Friday 7 November 2008

အသက်တိုချင်ရင် ဥပုသ်စောင့်

"အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ထန်းရည်ခါးနှင့်ကြက်သားကိုမျို၊
အသက်တိုချင်ရင် စိန်မစားနဲ့၊ ဥပုသ်စောင့်သွား"

ဒီလင်္ကာကို စပ်ဆိုခဲ့တဲ့သူဟာ အညာဒေသမြေလတ်ပိုင်းကဘဲဖြစ်ရမယ်။ ကျန်တဲ့ဒေသတွေမှာ ထန်းရည်က လိုသလောက်မရဘူး။ ကျနော်တို့ စစ်ကိုင်းတိုင်းအထက်ပိုင်းဘက်ဆို ထန်းပင်မရှိသလောက်ဘဲ။
ကျနော်တို့ရွာမှာကတော့ ထန်းရည်အစား တောချက်အရက်ကိုဘဲ သုံးစွဲနေကြလေရဲ့ ။

ဒါကြောင့် ကျနော်တို့ နေရပ်အလိုက် လင်္ကာလေးကို-----
"အသက်ကလေးရယ်တဲ့ ရှည်စေလို၊ တောချက်အရက်နှင့်ကြက်သားကိုမျို။
အသက်တိုချင်ရင် စိန်မစားနဲ့ ၊ ဥပုသ်စောင့်သွား" လို့ ပြောင်းရမလိုတောင်ဖြစ်နေပြီ။


ဒီလင်္ကာလေးကို ကျနော် ငယ်ငယ်တုန်းကထဲက ရခဲ့ဖူးတာပါ။ အဓိပ္ပါယ်ကိုတော့ ကျကျနနမသိခဲ့ပါဘူး။

ကျနော်တို့ရွာမှာ ဦးလူတင်ဆိုတဲ့လူတစ်ယောက်ရှိတယ်၊ သူက ညနေပိုင်းဆို အရက်ကလေးတမြမြနဲ့ စကားအလွန်ပြောတဲ့သူ။ စကားအရမ်းပြောပေမဲ့ ဘယ်တော့မှ သွေးမဆိုးဘူး။ ဘယ်လောက်ဘဲမူးမူး ဘယ်သူ့ကိုမှ ရန်မူလေ့မရှိဘူး။ သဘောလဲကောင်းတယ်။ အသက်ကတော့ ရှစ်ဆယ်နီးနီးပေါ့။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်တုန်း။ ကျနော်တို့ကလဲ သူ့ကိုခင်မင်ကြတယ်။ ကျနော်တို့ သူ့ကို စလိုက်နောက်လိုက်ပေါ့။

"ဦးလူတင်ကြီး ကျန်းမာရေးတွေကောင်းလှချည်လား ဘာဆေးတွေ မှီဝဲတုန်းဗျ"

"ပါစက လေကွာ"
(ပါစကဆိုတာ အရက်ကို ပြောတာပါ၊ ပါစက၀မ်းမီးဆိုတာ အပူ၊ အရက်ကလဲ အပူဆိုတော့ အရက်ကို ပါစကလို့ ခေါ်ကြဟန်တူပါရဲ့ )

ကျနော်တို့လဲ လူငယ်ပီပီ အရက်သောက်ရင် အသက်ရှည်တယ်လို့ဘဲ ယူဆခဲ့ကြတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် ထန်းရည်ခါးနှင့်ကြက်သားကိုမျိုရမလိုဖြစ်နေပြီ။

ဒါပေမဲ့
တစ်နေ့မှာ ရွာထဲကလူတွေပြောနေသံကြားရတယ်။ ကားလမ်းဘေး လူတစ်ယောက် လဲကျသေဆုံးနေတယ်တဲ့။ အသက်က ၂၀ကျော်အရွယ်လေးဘဲရှိသေးတယ်။ အရက်သောက်လွန်ပြီး တစ်ခြားရွာကအပြန်မှာ ရွာအထိမပြန်နိုင်တော့ဘဲ ကားလမ်းဘေးမှာ ခဏလဲနေရင်း အိပ်ပျော်သွားတာ၊ မနက်မိုးလင်းတော့ သေနေတာကိုဘဲ တွေ့ရတော့တယ်တဲ့။
ဒါဆို အရက်သောက်ရင် အသက်မြန်မြန်သေနိုင်ခြေ အများကြီးရှိတာဘဲ။ ဘာဖြစ်လို့ က်ကလေးရယ်တဲ့ ရှည်စေလို ထန်းရည်ခါးနှင့်ကြက်သားကိုမျို လို့ဆိုထားရတာလဲ။ သောက်ရင်မြန်မြန်သေမှာပေါ့။
.................................

စိန်ဆိုတဲ့ အဆိပ်အကြောင်းတော့ အတော်များများသိပြီးသားပါ။ အတော်လေးပြင်းတဲ့အဆိပ်၊ အခုသောက် အခုသေဘဲ။ တစ်ခါတစ်ခါ ကြားဖူးကြမှာပါ။ ဆယ်တန်းစာမေးပွဲကျတာရှက်လို့ စိန်သောက်ပြီးသေသွားတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အကြောင်း။ မိဘက ကိုယ့်ချစ်သူနှင့်သဘောမတူလို့ သူ့ကိုမှမရရင် သေတာဘဲကောင်းပါတယ်ဆိုပြီး စိန်သောက် သေသွားကြတဲ့ ချစ်သူတွေအကြောင်း။

အသက်တိုချင်ရင် စိန်မစားနဲ့၊ ဥပုသ်စောင့်သွား လို့ ဘာဖြစ်လို့များ လင်္ကာစပ်ဆိုထားပါလိမ့်။ စိန်စားမှတော့ မရဏခရီး အပြီးသွားရတော့မှာပေါ့။

ဥပုသ်စောင့်ရင်ကော အသက်တိုနိုင်ပါ့ဦးမလား။ ဥပုသ်စောင့်တယ်ဆိုတာ သီလကိုဆောက်တည်တာဘဲလေ။ ရွာဦးကျောင်းဆရာတော်ဘုရားလဲ ဟောထားသေးတယ်မဟုတ်လား။
"ချမ်းသာချင်ရင် ဒါနပြု၊ အသက်ရှည်ချင်ရင် သီလဆောက်တည်" လို့။
အခုဟာက ပြောင်းပြန်ကြီး ဥပုသ်စောင့်ရင် အသက်တိုတယ်တဲ့။ တစ်သက်နှင့်တစ်ကို ကြားဖူးပါဘူးဗျာ။
...................................

ဒီလင်္ကာလေးရဲ့ ပြဿနာက ဘကြီးဖြိုးနဲ့တွေ့မှဘဲ အားလုံးရှင်းသွားတယ်။
(ဘကြီးဖြိုးအကြောင်းကို WWW နှင့် MMM မှာ ဖောပြခဲ့ပြီးပါပြီ)

"ကိုကိုမောင်ရေ့  မင်းလာရင် လူချည်းသက်သက်လာတာမဟုတ်ဘူး၊ ပြဿနာ နဲနဲပါးပါးတော့ ပါလာစမြဲဘဲ၊ ကဲ ပြောစမ်းပါဦး၊ ဘာပြဿနာတွေ ပါလာပြန်ပြီလဲ"
သူ့အိမ်ကို ရောက်ရောက်ချင်းဘဲ သူကလိုရင်းတိုရှင်းဘဲ မေးလိုက်တယ်။
ကျနော်လဲ အထက်မှာဖော်ပြခဲ့တဲ့ လင်္ကာလေးကို ရွတ်ပြလိုက်တာပေါ့။
ကျနော် ရွတ်ဖတ်အပြီးမှာ ဘကြီးဖြိုးက အေးအေးဆေးဆေးဘဲပြောပြတယ်။

အော်... ဒီလင်္ကာလား.. အဲဒီလင်္ကာကို ရှေးပညာရှိကြီးများက အလင်္ကာနည်း ဥပစာနည်း ဥပမာနည်းတွေနဲ့ စပ်ဆိုထားကြတာကွ။ အဓိပ္ပါယ်ကတော့ ရှင်းရှင်းလေးပါ။ ကဲ ကဲ သေချာနားထောင်....
အသက်ကလေးရယ်တဲ့ရှည်စေလို ထန်းရည်ခါးနှင့်ကြက်သားကိုမျို ဆိုတာ ရိုးရိုးအသက်ကို ပြောတာမဟုတ်ဘူး။ သံသရာဝဲသြဃကြီးကို အသက်နှင့်နှိုင်းယှဉ်တင်စားပြီးပြောတာ။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲတွေကို ဆွဲဆန့် ပြီး ဒုက္ခတွေနှင့်ရောပြွမ်းနေချင်တယ်ဆိုရင် ထန်းရည်(အရက်)ကိုသောက်။ အရက်သောက်တော့ သီလကျိုး ၊ သီလကျိုးတော့ သံသရာဆင်းရဲအကျိုးတွေပေးတာပေါ့။ အရက်သောက်ရင် သံသရာသက် ရှည်တယ်လို့ဘဲ မှတ်ထားလိုက်ပေါ့ကွာ။

အသက်တိုချင်ရင် စိန်မစားနဲ့ ဥပုသ်စောင့်သွား ဆိုတာကတော့
"သံသရာထဲမှာ နေထိုင်ရတာ ငြီးငွေ့ပြီး နိဗ္ဗာန်ကို မြန်မြန်ရောက်ချင်တယ်ဆိုရင်တော့ စိန်မစားနဲ့၊ စိန်စားရင် ဒီဘ၀ဘဲဆုံးပြီး နောက်ဘ၀ထပ်လာဦးမယ်။ ဥပုသ်သီလဆောက်တည်ပြီး ၀ိပဿနာတရားသာ ပွါးများပါတော့" လို့ ဆိုလိုတာပါ။ ဒါမှ သံသရာသက်တိုပြီး ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မြန်မြန်ရောက်ကြမှာမဟုတ်လား။

"ကိုကိုမောင်ရေ့ ...... လင်္ကာအဓိပ္ပါယ်ကောက်မှားပြီး မဟုတ်တာတွေတော့ မလုပ်နဲ့နော်။ မရှင်းရင်လာမေး ကြားလား"

"ဟုတ်ကဲ့ပါ ဘကြီးဖြိုး...ကျေးဇူးတင်ပါတယ်၊ ကျနော်သွားလိုက်ပါဦးမယ်"

"အေး အေး ကောင်းပါပြီ"
..........................................

ကျနော့် ခေါင်းထဲရှုပ်လာသမျှ ဘကြီးဖြိုးနှင့်တွေ့မှဘဲ အားလုံးအဆင်ပြေသွားတယ်။ ကျနော်တို့ ရွာမှာက ဘကြီးဖြိုးမရှိရင် မဖြစ်သလောက်ဘဲ။ သူကဗဟုသုတစုံတယ်လေ။ ရွာဦးကျောင်းဆရာတော်ဆီလဲ ခဏခဏ မသွားရဲကြဘူးမဟုတ်လား။ ဆရာတော့်ကြိမ်လုံးနဲ့မိမှာ ကြောက်ရသေးတယ်။ ဆရာတော်က စိတ်မထင်ရင် မထင်သလို ဆော်ပလော်တီးတတ်တယ်။

ဘာဘဲပြောပြော ကျနော်ကတော့ ဒီလင်္ကာလေးကို သဘောကျတယ်၊ အဓိပ္ပါယ်ကို တိုက်ရိုက်မသိရတာလေးက အရသာတစ်မျိုး။ ကျနော်တို့ (သံသရာ)အသက်ရှည်ချင်လား တိုချင်လားဆိုတာကတော့ ကျနော်တို့ပြုလုပ်တဲ့ ကံပေါ်မှာဘဲ မူတည်နေကြောင်းပါခင်များ။ ။
...........................................


ဒီဆောင်းပါးလေးကို ဒီလင်္ကာလေးနဲ့ဘဲ အဆုံးသတ်ပေးလိုက်ပါတယ်။

"အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ထန်းရည်ခါးနှင့်ကြက်သားကိုမျို၊
အသက်တိုချင်ရင် စိန်မစားနဲ့၊ ဥပုသ်စောင့်သွား"

No comments: