Monday 2 March 2009

မန္တလေးပြန် အောင်မိုး (၁၁)

"ဆရာတော်... တပည့်တော်တို့ အောင်မိုးကို အဆင်ပြေသလိုဘဲ စီမံလိုက်ပါတော့မယ်ဘုရား"

အဆင်ပြေသလိုတဲ့။ ဒကာတစ်ဦးက ဆရာတော်ကို လာလျောက်တဲ့စကားတစ်ခွန်းပါ။ သူ့ရဲ့ အဆင်ပြေသလိုဆိုတဲ့ စကားလုံးရဲ့  နောက်ကွယ်မှာ ဘာအဓိပ္ပါယ်တွေ ပါဝင်နေတယ်ဆိုတာ ဆရာတော် သဘောပေါက်နေတယ်။
ဆရာနှင့်ဒကာတွေကြားမှာ အသုံးပြုနေကျဖြစ်တဲ့ ၀ိနည်းလွတ်စကားတွေလေ။ ဆရာတော် ခေါင်းတစ်ချက်ညိတ်လိုက်တာနဲ့ အောင်မိုးရဲ့  ဘ၀က အဆုံးသတ်တော့မှာ သေချာတယ်။ ယောက်ျားလေးတစ်ယောက်ရဲ့  ချစ်ရေးဆိုတဲ့စကားကို ခေါင်းညိတ်မိလိုက်တဲ့ အပျိုလေးတစ်ယောက်ဟာ ဘ၀ပျက်ကောင်း ပျက်သွားနိုင်ပေမဲ့ အသက်မဆုံးရှုံးနိုင်ဘူး။ အခု ဆရာတော်အဖြစ်က ခေါင်းညိတ်သင့်မညိတ်သင့် စဉ်းစားနေရပြီ။ ခေါင်းလေးတစ်ချက် ညိတ်လိုက်မိတာနဲ့ အောင်မိုးဘ၀ အောင်မိုးအလှ အောင်မိုးရဲ့  အသက်.. အားလုံး.. အားလုံး... ပျက်စီးရတော့မှာမဟုတ်လား။

ဘုရားရှင်လက်ထက်တုန်းက ထင်ရှားခဲ့တဲ့ ဗိမ္ဗိသာရမင်းကြီးဆိုတာ လူတိုင်းကြားဖူးကြမှာပါ။ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားပြီး သောတာပန်ဖြစ်သွားခဲ့တဲ့ မင်းကြီးတစ်ပါးပါဘဲ။ သောတာပန်ဖြစ်သွားပြီဆိုတော့ ငါးပါးသီလ လုံးဝမြဲသွားပြီလေ။ ဒါပေမဲ့ သူက မင်းကြီး။
မင်းကြီးဆိုတော့ တိုင်းသူပြည်သားတွေရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်။ တစ်နေ့တော့ နယ်စပ်ဒေသမှာ ဂျွန်းသူပုန်တွေထနေကြတယ်။ မှူးမတ်တွေက အရှင်မင်းကြီး.. နယ်စပ်ဒေသမှာ ဂျွန်းသူပုန်တွေ ထကြွသောင်းကျန်းနေပါတယ်ဘုရား လို့ လျောက်တင်ကြတယ်။

မင်းကြီးအနေနဲ့ ဘယ်လိုအဖြေမျိုးပေးရမလဲ။ သူက သောတာပန်ဆိုတော့.... သွားရောက်တိုက်ခိုက်ချေမှုန်းကြ ဆိုပြီး အမိန့်ပေးမိရင် သူ့တစ်ပါးအသက်ကို သတ်ခိုင်းသလိုဖြစ်နေမှာပေါ့။ သောတာပန်တည်ပြီးသားသူတွေဟာ သူတစ်ပါးအသက်ကို သတ်လဲ မသတ်တော့ဘူး၊ အသတ်လဲ မခိုင်းတော့ပါဘူး။ ဒါပေမဲ့ သူက မင်းကြီးရာထူးကို ယူထားတယ်ဆိုတော့ မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို စောင့်ရှောက်ရမဲ့တာဝန်ရှိတယ်လေ။ တိုင်းသူပြည်သားတွေ သူပုန်ရန်ကို ကြောက်လန့်နေခိုက်မှာ သူတို့ကို ဥပေက္ခာပြုထားရင် မင်းကျင့်တရားပျက်ကွက်မှာပေါ့။

ဒီတော့ မင်းကြီးက ဒီလိုလေးဘဲ ပြောလိုက်တယ်။
မောင်မင်းတို့... နယ်စပ်ဒေသမှာ... ပူလောင်နေတယ်လို့ကြားတယ်။ အေးချမ်းမှုရအောင်စွမ်းဆောင်ကြပါလေ တဲ့။

အခု ဆရာတော်အနေနဲ့ကော ဘယ်လိုစကားမျိုးကို ပြောရမလဲ။ ရွာသူရွာသား ကျောင်းသားကိုရင်တွေ အေးချမ်းစွာ နေရအောင် စွမ်းဆောင်ကြပါ လို့ဘဲ ပြောလိုက်ရမလား။ ဆရာတော် ဘယ်လိုဆုံးဖြတ်ရမလဲ။ ဆရာတော်စကားတစ်လုံးထွက်လိုက်ရင် တစ်ဖက်ဖက်ကတော့ နစ်နာတော့မှာသေချာတယ်။ အောင်မိုးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါ လို့ ပြောလိုက်ရင် ရွာသူရွာသားတွေ အောင်မိုးရန်ကို ကြောက်လန့်ပြီး အေးအေးချမ်းချမ်းနေကြရမှာမဟုတ်ဘူး။ ဆရာတော့်ကို ယုံကြည်အားကိုးလို့ ရွာသူရွာသားတွေက ပင့်ဆောင်ကိုးကွယ်ထားကြတာဆိုတော့လဲ ရွာသူရွာသားတွေရဲ့  ဆန္ဒကို ပစ်ပယ်ထားလို့မကောင်း။ ရွာသူရွာသားတွေစိတ်ချမ်းသာဖို့က အဓိကပါ၊ အောင်မိုးကတော့ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ လို့ အမိန့်ရှိလိုက်ပြန်ရင်လဲ အောင်မိုးကတော့ သွားပြီ။

ဆရာတော်ရဲ့  စကားတစ်ခွန်းအပေါ်မူတည်ပြီး တစ်ဖက်ဖက်ကတော့ သေချာပေါက် ဒုက္ခရောက်တော့မှာ သေချာတယ်။ အသောကမင်းကြီးလက်ထက်တုန်းကလဲ မင်းကြီးကိုယ်တိုင်ရဲ့  စကားတစ်ခွန်းကြောင့် ရဟန်းသံဃာများစွာ အသတ်ခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်လေ။ ရဟန်းစစ် ရဟန်းတုတွေ ရောနှောနေတဲ့ ကာလဆိုးကြီးဆိုတော့လဲ ဘယ်ရဟန်းက ရဟန်းအစစ် ဘယ်ရဟန်းက ရဟန်းအတုဆိုတာ ခွဲခြားလို့ မရနိုင်ဘူး။
ဒါကြောင့်မို့ ရဟန်းအစစ်တွေက ရဟန်းတုတွေ ရောနှောတဲ့အတွက် အတူတူဥပုသ်ပြုကံဆောင်တဲ့ အလုပ်ကို မလုပ်ကြတော့ဘူး။

ဒီသတင်းစကားကို မင်းကြီးကြားသိတဲ့သွားတဲ့အခါ မှူးမတ်တွေကို ခေါ်ပြီး မောင်မင်းများ... ရဟန်းတွေဥပုသ်ကံကို အတူမဆောင်ကြဘူးလို့သိရတယ်။ ဥပုသ်မပြုတဲ့ သံဃာတွေကို ဥပုသ်ပြုအောင် စွမ်းဆောင်ကြပါလေ လို့ အမိန့်ရှိလိုက်တယ်။ ရဟန်းတု ရဟန်းစစ်ကို မင်းကြီးကလဲ မခွဲခြားတတ်ဘူးလေ။ ညီညီညွတ်ညွတ် ဥပုသ်ကံပြုနေတာကို ကြားချင်မြင်ချင်တာဘဲ မင်းကြီး သိတယ်။
မင်းကြီးရဲ့  စကားကို အကျအနအကောက်မှားပြီး မှူးမတ်တွေက ဥပုသ်အတူမပြုကြတဲ့ ရဟန်းစစ်တွေကို သတ်ဖြတ်ပစ်လိုက်ကြတယ်။ ရဟန်းအစစ်အတော်များများ အသတ်ဖြတ်ခံလိုက်ကြတယ်။

တကယ့်အရေးဆိုရင် စကားတစ်လုံးက တကယ်ထိရောက်သွားတတ်ပါတယ်။
အခု.. ရွာထဲက ဒကာတစ်ဦးက ဆရာတော်ကို လာလျောက်ပြီ။ အဆင်ပြေသလို စီမံလိုက်တော့မယ်တဲ့။
ဆရာတော်ဘယ်လို ဆုံးဖြတ်ရပါ့မလဲ။ အေး... အေး... ကြိုက်သလိုသာ လုပ်ပါကွာ လို့ ပြောလိုက်ရင် အောင်မိုးအတွက် မနက်ဖန်ဆိုတာ မရှိတော့။ ဆရာတော် ခေါင်းညိတ်ရမှာလား ခေါင်းရမ်းရမှာလား။
အခက်ကြီး ခက်ချေပြီ။


(အပိုင်း ၁၂ ဆက်ဖတ်ပါ)

No comments: