Friday 2 January 2009

စွယ်တော်ချစ်သူသို့


ဘက်အညီလမ်းမှာလ
အရွက်စီစီ စွယ်တော်ပင်တန်းတို့
စိမ်းညှို့ ယှက်နွယ်။

လေအနှင် ဒီမြေစခန်းကို
ခြေဦးတည် မြန်းမိလေတိုင်း
သည်ရင်ခွင်နန်းမှာ
ပန်းပျိုးလက်အစုံကို
ရင်ခုန်သတိရမိတော့တယ်။

တစ်ညှာမှာ တစ်ရွက်
တစ်ရွက်မှာ နှစ်လွှာယှက်ပါလို့
ချစ်ဖက်ပြိုင် ၀ိုင်းစုသော်လည်း
နှိုင်းတုလို့ ဘယ်မမှီ။

တစ်ညှာမှာ တစ်လွှာကြွေရင်
ကျန်အလွှာတစ်ခြမ်းမှာ
တစ်ကိုယ်သာ လှမ်းရရင်ဖြင့်
လွမ်းပေါ့ကိုယ့်ရင်ဆီ။

ဒီဘ၀စခန်းဗွေမှာ
ဆွေနှစ်လွှာချစ်ရယ်က
တကယ်မေတ္တာစစ်ပေမို့
အကုသိုလ်ကြမ္မာ ခရင်တော့
ဆွေနှစ်လွှာ ညှာကကြွေလိမ့်။

အချစ်ဆန်းသက်ပိုင် ဆွေးတတ်သူကို
ဖက်မပြိုင် ဖယ်ခွါပြေးရင်ဖြင့်
ရွက်နှစ်လွှာ တောင်ပံခတ်သလို
ရွှေရင်လွှာ ဗလောင်ဆူရခြိမ့်။

စွယ်တော်မျိုးပေမို့
စွယ်တော်ပျိုးလက်အစုံကို
တကယ်နော် ခါခါတမိပါရဲ့ 
မှန်းဆရည်ရော်
စခန်းက တစ်မျှော်တစ်ခေါ်
ကျနော် ဆုတောင်းခန်းဖွင့်ရရင်ဖြင့်
စုပေါင်း တစ်နန်းတည်ဆောက်ရအောင်
မြန်းခဲ့.... ချက်ချင်းရယ်လေး။ ။

No comments: