Friday 14 November 2008

လန်ဒန်မြို့ ဆက်သွယ်ရေး (ကျနော်မီသလောက်)

CCTV Camera
ရုံးအဆောက်အဦ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ အိမ်၊ ဘတ်စ်ကား၊ ရထား၊ မြေအောက်လမ်း အစရှိတဲ့ နေရာတွေမှာ တပ်ဆင်ထားပါတယ်။
လမ်းမကြီးပေါ်တွေမှာလဲ အများကြီးရှိပါတယ်။
အဲဒီကင်မရာနှင့်ရိုက်ယူပြီး ပင်မရုံးကြီးကို အချက်အလက် ဓါတ်ပုံ အသံ ဗီဒီယိုဖိုင်တွေကို တိုက်ရိုက် ၀ါယာစနစ်နဲ့ပို့ပေးပါတယ်။ ပြစ်မှုတွေဖြစ်ပွါးရင် ဒီစီစီတီဗီ ကင်မရာရဲ့ ကျေးဇူးနဲ့ဘဲ အမှုပေါ်ပေါက်တာ များပါတယ်။
လိမ်ညာဖို့ခက်ခဲပါတယ်။

Telephone
ကြိုးဖုန်း လက်ကိုင်ဖုန်း အင်တာနက်ဖုန်း အစုံအလင်ရှိပါတယ်။
ကျနော်ကိုင်နေတာကတော့ pay as you go လို့ခေါ်တဲ့ ကြိုက်သလောက်ဆက် ကျသလောက်ပေး လက်ကိုင်ဖုန်းလေးပါ။ Charge အရမ်းများတဲ့အတွက် ဘယ်သူ့ဆီကိုမှ သိပ်မဆက်ဖြစ်ပါဘူး။ လိုအပ်မှ ဆက်ဖြစ်တယ်။ တစ်ချို့  လန်ဒန်မှာ အနေကြာတဲ့သူတွေကတော့ Contract ဖုန်းကို သုံးကြတယ်။ ဆက်ဆက် မဆက်ဆက် လစဉ် ပိုက်ဆံပေးရတယ်။ တစ်လကို ပေါင် ၂၀ လောက်ကနေ ပေါင် ၄၀လောက်ထိရှိတယ်။
ဒါပေမဲ့ မြို့ တွင်းဆက်ရင် တစ်လကို မိနစ် ၈၀၀ လောက် အလကားဆက်လို့ရတယ်။

Radio
လိုင်းပေါင်းများစွာရှိတယ်။ ဘယ်လောက်ရှိမှန်း ကျနော်လဲ ကောင်းကောင်းမသိဘူး။ ရာချီပြီးရှိမယ်ထင်တယ်။ ကျနော်ကတော့ စီနီယာတွေရဲ့  အကြံပေးချက်အရ ဘီဘီစီ ၄ ကိုနားထောင်တာများပါတယ်။

TV
ကျနော်တို့ကတော့ ရိုးရိုးတီဗီဘဲရှိတယ်။ ငါးလိုင်းတိတိ ၂၄နာရီ အလကားကြည့်လို့ရတယ်။
Freeview လို့ခေါ်တဲ့ box ကလေးနဲ့ တပ်ဆင်ထားရင် လိုင်းပေါင်း သုံးဆယ်ကျော် အလကားကြည့်လို့ရတယ်လို့ ကြားဖူးတယ်။ အဲဒီ box တန်ဖိုးက ပေါင် ၂၀လောက်ဘဲ ရှိတယ်တဲ့။ ကျနော်တို့ကတော့ မ၀ယ်ဖြစ်သေးပါဘူး။

Satellite
Skyလိုင်း Setentaလိုင်း စတဲ့ လိုင်းပေါင်းများစွာရှိပါတယ်။ Sports လိုင်းတွေကလဲ အများကြီးပါဘဲ။ မရေတွက်နိုင်ဘူး။ အဲဒီ Satellite တွေကိုတော့ ကျနော်တို့ မလှမ်းရဲပါဘူး။ ဘောလုံးပွဲကောင်းကောင်းရှိရင်တော့ အသိမိတ်ဆွေ အိမ်တစ်အိမ်မှာ သွားကြည့်ဖြစ်တယ်။

Navigator
တုံတုံစက်ကလေးလို့လဲ ခေါ်ပါတယ်။ တုံတုံဆိုတဲ့အသံလေးထွက်ပေါ်လာလို့ တုံတုံလို့ဘဲ မြန်မာတွေ နာမည်ပေးထားတာထင်တယ်။ သူငယ်ချင်းကားနှင့်ခရီးသွားတဲ့အခါ တွေ့ဖူးပါတယ်။
တုံတုံလေးကို အသုံးပြုချင်ရင် ပထမ From...... ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ အိမ်လိပ်စာကို ရိုက်ထည့်ရပါမယ်။ အိမ်လိပ်စာအပြည့်အစုံမလိုပါဘူး။ Post code လေးရိုက်ထည့်ပေးလိုက်ရုံပါဘဲ။
ပြီးရင် To.....ဆိုတဲ့နေရာမှာ ကိုယ်သွားမဲ့နေရာရဲ့  Post code ကို ရိုက်ထည့်ရပါမယ်။ ပြီးရင်တော့ ယူကေ တစ်နိုင်ငံလုံးကိုကြိုက်သလောက်သွား လုံးဝလမ်းမမှားတော့ဘူး။ ဂြိုဟ်တုစနစ်နဲ့လုပ်ထားတာဆိုတော့ တိကျပါတယ်။ လမ်းခွဲရောက်တိုင်း ဘယ်ဘက်ကိုချိုး ညာဘက်ကို ကွေ့ တည့်တည့်သွား ဘယ်နှစ်မိုင်လိုသေးတယ် ရောက်ပြီ ဆိုတဲ့ အသံတွေ အမြဲတမ်းထွက်ပေါ်နေပြီး မြေပုံနှင့်တကွ လမ်းညွန်ပေးနေတယ်။

Internet
အီးမေးလ်ကိုကတော့ ထည့်ပြောစရာလိုမယ်မထင်ပါဘူး။ လူတိုင်းသိနေပြီးသားဘဲ။
ကျနော် အရမ်းသဘောကျတာက Information တွေ ကြိုက်သလောက်ယူ။ အကုန်လုံးရှိတယ်။ စီးပွါးရေး နိုင်ငံရေး စစ်ရေး လူမှုရေး ပညာရေး ဘာသာရေး အရေးပေါင်းစုံ အင်တာနက်မှာ ကြည့်လို့ရတယ်။ လတ်လတ်ဆတ်ဆတ် ကမ္ဘာ့သတင်းတွေ နေ့တိုင်းဖတ်လို့ရတယ်။ ရေဒီယိုပေါင်းစုံ ဗီဒီယိုပေါင်းစုံ အော်ဒီယိုပေါင်းစုံ ရုပ်မြင်သံကြားပေါင်းစုံ အင်တာနက်ထဲမှာ ရှိတယ်။
မြို့ ထဲသွားချင်ရင် လမ်းမသိရင်လဲ ပူစရာမလိုဘူး။ သွားမဲ့နေရာကိုသာ ရိုက်ထည့်လိုက်။ ဘယ်ကားကိုစီး ဘယ်မြေအောက်ရထားကိုစီး ဘယ်မှာဆင်း ဘယ်နှစ်မိနစ်လောက်လမ်းလျောက် အသွားအပြန် ဘယ်နှစ်နာရီကြာမယ် စတဲ့ လမ်းညွန်ချက်တွေကို တစ်ခါထဲဖော်ပြပေးတယ်။ အံ့သြစရာ အလွန်ကောင်းပါတယ်။ အကျိုးကျေးဇူးလဲများပါတယ်။
ဗဟုသုတဟင်းလေးအိုးကြီးလို့ ခေါ်ဆိုနိုင်ကြောင်းပါခင်များ။ ။

No comments: