Sunday 10 May 2009

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည် (၃)

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
အဖေသည် နှစ်ရှည်လများ လူမမာ မျက်မမြင်ဖြစ်၏။ ဘာအလုပ်မှ မလုပ်နိုင်။ အမေသည် အဖေနေကောင်းစဉ်ကတည်းက အဖေ့ကိုသာ အားကိုးခဲ့သူဖြစ်၏။ ထို့ကြောင့် ဘာစီးပွါးရေးမှ အမြင်မရှိ။ သမရိုးကျ လုပ်ကိုင်စားသောက်လာသော ကောက်စိုက် ပျိုးနှုတ် စပါးရိတ်လောက်သာ တတ်သည်။

တွက်ကြည့်သော် ကျွန်ုပ်တို့ မိသားစု ခုနစ်ယောက်ထဲတွင် အဖေက နာတာရှည်လူမမာ။ သားငါးယောက်က ကလေးပေါက်စအရွယ်။ ထို့ကြောင့် ၆ ယောက်တိတိ လူပိုဖြစ်နေသည်။ အမေတစ်ယောက်ထဲ အလုပ်ကို ဒိုင်ခံလုပ်နေရလေသည်။ နေရသည့်အိမ်က အဘိုးအဘွား(အဖေ့မိဘ)အိမ်မှာ။ လုပ်အားက တစ်ယောက်ထဲ။ လုပ်သည့်တစ်ယောက်သည်လည်း မိန်းမသား။ စားသုံးသူက ခုနစ်ယောက်တိတိ။

အဘိုးအဘွားနှစ်ယောက်။ အဖေ့ညီ့မိသားစု။ ကျွန်ုပ်တို့ မိသားစုအားဖြင့် မိသားစုသုံးစု စုနေကြသည့် ၄င်းအိမ်၌ လုပ်အားပေးနိုင်သည့် အရေအတွက် အနည်းဆုံးနှင့် စားသုံးသူ အများဆုံးမှာ ကျွန်ုပ်တို့ မိသားစုပင်ဖြစ်သည်။
မိသားစုသုံးစုတိတိ တစ်အိမ်ထဲနေပြီး စုပေါင်းစားသောက်ကြသောကြောင့် အခန့်မသင့်သည့်အခါ စကားများရတတ်သည်။

အဘိုးနှင့်အဘွားက ထမင်းစားပွဲတစ်ခု၊ ကျွန်ုပ်တို့မိသားစုက ထမင်းစားပွဲတစ်ခု၊ ဘဒွေးတို့မိသားစုက ထမင်းစားပွဲတစ်ခု။ စုစုပေါင်း ထမင်းဝိုင်း သုံးဝိုင်းတိတိရှိ၏။ ကျွန်ုပ်တို့အိမ်၏ စားအိုးကား ကြီးမားလှပေသည်။
အဖေက နေမကောင်းသည့် အတွက် ထမင်းဝိုင်းသို့မလာပါ။ သီးသန့် ခူးခပ်ကျွေးရ၏။ ကျွန်ုပ်တို့ မိသားစု ထမင်းဝိုင်း၌ အမေနှင့်ကျွန်ုပ်တို့ ငါးယောက်ဖြစ်၏။

အဘိုးသည် လွန်စွာစည်းကမ်းကြီး၏။ ထမင်းသုံးဝိုင်းလုံး အတူတူ တစ်ချိန်တည်းစားစေ၏။ ခွဲ၍လုံးဝမစားစေ။
ထမင်းစားပွဲ၌ မကြာခဏအမေငိုနေသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ထမင်းစားရင်း စား၍မပြီးခင် ထမင်းဝိုင်းမှ ထပြီး ၀ရံတာဘက်ထွက်ကာ ငိုကြွေးနေသည်ကို တွေ့ရသည်။ သို့သော် ကျွန်ုပ်တို့မှာကား ထမင်းစားမပျက်ခဲ့။ အမေဘာဖြစ်လို့ ငိုကျွေးခဲ့သည်ကို ထိုအချိန်က ကျွန်ုပ်တို့ သဘောမပေါက်ခဲ့ပေ။ အမှန်မှာ "အလုပ်လုပ်မဲ့သူကတော့ မရှိဘူး။ စားမဲ့သူတွေက သူတို့မိသားစု အများဆုံးဘဲ" ဟု အဓိပ္ပါယ်ရသည့် စကားလုံးတို့ကို ထမင်းစားရင်း အဘိုးအဘွားက ပြောလိုက် ဘဒွေးမိသားစုက ပြောလိုက် လုပ်ခဲ့သောကြောင့်ဖြစ်သည်။

အဖေသည် ၄င်းစကားများကို အားလုံးကြားသည်။ ကြားသည့်တိုင်အောင် လူမမာဖြစ်နေသည်ကတစ်ကြောင်း သူတို့ပြောသည့်အတိုင်း ဟုတ်မှန်နေသည်က တစ်ကြောင်းကြောင့် ဘာမှ ၀င်မပြောရှာပေ။ အားလုံးကို သည်းခံပြီး နေပေးရှာ၏။ ကျွန်ုပ်တို့မိသားစု ရှေ့ ရေးက ရှိသေးသည်ကိုး။

တစ်နေ့၌ အမေ အလုပ်မှ အစောကြီး အိမ်ပြန်ရောက်လာ၏။ အဖေက "ဘာဖြစ်လို့ အစောကြီး ပြန်လာရတာလဲ" ဟုမေးသည့်အခါ "ရှင့်ကို စိတ်မချလို့ ပြန်လာတာပါ" ဟူ၍ ပြန်ပြောလေသည်။ မှန်သည်။ ထိုနေ့ည၌ပင် အဖေ အမောဖောက်လာသည်။ သွေးခုန်နှုန်းတွေ မမှန်တော့ချေ။ အဖေက "ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင် သက်သာမယ်ထင်တယ်။ ပက်လက် ကုလားထိုင်ပေါ် ထိုင်ပါရစေ" ဟု အဘိုးထံ ခွင့်တောင်းလေ၏။ သို့သော် အဘိုးကား ခွင့်မပေးချေ။ အိပ်ရာထက်၌ပင် လဲလျောင်းစေရင်း ပြုစုစောင့်ရှောက်ပေးသည်။

ညဥ့်နက်သန်းခေါင် အချိန်၌ အမေ့ငိုကြွေးသံကြောင့် ကျွန်ုပ်တို့ လန့်နိုးခဲ့ကြသည်။ အဖေသေပြီ ထင်သည်။ သို့သော် "သတိလစ်ပြီး မျက်ဖြူဆိုက်သွားတာ၊ အခု သတိပြန်လည်လာပြီ" ဟူသော စကားကို ကြားလိုက်ရ၍ အဖေမသေသေးဘူး ဟု သိလိုက်ရ၏။

သို့သော်... လင်းအားကြီး အချိန်၌ အမေ့ငိုသံ ထပ်ကြားလိုက်ရပြန်သည်။ အမေအကြာကြီးငိုသည်။ ပြီးမှ ကျွန်ုပ်တို့ထံလာ၍ "မင်းတို့အဖေ မရှိတော့ဘူ" ဆိုပြီး ကျွန်ုပ်တို့ငါးယောက်လုံးကို စုပြီးသိုင်းဖက်ကာ အမေ အားရပါးရငိုကြွေးသည်။ အဖေ တကယ်ဆုံးသွားပါပြီ။

ဆီးချိုရောဂါသည် အဖေ့အစားအသောက်များကို တားမြစ်၏။ အဖေ့လုပ်ငန်းများကို ဖျက်ဆီး၏။ အဖေ့စွမ်းအင်များကို သုဉ်းစေ၏။ အဖေ့မျက်စိတို့ကို ကွယ်စေ၏။ နောက်ဆုံး အဖေ့အသက်ကို ထာဝရ သိမ်းပိုက်သွားလေပြီတည်း။

အမေငိုသည်။ မျက်လုံးနှစ်ဘက်လုံး ဖူးဖူးရောင်သည်အထိ အမေငိုကြွေးသည်။ အမေ့ငိုကြွေးမှုသည် အဓိပ္ပါယ်အလွန်ပြည့်ဝသည်ထင်သည်။ အဖေသေ၍ငိုကြွေးသည်။ အရွယ်မရောက်သေးသည့် ကျွန်ုပ်တို့ကို ကြည့်၍ စိတ်မကောင်းဖြစ်ကာ ငိုကြွေးသည်။ သားငါးယောက်နှင့်အနာဂါတ်ခရီး ဘယ်လိုလျောက်လှမ်းရမလဲဟု တွေးတောကာ စိတ်မောပြီး ငိုကြွေးခြင်းလည်း ပါဝင်နိုင်သည်။ အဖေဆုံးသည့်အခါ ကျွန်ုပ်တို့ ညီအကို ငါးယောက်၏ အသက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁၁ နှစ်၊ ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ်၊ ၃ နှစ်။

အဖေသည် သားမယားတို့ကို စိတ်မချသည့်ကြားထဲမှပင် ကျွန်ုပ်တို့မိသားစုထံမှ ရာသက်ပန်ခွဲခွါသွားခဲ့လေပြီ။ အမေ့အသက်သည် ထိုအချိန်က သုံးဆယ်သာ ရှိသေးသည်။ အမေသည် ကျွန်ုပ်တို့ကို ပြုစုပျိုးထောင်ပေးဖို့ အားသစ်တွေ မွေးရပေဦးမည်။ ကျွန်ုပ်သည် ထိုအချိန်၌ ၇ နှစ်သား အရွယ်သာ ရှိသေးသည်။

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။ ။


မှတ်ချက်။
ဤပို့စ်တ်ဖြင့် ဒီနေ့ (မေလ ဒုတိယ တနင်္ဂနွေ)မှာ ကျရောက်သည့် နိုင်ငံတစ်ချို့ မှ အမေများနေ့ကို ဂုဏ်ပြုပါသည်။ အမေများနေ့ ကျရောက်သည့်နိုင်ငံများကို သိချင်လျင် ၀ါဝါ၏ အမေများနေ့ကို ကြည့်ကြပါလေ။ သူထုတ်နှုတ်တင်ပြထားပါသည်။ ကျေးဇူးတင်လျက်။ ။

.....

9 comments:

ကြယ်ပြာ said...

အမေတစ်ယောက်တည်း ဒီကလေးတွေလူလားမြောက်အောင် ရုန်းကန်ခဲ့တဲ့ သတ္တိကို ချီးကျူးလေးစားမိပါတယ် ... ဒီမနက်တင် အမေနဲ့ဖုန်းပြောပြီး အမေ့မျက်စိတစ်ဘက်က အရင်အတိုင်းမဖြစ်နိုင်တော့ဘူး သိရလို့ စိတ်မကောင်းဖြစ်နေချိန်မှာ ဒီပို့စ်လေးဖတ်လိုက်ရတော့ ပိုပြီးရင်ထဲမကောင်းဘူးဖြစ်သွားတယ် ...

မိုးစက်အိမ် said...

အကိုရေ ဖြစ်ခဲတဲ. အကြောင်းတွေရော...အကိုအရေးကောင်း
တြာေ့ကာင်.တကယ်ခံစားရပါတယ်ဗျာ...ဂရုဏ ရသကို
ပေးစွမ်းနိုင်ပါတယ်ဗျာ...ဆက်ရေးပါအုံး အကို...

မသက်ဇင် said...

အမေများနေ့အတွက်ရေးထားသော်လည်း
မြန်မာပြည်မှာအဲဒီလိုမိသားစုတွေအလွန်များပြားစွာ
ရှိနေတော့။ ဘဝကိုရုန်းကန်နေရသော မိန်းမသားများ
အတွက် ကြေကွဲစွာခံစားဖတ်သွားပါတယ် ကိုကိုမောင်။
ခင်မင်လျက်

flowerpoem said...

သယ်ရင်းရေမနေ့တည်း က မန့်မရလို့ ကိုကိုမောင့် အမေက တော်၂ကိုရုန်းကန်ခဲ့ရမှာပဲ သူများတွေထက် သူက ပိုပင်ပန်းခဲ့မှာ ဖတ်ရင်းနဲ့ စိတ်မကောင်းဘူး

Anonymous said...

ကိုယ်ချင်းစာမိပါတယ်။အမေလည်းဆီးချိုရှိတယ်လေ။ မျက်လုံးကတော့ဝါးတာပေါ့။
သူကြီးအမေ ရင်ထဲဘယ်လောက်တောင်ကြေကွဲရမလဲနော် လက်တွေ့ဘဝကိုဖတ်ရတာ ပိုခံစားရပါတယ်။


စိတ်အေးချမ်းပျော်ရွှင်ပြီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရှင်း
မိုး

ကိုဇော် said...

ဒီအသက်အရွယ်လောက်နဲ့ သား ၅ ယောက်ကို ရုန်းကန် ကျွေးမွေးတာ လေးစားလောက်တယ်ဗျာ။
အမေ ဆိုတာကို ဂုဏ်ထူးဆောင်စေတဲ့ အမျိုးသမီး တစ်ယောက်ပါပဲဗျာ။

Anonymous said...

:( :( :(
swe

Anonymous said...

ငယ်ငယ်တုန်းက အဘိုးရဲ့ အိမ်ကြီးမှာ မိသားစုတွေ စုပေါင်းနေခဲ့ရဖူးတော့ အဲဒီခံစားချက်မျိုးကို ကိုယ်ချင်းစာ နားလည်မိတယ်။

၁၁ - ၉ - ၇ - ၅ - ၃ ........ ဒီလို လူမမယ် ကလေးတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကိုကိုမောင့် မိခင်ကို လေးစားစွာ ချီးကျူး မိပါတယ်။

Anonymous said...

Pqzefs [url=http://hermeskelly.finniwolf.com][b]hermes outlet[/b][/url] hermes table http://hermeskelly.finniwolf.com Viwgoo Byezqz hermes handbags