Thursday 30 October 2008

လွတ်လပ်ရေးနေ့မှာ အမှတ်ရရင် ကျေနပ်ပါပြီ

သမိုင်းမတင်မီခေတ် သမိုင်းဦးခေတ် သမိုင်းတင်ပြီးခေတ် ကျောက်ခေတ်
ဗုဒ္ဓခေတ် အသောကခေတ်
ရောမခေတ်
ပုဂံခေတ် ပင်းယခေတ် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ် ရတနာပုံခေတ်
တော်လှန်ရေးခေတ်

ခေတ်တွေအလီလီပြောင်းသွားခဲ့ပေမဲ့
မဟောင်းသေးတဲ့ ငါ့ကိုဘဲ အားကိုးနေခဲ့ကြတယ်။
လူသားအားလုံးကောင်းစားရေးအတွက်
ငါ့ကိုယ်ခန္ဓာ လုံးပါးပါးပါစေ ငါကူညီခဲ့တယ်။
ငါ့အသား ငါ့အသွေး ငါ့အရိုးအရေ အားလုံးကို ပေးဆပ် ပေးအပ်ရလဲ
ငါ့စိတ်ဓါတ်ကတော့ သံမဏိကို စိန်ရစ်ထားသလို မာကြောနေခဲ့တယ်။

ကပိလနှင့်ကောလိယ စစ်ခင်းမယ်ပြိုင်တုန်းက
အသောကမင်းကြီး ကလိင်္ဂတိုင်းကို သိမ်းပိုက်တိုက်ပွဲတုန်းက
ရောမအင်ယာကြီး ချဲ့ ထွင်စဉ်တုန်းက
မြန်မာဘုရင်အဆက်ဆက် နန်းသိမ်းတိုက်ပွဲဆင်နွဲစဉ်တုန်းက
ငါမပါရင် ပွဲမပြီးဘူးတဲ့။

ကုန်ကုန်ပြောမယ်
အင်္ဂလိပ်နယ်ချဲ့ တွေကို ဒို့မြန်မာတွေ တော်လှန်စဉ်တုန်းကတောင်
ငါ့ခန္ဓာကိုယ်ပေါ်ရှပ်တိုက်ပြီး ဓါး လှံ ပေါက်ခွန်း မြှား
အခါပေါင်းများစွာ ပြေးလွှားခဲ့ကြတယ်
ငါ့အရေခွံစုပ်ပြတ်မှ သူတို့တက်ကြွထက်မြက်ကြမယ်တဲ့လေ။

ဓါးတစ်ချက်တင်လိုက်တိုင်း
ငါ့အရေပြားတစ်ထပ်
စုပ်ပြတ်ကြေမွ အခြေမလှ မြေခခဲ့ရတယ်။

လှံတစ်ချက်ထောက်တိုင်း
ပေါက်ကွဲသံစဉ်တွေ အသားအသွေးတွေထိ
နာကျင်မြည်ဟီးလို့။

ပေါက်ချွန်းကို မကြာမကြာ
ထပ်ခါထပ်ခါဖိသွေးမှ
ခပ်သာသာ မြိမြိလေး ဖြစ်မယ်ဆိုပြီး
ခပ်ကြာကြာလေး ငါ့ကိုယ်ပေါ် လွန်းပြေးနေတော့
ငါ့အသွေးတွေ တစ်စက်စက် ရှေ့ ကထက်ပိုကျခဲ့တယ်။

အကောင်သေးပေမဲ့
ထောင်သောင်းအရေအတွက်ရှိတဲ့အတွက်
မြှားသွေးဒဏ် ကြာကြာခံကြည့်တော့
အသားအသွေးထဲထိ မချိတင်ကဲ ဖြစ်ခဲ့ရတယ်။

ခုဆို
ငါဟာ ငါနှင့်မတူတော့ဘူး
ပြည့်ဝစိုပြေနေတဲ့ ငါ့ခန္ဓာကိုယ်လေး
ဓါးသွေးဒဏ် မြှားသွေးဒဏ်
ပေါက်ချွန်းတိုက်ဒဏ် လှံစိုက်ဒဏ်တွေကြောင့်
နုပျိုပျိုခပ်ပြုံးပြုံးဘ၀ကနေ
ပုတိုတို ခါးကုန်းကုန်းနဲ့ 
တောင်ဝှေးမပါတဲ့ အဖိုးအိုတစ်ယောက်
လမ်းပျောက်နေသလို။

ပင့်ကူမြင် ပိုးမြင်
ကင်းချေမြင် အထပ်ထပ်နဲ့
ငါ့ကို ချောင်ကပ်ထားကြလေရဲ့ ။

ဒါပေမဲ့လဲလေ
အရေပြားမှအသား
အသားမှအရိုး
အရိုးမှနှလုံး
ပိုတိုး ပိုဆိုးလို့ နာကျင်ကြေမွ အသေမလှဖြစ်ရင်ဖြစ်ပါစေ
အားလုံးပျော်ရွှင် ဘ၀င်ချမ်းမြေ့ဖို့
ငါ့ခန္ဓာကိုယ်ပေါ် ချိုင့်တွေဖြစ်ရုံမက
အသက်ဝိညာဉ်ပင်ပျောက်ပျောက် ငါမကြောက်ဘူး
ငါ့ရဲ့ နောက်ဆုံးထွက်သက်ထိ မင်းတို့အားလုံးကို ထက်မြက်စေရမယ်
အဲဒါ ငါ့ရဲ့  မပြောင်းလဲတဲ့ သန္နိဋ္ဌာန်ဘဲ။

ဘယ့်နှယ်ဗျာ
မျက်မှောက်ခေတ်ရောက်မှ
တိုက်ပွဲဝင်ဖို့ ငါ့ကိုအလိုမရှိ
သူတို့မှာ အနုမြူရှိတယ်၊ ဒုံးကျည်ရှိတယ်
အဆက်မပြတ်ပစ်ခတ်နိုင်တဲ့ သေနတ်အမျိုးမျိုးရှိတယ်
မြေပေါ်မြေအောက်အသုံးပြုဖို့ ဗုံးအစားစားရှိတယ်
သူတို့သိတာက ငါဟာ ဒီခေတ်တော်လှန်ရေးအတွက် အသုံးမ၀င်ဘူးတဲ့။
ပြောရက်လိုက်တာ။

ထင်းခွဲ သစ်ခုတ် မြက်နှုတ်တဲ့အခါ
အမဲခုတ် အသားခုတ်တဲ့အခါ
မီးဖိုချောင်မှာ ချက်ပြုတ်ဖို့ အရွက်အဖုကို ပါးပါးလှီးတဲ့အခါ
အဲဒီလိုအခါတွေမှာ ဓါး မထက်တော့မှ
ငါ့ခါးထက်ကို ဓါးတင်သွေးကြမတဲ့လေ။

ငါ့ဘ၀စတေးပြီး
ငါယူပေးခဲ့တဲ့ လွတ်လပ်ရေး
သူတို့ တဟေးဟေး..အော်ဟစ် ပျော်မြူးနေကြလေရဲ့ 
ဒါပေမဲ့
ငါ့ကို
သူတို့ အလေးမမူကြတော့ဘူး။

အဲလေ....
တပ်ဦးမှာအောင်အလံလွင့်ထူတဲ့အခါ
လွတ်လပ်ရေးအောင်ပွဲ ဆင်နွဲနေကြတဲ့အခါ
လွတ်လပ်ရေးရအောင်
ငါ(ဓါးသွေးကျောက်)လဲ တစိတ်တဒေသ ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာ
တစ်နှစ်တစ်ခါလောက် သတိရရင်
ငါ့ဘ၀ စတေးခဲ့ရကျိုးနပ်ပါပြီလေ။

No comments: