Friday 17 October 2008

WWW နှင့် MMM (၁)

WWW ဆိုလို့  World Wide Website ဆိုတဲ့ ကမ္ဘာအင်တာနက်ကွန်ယက်နဲ့  မလွဲမှားစေချင်ဘူး။ အင်တာနက်တွေ အရမ်းခေတ်စားလာတဲ့ ခေတ်ကာလကြီးဖြစ်နေတဲ့အတွက် ကြိုတင်ပြောပြထားတာပါ။ အင်တာနက်ကို
နေ့ တိုင်းသုံးခွင့်ရနေတဲ့အတွက် နားလည်သယောင်ယောင်ရှိပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ကျနော် အင်တာနက်ရဲ့  Techonology တွေကို ဘာမှ မသိသေးပါဘူး။ ဒါကြောင့်မို့  ခေါင်းစဉ်မှာပါတဲ့ WWW ဆိုတာဟာ အင်တာနက်ကို ဆိုလိုတာမဟုတ်ပါဘူးလို့ ဆိုလိုက်ပါရစေ။
.....................................

ကျနော် လန်ဒန်ကိုရောက်ပြီး တစ်ပတ်အကြာမှာဘဲ အင်္ဂလိပ်လူမျိုးဆီ အင်္ဂလိပ်စာ သင်ယူဖို့  အင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာ စတင်တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ နေတဲ့ နေအိမ်နှင့် အဲဒီကျောင်းနှင့် နှစ်မိုင်လောက်နီးပါး ဝေးပေမဲ့ ဘတ်စ်ကားစီးရင် (အသွားအပြန်) စတာလင်ပေါင် နှစ်ပေါင်လောက် ကုန်တဲ့အတွက် နေ့ တိုင်းလမ်းလျောက်ပြီး ကျောင်းကိုသွားလေ့ ရှိပါတယ်။

ရာသီဥတုကအရမ်းအေးတဲ့အတွက် ခန္ခာကိုတစ်ခုလုံး အ၀တ်တွေနဲ့ ထုပ်ပိုးထားရတယ်။ အေးတာလဲ မဆန်းပါဘူးလေ။ တစ်နေ့ လုံး နေရောင်ခြည်မြင်ရတာက ခပ်ရှားရှားကိုး။ တစ်နေ့ လုံး အုံ့ ဆိုင်းဆိုင်းပါဘဲ။ မနက် ၈ နာရီလောက်မှာ မိုးလင်းပြီး ညနေ ၄ နာရီ မိုးချုပ်တယ်ဆိုတော့ အိပ်ချိန်မျာများရတာက လွဲရင် ဘာမှ မကောင်းဘူးပေါ့ခင်မျာ။

လမ်းလျောက်ရင်း လမ်းတစ်လျောက် အကဲခတ်လေ့လာမိလိုက်တယ်။ ဘယ်သစ်ပင်မှာမှ သစ်ရွက်တစ်ရွက်မှ မရှိကြဘူး။ ရိုးတံကျဲကျဲ နေပူထဲအစား ရိုးတံကျဲကျဲ နှင်းထုထဲလို့ အစားထိုးရလောက်တယ်။ အရွက်မရှိတဲ့အပင်တွေကို ကြည့်ရတာ အ၀တ်အစားမပါတဲ့ သူယောင်မယ်ကို ကြည့်ရသလောက် မနှိပ်ဘူးဗျာ။

ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ရာသီ ၃ မျိုးမဟုတ်ဘူး။ ၄ မျိုးရှိတာ။ ဆောင်းဦးရယ် ဆောင်းရယ် နွေဦးရယ် နွေရယ်။ မိုးရာသီမရှိဘူး။ ဒါပေမဲ့ အချိန်မရွေး မိုးရွာလေ့ရှိတယ်။

တစ်နေ့ ။
နေရောင်ခြည်လေး မနက် ကိုးနာရီလောက်မှာ ပေါ်ထွက်လာတယ်။ ပိုင်ပြီပေါ့။ ကျနော်တို့ အဖွဲ့  ထီးမယူဘဲ ကျောင်းကို လမ်းလျောက်သွားကြတယ်။(ထီးယူသွားရင်လဲ လေအရမ်းတိုက်တဲ့အတွက် သိပ်အဆင်မပြေဘူး၊ အကာအကွယ် ရရုံလောက်ပါဘဲ)။ လမ်းတစ်ဝက်လောက်လဲ ရောက်ရော ဆိုင်းမဆင့် ဘုံမဆင့် မိုးရွာချလိုက်ပါရော။ ဘာပြောကောင်းမလဲ လူတစ်ကိုယ်လုံး ကြွက်စုပ်ရေမွှန်းပေါ့ခင်မျာ။
နီးစပ်ရာ အိမ်ထဲ ၀င်ပြေးဖို့ နေနေသာသာ ဒီမှာက လူ့ အခွင့်အရေးတွေ အရမ်းများတဲ့အတွက် တော်ကြာ ကျူးကျော်မှုနဲ့ တရားစွဲနေမှ ဘတ်စ်ကားခထက် အဆ သိန်းချီပြီး ကုန်နေရင် ဒုက္ခ။ ဒါကြောင့်မို့  ခပ်မိုက်မိုက်ဘဲ ကားလမ်းဘေးက ဆက်လျောက်သွားလိုက်တယ်။


တီ....တီ.... တီ
ကားဟွန်းတီးသံနှင့်အတူ ကားဖြူလေးတစ်စီး အနားမှာလာရပ်တယ်။ ဘုရား.. ဘုရား.. လူဆိုးထိန်းကားများလား မသိဘူး။ သေချာကြည့်လိုက်မှ ကယ်တင်ရှင်ဖြစ်နေမှန်းသိရတယ်။ အသိမိတ်ဆွေ အမျိုးသမီးကြီးတစ်ယောက်။

"ငါ့တူတို့ ... ကားပေါ်တက်ကြ မိုးကအရမ်းသည်းနေတယ်"

ကားပေါ် ကပျာကယာတက်ပြီး အဲဒီကားလေးရဲ့ အကူအညီနဲ့ ဘဲ ကျောင်းကို ချောချောမွတ်ရောက်သွားတယ်။

ကျနော်တို့ က "အဒေါ်ရာ.. ကျနော်တို့ က နေထွက်လာလို့  မိုးမရွာဘူးတော့ဘူးထင်ပြီး ထီးမယူလာခဲ့ကြဘူး" လို့  ပြောလိုက်တဲ့ အခါမှာ
ကားကို သတိထားမောင်းရင်းနဲ့  အဲဒီအဒေါ်က မျက်နှာခပ်ပြုံးပြုံးနဲ့ ဘဲ ပြောပြတယ်။

"ငါ့တူတို့ ... သေချာမှတ်ထားကြ၊ လန်ဒန်မှာ W သုံးလုံး (WWW) အစိုးမရဘူးကွဲ့ "

"အဒေါ်ရယ် သေချာလေးရှင်းပြပေးပါလား W သုံးလုံးဆိုတာကို"

"အေးမှတ်ထားကြ ပြောပြပေးမယ်
W= Weather (ရာသီဥတု)
W= Work (အလုပ်အကိုင်)
W= Woman (မိန်းမ)
အဲဒါ W သုံးလုံးရဲ့ အဓိပ္ပါယ်ဘဲကွဲ့ ။
ဒီမှာက ရာသီဥတုက လုံးဝမမှန်ဘူး အခုငါ့တူတို့ အသိဘဲ၊ မိနစ်ပိုင်းအတွင်းမှာ နေပူမယ် မိုးရွာမယ် လေတိုက်မယ်။ ဖြစ်ချင်သလို ဖြစ်နေတာ။
အလုပ်ရဖို့ ကိစ္စလဲ ဒီလိုဘဲ လွယ်သယောင်နဲ့  အတော်ကို ရှာရခက်တာ။
မိန်းမဆိုရင် မပြောနဲ့ တော့ အခုကြိုက် အခုလိုက်ပြေး အခုကွဲကြပြန်ရော"

သူ့ စကားတွေကို နားထောင်ရင်း ကျနော်လဲ အော်.. အော်... သူတို့ လန်ဒန်က W သုံးလုံးဆိုတာ ဂလိုကိုးလို့ သာ စိတ်ထဲ ရေရွတ်မိနေလိုက်ပါတော့တယ်။

...




No comments: