ဝါသနာမပါခဲ့တဲ့ ၀ါသနာအကြောင်းလေးတွေ ထပ်ပြောပြရဦးမယ်။ ကျနော်တို့ ရွာဦးကျောင်းဆရာတော်က ဗေဒင်ဟောတတ်တယ်။ လက္ခဏာလဲကြည့်တတ်တယ်။ ရွာထဲမှာ ပြောကြတာကတော့ ဆရာတော်ဟောတဲ့ ဗေဒင်တွေဟာ အရမ်းမှန်တယ်တဲ့။ ကွက်တိတွေချည်းဘဲတဲ့။ ကျွဲပျောက် နွားပျောက်ကစလို့ စီးပွါးရေးအထိ ဆရာတော်ဟောတတ်တယ်။ ယတြာတို့ ဓါတ်ရိုက်ဓါတ်ဆင်တို့ ဇာတာဖွဲ့တာတို့ အားလုံးဆရာတော်ကျွမ်းကျင်တယ်လို့ ကျနော်တို့နယ်ဘက်မှာ နာမည်ကြီးနေတယ်။ဒါနဲ့ ကျနော်လဲ အားကျပြီး ဗေဒင်စာအုပ် လက္ခဏာစာအုပ်တွေ ၀ယ်ဖတ်တာပေါ့ဗျာ။
ဗေဒင်အစ မဟာဘုတ်က ဆိုတဲ့အတိုင်း မဟာဘုတ်တိုင်ထူနည်းကစပြီး လေ့လာရပါတယ်။ မရှင်းတာရှိရင် သိတဲ့လူ တတ်တဲ့လူဆီချဉ်းကပ်ပြီး မေးမြန်းရတာပေါ့။ ဆရာတော့်ကိုတော့ မမေးရဲပါဘူး။ ဆရာတော်က ကျနော်တို့ကို လက္ခဏာ ဗေဒင်တွေဘက် စိတ်မ၀င်စားစေချင်ဘူး။ ပညာရေးသက်သက်ကိုသာ ဇောက်ချလုပ်စေချင်တာ။ သူ့ရဲ့  စေတနာပေါ့လေ။
ဗေဒင်လက္ခဏာကို တိုးတိုးတိတ်တိတ်ဘဲ ကျနော်လေ့လာဖြစ်ပါတယ်။ ၀ါသနာပါနေခိုက်မို့ ဖတ်သမျှမှတ်မိတာများတယ်။ အခြေခံလေးတွေပေါ့လေ။ ဗေဒင်ဘက်ဆိုရင် မဟာဘုတ်တိုင် ကသစ်ဂြိုဟ်တည်ပုံ ဥစ်ဂြိုဟ်တည်ပုံ အိမ်ထောင်ဖက် အိမ်ထောင်ရန်ဖက် မိတ်ဖက် ရန်ဖက် ဓါတ်ဖက် ဓါတ်ရန်ဖက်စတဲ့ အခြေခံလေးတွေကို ကျနော်သိသွားတယ်။ လက္ခဏာဖက်ဆိုပြန်ရင်လဲ ကမ္မလေခ အာယုလေခ ဇေယျလေခ ဥာဏလေခ ဟဒယလေခ နိယောဂလမ်းကြောင်း လက်ဗွေပုံစံ လက်ဖ၀ါး အကြမ်းအနု ဂမ္ဘီရကြက်ခြေခတ်စတဲ့ အပေါ့စားလက္ခဏာကြည့်နည်းလေးတွေကို သိလာတယ်။
ဒါဆို ငါဗေဒင်လက္ခဏာတတ်ပြီပေါ့လေ။ စိတ်ကြီးဝင်မိခဲ့သေးတယ်။ ကျွဲခြေရာခွက်ထဲက ဖားသူငယ်လိုပေါ့။ ပင်လယ်ကို မမြင်ဘူးတော့ မူး(ချောင်းလေး)ကို မြစ်လို့ ထင်တော့တာပေါ့လေ။ အချင်းချင်းတွေကို ဗေဒင်ဟောပေးတယ်။ လက္ခဏာကြည့်ပေးတယ်။ အဟောခံ အကြည့်ခံတဲ့သူတွေကိုတောင် ကြံဖန်ကျေးဇူးတင်ရသေးတယ်။ ကျနော်အရူးထတာကို ကူညီဖေးမပေးလို့။
လေ့လာလေလေ ခက်ခဲလာလေမှန်းသိလာတော့ ကျနော် စိတ်ပျက်လာတယ်။ ဒီကြားထဲ သမာဓိထူထောင်ဖို့ တရားရှုမှတ်ရမယ်ဆိုတဲ့ အပိုင်းတွေပါ ဗေဒင်ထဲပါဝင်နေတော့... ဟဲ ဟဲ ကျနော်က ပျင်းတယ်လေ။ အချိန်မရှိသလိုလို အလုပ်များသလိုလို ကိုယ့်ဟာကိုယ် အကြောင်းပြပြီး တရားမထိုင်ဖြစ်ပါဘူး။ ဒါနဲ့ဘဲ ဗေဒင် လက္ခဏာဖက်ကို စိတ်လျော့လျော့လာလိုက်တာ အခုဆို ဗေဒင်လက္ခဏာနဲ့ပတ်သက်လို့ ဘာဆိုဘာမှ မသိတော့ပါဘူး။
"မဟာဘုတ်တိုင်လေးထူပေးစမ်းပါ"လို့ တစ်ယောက်ယောက်ကပြောလာရင်
"တိုင်ထူဖို့ အလုပ်သမား အများကြီးလိုမယ်"လို့ ကျနော်ဖြေဖြစ်လိမ့်မယ်။ ပြီးတော့ ဗေဒင်ဆိုတဲ့ စကားလုံးကို မြင်ရရင် ကျနော်က အဆိုတော် ဗဒင်ကိုဘဲ မြင်ယောင်နေမိတယ်။ ဗေဒင်ဟောပေးပါလို့ပြောလာရင်
"ဗေဒင်တော့မသိတော့ဘူး။ အဆိုတော်ဗဒင်ရဲ့  သိုးမည်းကြီးတွေအကြောင်း သီချင်းတော့ရတယ်။ နားထောင်မလား"လို့ ပြောရလောက်အောင် ဘာမှကို ကျနော့်ခေါင်းထဲမှာ ဗေဒင်လက္ခဏာအကြောင်း မကျန်တော့ပါဘူး။ အဲဒါ ကျနော် စွဲစွဲမြဲမြဲ ၀ါသနာမပါခဲ့လို့ပေါ့။
..........
အဲဒီလို ၀ါသနာပါလိုက် မပါလိုက်နဲ့ ဖြစ်ပျက်ခဲ့တာတွေ အများကြီးပါဘဲ။ စာဖတ်ဝါသနာပါတုန်းက တစ်နေ့ထဲ စာအုပ်တွေ အများအပြားဖတ်ခဲ့ဖူးတယ်။ ကာတွန်း ၀တ္ထုတို ၀တ္ထုရှည် ဆောင်းပါး ကဗျာ အားလုံး ကျနော်ဖတ်တယ်။ ညဖက် မအိပ်ဘဲနဲ့ကို ဖတ်တာ။ ဒါပေမဲ့လဲ နောက်ဆုံးတော့ ဒုံးရင်းပါဘဲလေ။ အခု သိပ်မဖတ်ဖြစ်တော့ပါဘူး။ စားကောင်းရုံ သောက်ကောင်းရုံလောက်ဘဲ ဖတ်တော့တယ်။
ဟဲ ဟဲ... ၀ါသနာမပါခဲ့တဲ့ ၀ါသနာအကြောင်းရေးရင်း ကြွားနေသလိုများဖြစ်သွားလားမသိဘူး။
နောက်တစ်ခုရှိသေးတယ်။ ဘာသာစကားကိစ္စလေ။ ပထမ အင်္ဂလိပ်စကားကို စိတ်ဝင်စားတယ်။ နောက် ဂျပန်စကားကို စိတ်ဝင်စားတယ်။ ပြီးတော့ အင်္ဂလိပ်စကားကို ပြန်စိတ်ဝင်းစားတယ်။ ကလေးဘ၀တုန်းက မြန်မာတီဗီကထုတ်လွင့်ပေးတဲ့ အိုရှင်းဂျပန်ဇာတ်လမ်းတွဲကိုကြည့်ရင်း ဂျပန်စကားကို စိတ်ဝင်စားခဲ့တာပါ။ အဲဒါကြောင့်လဲ သင်ယူဖြစ်တယ်ဆိုပါတော့။
"ဟဂျိမဲ့မရှိတဲ့ ၀ါတာရှိဝ ကိုကိုမောင်ဒဲ့စ်၊ ဒိုင်းဂခု နော့ ဂကုဆေးဒဲ့၊ ဒိုဇိုယောရော့ရှိကု"ဂျပန်စကားစသင်စဉ်တုန်းက ကျက်မှတ်ထားတဲ့ စကားလုံးလေးပါ။ တွေ့ရပါတာ ၀မ်းသာပါတယ်။ ဘာညာပေါ့။ တစ်နှစ်ကျော်ကျော်လောက် သင်ယူမှတ်သားထားတော့လဲ ဂျပန်စကားနဲနဲ ပြောတတ်ခဲ့ပါတယ်။ ဗမာအချင်းချင်း ဂျပန်လိုပြောကြဆိုကြတော့ အဟုတ်ပါဘဲ။ ဒါပေမဲ့ တကယ့်ဂျပန်စစ်စစ်နဲ့လဲ တွေ့ရော ဟိုင်း..ဟိုင်း.. ဆိုပြီး ခေါင်းညိတ်ရုံဘဲ တတ်တော့တယ်။ နားမလည်ဘူး။ ဖီးအရမ်းငုတ်တယ်။ ဒါနဲ့ ဂျပန်စကားကို ပစ်ထားလိုက်တာ ယနေ့အထိပါဘဲ။
ဝါတာရှိ အနတ ခိုရဲ့  ခရဲ့  ခနော့ဂျော့ ဟိုင်း အိယဲ့။ အဲဒါလေးတွေဘဲ မှတ်မိတော့တယ်။
အင်္ဂလိပ်စကားသင်တုန်းကလဲ ဒီလိုပါဘဲ။ တစ်ရက်ထဲနဲ့ မီးနင်းအလုံး ငါးဆယ်လောက် ကျက်မှတ်နိုင်တယ်။ ဆန္ဒပြင်းထန်နေတာကိုး။ သူငယ်ချင်းတွေနဲ့ အချင်းချင်းပြောတယ်။ ပါးစပ်က အမြုပ်ထွက်လောက်အောင်ကို လေ့ကျင့်ပြောဆိုခဲ့တာပါ။ အဲ.. အဲ... ဒါပေမဲ့လဲ တကယ့်နိုင်ငံခြားသားနဲ့တွေ့တော့ နားမလည်တာက ခပ်များများရယ်။
မှတ်မိသေးတယ်။ ဂျာမန်မလေးနှစ်ယောက် မန္တလေးမှာတွေ့ခဲ့ဖူးတယ်။ သူတို့က ဂျာမနီ ဟမ်းဘတ်မြို့ကတဲ့။ ကျနော်က
ဟမ်းဘတ်ကို
ဟန်ပိုလို့ အသံထွက်မိတာကစပြီး အဲဒီထဲက အမျိုးသမီးတစ်ယောက်က ကျနော့်ကို
ဟန်ပိုလို့ ခေါ်တယ်။ ကျနော်ကလဲ သူ့ကို အဲဒီလိုဘဲ
ဟန်ပိုလို့ နာမည်ပြန်ပေးတယ်။ ကြုံတုန်း စစ်ကိုင်းတောင်ကို လိုက်ပို့တာပေါ့။ စစ်ကိုင်းတောင် အတက်လမ်းမှာ
သီတဂူဇီဝိတဒါနဆေးရုံရှိတယ်လေ။ အဲဒီနားက ဖြတ်ပြီး ကျနော်တို့ စစ်ကိုင်းတောင်ကို တက်တယ်။ သူ့အင်္ဂလိပ်စကားလဲ broken ကျနော်ကလဲ brokenဆိုတော့ အတော်လေးရယ်ရတယ်။ ကျနော်က အဲဒီဇီဝိတဆေးရုံကို လက်ညိုးထိုးပြီး
Hanpo, this is monk's hospital. အဲဒီလိုပြောလိုက်တဲ့အခါမှာ သူက အံ့သြတဲ့အမူအယာနဲ့
Really, is it monkey's hospital? လို့ ပြန်မေးတယ်။
ဘုရား.. ဘုရား... မိုးကြိုးပစ်မှာ တောင်ကြောက်ရတယ်။
အင်္ဂလိပ်စကားက အခုထက်ထိဒုက္ခပေးတုန်းပါဘဲ။ ဟိုတစ်နေ့ကလဲ CD Label လိုချင်လို့ High street မှာရှိတဲ့ Currys ဆိုတဲ့ ကွန်ပျူတာဆိုင်ကို သွားဖြစ်တယ်။ အဲဒါမှာ CD Label မရောင်းဘူးတဲ့။ ဒါနဲ့ ၀န်ထမ်း အမျိုးသမီးတစ်ယောက်ကို CD Label ဘယ်မှာ ရနိုင်သလဲလို့ မေးလိုက်တယ်။ မျက်နှာချင်းဆိုင်က Ryman မှာရနိုင်ပါတယ်လို့ ပြန်ပြောတယ်။ ကျနော်က
ရိုင် ဆိုတဲ့အသံကိုဘဲ အမှတ်ထားမိလိုက်တယ်။ ခပ်တည်တည်နဲ့ အပြင်ထွက်လာတော့ မျက်နှာချင်းမှာ
Primark ဆိုတဲ့ ဆိုင်ကို တွေ့လိုက်တယ်။ ဒီဆိုင်ကိုဘဲ ညွန်းတာနေမှာပါဆိုပြီး အဲဒီဆိုင်ထဲကိုဘဲ ၀င်ရောက်ပြီး CD Lebal ရှာတာပေါ့လေ။ ဆိုင်ကြီးက အကြီးကြီးဘဲ။ တစ်ဧကသာသာလောက်ရှိမယ်ထင်တယ်။ အပေါ်ထပ်အောက်ထပ်ရှိတယ်။ ဓါတ်လှေကား စက်လှေခါးတွေတပ်ဆင်ထားတယ်။
တစ်နေရာမှာမှ CD Label ကို မတွေ့ပါဘူး။ ဘယ်တွေ့မလဲ Primark ဆိုတာ အ၀တ်အစားတွေဘဲ ရောင်းတာကိုး။
ဒီမိန်းမ နေရာအမှားညွန်းခဲ့တယ်ဆိုပြီး အပြစ်တောင်တင်မိခဲ့သေးတယ်။ ဒါနဲ့ဘဲ အဲဒီဆိုင်ထဲက ထွက်လာခဲ့တယ်။ အဲဒီဆိုင်နဲ့ တစ်ဆိုင်ကျော်ဘေးချင်းယှဉ်ရက်မှာ Ryman ဆိုတဲ့ဆိုင်ကိုတွေ့မှ
အော်.. ဒီဆိုင်ကို ညွန်းခဲ့တာကိုးလို့ သဘောပေါက်လိုက်တယ်။ အဲဒီ Ryman မှာဘဲ CD Label ရခဲ့ပါတယ်။
အဲဒီလို... အဲဒီလိုပေါ့လေ။ အင်္ဂလန်နိုင်ငံမှာနေပြီး အင်္ဂလိပ်စကားကို အရမ်းဝါသနာမပါလေတော့ Four skills လုံး ခပ်ညံ့ညံ့ရယ်။ အမှားပေါင်းတစ်ထောင် တွေ့ကြုံနေရတော့တာပါဘဲ။
................
ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ခဲ့တဲ့အတွက် ဟိုဟာနဲနဲ ဒီဟာနဲနဲတော့ သိပါတယ်။ ကြားဖူးတာတော့များတယ်။ ဒါပေမဲ့ ဘာကိုမှ ကျွမ်းကျင်စွာမတတ်ပါဘူး။ ဒါကြောင့်မို့ ရှေးပညာရှင်ကြီးတွေက ဆိုရိုးစကားတစ်ခု ထားခဲ့ဟန်တူပါရဲ့ ။
"စုံရင် မတတ်ဘူး။ တတ်ရင် မစုံဘူး" တဲ့
ကိုမင်းထက်ရဲ့  ဘဲဥပမာလိုပေါ့လေ။ ရေကူးတတ်တယ်။ ဒါပေမဲ့ ငါးတွေလောက် ရေကူးမကျွမ်းကျင်ဘူး။
ပျံတတ်တယ်။ ဒါပေမဲ့ ငှက်တွေလောက် အပျံမကျွမ်းကျင်ဘူး။ ပြေးတတ်တယ်။ ဒါပေမဲ့ သမင်တွေလောက် မပြေးနိုင်ဘူး။
.................
ကျနော်ပြောခဲ့သားဘဲ။ ကျနော် ဘာကိုမှ စွဲစွဲလန်းလန်း ၀ါသနာမပါခဲ့ပါဘူးလို့။ ဒါကြောင့်မို့လဲ ဘာမှမကျွမ်းကျင်တာပေါ့။
ဝါသနာမပါတာကို ၀ါသနာပါခဲ့မိတဲ့အတွက် နောင်တတော့ ရမိသလိုလိုရှိမိတယ်။
ဘာကိုဝါသနာပါရမလဲဆိုတာလဲ အခုထက်ထိ မစဉ်းစားတတ်သေးဘူး။
ဒါပေမဲ့.. ဘာကိုမှ စွဲစွဲမြဲမြဲမရှိခဲ့ပေမဲ့လဲ ချစ်သူလေးကို ချစ်တဲ့စိတ်ကတော့ ရာသက်ပန် စွဲစွဲတည်မြဲနေမယ်လို့ ယုံကြည်ပါတယ်။(ဟဲ ဟဲ....ဒီအပိုဒ်ကလေးကို တမင်ထည့်ထားတာ သက်ဆိုင်သူဖတ်မိရင် အမျက်တော်ရှမှာ ကြောက်လို့)။
..........
ကဲ.. ကဲ... ပန်းကဗျာရေ...
ပန်းကဗျာ Tag ပေးခဲ့တဲ့
ဝါသနာကို အရင်းခံလို့ဆိုတဲ့ ခေါင်းစဉ်လေးကို ဒီမှာဘဲ အကျဉ်းချုံးပြီး အဆုံးသတ်ပေးလိုက်ပါတယ်။ ဒီထက်ရှည်ရှည်ရေးရင် နောက်ထပ် ဘယ်သူမှ လာ မTagဘဲ နေမှာ စိုးရိမ်ရတယ်မဟုတ်လား။ ပန်းကဗျာလဲ ဒီလောက်နဲ့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်အဖြစ်ကို သင်ခန်းစာယူပြီး အားလုံးဝါသနာတစ်ခုကို အကောင်အထည်ဖော်ကာ pro ဖြစ်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
...........
ဘယ်သူ့ကိုမှ မTagဖူးသေးဘူး။ Tag ကြည့်လိုက်ဦးမယ်။
ညီလေးထင်လင်းအောင် ညီမလေး ကြယ်ဖြူစင် မဗေဒါ တို့ရေ.. ကျနော့်ကို အဲဒီ
ဝါသနာကို အရင်းခံလို့ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပို့စ်တစ်ခုစီလောက် ရေးပေးကြပါလား။ စိတ်ဝင်စားစွာ ဖတ်ချင်လို့။
...............