Monday, 31 August 2015

ပို သံယောဇဉ်ရှိတယ် (ဘလော့ဒေးအမှတ်တရ)

ဖေ့စ်ဘုတ်က လွတ်လပ်ခွင့် ဒီမိုကရေစီဆို
ဘလော့က ချုပ်တည်းမှု ဆိုရှယ်လစ်ဖြစ်မယ်။

ဖေ့စ်ဘုတ်က စည်းကမ်းပျက် အာဏာရှင်ဆို
ဘလော့က စည်းကမ်းရှိ ဒီမိုကရေစီဖြစ်မယ်။

ဖေ့စ်ဘုတ်က ဟိုဖော်ဒီဖော် ခပ်ဟော့ဟော့ အပျိုမလေးဆိုရင်
ဘလော့က ယဉ်ယဉ်ကျေးကျေး အပျိုစင်လေးဖြစ်မယ်။

ဖေ့စ်ဘုတ်က ပြက်ချော်ချော် လူပြက်ဆိုရင်
ဘလော့က တည်တည်တံ့တံ့ ဂုဏ်သရေရှိ လူကြီးဖြစ်မယ်။

ဖေ့စ်ဘုတ်က ပူပြင်းတဲ့ နေမင်းဆိုရင်
ဘလော့က အေးမြတဲ့ လမင်းဖြစ်မယ်။

ဖေ့စ်ဘုတ်က သဲကန္တာရကြီးဆိုရင်
ဘလော့က အိုအေစစ်လေးဖြစ်မယ်။

ဖေ့စ်ဘုတ်က ကြမ်းတမ်းတဲ့ မုန်တိုင်းဆိုရင်
ဘလော့က နူးညံ့တဲ့ လေပြေဖြစ်မယ်။

ရှေးရိုးစွဲလို့ပဲ ပြောပြော
နောက်ကြောင်းပြန်လှည့်ချင်တယ်ပဲ ဆိုဆို
သူကြီးကတော့
ဘလော့ကို ပို သံယောဇဉ်ရှိတယ်။


တုံးဖလားသူကြီးမင်း
(၃၁၊၀၈၊၂၀၁၅ တနင်္လာနေ့ နံနက် ၀၁း၄၀ နာရီ)


.

Friday, 28 August 2015

ယောင်မှား၍ အော်မိသည်

ရွှေရောင်ရောထွေး
ပိုးကောင်လေးသည်
ဟိုပြေးဒီလာ
ခေါက်တုန့်ကာဖြင့်
လွန်စွာကြည်နူး
ပျော်စိတ်ကြူးသို့
ရွှင်မြူးလွန်၍ မေ့လျော့သည်။

ကြည်နူးပျော်ရွှင်
လျှောက်လှမ်းစဉ်ဝယ်
စားခွင်အကြိုက်
ပင့်ကူမိုက်က
ဆွဲကိုက်ချည်နှောင်
သူ့သိုက်ဆောင်သည်
ပိုးကောင်ရုန်းဖို့ ခက်လှသည်။

စိတ်မှာဒွိဟ
လွန်တွေးဆ၍
ကယ်ရနိုးနိုး
ထားရနိုးဟု
ချိန်ထိုးနေမိ
အပြစ်ရှိသည်
အသိမူး၍ ပူမိသည်။

ပိုးကောင်ကိုကယ်
ပင့်ကူပယ်က
ရင်ဝယ်မချိ
စာနာမိသို့
သူ၏အစာ
ဝမ်းတစ်ထွာကို
ဤငါလုပ်၍ ပျက်စီးသည်။

ပင့်ကူကိုလွတ်
ပိုးကောင်သတ်လည်း
မပြတ်ပူမီး
ရင်တွင်းစီး၍
ငါတည်းပင်လျှက်
ကယ်နိုင်လျှက်နဲ့
သူ့သက်သေ၍ ပြစ်ရှိသည်။

ထိုသို့တွေးစဉ်
ပင့်ကူမျှင်ဖြင့်
အစဉ်ရစ်ပတ်
ဖြစ်ညှစ်သတ်၍
သေလတ်ပိုးကောင်
စုတိဆောင်သည်
ငါယောင်မှား၍ အော်သတည်း။

(တုံးဖလားသူကြီးမင်း
သြဂုတ်လ ၂၈  ၂၀၁၅ သောကြာနေ့
၁၆း၃၀ နာရီ)
.

Monday, 24 August 2015

လူလုပ်တဲ့ စက်


အခန်းထဲ စာကြည့်ရင်း မှေးကနဲ ဖြစ်သွားတယ်။ နေ့လည်စာစားပြီးချင်း စာကြည့်ရတာလဲ အိပ်ဆေးတစ်မျိုးပါဘဲ။ တဒေါက်ဒေါက် တံခါး ခေါက်သံကြောင့် ဖျတ်ကနဲ နိုးလာတယ်။ မှေးကနဲအိပ် ဖျတ်ကနဲနိုး။ တယ်လဲ မနှိပ်လှဘူး။ ဘယ်သူလဲ ၀င်ခဲ့လိုက်လေဆိုတော့ မနေ့တနေ့ကတည်းက အလည်ရောက်နေတဲ့ ဘာမင်ဂမ်က ဧည့်သည် အဘိုးအိုကြီး။ အသက်ကြီးသလောက် အတော်လေးသွက်သွက်လက်လက် ရှိတဲ့ အဘိုးအို။ အောက်ထပ်က အိမ်ရှင်အဘိုးနဲ့ အတော်လေး အဖွဲ့ကျကြတယ်။

"မိုဘိုင်းဖုန်းလေး အားကုန်သွားလို့ အားသွင်းပေးပါလား၊ ဟိုဘက်အခန်းမှာ ပလပ်ပေါက် မရှိလို့"

"ထားခဲ့လေ အဘိုး"

"အေးအေး မောင်ရင်လဲ စာကြည့်နေတယ်ဆိုတော့ နှောက်ယှက်သလို ဖြစ်သွားလား မသိဘူး"

"ရပါတယ် အဘိုး၊ အိပ်ရင်း ကြည့်၊ ကြည့်ရင်းအိပ်နဲ့ စာအုပ်တွေလဲ ကြေမွနေပါပြီ အဟီး"

ဧည့်သည် အဘိုးအို အိမ်အောက်ထပ် ပြန်ဆင်းသွားတယ်။ အိမ်ရှင်အဘိုးအိုနဲ့ လေပန်းနေကြတာ အပေါ်ကနေ မကြားတစ်ချက် ကြားတစ်ချက်။
........

သူကြီးမှာ မိတ်ဆွေ စုံတွဲတစ်တွဲရှိတယ်။ သူတို့မှာ ကလေးသုံးယောက် ရှိတယ်။ ကလေးလေးတွေက တကယ့် ချစ်စရာလေးတွေ။ လှပမှ။ ချောမှချော။ အပြစ်ဆိုဖွယ်ရာ ဘာတစ်ခုမှ မရှိ။ ဒါနဲ့ သူကြီးက မေးကြည့်တယ်။ မင်းတို့ လင်မယား နှစ်ယောက်လုံး ရုပ်တွေ ဆိုးနေရဲ့သားနဲ့ ကလေးတွေက ဘာဖြစ်လို့ ဒီလောက် ရုပ်ချောနေရတာလဲ ဆိုတော့ အမျိုးသမီးလုပ်သူက ဖြေတယ်.. ဟိုလေ.. လူလုပ်တဲ့ စက် ကောင်းလို့ပေါ့ သူကြီးရဲ့ တဲ့။

"လူ လုပ်တဲ့ စက်.."

နားမလည်စွာနဲ့ ပြန်မေးလိုက်တော့ သူတို့ ခပ်ကျဲကျဲ ရယ်နေကြတယ်။ အတော်ဗဟုသုတနည်းတဲ့ သူကြီး၊ အတော်လေး အ တဲ့ သူကြီး၊ ဒါလေးတောင် မသိဘူးလားဆိုတဲ့ လှောင်ရယ်မျိုး။

"ဟုတ်တယ်။ လူ လုပ်တဲ့ စက်။ မကြားဖူးဘူးလား။ မမြင်ဖူးဘူးလား"

"ဟင့်အင်း တစ်ခါမှ ကြားလဲ မကြားဖူးဘူး၊ မြင်လဲ မမြင်ဖူးဘူး"

"ဒါဆိုရင် ညနေဆည်းဆာရောင် သန်းလာတာနဲ့ အိမ်ကို လာခဲ့။ သူကြီးကို ပြပေးမယ်"

သူကြီးလဲ လူလုပ်တဲ့ စက်ကို မြင်ဖူးချင်တာနဲ့ ညနေပိုင်းမှာ သူတို့ အိမ်ဘက် ခြေဦးတည်မိတယ်။ အိမ်ရောက်တော့ သူတို့နှစ်ယောက် သူကြီးကို တစ်နေရာ ခေါ်သွားကြတယ်။ တက်စီတစ်ဦးငှားစီးကြတယ်။ တစ်နာရီလောက်ကြာတော့ အဆောက်အဦးအိုကြီး တစ်ခုရှေ့မှာ သူကြီးတို့ ဆင်းကြတယ်။ နေ၀င်သွားပေမဲ့ လင်းဖျဖျ လျပ်စစ်မီးရောင်လေးကြောင့် ဆိုင်းဘုတ်ကြီးမှာ ရေးထားတဲ့ စာကြောင်းကိုတော့ ကောင်းကောင်းဖတ်လို့ ရနေသေးတယ်။ အဖြူရောင် အောက်ခံပြီး အနီရောင်စာလုံးကြီးတွေနဲ့ ရေးထားတာ။

"HMF (Human-Making-Factory) လူလုပ်စက်ရုံ"

ညပိုင်းမို့ ထင်ပါရဲ့ ပတ်ဝန်းကျင်က အတော်လေး တိတ်ဆိတ်နေတယ်။ စက်ရုံရဲ့ ပတ်ပတ်လည်က တောအုပ်တွေချည်း။ လာ သူကြီး အထဲဝင်ကြစို့ ဆိုပြီး စက်ရုံကြီးထဲ အတူတူ ၀င်ဖို့ ပြင်ဆင်လိုက်တယ်။ အော် မေ့နေလို့ နေဦး။ အ၀တ်အစားတွေ လဲရဦးမယ်။ ပါလာတဲ့ အ၀တ်အစားတွေကို ဒီနေရာမှာဘဲ ထားခဲ့ရမယ်။ အထဲကိုတော့ ဟောဒီ ၀တ်စုံတွေဘဲ ၀တ်ရမယ်ဆိုပြီး ညအိပ်အကျီ င်္လိုမျိုး အ၀တ်ကြီးကို စွပ်ဝတ်ပြီး အထဲ ၀င်သွားကြတယ်။

ညှီစီစီအနံ့ကြောင့် ကျောတောင် ချမ်းသွားတယ်။ အထဲရောက်တော့ ၀င်ပေါက်တံခါး လေးပေါက်တိတိ ရှိတာကို သတိထားတယ်။ လူလုပ်စက်ပေါ် တက်မဲ့အချိန်မှာတော့ ဘာအ၀တ်မှ မ၀တ်ရဘူး။ မိမွေးတိုင်း ဖမွေးတိုင်း တက်ရမှာ။ ဒါမှ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာ လို့ သူတို့က ပြောတယ်။ 

"ဒါက ၀င်ပေါက် ၁။ ယောက်ျားလေးတွေအတွက် စက်
ဒါက ၀င်ပေါက် ၂။ မိန်းခလေးတွေ အတွက် စက်
ဒါက ၀င်ပေါက် ၃။ ယောက်ျားလေးအဖြစ်ကနေ မိန်းခလေးအဖြစ် ပြောင်းပေးတဲ့ စက်
ဒါက ၀င်ပေါက် ၄။ မိန်းခလေးအဖြစ်ကနေ ယောက်ျားလေးအဖြစ် ပြောင်းပေးတဲ့ စက်"

 သူတို့ စိတ်ရှည်လက်ရှည် ရှင်းပြကြတယ်။ ၀င်ပေါက်ကလေးတွေကနေ ခေါင်းပြူ ချောင်းကြည့်လိုက်တော့။ အားပါးပါး... လေးနေရာလုံး ဆိုင်ရာဆိုင်ရာ လူတွေ တန်းစီနေကြတာ မနည်းပါလား။ လူလုပ်တဲ့ စက်တွေ အတော်လေး အလုပ်ဖြစ်ကြတာဘဲ။ ဒီလို စက်မျိုး ထောင်ထားရင် နေ့ချင်း ညချင်း ကြီးပွါးသွားနိုင်တယ်။

ဝင်ပေါက် ၁ ရဲ့ အ၀င်က ကြော်ငြာဘုတ်မှာ အာနိုးပုံ ရမ်ဘိုပုံ ဘက်ခမ်ပုံ ကိုရီးယားမင်းသားတွေပုံ ဂျပန်မင်းသားတွေပုံ ကပ်ထားတယ်။ ကြိုက်တဲ့ ခန္ဓာကိုယ် ( S, M, L, XL, XXL) အရွယ်အစားအတိုင်း ပြုလုပ်ပေးနိုင်သည်တဲ့။ ရာနှုန်းပြည့် အာမခံသည်ဆိုဘဲ။ သူကြီးလဲ အခွင့်အရေးရတုန်းလေး ရမ်ဘိုကိုယ်လုံးလောက်တော့ လုပ်သွားဦးမှဆိုပြီး သူကြီးမိတ်ဆွေတို့ကို ပြောဖြစ်တယ်။

ဝင်ပေါက် ၃ နှင့် ၄ ကို သိပ်စိတ်မ၀င်စားပေမဲ့ ၀င်ပေါက် ၂ ကိုတော့ အတော်လေး စိတ်ဝင်စားနေမိတယ်။ မိန်းခလေးတွေကို ဘယ်လိုလှအောင် ဘယ်လောက် လှအောင် လုပ်ပေးနိုင်မလဲဆိုတာ သိချင်နေမိတယ်။ ဒါကြောင့် သူကြီးမိတ်ဆွေတွေကို  ငါ ဒီမှာ ခဏ စောင့်ကြည့်ချင်တယ် လို့ ပြောလိုက်တော့..

"ခဏ နေဦး.. အမျိုးသားစက်မှာ သူကြီးအတွက် တိုကင် ကြိုယူထားရဦးမယ်၊ ဒါမှ သူကြီးအလှည့် အမြန်ရောက်လာမှာ"

တိုကင်ယူပြီး ၀င်ပေါက် ၂ ကို ပြန်လာခဲ့ကြတယ်။ ပြီးတော့ အထဲဝင်ပြီး မိန်းခလေးတွေကို အကဲခတ်နေမိတယ်။  ၀၀တုတ်တုတ် စည်ပိုင်း မိန်းခလေးတွေ၊ ပိန်ပိန်ခြောက်ခြောက် မီးယပ်ပိန် မိန်းခလေးတွေ၊ ရုပ်ဆိုးဆိုး မိန်းခလေးတွေ။ စုံလို့ စုံလို့။

ခဏကြာတော့ ၀၀ဖိုင့်ဖိုင့် (ရုပ်ရှင်မင်းသမီး ပွင့်လို) မိန်းမကြီးတစ်ယောက် လူလုပ်စက်ပေါ် တက်သွားတယ်။ စက်ဘတ်ကြိုးလိုမျိုး ခပ်ပြားပြားအလျားရှည် အချပ်ကြီးပေါ် စန့်စန့်ကြီး လဲလျောင်းနေတာကို မြင်နေရတယ်။ အဲဒီ ကြိုးပြားရှည်ကြီးနှင့်အတူ အဲဒီမိန်းမကြီးကို အော်တိုမစ်တစ် စက်ထဲ ဆွဲယူသွားတယ်။ ကျလိ ကျလိ ကျိ ဂွပ် ဂျွတ် ဆိုတဲ့ စက်ကြိတ်ချေတဲ့ အသံတွေ ကြားနေရတယ်။ ပရော့ဆက်လုပ်နေတာ နာရီဝက်လောက် ကြာတယ်။ ပရော့ဆက်တွေ အားလုံးပြီးတော့ ခုနက စက်ဘတ်ကြိုးပြားကြီးနဲ့ဘဲ အဲဒီမိန်းခလေးကို ဖြည်းဖြည်းလေး စက်ထဲက တွန်းထုတ်လာတယ်။ 

"ဘုရားရေ...."

မျက်စိတောင် မယုံနိုင်လောက်အောင်ပါဘဲ။ ဒီလောက် ၀၀ဖိုင့်ဖိုင့် မင်းသမီးပွင့်လို မိန်းမကြီးဘ၀ကနေ မင်းသမီး မိုးယုစံ ကိုယ်လုံးလိုမျိုး သွယ်သွယ်လျလျလေးနဲ့ နတ်သမီးတမျှ မိန်းမပျိုလေး ဖြစ်လာပါရောလား။ ကြည့်ရင်း အတော်လေး သဘောကျသွားတယ်။ သူကြီးအသိတွေထဲက ခပ်၀၀မိန်းခလေးတွေကို ဒီစက်ရုံကို ခေါ်လာရမယ်ဆိုပြီး စဉ်းစားရင်း ပျော်နေမိတယ်။ 

နောက်တစ်ယောက်အလှည့်။ ဒီမိန်းခလေးကတော့ ပိန်ပန်ကပ်ကပ် ငါးဖောင်ရိုးလိုမျိုး မိန်းခလေး။ ရင်မရှိ တင်မရှိ ဘာမှ မရှိ တုတ်ထိုးရုပ်နဲ့ မခြားတဲ့ မိန်းခလေး။ သူလဲ စက်ထဲ ၀င်ပြီး ပြန်ထွက်လာတော့ မင်းသမီး သက်မွန်မြင့် ပုံစံမျိုးလေး ဖြစ်လာတယ်။ အားပါးပါး  တယ်မိုက်ပါလား။ 

"ပထမ ၀၀ဖိုင့်ဖိုင့် မိန်းခလေးရဲ့ အသားပိုင်းအသားစတွေကို စက်ထဲမှာ အလိုအလျောက် သိမ်းထားပြီး အခု ပိန်ကပ်ကပ် မိန်းခလေးရဲ့ ခန္ဓာကိုယ်မှာ စက်က အလိုအလျောက် ပြန်ထည့်ပေးလိုက်တာ"

မိတ်ဆွေတွေက သေချာ ရှင်းပြကြတယ်။

"သူတို့ ပိုက်ဆံတွေ အတော်ကုန်မှာဘဲနော်"

"ဟုတ်တယ် တစ်ယောက်ကို ပေါင်တစ်သောင်းလောက် ပေးရတယ်။ ဒီလူလုပ်စက်က နည်းနည်းဈေးပိုကြီးတယ်။ ဒါပေမဲ့ စိတ်ချရတယ်။ ဟို အောက်စ်ဖို့ဒ်က လူလုပ်စက်ဆိုရင်တော့ တစ်ယောက်မှ ပေါင် သုံးထောင်ဘဲ ပေးရတယ်။ ဒါပေမဲ့ အဲဒီစက်မှာ  ဂျမ် ခဏခဏဖြစ်လို့ လူတွေ အသက်ဆုံးရှုံးရတာတွေ ရှိတယ်။ အဲဒီစက်ရုံက တရုတ်စက်တွေကို အသုံးပြုထားတာကိုး။ ဒီစက်ရုံက တကယ့် ယူကေ စတင်းဒါ့"

မိန်းခလေးတွေရဲ့ လူလုပ်စက်ကို လေ့လာပြီးတော့ အမျိုးသားတွေရဲ့ လူလုပ်စက်ခန်းဘက် လှည့်လာကြတယ်။ ကလေး လူငယ် လူရွယ် လူကြီး ဆိုက်သေး ဆိုက်လတ် ဆိုက်ကြီး စတဲ့ ပုံစံမျိုးစုံကို ကြိုက်ရာ ရွေးနိုင်တယ်။ သူကြီးက ရမ်ဘိုပုံစံ ရွေးချယ်ထားပြီးသား ဖြစ်တယ်။ 

တိုကင်အရ အစဉ်အတိုင်း တန်းစီကြရတယ်။ သူကြီးရှေ့က ၀၀ဖိုင့်ဖိုင့်တွေရော ပိန်ပန်ကပ်ကပ်တွေရော ငါးယောက်လောက် လူလုပ်စက်နဲ့ အောင်မြင်စွာ လုပ် ပြီးသွားတယ်။လက်မောင်းမှာ  ကြွက်သားကြီးတွေ အမြောင်းလိုက်နဲ့ ထွက်လာတာလဲ ရှိရဲ့။ ဗိုက်ခေါက်မှာ အရစ်အရစ်တွေနဲ့ ထွက်လာတာလဲ ရှိရဲ့။ ခုခေတ် ကိုရီးမင်းသား ဂျပန်မင်းသားတွေလို  ပိန်ပိန်သွယ်သွယ် နုနုနယ်နယ်လေးတွေ ထွက်လာတာလဲ ရှိရဲ့။ တော်တော် ဟန်ကျတဲ့ လူလုပ်စက်ဘဲ။

အဲလိုနဲ့ သူကြီးရှေ့က လူတစ်ယောက် အလှည့်ရောက်လာတယ်။ သူပြီးရင် သူကြီးအလှည့်။ သူက ရုပ်ဆိုးတဲ့အပြင် တကယ့်၀၀တုတ်တုတ်ကြီး။ ဗိုက်ပြင်တစ်ခုလုံးလဲ အဆီတွေ တလပျစ်နဲ့။ သူ့ခန္ဓာကိုယ်တောင် သူမနိုင်ချင်သလိုလို။ သူ့ကို စက်ထဲ ဆွဲသွင်းလိုက်တယ်။ ကျလွပ် ခွပ် ကျိ ကျိ ရှဲ ဆိုတဲ့ သံတွေ ထွက်လာတယ်။ မကြာခင်မှာ ထူးဆန်းစွာ  စက်သံတွေ ပိုကျယ်လာတယ်။ အားညှစ်ပြီး ရုန်းရတဲ့ အသံမျိုး။ စက်ထဲက မီးခိုးတွေ ထွက်လာတယ်။ ကယ်ပါ ကယ်ပါ ကယ်ကြပါ ဆိုတဲ့ အာခေါင်ခြစ်အော်သံကိုလဲ ကြားနေရတယ်။ ဒါဆို သေချာပြီ။ ဟိုလူကြီး စက်ထဲမှာ ဒုက္ခရောက်နေပြီ။ 

စက်ရုံဝန်ထမ်းတွေ  ပျာယာခတ်သွားကြတယ်။ စက်အစိတ်အပိုင်းတွေကို သေချာ စစ်ဆေးကြည့်ကြတယ်။ လျပ်စစ်ခလုပ်တွေ အရေးပေါ် အကုန်ပိတ်ပေမဲ့ အော်တိုလည်နေတဲ့ စက်က အတော်နဲ့ ရပ်မရဘူး။ 

"သူ့ရဲ့ ဦးခေါင်းက အရမ်းကြီးနေတဲ့အတွက် စက်က ပုံသွင်းစက်ထဲ ဆွဲယူလို့ မရဘဲ ပုံသွင်းစက် အ၀မှာဘဲ တစ်နေတာ။ စက်က အားနဲ့ဆွဲတော့  သူ့ခေါင်းကို ဆွဲညှစ်ပြီး ရိုက်ခွဲသလို ဖြစ်သွားတာ"

စက်ရုံဝန်ထမ်းတွေ အော်ဟစ်ပြောနေကြတယ်။ အဲဒီလူ အသက်ရှင်ဖို့ သေချာပါတော့မလား မသိ။ ဘုရား ဘုရား မသေကောင်း မပျောက်ကောင်း။ 

ပြဿနာက အတော်လေး ကြီးနေပြီမို့ စက်ရုံဝန်ထမ်းတွေ အရေးပေါ် ခလုပ်ကို နှိပ်လိုက်ကြပုံပေါ်တယ်။ တူ တူ တူ တူ တူ ဆိုတဲ့ အရေးပေါ် အချက်ပေးသံတွေ စက်ရုံထဲ ဆူညံသွားတယ်။ နားကွဲလု မတတ်ပါဘဲ။ 

""တူ တူ တူ တူ တူ တူ တူ တူ တူ တူ တူ တူ""

ဆူညံသံကြောင့် ဖြတ်ကနဲ လန့်နိုးလာတယ်။ ဘာတွေ ဖြစ်ပျက်ကုန်ပါလိမ့်ဆိုပြီး ဟိုဟို ဒီဒီ ရှာဖွေကြည့်လိုက်တော့။ အားသွင်းထားတဲ့ အဘိုးအိုရဲ့ ဖုန်း။ အဲဒီဖုန်းကို ဖုန်းခေါ်တစ်ခု ၀င်နေတာကိုး။ ဖုန်းက ရှေးဖြစ် ဆမ်ဆောင်းဖုန်းဆိုတော့ အသံက ကျယ်သလားမမေးနဲ့။ နားကွဲမတတ်ပါဘဲ။ 

ဖုန်းကလေး ကိုင်ပြီး အောက်ထပ်ကို ဆင်းလိုက်တယ်။ အဲဒီအဘိုးအိုကို ဖုန်းပေးလိုက်တယ်။ ဖုန်းတစ်ခု ၀င်လာလို့ အဘိုး... ဆိုတော့ ဖုန်းကို လှမ်းယူပြီး အဘိုးအိုက ကြည့်တယ်။ အော်... သမီးဆီက လာတဲ့ ဖုန်းကိုးတဲ့။

သူကြီးလဲ အပေါ်ထပ် ပြန်တက်လာတယ်။ အိပ်ချင် မူးတူးပေမဲ့ ထပ်မအိပ်ရဲတော့ဘူး။ အမျိုးသားလူလုပ်စက်ခန်းထဲ တန်းစီနေကြတဲ့ သူတွေထဲမှာ ရှေ့ က ၀၀တုတ်တုတ်လူကြီးပြီးရင် သူကြီးအလှည့်မဟုတ်လား။  ။

တုံးဖလားသူကြီးမင်း
(သြဂုတ်လ ၂၄ ရက် တနင်္လာနေ့ ညနေ ၄ နာရီခွဲ)

.

Saturday, 22 August 2015

စိဿီရေ ( Mind, the Water)


ညဥ့်နက်နေပြီ။ အိပ်ချင်စိတ်မရှိသေးဘူး။ စိတ်ထဲ တစ်ခုခု ခံစားနေမိတယ်။ စာတစ်ပုဒ်ပုဒ်ရေးဖို့ တစ်စုံတစ်ယောက်က တိုက်တွန်းနေသလိုမျိုး။ နှလုံးရဲ့ အပေါ်ဘက်ပိုင်းက ပူနေပြီး အောက်ပိုင်းက အေးမြနေတယ်။ အဲလို အပူတစ်ခြမ်း အအေးတစ်ခြမ်း ဖြစ်နေတဲ့ အခါမျိုးမှာ စိတ်တွေ တက်ကြွနေပြီး တစ်ခုခုကို လုပ်ချင်နေမိတယ်။ မအိပ်ရရင်နေပစေ။
............

နေပူပူကို အံတုပြီး ရထားသံလမ်းပိုင်းအတိုင်း လမ်းလျှောက်လာခဲ့တယ်။ ကောလင်းနဲ့ဝန်းသိုကြားက ရထားလမ်းပိုင်းမှာပါ။ အသိမိတ်ဆွေ ရွာတစ်ရွာကနေ ပြန်လာခဲ့တာပါ။ ဦးတည်ရာက ၀န်းသိုမြို့ကိုပါ။ လမ်းတစ်ဝက်ရောက်တော့ ရထားသံလမ်းနဲ့ ဆယ်ကိုက်လောက်အကွာမှာ အကိုင်းအခက် ခပ်အုပ်အုပ် အရိပ်ကောင်းကောင်း ခရေပင်လေးတစ်ပင်ကို တွေ့ပါတယ်။

ခရေပင်နဲ့ ၀ါးတစ်ပြန်လောက်မှာ ရေတွင်းလေးတစ်တွင်းရှိပါတယ်။ ရေတွင်းဘောင်ပေါ်မှာ နို့ဆီခွက်ကို ဘေးနှစ်ဘက် အပေါက်ဖောက်ပြီး ကြိုးလေးသိုင်းကာ ၀ါးတုတ်တံရှည်ရှည်လေးနဲ့ ချည်သိုင်းပြီး အဆင်သင့် ရေခပ်သောက်ဖို့ တင်ပေးထားတာတွေ့ရပါတယ်။ အဆင်သင့်လိုက်ခြင်း။ ရေတွင်းလေးဆီ သွားလိုက်ပါတယ်။ နေ့လည်အချိန် နေပူပူမှာ ရေအေးအေးတစ်ခွက် ရေတွင်းထဲက ခပ်သောက်လိုက်ရတာ တကယ့် အရသာဘဲ။ ဒါမှ အိုအေစစ် စစ်စစ်။

ရေလေးသောက်ပြီး တစ်ယောက်ထဲ ခရေပင်အောက် ၀င်ပြီး နေရိပ်ခိုပါတယ်။ ချွေးထွက်တတ်လွန်းတဲ့အတွက် အသင့်ဆောင်ထားလေ့ရှိတဲ့ ပုဝါပိုင်းလေးနဲ့ မျက်နှာကို သုတ်ပြီး အပူတောမှ ခဏကင်းလွတ်ခွင့်ရခြင်း အေးငြိမ်းမှုကို ခံစားနေပါတယ်။ ဟူးးးးး။ တကယ့်အေးချမ်းမှုပေဘဲ။ နေပူက သံသရာ၊ ငါက သံသရာခရီးသည်ဆို ခရေရိပ်ကလေးက အေးနိဗ္ဗာန်ဘဲပေါ့။

အေးရိပ်လှုံနေတုန်း တဝေါ၀ါနဲ့ မီးရထားတစ်စင်း ကောလင်းဘက်ကနေ ၀န်းသိုဘက် ဖြတ်သန်းလာပါတယ်။ ရထားပေါ်က လူတစ်ချို့ လက်ဝှေ့ယမ်းပြတာကို ပြန်ဝှေ့ယမ်းပြနေမိတယ်။ ရထားပေါ်မှာ လူတွေ ပြွတ်လို့ ကြပ်လို့။ အော်... သံသရာခရီးသည်တွေ။ ငါက လမ်းလျှောက် ခရီးသည်။ သူတို့က ယာဉ်စီးခရီးသည်။ နှေးပေမဲ့ တစ်ယောက်ထဲ လျှောက်ရတာ အေးသည်လေ။

ရထားကို မျက်စိတစ်ဆုံး ငေးကြည့်ကောင်းနေတုန်း လူတစ်စု ရထားသံလမ်းပိုင်းအတိုင်း ၀န်းသိုဘက်ဆီ လမ်းလျှောက်လာကြတာကို တွေ့ရတယ်။ ခေါင်းဆောင်တစ်ယောက်နဲ့ နောက်လိုက် လေးယောက်။ စုစုပေါင်း ငါးယောက်။ ဒီခေါင်းဆောင်ကို ငါမြင်ဖူးသလိုလိုဘဲ။

ခေါင်းဆောင်လုပ်သူက...ဟေ့လူ..ကြို့ကုန်းကို ဘယ်လို သွားရမလဲဗျ...ဆိုပြီး အင်္ဂလိပ်ကို လှမ်းမေးတယ်။ ပြီးတော့ ပြုံးပြတယ်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်တယ်။ ရင်းရင်းနှီးနှီးပါဘဲ။  သူဘယ်သူလဲဆိုတာ ချက်ချင်းသတိရသွားတယ်။ ဟာ... ခင်ဗျား အိုဘားမားကြီး မဟုတ်လား။

တော်သားဘဲ။ ဟုတ်တယ် အိုဘားမားပါ။ ခုနကလော်ကယ်ရထားနဲ့ ကောလင်းက လိုက်လာတာ။ ဟိုဘက်နားက ဇီးဖြူပင်ဆိုတဲ့ ရွာလေးမှာ ဆင်းပြီး လမ်းလျှောက်လာပါ။ ကြို့ကုန်းမှာ လုပ်စရာ ကိစ္စလေးရှိလို့ပါ။ အဲဒါ ကြို့ကုန်းကို ဘယ်လမ်းက သွားရင် ရောက်မလဲဆိုတာ ပြောပြပေးလို့ ရမလား။

စဉ်းစားမနေတော့ပါဘူး။ ကျနော့်နောက်လိုက်ခဲ့ဆိုပြီး သူတို့ကို ဦးဆောင်ခေါ်သွားလိုက်တယ်။ သူတို့လဲ နောက်က တကောက်ကောက်ပါလာကြတယ်။ လမ်းပြလုပ်ဖူးခဲ့သမျှ သူတို့ကို လမ်းပြလုပ်ပေးရတာ ပီတိအဖြစ်ဆုံး။

ကြို့ကုန်းရွာရောက်ခါနီးမှာ ချောင်းတစ်ခုတွေ့ပါတယ်။ ချောင်းကို ဖြတ်ဆောက်ထားတဲ့ ချောင်းကူးတံတားက အလည်တည့်တည့် ကျိုးပျက်ပြီး ချောင်းထဲကို ဇောက်ထိုးကြီးတွေ ဖြစ်နေပါတယ်။ ချောင်းရေက ဒူးလောက်ဘဲ နက်တာပါ။

ခင်ဗျားတို့ ရွေးစရာ လမ်းမရှိတော့ဘူး။ ဒီတံတားကျိုးအတိုင်း ချောင်းထဲ တွယ်ကပ်ဆင်းပြီး ချောင်းကို ဖြတ်ရပါမယ်။ ဟိုဘက်ကမ်းရောက်ရင်လဲ တံတားကျိုးကိုဘဲ တွယ်ဖက်ပြီး ပြန်တက်ရမှာပါ။ လုပ်နိုင်မယ် မဟုတ်လား ဆိုတော့ အေးဆေးပါတဲ့။ ကျနော်က ရှေ့ကနေ တွယ်ကပ်ဆင်းတယ် သူတို့က နောက်ကနေ တွယ်ကပ်လိုက်တယ်။ ချောင်းကို အတူတူ ကူးကြတယ်။ ဟိုဘက်ကမ်းရောက်တော့ အိုဘားမားကြီးက တံတားကျိုးကို တွယ်မတက်တတ်တော့ဘူး။ တံတားကျိုးရဲ့ ပျဉ်ချပ်တွေကို ဟိုကိုင် ဒီကိုင်လုပ်ပြီး စမ်းတ၀ါးဝါး ဖြစ်နေလေရဲ့။

ရော့ဗျာ.. ကျနော့်လက်ကိုသာ ဆွဲထားပြီး နောက်ကနေ တွယ်ကပ်လိုက်ခဲ့ပေတော့..ဆိုပြီး လက်တစ်ဖက် ကမ်းပေးလိုက်တယ်။ ချောင်းကမ်းပါးက အတော်လေးမြင့်တော့ တံတားကျိုးကို တစ်ဆင့်ချင်းစီ တွယ်တက်ရတယ်။ သူ့လက်က မေတ္တာဓါတ်အပြည့်ပါတဲ့ လက်ဘဲ။ ခွန်အားသတ္တိတွေ ငြိမ်းချမ်းမှုတွေ သူ့လက်ကတစ်ဆင့် ကျနော့်ခန္ဓာကိုယ်ထဲ စီးဆင်းသွားတယ်။ လက်တစ်ဘက်ကို အားပြုလိုက် တစ်ဆင့်တက်လိုက် သူ့ကို ဆွဲတင်လိုက်နဲ့ နောက်ဆုံးတော့ အားလုံး တစ်ဘက် ကမ်းပါးပေါ် အောင်မြင်စွာ ရောက်ရှိသွားတယ်။ ကမ်းပေါ် ရောက်ရောက်ချင်းဘဲ ကြို့ကုန်းရွာက ဘွားကနဲ ပေါ်လာတယ်။

ခင်ဗျား ပြန်လို့ရပြီ။ ကျနော်တို့အဖွဲ့ ဒီတံတားကို ပြင်ဖို့ လာခဲ့တာ။ လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ။ လိုအပ်တာရှိရင် အကြောင်းကြားပါ တဲ့။

ကျနော် နှုတ်ဆက်ပြီး ပြန်လာတယ်။ ကမ္ဘာကျော်လူတစ်ယောက်ကို လမ်းပြပေးခဲ့ရတဲ့ ပီတိရဲ့ ငြိမ်းအေးမှုက နွေခေါင်ခေါင်နေ့လည်ပူပူကြီးမှာတောင် ချွေးတွေသိပ်ပြီး အေးမြလို့။
...........
နောက်တစ်ရက်ကျတော့
ခန်းနားကြီးကျယ်လှတဲ့ ဘုရားပရိဝုဏ်တစ်ခုထဲ ကျနော် ရောက်သွားတယ်။ ရည်ရွယ်ချက်တော့ ကောင်းကောင်း မရှိပါဘူး။ ဘုရားပရိဝုဏ်ထဲ ခဏချွေးသိပ်ချင်ယုံသက်သက်ပါ။ ဘုရားပရိဝုဏ်ထဲ ရောက်တော့ ဟောခန်းကြီးတစ်ခုတွေ့တယ်။ ဧရာမဟောခန်းကြီးပေဘဲ။ ဟောခန်းကြီးရဲ့ ထိပ်ပိုင်းမှာ ဘုရားရုပ်တုတွေ ထားရှိတဲ့ ဘုရားခန်းကြီးတစ်ခု ရှိနေတယ်။ အဲဒီအထိတော့ မသွားလိုက်တော့ဘူး။

ဟောခန်းကြီးရဲ့ အလယ်ဘယ်ဘက်နံရံနား ကပ်ပြီး နေရာယူလိုက်တယ်။ ပြီးတော့ ဘုရားရုပ်တုတွေကို ဦးတိုက်လိုက်တယ်။ အလို... ဒီလောက်ကျယ်ဝန်းတဲ့ ဟောခန်းကြီးထဲ ငါတစ်ယောက်တည်းပါလား။

ခန္ဓာကိုယ်မှာ ၀တ်ဆင်ခဲ့တဲ့အ၀တ်တွေဟာ ၀တ်ဖြူစင်တွေမှန်း အဲဒီဟောခန်းကြီးထဲ ရောက်မှ သိလိုက်တယ်။ လည်ပင်းတလျှောက် ကိုင်စမ်းကြည့်လိုက်တော့ ပုတီးတစ်ကုံး ဆွဲထားမှန်း သိလိုက်ရတယ်။ ဒါနဲ့ နံရံကို ကျောပေးပြီး ကျကျနန ထိုင်ကာ လည်ပင်းက ပုတီးကို ဖြုတ်ပြီး မျက်စိမှိတ် ပုတီးစိပ်နေဖြစ်တော့တယ်။ အရဟံဂုဏ်တော်တွေနဲ့ပါ။ ပုတီးမစိပ်ခင် နာရီမော့ကြည့်ဖြစ်လိုက်သေးတယ်။ နံနက် ၈ နာရီ။

သူကြီးမင်း သူကြီးမင်းဆိုတဲ့ ကလေးခေါ်သံလိုလို ဘာလိုလို အသံကြားတာနဲ့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ နာရီက နံနက် ၁၁ နာရီ ထိုးနေပြီ။ ဟာ... မြန်လိုက်တာ ငါက ငါးမိနစ်လောက်ဘဲ ရှိသေးတယ် ထင်နေတာလို့ စိတ်ထဲ ရေရွတ်ရင်း နာရီမော့ကြည့်နေရာမှ ရှေ့တူရူကို ကြည့်လိုက်တော့. အလိုလေး... ၀တ်ဖြူစင်ကြယ်နဲ့ ကျက်သရေရှိလှတဲ့ အမျိုးသမီးကြီး တစ်ယောက်ပါလား။ ဒူးလေးတုတ်ထိုင်ပြီး ပြုံးနေလေရဲ့။ ကျက်သရေအရှိဆုံး အပြုံးလေးကို အခုထက်ထိ ခံစားလို့ ရနေသေးတယ်။

သိပ်မှတ်မိတာပေါ့။ သူမှသူဘဲ။ ဒေါ်အောင်ဆန်းစုကြည်မဟုတ်လား..လို့ မမေးလိုက်တော့ပါဘူး။ သူ့ကို သိနေတယ်ဆိုတာကို သူသိပါတယ်။ နေကောင်းလား အဆင်ပြေလား အလုပ်တွေ ထိရောက်မှုရှိလားဆိုတဲ့ လောကွတ်စကားလေးအချို့က လွှဲလို့ ဘာတွေ ပြောလိုက်မိမှန်း ဘာတွေ ဆွေးနွေးခဲ့ကြမှန်း မမှတ်မိတော့ဘူး။

သူကြီး လိုအပ်တာရှိရင် အကြောင်းကြားလိုက်နော်။ အားမနာနဲ့။ လုံးဝ အားမနာပါနဲ့။ ကူညီပေးဖို့ အဆင်သင့်ပါ။ ဖုန်းနံပါတ် ရှိတယ်မဟုတ်လား..ဆိုပြီး နှုတ်ဆက် ထွက်ခါသွားတယ်။ ဟုတ်သားဘဲ သူ့ဖုန်းနံပါတ် ငါ့ဆီ ရှိနေသားဘဲ။ လိုအပ်တဲ့အခါမဟုတ်ရင်တောင် အလ္လာပသလ္လာပလေးတွေ ပြောဖို့ သူအားလပ်မဲ့အချိန်လေး ရွေးပြီး ဖုန်းဆက်ဦးမှပါလို့ စဉ်းစားပြီး ငုတ်တုတ်ထိုင် မျက်စိမှိတ် ပုတီးဘဲ ထပ်စိပ်နေဖြစ်တော့တယ်။
..........
အဲဒီအဖြစ်အပျက် အဲဒီ အိပ်မက်တွေ နှစ်ရက်ဆက်တိုက် အစဉ်အတိုင်း မက်နေလေတော့ မိတ်ဆွေတစ်ယောက်ကို ဖွင့်ပြောဖြစ်တယ်။ ဗေဒင်တွေကို ယုံတတ်တဲ့ မိတ်ဆွေက ပြောတယ်။ သူကြီး ကြီးပွါးမယ် ချမ်းသာမယ် အေးချမ်းမယ် ခေါင်းဆောင်ဖြစ်မယ် နာမည်အရမ်းကြီးလိမ့်မယ် တဲ့။ သူတို့က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှစ်ယောက်တဲ့။ အဲဒီအထဲက အင်အားကြီးတစ်ယောက်ကို လမ်းပြပြီး ဖေးမတွဲခေါ်ပေးရတယ်၊ နောက်တစ်ယောက်က ရိုရိုသေသေနဲ့ လိုအပ်တာရှိရင် ပြောပါလို့ ဖိတ်ခေါ်ထားတယ်ဆိုတော့ တဲ့။

ကျနော် လန့်သွားတယ်။ ကြောက်လဲ ကြောက်သွားတယ်။ ကျနော်လိုချင်တာ အဲဒါတွေ မဟုတ်ဘူး။
"ငါတောင့်တနေတာက High Profile Life မဟုတ်ဘူး။  ငါတကယ် ဖြစ်ချင်တာက  Low Profile Life ပါ" ဆိုပြီး စိတ်ထဲ ကိုယ့်ဘာသာ ပြောနေမိတယ်။ ဒီခေတ်ကြီးမှာ အေးအေးချမ်းချမ်း အန္တရာယ်ကင်းကင်းနဲ့ ပုံမှန် စားသောက်သုံးစွဲနေရရင် နေပျော်ပြီ မဟုတ်လား။ လူပျင်းအတွေးဆိုစေဦးတော့ လောဘတွေ အတော်အတင့်  ငြိမ်းမယ်လေ။
ဒါနဲ့ နာမည်ကြီးကြောင်းတွေ ဘာမှ မလုပ်တော့ဘဲ စာလေးဖတ်လိုက် စာလေးရေးလိုက်နဲ့ အေးအေးလူလူ နေခဲ့လိုက်တာ ဒီနေ့အထိပါဘဲ။

ဒါပေမဲ့ အခုရက်ပိုင်းအတွင်း
နည်းနည်းလေးတော့ တိုးပြီး ကြိုးစားမှု လုပ်ပေးလိုက်ပါဦး ဆိုပြီး တစ်စုံတစ်ယောက်က အနားနား ကပ်ပြောသလို ခံစားနေမိတယ်။ အင်း နည်းနည်းဘဲနော် ဆိုပြီး ပြန်ပြန်ပြောဖြစ်တယ်။ စိတ်နဲ့ကြားပြီး စိတ်နဲ့ဘဲ ပြောလိုက်မိကြတာပါ။ ဘယ်သူဘယ်ဝါက လာပြောမှန်း မသိပေမဲ့ နည်းနည်းတော့ တိုးပြီး ကြိုးစားလိုက်ဦးမယ်လို့ သန္နိဋ္ဌာန်ချမိရက်သား ဖြစ်သွားပါတော့တယ်။

တုံးဖလားသူကြီးမင်း
(၂၂၊၀၈၊၂၀၁၅ စနေနေ့ နံနက် ၃ နာရီ မတ်တင်း)

.

Thursday, 13 August 2015

ဝဋ်ရွတ်ပွဲ

သီတင်းကျွတ်ပွဲ နီးလာတာနဲ့အမျှ ပြိုင်ဆိုင်လေ့ကျင့်မှုက ပြင်းထန်လာသည်။ အနိုင်ယူလိုသူတို့ ထုံးစံအတိုင်း ကာရန်ညှိကြရသည်။ အသံစမ်းကြရသည်။ ကောင်းသည်ဖြစ်စေ ညံ့သည်ဖြစ်စေ အချင်းချင်း ညီညွတ်ကြမှသာလျှင် အဖွဲ့လိုက် အနိုင်ရရှိကြမည် ဖြစ်သည်။
အဘိဓမ္မာအခါတော်နေ့ (ခ) ပ၀ါရဏာနေ့ (ခ) သီတင်းကျွတ်လပြည့်နေ့၌ ကျင်းပလေ့ရှိသည့် ၀တ်ရွတ်ပြိုင်ဆိုင်ပွဲပင်ဖြစ်၏။ 

ပထမရသည့်အသင်းအနေဖြင့် ဆုကြေးငွေများအပြင် ရပ်ရွာအပျိုလူပျိုများကို ဦးဆောင်ခွင့်ရမည်ဖြစ်ပြီး မြသပိတ်ပွဲ၌လည်း မြသပိတ်ကို ကုသိုလ်ထူးစွာ ဘုရားအား လှူဒါန်းခွင့်ရရှိမည်ဖြစ်၏။ ဧရာမ အခွင့်အရေးကြီးပင်တည်း။ 

ယှဉ်ပြိုင်ကြမည့် ၀တ်ရွတ်အသင်းပေါင်း မြောက်မြားစွာ ရှိသော်လည်း အဓိကပြိုင်ဘက်မှာ အသင်းကြီး နှစ်သင်းသာ ရှိလေ၏။ စန်းကြွယ် ဦးဆောင်သည့် "နွယ်လုဒြာအသင်း' နှင့် သဲစုဦးဆောင်သည့်  "ပြန်ချစ်ဖော်အသင်း" တို့ပင် ဖြစ်၏။

ရွတ်ဆိုယှဉ်ပြိုင်ရမည်မှာ အများနားယဉ်ပြီးသား ဟေတုပစ္စယော အစချီသည့် ပဋ္ဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ပင်ဖြစ်၏။

ပြိုင်ပွဲနီးလာလေ လေ့ကျင့်မှုက ပြင်းထန်လေဖြစ်လေ၏။ ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ဗယုတ္တကာနံ ဓမ္မာနံ ဟု ရွတ်ဆိုမှု ပြုရာဝယ် နွယ်လုဒြာအသင်းမှ အေးမြနှင့်အေးလှတို့သည် ပီသအောင် မရွတ်ဆိုနိုင်ကြပေ။ ကြိုးစားလေ့ကျင့်ပေးသော်လည်း လိုက်မမီနိုင်သည့်အတွက်ကြောင့်မို့ သူတို့နှစ်ယောက်အား နွယ်လုဒြာဝတ်အသင်းမှ ထုတ်ပယ်လိုက်ရလေသည်။ ထို့ပြင် အသံပိုမိုကြည်လင်ပြတ်သားသည့် ညီညီသွင်ကိုလည်း သူ့အသံက ပိုပြီးထင်ပေါ်နေသဖြင့် အသင်းညီညွတ်မှုအရ မဖြစ်သင့်ဟုဆိုကာ အသင်းမှ ဖြုတ်လိုက်ရပေသည်။ ကောင်းကောင်းညံ့ညံ့ ညီညွတ်မှုရှိမှသာလျှင် သာယာနာပျော်ဖွယ် ရှိမည် မဟုတ်ပါလား။ 

ပြန်ချစ်ဖော်အသင်းသည်လည်း လေ့ကျင့်မှု ပြုလုပ်ရာ၌ အလားတူ ဖြစ်ရပ်မျိုး ရှိလေသည်။ အသံနေအသံထား အလွန်ညံ့၍ အသင်းလိုက်ရွတ်ဆိုမှု၌ လုံးဝ မလိုက်နိုင်တော့သဖြင့် သန်းဆင့်နှင့်ခင်တင့်တို့ကို အသင်းမှ ပယ်ထုတ်လိုက်ရသလို အသံအိုးအလွန်ကောင်းလွန်းသည့် ရီမေကိုလည်း အသင်းလိုက်စုစည်းမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုကာ ထုတ်ပယ်လိုက်ရလေသည်။ 

ရပ်ရွာဓလေ့ထုံးစံလေးက ချစ်စရာ ကောင်းပေမဲ့  အခုလို သီတင်းကျွတ် ၀တ်ရွတ်ပြိုင်ပွဲတိုင်းလိုလိုမှာပင် ရွာအတွင်း အတင်းအဖျင်းများဖြင့် စည်ကားလေ့ရှိလေသည်။ သူ့အသင်းကောင်းသည် ကိုယ့်အသင်းကောင်းသည် အဆုံးအဖြတ်ဒိုင်များ ဘက်လိုက်သည် စသဖြင့် ဝေဖန်မှုများဖြင့် ပြည့်နှက်နေလေ့ရှိသည်။ စိတ်မထိန်းနိုင်သူတို့ ဆဲကြသည်။ ကျိန်ကြသည်။ အခန့်မသင့်လျှင် အချင်းချင်း နပန်းလုံးရသည်အထိ ၀တ်ရွတ်ပြိုင်ပွဲက ပြင်းထန်လေ့ရှိသည်။ 

ရပ်သူရွာသားများအဖို့ ပျော်ရမလို စိတ်ညစ်ရမလို ဟိုလိုလို ဒီလိုလို အဖြစ်ဆုံး ရာသီဖြစ်၏။ အသင်းမှ ထုတ်ခံရသူတို့ကလည်း သူတို့ အလွန်တော်သောကြောင့် မနာလို၍ ထုတ်ပယ်ခြင်းဖြစ်သည် ဟု စွပ်စွဲလေ၏။ ဘယ်သူမှန်၍ ဘယ်သူမှားမှန်း ရွာသားများ ဝေခွဲရခက်နေလေတော့၏။ 

ကုသိုလ်ဖြစ် ၀တ်ရွတ်ပွဲနှင့် မတူတော့ဘဲ အကုသိုလ်တိုးပွါးစေသည့် ပွဲတစ်ခုနဲ့ပင် တူလှပေတော့၏။ ထို့ကြောင့် ရွာသူရွာသားများက ထိုဝတ်ရွတ်ပြိုင်ပွဲကို ၀ဋ်လိုက်ပြိုင်ပွဲဟု နာမည်ပေးထားကြလေတော့၏။ အတော်လေး ဂွကျလှသည့် ၀ဋ်လိုက်ပြိုင်ပွဲကြီးပါတကား။

တူရာသီ သီတင်းကျွတ်
ဝတ်ရွတ်ဖို့ ဆင်နွှဲ။

သံသာသာ
သံချာချာ ပယ်ကာမိုက်တယ်။
ဝဋ်လိုက်တဲ့ ပွဲ။
.

ငိုပြီလေ

အချိန်အနည်းငယ် ပိုသဖြင့်
အပေါ်ထပ်၌ စာဖတ်နေသည်။
ထိုစဉ်
အောက်ထပ်မှ စူးစူးဝါးဝါး အော်ဟစ်အကူအညီတောင်းသံ တစ်ခု ထွက်ပေါ်လာသည်။

"သူကြီး ငါ့ကို ကူပါကယ်ပါဦး"

ဒါ သူငယ်ချင်းရဲ့ အော်ဟစ်သံဘဲ။ သူ တကယ် အကူအညီလိုနေ၍ ဖြစ်မည်။
နာရီ မော့ကြည့်လိုက်တော့ မနက် ၁၀ နာရီခွဲ။

ဖတ်လက်စ စာအုပ်ကို ပစ်ချကာ အောက်ထပ်သို့ အပြေးဆင်းသွားသည်။

သူငယ်ချင်းဖြစ်အင်ကို မြင်လိုက်တော့ ရင်ထဲမှာ သိပ်မကောင်း။
တကိုယ်ကောင်လုံး ဘာမှ ရစရာ မကောင်းတော့။
သူက အသံသဲ့သဲ့ဖြင့် ပြောရှာသည်။

"ငါ့ကို ကူပါဦးကွာ"

ဒီပွဲကို တကယ် ၀င်ပါမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ ဓါးအိမ်ထဲမှ ဓါးကို ရွှမ်းကနဲ မြည်အောင် ဆွဲထုတ်လိုက်သည်။

ပြီးတော့ သူငယ်ချင်းအနီးမှ အရာဝတ္ထုတစ်ခုကို ဓါးဖြင့် ဇွတ်ကနဲ ထိုးချလိုက်သည်။
ထိုနောက် စိတ်မကျေသေး၍ ထိုအရာဝတ္ထုတစ်ခုကို ဖင်ဖြတ်ခေါင်းဖြတ်ပြုလုပ်ပြီး ပါးပါးလှီးပစ်လိုက်သည်။

ထိုရန်သူမှလည်း ရသမျှခွန်အားဖြင့် ပြန်ခုခံသည်။

နောက်ဆုံးတော့ ရန်သူကို အနိုင်ရလိုက်ပေမဲ့
သူကြီးငိုပြီလေ။
.
သူငယ်ချင်းက နေ့လည်စာအတွက် ပြင်ဆင်နေရင်း ရစရာမကောင်းလောက်အောင် ဟင်းလောင်းလျာများဖြင့် ပေကျံနေသည့်ကြားထဲမှ ကျွနု်ပ်ကို ကြည့်ပြီး တဟားဟား ရယ်မောနေ၏။
 ရယ်မောရက်လိုက်ပါဘိ။ သူ့ကို လာဝိုင်းကူနေသည်ကိုမှ အားမနာ လျာမကျိုး။
 ပြီးတော့ သူက ရယ်မောရင်း ပြောလိုက်သေး၏။

"မင်းက ကြက်သွန်ကို အဲဒီလို လှီးမှတော့ မျက်ရည်ထွက်တာတောင် နည်းသေး"

.

Saturday, 8 August 2015

ဟိုတွေး ဒီတွေး ဤရေဘေး

အခုလို ဘေးဒုက္ခတွေ ရောက်နေကြတော့ ဘက်ပေါင်းစုံ အလွှာပေါင်းစုံက မြန်မာလူမျိုးတွေရဲ့  စေတနာတရားတွေ ပိုသိသာထင်ရှားလာတယ်။ ကိုယ်ချင်းစာတရားနှင့် ပေးကမ်းရက်ရောမှု အံ့ချီးမဆုံးပါဘဲ။ တတ်ရာပညာနဲ့ အလှူခံပြီး ဒုက္ခသည်တွေအတွက် လှူဒါန်းမှုပြုတာဟာ အလွန်မွန်မြတ်လှပါတယ်။ အိမ်ဖော်မလေးက နှစ်လစာ လခ တစ်သိန်း ကြိုထုတ်ပြီး ရေးဘေးဒုက္ခသည်တွေကို လှူလိုက်တဲ့သတင်း၊ အရွယ်မရောက်သေးတဲ့ စားပွဲထိုးလေးက သူ့လုပ်အားခနဲ့ ခေါက်ဆွဲခြောက်တွေ ၀ယ်ယူပြီး ပုံးအလိုက်လှူတဲ့သတင်း အပါအ၀င် နာမည်မဖော်ဓါတ်ပုံမရိုက်ဘဲ လူ သုံးရာအတွက် တစ်ယောက်ကို ကျပ်ငွေ တစ်သောင်းစီ လာရောက်လှူဒါန်းသွားတယ်ဆိုတဲ့သတင်း အထိ ကြည်နူးအားရစရာတွေချည်းပါဘဲ။ ကိုယ့်သွေးချင်းတွေ အခက်အခဲဖြစ်လာရင် ဒီလိုဘဲ ၀ိုင်းဝန်းဖြေရှင်းကြရမှာ မဟုတ်လား။ ဒါပေမဲ့ ကောင်းကျိုးဆိုးပြစ်ကလေး တွေတော့ နည်းနည်းစီ ရှိတတ်ကြတာပေါ့လေ။

အခုလို ဘေးဒုက္ခရောက်နေတဲ့အခါ ၀ိုင်းဝန်းဖြေရှင်းကြတာလေးတွေကြည့်ပြီး ဘုရားရှင်လက်ထက်က အငတ်ဒုက္ခဘေးကို ရဟန်းတော်တွေ အချင်းချင်းတိုင်ပင်ပြီး ဖြေရှင်းခဲ့ကြပုံလေးကို  သွားသတိရမိတယ်။ 

ဝဇ္ဇီတိုင်းကြီးအငတ်ဘေးဆိုက်တော့ သေသူသေ ကြေသူကြေနဲ့ ငတ်ပြတ်နေကြတာ ဘာပြောကောင်းမလဲ။ လူတွေဆိုတာလဲ အရိုးနဲ့ပြိုင်းပြိုင်းရယ်။ အာဟာရမှ မပြည့်ဝရှာကြတာကိုး။ လူတွေ ငတ်ပြီဆိုမှတော့ လူတွေကို မှီခိုနေကြရတဲ့ ရဟန်းတွေလဲ ငတ်တလှည့်ပြတ်တလှည့်နဲ့ အတော်လေး ဒုက္ခရောက်နေကြရရှာတာကလား။ ရဟန်းတွေလဲ လူတွေလို အရိုးပြိုင်းပြိုင်းပါဘဲ။ ရှင်ကြီးဝတ်မှ ၀ါကြီးထပ်ဆိုသလို  ၀ဇ္ဇီတိုင်းကြီး အငတ်ဘေးဆိုက်တဲ့ အခါမှာမှ ရဟန်းတော်အချို့ဟာ ၀ဇ္ဖီတိုင်းဒေသကြီးရဲ့ ဒေသငယ်လေးတစ်ခုဖြစ်တဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းနားတလျှောက်မှာ ၀ါဆိုမိရက်သား ဖြစ်နေကြပါရောလား။ ဒီတော့ ရဟန်းတွေခမျာ တောင်ကြံမြောက်ကြံ ခေါင်းချင်းဆိုင် အကြံတွေထုတ်နေကြရပြီပေါ့။ လူတွေ လူအလုပ်ရှိသလို ရဟန်းတွေလဲ ရဟန်းအလုပ် ရှိသေးတယ် မဟုတ်လား။ 

ရဟန်းတွေဆိုလို့ အထင်မသေးလိုက်နဲ့ဦး။ ပုထုဇဉ်ရဟန်းကစလို့ ရဟန္တာအဆင့်အထိ ရဟန်းတော်တွေ။ ရိုးရိုးမြေလျှောက်ရဟန်းတွေကစလို့ ဝေဟင်ခရီးကို ဈာန်အဘိညာဉ်စီးပြီး သွားနိုင်စွမ်းရှိကြတဲ့ ရဟန်းတော်တွေ။ အဲဒီလိုရဟန်းတော်တွေ ၀ါဆိုဝါကပ်တဲ့ ၀ဇ္ဇီတိုင်းဒေသကြီး။

တစ်နေ့ကို ထမင်း သုံးလေးထပ် စားနေကြတဲ့ လူတွေအတွက် ခံသာလှပေမဲ့ တစ်နေ့မှ တစ်ထပ်လောက်ကိုသာ ဘုဉ်းပေးနေကြရတဲ့ ရဟန်းတော်တွေအတွက်က အဲဒီတစ်နပ်စာကို မ၀မလင် စားသုံးနေကြရတာဆိုတော့ မထောင်းသာလှပေဘူးကော။ အူမတောင့်မှ သီလပိုစောင့်နိုင်တယ် လို့တောင် ဆိုရိုးစကား ရှိသေးတာဘဲ။ ပရိယတ် ပဋိပတ်တွေ စဉ်ဆက်မပြတ် ကျင့်ကြံအားထုတ်ဖို့တော့ အူမ တောင့်ဖို့ လိုသေးတယ် မဟုတ်လား။ တစ်ခုခုတော့ လုပ်တော့မှ။ 

ဒီတော့ ရဟန်းတော်တွေ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေငြာပြီး အစည်းအဝေး ထိုင်ကြတယ်။  ရဟန်းတော်တွေ တစ်နေရာထဲမှာ စုရုံးပြီး ဆွေးနွေးကြတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က တစ်ခုထဲ။ ဒီအငတ်ဘေးကို ဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ။ ဒါဘဲ။

ရဟန်းတစ်ပါးက ထ ဆွေးနွေးတယ်။

"အခုအခါမှာ တပည့်တော်အပါအ၀င် ရဟန်းတော်တွေ အာဟာရ မပြည့်ဝကြဘူး။ တစ်ရက် နှစ်ရက်ဆို တောင့်ခံနိုင်ပေမဲ့ အခုလို လနဲ့ချီပြီး အငတ်ဘေး ဆိုက်ရောက်တော့ ခံနိုင်ရည် မရှိကြတော့ဘူး။ ဒီတော့ ဒီအငတ်ဘေးကို ကျော်လွှားနိုင်ဖို့ နည်းလမ်း တစ်ခုဘဲ ရှိတော့တယ်။ အဲဒါကတော့ လူတွေရဲ့ အလုပ်အကျွေးအနေနဲ့ ပြုစုလုပ်ကိုင်ပြီး ဆွမ်းတစ်နပ်အတွက် ကြိုးစားကြရုံဘဲ" 

"ကဲ သဘောတူကြလား"

 ခေါင်းဆောင်လုပ်တဲ့ ရဟန်းက ရဟန်းပရိသတ်ကို မေးလိုက်တယ်။ ထုံးစံအတိုင်း သဘောတူပါတယ်၊ သဘောမတူပါဘူး လို့ ဖြေတဲ့ ရဟန်းတွေ ရှိသလို ဆိတ်ဆိတ်နေတဲ့ ရဟန်းတွေလဲ အများကြီးပါဘဲ။ ကဲ ဒါဖြင့် မဲခွဲကြစို့ဆိုတော့ သဘောမတူတဲ့ ရဟန်းတော်တွေဘက်က အနိုင်ရသွားတယ်။ 

သဘောမတူတဲ့ အကြောင်းရင်းက ဒီလို။ "အမြတ်ဆုံးဖြစ်တဲ့ သင်္ကန်းကို ၀တ်ရုံထားပြီး ထင်းခွဲရေခပ်အ၀တ်လျှော်စတဲ့  အလုပ်တွေနဲ့ လူတွေရဲ့ အလုပ်အကျွေးကို ပြုလုပ်တာဟာ မသင့်တော်ပါဘူး။ အငတ်ဘဲ ခံမယ်။ လူတွေရဲ့ အလုပ်အကျွေးတော့ မလုပ်နိုင်ဘူး။ ဘုရားလဲ ကြိုက်မှာ မဟုတ်ဘူး" တဲ့။

ဒီအခါမှာ နောက်တစ်ပါးက ထ ဆွေးနွေးတယ်။

"အလုပ်အကျွေးပြုစုဖို့ သဘောမတူကြဘူးဆိုတော့ တစ်ခြားတစ်ခုကို စဉ်းစားကြရတာပေါ့။ တပည့်တော် အကြံတစ်ခု ရှိတယ်။ တပည့်တော်ရဲ့ အဆိုကို တင်သွင်းခွင့်ပြုပါ။ တပည့်တော်တို့ ပြန်ကြားရေး အလုပ်ကို လုပ်ကြမယ်။  ပြန်ကြားရေးရဟန်းတော်များဌာန ဆိုပြီး အရေးပေါ် အဖွဲ့တစ်ခု ဖွဲ့စည်းကြမယ်။ နယ်ပယ်အလိုက် ဌာနခွဲတွေ ထားမယ်။ ပြီးရင် လူတွေရဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ပို့ဆောင် ဆောင်ရွက်ပေးမယ်။ တစ်အိမ်က တစ်အိမ်၊ တစ်ရွာက တစ်ရွာ၊ တစ်မြို့က တစ်မြို့၊ တစ်နိုင်ငံက တစ်နိုင်ငံ စတဲ့ စာပို့လုပ်ငန်း၊ သတင်းဖြန့်ချိရေးလုပ်ငန်း စတာတွေကို ဆောင်ရွက်မယ်။ ဒါဆို အဖိုးအခအနေနဲ့ တစ်နေ့ကို ဆွမ်းတစ်နှပ်လောက်တော့ ကောင်းကောင်း ဘုဉ်းပေးနိုင်ပြီး ပရိယတ် ပဋိပတ်လုပ်ငန်းတွေကို မပင်ပန်းဘဲ လုပ်ဆောင်နိုင်ကြမယ်"

"ဟုတ်တယ် အဲဒါကောင်းတယ်  သဘောတူတယ်"

"ဟာ ဟုတ်သေးပါဘူး၊ အဲဒါလဲ မသင့်တော်ဘူး ထင်တယ်နော"

"စီနီယာတွေ ကောင်းသလို စီမံကြပါ။ နောက်က အားပေးဖို့ အဆင်သင့်ပါ"

တစ်ယောက်တစ်ပေါက်.. အဲလေ.. တစ်ပါးတစ်ပေါက်ပေါ့။ ထုံးစံက ရှိသကိုး။ သူကြီးအထင်ကတော့ အဲဒီ ပြန်ကြားရေးလုပ်ငန်းက အဲဒီခေတ် ရဟန်းတော်တွေအနေနဲ့ အတော်လေး လွယ်ကူလောက်တယ် ထင်တာဘဲ။ ဈာန်ရ ရဟန်းတော်တွေ အတော်များတဲ့ ခေတ်မဟုတ်လား။ အခုခေတ် စာပို့လုပ်ငန်း၊ အင်တာနက်၊ ဖေ့စ်ဘုတ်ထက်တောင် ပိုမြန်ဆန်တိကျလောက်တယ်။ ကန်တော့ပါသေးရဲ့။ ရိုးရိုးစာပို့ ပထမတန်းစာပို့ အထူးစာပို့  နေ့ချင်းစာပို့ ဆိုပြီးတောင် လုပ်လို့ ရသေးတယ်။ ရိုးရိုးစာပို့နှင့်ပထမတန်းစာပို့ဆို သာမန်ရဟန်းတော်လေးတွေက တာဝန်ယူပြီး အထူးစာပို့တွေ နေ့ချင်းရောက်စာပို့တွေကိုတော့ ဈာန်အဘိညာဉ်ရ ရဟန်းတော်တွေ တာဝန်ခွဲယူကြမယ်မဟုတ်လား။

ဒါပေမဲ့လဲ  အဲဒီပြန်ကြားရေးအလုပ်ကိုလဲ မဲစနစ်နဲ့ ခွဲလိုက်တော့ မသင့်တော်ဘူး မလုပ်ဘူးဆိုတဲ့ဘက်က အနိုင်ရသွားပြီး ဗီဒိုအာဏာနဲ့ ပယ်ချခံလိုက်ရတယ်။ အစည်းအဝေးက အရှိန်မြင့်လာလေ ရဟန်းတော်တွေက လှုပ်လှုပ်ရွရွ ဖြစ်လာလေပေါ့။ ဆွမ်းတစ်နှပ်အတွက် ညီလာခံကြီး ကျင်းပပြီး လေးလေးနက်နက် စည်းဝေးနေကြတာဆိုတော့ အတော်လေးတော့ အားကျစရာ ကောင်းသား။

ဒီအခါမှာ ရဟန်းတော်တစ်ပါးက အဆိုတင်သွင်းလာတယ်။

"ဒါဖြင့် တပည့်တော်တို့ ဒီလို လုပ်ကြမယ်။ ဒီအလုပ်က အဆင့်လဲ မြင့်တယ်။ အထင်လဲ အသေးမခံရဘူး။ အထင်တောင် ပိုကြီးစရာ ဖြစ်သေးတယ်။ ပြီးတော့ လူတွေရဲ့ အလုပ်အကျွေးနှင့် သတင်းပို့သမားလဲ လုပ်ဖို့ မလိုဘူး။ လိမ်စားညာစားအလုပ်လဲ မဟုတ်ဘူး။ ဒီအလုပ်က တကယ့်ကို အထူးစပါယ်ရှယ်အလုပ်။ ဒီအကြံတာ အောင်မြင်လို့ကတော့ တပည့်တော်တို့ ရဟန်းတော်တွေ နေ့စဉ် ဆွမ်းတစ်နှပ် ၀၀လင်လင် ဘုဉ်းပေးရပြီး သာသနာပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်မှာ သေချာတယ်"

"တယ်ဆိုတဲ့ စာပါလား ဆိုစမ်းပါဦး ကိုယ်တော်"

"ဒီလိုဘုရား။ တပည့်တော်တို့ ရဟန်းတော်တွေထဲမှာ တစ်ဝက်ကျော်ကျော်က ဈာန်အဘိညာဉ်ရ ရဟန်းတော်တွေနဲ့ အရိယာရဟန်းတော်တွေချည်း မဟုတ်လား။ ဒီတော့ ဒီလို လုပ်ကြရအောင်။ တပည့်တော်တို့ အချင်းချင်းတွေရဲ့ ဂုဏ်ပုဒ်တွေကို လူဒကာဒကာမတွေကို သွားပြောကြတယ်။ ဥပမာအားဖြင့်  တောင်ကျောင်းက ဦးတိဿကြီးက ဈာန်အဘိညာဉ်ရပုဂ္ဂိုလ်ကြီး၊ မြောက်ကျောင်းက ဦးဒတ္တကြီးက သောတာပန်ပုဂ္ဂိုလ်ကြီး၊ အလယ်ကျောင်းက ဦးသောမက သကဒါဂါမ်ပုဂ္ဂိုလ်ကြီး၊ အရှေ့ကျောင်းက ဦးနာဂက အနာဂါမ်ပုဂ္ဂိုလ်ကြီး၊ အနောက်ကျောင်းက ဦးဘောဂက ရဟန္တာပုဂ္ဂိုလ်ကြီး စသဖြင့် ပြောကြမယ်။ အမှန်တကယ်လဲ အဲဒီရဟန်းတော်တွေက ဈာန်အဘိညာဉ်စတာတွေ ရရှိပြီးတဲ့ ရဟန်းတော်တွေ ဖြစ်တဲ့အတွက် မုသားလဲ မထိုက်ပါဘူး။ အမှန်အတိုင်း ပြောပြလိုက်ရုံလေးပါ"

အဲဒီရဟန်းတော်ရဲ့ အကြံက သိပ်ထိရောက်မှု ရှိတဲ့အတွက် (သာသနာတော်ရဲ့ ဂုဏ်ကိုလဲ မညှိုးနွမ်းစေတဲ့အတွက်) အစည်းအဝေးတက်လာကြတဲ့ ရဟန်းတော်များ တညီတညွတ်ထဲ သဘောတူလိုက်ကြတယ်။ အမှန်အတိုင်းပြောမယ်၊ အရှိအတိုင်းပြောမယ်၊ အဟုတ်အတိုင်းပြောမယ်။ အကျိုးအမြတ်ကလဲ တကယ့်အကြီးကြီး။ အခုခေတ်အပြောနဲ့ဆိုရင်တော့ ပြဿနာရဲ့ Solution(အဖြေ)ကို ရရှိသွားပြီဖြစ်တဲ့အတွက် ညီလာခံကြီးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ပြီး ရုပ်သိမ်းလိုက်ကြတယ် ဆိုပါတော့။ ဆောင်ပုဒ်ကလေးက။

""ဆွမ်းတစ်နှပ်ဘုဉ်းပေးဖို့ အမှန်အတိုင်း ပြောကြစို့""

ရဟန်းတော်တွေရဲ့ အကြံ အတော်လေး ထိရောက်သွားပါတယ်။ ဟို တောင်ကျောင်းက ဦးတိဿကြီးက ဈာန်အဘိညာဉ်တွေရတယ်လဲဆိုရော.. ဟေးးး လာသွားကြမယ် ရောင်းရင်းတို့ ဦးတိဿကြီးဆီ ပစ္စည်းလေးပါး သွားလှူကြရအောင် ဖြစ်ကြကုန်ရော။ ဦးဘောဂကြီးကလဲ ရဟန္တာပုဂ္ဂိုလ်ကြီးနော ဆိုလိုက်ပြန်တော့လဲ... လာကြဟေ့ ရွာသားတွေ အားလုံး ဦးဘောဂကြီး သွားဖူးရအောင် လုပ်ကြပြန်ရော။  အဲဒီလို အဲဒီလိုနဲ့  ရဟန်းတော်တွေရဲ့ အချင်းချင်းဂုဏ်ပုဒ်တွေ ဖော်ပြမှုကြောင့် ဒကာဒကာမတွေလဲ သဒ္ဓါတရားတွေတိုးတိုးလာကာ ငါတို့ အရတော်လေစွတကား ငါတို့ ကံကောင်းစွတကား ဆိုပြီး ရဟန်းတော်တွေကို ဆွမ်းဦး ဆွမ်းထူး ဆွမ်းအကောင်းတွေချည်း နေ့စဉ် ကြံဖန်ရှာဖွေ ဆက်ကပ်ကြတော့သတဲ့။ သူတို့ ကိုယ်တိုင်ခမျာမှာတော့ ဆန်ကွဲထမင်းလေးတွေကို ကျိုချက်ပြီး သဲအရောရော ကျောက်အရောက် မ၀မလင် စားသောက်ပြီး နေ့စဉ်ဘ၀ကို ဖြတ်သန်းကြရှာတော့သတဲ့။

ဝါကျွတ်ခါနီးလေ အဲဒီ ၀ဇ္ဇီတိုင်းဒေသကြီးရဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းနယ်ပယ် တလျောက်က ရဟန်းတော်တွေဟာ တစ်နေ့တစ်ခြား နုပျိုလှပလန်းဆန်းလာလေ ဖြစ်လာကြပေမဲ့ အဲဒီဒေသက လူတွေကတော့ အရိုင်းပြိုင်းပြိုင်းဖြစ်နေကြတော့သတဲ့။ 

ဒီလိုနဲ့ ၀ါကျွတ်သွားတယ် ဆိုကြပါစို့။  အဲဒီခေတ်ကာလထုံးစံအတိုင်း ၀ါကျွတ်ပြီဆိုလို့ရှိရင် ရဟန်းတော်တွေအားလုံး ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတိုက်ကို လာရောက်ပြီး ဘုရားရှင်ကို ဖူးမြှော်လေ့ရှိကြတယ်။ အဲဒီအချိန်တုန်းက ဘုရားရှင်ဟာ ဝေသာလီပြည် မဟာဝုန်တောထဲမှာ ရှိတဲ့ ပြသာဒ်ကျောင်းတော်ကြီးမှာ သီတင်းသုံးတော်မူခိုက်ဖြစ်ပါတယ်။ ၀ဇ္ဇီတိုင်းအတွင်း ဒေသအသီးသီးမှာ သီတင်းသုံးနေထိုင်ကြတဲ့ ရဟန်းတော်တွေ ဘုရားရှင်ထံ ရောက်ရှိလာကြတယ်။ ၀ဂ္ဂုမုဒါမြစ်ကမ်းဘေးက ရဟန်းတွေ အပါအ၀င်ပေါ့။

ဒီနေရာမှာ ဗဟုသုတဖြစ် တစ်ခုလောက် ဖော်ပြပေးချင်ပါတယ်။ ရပ်ဝေးကနေ တကူးတက လာရောက် ဖူးမြှော်ကြတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က စကားလေးခွန်းနဲ့ နှုတ်ခွန်းဆက် ကြိုဆိုလေ့ ရှိပါတယ်။ 

ရဟန်းတော်တို့..
၁။ နေကောင်းကြပါရဲ့လား 
၂။ မျှတမှု ရှိကြပါရဲ့လား
၃။ အချင်းချင်း ချမ်းချမ်းသာသာညီညီညွတ်ညွတ် ရှိကြပါရဲ့လား
၎။ ဆွမ်းအတွက် လွယ်ကူကြပါရဲ့လား

ဒါလေးကို ကြည့်ပြီး စဉ်းစားမိတယ်။ ဒီဘက်အနောက်တိုင်းကလူတွေ ဘုရားရှင်ရဲ့ နှုတ်ဆက်စကားကို အတုယူထားတာဘဲလို့။ နေကောင်းလား ဆိုပြီး စ နှုတ်ဆက်လေ့ ရှိကြတယ် မဟုတ်လား။ မြန်မာမှာကတော့ များသောအားဖြင့် စားပြီးပြီလား ဆိုပြီး စနှုက်ဆက်တာတွေ ပိုများနေသလားလို့။

ကဲ ရှိစေတော့။ ဇာတ်လမ်းလေးဘက် ဆက်ကြရအောင်။
ဘုရားရှင်က အထက်က စကားလေးခွန်းနဲ့ နှုတ်ခွန်းဆက်တော့ ထုံးစံမပျက်  နေကောင်းပါသည်ဘုရား၊ မျှတမှုရှိပါသည်ဘုရား၊ ချမ်းသာညီညွတ်စွာ ရှိကြပါသည်ဘုရား၊ ဆွမ်းအတွက် လွယ်ကူကြပါသည်ဘုရား ဘဲပေါ့။ ဒါပေမဲ့ ဘုရားရှင်က ရဟန်းတော်တွေအားလုံးကို အကဲခတ်ကြည့်လိုက်တော့ ရဟန်းတော်တွေ အတော်များများ ပိန်ချုံးပြီး အရိုးပေါ်အရေတင် ဖြစ်နေတာကို မြင်တွေ့ရသတဲ့။ ဒါပေမဲ့ ၀ဂ္ဂုမုဒါမြစ်ကမ်းဘေးကနေ လာရောက်ကြတဲ့ ရဟန်းတော်တွေကျတော့ အသားအရည်စိုပြေလှပပြီး ကျက်သရေအသွင်ကို ဆောင်နေတာကို မြင်တွေ့လိုက်သတဲ့။ ဒီတော့ မေးတော်မူပြီပေါ့

"ဟေ့.. ချစ်သားတို့ ဘယ်လို ဖြစ်လာကြတာတုန်း။ အခြားအရပ်ဒေသက ရဟန်းတော်တွေ အားလုံး ပိန်ချုံးနေကြရဲ့သားနဲ့ ချစ်သားတို့က ဘာဖြစ်လို့ ပြည့်ပြည့်၀၀ ဣနြေ္ဒတွေ အပြည့်အစုံနဲ့ ဖြစ်နေရတာတုန်း"

ဒီတော့ အခုခေတ်ပုံစံနဲ့ဆို အဲဒီရဟန်းတွေ အချင်းချင်း လက်ကုတ်ခြေဆိတ် လုပ်ပြီပေါ့။ ကိုယ်တော်လျှောက်တင်လိုက်လေ၊ ဟာ အရှင်ဘုရားဘဲ လျှောက်လိုက်ပါ၊ ဟို အစဦးဆုံး အဲဒီအကြံရတဲ့ ရဟန်း လျှောက်လိုက်လေ စသဖြင့် ဖြစ်ကုန်ကြရောပေါ့။ ဒါပေမဲ့ အဲဒီခေတ်က ရဟန်းတွေကတော့ မုသားပြောလေ့မရှိဘူး။ လုပ်ရင်လုပ်တယ် မလုပ်ရင် မလုပ်ဘူး ပြတ်ပြတ်သားသားဘဲ။ ဘုရားရှင်ကသာ ချစ်သား သင်အဲဒီအပြစ်ကို တကယ်ကျူးလွန်ခဲ့သလားလို့ မေးလိုက်၊ ကျူးလွန်ထားတဲ့ ရဟန်းက ဘယ်တော့မှ မလိမ်ဘူး။ တင်ပါ့ဘုရား ကျူးလွန်ခဲ့မိပါတယ်ဘုရား ချည်းဘဲ။ အဲဒါတွေ ကြည်ညိုစရာကောင်းတာ။  အခုကိစ္စကိုလည်း ကြည့်။ သူတို့ အမှန်အတိုင်း လျှောက်တင်ကြပြီလေ။

"တင်ပါ့ဘုရား။ တပည့်တော်တို့ ရရှိပြီးသား ဂုဏ်ပုဒ်တွေ ဈာန်မဂ်ဖိုလ်တွေကို ဒကာဒကာမတွေကို ပြောကြားပြီး ဒကာဒကာမတွေရဲ့ ကြည်ညိုမှုကို ရယူကာ ဆွမ်းကွမ်းကိစ္စတွေ အရမ်းအဆင်ပြေခဲ့တဲ့ အတွက် အခုလို တစ်တိုင်းပြည်လုံး အငတ်ဘေး ကျရောက်ပြီး ငတ်ပြတ်နေကြပေမဲ့ ဘုရားတပည့်တော်တို့ ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတွေကတော့ အာဟာရသပ္ဗါယမျှတစွာ သီတင်းသုံးနေထိုင်ကြရပြီး အခုလို ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေကြရတာပါဘုရား"

"တယ်... မိုက်ရိုင်းလိုက်လေ"

ဘုရားရှင်ရဲ့ နှုတ်ဖျားက ထွက်တဲ့ စကားတွေမှာ ဒီစကားက အကြမ်းတမ်းဆုံးပါ။ တစ်ခြားနေရာတွေမှာထက် အခုလို အပြစ်ကျူးလွန်တဲ့ ရဟန်းတွေကို ပြန်တုန့်ပြန်တဲ့ နေရာတွေမှာ အတွေ့များလေ့ရှိတဲ့ စကားလုံးပါ။ ဘုရားရှင်ကတော့ မောဃပုရိသ..လို့ ရေရွတ်လိုက်တာပါ။ အပေါ်က စကားကတော့ သူကြီး Interpret လုပ်ထားတာပါ။ မောဃပုရိသဆိုတာ အဖြောင့်ပြန်ရင်တော့ မဂ်ဖိုလ်မမှီး အချည်းနှီးသော ယောက်ျား.. တဲ့။ အဲဒီစကားက ..... ငတုံး ငအ ငမိုက်သား အလကားကောင် ငပျင်း ငဖျင်း အလေနသောကောင်  သောက်ရှက်မရှိတဲ့ကောင် .....ဆိုတဲ့ စကားလုံးတွေထက် ပိုနာစေတဲ့ စကားလုံးဘဲ ဖြစ်ပါတယ်။ ဘုရားရှင်က အဲဒီစကားလုံးကို ခေါ်ပြီဆို အခေါ်ခံရတဲ့ ရဟန်းတွေမှာ မျက်နှာလေး အောက်ကျို့ ပြီး တကယ့် တကယ့်မျက်နှာငယ်လေးနဲ့ ငမိုက်သားပုံစံလေး ပေါက်နေပါတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားနဲ့ ပြောရရင်တော့ ဘုရားရှင်ဟာ.. ရဟန်းတို့.. ငါတို့ဟာ ပြည်သူတွေနဲ့အတူ သံသရာခရီးကို ကူးခတ်နေကြတာ ဖြစ်တယ်။ ဒီတော့ အခန့်မသင့်ရင် ဆင်းရဲမယ် ငတ်မယ် သေမယ်၊ ပြည်သူတွေ ဆင်းရဲရင် ငါတို့လဲ ဆင်းရဲမယ်၊ ပြည်သူတွေ ငတ်ရင် ငါတို့လဲ ငတ်မယ်၊ ပြည်သူတွေ သေရင် ငါတို့လဲ အတူတူ သေကြမယ်။ ဘယ်သူက ဘယ်သူ့ထက်မှ ပို အခွင့်ရေး မယူရ၊ ပို အခွင့်အရေးမရှာရ.. အမိန့်....ဆိုတဲ့ သဘောထားမျိုးပါ။

"သင်တို့ထံမှာ အဲဒီ ဈာန်မဂ်ဖိုလ်တွေကော တကယ် ရှိကြရဲ့လား"

ဘုရားရှင်က အကြောင်းမဲ့ ထိုစကားကို မေးခြင်းမဟုတ်ပါ။ အကယ်၍ မိမိထံ ဈာန်မဂ်ဖိုလ်မရှိပါဘဲလျှက် ဈာန်မဂ်ဖိုလ်ရပြီးပြီဟု လူဒကာဒကာများကို ပြောကြားခဲ့လျှင် လူဒကာဒကာမများကလဲ ယုံကြည်ခဲ့လျှင် အဲဒီ ရဟန်းဟာ ရဟန်းမဟုတ်တော့ပါဘူး။ လူထွက်ရပါတော့မယ်။ ၀ိနည်းစကားအရပြောရင်တော့ ပါရာဇိကကျတယ်ပေါ့။ ဒါပေမဲ့ မိမိထံမှာ ဈာန်မဂ်ဖိုလ်ရှိနေတာကို အရှိအတိုင်း ပြောရင်တော့ နောက် အပြစ်တစ်မျိုးပေါ့။

"တင်ပါ့ဘုရား။ တပည့်တော်တို့ထံမှာ အဲဒီဈာန်မဂ်ဖိုလ်တွေ ရှိပါတယ်ဘုရား။ လိမ်လည်ပြီး ပြောဆိုခဲ့ကြတာ မဟုတ်ပါဘုရား"

"ကောင်းပြီ။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပစေ။ ရှက်ဖို့တကယ်ကောင်းတယ်။ အကျိုးမဲ့လုပ်ရပ်တွေ။ မှတ်ထား။ နောက်ကို အခုလို မိမိထံမှာ အမှန်အကန်ရှိနေတဲ့ ဈာန်မဂ်ဖိုလ်တွေကို လူပရိသတ်တွေကို ပြောကြားရင် ပါစိတ်အာပတ် သင့်စေ။ ဒါဘဲ"

ရဟန်းတွေရဲ့ ပြစ်ဒဏ် (အာပတ်)က အဆင့် ၇ ဆင့် ရှိပါတယ်။ အကြီးဆုံးပြစ်ဒဏ်က တခါထဲ လူဝတ်လဲရတဲ့ ပြစ်ဒဏ်ပါ။ အဲဒါကို ပါရာဇိကအာပတ်လို့ ခေါ်ပါတယ်။ နောက် အစဉ်အတိုင်း ၆ ခုကတော့  သံဃာဒိသိသ်အာပတ်၊ ထုလ္လစ္စည်းအာပတ်၊ ပါစိတ်အာပတ်၊ ပါဋိဒေသနီအာပတ်၊ ဒုက္ကဋ်အာပတ်နှင့် ဒုဗ္ဘာသိတအာပတ်တို့ဘဲ ဖြစ်ကြပါတယ်။ အခု ၀ဂ္ဂမုဒါမြစ်ကမ်းက ရဟန်းတွေကို ချမှတ်တဲ့ ပြစ်ဒဏ် နံပါတ် ၄ ဖြစ်တဲ့ ပါစိတ်အာပတ်ပါ။ 

ဘုရားရှင်က သံဃာ့ပရိသတ်ကို ကိုင်တွယ်တဲ့နေရာမှာ ပထမနှစ် ၂၀ မှာ ညင်ညင်သာသာလေး ကိုင်တွယ်ခဲ့တာပါ။ ကြိုတင်ရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ Prevention is better than cure  ဆိုပေမဲ့ ကြိုတင်ရေးဆွဲဖို့ မလိုလောက်အောင်ကို သာသနာက သန့်ရှင်းခဲ့ပါတယ်။ ဘုရားဖြစ်ပြီး နှစ် ၂၀ ကျော်လာမှသာ အာဏာနဲ့ ကိုင်တွယ်အုပ်ချုပ်လာတာပါ။ ဒါကလဲ အုတ်ရောရော ကျောက်ရောရော ဖြစ်မှာစိုးလို့ပါ။ ဒါတောင် အကြောင်းပေါ်လာမှ အဲဒီအကြောင်းပေါ်မူတည်ပြီး စည်းကမ်းဥပဒေ ထပ်တိုးလိုက်ရုံလေးပါ။ ကြိုတင်ပြီး ဟိုဟာမလုပ်ရဘူး ဒီဟာမကိုင်ရဘူးဆိုပြီး စည်းကမ်းထုတ်ထားလေ့ မရှိပါဘူး။ 

အခုဆိုရင် မြန်မာနိုင်ငံ နေရာအတော်များများမှာ ရေဘေးဒုက္ခတွေ သင့်နေကြပါတယ်။ စိုက်ပျိုးချိန်မှာမှ ဖြစ်ပေါ်လာတဲ့ ရေဘေးဆိုတော့ အတော်လေးကို စိတ်မကောင်း ဖြစ်မိပါတယ်။ မြန်ပြည်သူ ပြည်သားတွေကလဲ တတ်နိုင်သလောက် တနိုင်တပိုင် ကူညီနေကြပါတယ်။ ကြိုဆိုရမှာပါ။ တနည်းပြောရရင်တော့ ဒီရေဘေးက လူတွေ တော်တော်များများကို ပွဲထုတ်ပေးပါတယ်။ ဘုန်းကြီးရဟန်းတွေကို ပွဲထုတ်ပေးပါတယ်။ အနုပညာရှင်တွေကို ပွဲထုတ်ပေးပါတယ်။ စစ်သားတွေကို ပွဲထုတ်ပေးပါတယ်။ ရဲတွေကို ပွဲထုတ်ပေးပါတယ်။ ပရဟိတအဖွဲ့တွေကို ပွဲထုတ်ပေးပါတယ်။ ဘာသာပေါင်းစုံကလူတွေကို ပွဲထုတ်ပေးပါတယ်။ ပါတီစုံကလူတွေကို ပွဲထုတ်ပေးပါတယ်။ ယုတ်စွအဆုံး လမ်းဘေးတောင်းစားသူကအစ သမ္မတအဆုံး ပွဲထုတ်ပေးပါတယ်။ 

ဘယ်လောက်အထိ ပွဲထုတ်ပေးသလဲဆိုရင် ရေဘေးကူညီရေး မလုပ်လိုက်မိရင် နောင်တရမဆုံး ဖြစ်သွားနိုင်တဲ့အထိ ပွဲထုတ်ပေးခဲ့တာပါ။ စေတနာသန့်သန့်နဲ့ ကူညီရေး လုပ်နေကြသူတွေ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ အများလုပ်နေတာတွေ့လို့ စိတ်မပါပေမဲ့ မကောင်းတတ်လို့ ထလုပ်လိုက်ရတာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဥပမာ.. ဟိုတစ်ယောက်ကတော့ ထ လုပ်နေပြီ၊ ငါ ဒီအတိုင်း ထိုင်နေလို့ ရှိရင် အပြစ်ပြောခံတော့မှာဘဲ၊ ဒီတော့ ငါလဲ နည်းနည်းတော့ ထလုပ်ပြမှ တော်ကာကျမယ်.. ဆိုသလိုမျိုးပေါ့။ အထူးသဖြင့် အဲဒီလိုမျိုး အတွေးက မိတ်ဆွေများများ ပရိသတ်များများ ရှိတဲ့သူတွေဆီမှာ ပိုပြီး ခိုအောင်းတတ်ပါတယ်။ ဒီတော့ အခုရေဘေးမှာ တစ်ကမ္ဘာလုံး သြချရလောက်တဲ့အထိ အလှူခံများ အလွန်များပြားပြီး သူ့ထက်ငါဦး ကူညီနေတာကို တွေ့မြင်နေရတာ မဆန်းပါဘူး။ 

မပြုချင်ပြု၊ ပြုချင်ပြု၊ ကောင်းမှုကုသိုလ်တွေ.. ဆိုတဲ့ လင်္ကာလေးအတိုင်း စိတ်ပါလို့ဖြစ်စေ စိတ်မပါဘဲ ဖြစ်စေ အများအကျိုးပြု ပရဟိတလုပ်ငန်းလုပ်နေတာကို တကယ် ချီးကျူးပါတယ်။ တကယ်လဲ အားပေးပါတယ်။ ဒါပေမဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို အလှူခံပုဂ္ဂိုလ်အစစ်ရှိသလို အတုတွေလဲ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ ထည့်မတွက်လို့ မရပါဘူး။ နေ့ခင်းကြောင်တောင် ဓါးပြတိုက် လုယက် အနိုင်ကျင့်ရဲကြတဲ့ သူတွေအနေနဲ့ ပိုက်ဆံရအလွန်လွယ်ကူလှတဲ့ ဖလားလေးကိုင်ပြီး  လမ်းဘေးတလျှောက် ရပ်ကွက်တလျှောက် အိမ်စဉ်ထိုးပြီး အလှူခံတာလောက်တော့ ပျော်ပျော်ကြီး လုပ်နိုင်ကြမှာပါ။ အဖွဲ့အစည်းနာမည်အတုတွေ ပရင့်ထုတ်ပြီး စာရွက်ကမ်းအလှူခံတာမျိုးလဲ ရှိလာနိုင်ပါတယ်။ ယုတ်စွအဆုံး သူတော်စင်ဝတ်စုံဝတ်ပြီး တစ်အိမ်တက်ဆင်း အလှူခံတာမျိုးတွေလဲ ရှိလာနိုင်ပါတယ်။ ပြောခဲ့ပြီးပြီ မဟုတ်လား။ အခု ရေဘေးက လူအတော်များများကို ပွဲထုတ်ပေးပါတယ်လို့။ ပွဲထုတ်ပေးတဲ့အပြင် သူခိုး ကြမ်းပိုး လူလိမ် လူညာတွေကိုလဲ အခုရေဘေးက လုပ်ကျွေးပြုစုကောင်း ပြုစုပြပါလိမ့်ဦးမယ်။ 

ဒီတော့ သူကြီးအထင်ကတော့ အခုလို ပြည်လုံးကျွတ် နေရာစုံ အလှူခံပွဲမျိုးကြီးမျိုးဟာ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မူမမှန်မှုတွေ ပါလာမှာမို့ပါ။ ပြီးတော့ အခြားအကြောင်းတွေလဲ ရှိဦးမှာပါ။ အင်တာနက်ကောင်းမှု ဖေ့စ်ဘုတ်ကောင်းမှုနဲ့ အခုရေဘေးက မြန်မာမှာ နာဂစ်ထက် ပို နာမည်ကြီးသွားသလို ဖြစ်သွားပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များလဲ အခုအချိန်မှာ မကောင်းတတ်လို့ဖြစ်စေ ရင်ထဲက ရေဘေးသင့်သူတွေအတွက် တကယ်စိတ်မကောင်းလို့ ဖြစ်စေ မိမိတို့ လုပ်ငန်းတွေကို ခေတ္တနားထားကြရပါတော့တယ်။ ယုတ်စွအဆုံး ဖေ့စ်ဘုတ်ပေါ် တွေ့လေ့ရှိတဲ့ အလှပြဓါတ်ပုံတွေ အပျော်အပါးအစားအသောက်ပို့စ်တွေ အတင်နည်းသွားကြရတဲ့အထိ ရေဘေးက သာသွားပါတော့တယ်။ 

အနာဂတ်မှာ နိုင်ငံတော်ကလဲ ဘုရားရှင် ဥပဒေထုတ်ပြန်ခဲ့တဲ့ ထုံးကို နှလုံးမူပြီး အလှူခံအဖွဲ့အစည်း အလှူခံပုဂ္ဂိုလ်တွေအတွက် စည်းမျဉ်းစည်းကမ်းအသစ်တွေ ထုတ်ပြန်ကောင်း ထုတ်ပြန်ပါလိမ့်မယ်။ အခြေဥပဒေထဲပါပြီးသားဆိုရင် (အသုံးမချရသေးတာဆိုရင်) အဲဒီစည်းကမ်းတွေကို အသုံးချကောင်း ချလာနို်င်ပါတယ်။ အချောင်သမားတွေ နေရာဝင်ယူကုန်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ သူကြီး ကလေးဘ၀တုန်းကတော့ သာသနာရေးဆိုင်ရာ အလှူခံပုဂ္ဂိုလ်ဆိုရင် သက်ဆိုင်ရာ သံဃနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ယူရတာကို မှတ်မိနေပါတယ်။ တခြားပရဟိတလုပ်ငန်းတွေအတွက်ကတော့ ဘယ်လို စည်းကမ်းဥပဒေမျိုးရှိတယ်ဆိုတာ မသိပါဘူး။ 

နောက်ပြီး နိုင်ငံတော်က သီးခြားစည်းကမ်းဥပဒေမထုတ်ပြန်ရင်လဲ သက်ဆိုင်ရာ နေရာဒေသတွေမှာ အလှူခံပုဂ္ဂိုလ်တွေ တားမြစ်ပိတ်ပင်ခြင်း ခံရနိုင်ပါတယ်။ ဒါကလဲ ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ သူ့အကြောင်းနဲ့ သူချည်းပါဘဲ။ ဘုရားရှင် လက်ထက်မှာတောင် ရဟန်းတော်တွေ အငှားထူ အလှူခံထူလွန်းလို့  လူတွေ ဝေးဝေးက ရှောင်ပြေးခဲ့ကြရတဲ့ သာဓကတွေ ရှိခဲ့တယ် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ ဖွံ့ဖြိုးမှုနည်းကွေးလှတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် သဘာဝဘေးဒဏ်တွေ ရင်ဆိုင်လာရပြန်ရင်လဲ အစိုးရနှင့် ပြည်သူ၊ တပ်နှင့်ပြည်သူ၊ သံဃာများနှင့်ပြည်သူ၊ ကျောင်းသားများနှင့်ပြည်သူ၊ အပြည်ပြည်ဆိုင်ရာနှင့်ပြည်သူ၊ အဲဒီလို စုပေါင်း စည်းရုံးပြီး ပြန်လည်ကယ်ဆယ် ထူထောင်ပေးရဦးမှာပါ။ ပိုမိုပွင့်လင်းမြင်သာတဲ့ နိုင်ငံတစ်ခုအဖြစ် ပုံဖော်လာနိုင်ရင်တော့ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေကို အဆင့်မြင့်နည်းပညာတွေနဲ့ ဖန်တီးလာနိုင်သလို၊ မလွှဲသာလို့ ဘေးဒုက္ခကျရောက်ခဲ့ရင်လဲ ရက်တိုအတွင်း ကယ်ဆယ်ရေးများ ပြုလုပ်နိုင်သလို ပြန်လည်ထူထောင်ရေးတွေမှာလဲ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန် ပြီးမြှောက်အောင်မြင်မှု ရရှိလာမှာ အမှန်ပင် ဖြစ်ပါတော့တယ်။

သူကြီးအမြင်သက်သက်ပါ။








Tuesday, 4 August 2015

အမေသည်မြန်မာ (Mother, the Myanmar)


အမေ့ရပ်ဝန်း၊ လွန်တင့်ရွှန်း၍
စိမ်းလန်းဝန်းကျင်၊ မြစ်ရေပြင်နှင့်
ပေါရွှင်ဥစ္စာ၊ ရတနာတို့
ခြယ်ကာစိုက်ပျိုး၊ လယ်ယာမျိုးဝယ်
တန်ခိုးထက်မြက်၊ စွမ်းအားထက်၍
ချေဖျက်ရန်သူ၊ များပြည်သူကို
ရန်မူခပင်း၊ ထိုသင်းပင်းမှ
အရှင်းကာကွယ်၊ ငြိမ်းချမ်းနယ်သို့
ပျော်ဖွယ်မဆုံး၊ ပီတိဖုံးသည်
ဟိုတုန်းကပါ အမေ။
............

ခုတော့
အမေမွေးဖွား၊ အမေ့သားများကြောင့်.....။

အမေ့ခြေလက်၊ သစ်ကိုင်းခက်လည်း
ချိုးဖျက်ခုတ်ထွင်၊ လောဘယှဉ်ကာ
အစဉ်ရှေ့ ရေး၊ ပေါ့ဆတွေး၍
ဆွေးမြေ့ပြုတ်ကြွေ၊ ညှိုးနွမ်းလေပြီ
မဖြေသာမှန်း သိတယ်အမေ။

အမေ့နှလုံးသား၊ ဥစ္စာများလည်း
ဆိုးရွားအန္ဓ၊ လူ့ဗာလတို့
တူးဆွဖောက်ထွင်း၊ အပြတ်ရှင်း၍
တလင်းပြောင်ကာ၊ အနှစ်ကွာပြီ
ရင်နာနေမှန်း သိတယ်အမေ။

အမေ့နှလုံးသွေး၊ မြစ်ရေဖွေးလည်း
နီစွေးစွန်းထင်၊ ဆီးပိတ်ပင်၍
ဟိုဝင်ဒီထွက်၊ ဒဏ်ရာချက်နဲ့
အသက်လုစီး၊ ထိုခရီးမှာ
ငိုညည်းနေမှန်း သိတယ်အမေ။

အမေ့ဝမ်းစာ၊ လယ်တောယာမှာ
စိုက်ကာစပါး၊ မျိုးပွါးထားလည်း
မိုးများရွာချ၊ ပျက်စီးကြ၍
နွမ်းလျပူဆွေး၊ ဒုက္ခဘေးကြောင့်
ငိုကြွေးနေမှန်း သိတယ်အမေ။
..........

ခြေလက်နှလုံး၊ သွေးများဆုံး၍
ဆက်ရှုံးဝမ်းစာ၊ ကံကြမ္မာကြောင့်
ရိက္ခာပြတ်တောက်၊ ငါးပါးမှောက်ပြီး
အကြောက်အန္တရာယ်၊ ရှေ့ကကွယ်၍
ကာကွယ်နိုင်အား၊ မရှိငြားလည်း
အားမငယ်ပါနဲ့ အမေ။

သည်ရေသည်မြေ၊ သည်ရေမြေကို
အမေဟုပင်၊ နာမတင်၍
ခေါ်တွင်သမုတ်၊ စိုက်အားထုတ်ပြီး
ပတ်ကုတ်ကြိုးစား၊ တန်ဘိုးထားမယ်
အားတင်းပါတော့ အမေ။

စိမ်းလန်းပြေစွာ၊ ရတနာနှင့်
မြစ်မှာသန့်ရှင်း၊ မှန်စီးဆင်း၍ 
စိုက်ခင်းများစွာ၊ ဖြစ်ထွန်းလာအောင်
ညီညာပေါင်းစု၊ တည်ဆောက်ပြုမယ်
ရတုဆက်ဆက် အားတက်ပါတော့ အမေ။

တုံးဖလားသူကြီးမင်း (သြဂုတ်လ ၄ ရက် ၂၀၁၅ ၁၉း၃၀ နာရီ)


*****
ဒီ "အမေသည် မြန်မာ" ဆိုတဲ့ ကဗျာလေးကို ရသလောက်ဈေးနဲ့ ရောင်းလိုပါတယ်။ မည်သူမဆို ၀ယ်ယူလိုသူများ ထိုတန်ဖိုးငွေကို ရေဘေးအလှူသို့ သွားရောက်ထည့်ဝင် လှူဒါန်းပေးစေလိုပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ (အမေရိကန်နိင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က ဒေါ်ခင်မေက ဒီကဗျာလေးကို စတာလင်ပေါင် ၁၀၀ (ပေါင်တစ်ရာတိတိ) နဲ့ ၀ယ်ယူပြီး ဖြစ်ပါသည်။ ထို ပေါင် ၁၀၀ ကိုလည်း ရေဘေးအလှူသို့  မနက်ဖန် လှူဒါန်းသွားပါမည်။ (သြဂုတ် ၀၅ ၂၀၁၅ ဗုဒ္ဓဟူးနေ့)

ဝန်ခံချက်။
ဤကဗျာကို မေဓာဝီ May Nandar​ ရဲ့ "ကာလသုံးပါးနဲ့ တို့ရဲ့တိုင်းပြည်" ဆိုတဲ့ ကဗျာလေးကို ဖတ်ရှုပြီး အလားတူ ကဗျာလေးတစ်ပုဒ် မွေးထုတ်ချင်စိတ်နဲ့ ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

.

Saturday, 1 August 2015

တတ်ထားသင့်သည် Escapology

ကြားဖူးနေကျ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက အမေရိကန်လူဖြူလူမျိုးပါမောက္ခကြီးတစ်ယောက် အာဖရိကကို အလည်အပတ်သွားသတဲ့။ ဒေါက်တာဘွဲ့ရ ပါမောက္ခကြီးဆိုတော့ မာနခပ်ကြီးကြီးပေါ့။ မာနကြီးရုံတင်မက အခြားသူတွေကိုလဲ အထင်သေးအမြင်သေးပြီး ဟားတိုက်လှောင်ပြောင် ရယ်မောတတ်တဲ့ အလေ့အကျင့်ရှိသတဲ့။

တစ်နေ့။

အာဖရိကဒေသရှိ မြစ်ကြီးရိုးတလျှောက် ကနူးလှေနဲ့ လေ့လာရေးခရီးထွက်ဖို့ အာဖရိကန်လူမဲလှေသမားလေး တစ်ယောက်ကို ငှားလိုက်သတဲ့။ စကားစမြည်ပြောရင်း မြစ်ထဲထွက်လာလိုက်တာ ခရီးအတော်လေးရောက်တော့ ပါမောက္ခကြီးက လှေသမားလေးကို မေးသတဲ့။

"ဟေ့ကောင်လေး Biology ကို မင်း  သိလား"

"မသိပါဘူး။ ပါမောက္ခကြီး"

"အင်း... ဒါဆို မင်းရဲ့အသက် ငါးပုံ တစ်ပုံ သေသွားပြီ"

"အော် ဟုတ်ကဲ့"

"Geology ရော သိလား"

"မသိပါဘူး ခင်ဗျာ"

"ဟေ.. မင်း အတော်လေး ညံ့တာဘဲ။ ဒါဆို မင်းရဲ့အသက် ငါးပုံ နှစ်ပုံ သေသွားပြီ"

"ဟင် တကယ်ကြီးလားဗျာ"

"ဒါဖြင့် Anthropology ကို ရော သိလား"

"အဲဒါကိုလဲ မသိပါဘူး ပါမောက္ခကြီး"

"ဟား ဟား ဟား မင်းက ဒီလောက်နုံဖျင်းပြီး ပညာမတတ်မှတော့ ဘယ်လို လုပ်စားမလဲ။ ဒါဆို မင်းရဲ့ဘ၀က ငါးပုံ သုံးပုံ သေသွားပြီဘဲ"

"ကျနော် ကြောက်တောင် လာပြီ"

"ဒါဆို Zoology ကို ရော သိရဲ့လား"

"နာမည်တောင် မကြားဖူးပါဘူး ပါမောက္ခကြီး"

"ဟား ဟား ဟား ဟီး ဟီး ဟီး (ကနူးလှေလေးထဲမှာ ဘယ်ပြန်ညာပြန်လူးလှိမ့်အော်ဟစ်ပြီး အာခေါင်ခြစ်ကာ လှောင်ပြောင် ရယ်မောသတဲ့။ မြစ်ကမ်းဘေးက တောကောင်တွေတောင် လန့်ဖျပ်ပြီး တောထဲ ၀င်ပြေးကြတယ်ဆိုဘဲ) မင်း ဒီလောက်ထိ ပိန်းနေမှတော့ မင်းဘ၀ နေကွယ်ချိန် သိပ်မလိုတော့ဘူး။ မင်းအသက် ငါးပုံ လေးပုံ သေသွားပြီ"

"တကယ်ကြီးလားဗျာ (လှေသမားလူမဲကလေးဟာ အမှန်အကန် ကြောက်သွားရှာသတဲ့။ ဟားတိုက် ရယ်မောခံရတဲ့အတွက်လဲ အလွန်ရှက်ပြီး ပါမောက္ခကြီးကို အမြင်ကပ်နေတော့သတဲ့)"

ပါမောက္ခကြီးက ကနူးလှေလေးထဲ လူးလှိမ့်ရယ်မောနေတဲ့အတွက် လှေကလေးကလဲ မငြိမ်သက်တော့ဘူးတဲ့။ ဟိုဘက်စောင်းလိုက် ဒီဘက် စောင်းလိုက် ဖြစ်နေသတဲ့။ ဒါပေမဲ့ ပါမောက္ခကြီးကတော့ ရယ်လို့ကို မပြီးနိုင်ဘူးပေါ့။ ဘယ်ညာလူးလှိမ့်လိုက် ခေါင်းကို တွင်တွင် ခါရမ်းလိုက်နဲ့ အကြီးအကျယ် ရယ်မောနေတုန်းဘဲတဲ့။ အဲဒီမှာ ဖြစ်ချင်တော့ ပါမောက္ခကြီး ခေါင်းအရမ်းလွန်ပြီး ခေါင်းမှာ ဆောင်းထားတဲ့ သံခမောက် ( Helmet  )ကြီး ကျွတ်ထွက်ပြီး ကနူးလှေရဲ့ နံပါးတစ်ဘက်ကို အရှိန်ပြင်းစွာ ထိမှန်ပြီး လှေကလေး မငြိမ်မသက်ဖြစ်ကာ မှောက်သွားပါတော့သတဲ့။

အာဖရိကန်အမဲလှေသမားလေးကလဲ သူ့ရဲ့အသက် ငါးပုံ လေးပုံက သေပြီးပြီဆိုတော့ တစ်ပုံဘဲ ကျန်တော့တာကို အမှတ်ရပြီး ကနူးလှေကလေးနဲ့ ပါမောက္ခကြီးကို ပစ်ထားခဲ့ပြီး ကမ်းစပ်ကို ကိုယ်လွတ် ကူးပြေးတော့သတဲ့။ ပါမောက္ခကြီးကတော့ ရေပြင်ကျယ်ထဲမှာ ဖလူး ဖလူး ဆိုပြီး ရေနစ်နေတော့သတဲ့။ ဟေ့ကောင်လေး  ငါ့ကို ကယ်ပါဦး၊ ငါ ရေနစ်တော့မယ်၊ ငါ မသေချင်သေးဘူးဆိုပြီး လှေသမားလေးကို အော်ဟစ်ပြီး အကူအညီ တောင်းနေသတဲ့။ အဲဒီ အခါမှာ ကမ်းပါးပေါ် ရောက်နေပြီး ဖြစ်တဲ့ လှေသမားလေးက ပါမောက္ခကြီးကို မေးခွန်းတစ်ခု လှမ်းမေးလိုက်သတဲ့။

"ဟေ့ ပါမောက္ခကြီး   Swimology ကို သိသလား"

"ငါ မသိဘူး။ ရေလဲ မကူးတတ်ဘူး။ ငါ့ကို အမြန်လာကယ်ပါ"

လှေသမားလေးကလဲ ဒီတစ်ခါ ငါ့အလှည့်ရောက်ပြီ။ ဒီလောက်စိတ်ထားပုပ်ပြီး မောက်မာလှတဲ့ ပါမောက္ခကြီး သူ့ထိုက်နဲ့ သူ့ကံ ရှိပစေတော့လို့ စဉ်းစားပြီး ဥပေက္ခာပြုလိုက်သတဲ့။

"ဟား ဟား ဟား ခင်ဗျား ဒါလေးတောင် မသိဘူး ဆိုမှတော့ ခင်ဗျားရဲ့အသက် ငါးပုံပုံရင် ငါးပုံလုံး သွားရှာပြီ။ ဘိုင့်ဘိုင် ပါမောက္ခကြီး"

အဲဒီ အာဖရိကန်လူမျိုး လူမဲလှေသမားလေးဟာ အားရပါးရရယ်မောပြီး ခုန်ပေါက်ခုန်ပေါက်နဲ့ ရွာအရောက် ပြန်ပြေးလေတော့သတဲ့။ ပါမောက္ခကြီးကတော့ မြစ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကျန်ရစ်နေခဲ့ပြီး နောက်ဆုံးတော့ ရေနစ်သေဆုံးသွားပါတော့သတဲ့။

ပုံပြင်လေးက ဒါပါဘဲ။
.......

အကယ်၍ သင်သည်လည်း ပညာတတ်ယောင်ယောင် အာဏာရှင်ယောင်ယောင် စွာကျယ်စွာကျယ်နဲ့ ဆရာလုပ်လေ့ရှိတဲ့ လူကြီးတစ်ယောက်နဲ့ လှေလှော်ပြီး ရေလမ်းခရီးအတူသွားကြတယ်ဆိုပါစို့။ ထို လူကြီးက သင့်ကို မေးကောင်း မေးပါလိမ့်မယ်။

"ဟေ့ ငနာလေး.. မင်း Suuology   သိလား"

"မသိပါဘူး ဆရာ"

"Seinology ကိုရော"

"အဲဒါလဲ မသိပါဘူး ဆရာ"

"Mannology ကိုရော"

"လုံးဝ မသိပါဘူး ဆရာ"

"ဒါဖြင့်  Hlaingology ကိုရော"

"နာမည်တောင် မကြားဖူးပါဘူး ဆရာ"

"(အဲဒီ လူကြီးက အထင်သေးအမြင်သေး ပြောင်လှောင်သည့် မျက်နှာထားဖြင့်) သေနာလေး....မင်း ဒီလောက် တုံးအနေမှတော့၊ စာမတတ်ပေမတတ် ဗဟုသုတနည်းလေမှတော့  မင်းရဲ့ဘ၀ ငါးပုံ လေးပုံ သေပြီးရောပေါ့"

ထိုအခိုက် လှေကြီးမှောက်သွားအံ့။ အထက်က အာဖရိကန်အမဲ လှေသမားလေး ထုံးကို နှလုံးမူကာ  ခင်ဗျား  ကိုတော့ ကောင်းကောင်း သိလောက်ပါတယ် နော့ ဆိုပြီး  ဥပေက္ခာပြုသင့်ရင် ပြုလိုက်ပါတော့လေ။ သူတို့ တတ်ထားတဲ့ ပညာက သူတို့ကို ပြန်သတ်ပစ်လိုက်ပါစေ။ ဒီလောက် မေတ္တာ ကရုဏာ နည်းပါးပြီး မာနတွေ ထောင်လွှားနေကြရင် သူတို့နဲ့က အဲဒါဘဲ ထိုက်တန်တယ် မဟုတ်လား။
.......
သူကြီးလဲ ရွာပြန်ရောက်ရင် ရွာသူ ရွာသားတွေကို မသင်မနေရ  Swimology ကို သင်ယူခိုင်းရမယ်။ ပြီးတော့ သူကြီးတပိုင်ဒေသတွေရဲ့ တန်းကျောင်းတွေမှာ မသင်မနေရဆိုပြီး  Swimology ကို သင်ကြားပေးဖို့ အဆိုတင်သွင်းမယ်။ နိုင်ငံတော်ကြီးကပါ လိုက်ပါလာရင် သိပ်ကောင်းပေါ့ဗျာ။ စိတ်ကူးယဉ်တာ ပြောပါတယ်။  ဒါမှ အခုလို ရေဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘ၀ရဲ့ ငါးပုံ တစ်ပုံဘဲ ကျန်နေတဲ့ အသက်ကလေးကို ကိုယ့်ဘာသာကိုယ် ကယ်တင်နိုင်မှာ မဟုတ်ပါလား။ အတ္တာဟိ အတ္တနော နာထော လို့ ဆိုထားသကိုး။

အမှန်က  မြန်မာနိုင်ငံသားတွေအနေနဲ့က ဘေးဒုက္ခတွေ များပြားလွန်းလှတဲ့အတွက် Swimology ထက်   Escapology ကို တတ်သိနားလည်ထားရင်တော့ အကောင်းဆုံးပေါ့ဗျာ။

သူကြီးအမြင်သက်သက်ပါ။

.