Saturday 17 January 2009

မင်းလေးကိုချစ်လို့

မင်းလေးရဲ့ အချစ်တွေဟာ
ပူလောင်လှတဲ့ ငရဲမီးဖြစ်ပါစေ
ကိုယ် ကျေနပ်စွာ လောင်ကျွမ်းခံမယ်။

မင်းလေးရဲ့  အပြုံးတွေဟာ
အနှုတ်ဒီဂရီရေခဲရေတွေဖြစ်ပါစေ
ကိုယ် ပြုံးပျော်စွာ အေးခဲခံမယ်။

မင်းလေးရဲ့  စကားသံချိုချိုဟာ
ပြင်းထန်တဲ့ အဆိပ်ဖြစ်ပါစေ
ကိုယ် ပျော်ရွှင်စွာ အဆိပ်သင့်ခံမယ်။

မင်းလေးရဲ့ ရယ်မောသံဟာ
အနုမြူစွမ်းအင်ဖြစ်ပါစေ
ကိုယ် ရဲဝင့်စွာ အစိတ်စိတ် ပေါက်ကွဲခံမယ်။

မင်းလေးရဲ့ အပြောအဆိုဟာ
ပြင်းထန်တဲ့လေမုန်တိုင်းဖြစ်ပါစေ
ကိုယ် ၀မ်းမြောက်စွာကမ္ဘာ့အပြင်ဖက်လွင့်ပြမယ်။

မင်းလေးရဲ့  သံယောဇဉ်ဟာ
သမုဒ္ဒရာရေလှိုင်းထူထူကြီးဖြစ်ပါစေ
ကိုယ် မြတ်နိုးစွာ အနစ်မြုပ်ခံမယ်။

မင်းလေးရဲ့  မေတ္တာတွေဟာ
တစ်ရစ်ရစ် လှိမ့်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါစေ။
ကိုယ် နှစ်သက်စွာ အကြိတ်ခံပါ့မယ်။

အဲဒါ
မင်းလေးကို ချစ်လို့။

1 comment:

Anonymous said...

သူငယ်ချင်းကဗျာတွေအရမ်းလန်းနေပါလား .. ဆက်လုပ်အားပေးတယ်