Wednesday 27 May 2009

သင်ခန်းစာ (၅)

ကျနော်ငယ်စဉ်တုန်းက ဟိတောပဒေသပုံပြင်လေးတွေ ဖတ်ဖူးတယ်။ အဲဒီအထဲက ပုံပြင်လေးတစ်ပုဒ်ဆို အခုထက်ထိ ကျနော့် ဦးဏှောက်ထဲမှာ ရှိနေတုန်းပါဘဲ။
........

တစ်ခါက လူတစ်ယောက်ဟာ အိမ်စောင့်ဖို့ ခွေးတစ်ကောင်နှင့် ပစ္စည်းသယ်ယူဖို့အတွက် မြည်းတစ်ကောင်ကို မွေးမြူထားတယ်။ မြည်းကလဲ မြည်းအလုပ်လုပ် ခွေးကလဲ ခွေးအလုပ်လုပ်ဆိုတော့ အဲဒီလူဟာ ဇိမ်ကျနေတော့တာပေါ့။ စားပြီးအိပ်။ အိပ်ပြီးစား။ ကုန်ပစ္စည်းကူသန်းချိန်ရောက်ရင် ကူးသန်း။ အဲဒီလို နေလာခဲ့တာ နှစ်အတော်ကြာလာတဲ့အထိ အိုကေပါဘဲ။

အဲဒီလူဟာ ပစ္စည်းရှိလူတန်းစားပီပီ အစားအသောက်မက်တယ်။ အအိပ်မက်တယ်။
တစ်ရက်မှာ ညဥ့်နက်သန်းခေါင်အချိန်ကြီး သူ့အိမ်ထဲ သူခိုးတစ်ယောက်ဝင်လာတယ်။ သူကတော့ တခေါခေါနဲ့ အိပ်မောကျနေလေရဲ့ ။

မြည်းနှင့်ခွေးက အိမ်အောက်မှာ နေတယ်။ သူခိုးဝင်လာတာကို သူတို့နှစ်ကောင်လုံး တွေ့မြင်ကြတယ်။ ဒါပေမဲ့ ခွေးက လုံးဝမဟောင်ဘူး။ ရှေ့ လက်နှစ်ဖက်ပေါ် မေးစေ့လေးတင်ပြီး ဇိမ်ကျကျမျက်လုံးလေးမှေးကာ ခွေနေလေရဲ့ ။

"ဟေ့ကောင်... သူခိုးလာနေပြီ....ဟောင်လိုက်လေကွာ"

မြည်းက သူ့ပိုင်ရှင်ရဲ့ ပစ္စည်းတွေ သူခိုးနောက်ပါသွားမှာ စိုးရိမ်တဲ့အတွက် ခွေးကို ဟောင်ဖို့တိုက်တွန်းတယ်။

"ဟောင်ရမှာ ပျင်းတယ်ကွာ။ မင်းဘဲဟောင်လိုက်။ ငါတော့ မှေးလိုက်ဦးမယ်"

ခွေးကမြည်းကို အဲဒီလိုပြန်ပြောပြီး မှေးနေပြန်တယ်။ သူခိုးက အိမ်ပေါ်အေးအေးဆေးဆေးတက်သွားတယ်။ ပြီးတော့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ခိုးယူနေတယ်။

"ဟေ့ကောင်... ငါတို့သခင်ရဲ့  ပစ္စည်းတွေ အကုန်ပါသွားတော့မယ်။ ဟောင်လိုက်တော့လေကွာ"

"မင်း မနေနိုင်ရင် ဟောင်လိုက်လေကွာ။ ငါကတော့ မဟောင်နိုင်ပါဘူး။ ဇိမ်ပျက်လိုက်တာကွာ။ မင်းက ငရှုပ်ဘဲ"

မြည်းက အတန်တန်ဟောင်ခိုင်းပေမဲ့ ခွေးကတော့ ဇိမ်မပျက် နှပ်နေလျက်ပါဘဲ။ ဒါနဲ့ မြည်းကလဲ ငါတို့သခင် ငါတို့အပေါ် ကျေးဇူးအရမ်းရှိတယ်၊ သူ့ပစ္စည်းတွေ အခိုးခံလို့မဖြစ်ချေဘူး ဆိုပြီး

"အီး... ဟီး... ဟီး..."

လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတော့တယ်။ တစ်ရွာလုံး မြည်းအော်သံနှင့်ဆူညံသွားတယ်။ ညဥ့်နက်သန်းခေါင်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေကြတဲ့သူတွေအားလုံး လန့်နိုးကုန်ကြတယ်။
သူတို့ပိုင်ရှင်လဲ အိပ်ရာလန့်နိုးလာတယ်။ သူခိုးလဲ မြည်းအော်သံကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်။ ဒါပေမဲ့ ခွေးကတော့ လုံးဝမဟောင်ပါဘူး။

အအိပ်မက်တဲ့ ပိုင်ရှင်ဟာ အိပ်ရေးပျက်သွားတဲ့အတွက် မြည်းကို အရမ်းဒေါသထွက်သွားတယ်။ သူမှ အကြောင်းစုံကို မသိရှာဘဲကိုး။ ဒါကြောင့်မို့ အဲဒီပိုင်ရှင်ဟာ..

"ဒီမြည်းဟာ အချိန်မတော်ကြီး ဘာဖြစ်လို့ ငါ့ကို ဒုက္ခပေးရတာလဲ။ သေဖို့ပြင်ထား"

ဆိုပြီး ကျည်ပွေ့ကိုဆွဲကိုင်ကာ မြည်းထားတဲ့နေရာကို သွားပြီး မြည်းရဲ့  ထိပ်တည့်တည့်ကို အသားကုန်ရိုက်ချပစ်လိုက်တယ်။ ပိုင်ရှင်ရဲ့  ကျည်ပွေ့ဒဏ်ကြောင့် မြည်းလေးဟာ အဲဒီနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားရှာတယ်။
....

ဒီပုံပြင်လေးကို ကောက်ချဆွဲကြည့်လိုက်တဲ့အခါ....
ခွေးဟောင်သံကြောင့် ပိုင်ရှင်လန့်နိုးလာရင် ပိုင်ရှင်က ခွေးကို စိတ်တိုမှာ မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဟောင်တာဘဲ ဖြစ်မယ်ဆိုပြီးတောင် ခြံဝင်းအတွင်းလိုက်စစ်ဆေးနေဦးမှာ သေချာတယ်။ ဒါပေမဲ့ အခု ခွေးကမဟောင်ဘူး။ ပိုင်ရှင်အပေါ်တကယ့်စေတနာနှင့် မြည်းက ဟီပေးလိုက်တယ်။ ဒါပေမဲ့... ဒါပေမဲ့ ခြံစောင့်တဲ့အလုပ်က မြည်းရဲ့ အလုပ်မဟုတ်ဘူးလေ။ ခွေးရဲ့ အလုပ်။ ဒီနေရာမှာ အဓိကတရားခံက ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ စေတနာထက်သန်ပြီး သူများအလုပ် ၀င်လုပ်ပေးလိုက်တဲ့ မြည်းရဲ့  စေတနာပေါ့လေ။

လူ့လောကမှာလဲ
တကယ့်စေတနာနှင့် ကူညီပေးလိုက်တဲ့ အလုပ်တစ်ချို့ မှာ မြည်းလို အဟီမှားသွားတတ်ကြပါတယ်။ လောကီလူသားတွေကိုးဗျ။ သတိ ပညာလေးတွေနှင့် နေထိုင်တတ်ရင် အကောင်းဆုံးပါဘဲ။ ပြဿနာဆိုတာက သွားလာလှုပ်ရှားနေမှ တွေ့ရတတ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့လဲ ဇွတ်တိုးဝင်လာတတ်ပါတယ်။

သင်ခန်းစာလေးတွေပေါ့ဗျာ။

............

7 comments:

ကြယ်ပြာ said...

ခွေးက ဒီတစ်ခါက သစ္စာမရှိဘူးနော် ... ခွေးကို သစ္စာရှိတဲ့ကောင်ဆိုပြီး ချစ်တာ ... ဒီပုံပြင်မှာတော့ အမြင်နည်းနည်းကပ်သွားပြီ .... အိမ်ရှင်ကလဲနော် ဒီလောက်လေးအိပ်ပျက်တာနဲ့ မြည်းကို ရက်ရက်စက်စက် လုပ်ရက်တယ် .... သူ့ကိုလဲ အမြင်ကပ်တယ် .... အင်း ... ပုံပြင်ကပေးချင်တာလေးလဲ ရပါတယ် ... သူ့နေရာနဲ့သူ ... သူ့တာဝန်နဲ့သူ ... တကယ်မှန်ပါတယ် ... ဘလော့တွေမလည်အားပေမယ့် ဒီတော့ ရောက်အောင်လာခဲ့တယ် ... အလုပ်က ခုပဲပြန်ေ၇ာက်တာလေ .... ၁၂ တောင် ကျော်နေပြီး(

ထင်လင်းအောင် said...

တကယ့်ကို
မှတ်သားမိပါတယ်အကို.....
ကျေးဇူးပါ...

မိုးစက်အိမ် said...

အင်းဟုတ်တယ် အကိုရေ စေတနာက
အခြအနေ ကြောင်. ဝေဒနာဖြစ်တတ်
သွားတတ်ပါတယ်

flowerpoem said...

ခွေးကသူ့အလုပ်သူမလုပ်တာ အပြစ်ရှိတယ်
အကျိုးအကြောင်းသေချာမသိဘဲနဲ့ မြည်းကို သတ်တာ သူလည်းမကောင်းဘူး
စေတနာနဲ့လုပ်ပေးတဲ့မြည်းကကြားထဲက ဒုက္ခရောက်သွားတယ်..

ကဗျာဦး said...

အလွန်မှန်ကန်သောဒသနပါ

မသက်ဇင် said...

လူ့လောကမှာလဲ
တကယ့်စေတနာနှင့် ကူညီပေးလိုက်တဲ့ အလုပ်တစ်ချို့ မှာ မြည်းလို အဟီမှားသွားတတ်ကြပါတယ်။ လောကီလူသားတွေကိုးဗျ။ သတိ ပညာလေးတွေနှင့် နေထိုင်တတ်ရင် အကောင်းဆုံးပါဘဲ။ ပြဿနာဆိုတာက သွားလာလှုပ်ရှားနေမှ တွေ့ရတတ်တာ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့လဲ ဇွတ်တိုးဝင်လာတတ်ပါတယ်။

မှန်ပါပေတယ်ကိုကိုမောင်ရေ
မှတ်သားသွားပါတယ်
စေတနာဟာ ဝေဒနာဖြစ်တတ်ပါတယ်

မြစ်ကျိုးအင်း said...

ခွေးလိုရှင်ရတာထက် မြင်းလို့သေရတာမြတ်တယ်...။
ပိုင်ရှင်လိုမိုက်မဲမှုတော့ ဘ၀ဆက်တိုင်းမရပါရစေနဲ့ဗျာ..။