Thursday, 16 October 2008

ကျနော်နှင့်လန်ဒန်ဆောင်းရာသီ(၃)

ကျနော်တို့ နေတဲ့အိမ်က အင်္ဂလိပ်လူမျိုးတွေ ပြောပြောနေကြတဲ့ Semi-detached house ပါ။ လန်ဒန်မှာ Mansion လို့ ခေါ်တဲ့ လုံးချင်းအိမ်တွေက ခပ်ရှားရှားဘဲလေ။ တကယ့်သူဌေးကြီးတွေမှ လုံးချင်းအိမ်နဲ့ နေကြတာ။ အများအားဖြင့်တော့ Semi-detached house ရယ် Detached house ရယ် ပြီးတော့ Flat တွေနှင့်ဘဲ နေထိုင်ကြတာများပါတယ်။

Semi-detached house ဆိုတာကတော့ အိမ်တစ်လုံးထဲကို နှစ်ခြမ်းခြမ်းထားတဲ့ အိမ်ကို ခေါ်တာပါ၊ ဟိုဘက်ခြမ်းမှာ မိသားစုတစ်ခု ဒီဘက်ခြမ်းမှာက မိသားစု တစ်ခုနေထိုင်ကြလေ့ရှိကြပါတယ်။
Detached house ဆိုတာကတော့ တစ်ခြားအိမ်နှင့်မထိစပ်ဘဲ ဆောက်လုပ်ထားတဲ့ လုံးချင်းအိမ်ကလေးပါဘဲ။
အဲ Flat ကိုတော့ သိကြမှာပါ၊ တိုက်ခန်းတွေပါဘဲ။ ရန်ကုန်မှာ Flat တွေ အများကြီးတွေ့ ဖူးကြမယ် ထင်ပါတယ်။
ကျနော်တို့ နေထိုင်တာက Semi-detached house ဆိုတော့ ဟိုဘက်ခြမ်းမှာ ကုလားမိသားစုတွေ နေထိုင်ကြတယ်။ ဒီဘက်ခြမ်းမှာတော့ ကျနော်တို့ ဗမာအုပ်စုတွေပေါ့ဗျာ။ အားလုံးလူပျိုလူလွတ်တွေချည်းပါဘဲ၊ (ဟဲ ဟဲ.. ကြော်ငြာဝင်တာ...)
....................

ပြောချင်တာက တစ်ခြားမဟုတ်ပါဘူး။ စုပေါင်းနေထိုင်ကြတော့ စုပေါင်းလုပ်အားပေးကြရတာပေါ့ဗျာ။ အပတ်စဉ် စနေနေ့ တိုင်းလုပ်အားပေး... အဲ.. မဟုတ်ဘူး၊ ယောင်လို့ ... ကြာသပတေးနေ့ တိုင်းမှာ အမှိုက်တွေကို Black bag လို့ ခေါ်တဲ့ ပလပ်စတစ်အိပ်မဲကြီးထဲ ထည့်ပြီး အိမ်ရှေ့ မှာ ပုံထားကြရတယ်။ နောက်တစ်နေ့ မှာ စည်ပင်သာယာကကားနဲ့  လာပြီးသိမ်းယူလေ့ရှိတယ်။ အမှိုက်ဆိုပေမဲ့ သစ်ရွက်ခြောက်တွေလို့ မထင်လိုက်ပါနဲ့ ၊ ထမင်းကျန် ဟင်းကျန်က စပြီး သတင်းစာစက္ကူအားလုံးကို လန်ဒန်မှာ အမှိုက်လို့ ခေါ်ကြတယ်။
အဲဒီအချိန်ကစပြီး ကျနော့်ရောဂါစတော့တာပေါ့ဗျာ။
.......................

ဆောင်းရာသီရဲ့ အအေးဓါတ်လွန်ကဲမှု၊ လန်ဒန်နှင့်အသားမကျသေးလို့ ဝမ်းချုပ်မှု ဆိုတဲ့ မှုကြီးနှစ်မှုကြောင့်ဘဲ ကျနော့် လက်ဖ၀ါးခြေဖ၀ါးကအရည်ခွံတွေကွာထွက်တယ်၊ ကွာထွက်တာမှ နဲနဲမဟုတ်ဘူး၊ သွေးလေးတွေစို့ လာတဲ့အထိလန်ထွက်တာ။ ပြီးတော့ နှုတ်ခမ်းတွေလဲ ကွဲတယ်။ သန့် ရှင်းရေးလဲလုပ် အခန်းတစ်ခန်းပြင်ဆင်တဲ့ အတွက် သစ်သားအပိုင်းအစလေးတွေလဲ ကိုင်တွယ်ရ အေးလွန်းလို့ ချွေးကလဲမထွက်ဆိုတော့ ကျနော့် ခန္ဓာကိုယ်မှာ ယားနာတွေပေါက်လာတယ်၊ ယားလိုက်တာလွန်ပါရော၊ လက်ဖ၀ါး ခြေဖ၀ါးတွေလဲ အရမ်းနာကျင်နေခဲ့တယ်။ အိပ်လို့ ကိုမရဘူး။

ရန်ကုန်မှာဆိုရင်တော့ သောက်ဆေးအပြင်လိမ်ဆေးပါ ဆေးဆိုင်တွေမှာ အချိန်မရွေးဝယ်လို့ ရတယ်။ ဒီမှာကျတော့ ဘယ်မှာဝယ်ရမှန်းတောင်မသိဘူး။ အရင်ရောက်နေတဲ့ သူငယ်ချင်းတွေကို မေးကြည့်ပြန်တော့လဲ GP(General Practitioner=ဆရာဝန်)လက်မှတ်မပါရင် ဆေးဆိုင်က ဆေးမရောင်းပေးဘူးလို့ ပြောတယ်။ ဒီလိုနဲ့ ဘဲ ... ကဲ.. ကဲ ကိုကိုမောင်ရေ့  ၀ဋ်ရှိသရွေ့ တော့ ခံလိုက်ပေဦးတော့....လို့  ကံကိုဘဲ ပုံချပြီး ရက်နှစ် ဆယ်လောက်ထိ မြန်မာ့နည်း မြန်မာ့ဟန်နှင့် အလွန်ယားယံတဲ့ နေရာလေးတွေကို ကုတ်ဖဲ့ပြီး တံတွေး ဆွတ်လို့ ဘဲ နေလိုက်ရပါတော့တယ်။
(ကံအားလျော်စွာဘဲ ရက်နှစ်ဆယ်လောက်မှာ ဆေးမကူဘဲ ရောဂါအားလုံးပျောက်ကင်းသွားခဲ့ပါတယ်။)

No comments: