Sunday 25 January 2009

ဝါ၀ါမြင်တိုင်း

ပိတောက်ကလဲ ၀ါ
ငုကလဲ ၀ါ
ရွှေကလဲ ၀ါ
လိမ္မော်ကလဲ ၀ါ။

ဝါ၀ါမြင်တိုင်း မင်းလေးကို တမ်းတ
ဝါ၀ါတွေ့တိုင်း မင်းလေးကို လွမ်းရ
ဝါ၀ါကြုံတိုင်း မင်းလေးကို မှန်းဆ
ငါ့ဘ၀မှာ ၀ါဝါရောဂါတွေ ဖြစ်နေပြီ။

ပန်းရောင် အစိမ်းဖျော့ရောင်
ကြက်သွေးရောင် ကြိုက်တဲ့ ကျနော်
မင်းလေးကို တွေ့ပြီးကတည်းက
အ၀ါရောင်လေးကို တမ်းတတတ်နေပြီ။

ကျောက်စိမ်း ပတ္တမြား စိန်
နီလာ ပုလဲ
အသဲစွဲအောင် ချစ်တတ်တဲ့ကျနော်
မင်းလေးကို မြင်ပြီးကတည်းက
ရွှေရတနာလေးကို မြတ်နိုးတတ်လာပြီ။

စိမ်းလန်း ဥယျာဉ်
မြက်ခင်းပြင်
သစ်ပင် သစ်ရွက် တောအုပ် တောင်တန်း
အစိမ်းရောင်လွမ်းနေတာကို
အမြဲတမ်း ကြည်နူးတတ်တဲ့ ကျနော်
မင်းလေးနှင့်ဆုံပြီးကတည်းက
ရော်ရင့်ရွက်ဝါလေးတွေကို ချစ်တတ်နေပြီ။

ကပုချီနို အက်စ်ပရက်ဆို
နက်စ် အိုဗာတင်း ဟောလစ်
တောဖြစ် လဘက်ရည် ချို ဆိမ့်
ကျဆိမ့် ချိုပေါ့ ပေါ့ဆိမ့်
သိမ့်သိမ့်တုန်အောင် ကြိုက်ခဲ့တဲ့ ကျနော်
မင်းလေးရဲ့  အင်အားတွေကြောင့်
ထင်ရှားစွာ (ခပ်ဝါ၀ါ)ရေနွေးကြမ်းကို ကြိုက်ခဲ့လေပြီ။

အကြိုက်တွေ ဟောင်းပေမဲ့လဲ
အသိုက်ကိုတော့ (ဘယ်တော့မှ) မပြောင်းပါဘူး
(မင်းလေးကသာ ချစ်မယ်ဆိုရင်)
နောင်ဘ၀ထိ လိုက်ပေါင်းမဲ့သူပါ။





2 comments:

Anonymous said...

အမဲရောင်တံဆိပ် ဂျော်နီလမ်းလျှောက် ဝီစကီ ရဲ့ အရောင်ကလဲ ဝါဝါလေးနော်.... အဲဒါလဲ ကြိုက်တယ်ဟုတ်..

ဘွားဘွားမေ said...

ဆနွင်းမှုန့်ကလဲ ၀ါ
ကန်စွန်းဥကလဲ ၀ါ
ပျားရည်ချိုလဲ ၀ါ
တအားတွေယိုလဲ ၀ါ

ဝါ၀ါမြင်တိုင်း ဗိုက်တွေဆာ
ဝါ၀ါမြင်တိုင်း ဗိုက်တွေနာ
ငါ့မှာ ၀ါဝါတန်ခိုးနဲ့ ချုံတိုးခဲ့ရ ခဏခဏ။

အမဲ ရောင် အညိုပုတ်
အဟုတ်ကိုကြိုက်တဲ့ ငါ
အင်အင်းပါခါနီးတိုင်း
အ၀ါရောင်လေးကို တမ်းတတတ်နေပြီ။

ကျောက်ခဲ သလဲ
ဖန်ပုလင်းကွဲ
အသဲစွဲအောင် ချစ်တတ်တဲ့ ငါ
ဗိုက်နာတဲ့အခါတိုင်း
အ၀ါရောင်လေးတွေ
ပါ-ချလိုက်ရမှာ နှမြောမိလာပြီ။

တောင်ကတုံး
ဖုန်းဆိုးတော
အညိုရောင်နှောနေတာကို
သဘောကျတတ်တဲ့ ကျနော်
တောင်ထိပ်ပေါ်က
နွားချေးခြောက်ဝါ၀ါလေးတွေကို ချစ်တတ်နေပြီ။

တောအရက် ချက်အရက်
ရာဘာဖိနပ်ပြတ်တွေနဲ့ စီမံ
အသားကုန်နှံခဲ့တဲ့ ကျနော်
ခုတော့
အမြှုပ်တစီစီဝေတဲ့
အဝေရာ အ၀ါရေ
ဘီယာတွေကိုမှ ကြိုက်ခဲ့လေပြီ။

အကြိုက်တွေဟောင်းသွားပေမဲ့
သူတောင်းစားကိုမပေးပစ်ပါဘူး။
မင်းလေးကသာ ညှစ်မယ်ဆိုရင်
ဖြစ်ချင်ရာဖြစ်
နောင်ဘ၀ထိ ပါပစ်မယ့်သူပါ။