Friday 6 March 2009

မန္တလေးပြန် အောင်မိုး (၂၀) ဇာတ်သိမ်းပိုင်း

သူ့မှတ်စုစာအုပ်ကလေးထဲမှာ စိတ်ဝင်စားစရာ စာပိုဒ်ခပ်ရှည်ရှည်တစ်ပုဒ်ကို ကျနော်တို့ ဖတ်လိုက်ကြရတယ်။
ခပ်နွမ်းနွမ်းမှတ်စုစာအုပ်ထဲ ဖောင်တိန်မှင်နဲ့ ရေးထားတဲ့အတွက် မှင်တွေ ပျံ့ နေပေမဲ့လဲ စကားလုံးတွေကို ကောင်းမွန်စွာ ဖတ်ရှုလို့ရနိုင်ပါတယ်။ သူ့ရဲ့  မှတ်စုစာသားအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

"ကျွန်ုပ်သည် အောင်မိုးလေး သေဆုံးချိန်ကစပြီး စိတ်ဂယောက်ချောက်ခြားဖြစ်ခဲ့ရပါသည်။ အိပ်ပျက်ညတွေလည်း ရေတွက်လို့ မကုန်နိုင်တော့ပါ။ နေ့စဉ်လုပ်နေကျ သမထ ၀ိပဿနာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ပါသော်လည်း စိတ်အရမ်းပျံ့ လွင့်နေ၍ သမာဓိထူထောင်ဖို့ ခက်ခဲခဲ့ပါသည်။ ပျံ့ လွင့်မှု ဥဒ္ဓစ္စကို စုစည်းမှုသမာဓိ စောင့်ကြည့်မှုသတိချွန်းတို့နှင့် အုပ်ဖို့အခါခါကြိုးစားခဲ့ပါသည်။ သို့သော် အားထုတ်မှုမှန်သမျှ အချည်းနှီးသာတည်း။

တစ်သွင်သွင်စီးဆင်းနေသော မြစ်ရေအလျဉ်ကို ဆည်ကန်သင်းပြုလုပ်ပြီး ဟန့်ထားထားသကဲ့သို့ ကျွန်ုပ်တစ်စိုက်မတ်မတ် ကျင့်ကြံအားထုတ်ခဲ့သော သမထ ၀ိပဿနာတရားရေအလျဉ်ကို အောင်မိုးလေးအပေါ်ထားရှိနေတဲ့ သံယောဇဉ်တွေကြောင့် သောကပရိဒေ၀မီးတွေနှိပ်စက်ပြီး စိတ်ပျံ့ လွင့်မှု ဥဒ္ဓစ္စဆည်ကန်သင်းနှင့် ပိတ်ပင်ရပ်တန့်စေသကဲ့သို့ ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် လက်ရှိ သမထ ၀ိပဿနာအလုပ်ကို ရပ်နားလိုက်ပြီး ကြားဖူးနားဝရှိခဲ့သော အဂ္ဂိရတ်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ကြည့်ခဲ့ပါသည်။ အဂ္ဂိရတ်ထိုးခြင်းဖြင့် စိတ်တည်ငြိမ်မှုရရှိအောင်ကြိုးစားခဲ့ပါသည်။ ဗဟုသုတအနေနဲ့ ရွှေဖြစ်ငွေဖြစ်ဖိုထိုးခြင်းကိုလည်း အဂ္ဂိရတ်ပညာဆိုင်ရာ တဘောင်စနည်း နည်းနာ နိဿယများအတိုင်း စာအုပ်ဖတ်ပြီး အစမ်းသဘော လုပ်ကြည့်ခဲ့ပါသည်။ စိတ်တည်ကြည်မှု အထိုက်အလျောက်ရှိခဲ့ပေမဲ့ အဂ္ဂိရတ်ထိုးခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေမယ်ဆိုတာကို သဘောပေါက်လာပါသည်။

ထွက်ရပ်ပေါက်နောက်လိုက်ရင်း နိဗ္ဗာန်ကို ဖြတ်လမ်းကလိုက်ဖို့ဆိုတာ တကယ်မဖြစ်နိုင်မှန်းသိလာပါသည်။ ၀ိပဿနာမပါဘဲ နိဗ္ဗာန်ကို ဖြတ်လမ်းက လိုက်ခဲ့တဲ့ ရဟန္တာအရှင်သူမြတ် တစ်ပါးမှ မပေါ်ပေါက်ခဲ့ဖူးပါ။ ဒါပေမဲ့
ကျွန်ုပ်ပြုလုပ်နေသောအလုပ်သည် အဓိပ္ပါယ်မရှိသည့်အလုပ်ဖြစ်ကြောင်း လူတွေသိရင် ပိုရှုပ်ကုန်မည်စိုးသောကြောင့် အဂ္ဂိရတ် ထွက်ရပ်ပေါက်အပေါ် တကယ်ယုံကြည်သည့်ဟန်ဖြင့် ကျွန်ုပ် သရုပ်ဆောင်ကာ တစ်စိုက်မတ်မတ်ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံး ကျွန်ုပ်သဘောပေါက်လိုက်သည်မှာ "ထွက်ရပ်ပေါက်နောက် လိုက်နေမည့်အစား နောက်ထွက်ရပ်ပေါက်တစ်မျိုးဖြစ်သည့် လူထွက်လိုက်ခြင်းက ပိုကောင်းမည်။ လူထွက်ပြီး အိမ်ထောင်သားမွေးရင် အောင်မိုးကိုယ်စားလေး ရလာကောင်းရလာနိုင်သည်။ အောင်မိုးကိုယ်စား သားသမီးလေး ရလာရင် အောင်မိုးလေးကို မေ့ပျောက်သွားနိုင်မည်။ အောင်မိုးလေးကို မေ့နိုင်လျှင် ကျွန်ုပ်၏ သမထ ၀ိပဿနာတရားအလုပ်ကို ပြန်လုပ်နိုင်မည်" ဟူ၍ဖြစ်သည်။

ထို့ကြောင့် ရှေ့ မျက်နှာနောက်ထားပြီး အိမ်ထောင်သားမွေးအလုပ်ကို ကျွန်ုပ်စတင်လိုက်ပါသည်။ ကျွန်ုပ်ကံကောင်းပါသည်။ ကျွန်ုပ်၏ ပထမဆုံးမွေးလာသော ကလေးသည် ယောက်ျားလေးဖြစ်သည်။
ထိုသားဦးလေးကို အောင်မိုး ဟူ၍ ကျွန်ုပ် အမည်နာမ တပ်ပေးခဲ့ပါသည်။ ကျွန်ုပ်၏ရည်မှန်းချက်ပြည့်သွားလေပြီတည်း။

ကလေးရပြီးနောက် စိတ်ကို လျော့ချလိုက်မိပါသည်။ အောင်မိုးကိုယ်စား ရရှိလာသည့်ကလေးကို ကျွန်ုပ် အလွန်ချစ်မြတ်နိုးခဲ့ပါသည်။ ထို့ကြောင့် အောင်မိုးလေးကို တဒင်္ဂတစ်ခဏအားဖြင့် မေ့ပျောက်၍ စိတ်ရွှင်လန်းမှုကို ရရှိခဲ့ပါသည်။ ထို့ကြောင့်လည်း အချိန်ရသရွေ့  တရားဘာဝနာကို တစ်နိုင်တစ်ပိုင် ကြိုးစားအားထုတ်ခဲ့ပါသည်။

သားအရင်း အောင်မိုးကို မန္တလေးဘုရားဖူးသွားပို့ချင်စိတ် ဖြစ်ပေါ်နေတာကြာပါပြီ။ ဘုရားဖူးပို့ရတာကလဲ အကြောင်းရှိပါသည်။ ဘုရားဖူးရင်း မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်ထဲသွားပြီး သားလေးနှင့်ချစ်ဇနီးတို့ကို အောင်မိုးလေးရဲ့  နေရာဟောင်းလေးကို ပြသချင်၍ဖြစ်သည်။

ကံတရားကို အရမ်းကျေးဇူးတင်ပါသည်။ သားအောင်မိုးလေး သုံးနှစ်သားအရွယ်မှာ ကျွန်ုပ်၏လိုအင်တွေကို ကံတရားက ဖြည့်ဆည်းပေးခဲ့လို့ ဖြစ်သည်။ နေမကောင်းဖြစ်ခဲ့ပေမဲ့ မန္တလေး မုံရွာ စစ်ကိုင်း မင်းကွန်း အင်းဝ တောင်တမံ မေမြို့အနှံ့ ဘုရားဖူးခွင့်ရခဲ့သည်။ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲ မိသားစုလည်ပတ်ခဲ့ရသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။

မန္တလေးက ပြန်ရောက်တဲ့အချိန်က စပြီး ကျွန်ုပ်၏ဆန္ဒလုံးဝ ပြည့်ဝသွားခဲ့လေပြီ။ အောင်မိုးလေးကိုယ်စား သားအရင်း အောင်မိုးလေးကို ရရှိခဲ့ပြီးပြီ။ သားအရင်းအောင်မိုးလေးကိုလဲ မန္တလေးဘုရားဖူးလိုက်ပို့ခဲ့ပြီးပြီ။
မန္တလေးကပြန်ရောက်လာသော သားအရင်းအောင်မိုးလေးကိုလဲ ကျွန်ုပ်ကိုယ်တိုင် ဂုဏ်ထူးဘွဲ့ထူးတစ်ခုပေးလိုက်ပြီးပြီ။
မန္တလေးပြန်အောင်မိုး ဟူ၍။

ထို့ကြောင့် ဤလူ့ဘောင်၌ ကျွန်ုပ် အိမ်ထောင်သွားမွေးအလုပ်ကို လုပ်ချင်စိတ်မရှိတော့ပြီ။ အမှန်ဝန်ခံရရင် သာသနာဘောင်သို့ ပြန်တက်ရောက်ပြီး တရားဘာဝနာအလုပ်ကို လုပ်ချင်ခဲ့ပါသည်။ သို့သော်ငြားလည်း သားမယားကျင့်ဝတ်ကို လိုက်နာသည့်အနေဖြင့် ကျွန်ုပ်ကိုယ်လွတ်မရုန်းထွက်နိုင်ခဲ့ပါ။

စိတ်ကို ဒုံးဒုံးချလိုက်သည့်အတွက်ကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ဖောက်ပြန်လာသည်။ ဒီတောင်ကို မကျော်နိုင်တော့ဘူးဆိုတာ ကျွန်ုပ်သဘောပေါက်လာသည်။ ဒါပေမဲ့ ကျွန်ုပ်ပျော်ရွှင်နေခဲ့သည်။ ကျွန်ုပ်၏တာဝန်အားလုံး ကျေခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။ အောင်မိုးလေးရဲ့ တာဝန်၊ မိသားစုတာဝန်၊ ကျွန်ုပ်၏ဆန္ဒအားလုံး ပြည့်စုံခဲ့ပြီဖြစ်သောကြောင့် ကျွန်ုပ် သေမည့်နေ့ကို စောင့်မျှော်နေမိခဲ့သည်။

ကျွန်ုပ်၏ တစ်သက်တာမှာ........"



ကျွန်ုပ်၏ တစ်သက်တာမှာဆိုပြီး စာပိုဒ်က အဆုံးမရှိဘဲ ရပ်တန့်သွားတယ်။
သူရေးထားခဲ့တဲ့စာပိုဒ်ကလေးဟာ ပြီးဆုံးဟန်မရှိသေးပါဘူး။ ဒါပေမဲ့ ပြီးဆုံးသွားလေပြီ။ သူဆက်လို့ မရေးနိုင်တော့ပါဘူး။ စာပိုဒ်မပြီးဆုံးခင် သူသေဆုံးသွားလေပြီ။ ဘာတွေ ဆက်လက်ပြီး ရေးသားထားခဲ့ချင်သလဲဆိုတာကိုတော့ ကျနော်လဲ မစဉ်းစားတတ်တော့ပါဘူး။
မိတ်ဆွေများ ဖြစ်နိုင်ရင် စဉ်းစားပေးကြပါလား။

ကျနော်ကတော့
မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကိုလဲ ဒီမှာတင် ရပ်တန့်မှ ဖြစ်တော့မယ်။ စာဖတ်တဲ့သူတစ်ချို့ က ၀ိုင်းဆဲနေကြပြီ။ ပေရှည်လွန်းလို့တဲ့။ လူပုသလောက် အတော်ရစ်ပြီး လေကိုရှည်လွန်းတယ်တဲ့။ တကယ်ဆို ကျနော်က သူတို့ပြောသလို လူပု(ဂျပုစုပ်ကလေး) မဟုတ်ရပါဘူးဗျာ။ အရပ်ကို တိုင်းကြည့်လိုက်တော့ ၅ ပေ ၆လက်မ ပြည့်လုလုရယ်ပါ။ ပေါင်ချိန်ကြည့်လိုက်တော့လဲ ၁၃၂ ပေါင်ကြီးတောင် ရှိတယ်လေဗျာ။

ဘာဘဲဖြစ်ဖြစ်လေ ကျနော်လဲ ဒီ မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကို ရပ်တန့်ဖို့ သင့်ပါပြီ။ မြန်မာနိုင်ငံမှာ မီးပျက်တဲ့ကြားထဲ ကိုရီးယားဇာတ်လမ်းတွဲ နှိပ်စက်ခဲ့လို့ စိတ်တိုရတဲ့ အပြင် ကျနော့် ပို့စ်တ်လေးက ထပ်ဆင့် ဒုက္ခပေးသလိုဖြစ်နေပြီလေ။ ဒါကြောင့် မန္တလေးပြန်အောင်မိုး ပို့စ်တ်လေးကို ဒီနေရာမှာတင် တကယ်ရပ်လိုက်ပါပြီဗျာ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
................

အဲ...အဲ....အဲ....
ဖတ်လက်စနဲ့ ခဏတော့ သည်းခံပြီးဆုံးအောင်ဖတ်ပေးလိုက်ပါဦး။ ဦးတင်အောင်ရဲ့  မှတ်စု မဆုံးသေးတာကို ကျနော် အဆုံးသတ်ပေးချင်လို့ပါ။ သူ့စိတ်ထဲ ကျနော်ဝင်ရောက်ခံစားပြီး သူ့ကိုယ်စား သူ့စာပိုဒ်ကလေးကို အဆုံးထိ ပို့ပေးလိုက်ပါတယ်။

"ကျွန်ုပ်၏ တစ်သက်တာမှာ.... ကျွန်ုပ် အပျော်ရွှင်ဆုံးနေ့ရက်ကလေးကတော့ ကျွန်ုပ်သေဆုံးရမည့် နေ့ရက်ကလေးပင် ဖြစ်ပါတော့သည်" ဟူသတည်း။ ။

အားလုံး မင်္ဂလာပါခင်များ။ ။

No comments: