Wednesday, 22 October 2008

ဘာဘဲလုပ်လုပ် မလောနဲ့ (၁)

ဒီနေ့ နေရောင်ခြည်မြင်ရတယ်၊ အင်္ဂလန်မှာက သိတဲ့အတိုင်းဘဲ ရေချိုးရတာထက် နေချိုး (Sun-bathing)ရတာကို အတော်ကြိုက်ကြတာကလား။ နေထွက်တဲ့နေ့တွေမှာဆို အင်္ဂလိပ်လူမျိုးတွေ Park (ပန်းခြံ)တွေထဲမှာ တုံးလုံးပက်လက် ပိုးစိုးပက်စက် နေချိုးနေကြတာ တွေ့ရစမြဲ။ ကျနော်လဲ မြန်မာပီပီ (ဟိတ်ဟန်အပြည့်နဲ့)နေရောင်ခြည်ကို ချိုးသုံးရင်း လမ်းလျောက်ထွက်ဖြစ်တယ်။
လမ်းလျောက်ရင်း စဉ်းစား၊ စဉ်းစားရင်းလမ်းလျောက်။

"ဒီနေ့ မြန်မာနိုင်ငံကို ဖုန်းဆက်စရာရှိတယ်၊ ဖုန်းကဒ် တစ်ဆယ်ဖိုးဝယ်ရမယ်၊
၂၀ဘဲ ယူခဲ့တာဆိုတော့ ကျန်တဲ့ ၁၀ ကို ထီထိုးမယ်။ သူတို့ခေါ်တဲ့ Jackpot အမြင့်ဆုံးဆုကြီးတာပေါက်ရင်တော့ ဟဲ ဟဲ ကမ္ဘာ့မီလျံနာ သူဌေးကြီးဖြစ်ပြီပေါ့"

စဉ်းစားရင်းနှင့်ဘဲ ဖုန်းကဒ်ရောင်းတဲ့ ဆိုင်နားရောက်လာတယ်။ ရောင်းတဲ့သူက ကုလားစစ်စစ်။ ကျနော် တိုတိုရှင်းရှင်းဘဲ ပြောလိုက်တယ်။

"UniAsia two, Cobra one"

UniAsia ဆိုတဲ့ ဖုန်းကဒ်က နှစ်ကဒ်ဝယ်ရင် ၅ပေါင်နှင့်ရတယ်၊ Cobra က တစ်ကဒ်ကို ၅ပေါင်။ စုစုပေါင်း ၁၀ပေါင်ပေါ့ဗျာ။
UniAsia တစ်ကဒ်ကို မြန်မာနိုင်ငံကိုပြောရင်(တစ်ဆက်ထဲပြောရင်)မိနစ် ၂၀ လောက်အချိန်ရတယ်။ Cobra တစ်ကဒ်ကို မိနစ် ၉၀ လောက်ရတယ်။
အခုခေါ် အခုပြန်ချ၊ ပြီးမှထပ်ခေါ်ဆိုရင်တော့ မိနစ်တွေ တစ်ဝက်မက စားသွားတယ်။ ကြာကြာပြောလို့မရတော့ဘူး။
ဒါကြောင့် ကျနော်က လိုရမယ်ရ ၁၀ဖိုး ၃ ကဒ်ဝယ်လိုက်တယ်။ တစ်ဆယ်ဖိုးဝယ်တဲ့ အတွက် ပဲနိနှစ်ဆယ် လျော့ပေးတယ်။
စုစုပေါင်း ၉ ပေါင်နှင့် ၈၀ ပဲနိ။

ကျနော် ပေါင် ၂၀ တိတိပေးလိုက်တယ်။ သူ ဖုန်း ၃ ကဒ်ပေးတယ်၊ ပြီးတော့ ၂၀ ပဲနိ ပြန်အမ်းပေးတယ်။ ကျနော်လဲ ဖုန်းကဒ် ၃ ကဒ်နှင့် ပဲနိ ၂၀ကို ယူပြီး ထီရောင်းတဲ့ဆိုင်ကို တန်းလစ်တော့တာပါဘဲ။ ထီထိုးဖို့စိတ်က လောနေတာကိုး။

ထီရောင်းတဲ့ဆိုင်ရောက်ပြီ။ ထီလက်မှတ်ကိုယူ။ စိတ်ကြိုက်ဂဏန်းကိုရွေးချယ်။ ငွေချေဖို့ကောင်တာကိုသွား။ ပိုက်ဆံအိတ်ထဲ နှိုက်ကြည့်လိုက်တော့.. ဟိုက် ရှာလပတ်ရည်.... ပဲနိ ၂၀ ဘဲ ရှိနေပါလား။ ထီလက်မှတ်က တစ်စောင်ကို ၁ ပေါင်။ ရွေးချယ်ပြီးတဲ့ ထီလက်မှတ်က ငါးစောင်။

ဖုန်းကဒ်ဝယ်တာက ၁၀ ပေါင်ဖိုးထဲ။ ကျန်တဲ့ ၁၀ ပေါင် ဘယ်ရောက်သွားပါလိမ့်။ စေ့စေ့တွေးကြည့်မှ ရေးရေးပေါ်လာတယ်။
ဟာ... သွားပြီ....ဖုန်းကဒ်ဝယ်တုန်းက ပေါင် ၂၀ ပေးလိုက်တာ။ ၁၀ ပေါင်နှင့် ၂၀ ပဲနိ ပြန်အမ်းရမှာ။ ဖုန်းကဒ် ၃ ကဒ်နှင့် ပြန်အမ်းငွေ ၂၀ ပဲနိဘဲ ယူပြီး (၁၀ ပေါင်အပေးကို မစောင့်ဘဲ) ထီရောင်းတဲ့ဆိုင်ကို တမ်းပြေးလာခဲ့တာကိုး။

၁၀ ပေါင်ထဲဘဲလေဆိုတဲ့ အတွေးနှင့် သိပ်ပြီးမနှမြောဘူး။ ဒါပေမဲ့ ကျနော်က မြန်မာလူမျိုးလေ။ မြန်မာငွေနှင့်တွက်ကြည့်လိုက်တယ်။ ဘုရား...ဘုရား ကျပ်နှစ်သောင်းကျော်တန်ဖိုးရှိနေပါလား။ မဖြစ်ချေဘူး ပြန်သွားတောင်းမှ ဖြစ်မယ်။ ရွေးချယ်ပြီးသား ထီလက်မှတ်ကို အသာလေးပြန်ထားပြီး ဖုန်းကဒ်ရောင်းတဲ့ ဆိုင်ဘက်ကို အပြေးလေးခြေဦးလှည့်ခဲ့တယ်။ တော်ကြာ.. သူ မမှတ်မိဘဲဖြစ်နေမှ ဒုက္ခ။

အပြေးလေးလာရင်းနဲ့ဘဲ.. ကျနော့်အဖြစ်က ကြာနီကန်ဆရာတော် ဟောကြားခဲ့တဲ့ မောင်ဖြူ ပုံပြင်နှင့်ခပ်ဆင်ဆင်ဖြစ်နေတာကို ပြေးမြင်ယောင်မိရင်း ၁၀ ပေါင်ပြန်မရမှာ စိုးရိမ်တဲ့ကြားထဲက ပြုံးစိစိဖြစ်မိသေးတယ်။

မောင်ဖြူလို လူမျိုးထဲ ကျနော်လဲ ပါဝင်နေပြီထင်ပါရဲ့ ။

No comments: