Monday, 24 August 2015

လူလုပ်တဲ့ စက်


အခန်းထဲ စာကြည့်ရင်း မှေးကနဲ ဖြစ်သွားတယ်။ နေ့လည်စာစားပြီးချင်း စာကြည့်ရတာလဲ အိပ်ဆေးတစ်မျိုးပါဘဲ။ တဒေါက်ဒေါက် တံခါး ခေါက်သံကြောင့် ဖျတ်ကနဲ နိုးလာတယ်။ မှေးကနဲအိပ် ဖျတ်ကနဲနိုး။ တယ်လဲ မနှိပ်လှဘူး။ ဘယ်သူလဲ ၀င်ခဲ့လိုက်လေဆိုတော့ မနေ့တနေ့ကတည်းက အလည်ရောက်နေတဲ့ ဘာမင်ဂမ်က ဧည့်သည် အဘိုးအိုကြီး။ အသက်ကြီးသလောက် အတော်လေးသွက်သွက်လက်လက် ရှိတဲ့ အဘိုးအို။ အောက်ထပ်က အိမ်ရှင်အဘိုးနဲ့ အတော်လေး အဖွဲ့ကျကြတယ်။

"မိုဘိုင်းဖုန်းလေး အားကုန်သွားလို့ အားသွင်းပေးပါလား၊ ဟိုဘက်အခန်းမှာ ပလပ်ပေါက် မရှိလို့"

"ထားခဲ့လေ အဘိုး"

"အေးအေး မောင်ရင်လဲ စာကြည့်နေတယ်ဆိုတော့ နှောက်ယှက်သလို ဖြစ်သွားလား မသိဘူး"

"ရပါတယ် အဘိုး၊ အိပ်ရင်း ကြည့်၊ ကြည့်ရင်းအိပ်နဲ့ စာအုပ်တွေလဲ ကြေမွနေပါပြီ အဟီး"

ဧည့်သည် အဘိုးအို အိမ်အောက်ထပ် ပြန်ဆင်းသွားတယ်။ အိမ်ရှင်အဘိုးအိုနဲ့ လေပန်းနေကြတာ အပေါ်ကနေ မကြားတစ်ချက် ကြားတစ်ချက်။
........

သူကြီးမှာ မိတ်ဆွေ စုံတွဲတစ်တွဲရှိတယ်။ သူတို့မှာ ကလေးသုံးယောက် ရှိတယ်။ ကလေးလေးတွေက တကယ့် ချစ်စရာလေးတွေ။ လှပမှ။ ချောမှချော။ အပြစ်ဆိုဖွယ်ရာ ဘာတစ်ခုမှ မရှိ။ ဒါနဲ့ သူကြီးက မေးကြည့်တယ်။ မင်းတို့ လင်မယား နှစ်ယောက်လုံး ရုပ်တွေ ဆိုးနေရဲ့သားနဲ့ ကလေးတွေက ဘာဖြစ်လို့ ဒီလောက် ရုပ်ချောနေရတာလဲ ဆိုတော့ အမျိုးသမီးလုပ်သူက ဖြေတယ်.. ဟိုလေ.. လူလုပ်တဲ့ စက် ကောင်းလို့ပေါ့ သူကြီးရဲ့ တဲ့။

"လူ လုပ်တဲ့ စက်.."

နားမလည်စွာနဲ့ ပြန်မေးလိုက်တော့ သူတို့ ခပ်ကျဲကျဲ ရယ်နေကြတယ်။ အတော်ဗဟုသုတနည်းတဲ့ သူကြီး၊ အတော်လေး အ တဲ့ သူကြီး၊ ဒါလေးတောင် မသိဘူးလားဆိုတဲ့ လှောင်ရယ်မျိုး။

"ဟုတ်တယ်။ လူ လုပ်တဲ့ စက်။ မကြားဖူးဘူးလား။ မမြင်ဖူးဘူးလား"

"ဟင့်အင်း တစ်ခါမှ ကြားလဲ မကြားဖူးဘူး၊ မြင်လဲ မမြင်ဖူးဘူး"

"ဒါဆိုရင် ညနေဆည်းဆာရောင် သန်းလာတာနဲ့ အိမ်ကို လာခဲ့။ သူကြီးကို ပြပေးမယ်"

သူကြီးလဲ လူလုပ်တဲ့ စက်ကို မြင်ဖူးချင်တာနဲ့ ညနေပိုင်းမှာ သူတို့ အိမ်ဘက် ခြေဦးတည်မိတယ်။ အိမ်ရောက်တော့ သူတို့နှစ်ယောက် သူကြီးကို တစ်နေရာ ခေါ်သွားကြတယ်။ တက်စီတစ်ဦးငှားစီးကြတယ်။ တစ်နာရီလောက်ကြာတော့ အဆောက်အဦးအိုကြီး တစ်ခုရှေ့မှာ သူကြီးတို့ ဆင်းကြတယ်။ နေ၀င်သွားပေမဲ့ လင်းဖျဖျ လျပ်စစ်မီးရောင်လေးကြောင့် ဆိုင်းဘုတ်ကြီးမှာ ရေးထားတဲ့ စာကြောင်းကိုတော့ ကောင်းကောင်းဖတ်လို့ ရနေသေးတယ်။ အဖြူရောင် အောက်ခံပြီး အနီရောင်စာလုံးကြီးတွေနဲ့ ရေးထားတာ။

"HMF (Human-Making-Factory) လူလုပ်စက်ရုံ"

ညပိုင်းမို့ ထင်ပါရဲ့ ပတ်ဝန်းကျင်က အတော်လေး တိတ်ဆိတ်နေတယ်။ စက်ရုံရဲ့ ပတ်ပတ်လည်က တောအုပ်တွေချည်း။ လာ သူကြီး အထဲဝင်ကြစို့ ဆိုပြီး စက်ရုံကြီးထဲ အတူတူ ၀င်ဖို့ ပြင်ဆင်လိုက်တယ်။ အော် မေ့နေလို့ နေဦး။ အ၀တ်အစားတွေ လဲရဦးမယ်။ ပါလာတဲ့ အ၀တ်အစားတွေကို ဒီနေရာမှာဘဲ ထားခဲ့ရမယ်။ အထဲကိုတော့ ဟောဒီ ၀တ်စုံတွေဘဲ ၀တ်ရမယ်ဆိုပြီး ညအိပ်အကျီ င်္လိုမျိုး အ၀တ်ကြီးကို စွပ်ဝတ်ပြီး အထဲ ၀င်သွားကြတယ်။

ညှီစီစီအနံ့ကြောင့် ကျောတောင် ချမ်းသွားတယ်။ အထဲရောက်တော့ ၀င်ပေါက်တံခါး လေးပေါက်တိတိ ရှိတာကို သတိထားတယ်။ လူလုပ်စက်ပေါ် တက်မဲ့အချိန်မှာတော့ ဘာအ၀တ်မှ မ၀တ်ရဘူး။ မိမွေးတိုင်း ဖမွေးတိုင်း တက်ရမှာ။ ဒါမှ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာ လို့ သူတို့က ပြောတယ်။ 

"ဒါက ၀င်ပေါက် ၁။ ယောက်ျားလေးတွေအတွက် စက်
ဒါက ၀င်ပေါက် ၂။ မိန်းခလေးတွေ အတွက် စက်
ဒါက ၀င်ပေါက် ၃။ ယောက်ျားလေးအဖြစ်ကနေ မိန်းခလေးအဖြစ် ပြောင်းပေးတဲ့ စက်
ဒါက ၀င်ပေါက် ၄။ မိန်းခလေးအဖြစ်ကနေ ယောက်ျားလေးအဖြစ် ပြောင်းပေးတဲ့ စက်"

 သူတို့ စိတ်ရှည်လက်ရှည် ရှင်းပြကြတယ်။ ၀င်ပေါက်ကလေးတွေကနေ ခေါင်းပြူ ချောင်းကြည့်လိုက်တော့။ အားပါးပါး... လေးနေရာလုံး ဆိုင်ရာဆိုင်ရာ လူတွေ တန်းစီနေကြတာ မနည်းပါလား။ လူလုပ်တဲ့ စက်တွေ အတော်လေး အလုပ်ဖြစ်ကြတာဘဲ။ ဒီလို စက်မျိုး ထောင်ထားရင် နေ့ချင်း ညချင်း ကြီးပွါးသွားနိုင်တယ်။

ဝင်ပေါက် ၁ ရဲ့ အ၀င်က ကြော်ငြာဘုတ်မှာ အာနိုးပုံ ရမ်ဘိုပုံ ဘက်ခမ်ပုံ ကိုရီးယားမင်းသားတွေပုံ ဂျပန်မင်းသားတွေပုံ ကပ်ထားတယ်။ ကြိုက်တဲ့ ခန္ဓာကိုယ် ( S, M, L, XL, XXL) အရွယ်အစားအတိုင်း ပြုလုပ်ပေးနိုင်သည်တဲ့။ ရာနှုန်းပြည့် အာမခံသည်ဆိုဘဲ။ သူကြီးလဲ အခွင့်အရေးရတုန်းလေး ရမ်ဘိုကိုယ်လုံးလောက်တော့ လုပ်သွားဦးမှဆိုပြီး သူကြီးမိတ်ဆွေတို့ကို ပြောဖြစ်တယ်။

ဝင်ပေါက် ၃ နှင့် ၄ ကို သိပ်စိတ်မ၀င်စားပေမဲ့ ၀င်ပေါက် ၂ ကိုတော့ အတော်လေး စိတ်ဝင်စားနေမိတယ်။ မိန်းခလေးတွေကို ဘယ်လိုလှအောင် ဘယ်လောက် လှအောင် လုပ်ပေးနိုင်မလဲဆိုတာ သိချင်နေမိတယ်။ ဒါကြောင့် သူကြီးမိတ်ဆွေတွေကို  ငါ ဒီမှာ ခဏ စောင့်ကြည့်ချင်တယ် လို့ ပြောလိုက်တော့..

"ခဏ နေဦး.. အမျိုးသားစက်မှာ သူကြီးအတွက် တိုကင် ကြိုယူထားရဦးမယ်၊ ဒါမှ သူကြီးအလှည့် အမြန်ရောက်လာမှာ"

တိုကင်ယူပြီး ၀င်ပေါက် ၂ ကို ပြန်လာခဲ့ကြတယ်။ ပြီးတော့ အထဲဝင်ပြီး မိန်းခလေးတွေကို အကဲခတ်နေမိတယ်။  ၀၀တုတ်တုတ် စည်ပိုင်း မိန်းခလေးတွေ၊ ပိန်ပိန်ခြောက်ခြောက် မီးယပ်ပိန် မိန်းခလေးတွေ၊ ရုပ်ဆိုးဆိုး မိန်းခလေးတွေ။ စုံလို့ စုံလို့။

ခဏကြာတော့ ၀၀ဖိုင့်ဖိုင့် (ရုပ်ရှင်မင်းသမီး ပွင့်လို) မိန်းမကြီးတစ်ယောက် လူလုပ်စက်ပေါ် တက်သွားတယ်။ စက်ဘတ်ကြိုးလိုမျိုး ခပ်ပြားပြားအလျားရှည် အချပ်ကြီးပေါ် စန့်စန့်ကြီး လဲလျောင်းနေတာကို မြင်နေရတယ်။ အဲဒီ ကြိုးပြားရှည်ကြီးနှင့်အတူ အဲဒီမိန်းမကြီးကို အော်တိုမစ်တစ် စက်ထဲ ဆွဲယူသွားတယ်။ ကျလိ ကျလိ ကျိ ဂွပ် ဂျွတ် ဆိုတဲ့ စက်ကြိတ်ချေတဲ့ အသံတွေ ကြားနေရတယ်။ ပရော့ဆက်လုပ်နေတာ နာရီဝက်လောက် ကြာတယ်။ ပရော့ဆက်တွေ အားလုံးပြီးတော့ ခုနက စက်ဘတ်ကြိုးပြားကြီးနဲ့ဘဲ အဲဒီမိန်းခလေးကို ဖြည်းဖြည်းလေး စက်ထဲက တွန်းထုတ်လာတယ်။ 

"ဘုရားရေ...."

မျက်စိတောင် မယုံနိုင်လောက်အောင်ပါဘဲ။ ဒီလောက် ၀၀ဖိုင့်ဖိုင့် မင်းသမီးပွင့်လို မိန်းမကြီးဘ၀ကနေ မင်းသမီး မိုးယုစံ ကိုယ်လုံးလိုမျိုး သွယ်သွယ်လျလျလေးနဲ့ နတ်သမီးတမျှ မိန်းမပျိုလေး ဖြစ်လာပါရောလား။ ကြည့်ရင်း အတော်လေး သဘောကျသွားတယ်။ သူကြီးအသိတွေထဲက ခပ်၀၀မိန်းခလေးတွေကို ဒီစက်ရုံကို ခေါ်လာရမယ်ဆိုပြီး စဉ်းစားရင်း ပျော်နေမိတယ်။ 

နောက်တစ်ယောက်အလှည့်။ ဒီမိန်းခလေးကတော့ ပိန်ပန်ကပ်ကပ် ငါးဖောင်ရိုးလိုမျိုး မိန်းခလေး။ ရင်မရှိ တင်မရှိ ဘာမှ မရှိ တုတ်ထိုးရုပ်နဲ့ မခြားတဲ့ မိန်းခလေး။ သူလဲ စက်ထဲ ၀င်ပြီး ပြန်ထွက်လာတော့ မင်းသမီး သက်မွန်မြင့် ပုံစံမျိုးလေး ဖြစ်လာတယ်။ အားပါးပါး  တယ်မိုက်ပါလား။ 

"ပထမ ၀၀ဖိုင့်ဖိုင့် မိန်းခလေးရဲ့ အသားပိုင်းအသားစတွေကို စက်ထဲမှာ အလိုအလျောက် သိမ်းထားပြီး အခု ပိန်ကပ်ကပ် မိန်းခလေးရဲ့ ခန္ဓာကိုယ်မှာ စက်က အလိုအလျောက် ပြန်ထည့်ပေးလိုက်တာ"

မိတ်ဆွေတွေက သေချာ ရှင်းပြကြတယ်။

"သူတို့ ပိုက်ဆံတွေ အတော်ကုန်မှာဘဲနော်"

"ဟုတ်တယ် တစ်ယောက်ကို ပေါင်တစ်သောင်းလောက် ပေးရတယ်။ ဒီလူလုပ်စက်က နည်းနည်းဈေးပိုကြီးတယ်။ ဒါပေမဲ့ စိတ်ချရတယ်။ ဟို အောက်စ်ဖို့ဒ်က လူလုပ်စက်ဆိုရင်တော့ တစ်ယောက်မှ ပေါင် သုံးထောင်ဘဲ ပေးရတယ်။ ဒါပေမဲ့ အဲဒီစက်မှာ  ဂျမ် ခဏခဏဖြစ်လို့ လူတွေ အသက်ဆုံးရှုံးရတာတွေ ရှိတယ်။ အဲဒီစက်ရုံက တရုတ်စက်တွေကို အသုံးပြုထားတာကိုး။ ဒီစက်ရုံက တကယ့် ယူကေ စတင်းဒါ့"

မိန်းခလေးတွေရဲ့ လူလုပ်စက်ကို လေ့လာပြီးတော့ အမျိုးသားတွေရဲ့ လူလုပ်စက်ခန်းဘက် လှည့်လာကြတယ်။ ကလေး လူငယ် လူရွယ် လူကြီး ဆိုက်သေး ဆိုက်လတ် ဆိုက်ကြီး စတဲ့ ပုံစံမျိုးစုံကို ကြိုက်ရာ ရွေးနိုင်တယ်။ သူကြီးက ရမ်ဘိုပုံစံ ရွေးချယ်ထားပြီးသား ဖြစ်တယ်။ 

တိုကင်အရ အစဉ်အတိုင်း တန်းစီကြရတယ်။ သူကြီးရှေ့က ၀၀ဖိုင့်ဖိုင့်တွေရော ပိန်ပန်ကပ်ကပ်တွေရော ငါးယောက်လောက် လူလုပ်စက်နဲ့ အောင်မြင်စွာ လုပ် ပြီးသွားတယ်။လက်မောင်းမှာ  ကြွက်သားကြီးတွေ အမြောင်းလိုက်နဲ့ ထွက်လာတာလဲ ရှိရဲ့။ ဗိုက်ခေါက်မှာ အရစ်အရစ်တွေနဲ့ ထွက်လာတာလဲ ရှိရဲ့။ ခုခေတ် ကိုရီးမင်းသား ဂျပန်မင်းသားတွေလို  ပိန်ပိန်သွယ်သွယ် နုနုနယ်နယ်လေးတွေ ထွက်လာတာလဲ ရှိရဲ့။ တော်တော် ဟန်ကျတဲ့ လူလုပ်စက်ဘဲ။

အဲလိုနဲ့ သူကြီးရှေ့က လူတစ်ယောက် အလှည့်ရောက်လာတယ်။ သူပြီးရင် သူကြီးအလှည့်။ သူက ရုပ်ဆိုးတဲ့အပြင် တကယ့်၀၀တုတ်တုတ်ကြီး။ ဗိုက်ပြင်တစ်ခုလုံးလဲ အဆီတွေ တလပျစ်နဲ့။ သူ့ခန္ဓာကိုယ်တောင် သူမနိုင်ချင်သလိုလို။ သူ့ကို စက်ထဲ ဆွဲသွင်းလိုက်တယ်။ ကျလွပ် ခွပ် ကျိ ကျိ ရှဲ ဆိုတဲ့ သံတွေ ထွက်လာတယ်။ မကြာခင်မှာ ထူးဆန်းစွာ  စက်သံတွေ ပိုကျယ်လာတယ်။ အားညှစ်ပြီး ရုန်းရတဲ့ အသံမျိုး။ စက်ထဲက မီးခိုးတွေ ထွက်လာတယ်။ ကယ်ပါ ကယ်ပါ ကယ်ကြပါ ဆိုတဲ့ အာခေါင်ခြစ်အော်သံကိုလဲ ကြားနေရတယ်။ ဒါဆို သေချာပြီ။ ဟိုလူကြီး စက်ထဲမှာ ဒုက္ခရောက်နေပြီ။ 

စက်ရုံဝန်ထမ်းတွေ  ပျာယာခတ်သွားကြတယ်။ စက်အစိတ်အပိုင်းတွေကို သေချာ စစ်ဆေးကြည့်ကြတယ်။ လျပ်စစ်ခလုပ်တွေ အရေးပေါ် အကုန်ပိတ်ပေမဲ့ အော်တိုလည်နေတဲ့ စက်က အတော်နဲ့ ရပ်မရဘူး။ 

"သူ့ရဲ့ ဦးခေါင်းက အရမ်းကြီးနေတဲ့အတွက် စက်က ပုံသွင်းစက်ထဲ ဆွဲယူလို့ မရဘဲ ပုံသွင်းစက် အ၀မှာဘဲ တစ်နေတာ။ စက်က အားနဲ့ဆွဲတော့  သူ့ခေါင်းကို ဆွဲညှစ်ပြီး ရိုက်ခွဲသလို ဖြစ်သွားတာ"

စက်ရုံဝန်ထမ်းတွေ အော်ဟစ်ပြောနေကြတယ်။ အဲဒီလူ အသက်ရှင်ဖို့ သေချာပါတော့မလား မသိ။ ဘုရား ဘုရား မသေကောင်း မပျောက်ကောင်း။ 

ပြဿနာက အတော်လေး ကြီးနေပြီမို့ စက်ရုံဝန်ထမ်းတွေ အရေးပေါ် ခလုပ်ကို နှိပ်လိုက်ကြပုံပေါ်တယ်။ တူ တူ တူ တူ တူ ဆိုတဲ့ အရေးပေါ် အချက်ပေးသံတွေ စက်ရုံထဲ ဆူညံသွားတယ်။ နားကွဲလု မတတ်ပါဘဲ။ 

""တူ တူ တူ တူ တူ တူ တူ တူ တူ တူ တူ တူ""

ဆူညံသံကြောင့် ဖြတ်ကနဲ လန့်နိုးလာတယ်။ ဘာတွေ ဖြစ်ပျက်ကုန်ပါလိမ့်ဆိုပြီး ဟိုဟို ဒီဒီ ရှာဖွေကြည့်လိုက်တော့။ အားသွင်းထားတဲ့ အဘိုးအိုရဲ့ ဖုန်း။ အဲဒီဖုန်းကို ဖုန်းခေါ်တစ်ခု ၀င်နေတာကိုး။ ဖုန်းက ရှေးဖြစ် ဆမ်ဆောင်းဖုန်းဆိုတော့ အသံက ကျယ်သလားမမေးနဲ့။ နားကွဲမတတ်ပါဘဲ။ 

ဖုန်းကလေး ကိုင်ပြီး အောက်ထပ်ကို ဆင်းလိုက်တယ်။ အဲဒီအဘိုးအိုကို ဖုန်းပေးလိုက်တယ်။ ဖုန်းတစ်ခု ၀င်လာလို့ အဘိုး... ဆိုတော့ ဖုန်းကို လှမ်းယူပြီး အဘိုးအိုက ကြည့်တယ်။ အော်... သမီးဆီက လာတဲ့ ဖုန်းကိုးတဲ့။

သူကြီးလဲ အပေါ်ထပ် ပြန်တက်လာတယ်။ အိပ်ချင် မူးတူးပေမဲ့ ထပ်မအိပ်ရဲတော့ဘူး။ အမျိုးသားလူလုပ်စက်ခန်းထဲ တန်းစီနေကြတဲ့ သူတွေထဲမှာ ရှေ့ က ၀၀တုတ်တုတ်လူကြီးပြီးရင် သူကြီးအလှည့်မဟုတ်လား။  ။

တုံးဖလားသူကြီးမင်း
(သြဂုတ်လ ၂၄ ရက် တနင်္လာနေ့ ညနေ ၄ နာရီခွဲ)

.

No comments: