Friday, 17 October 2008

WWW နှင့် MMM (၃)

ကျနော်ကလူတစ်မျိုးဗျ။ ဘောလုံးပွဲတွေဆို အရမ်းကြိုက်တယ်။ ဒါပေမဲ့ ဘောလုံးမကန်ရဲဘူး။ ကလေးတုန်းက ဘောလုံးကစားရင်း တစ်ဖက်က ကန်လိုက်တဲ့ ဘောလုံး ရင်ဘတ်ကို တိုက်ရိုက်ထိပြီး အီသွားအောင် ခံစားလိုက်ရတဲ့ အောင့်တောင့်တောင့်အရသာဆိုးကြီးကြောင့် ကျနော် ဘောလုံးကစားခြင်းမှ အနားယူလိုက်တာပါ။
ဒါပေမဲ့ Satellite ကလာတဲ့ ဘောလုံးပွဲတွေကိုတော့ မလွတ်တမ်း အမြဲကြည့်လေ့ရှိတယ်။ ကျနော့် Favourate team ကတော့ လူတကာကြိုက်တဲ့ မန်ယူပေါ့ဗျာ။

မှတ်မိသေးတယ် ၁၉၉၈ခုနှစ်တုန်းက မန်ယူ နှင့် ဘိုင်ယန်မြူနစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆုံကြတယ်။ မိနစ် ၉၀ လုံးလုံး ဘိုင်ယန်မြူနစ်က ၁းဝ နဲ့ နိုင်ထားတယ်။ မန်ယူရှုံးပြီဆိုပြီး တစ်ချို့ သူတွေ သူတို့ အိမ်ပြန်သွားကြတယ်။
ကျနော်ကတော့ အေးအေးဆေးဆေးဘဲ ပွဲပြီးအောင်ကြည့်လိုက်တယ်။ မိနစ်ကိုးဆယ်ပြည့်ပြီး နာကျင်ချိန်လေးမိနစ်လောက်ထပ်ပေးတယ်။ အံ့သြစရာကောင်းလောက်အောင် အဲဒီလေးမိနစ်အတွင်းမှာဘဲ မန်ယူက ၂ ဂိုးထပ်သွင်းလိုက်ပြီး ၂း၁ နဲ့ ချန်ပီယံလိဂ်ရဲ့  ချန်ပီယံဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

မန်ယူကိုအသဲစွဲအောင် ကြိုက်တဲ့အတွက် ကမ္ဘာ့မြေပုံတစ်ချပ်ကိုယူပြီး မန်ယူတည်နေရာကို လိုက်ရှာကြည့်တယ်။ အင်္ဂလန်နိုင်ငံရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ မြို့ လေးတစ်မြို့ ပါဘဲ။ မန်ယူကိုတည်နေရာ မန်ချက်စတာမြို့ ကို လိုက်ရှာရင်း အင်္ဂလန်နိုင်ငံတစ်ခုလုံးရဲ့  မြေပုံကို အကဲခတ်မိလိုက်တယ်။
အင်္ဂလန်တစ်နိုင်ငံလုံးရဲ့  အကျယ်အ၀န်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့  တစ်ဝက်လောက်တောင်မကျယ်ဘူး။

ဒီမှာတင် ဘောလုံးအကြောင်းကို အသာမေ့ထားပြီး ဘာဖြစ်လို့ ဒီလောက်သေးတဲ့ နိုင်ငံလေးက သူ့ထက်အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယ၊ မြန်မာစတဲ့ နိုင်ငံတွေကို ကိုလိုနီ (လက်အောက်ခံ) လုပ်နိုင်ရတာလဲ ဆိုတဲ့ အတွေးတွေဘဲ ခေါင်းထဲမှာ ချာချာလည်နေခဲ့တယ်။ ဒီအကြောင်းကို သိမယ်ထင်တဲ့သူတွေကို လိုက်ပြီး မေးကြည့်ဖြစ်တယ်။ ဦးလေးတစ်ယောက်ရဲ့ အဖြေကို ပိုသဘောကျမိတယ်။ သူက မင်းတို့ ကို ပုံပြင်တစ်ခု ပြောပြမယ်၊ သေချာနားထောင်ကြဆိုပြီး မင်းသားလေးတစ်ယောက်အကြောင်းကို ပြောပြတယ်။
.......................

တစ်ခါတုန်းက နန်းတော်တစ်ခုမှာ မင်းသားလေးတစ်ယောက်ရှိတယ်။ အဲဒီမင်းသားလေးဟာ ကံဆိုးစွာနဲ့ ဘဲ လုပ်ကြံတဲ့ပြစ်မှုအတုတစ်ခုနှင့်တိုင်းပြည်က နှင်ထုတ်ခံရတယ်။ သူလဲ နယ်စပ်တစ်ခုမှာ စခန်းချကာ လူသူလက်နက် စုဆောင်းပြီး မြို့ တော်ကို ခဏခဏလာတိုက်တယ်။ ဒါပေမဲ့ တိုက်တိုင်း သူအရှုံးနဲ့ ရင်ဆိုင်ရတာချည်းပါဘဲ။

ဒါကြောင့်မို့  မင်းသားလဲ စစ်ရှုံးတာ အကြောင်းတစ်ခုခုတော့ရှိရမယ်ဆိုပြီး မြို့ တော်ကိုကိုယ်တိုင် ရုပ်ဖျက်လို့  စုံစမ်းဖို့  တိတ်တစ်ဆိတ် ထွက်လာခဲ့တယ်။ မြို့ တစ်မြို့ ရဲ့  လမ်းဆုံဒေါင့်လေးတစ်ခုမှာ မုန့် ဆီကြော်ရောင်းနေတဲ့ အဘွားကြီးတစ်ယောက်ရှိတယ်။ ကလေးတစ်ယောက် အဘွားကြီးဆီက မုန့် ဆီကြော်ဝယ်ပြီး အဲဒီအနားမှာဘဲ စားနေတယ်။ ကလေးက မုန့် ဆီကြော်ကို အလည်ပိုင်းက စပြီး ကိုက်စားတယ်။ ဒါကြောင့်မို့ သူ့ ရဲ့  နှုတ်ခမ်းတွေမှာ ဆီတွေပေကုန်တယ်။ မုန့် ဆီကြော်ကိုသိတယ်မဟုတ်လား။ ဒီလောက်ကြီးတဲ့ အချပ်ကြီးကို အလည်ခေါင်ကစပြီး ကိုက်ဖောက်စားမှတော့ ပေကုန်ရောပေါ့။ အဘွားကြီးက ကလေးကို ပြောလိုက်တယ် "ဟေ့ကောင်လေး.... မုန့် ဆီကြော်စားတာကို ဟိုမင်းသား ပုန်ကန်သလို မလုပ်စမ်းပါနဲ့ "

အဲဒီအချိန်မှာ ဗိုက်ဆာလာလို့  မင်းသားကလဲ မုန့် ဆီကြော်ဝယ်စားဖို့ အနားမှာ စောင့်နေတယ်လေ။ အကုန်လုံးမြင်ရ ကြားရတာပေါ့။ မင်းသားလဲ မုန့် ဆီကြော်ဝယ်စားရင်း စိတ်ဝင်တစား အဘွားကြီးကို မေးကြည့်တယ် "အဘွား... မင်းသား ပုန်ကန်တာ နှင့် ဟိုကလေး မုန့်ဆီကြော်စားတာ ဘာဆိုင်လို့လဲ"

"ဆိုင်လှပြီကော မောင်ရာ မုန့်ဆီကြော်ကို အလည်ကစပြီး ကိုက်စားရင် မောင်ရင် မြင်တဲ့အတိုင်းဘဲလေ၊ အဆင်မပြေဘူး၊ လွယ်လဲ မလွယ်ကူဘူး။ ပါးစပ်လဲ ပေကုန်တာပေါ့။ နဘေးသားလေးတွေက စပြီးကိုက်စားရင် လွယ်လွယ်လေးဘဲ။ ပါးစပ်ဆီပေစရာလဲ မလိုဘူး။
ဟိုမင်းသားလဲ မြို့ တော်ကို စပြီး ချီတက် ပုန်ကန်တိုက်ခိုက်မှတော့ အင်အားခြင်းမှ မညီမျှတာ စစ်ရှုံးမှုာပေါ့။ နယ်စပ်တွေမှာ စစ်မက်ဗိုလ်ပါ ရဲမက် လက်နက်တွေ စုဆောင်းပြီး အင်အားလုံလုံလောက် တောင့်တင်းတဲ့အခါမှာမှ အဲဒီနယ်စပ်တစ်လျောက်က မြို့ လေးတွေကို သစ္ခာအရင်ခံခိုင်း နယ်တွေအားလုံးကိုယ့်ဘက်ပါလာပြီဆိုတဲ့ အချိန်ရောက်မှ လာပုန်ကန်ရင် လွယ်လွယ်နဲ့ နေပြည်တော်ကို ရနိုင်ပါတယ်"

ဟုတ်ကဲ့ ကျေဇူးပါဘဲ အဘွားရယ်.. ရော့ ဒီမှာ မုန့်ဖိုး.. ကျနော် သွားလိုက်ပါဦးမယ်။

အဘွားကြီးက သူ့ကို မင်းသားကိုယ်တိုင်ဖြစ်နေမှန်းမသိရှာပါဘူး။ မုန့် ဆီကြော် ရောင်းမြဲ ရောင်းလျက်ပါဘဲ။
......................................

မင်းသားဟာ အဘွားကြီးရဲ့ စကားအတိုင်း နယ်စပ်တစ်လျောက် အားလုံးကို စည်းရုံးပြီး အင်အား အရမ်းတောင့်တင်းလာတယ်။ တိုတိုပြောရရင်တော့ မကြာခင် နှစ်များအတွင်းမှာဘဲ နေပြည်တော်ကြီးကို အောင်မြင်စွာ သိမ်းယူပြီး တရားမျှတစွာ အုပ်ချုပ်ပြီး အဘိသိက်ခံ ဘုရင်တစ်ဆူ ဖြစ်လာပါတော့တယ်။

မင်းသားလဲ မင်းဖြစ် အဘွားကြီးလဲ မုန့်ဆီကြော်ဆိုင် ပြုတ်တော့တာပါဘဲ။ ဟုတ်တယ်လေ။ မုန့်ဆီကြော်ရောင်းဖို့မှ မလိုတော့တာ။ ရှင်ဘုရင်က ပေးသနားတဲ့ ဆုတော်လာဘ်တော်တွေကို လက်ခံရယူပြီး ချမ်းသာစွာဘဲ နေသွားရပါသတဲ့။

ဗြိတိသျှလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတွေက အဘွားကြီးရဲ့  မုန့်ဆီကြော်စားနည်း နိသျည်းအပြင် အခြားနည်းလမ်းတွေကို ကောင်းကောင်းသိတယ်ကွ။ ဒါကြောင့်မို့ လို့ အကောင်သေးပေမဲ့ အဆိပ်ပြင်းတာ။
အဲဒီနည်းစနစ်တွေနဲ့ဘဲ အိန္ဒိယ မြန်မာစတဲ့ နိုင်ငံကြီးတွေကို အုပ်ချုပ်နိုင်တာပေါ့...လို့ ဦးလေးကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။
ကျနော်လဲ အတော်လေး သဘောကျသွားတယ်။ ဒါယုတ္တိရှိတယ်လေ။
..............................


"ကိုကိုမောင်ရေ့  .... နောက်နေ့ကျရင် ငါ့အိမ်ကို ထပ်လာခဲ့ဦးကွာ၊ မင်းကို ငါ အင်္ဂလိပ်တွေ အသုံးပြုတဲ့ M သုံးလုံး အကြောင်း ငါပြောပြမယ်။ အဲဒီ M သုံးလုံးနဲ့ဘဲ ဒို့မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်သွားတာကွ။ အခုတော့ ငါ ရွာဦးကျောင်းသွားပြီး ဆရာတော်ဆီမှာ ဓမ္မပဒ၀တ္ထုတွေအကြောင်း သွားဆွေးနွေးလိုက်ဦးမယ်"လို့ပြောပြီး ဦးလေးကြီးလဲ အိမ်တိုင်မှာ ရိုက်ကပ်ထားတဲ့ ဆပ်ချိုပေါ်မှာ ချိတ်ထားတဲ့ တိုက်ပုံအကျီ င်္ကို ဆွဲယူပြီး ၀တ်လိုက်တယ်။

ကျနော်လဲ M သုံးလုံးအကြောင်းကို သိချင်စိတ်ပြင်းပြပေမဲ့ အလိုက်သိစွာနဲ့ ဘဲ Good bye လို့ပြောကာ ဦးလေးကြီးအိမ်က ထွက်ခွါလာခဲ့ရပါတော့တယ်။

မနက်ဖြန်ရယ် မြန်မြန်ရောက်လာပါတော့။

1 comment:

သတိုး said...

မုန့်ဆီကြော်စားနည်း မျှဝေတွေးတောစေတဲ့ သူကြီးကို ကျေးကျေးပါ ဗျို့..။
ကျန်းမာရွှင်လန်းပါစေ။
ခင်မင်သော သတိုး