်ကြည့်ပါတယ်။ ဒါပေမဲ့ ထိုနည်းလည်းကောင်းပါဘဲ။ အဆင်မပြေဘူး။ မိတ်ဆွေတစ်ယောက်ရဲ့  အကြံပေးမှုကြောင့် ထွက်လေ၀င်လေကိုလဲ ကြိုးစားမှတ်ဖူးပါတယ်။ အဲဒါလဲ အသုံးမတည့်ဘူးဖြစ်နေတယ်။

အခုအချိန်မှာ တကယ်လို့ တစ်စုံတစ်ယောက်က ကိုကိုမောင်ရေ.. မင်းအလိုချင်ဆုံးအရာက ဘာပါလဲ လို့ မေးလာရင် ကျနော် အလိုချင်ဆုံးအရာဟာနှစ်သက်စွာ အိပ်စက်ခြင်းကိုပါဘဲ လို့ မဆိုင်းမတွ ဖြေဆိုဖြစ်မှာ သေချာပါတယ်။ အိပ်ရေးပျက်တဲ့ညတွေ အရမ်းများခဲ့တာကိုး။

ပြီးတော့ တစ်ယောက်ထဲ အခန်းထဲမှာ အိပ်ခဲ့ဖူးတဲ့ အလေ့အထက ရှိလေတော့ တစ်ခန်းထဲ နှစ်ယောက် သုံးယောက်စုအိပ်ကြရင် ကျနော် တော်တော်နဲ့ အိပ်မပျော်တတ်တော့ဘူး။ ယုတ်စွအဆုံး တစ်ယောက်ယောက်ရဲ့  အသက်ရှူသံကို ကြားနေရရင် ကျနော် အိပ်လို့မရတော့ဘူး။ အိပ်ဟောက်တတ်တဲ့သူပါလာရင် ပိုဆိုးရောပေါ့။

ခြေနင်းသံ တံခါးဖွင့်သံ ကုတင်တကျိကျိမြည်သံ အရာဝတ္ထုတစ်ခုခုကိုပစ်ချသံ ရေကိုဂလုဂလုမြည်အောင်သောက်သံ ချောင်းဆိုးသံ ကြို့ထိုးသံ နှာချီသံ ချွဲခပ်ထုတ်သံ လေလည်သံစတဲ့ အသံတွေလဲ ကျနော့်ရဲ့  အိပ်စက်ခြင်းကို ပျက်ပြားစေပါတယ်။

ဒါတွေရေးပြနေလို့ ကျနော့်အခန်းဖော်တွေကို အပြစ်တင်နေတယ်လို့ မထင်စေချင်ပါဘူး။ ကျနော့်ကိုကျနော်ဘဲ မကျေမနပ်ဖြစ်နေတာပါ။ သူများတွေ အိပ်ပျော်နေရင် ကျနော်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်။ နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ နိုးထလာတဲ့အခါ စိတ်က အရမ်းလန်းဆန်းနေတတ်တယ်မဟုတ်လား။

အိပ်စက်ခြင်းကို အပြည့်အ၀လိုလားတဲ့အတွက် သူများတွေ နှစ်ခြိုက်စွာ အိပ်ပျော်နေရင်လဲ ကျနော် ဘာအသံမှ မမြည်အောင် သတိထားပြီးနေပါတယ်။ ဘ၀ဆက်တိုင်း ၀ဋ်လည်မှာ အရမ်းကြောက်နေပြီ။ အိပ်မပျော်တိုင်း ကြိုးစားပြီးအိပ်ပျော်အောင်ကြိုးစားတယ်။ ကြိုးစားပေမဲ့ အိပ်မပျော်ရင် ကျနော့်ကိုကျနော် အရမ်းစိတ်တိုတယ်။ တစ်ခါတစ်လေ တစ်ညလုံး အိပ်ရာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အချိန်ကုန်တတ်တယ်။ ဟိုအကြောင်းဒီအကြောင်း မစဉ်းစားဘဲ ခေါင်းထဲရောက်လာပြီး အတွေးယာဉ်ကြောနောက် ပါပါသွားတတ်တယ်။

သေချာပါတယ်။ ဟိုအရင်ဘ၀က ကျနော် သူများတွေကို အတော်လေးဒုက္ခပေးခဲ့ပုံရတယ်။ အထူးသဖြင့် သူများတွေ အိပ်ပျော်နေတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေးခဲ့မိတာဖြစ်နိုင်တယ်။ ဒါကြောင့် ၀ဋ်လည်နေတာ။

ဒါကြောင့် မိတ်ဆွေတို့ကိုလဲ သူများတွေ အိပ်ပျော်နေရင် လန့်နိုးလာအောင် မစကြမနှောက်ကြဖို့ အကြံပေးလိုပါတယ်။ အိပ်မပျော်တတ်တဲ့ရောဂါဟာ အဆိုးဝါးဆုံးရောဂါတစ်ခုပါဘဲ။ ခေါင်းအုံးပေါ်ခေါင်းချလိုက်ရင် အိပ်ပျော်တတ်ကြတဲ့သူတွေက အိပ်စက်ခြင်းကို အလေးမထားပေမဲ့ တကယ်အိပ်မရတဲ့အခါကျရင် အိပ်စက်ခြင်းရဲ့  တန်ဖိုးကို သိလာမှာသေချာပါတယ်။ တကယ်ကို နေရထိုင်ရခက်ပါတယ်။ စိတ်လဲ မရွှင်လန်းဘူး။ စိတ်တိုမြန်လာတတ်တယ်။ အရာတိုင်းကို အလိုမကျတတ်ဘူး။ ကိုယ့်ကိုကိုယ်လဲ စိတ်တိုင်းမကျတတ်ဘူး။

တကယ်လို့ မိတ်ဆွေတို့ဆီမှာ နှစ်ခြိုက်စွာအိပ်စက်ခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ နည်းစနစ်ကလေးတွေရှိရင် ကျနော့်ကို မျှဝေပေးကြစေလိုပါတယ်။ ကျနော် တကယ်လိုအပ်နေလို့ပါ။

ကျနော့်ဘ၀ရဲ့  အလိုအပ်ဆုံးအရာဟာ အိပ်စက်ခြင်းပါဘဲဗျာ။

.....

Wednesday, 18 March 2009

ရန်ကုန်+လန်ဒန် ကွဲပြားမှုအချို့ 

ရန်ကုန်မြို့ထဲမှာ ကြွက်ခေါင်းပေါင်းများစွာရှိသည်။
လန်ဒန်မြို့ထဲမှာ မြေအောက်ရထားလမ်းပေါင်းများစွာရှိသည်။

ရန်ကုန်မှာ အဆောက်အဦးအသစ်ကို ကြိုက်သည်။
လန်ဒန်မှာ အဆောက်အဦးဟောင်းလေကောင်းလေဖြစ်သည်။

ရန်ကုန်မှာ နွေရာသီသစ်ရွက်ကြွေသည်။
လန်ဒန်မှာ ဆောင်းရာသီ သစ်ရွက်ကြွေသည်။

ရန်ကုန်မှာ ကိုယ့်မိန်းမ သူများနှင့်စကားပြောနေရင်မကြိုက်။
လန်ဒန်မှာ ကိုယ့်မိန်းမကို သူများ ကစ်(စ်)ပေးနေတာ အထူးအဆန်းမဟုတ်တော့။

ရန်ကုန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် အမြန်မောင်းပြေးကြ၏။
လန်ဒန်ဘတ်စ်ကားများ မျဉ်းကြားကူးဖြတ်သူရှိရင် ရပ်ပေးကြ၏။

ရန်ကုန်ဘတ်စ်ကားပေါ်မှာ သံဃာတော်များအတွက်သာဟုရေးထားသော ထိုင်ခုံရှိ၏။
လန်ဒန်ဘတ်စ်ကားပေါ်မှာ အိုမင်းမသန်မစွမ်းသူများကို ဦးစားပေးပါ ဟုရေးထားသော ထိုင်ခုံရှိ၏။

ရန်ကုန်ဘတ်စ်ကားများ ညနေ ၆ နာရီကျော်ရင် ကြားကားများဖြစ်သွားကြ၏။
လန်ဒန်ဘတ်စ်ကားများ ၂၄ နာရီပတ်လုံးပြေးဆွဲကြ၏။

ရန်ကုန်မှာ နွေရာသီအပူလွန်၍ သစ်ပင်များသေကြ၏။
လန်ဒန်မှာ ဆောင်းရာသီအအေးလွန်၍ သစ်ပင်များသေကြ၏။

ရန်ကုန်မှာ ကလေးများများမွေးလေ ပိုက်ဆံများများကုန်လေဖြစ်၏။
လန်ဒန်မှာ ကလေးများများမွေးလေ ထောက်ပံ့ကြေး များများရလေဖြစ်၏။

ရန်ကုန်မှာ အိမ်သာသုံးပြီးလျင် ရေသုံးလေ့ရှိကြ၏။
လန်ဒန်မှာ အိမ်သာသုံးပြီးလျင် တစ်ရှူးသုံးလေ့ရှိကြ၏။

ရန်ကုန်မှာ Air-con ကို သုံးကြ၏။
လန်ဒန်မှာ Heater ကို သုံးကြ၏။

ရန်ကုန်မှာ နွေ မိုး ဆောင်းဟူ၍ ရာသီဥတု သုံးမျိုးရှိ၏။
လန်ဒန်မှာ နွေဦး နွေ ဆောင်းဦး ဆောင်းဟူ၍ ရာသီဥတု လေးမျိုးရှိ၏။

ရန်ကုန်မြို့မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် ယောက်ျားလေးများဖြစ်ကြ၏။
လန်ဒန်မှာ လမ်းသွားရင်း ဆေးလိပ်သောက်သုံးသူများသည် အများအားဖြင့် မိန်းခလေးများဖြစ်ကြ၏။

ရန်ကုန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ရွှေလင်ပန်းနှင့်အချင်းဆေး မင်းမွေးတဲ့သမီးလို့ ပြောလေ့ရှိ၏။
လန်ဒန်မှာ ချမ်းသာတဲ့မိသားစုက ကလေးမွေးရင် ငွေဇွန်းကိုက်ပြီး မွေးလာသလားအောက်မေ့ရတယ် လို့ ပြောလေ့ရှိ၏။
(ဘုရင်မကြီးကိုယ်တိုင် ငွေထည်ပစ္စည်းကို တန်ဖိုးထား၏)


မှတ်ချက်။
ကွဲပြားမှုများစွာကျန်ရှိနေဦးမည်မှာ သေချာသည်။

....

Monday, 16 March 2009

သင့်ရဲ့  ဖူးစာရှင် ဘယ်လိုလူလဲ ???

ရေးစရာကမရှိ အချိန်လေးလဲ ရတာနဲ့ သူများရေးထားတဲ့ ဗေဒင်လေး ပြန်ကူးပေးလိုက်ပါဦးမယ်။
ဗေဒင်ဝါသနာပါလို့တော့ မဟုတ်ပါဘူး။ ဖူးစာရှင်ရွေးချယ်နည်း ဆိုလို့ စိတ်ဝင်စားပြီး ဖတ်မိခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဆန်းပညာနည်းနဲ့ အိမ်ထောင်ဘက်ကို ရွေးတဲ့ နည်းစနစ်ကလေးပါဘဲ။
ဘာသာရေးစာပေတွေမှာ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ ဆိုပြီး လင်္ကာရှိတယ်လေ။
အခက်ခဲဆုံးကျမ်းတွေကို ဆိုလိုတဲ့လင်္ကာလေးပါ။
ကျမ်းကြီးမှာ ပဋ္ဌာန်းကျမ်းက အခက်ဆုံး
ကျမ်းငယ်မှာ ဆန်းကျမ်းက အခက်ဆုံး
ကျမ်းလတ်မှာ ဓာတုကထာက အခက်ဆုံး တဲ့။

အခုလဲ ဆန်းပညာနဲ့တွက်ချက်ထားတာမို့ ပြန်လည်မျှဝေပေးလိုက်ခြင်းရယ်ပါ။

အိမ်ထောင်ရေးကံကို စစ်ဆေးတော့မယ်ဆိုရင် မွေးသက္ကရာဇ်ကို တစ်ခုနှုတ်ပြီး (၇)နှင့်စား။ အကြွင်းကို ဇေယျတိုင်ထူပါ တဲ့။ သတို့သားဆိုရင် သတို့သမီးနဲ့ဆိုင်တဲ့ (၆) သောကြာအနေအထားကိုကြည့်။ သတို့သမီးအတွက်ဆိုရင် သတို့သားနဲ့ဆိုင်တဲ့ (၃) အင်္ဂါအနေအထားကို ကြည့်ပါ တဲ့။

ဇေယျတိုင်ထူနည်းက ဒီလိုပါ။

၁ ကြွင်းရင်..
၁-ေဇယ်
၄-၀ရ

၀-လာဘ

၃
-ဒြယ

၆
-ဗ်ယ

၂-မရဏ

၅-ကိစၦ

၁ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဗျယဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မိမိထက် အသက်ကြီးတဲ့သူနှင့် အိမ်ထောင်ကျမယ်။ တကယ်လို့ မိမိထက် ငယ်တဲ့သူနှင့်အိမ်ထောင်ကျရင်တော့ အိမ်ထောင်မမြဲပါဘူးတဲ့။

၁ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဒွယဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိသတို့သားနှင့် တိတ်တခိုး မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါတယ်။ ချစ်ဦးသူနှင့်လဲ လမ်းလွဲရတတ်တယ်။

၂ ကြွင်းရင်
၂-ေဇယ်
၅-၀ရ

၁-လာဘ

၄-ဒြယ

၀
-ဗ်ယ

၃-မရဏ

၆-ကိစၦ


၂ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ကိစ္ဆဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် အရွယ်လွန်အရွယ်ဟိုင်းအသက်ကြီးသူနှင့်ရတတ်ပါတယ်။ အိမ်ထောင်ကျဖူးပြီးသူလဲ ဖြစ်နိုင်တယ်။ ရန်တကျက်ကျက်ဖြစ်မယ်။ အိမ်တွင်းရေး မသာမယာလဲ ဖြစ်မယ်။

၂ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က မရဏဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိက တစ်ဘက်သတ်ချစ်ရသူ၊ အလိုလိုက်အကြိုက်ဆောင်တတ်သူဖြစ်ရတတ်တတယ်။ အိမ်ထောင်ကျပြီး သောကရတက်မအေး ပူဆွေးဗျာပါဖြစ်ရတတ်ပါတယ်။

၃ ကြွင်းရင်
၃-ေဇယ်
၆-၀ရ

၂-လာဘ

၅-ဒြယ

၁
-ဗ်ယ

၄-မရဏ

၀-ကိစၦ


၃ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ၀ရဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဖူးစာရှင်က စိတ်ထားမြင့်မြတ်မယ်။ သဘောထားကြီးမယ်။ အကြင်နာတရားရှိမယ်။ အကြင်နာတရားကြီးမားမယ်။ ဒါအိမ်ထောင်ဖက်ဖြစ်မဲ့အတွဲပေါ့။

၃ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဇေယျဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က ဘာသိဘာသာနေတတ်တယ်။ အရာရာမှာ မှန်မှန်နေတတ်တယ်။ ပြီးတော့ အေးအေးချမ်းချမ်းနေလိုစိတ်ရှိတဲ့သူဖြစ်မယ်။

၎ကြွင်းရင်
၄-ေဇယ်
၀-၀ရ

၃-လာဘ

၆-ဒြယ

၂
-ဗ်ယ

၅-မရဏ

၁-ကိစၦ


၎ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဒွယဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ကျတတ်တယ်။

၎ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က လာဘဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က ထက်ထက်မြက်မြက်ရှိမယ်။ ပညာဥစ္စာပြည့်စုံမယ်။ နာမည်ကျော်တဲ့ယောက်ျားဖြစ်ရမယ်။

၅ကြွင်းရင်
၅-ေဇယ်
၁-၀ရ

၄-လာဘ

၀-ဒြယ

၃
-ဗ်ယ

၆-မရဏ

၂-ကိစၦ

၅ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က မရဏဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် မိမိက တစ်ဘက်သတ်ချစ်ရပြီး အလိုလိုက်ရမယ်။ အကြိုက်ဆောင်ရမယ်။ အိမ်ထောင်ကျပြီးရင်လဲ သောကဗျာပါရတွေ များရတတ်တယ်။

၅ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ဗျယဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် မိမိထက် အသက်ကြီးသူနှင့်ပေါင်းဖော်ရမယ်။ မိမိထက် ငယ်ရွယ်သူနှင့်အိမ်ထောင်ကျရင် မမြဲဘူး။

၆ ကြွင်းရင်
၆-ေဇယ်
၂-၀ရ

၅-လာဘ

၁-ဒြယ

၄
-ဗ်ယ

၀-မရဏ

၃-ကိစၦ


၆ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ဇေယျဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဇနီးသည်က ဘာသာဘာသာ ခပ်အေးအေးနေတတ်သူဖြစ်မယ်။ အိမ်ထောင်ရေး ကံကောင်းမယ်။

၆ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က ကိစ္ဆဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် ဖူးစာရှင်က အရွယ်ဟိုင်းလဲဖြစ် အသက်လဲ ကြီးမယ်။ လူပျိုအတုလဲဖြစ်တတ်တယ်။

ဝ ကြွင်းရင်
၀-ေဇယ်
၃-၀ရ

၆-လာဘ

၂-ဒြယ

၅
-ဗ်ယ

၁-မရဏ

၄-ကိစၦ


ဝ အကြွင်းသမားအမျိုးသားတို့အတွက် သတို့သမီးရှာမယ်ဆိုရင် သတို့သမီးဂြိုဟ်က ၀ရဂြိုဟ်မှာရှိပါတယ်။ ဒါကြောင့် ဖူးစာရှင်က စိတ်သဘောထားကြီးပြီး အကြင်နာတရားနှင့်ပြည့်စုံတဲ့သူဖြစ်မယ်။ မြင့်မြတ်တဲ့စိတ်ထားရှိတဲ့သူဖြစ်မယ်။

ဝ ကြွင်းသမားအမျိုးသမီးတို့အတွက် သတို့သားရှာမယ်ဆိုရင် သတို့သားဂြိုဟ်က လာဘဂြိုဟ်မှာ ရှိနေတယ်။ ဒါကြောင့် အောင်မြင်တဲ့ စီးပွါးရေးသမား၊ အရာရှိ၊ ကျော်ကြားတဲ့ လုပ်ငန်းရှင်၊ ထက်မြက်တဲ့သူနှင့်ဖူးစာဆုံမယ်။


မှတ်ချက်။
နက္ခတ္တရောင်ခြည် အမှတ် ၂၃၂၊ စာမျက်နှာ၁၇၂
ဆရာဆန်းဝင်းရဲ့  ဆောင်းပါးကို ထပ်ဆင့်မျှဝေပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။

Friday, 20 February 2009

ဒီတောင်ကို မောင် ကျော်နိုင်ခဲ့ပြီ

ကျနော်မြန်မာနိုင်ငံမှာနေစဉ်တုန်းက
ငှက်ဖျားဒဏ်ကို အလူးအလဲခံစားရနေရတဲ့ ဆရာတော်ကြီးတစ်ပါးကို ဆေးရုံမှာ သွားဖူးဘူးတယ်။ ငှက်ဖျားမှတကယ့်အပြင်းစား ငှက်ဖျားဘဲ။ ဗန်းမော်ဘက်ကို တရားဟောသွားရင်း ထိလာခဲ့တဲ့ ငှက်ဖျားတဲ့။ ကြောက်စရာအရမ်းကောင်းတယ်။ ဒီလောက် သီလ သမာဓိနဲ့ပြည့်စုံတဲ့ ဆရာတော်ကိုယ်တိုင် ငှက်ဖျားဒဏ်ခံနေရစဉ်မှာ ပါးစပ်ထဲတွေ့ရာတွေလျောက်ပြောတယ်။ ကျင်ငယ်စွန့်ရင်တောင် (ကန်တော့်ပါရဲ့ ) အကူအညီနဲ့ သေချာ ကျင်ငယ်ဘူးထဲ ထည့်ပေးပြီးမှ စွန့်ရတယ်။ ကျင်ငယ်စွန့်ချင်တယ်ဆိုတဲ့ စိတ်ကို ခံစားလို့ရပေမဲ့ လူနာစောင့်တွေရဲ့  ကျင်ငယ်စွန့်တဲ့အခါ ကူညီပေးမှုကို ဆရာတော်သတိထားမိပုံမပေါ်ဘူး။

ဆရာဝန်တွေရဲ့  စေတနာနှင့်ဆေးစွမ်းတွေရဲ့  ထက်မြက်မှုကြောင့် ဆရာတော့်ရောဂါ နလန်ထူလာပါတယ်။ နေကောင်းခါစမှာ ဆရာတော်ကျင်ငယ်သွားချင်တယ်လို့ ပြောတော့ လူနာစောင့်တွေက ဆရာတော်ကို ကူညီဖို့ လုပ်ကြတယ်။ ဒါပေမဲ့ ဆရာတော် လက်မခံတော့ဘူး။ ဘယ်သူ့ကိုမှလဲ ကျင်ငယ်စွန့်ဖို့ နေရာကို မခေါ်တော့ဘူး။
သတိဝင်သွားပြီလေ။ ရှင်းရှင်းပြောရင်တော့ ရှက်ပြီပေါ့ဗျာ။

ကျန်းမာရေး မကောင်းစဉ်ကသာ ဦးဏှောက်ထဲငှက်ဖျားပိုးရောက်လုနီးနေလို့ ဘာမှမသိဘဲ လူနာစောင့်တွေ ပြုစုသမျှကို ဆရာတော် သတိမထားမိခဲ့တာပါ။ နေကောင်းတဲ့အခါမှာ ဘယ်သူ့ကိုမှ အနားမကပ်ခံတော့ပါဘူး။

ဒီလောက်ပြင်းထန်တဲ့ ငှက်ဖျားရောဂါကို ခံစားရတဲ့ ဆရာတော်ဟာ အဲဒီငှက်ဖျားရောဂါက ပြန်ကောင်းလာပြီး သူ့ကျောင်းသူပြန်ရောက်တဲ့အခါမှာ စကားတစ်ခွန်းပြောတယ်။
"တော်သေးတယ်.. ဒီတစ်တောင်ကို ကျော်ခဲ့နိုင်ပြန်ပြီ" တဲ့။
................

ကလင်..ကလင်...ကလင်
ဒီနေ့ နေ့လည်နှစ်နာရီလောက် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေခိုက် အပြင်တံခါးဘဲလ်မြည်သံ ကြားလိုက်ရတယ်။ ဧည့်သည်တစ်ယောက် (ဒါမှမဟုတ်) စာပို့သမားတစ်ယောက်ယောက်ဖြစ်မှာပါ လို့ ကျနော်ထင်ခဲ့တယ်။ ကျနော့်သူငယ်ချင်းတစ်ယောက် တံခါးဖွင့်ပေးလိုက်တယ်။

"ကိုကိုမောင် ကိုကိုမောင်ရေ့ .. မင်းအတွက်စာ.. မင်းကိုယ်တိုင် လက်မှတ်ထိုးယူရမယ်တဲ့.."

ကျနော် တံခါးပေါက်ဝကို ထသွားလိုက်တယ်။ စာပို့တဲ့သူက ခါတိုင်းပို့နေကျသူမဟုတ်ဘူး။ ခါတိုင်းဆို ကိုယ်စားလက်မှတ်ထိုးလို့ ရတယ်၊ ဒီနေ့မှ ဘာဖြစ်လို့ကိုယ်တိုင် လက်မှတ်ထိုးယူရမှာပါလိမ့် လို့ ကျနော် စဉ်းစားမိတယ်။ ပြီးတော့ အိုင်ဒီ ပြရဦးမယ်တဲ့။ ကျနော့်လဲ ကျနော့်ပတ်စ်ပို့ယူပြီး ပြလိုက်တယ်။
လက်မှတ်ထိုးဖို့ နေရာက ခါတိုင်းလို စာရွက်ပေါ်မှာ မဟုတ်ဘူး။ ဖန်သားပြင်လေးပေါ်မှာ သူယူလာတဲ့ ခဲတံပုံစံ အချောင်းကလေးတစ်ချောင်းနဲ့ ထိုးလိုက်ရတယ်။

လက်မှတ်ထိုးပြီး စာအိပ်ခပ်ရှည်ရှည်လေးကို ပေးခဲ့တယ်။ သူပြန်သွားပြီးစာအိပ်ကို ဖောက်ဖတ်ကြည့်လိုက်တယ်။

"ဟိုက်ရှားဘား..... စာအိပ်ထဲမှာ ကဒ်ကလေးတစ်ကဒ်ပါလာပါလား။ ဘာများပါလိမ့်"

သေချာကြည့်လိုက်တော့မှ ကျနော့်အိုင်ဒီကဒ်ဖြစ်နေတာကိုး။ ဗီဇာသက်တမ်း တိုးပေးလိုက်တဲ့ အိုင်ဒီကဒ်ကလေးပါဘဲ။ ဗီဇာကို စာအုပ်မှာ မထုပေးတော့ဘဲနဲ့ သီးသန့် အိုင်ဒီကဒ်ကလေးဘဲ ထုတ်ပေးတယ်။ ၁၈ ရက်နေ့ကမှ ဗီဇာရုံးကိုသွားပြီး ဗီဇာလျောက်ထားတာ။ ဒီနေ့ ၂၀ ရက်နေ့မှာ ဗီဇာရပြီဆိုတော့ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ၂၀၁၀ ဧပြီလကုန်အထိ လန်ဒန်မှာ နေထိုင်ခွင့်ရသွားပြီ။

အထက်က ငှက်ဖျားဒဏ်အလူးအလဲခံရပြီး ပြန်နေထိုင်ကောင်းတဲ့အခါ အမိန့်ရှိတဲ့ ဆရာတော်ရဲ့  စကားနဲ့ ပြောရရင်တော့...

"တော်သေးတယ်..... ဒီ(တစ်နှစ်ဗီဇာ)တောင်ကိုတော့ ကျော်ခဲ့နိုင်ပြန်ပြီ" ဟူ၍သာ။

Thursday, 19 February 2009

အကူအညီလိုလို့ တင်လိုက်တာပါ

ဗီဇာတိုးဖို့အတွက် လှုပ်ရှားရင်းနှင့် နေရာအတော်များများကို ရောက်ရှိခဲ့တယ်။ အထူးသဖြင့်တော့ လီဗာပူးစထရိ(တ်)ဘူတာ၊ ဗစ်တိုးရီးယားဘူတာ၊ လန်ဒန်ဘရစ်ဂ်ျဘူတာ၊ အဲဒီဘူတာတွေက အရမ်းကြီးကျယ်ခမ်းနားတယ်။ စားသောက်ဆိုင်တွေရှိတယ်။ ကော်ဖီဆိုင်တွေရှိတယ်။ တစ်ခြားဆိုင်အတော်တော်များများလဲ ရှိတယ်။ တကယ့်ကို သားနားတဲ့ ဘူတာကြီးတွေပါဘဲ။

မြေအောက်ရထား မြေပေါ်ရထား ၀င်ချိန် ထွက်ချိန်စာရင်းကို စခရင်း (ဖန်သားပြင်)နှင့်ပြထားတယ်။ စခရင်းပေါ်မှာ တွေ့မြင်ရတဲ့ ပလက်ဖောင်းနံပါတ်၊ သွားရမဲ့ခရီးတွေအတိုင်း အချိန်အတိအကျဘဲ။ မလွဲဘူး။
ဖျက်သိမ်းရင် ဖျက်သိမ်းတဲ့အကြောင်းကြေငြာတယ်။ နားမလည်ရင် ဘူတာဝန်ထမ်းတွေကို မေးလို့ရတယ်။ စိတ်ရှည်လက်ရှည်ဖြေကြားပေးတယ်။

မြန်မာမှာ ကျနော် မီးရထားနဲ့ခရီးသွားတုန်းက ရထားအချိန်မသိလို့ သွားမေးတာကို ၀န်ထမ်းတွေ ပြေပြေလည်လည်မဖြေပေးကြဘူး။ ဘလက်ဘောမှာ ရေးထားတာ မမြင်ဘူးလား။ အဲဒီမှာ သွားကြည့် ဆိုပြီး ငေါက်လွတ်တာ ခံခဲ့ရဖူးတယ်။ ဘလက်ဘောကို သွားကြည့်တော့လဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖြေဖြူနဲ့ရေးထားတဲ့ ရထားခန့်မှန်းချိန်တွေကိုဘဲ တွေ့ရတယ်။ Update မလုပ်ထားဘူး။ ဟဲ ဟဲ Update ဆိုလို့ အထင်မကြီးလိုက်နဲ့ဦး။ ဘောဖျက်နှင့်ဖျက်ပြီး မြေဖြူနှင့်ရထားထွက်ချိန်စာရင်းကို မရေးထားရသေးတာကိုပြောတာ။ (မြန်မာ့မီးရထားဝန်ထမ်းတွေကို သတိရလို့ ညှပ်ထည့်လိုက်တာပါ)။

ဓါတ်ပုံဝါသနာပါတဲ့သူတွေအတွက်ကတော့ ခုနကပြောခဲ့တဲ့ ဘူတာရုံတွေထဲမှာ တဖျတ်ဖျတ်ရိုက်ကြရုံပေါ့ဗျာ။
တကယ်လဲ ဓါတ်ပုံရိုက်စရာကောင်းပါတယ် (ကျနော့်အမြင်အရပြောတာ)။ ကျနော်ကလဲ ရှုခင်းတို့ မြင်ကွင်းခပ်ဆန်းဆန်းတို့ဆို ဓါတ်ပုံရိုက်ရတာ ၀ါသနာပါလေတော့ အကြိုက်တွေ့သွားတာပေါ့ဗျာ။
နီကွန်ကင်မရာ ခပ်ပါးပါးလေးကို အိပ်ထဲက ထုတ်လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ နေရာကို ရွေးလိုက်တယ်။
ဟော...တွေ့ပြီ။ ရထားအချိန်စာရင်းတွေပြထားတဲ့ ဖန်သားပြင်စခရင်ပြားကြီးတွေရှိတဲ့ဘက်ကို အရင်ဦးဆုံးရိုက်မယ်ပေါ့ဗျာ။

ကင်မရာကိုလဲ ချိန်လိုက်ရော မြင်ကွင်းက မရှင်းဘူးဖြစ်နေတယ်။ အပြင်ဘက်မှာရှင်းသလောက် ကင်မရာထဲမှာ မရှင်းမလင်းဖြစ်နေတယ်။ ဘာဖြစ်လို့ပါလိမ့်။ ခါတိုင်းရိုက်နေကျဆိုရင် ရှင်းရှင်းလင်းလင်းဘဲ။ ဒီနေ့ ဘာဖြစ်နေလဲ မသိဘူး။ ကင်မရာမကောင်းလို့တော့မဖြစ်နိုင်ဘူး။ ကျနော့်လိုင်စင်ဓါတ်ပုံတွေအားလုံးကို ဒီကင်မရာနှင့်ရိုက်ပြီး Photoshop နှင့်ဖြတ်တောက် ကူးထားတာ ရှယ်ချည်းဘဲ။ ဘာများမှားနေပါလိမ့်။

ကင်မရာကို စစ်ဆေးကြည့်လိုက်တော့မှ ကင်မရာ lens ပေါ်မှာ အကွက်ကလေးတစ်ကွက်တွေ့လိုက်တယ်။ အလည်တည့်တည့်ကို ကွက်နေတာ။ ဒုက္ခဘဲ။ ဘာကွက်ကြီးပါလိမ့်။ အပြန်ပြန်အလှန်လှန်စဉ်းစားကြည့်လိုက်တော့မှ မူရင်း ဇစ်မြစ်က ပေါ်လာတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကင်မရာဘေးက ဘောင်အဆက်ကလေး နဲနဲကွာချင်သလိုလိုဖြစ်လာလို့
ဆင်ကော်နှင့်ကပ်ဖြစ်တယ်။ ဆင်ကော်က မြန်မာမှာရှိတဲ့ ဆင်ကော်လို ခဲပြစ်ပြစ်မဟုတ်ဘဲ အဖျော်ရည်ပုံစံဖြစ်နေတယ်။ ခြောက်သွားမှ ကပ်တယ်။ ကင်မရာဘောင်ကို ပိုပြီး မြဲအောင်လို့ ကော်ရည်များများညှစ်ထုတ်ပြီး ကင်မရာဘောင်သားလေးကို လိမ်းကျံလိုက်တယ်။ အဲဒီကတစ်ဆင့် ကင်မရာထဲ ၀င်သွားပြီး ကင်မရာ lens ပေါ်ပါ ဖြတ်သန်းစီးဆင်းသွားဟန်တူပါရဲ့ ။ ကင်မရာ lens ပေါ်မှာ အကွက်ကြီး ထင်နေတယ်။

ကျနော် တတ်နိုင်သမျှကြိုးစားရှင်းလင်းပေမဲ့ မရဘူးဖြစ်နေတယ်။
အဲဒါကြောင့်..
မိတ်ဆွေများ အဲဒီဆင်ကော်ကို ခြေဖျက်တဲ့ ဆေးတစ်မျိုးရှိရင် ကျနော့်ကို အကြံပေးကြပါဦးလို့ ဒီပို့စ်ကလေးကဘဲ အကူအညီတောင်းလိုက်ပါတယ်။ ပြီးတော့ မှန်ဘီလူးချိန်းလိုက်ရင် အဆင်ပြေမပြေလဲ သိချင်ပါတယ်။ ကင်မရာဘောင်ကို ဆင်ကော်နှင့်ကပ်ထားပြီးပြီဆိုတော့ ပြန်ခွါလို့ ရ မရလဲ ကျနော်သိချင်ပါတယ်ခင်များ။
မိတ်ဆွေတို့ တတ်တဲ့ပညာနဲ့ ကျနော့်ကိုကူညီပေးကြပါဦးလို့ မျက်နှာပူပူနဲ့ဘဲ တင်ပြလိုက်ရပါတယ်။

စုံထောက်ကျော်ကြီး ဦစံရှားရဲ့  မှားတဲ့အခါလဲ မှားပေမပေါ့ စကားလုံးကိုယူပြီး
မုဆိုးကျော်တွတ်ပီရဲ့  ဒီနေ့ ကံမကောင်းပါလားလို့ တစ်တွတ်တွတ် ညီးညူရွတ်ဆိုနေရမလိုဖြစ်နေပြီ။
ဟဲ ဟဲ ကျနော်ကတော့ မိတ်ဆွေတို့ရဲ့  ကျေးဇူးတရားကြောင့် ကံကောင်းလိမ့်မယ်လို့ ယုံကြည်နေလျက်ပါဘဲ။
ရွှင်လန်းကြပါစေ။

ဗီဇာ.. ဗီဇာ.. ဗီဇာ..

ဒီရက်အတောအတွင်း ဗီဇာကိစ္စနှင့်အလုပ်ရှုပ်နေလို့ ပို့စ်ကလေးတွေဘက်တောင် ကောင်းကောင်းလှည့်မကြည့်ဖြစ်ဘူး။ ဗီဇာဆိုတာ ပြောရတာလွယ်ကူသလောက် ဗီဇာတစ်ခုသက်တမ်းတိုးဖို့ အတော်လေးစိတ်မော လူမောဖြစ်ရပါတယ်။ Recommendation letter တွေ ယူရတယ်။ ကျောင်း Attendance တွေ ယူရတယ်။ Sponsor letter တွေယူရတယ်။ ကျန်တဲ့ Data အချက်အလက်တွေ အများကြီး စုဆောင်းထားရတယ်။ သူများနိုင်ငံမှာ နေရတာလဲ မလွယ်ပါလား။

ကျောင်းတက်ခစရိတ်တွေအပြင် ဗီဇာစရိတ်က ပေါင် ၅၀၀ ဆိုတော့ လန်ဒန်မှာ နေထိုင်ခွင့်လေးရအောင် ငွေတွေ အများကြီး ပုံပေးရတယ်။ မြန်မာနိုင်ငံမှာ နေစဉ်တုန်းက နေထိုင်စရိတ်တွေကို ဒီလောက် သတိမထားမိပေခဲ့မဲ့ လန်ဒန်မှာနေတော့မှဘဲ လူတစ်ယောက်ရဲ့  ရပ်တည်မှုဟာ မလွယ်ကူပါလားလို့ တွေးတောမိတယ်။

ပြည်ပကျောင်းသားတစ်ယောက်ရဲ့  နေထိုင်မှုက ပိုပြီးဆိုးဝါးတယ်။ ကျောင်းစရိတ်ကို ပြည်တွင်းကျောင်းသားတွေထက် အများကြီးပိုပေးရတယ်။ နေထိုင်စရိတ်တို့ ဘီလ်တို့ စားသောက်သွားလာတာတို့ အားလုံးပေါင်းလိုက်ရင် မာစတာကျောင်းသားတစ်ယောက်အတွက် တစ်နှစ်ကို ပေါင် တစ်သောင်းခွဲလောက်တော့ အသာလေးဘဲ။ ပညာကို ငွေပေးဝယ်နေရသလိုဖြစ်နေပြီ။ ငွေမရှိရင် ပညာရှိဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအတော်လေးနည်းသွားပြီ။

မနေ့က တစ်နေ့လုံး ဗီဇာကိစ္စနှင့်အလုပ်ရှုပ်နေခဲ့တယ်။ မနက်ပိုင်းကထဲက နေအိမ်ကထွက်လာတာ၊ အရေးထဲ စီးနေတဲ့ရထားက စီးနေရင်းတန်းလန်းနှင့် ခရီးစဉ်ဖျက်သိမ်းပစ်လိုက်တယ်။ နောက်ကြောင်းပြန်လှည့်ပြီး နောက်လမ်းကြောင်းတစ်ခုက ပြန်သွားရတယ်။ ချိန်းထားတဲ့အချိန်က နေ့လည် ၂ နာရီ ခွဲ။ ရထားတွေရဲ့  ကြန့်ကြာမှုကြောင့် ဗီဇာရုံးကို သုံးနာရီမှတ်တင်းမှ ရောက်သွားတယ်။ ဒါတောင် ရထားဘူတာက ဆင်းပြီး အငှားကားခေါ်သွားလို့။ ဘူတာကနေ လမ်းလျောက်ရင် ၁၀ မိနစ်ကျော်ကျော် ကြာဦးမယ်။

ကျနော်တို့ နေတဲ့နေရာနှင့်ဆို နှစ်နာရီကျော်ကျော်လောက်သွားရတယ်။ မနေ့က ရထားအဆင်မပြေမှုတွေကြောင့် အသွားသက်သက် သုံးနာရီကျော် ကြာသွားတယ်။ မြို့ ထဲမှာ ရထားမမီမှာစိုးလို့ ဘူတာထဲ ဟိုပြေးဒီပြေး မာရသွန်လုပ်ခဲ့တာကို ပြန်တွေးကြည့်ရင်း ပြုံးနေမိတယ်။ ကြည့်မကောင်းအောင်ကို ပြေးနေရတာ။

ကျနော်တို့ဗီဇာတိုးဖို့လူက နှစ်ယောက်၊ အဖော်လိုက်ပေးတဲ့ အကိုက တစ်ယောက်ဆိုတော့ သုံးယောက်ပေါ့ဗျာ။ လူတွေကြားထဲမှာ ပြိုင်ပွဲဝင်သလိုကို ပြေးခဲ့ရတာ။ အဖော်အကိုက မြန်မာဆိုပေမဲ့ လန်ဒန်သားဖြစ်နေပါပြီ။ သူလိုက်ကူညီပေးလို့သာ ခရီးအဆုံးထိအဆင်ပြေပြေရောက်ရှိခဲ့တာပါ။ ကျနော်တို့ချည်းဆို လမ်းကြောတောင် ကောင်းကောင်းမသိပါဘူး။ ရထားတွေ အဆင်မပြေတဲ့အတွက် အသွားသက်သက်တောင် ဘတ်စ်ကားတစ်ခါ မြေအောက်ရထား ငါးခါ မြေပေါ်ရထား နှစ်ခါ အငှားကားတစ်ခါ စီးခဲ့ရပါတယ်။

ဗီဇာရုံးကိုရောက်တော့လဲ ပါလာတဲ့ပစ္စည်းတွေအားလုံးကို စကင်န်ဖတ်ပါတယ်။ လိုအပ်ရင် ဓါတ်ပုံကညှိဖြတ်ဖို့ ယူသွားတဲ့ ကပ်ကြေးလေးတောင် သူတို့ ခဏသိမ်းထားလိုက်သေးတယ် (ပြန်လာတဲ့အခါမှ ရွေးယူခဲ့ရတယ်)။ ချွန်ထက်တဲ့ပစ္စည်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို အထဲအယူမခံပါဘူး။ လက်ကိုင်ဖုန်းတွေအားလုံးကိုလဲ ပိတ်ထားရပါတယ်။

ဗီဇာရုံးကို ရောက်ရောက်ချင်း တုံကင်ယူရတယ်။ နံပါတ်အတိုင်းခေါ်တွေ့တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ပေးတဲ့ ကောင်တာထိအောင် အဆင့်ငါးဆင့်ကျော်ဖြတ်ရတယ်။ အဲဒီငါးဆင့်လုံးမှာ အစစ်ဆေးခံရတယ်။

အဆင့် ၁ ကောင်တာ။
ဒီကောင်တာမှာ ပါလာတဲ့ အချက်အလက်တွေ အားလုံးကို စစ်ဆေးပြီး မှန်ကန်မှ ဒုတိယကောင်တာကို သွားရတယ်။

အဆင့် ၂ ကောင်တာ။
ဒီကောင်တာမှာ အချက်အလက်တွေ ထပ်စစ်ဆေးပြီး ပေါင် ၅၀၀ ပေးရတယ်။

အဆင့် ၃ ကောင်တာ။
ဒီကောင်တာမှာ ပတ်စ်ပို့ကို သေချာစစ်ဆေးပြီး အချက်အချက်တွေကို ကွန်ပျူတာနှင့်သိမ်းဆည်းတယ်။

အဆင့် ၄ ကောင်တာ။
ဒီကောင်တာမှာ လက်ချောင်းအားလုံးရဲ့  ဗွေရာကိုတွေ စကင်န်ဖတ်ယူတယ်။ ဓါတ်ပုံရိုက်တယ်။

အဆင့် ၅ ကောင်တာ။
ဒီကောင်တာမှာ နောက်ဆုံးစစ်ဆေးမှုပြုလုပ်တယ်။ သမိုင်းကြောင်းတွေနောက် လိုက်တယ်။ စစ်ဆေးမေးမြန်းတယ်။
(အင်္ဂလန်မှာနေတာ တစ်နှစ်ကျော်ကြာပေမဲ့ သူတို့ပြောတဲ့စကားကိုတော့ အဖော်ပါလာတဲ့အကိုတစ်ယောက် အကူအညီနဲ့ဘဲ ဖြေရှင်းလိုက်ရတယ်။
တစ်ချို့ စကားတွေ နားမလည်နိုင်ဘူး။)
အားလုံး မှန်ကန်အဆင်ပြေပြီဆိုမှ ဗီဇာသက်တမ်းတိုးပေးလိုက်ပြီဆိုတဲ့အကြောင်းပြောတယ်။
(ကောင်တာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ကိုယ့်နံပါတ်ခေါ်တဲ့ ကောင်တာကို သွားရုံပါဘဲ)

ဒါပေမဲ့
အခု နည်းစနစ်က ပတ်စ်ပို့စာအုပ်ပေါ်မှာ ဗီဇာမထုပေးတော့ပါဘူး။ အိုင်ဒီကဒ်ဘဲ ကိုင်ရမယ်တဲ့။ အဲဒီအိုင်ဒီကို စာတိုက်က တစ်ဆင့်ပို့မယ်လို့ ပြောတယ်။ ငါးရက်အတွင်းအရောက်ပို့ပေးမယ်၊ မရောက်ရှိရင် ဖုန်းဆက်အကြောင်းကြားဖို့ မှာခဲ့ပါတယ်။ ဒါဆိုရင်တော့ တစ်နှစ်ဗီဇာ ထပ်ရမှာ သေချာသလောက်ရှိနေပါပြီ။
ဗီဇာရုံးဝန်ထမ်းတွေ သဘောကောင်းလို့ရယ်၊ အဖော်သူငယ်ချင်းရဲ့  ကူညီမှုကြောင့်ရယ် ကျနော်ကတော့ လန်ဒန်မှာနေဖို့ နောက်ထပ်တစ်နှစ် ဗီဇာ ရသလောက်ဖြစ်နေပါပြီ။

ဗီဇာမလျောက်ခင် မိတ်ဆွေ သူငယ်ချင်းတွေကို ဗီဇာအဆင်ပြေဖို့ ဆုတောင်းပေးကြပါဦးလို့ တောင်းပန်ခဲ့ပေမဲ့
တစ်ယောက်မှ ဆုမတောင်းပေးကြပါဘူး။ ရူးပေါပေါကောင်မလေးတစ်ယောက်ကတော့ ဗီဇာမရပါစေနဲ့လို့တောင် ဆုတောင်းပေးလိုက်သေးတယ်။ တော်တော်အားကိုးရတဲ့ မိတ်ဆွေတွေဘဲ။

ဆုတောင်းပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခင်မင်တဲ့သူအားလုံးကို ငြိမ်ငြိမ်လေးနေပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ မှတ်တမ်းတင် ကဗျည်းရေးထိုးလိုက်ပါတယ်။

Thursday, 12 February 2009

သာသနာကွယ်တယ်ဆိုတာ ဒီလိုများလား... ???????

တစ်ကိုယ်ရေ တစ်ကာယသမားဆိုတော့လဲ ဘာမှ ထူးထူးထွေထွေလုပ်စရာမရှိဘူး။ လုပ်စရာမရှိတိုင်း စာကြည့် စာဖတ်ဖြစ်တယ်။ စာအုပ်တွေဖတ်ရတာ ငြီးငွေ့လာပြီဆိုရင် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ဆိုက်ကိုတွေ ၀င်ဝင်လာတယ်။
လန်ဒန်မှာ နေတာကြာလာရင် ဦးဏှောက်တွေဘယ်လိုဖြစ်လာမယ်မသိဘူး။ ယူနီမြန်မြန်တက်မှ ဖြစ်တော့မယ်။
နို့မဟုတ်ရင် ရူးကြောင်ကြောင်များဖြစ်သွားမလား မပြောတတ်တော့ဘူး။

ဒီနေ့လဲ
နဲနဲညောင်းလာလို့ လမ်းထွက်လျောက်ရင်း ကျနော်တစ်ခုစဉ်းစားမိလိုက်တယ်။

မြတ်စွာဘုရားရှင်ရဲ့  သာသနာတော်ဟာ အနှစ်ငါးထောင်ကျော်လာရင် အလိုလို ကွယ်ပျောက်လိမ့်မယ်လို့ ကျနော်ဖတ်ဖူး မှတ်ဖူးထားတယ်လေ။ အဲဒီလို သာသနာကွယ်တဲ့ အခါမှာလဲ ဘုရားရှင်ရဲ့  ဓါတ်တော်မွေတော်တွေ အားလုံးတစ်နေရာထဲမှာ စုစည်းပြီး ရုပ်အသွင်ကိုဆောင်ကာ တရားဟောလိမ့်မယ်။ တရားဟောပြီးနောက်မှ ဓါတ်တော်တွေ အားလုံးလောင်ကျွမ်းပြီး သာသနာလုံးဝကွယ်ပျောက်မယ်တဲ့။

ဒီခေတ်သိပ္ပံပညာရဲ့ တိုးတက်မှုအခြေအနေအရ ပျံ့ လွင့်နေတဲ့ လေထုထဲက အသံ၊ လေထုထဲက ရုပ်ဝတ္ထုတွေကို စုစည်းဖို့ ဖြစ်နိုင်ခြေ အတော်များများရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (များစွာ)က ပြောဆိုဖြစ်ပျက်ခဲ့တဲ့ ရုပ်တို့ အသံတို့ကို သိပ္ပံပညာရှင်များ စူးစမ်းရှာဖွေလျက်ရှိပါတယ်။

ကျနော့် အိုင်ဒီယာအရလဲ
ခရစ်နှစ် ၂၀၀၀ နှင့် ၃၀၀၀ကြားထဲမှာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ ရုပ်တို့ အသံတို့ကို ကောင်းစွာ စုစည်းပြီး ထင်ထင်ရှားရှားပြသနိုင်လောက်မယ်လို့ ယူဆပါတယ်။ အခုခေတ်မှာတောင် အင်တာနက်တို့ ရေဒီယိုတို့ တယ်လီဗီးရှင်းတို့ ဂြိုဟ်တုတို့ အဆင်သင့်ရှိနေကြပြီမဟုတ်ပါလား။ ပြီးတော့ လကမ္ဘာပေါ်တို့ အင်္ဂါဂြိုဟ်ပေါ်တို့ လူသားများ ရောက်ရှိနိုင်ကြပြီလေ။

ဘုရားရှင်ရဲ့  ရုပ်တော် အသံတော်တို့ကိုလဲ သိပ္ပံပညာနဲ့ ဖမ်းမိကောင်းဖမ်းမိနိုင်တယ်။ တရားဟောနေတဲ့ပုံစံ သွားလာလှုပ်ရှားနေတဲ့ ပုံစံတို့ကိုလဲ ဖမ်းမိနိုင်ပါလိမ့်မယ်။

သာသနာကွယ်ခါနီး ဓါတ်တော်မွေတော်များ စုစည်းပြီး ဘုရားရှင်အသွင်ဆောင်တယ်ဆိုတာ
သိပ္ပံပညာရှင်တွေရဲ့  ကြိုးစားအားထုတ်မှုကို ဘုရားရှင်က ကြိုတင်သိထားလို့ ဒီလိုဘဲ ဟောထားခဲ့ဟန်တူတယ်လို့ ကျနော် စဉ်းစားမိတယ်။

အဲဒီ ဘုရားရှင်ရဲ့  အသံတော် ရုပ်တော်တို့ကို သိပ္ပံပညာနဲ့ ဖျက်ဆီးပစ်လိုက်ပြီး လုံးဝပျောက်ကွယ်သွားအောင် လုပ်လိုက်ခြင်းကိုပင် သာသနာကွယ်တယ်လို့ ခေါ်လေသလား မသိတော့။

ဒီကမ္ဘာကြီးအတွင်းမှာ အံ့သြစရာတွေ အမျိုးမျိုး အဖုံဖုံ ရှိနေတာကို ဘယ်လိုမှ ငြင်းဆန်လို့မရပါ။
ဒါကြောင့်
ကျနော့်ရဲ့  အထင်ဟာ အထင်မျှသာ ဖြစ်ပါတယ်လို့ တတ်အပ် ဘယ်သူပြောနိုင်မလဲ။
ဒါပေမဲ့
အထင်ဟာ အထင်သက်သက်လဲ ဖြစ်နိုင်တာပါဘဲလေ။

Monday, 9 February 2009

တပို့တွဲလပြည့်နေ့မှာ ထမင်းနဲစားခွင့်ကြုံခြင်း


တပို့တွဲလပြည့်နေ့။
ဟုတ်တယ် ဒီနေ့ဟာ တပို့တွဲပြည့်နေ့ဘဲ။ မြန်မာနိုင်ငံနှင့်ကင်းကွာနေပြန်တော့လဲ ပြက္ခဒိန်ကြည့်ပြီးမှ တပို့တွဲလမှန်းသိရတယ်။ နှာရည်ယိုရွဲ တပို့တွဲ လို့ ဆိုရိုးရှိတယ်မဟုတ်လား။ တပို့တွဲလမှာ ချမ်းလွန်းလို့ နှာရည်တောင် ကိုယ်တိုင် မသိလိုက်ဘဲ သူ့အလိုလို ယိုစီးကြတယ်တဲ့။ ဒီမှာက အမြဲတမ်းအေးခဲနေတော့ နှာရည်လဲ မကြာခဏယိုစီးကျတာ များသွားလို့လားမသိ။
စီးကျစရာ နှာရည်လက်ကျန်တောင်မရှိတော့သလောက်ဘဲ။

တပို့တွဲလမှာ အေးတာ မဆန်းပါဘူး။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ တပို့တွဲလမှာ လက်တော်ကို မီးကင်(နွေးအောင်လုပ်)ရတယ်ဆိုဘဲ။ အရမ်းအေးစက်လှတဲ့ သဘောဘဲပေါ့လေ။

မြန်မာ့ရိုးရာဓလေ့အရ တပို့တွဲလမှာ ဘာပွဲတော်ကျင်းပပါလိမ့် ???????

"တန်ခူးလ၊ သင်္ကြန်ပွဲ"
"ကဆုန်လ၊ ညောင်ရေသွန်းပွဲ"
".................."
"တပို့တွဲလ၊ ထမင်းနဲထိုးပွဲ"

အော်.. သိပြီ။ သိပြီ။ တပို့တွဲလမှာ ထမင်းနဲထိုးပွဲရှိတာမေ့နေလိုက်တာ။

မြန်မာနိုင်ငံမှာဆိုရင်တော့ တပို့တွဲလရောက်တိုင်း ထမင်းနဲထိုးပွဲကို အတီးအမှုတ် အိုးစည် ဗုံမောင်းနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြစမြဲဘဲ။ ဒီမှာကတော့ အိုးစည်ဗုံဗောင်းသံကြားရဖို့ဝေးစွ။ ထမင်းနဲနံ့လေးရဖို့တောင်မှ အနိုင်နိုင်ရယ်။

ကျနော်တို့နှင့်တစ်အိမ်ထဲ အတူနေတဲ့ ဦးလေးကြီးတစ်ယောက် ထမင်းနဲကို ကြိုးစားထိုးတယ်။ တစ်နေ့လုံး အိုးထဲကဆန်ထမင်းတွေကို ယောက်မနှင့်မွှေနေတာတော့ တွေ့သားဘဲ။ ထမင်းနဲလား ဘာလား ကျနော်တော့မပြောတတ်တော့ပါဘူး။ စားကြည့်လိုက်တော့ ကောက်ညှင်းပေါင်းလိုလို ကောက်ညှင်းဆန်ပြုတ်လိုလို ခပ်ပြစ်ပြစ်အနေအထားနဲ့ အရသာက ချိုတိုတိုရယ်။
သူ့ကို မေးကြည့်လိုက်တော့ တပို့တွဲလမို့ ထမင်းနဲထိုးတာပါတဲ့။ ရာသီစာလေးကို အခွင့်ကြုံတုန်းစားထားဆိုလို့ ကျနော်လဲ မြည်းကြည့်ဖြစ်ခဲ့ပါတယ်။ ချိုချိုလေးဘဲ။ အုန်းနို့ထည့်ထားတာတဲ့။ အုန်းဆံလေးတွေလဲထည့်ထားတာဆိုတော့ အနံ့ကတော့ ထမင်းနဲနံ့နဲ့ နဲနဲတော့ တူပါတယ်။ ဒါကြောင့်မို့ ထမင်းနဲ နံ့လေးရဖို့ တောင်မှအနိုင်နိုင်ရယ်လို့ ကျနော်ရေးလိုက်တာပါ။

အဲဒီထမင်းနဲတွေ အခုထက်ထိ မိုးဖိုချောင်ထဲမှာ ရှိသေးတယ်။ ဦးလေးကြီးကတော့ မိတ်ဆွေပေါတဲ့သူဆိုတော့ မိတ်ဆွေတွေအတွက် Take away တွေပေးတယ်။ ကျနော်တို့ကိုလဲ ကျွေးတယ်။ သူ့စေတနာတွေလေ။ လေးစားဖို့ကောင်းပါတယ်။ ထမင်းနဲထိုးတယ်ဆိုတာ ပင်ပင်ပန်းပန်းထိုးရတာ မဟုတ်လား။ အချိန်လဲကုန်တယ်။ အားလဲကုန်တယ်လေ။
ဒါပေမဲ့ ဂက်စ်မီးဖိုနဲ့အိုးတည်ရတာရယ်၊ အဆာပလာ မပြည့်စုံတာရယ၊် ရေနဲနဲများသွားတာရယ်တွေကြောင့် ထမင်းနဲက အဆင်းမလှခဲ့ရရှာတာပါ။ ထမင်းနဲက တစ်မျိုးထဲမကဘူး။ နှစ်မျိုးတိတိကြီးများတောင်။ အဖြူကတစ်မျိုး။ အမဲကတစ်မျိုး။
တစ်မျိုးနှင့်တစ်မျိုး မရိုးရအောင်ပေါ့ဗျာ။

ဘာဘဲပြောပြော လန်ဒန်မှာ နေထိုင်ရင်း ကျနော်ကတော့ ထမင်းနဲကို ပထမဆုံးအကြိမ် ဦးဦးဖျားဖျား စားခွင့်ကြုံလိုက်ပါတယ်ခင်များ။


ဆုတောင်း။
ထမင်းနဲထိုးတဲ့ ဦးလေးကြီးနှင့်တကွ စာဖတ်သူအပေါင်း ကျန်းမာချမ်းသာ အသက်ရာကျော်ရှည်ပါစေဗျာ။

Wednesday, 10 December 2008

ခရစ်စမတ်ရဲ့  အဓိပ္ပါယ်အမှန် (၂)





CHRISTMAS ဆိုတဲ့ အဓိပ္ပါယ်ကို အဲဒီစာအုပ်ကလေးထဲမှာ ခရစ် (Chris) က အောက်ပါအတိုင်းရေးထားတယ်။
အားလုံးအတွက် မှတ်သားစရာကောင်းပါတယ်။ ခရစ်ယာန်ဘာသာဝင်ဘဲ ဖြစ်ဖြစ် အခြားဘာသာဝင်တွေဘဲ ဖြစ်ဖြစ် ဗဟုသုတအနေနဲ့ ဖတ်ရှုမှတ်သားသင့်တဲ့စာအုပ်ကလေး တစ်အုပ်ပါ။


အလကားရတဲ့ပန်း တန်ဖိုးမရှိဘူးလို့ မပြောလိုက်ပါနဲ့ ဆိုတဲ့ စကားလိုဘဲ အလကားရရှိခဲ့ပေမဲ့ ဒီစာအုပ်ကလေးဟာ တန်ဖိုးမရှိဘူးလို့ ပြောလို့မရပါဘူး။ တန်ဖိုးရှိပါတယ်။ အသိဥာဏ် ဗဟုသုတကို အခုလို အခမဲ့ ဖြန့်ချီပေးတဲ့သူတွေကို ကျေးဇူးအထူးတင်စရာကောင်းပါတယ်။
...................................................


ကဲ CHRISTMAS ရဲ့  အဓိပ္ပါယ်အမှန်လေးကို ကြည့်လိုက်ကြရအောင်။


C= Christ (ခရစ်တော်)
ခရစ်တော် လာပြီ၊ အခု သူရှိနေတယ်၊ သူ့ကို မွေးဖွားပြီ။


H= Hope (မျှော်လင့်ချက်)
ခရစ်တော်အပေါ်ထားရှိတဲ့ ကျန်ုပ်တို့ရဲ့ မျှော်လင့်ချက်တွေ အခု ပြည့်ဝပြီ။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော် ရောက်ရှိလာလို့ဘဲ။ သင်တို့ အေးအေးဆေးဆေး ငြိမ်းချမ်းစွာနေလို့ရပြီ။ မြင့်မြတ်စွာ ကြီးပွါးခြင်းဆိုတဲ့ သင်တို့ ဘ၀ရဲ့  မျှော်လင့်ချက် ရောင်နီတွေကို အခု ဖြည့်ဆည်းပေးခဲ့ပြီ။


R= Righteousness (မှန်ကန်ဖြောင့်မှတ်မှု)
ခရစ်တော် လာပြီ၊ သင်တို့ရဲ့  မျှော်လင့်ချက်တွေကို သူသဘောပေါက်တယ်။ အခု မှန်ကန်ဖြောင့်မှတ်မှုဟာ သင်တို့အတွက်ဖြစ်တယ်။ သင်တို့ရဲ့  မှန်ကန်ဖြောင်မှတ်မှုနဲ့ ထာဝရဘုရားသခင်ကို ကျေနပ်မှုပေးစရာ မလိုတော့ပါဘူး။ ခရစ်တော်ကိုယ်တိုင် သူ့ရဲ့ ကိုယ်ပိုင် မှန်ကန်ဖြောင့်မှတ်မှုနဲ့ စံပြအဖြစ်ပြုလုပ်ခဲ့ပြီးပြီ။


I= Inheritance. (အမွေအနှစ်)
အမွေအနှစ်ကို သင်တို့အား ပေးအပ်နှင်းခဲ့ပြီ။ သင်ဟာ သာမန်လူမဟုတ်တော့ဘူး။ သင်ဟာ ဘယ်လိုမှ မဆင်းရဲနိုင်တော့ဘူး။ သင်ဟာ ခရစ်တော်နှင့်အတူ ထာဝရဘုရားသခင်ရဲ့  အမွေခံဖြစ်တယ်။


S= Salvation (ကယ်တင်ခြင်း)
ခရစ်တော်ရောက်ရှိလာတဲ့အတွက် ကယ်တင်ခြင်းကို ပြည့်ဝစွာ ဆောင်ရွက်ပြုလုပ်ပြီးပြီ။


T= Telling (ပြောပြခြင်း)
ခရစ်တော်ရောက်ရှိလာကြောင်း မပြောပြရသေးသောသူတွေအတွက် ပြန်ပြောပြကြရမယ်။ အခုအချိန်ဟာ တစ်စုံတစ်ယောက်ကို ခရစ်တော်အကြောင်းပြောပြရမဲ့အချိန်ပါ။


M= Ministry (အုပ်ချုပ်ခြင်း)
ပြန်လည်စုစည်းမှုကို ပြုလုပ်ပေးတဲ့ အုပ်ချုပ်သူအဖြစ် သင့်ကို နေရာချထားပြီးပြီ။ ခရစ်တော်ဟောကြားခဲ့တဲ့တရားတော်တွေအတိုင်း အုပ်ချုပ်ပေးမဲ့သူအဖြစ် သတ်မှတ်လိုက်ပြီ။
အသင်ဟာ အခုအချိန်မှာ ခရစ်တော်ရောက်ရှိလာတဲ့အကြောင်း မသိသေးသောသူတွေကို ပြောပြဖို့ အုပ်ချုပ်မှုနယ်ပယ်ထဲရောက်နေပြီ။


A= Acceptance (လက်ခံခြင်း)
ကမ္ဘာပေါ်ရှိ သူတို့အားလုံးကို လက်ခံပြီးတဲ့အကြောင်း ခရစ်စမတ်နေ့မှာ လူတိုင်းကို ပြောပြဖို့ သင်တို့ကို တာဝန်ပေးအပ်လိုက်ပြီ။ သင်ဘာဘဲ လုပ်ခဲ့ လုပ်ခဲ့၊ သင်ဘယ်ဘဲ ရောက်ခဲ့ ရောက်ခဲ့၊ သင် ဘယ်လိုဘဲ အသက်ရှင်ခဲ့ ရှင်ခဲ့ ပြဿနာမရှိပါဘူး။ ဘုရားသခင်က သင့်ကို ကြိုဆိုလက်ခံလျက်ပါဘဲ။
ဘုရားသခင်က သင့်ရဲ့ မကောင်းမှု အပြစ်တွေကို သင့်ကို ဆန့်ကျင်ပြီး ရေတွက်မှတ်ယူနေမှာ မဟုတ်ပါဘူး။


S= Sonship (သားတော်အဖြစ်)
ကျန်ုပ်တို့ကို ဘုရားသခင်က လက်ခံလိုက်ပြီ။ ဘုရားသခင်က ကျန်ုပ်တို့ကို သားတော်အဖြစ် ယူဆောင်သွားခဲ့ပြီးပြီ။ သင်ကိုယ်တိုင် ဘုရားသခင်ရဲ့ သားတော်ဖြစ်ဖို့ လုပ်နေတာမဟုတ်ပါဘူး။ သင်ကိုယ်တိုင် ဘုရားသခင်ကို သွေးဆောင်ကျေနပ်နှစ်သိမ့်စေနေတာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခု သင်ဟာ ဘုရားသခင်ရဲ့ သားတော်ပါဘဲ။

အဲဒါ ခရစ်စမတ်ရဲ့  အဓိပ္ပါယ်အမှန်အကန်ပါဘဲ။ သင်ခရစ်စမတ်ပွဲတော်ကျင်းပနေတဲ့အခါမှာ အဲဒီအချက်အလက်တွေကို စဉ်းစားစေချင်ပါတယ်။ ဒါမှ ဘုန်းတန်ခိုးတော်အပေါင်းနှင့်ပြည့်စုံတဲ့ ခရစ်စမတ်ဖြစ်မှာပါ။

Merry Christmas!
ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေ။
..............................

အဲဒီစာအုပ် (Rhapsody of Realities) ကလေးထဲက စာမျက်နှာ ၆၈ နှင့် ၆၉ ကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဘာသာပြန်ထားတာပါ။
ခေါင်းစဉ်လေးက The Real Meaning Of Christmas! တဲ့။
Thanksgiving day မှာ ကြက်ဆင်သတ်စားမယ်၊ ခရစ်စမတ်မှာ ပျော်ပါးကြမယ် ဆိုတဲ့ အသိစိတ်ကလေးတွေကို
ခဏမေ့ထားပြီး ခရစ်စမတ်ရဲ့  အဓိပ္ပါယ်လေးကို နဲနဲလောက်ဖတ်ရှုပြီး ဗဟုသုတ အလင်းရောင်လေး ခေါင်းထဲ ဖျတ်ကနဲ ရောက်သွားတယ်ဆိုရင် ၀မ်းသာဂုဏ်ယူလို့မဆုံးပါဘူး။

ကိုးကွယ်မှုဘာသာပေါင်းစုံရဲ့  အတွေးအခေါ်အယူအဆတွေ အားလုံးကို လေ့လာမှတ်သားခြင်းဟာ ဗဟုသုတဟင်းလေးအိုးကြီးဖြစ်ခြင်းရဲ့  အကြောင်းတစ်ရပ်ပါဘဲ။
လောကမှာ မလေ့လာအပ်တဲ့ပညာမရှိပါဘူး။ အသုံးမချအပ် အသုံးမပြုအပ်တဲ့ ပညာဘဲရှိတာပါ။ ဒါကြောင့်မို့ ဘယ်ဘာသာစာပေကိုဘဲဖြစ်ဖြစ် အချိန်အားလေးရရင်တော့ ဖတ်စေချင်ကြောင်း တင်ပြလိုက်ရပါတယ်။

Tuesday, 9 December 2008

ခရစ်စမတ်ရဲ့  အဓိပ္ပါယ်အမှန် (၁)


ဘာလိုလိုနဲ့ ခရစ်စမတ်ရောက်ပြန်တော့မယ်။
မနှစ်က ခရစ်စမတ်ကာလမှာ ကျနော်ဟာ လန်ဒန်ရဲ့  မွေးကင်းစ ကလေးလေးပေါ့ဗျာ။
တောသားမြို့ ရောက်သလို ယောင်လည်လည်နဲ့မို့ ခရစ်စမတ်ပွဲတော်ကြီးကို ဘယ်လိုကျော်ဖြတ်ခဲ့ရမှန်း ကောင်းကောင်းတောင်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ညဥ့်နက်သန်းခေါင်ထိ "ရွှီး" "ဒိုင်း" "ဖျောင်း" ဆိုတဲ့ ဗျောက်အိုးဖောက်သံတွေ ကြားခဲ့ရတာကိုတော့ မှတ်မိနေသလိုလိုဘဲ။
ချမ်းအေးလှတဲ့ ရာသီဥတုဒဏ်ကို အမှုမထားဘဲ ပျော်ကြပါးကြတာနေမှာပေါ့လေ။

ခေတ်ကာလ အခြေအနေအရ
ဘယ်ဘာသာဘဲဖြစ်ဖြစ် ဘာသာရေးအခမ်းအနားပြုလုပ်တယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအရ အဖြစ်သဘောလောက်ဘဲ ရှိကြပါတော့တယ်။ ဘာသာတရားရဲ့  ရင်းမြစ်မူလကို ကောင်းကောင်းမသိကြတော့ဘူး။ သူတို့သိတာက ပျော်ဖို့ပါးဖို့လောက်ဘဲ။

မြန်မာမှာလဲ တန်ခူးသင်္ကြန်ပွဲတော်၊ သီတင်းကျွတ်ဆီးမီးထွန်းပွဲတော်၊ တန်ဆောင်မုန်းတန်ဆောင်တိုင်ပွဲတော်၊ တပေါင်းဘုရားပွဲတော် စတဲ့ ပွဲတော်တွေကို ကျင်းပကြလေ့ရှိပါတယ်။ ဒါပေမဲ့ ပွဲတော်ရဲ့  ရွယ်ရည်ချက်ကို လူတွေ မသိကြတော့ဘူးလေ။ သင်္ကြန်ရောက်ရင် ဘယ်လိုကဲမယ်၊ သီတင်းကျွတ်မှာ ဘယ်လိုမိုက်မယ်၊ တန်ဆောင်တိုင်ညမှာ ဘယ်လို ကြမ်းမယ်၊ တပေါင်းပွဲမှာ ဘယ်လိုရမ်းမယ် စတဲ့ အပျော်အပါးလောက်ဘဲ စိတ်ဝင်စားတတ်ကြတာမဟုတ်လား။ ရင်နာစရာပါ။

အခုလဲ ခရစ်စမတ်ရောက်ခါနီးပြီ။
Merry Christmas လုပ်ကြမယ်။
ကဒ်တွေ အပြန်အလှန်ပို့ကြမယ်။ ရုံးပိတ်ရက်အားရမှာမို့ လျောက်လည်ကြမယ်၊ စားပွဲသောက်ပွဲပြုလုပ်ကြမယ်။ အပျော်အပါးတွေနဲ့ အချိန်ကို ကုန်လွန်စေမယ်။
လက်ဆောင်တွေ ဖလှယ်ပြီး ဖောက်ကြည့်ကြမယ်။
ခရစ်စမတ်ပြီးမကြာခင်နှစ်သစ်ရောက်တော့မှာမို့ နှစ်သစ်ကို သောက်စားပြီး ကြိုဆိုကြမယ်။ Happy New Year လုပ်ကြတယ်။
လူတွေသိတာက ဒီလောက်ဘဲ။
ခရစ်စမတ်ရဲ့  အဓိပ္ပါယ် အမှန်အကန်ကိုကျတော့ မသိကြတော့ဘူးလေ။
အမှန်အတိုင်းဝန်ခံရရင် ကျနော်ကိုယ်တိုင်လဲ ကောင်းကောင်းမသိပါဘူး။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Hounslow High Street မှာ ရှိတဲ့ Super Market ကို သွားပြီး လျောက်ကြည့်ဖြစ်တယ်။ ဈေးကို မရောက်ခင် လမ်းခုလတ်မှာ အမျိုးသမီးလေးသုံးယောက် လက်ကမ်းစာစောင် သဘောမျိုး စာအုပ်ကလေးတွေကို အလကားပေးနေတာတွေ့လို့ ကျနော်လဲ မြန်မာပီပီ တစ်အုပ်ယူလာခဲ့တယ်။
အချိန်ကုန်ခံပြီး ရောက်လာတဲ့လူတိုင်းကို တောင်းတောင်းပန်ပန်နဲ့ ပေးနေတာကို ကြည့်ခြင်းအားဖြင့် ဒီစာအုပ်ဟာ တစ်နည်းနည်းနဲ့ အရေးပါမှန်း ကျနော် သဘောပေါက်ပါတယ်။
အိမ်ပြန်ရောက်ပြီး သေချာကြည့်လိုက်တော့မှ ခရစ်ယာန်အကြောင်းရေးထားတဲ့ စာအုပ်ကလေးဖြစ်မှန်းသိရတယ်။ တကယ်ကောင်းတဲ့ စာအုပ်ကလေးပါ။
နာမည်လေးက Rhapsody of Realities တဲ့။ စာမျက်နှာ ၈၀ ကျော်ရှိတယ်။
Chris နှင့် Anita တို့ စုပေါင်းရေးထားတဲ့စာအုပ်ကလေးပါ။

စာရွက်သားကလဲ အလွန်ကောင်းပါတယ်။ စာတွေရေးသားပုံကလဲ သပ်ရပ်မှုရှိပါတယ်။
စာအုပ်ကလေးကို ကြည့်ပြီး အော်... ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေလဲ သာသနာပြုတဲ့အနေနဲ့ ဒီလိုအလုပ်မျိုးကို ပြုလုပ်သင့်တာဘဲ လို့ စဉ်းစားမိတယ်။ ငါတို့ဘာသာက မှန်တယ်၊ ငါတို့ဘာသာထဲမှာမှ ဘယ်ဂိုဏ်းက ပိုမှန်တယ် လို့ ငြင်းခုံပြီး မာနတွေ တထောင်ထောင်ဖြစ်နေကြမဲ့အစား ဘာသာသာသနာပြန့်ပွါးဖို့ စုစုစည်းစည်း ညီညီညွတ်ညွတ် သာသနာပြုလုပ်ငန်းကို ပြုလုပ်ကြရင် အမှန်တကယ်လဲ ကျနော်တို့ သာသနာ ပြန့်ပွါးမှာ သေချာပါတယ်။

အဲဒီ စာအုပ်ရဲ့ နောက်ကျောဘက်မှာ ရေးထားတဲ့ စာပိုဒ်လေးကြောင့် ကျနော်ပိုပြီး ဒီစာအုပ်ကလေးကို စိတ်ဝင်စားသွားတာပါ။
"ဒီ Rhapsody of Realities စာအုပ်ကို Copy ပေါင်း သန်းပေါင်းများစွာရိုက်နှိပ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်ကို ဖြန့်ချီပြီးပါပြီ။ မြန်မာဘာသာအပါအ၀င် ဘာသာပေါင်း ၆၀ ကျော် ဘာသာပြန်ထားပြီးပါပြီ" တဲ့။

(ဆက်မယ်)