Tuesday, 28 October 2008
ပျား နှင့် ယင်ကောင်
ဇယားညို
ကျနော့်အဘိုးတစ်ယောက်ရဲ့ နာမည်ပါ။ အဖေ့ရဲ့အဖေပေါ့။ သူ့ နာမည်အရင်းက ဦးညိုပါ။
ကိစ္စတစ်ခုလုပ်ရင် ဇယားတွက်ပြီးလုပ်တယ်။ စားစရာရှိရင် အကုန်မစားဘူး။ နောက်နေ့အတွက်ချန်ထားတယ်။
ပိုက်ဆံကိုလဲ အရမ်းမသုံးဘူး။ မူးစေ့ ပဲစေ့ကလေးကအစ တွက်ချက်ပြီးမှသုံးတယ်။
ပြီးတော့ အိမ်နောက်ဥယျာဉ်ထဲမှာ သရက်ပင် ကွမ်းပင် သံပုရာပင်ကအစ အပင်မျိုးစုံစိုက်ပျိုးတယ်။
ယုတ်စွအဆုံး ထမင်းချက်တာတောင် တစ်ယောက်လျော့ရင် တစ်လုံးလျော့ချက် ဆိုသလိုမျိုး ဇယားကွက်ကြီးအတိုင်း လုပ်တယ်။ ဒါကြောင့်မို့ သူ့ကို ကျနော်တို့ မိသားစု အပါအ၀င် တစ်ရွာလုံးက တညီတညွတ်ထဲ ဇယားညို လို့နာမည်ပေးထားလိုက်ကြတယ်။
.......................
နွေရာသီနေ့လည်ခင်းတစ်ခု။
နွေခေါင်ခေါင် နေ့လည်ပိုင်းကြီးဆိုတော့ နေကအရမ်းပူတာပေါ့ဗျာ။ ကလိန်... ကလိန်
(ခေါင်းလောင်းဆွဲသံ) အသံလေးနဲ့အတူ ရေခဲချောင်းရောင်းတဲ့သူ ရွာထဲရောက်လာတယ်။ ရေဆာနေတဲ့အချိန် ရေတွင်းထဲကျ ဆိုသလို... ဟန်ကျလိုက်တာ...
ကျနော်တို့ညီအကိုတတွေ ရေခဲချောင်းဝယ်စားဖို့ အဘိုးညိုဆီမှာ ပိုက်ဆံတောင်းတယ်။
မှတ်ချက်.. ကျနော်တို့ ရွာဘက် ရေခဲချောင်းရောင်းသူတွေ အမြဲတမ်း ခေါင်းလောင်းသေးသေးလေးကို ခါပြီးရောင်းကြလေ့ရှိတယ်။ ခေါင်းလောင်သံကြားရင် ရေခဲချောင်းသည်ဆိုတာ တစ်ရွာလုံးသိပြီးသား။
ကျနော်တို့ ညီအစ်ကိုစုစုပေါင်း ငါးယောက်။ ရေခဲချောင်းက တစ်ချောင်း တစ်မတ်။ အဘိုးညို (ဇယားညို)က ကျနော်တို့ ကို တစ်ကျပ်ခွဲပေးတယ်။ ရေခဲချောင်း တစ်ယောက်တစ်ချောင်းစီဝယ်ပြီးတဲ့အခါ တစ်မတ်ပိုနေတယ်။
အကိုအကြီးဆုံးက သူနှစ်ခုစားမယ်ဆိုပြီး နောက်တစ်ခုဝယ်လိုက်တယ်။ တစ်ကျပ်ခွဲလုံးကုန်သွားပြီ။
ညနေထမင်းစားဝိုင်းမှာ အဘိုးညိုက တစ်မတ်ပြန်တောင်းတယ်။ အားလုံးဝယ်စားလိုက်ကြောင်းပြောပြတဲ့အခါ
မင်းတို့က ပျားလိုမကျင့်ဘဲ ယင်ကောင်လိုကျင့်ကြတာကိုး လို့ပြောပြီး ပျားနှင့်ယင်ကောင်တို့ ရဲ့ သဘောသဘာဝကို ပြောပြတယ်။
..............................
ပျားကောင်ဟာ
ရည်ရွယ်ချက်ကြီးတယ်
ရည်မှန်းချက်ကြီးတယ်
အသင်းလိုက်စုစည်း စည်းလုံးမှုအင်အားကောင်းတယ်
အချင်းချင်းသည်းခံကြတယ်
အရေးကြုံလျင် အသေခံပြီး ရန်သူတို့ကို နှိမ်နှင်းတယ်
အနာဂါတ်အတွက် ရေရှည်ကြည့်တယ်
တနပ်စားဥာဏ်ကို ဘယ်တော့မှ အသုံးမပြုဘူး
တပ်ဖြန့်ပြီး ၀တ်ရည်အရှာထွက်ကြတယ်
တစ်နှစ်ပတ်လုံးအတွက် ၀တ်ရည်ကို စုဆောင်းထားတယ်
လိုချင်မှုထက် လိုအပ်မှုကို ဦးစားပေးတယ်
သူတို့၏ဘဏ္ဍာတိုက်ကို သူတို့၏ခန္ဓာကိုယ်များနှင့် ကွန်ခြာအထပ်ထပ်လုပ်ပြီး စောင့်ရှောက်တယ်
အသက်သေမှ ၀တ်ရည်ကိုစွန့်လွတ်မယ်လို့ သန္နိဋ္ဌာန်ချထားကြတယ်။
ယင်ကောင်ကတော့
အတိတ်မရှိ
အနာဂါတ်မရှိ
အတ္တကြီးတယ်
တစ်ကိုယ်ကောင်းဆန်တယ်
တစ်နှပ်စားဥာဏ်ကိုသာအသုံးပြုတယ်
အများအတွက် ဘယ်တော့မှ မစဉ်းစား
အသင်းလိုက်စုစည်းမှုကိုမဆိုထားနဲ့ မိသားစုအတွက်ကိုတောင်မှ ခေါင်းထဲမထည့်
သူ့ရဲ့ ဝါဒက ဘယ်သူသေသေ ငတေမာလျင်ပြီးရော
အစားအစာအတွက် လုယက်စားသောက်ဖို့ဝန်မလေးဘူး
ရန်သူတွေ့လျင် ကိုယ်လွတ်ရုန်းပြေးလေ့ရှိတယ်
အချင်းချင်းကူညီလိုစိတ်လုံးဝမရှိဘူး။
...................................
အခုလဲ မင်းတို့က ရှိတာအကုန်သုံးပစ်လိုက်တာကိုးကွ။ တော်သေးတာပေါ့ အကြွေးမ၀ယ်စားခဲ့တာ။
လူဆိုတာ အတိုင်းအရှည်သိတတ်ရတယ်။ သူ့အိုးနှင့်သူ့ ဆန်တန်ရုံဘဲလုပ်ရတယ်။ ရှိတာနှင့်အသုံးပြုတာ ညီမျှရမယ်။ တစ်ရာရှိ တစ်ထောင်သုံးမလုပ်ကြနဲ့ ။ ကြီးပွါးမှာမဟုတ်ဘူး။ တစ်ရာရှိ ငါးဆယ်ဘဲသုံးပြီး ကျန်တာစုထား ဒါမှမဟုတ် အရင်းအနှီးလုပ်ရတယ်။ ဒါမှ တချိန်မှာ ချမ်းသာလာမှာ။
..................................
အခုဆိုရင် အဘိုးညို (ဇယားညို)တစ်ယောက် လူ့လောကကြီးထဲ မရှိတော့ပါဘူး၊ ဆုံးသွားတာကြာပါပြီ။ ဒါပေမဲ့ သူဇယားချပြီးစိုက်ပျိုးခဲ့တဲ့ အပင်တွေက အခုအချိန်မှာ အသီးတွေ အရွက်တွေ ဝေေ၀ဆာဆာဖြစ်နေပြီလေ။ သူကိုယ်ကတော့ ခံစားမသွားရရှာပါဘူး။ ဇယားညိုရဲ့ မြေးမြစ်တွေဖြစ်တဲ့ ကျနော်တို့ တတွေဘဲ ခူးပြီးခပ်ပြီးသား အဆင်သင့်စားသုံးနေကြလေရဲ့။
သူမရှိတော့ပေမဲ့လဲ ရေခဲချောင်းရောင်းသံ(ခေါင်းလောင်းသံ)လေးကို ကြားတိုင်း အဘိုးညို နှင့် သူပြောပြခဲ့တဲ့ ပျားနှင့်ယင်ကောင်အကြောင်းကို ဒီနေ့ထိ ကျနော် သတိရနေဆဲပါ။ အဘိုးညိုတစ်ယောက် နတ်ဘုံနတ်နန်းမှာ ဇယားကွက်ဆွဲပြီး နတ်စည်းစိမ်တွေ ခံစားစံစားနေပြီလားဆိုတာကိုတော့......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment