Sunday 10 May 2009

ကွမ်းစားသုံးသူများအတွက် မင်္ဂလာသတင်း


ကမ္ဘာအနှံ့ နိုင်ငံတိုင်းနီးနီး အိန္ဒိယကုလားများရှိသည်။ အိန္ဒိယကုလားရှိသည့်နေရာတိုင်း ကွမ်းယာရရှိနိုင်သည်။ ကွမ်းယာရနိုင်သည့် နေရာတိုင်းသို့ မြန်မာအမျိုးသားများ ချီတက်လေ့ရှိကြသည်။ ရောင်းသည့်သူရှိ၍ ၀ယ်သည်။ ၀ယ်သည့်သူရှိ၍ ရောင်းသည်။ ရောင်းသူနှင့်ဝယ်သူ မူလ မူလီ(အတိုင် အလှည့်)ဖြစ်၍နေသည်။

ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာလူမျိုးပီပီ ကွမ်းယာရရှိနိုင်သော နေရာသို့ ကျွန်ုပ်ရောက်ဖူးသည်။ သို့သော် ကျွန်ုပ်သည် ကွမ်းမစားပါ။ ဆေးလိပ်လည်း မသောက်ပါ။ ကွမ်းယာရရှိနိုင်သော နေရာသို့မူ ကွမ်းစားသုံးသည့် သူငယ်ချင်းများနှင့် အတူတကွ ရောက်ဖူးခြင်းဖြစ်သည်။

ကွမ်းစားခြင်းသည် ဗိုက်ပြည့်သလော၊ ရေငတ်ပြေသလော။
အထက်ပါ မေးခွန်းများကို ကျွန်ုပ်မဖြေတတ်ပါ။ ကျွန်ုပ်၏ နယ်ပယ်မဟုတ်၍ မသိခြင်းဖြစ်သည်။ တ..ဗျတ်..ဗျတ် ကွမ်းဝါးနေသည့်သူ အများအပြားကို ကျွန်ုပ်တွေ့ဖူးသည်။ သူတို့သည် အမြဲတမ်း ကွမ်းဝါးသည့်တိုင် ထမင်းကိုလည်း တ၀စားလေ့ရှိသည်။ ရေကိုလည်း များစွာ သောက်လေ့ရှိသည်။ ၄င်းကို ထောက်ဆ၍ ကွမ်းစားခြင်းသည် အဆာလည်းမပြေ ရေငတ်လည်းမပြေ ဟု ကျွန်ုပ် ကောက်ချက်ချလိုက်သည်။ ကွမ်းစားခြင်း၏ လက်ငင်းအကျိုးကား သွားများနီကျင်ကုန်၏။ ပါးစပ် ညစ်ပတ်၏။ ပတ်ဝန်းကျင်ညစ်ပတ် ရှုပ်ပွရုံသာ ရှိချေ၏။ ဆန့်ကျင်ဘက်လိင်၏ နှစ်သက်စုံမက်ခြင်းမှ ကင်းဝေးတတ်၏။

ကွမ်းသည် အဘယ်ကဲ့သို့ အရသာရှိသနည်း။
ကျွန်ုပ် အမှန်မသိပါ။ လောကနီတိ၌ မှတ်သားဖူးသည်မှာ ဆားမပါသော ဟင်း၊ ထုံးမပါသော ကွမ်းသည် အရသာမရှိ ဟူ၏။ ချို ချဉ် ဖန် ငန် စပ် ဆိမ့် အရသာခြောက်ပါးထဲတွင် ကွမ်းသည် မည်သည့်အရသာရှိသည်ကို ကွမ်းစားဖူးသူသည်သာလျှင် သိနိုင်မည်ထင်၏။

ကွမ်းသည် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်ပါသလား။
ကျွန်ုပ် ပြောမပြတတ်ပါ။ ကျွန်ုပ်ကြားဖူးသည်မှာ ကွမ်းစားခြင်းဖြင့် သွားဖုံးကင်ဆာ လည်ချောင်းကင်ဆာ အစာအိမ်ကင်ဆာ စသည့် ကင်ဆာရောဂါ ဖြစ်ပွါးနိုင်ခြေ ပိုများ၏ ဟူ၍သာဖြစ်သည်။ ဆေးပညာပေးစာအုပ်တစ်အုပ်၌ ကျွန်ုပ်ဖတ်ဖူးထားသော စာတစ်ပိုဒ်ရှိ၏။ ၄င်းမှာ ကွမ်းစားသုံးသောသူသည် ကွမ်းမစားသုံးသောသူထက် ကင်ဆာရောဂါ ၃၅ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိသည် ဟူ၏။ ဆင်ခြင်ကြပါကုန်။

ကွမ်းစားသောသူအား ကွမ်းမစားဖို့ အတင်းအဓမ္မတိုက်တွန်းလျင် ကွမ်းကြိုက်သော သူ၏ ငြိုငြင်ခြင်းကို ခံရတတ်ပေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကွမ်းမစားဖို့ အကြံပေးချင်သော်လည်း မစားနဲ့ဟူ၍ကား မပြောရဲပေ။
သို့သော် ကွမ်းစားသုံးသူများကို မင်္ဂလာသတင်းတစ်ခုတော့ ပါးလိုက်ချင်သည်။ လောကနီတိ ပကိဏ္ဏကကဏ္ဍ ဂါထာအမှတ် ၁၂ ၌ ဤသို့ဆို၏။

တမ္ဗုလဿ မဇ္စျေ ပတ္တေ၊ ကုဝေရော ရက္ခတိ သဒါ
မူလမှိ ရက္ခတိ ယက္ခော၊ အဂ္ဂမှိ ကာဠကဏ္ဏိကာ
တာနိ ဘုေဥၨယ် ဆိႏၵိတြာ၊ သိရီ ဧ၀ံ ပ၀ၯတိ။

(မြန်မာပြန်)
ကွမ်းရွက်၏အလယ်၌ ကုဝေရနတ်မင်း အမြဲတမ်း စောင့်၏။
ကွမ်းရွက်၏အရင်း၌ ဘီလူး စောင့်၏။
ကွမ်းရွက်၏ အဖျား၌ နတ်ယုတ်မာ စောင့်၏။
ထို့ကြောင့် ကွမ်းရွက်၏ အရင်း အဖျားတို့ကို ဖြတ်၍ (အရွက်အလယ်သား)ကွမ်းယာကို စားသုံးရာ၏
ဤသို့ စားသုံးသည်ရှိသော် ဘုန်းကျက်သရေ တိုးတက်၏။

ဤလောကနီတိ စာသားလေးဖြင့် ကွမ်းစားသုံးသော သူတို့အား ဆုတောင်းပေးလိုက်၏။
ကွမ်းစားသုံးသူများ မိမိလည်း မညစ်ပတ်၊ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်း၊ ရောဂါအပေါင်းမှလည်း ကင်းဝေးပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေသတည်း။ ။

............

6 comments:

မြစ်ကျိုးအင်း said...

အဲဒီနိတိလေး ဖတ်ဖူးတယ် ကွမ်းယာဆိုင်မှာကို တခမ်းတနားရေးထားတာ..။ကျွန်တော်တော့ အနံ့ပြင်းပြင်းနဲ့ ကွမ်းစားတဲ့သူတွေကို သိပ်မနှစ်သက်ဘူး။ကျွန်တော်လည်းမစားဘူး..။
အပေါ်ကပြောတဲ့ကွမ်းယာဆိုင်က ကားဂိတ်မှာမို့လို့ တွေ့ဖူးတာ..။
...ခင်မင်သောအားဖြင့်.....

မိုးစက်အိမ် said...

အင်း အကိုရေးတာ ကွမ်းစားတတ်တဲ.
အကိုတွေ ညီတွေ တော. roll
မြင်.သွားတာပေါ...ဟီးးးးးးး
ဗဟုသုတ ရပါတယ်ခင်ဗျာ...

ကြယ်ပြာ said...

ကွမ်းအကြောင်းတွေချည်းပါလား ... ကွမ်းစားတာ ကျွန်မတော့ သဘောမကျဘူး ... သွားတွေရော နှုတ်ခမ်းရော နီကျင်နေတာ ရွံစရာကြီး ... အဲ့ ... ကွမ်းစားသူတွေ ဒီကွန်မန့်မြင်ရင် လိုက်သတ်နေဦးမယ် ဟီး ...

Anonymous said...

ကျနော်တော့ ရံဖန်ရံခါ စားတယ်ဗျ။ ဘာကို နှစ်ခြိုက်စွဲလမ်းလို့ စားနေလဲ.. ကိုယ့်ကိုကိုယ် မေးဖူးတာလဲ အကြိမ်ကြိမ် အခါခါ ရှိပြီ။ အဖြေတော့ မတွေ့သေးဘူး။ ဖြတ်ဖို့ လုပ်လိုက်.. ကြုံတော့ စားဖြစ်လိုက် (တခါတလေ ကြုံအောင်လုပ်တယ်။) ဒီလိုနဲ့ပဲ..။ ကိုယ့်ကိုကိုယ် မညှာတမ်း ဝေဖန်ရမယ်ဆိုရင်တော့ စိတ်ဖြေရာ ဆိုပြီး အမြင်လွဲနေတာပါ။ ဘေးထွက် ဆိုးကျိုးတွေက တော်တော်များ လှတာ အမှန်ပါပဲ။ တဖြည်းဖြည်း ဖြတ်ဖို့ ကြိုးစားရမယ်။ အဆင်ပြေ ပါစေ။

မသက်ဇင် said...

ကွမ်းအကြောင်းရယ်စရာပြောရအုံးမယ်
လင်မယားနှစ်ယောက်မှာ ပြောင်းပြန်ဇနီးကကွမ်းစားတယ်
ဖေဖေနဲ့မေမေဆီ လင်မယားရန်ဖြစ်တိုင်း အပြိုင်လာတိုင်
ကြ တယ်။ ယောင်္ကျားလုပ်သူကပြောတာလေ။
လင်ကို ဖြတ်မယ်။ကွမ်းကိုမဖြတ်နိုင်ဘူးလို့
မိန်းမကပြောတယ်တဲ့။
အခုတကယ်ကွဲတော့မယ်တဲ့ ကွမ်းစားထားတဲ့ပါးစပ်အနံနံ ကို
သူလုံးဝသည်းမခံနိုင်တော့ပါဘူးတဲ့။ကိုကိုမောင်ရေ
ဲ့

Anonymous said...

ကျနော်ကတော့  ကွမ်းလည်းကြိုက်တယ်..
လုပ်ငန်းကလည်း ကွမ်းရွက်ရောင်းတာဆိုတော့ ...........အကိုရဲ့ အဆိုကိုအပြည့် အ၀လက်ခံပါတယ်.....ဆိုရိုးစကားရှိတယ်လေဗျာ..ဘာပါလိမ့်  ........သြော်..တန်ဆေးလွန်ဘေးပေါ့ ဗျာ ဟုတ်ဘူးလား............ဟီးးးးးးးးး