Sunday 25 January 2009

ခင်တစ်ယောက်သာ

ချစ်ခဲ့ဖူးသူမို့
အချစ်ဦးကို အချစ်ထူးလေရော့ထင့်
အချစ်ရူးကျနော့်မှာ
အချစ်ဦးမရှိခဲ့သူမို့
အချစ်နွံထဲ မူးမေ့နေခဲ့ပြီ။

ကြင်နာသူရေ ကြင်နာပေးပါလှဲ့ 
ရင်နာစရာ စကားတွေ
တမင်တကာ လာပြီး မပြောပါနဲ့တော့
အကြင်နာ မေတ္တာအပြည့်နဲ့ ဒီက ချစ်နေတာပါ။

အမုန်းနှင့်အပြုံးရောစပ်
အရှုံးတွေပေး ထပ်မနှိပ်စက်ပါဘူး
ကြတ္တိကာ နက္ခတ်ယှဉ်ပြီးရင်
ကပ်ကမ္ဘာမှာ တူနှစ်ကိုကြင်ရဖို့အရေး
တွေးတွေးပျော်ရသူပါ။

မင်းလေးရဲ့  အကြည့်တစ်ချက်
ကို တစ်သက်မမေ့တော့ပါဘူး
အတွေ့တွေထူး ဓလေ့တွေမြူးရင်
နေ့တွေကူးပြီး နှစ်တွေကိုရောက်တောင်
အချစ်တွေပိုပိုထူးတဲ့ မေတ္တာတွေနဲ့
သစ္စာမဖောက်တမ်း ချစ်မဲ့သူပါ။

တစ်ပင်ကို တစ်ပင်ယှက်
ကြင်ဖက်ကို ကြင်ဖော်အဖြစ်
လင်တော်မောင် ဒီတစ်ယောက်ဖြစ်ခွင့်ကြုံရရင်ဖြင့်
ဒီဘုံဘ၀ ဒီဋ္ဌာနမှာ
ဗုဒ္ဓဘုရား ပွင့်ထွန်းမပေါ်ရင်တောင်
ဒီမောင်တစ်ယောက်ထံပါး
အကုသိုလ်တွေ ရှောင်ရှားကြမှာပါ။

အကုသိုလ်တွေ ပျောက်
ကုသိုလ်တွေ ရောက်ရင်
တစ်ယောက်ကို တစ်ယောက်
ပိတောက်ဆို ပိတောက်ရယ်ပါ
တစ်ယောက်အပိုမရှာပါဘူး
ရင်ဖိုစရာ ခင်တစ်ယောက်သာရှိသားမို့။






No comments: