Sunday 2 November 2008

ဗြိတိသျှရဲ့ အောက်မေ့ဘွယ်နေ့ရက်


အခုတလော
နေရာတိုင်းမှာ လူတော်တော်များများရဲ့  ဘယ်ဘက်ရင်ဘတ်ပေါ်မှာ ရင်ထိုးတံဆိပ်အမှတ်အသားတွေမြင်နေရတယ်။
သတင်းစာတွေထဲမှာ မဂ္ဂဇင်းတွေထဲမှာ တီဗီတွေထဲမှာ ရုပ်ရှင်တွေထဲမှာ
ပေါ့ပီပန်းအနီရောင်လေးတွေကိုမြင်ရတယ်။

အဲဒီပေါ့ပီပန်းအနီရောင်လေးက
ဗြိတိသျှအင်ပါယာကြီးအတွက် ကမ္ဘာ့စစ်ကြီးတွေအချိန်အတွင်း အခြားအဓိကရုဏ်းတွေအတွင်းက အသက်တွေစွန့် လွတ်သွားခဲ့ကြတဲ့ ယောက်ျား မိန်းမ ကလေး အားလုံးကို အမှတ်တရ အောက်မေ့ဘွယ်အဖြစ် ရည်ညွန်းတာပါ။

လေးနှစ်ကျော်အကြာ မရပ်မနားတလစပ်ဖြစ်ပွါးခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးဟာ ၁၉၁၈ နိုဝင်ဘာလ ၁၁ရက် နံနက် ၁၁နာရီအချိန်မှာ အပစ်အခတ်ရပ်စဲပြီး စစ်ပြေငြိမ်းခဲ့ပါတယ်။
အဲဒါကြောင့်မို့ ၁၁နာရီ ၁၁ရက် ၁၁လပိုင်း (11th hour, 11th day, 11th month)ကို ပထမကမ္ဘာစစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ကျဆုံးခဲ့တဲ့သူတွေအတွက် အချိန်သီးသန့်ပေးပြီး အမှတ်ရအောက်မေ့ဘွယ်ဖြစ်တဲ့အနေနဲ့ အဲဒီ ပေါ့ပီပန်းအနီရောင် ရင်ထိုးတံဆိပ်ကလေးကို ၀တ်ဆင်ကြတာပါ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက အဲဒီနေ့ရက်ကလေး (11th hour, 11th day, 11th month)ကို သဘောတူအပစ်အခတ်ရပ်စဲရေးနေ့ (Armistice Day)လို့ အမည်ပေးခဲ့ကြတာပါ။
ဒုတိယကမ္ဘာစစ်အပြီးမှာ အဲဒီနေ့ရက်ကလေးကို အမှတ်ရအောက်မေ့ဘွယ်နေ့ (Remembrance Day) လို့ အမည်ပြောင်းခေါ်ဆိုလာခဲ့ကြတာ ယနေ့အထိပါဘဲ။ ပေါ့ပီပန်းနေ့ (Poppy Day )လို့လဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။
ပေါ့ပီပန်းအတုကိုဝတ်ဆင်ထားရတဲ့အတွက်ကြောင့်ပါ။

အဲဒီ အမှတ်ရအောက်မေ့ဘွယ်နေ့ရက်အခန်းအနားကို နှစ်စဉ်ပုံမှန်အားဖြင့် နိုဝင်ဘာလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ဟာ နိုဝင်ဘာ ၁၁ရက်နေ့နှင့် အနီးကပ်ဆုံး ရက်အားရက် ဖြစ်လို့ပါဘဲ။

အဲဒီပွဲအခန်းအနားကိုတော့ ဗြိတိန်နိုင်ငံတစ်ဝှမ်းလုံးရှိ အထိမ်းအမှတ်ကျောက်တိုင် ရုပ်တု အဆောက်အအုံစတဲ့ နေရာတွေရှေ့ မှာ ဘုရားရှိခိုးကျောင်းတွေမှာ(ဆိတ်ငြိမ်စွာ ၂မိနစ်ခန့် အလေးပြုပြီး) ကျင်းပကြမှာဖြစ်ပါတယ်။

လာမဲ့ ၉ ရက်နေ့ ဟာ နိုဝင်ဘာလရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ဖြစ်ပါတယ်။ မိတ်ဆွေများ ဗြိတိသျှရဲ့  အမှတ်ရအောက်မေ့ဘွယ်နေ့ကို ပါဝင်ဆင်နွဲချင်ကြရင်ဖြင့် ပေါ့ပီပန်းအနီရောင်ရင်ထိုးတံဆိပ်ကို ဘယ်ဘက်ရင်အုံအထက်မှာ ထိုးထားပြီး နီးစပ်ရာအထိမ်းအမှတ်ကျောက်တိုင် ရုပ်တု ဘုရားရှိခိုးကျောင်းသို့ သွားရောက်နိုင်ကြောင်းပါခင်မျာ။

No comments: