Tuesday, 27 January 2009

ရင်ခုန်သံနှင့်အပြိုင်

မီးစိမ်းတစ်ချက်အပြမှာ
ဘ၀အစ အာဒိကမ္မိကအနေနဲ့
ဇာတိကို အထာမသိဘဲ
အသာရရှိခဲ့တယ်။

ဇရာရထာစီးပြီး
ဤခရီးနီးသလား မေးစရာမလို
ဟိုဟို ဒီဒီ မညီညာတဲ့လမ်းပေါ်
ရွက်ဖွင့်ပြီး လှော်ခတ်ခဲ့ကြတယ်။

ဗျာဓိအ၀တ်အစား ခပ်နွမ်းနွမ်းကို ၀တ်ရုံပြီး
ခပ်ကြမ်းကြမ်း ခရီးလမ်းကို
ပင်ပန်းမှု မီးခိုးတန်းတွေနဲ့
စီတန်းပြီး ချီတက်ခဲ့ကြတယ်။

ဇာတိ ဇရာ ဗျာဓိတွေကို
အရသာ ရှိရှိစားသုံးရင်း
ခရီးဆုံးကိုရောက် မရဏနောက်လိုက်ဖို့
ခရီးတစ်ထောက် ရောက်လာခဲ့ပြီ။

နားခိုရာ မရဏထီးနန်းအ၀င်ဝမှာ
စီးဖြန်းစရာ ကမ္မဋ္ဌာန်းတွေမကျင့်ခဲ့ရင်
ဘယ်လမ်းဘယ်စခန်းကို သွားရလိမ့်
တွေး တစ်သိမ့်သိမ့်တုန်ပေမဲ့
ဆွေးတစ်ငြိမ့်ငြိမ့် တဏှာဓါတ်အစုံစုံကြောင့်
ဘ၀ဇာတ်ခုံပေါ်မှာ ခုံမင်စွာ
ငါတို့.....ရင်ခုန်နေကြဆဲ။



1 comment:

Anonymous said...

ကဗျာလေးက ကောင်းတယ်ဗျ...ဒါပေမယ့် တစ်ချို့ ပါဠိတွေကျ နားမလည်ဘူးဗျ...အဲဒါလေးတော့ ခွင့်လွှတ်ပေးပါ.. လာဖတ်နေကျပါ ဒီဘလော့ကို
အားပေးလျက်