Friday 27 February 2009

မန္တလေးပြန် အောင်မိုး (၇)

အောင်မိုးကား ရွာဦးကျောင်းကို ပြန်ရောက်ရှိခဲ့လေပြီ။
တောရွာက ဆီမီးမှိတ်တုတ်တုတ်အရောင်ကို ပစ်ပယ်ပြီး မြို့ပြလျပ်စစ်မီးရောင်အောက် တစ်နှစ်လောက် နားခိုလာခဲ့တဲ့ အောင်မိုးလေးဟာ မထင်ရလောက်အောင် ပုံပျက်ပန်းပျက်ဖြစ်ခဲ့လေရဲ့ ။ နဂိုကထဲက မျောက်မျက်နှာဆိုတာ ခပ်စုပ်စုပ်ဘဲမဟုတ်လား။ လူအိုတော့ မျောက်၊ လမ်းအိုတော့ ချောက် လို့တောင် ဆိုရိုးရှိတယ်လေ။ အခုတော့ ခပ်စုပ်စုပ်မျက်နှာပေါ် ထပ်ပြီး ခပ်စုပ်စုပ်ဖြစ်နေပြန်တော့ စဉ်းစားလို့သာ ကြည့်ကြပေတော့။ အောင်မိုးရဲ့  ရုပ်ရည် ဘယ်လိုပုံလဲဆိုတာကို သဘောပေါက်ကြပါလိမ့်မယ်။
ကိုရင် ကျောင်းသား ရွားသားများနှင့် ပြည့်နှက်ပြီး ရွာဦးကျောင်းဝင်းထဲ စည်ကားသိုက်မြိုက်နေတယ်။ စည်ကားမှာပေါ့လေ။ ထုံးစံအတိုင်း အောင်မိုးတစ်ယောက် (အဲ.. အဲ... တစ်ကောင်) မြို့ကြီးပြကြီးက ပြန်လာခဲ့တာကိုး။

ရေတွက်ကြည့်လို့ရတယ်။ ဒီရွာလေးမှာ အောင်မိုးလို မန္တလေးကို မရောက်ဖူးကြသူတွေ ဒုနဲ့ဒေး။ အမှန်ဝန်ခံရရင် ရွာလူဦးရေရဲ့  အပုံကိုးဆယ်လောက်ဟာ မန္တလေးဆိုတဲ့ မြို့ကြီးကို မရောက်ဖူးကြဘူး။ ဒါပေမဲ့ သူတို့မရောက်ဖူးတဲ့ အဲဒီမြို့ကြီးကို အောင်မိုးရောက်ခဲ့ပြီးပြီလေ။ ရောက်ရုံရောက်ခဲ့တာ မဟုတ်ဘူး။ တစ်နှစ်ကျော်ကျော်ကြီးတောင် နေထိုင်လာခဲ့တာ။ ကျနော်ပြောရဲတယ်။ အဲဒီရွာသားတွေအားလုံး ရွာဦးကျောင်းဆရာတော် အပါအ၀င် မန္တလေးမြို့ကြီးမှာ အောင်မိုးလောက် ဘယ်သူမှ ကြာကြာမနေဖူးကြဘူး။ ဘုရားဖူးသွားရုံလောက်ကလေးသာ အလည်အပတ်သွားကြတာလေ။ တစ်ပတ်နှစ်ပတ်နေပြီး ပြန်ခဲ့ကြတာချည်းပါဘဲ။

ဒါကြောင့်မို့လဲ မန္တလေးက ပြန်ရောက်ရှိလာတဲ့ အောင်မိုးကို ကြည့်ချင်ရှုချင်တဲ့သူတွေ ပေါမှပေါ။ ကိုရင် ကျောင်းသားတွေဆို ကြံကြံဖန်ဖန် အောင်မိုးကို အားကျနေကြလေရဲ့ ။ ငါတို့လဲ အောင်မိုးလို မန္တလေးမှာ တစ်နှစ်လောက် နေခွင့်ရရင် ဒီဘ၀ သေပျော်ပါပြီကွာ ဆိုပြီး အားပါးတရ ပြောဆိုနေကြတယ်။

ဆရာတော် ရွာဦးကျောင်းကို ရောက်ရောက်ချင်း အောင်မိုးကို လှောင်ချိုင့်ထဲက ထုတ်ယူလိုက်တယ်။ အောင်မိုးကို လှောင်ချိုင့်ထဲမှာ မြင်ရတာ ဆရာတော်ကိုယ်တိုင် စိတ်ကျဉ်းကြပ်နေပုံရပါတယ်။ လည်ပတ် ပတ်ပေးပြီး သံကြိုးခပ်ရှည်ရှည်နဲ့ သရက်ပင်တစ်ပင်မှာ ချည်ထားလိုက်တယ်။ သူ့အနားမှာ ငှက်ပျောမှည့်တစ်ဖီးချကြွေးထားတယ်။ ဒါပေမဲ့ အောင်မိုးကတော့ မြိန်ရည်ရှက်ရည် မစားပါဘူး။ ငူတူတူကြီးဖြစ်နေတယ်။ နေရာဟောင်းကို ရောက်ခဲ့ပေမဲ့လဲ ဖြုန်းစားကြီးဆိုတော့ နေရာစိမ်းနေပုံရပါတယ်။
ဘာကိုမှ မှတ်မိပုံရဟန်မတူဘူး။ ဆရာတော်ကိုဘဲ မှတ်မိနေတယ်။

ဆရာတော်လဲ ရွာသားတွေ အကူအညီနဲ့ နေ့ချင်းပြီး အောင်မိုးကိုထားဖို့ မျောက်အိမ် ခပ်ကြီးကြီးကို ကျောင်းမှာ အသင့်ရှိတဲ့ ပျဉ်တွေ တိုင်တွေ သွပ်တွေနဲ့ ဆောက်လုပ်စေတယ်။ မျောက်အိမ်ကို ဆောက်လုပ်နေစဉ်အတွင်းမှာ အောင်မိုးကို လွတ်မထားရဲပါဘူး။သရက်ပင်မှာ ကြိုးနဲ့ဘဲ ချည်ထားရတယ်။ တော်ကြာ စိတ်ကြောင်ပြီး ထွက်ပြေးသွားရင်ဒုက္ခ။ အစားအသောက်နှင့်ရေကို အဆင်သင့်ချထားပေးတယ်။

စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသလို ရွာသားတွေရဲ့  စုပေါင်းအားနဲ့ ဆောက်လုပ်တာဖြစ်တဲ့အတွက် အောင်မိုးရဲ့  နေအိမ်လေးဟာ ညနေပိုင်းလောက်မှာ ကောင်းမွန်စွာဘဲ ပြီးဆုံးအောင်မြင်သွားပါတယ်။ အကာ အမိုး တံခါး ဟီးရီးခိုဖို့ တန်း ကစားစရာ အစားအစာနှင့်ရေထည့်ဖို့ခွက်စတဲ့ မျောက်တွေရဲ့  လိုအပ်ချက်တွေ အားလုံးပါဝင်ပါတယ်။

အောင်မိုးရဲ့  အိမ်လဲ လုံးဝပြီးစီးသွားပြီ။ အောင်မိုးလဲ ကြိုးတန်းလန်းနဲ့နေရတာ ငြီးငွေ့နေလောက်ပြီ။ ဒါကြောင့်မို့ အောင်မိုးကို ကြိုးဖြုတ်ပြီး သူ့နေအိမ်ထဲကို ထည့်ပေးလိုက်တယ်။ အစားအစာတွေ ရေတွေပါ အဆင်သင့်စီစဉ်ပေးထားတယ်။ ပြီးတော့ အောင်မိုး အေးအေးဆေးဆေးအနားယူဖို့ တံခါးပိတ်ပေးလိုက်တယ်။ အောင်မိုး လူမှန် နေရာမှန် (အဲ... တိရစ္ဆာန်မှန် နေရာမှန်) ရောက်ခဲ့ပြန်ပြီလေ။

အောင်မိုးကို သူ့နေအိမ်ထဲကိုသွင်းပြီးနောက် ဆရာတော်ကျောင်းပေါ်တက်ပြီး ဘလက်ဘော (Blackboard)ကြီးတစ်ချပ် မယူလာတယ်။ အဲဒီ ဘလက်ဘောကြီးကို အောင်မိုးရဲ့  နေအိမ်မှာ သံနဲ့ ခိုင်ခံစွာ ရိုက်ကပ်လိုက်တယ်။ မြေဖြူတစ်ချောင်းကိုယူ အလယ်တည့်တည့်ရိုက်ချိုးလိုက်ပြီး အဲဒီမြေဖြူအကျိုးနဲ့ အလျားလိုက် ဘလက်ဘောပေါ်မှာ ဆရာတော် စာလုံးကြီးကြီး ခြောက်လုံးတိတိ ရေးချလိုက်တယ်။

မန္တလေးပြန်အောင်မိုး ဟူ၍။


မန္တလေးပြန်အောင်မိုးကို အဆုံးသတ်ချင်ရင် ဒီနေရာမှာ အဆုံးသတ်လို့ ရနေပြီ။ ဒါပေမဲ့... ဒါပေမဲ့ အောင်မိုးရဲ့ ဇာတ်လမ်းကို ဒီနေရာမှာတင် အဆုံးသတ်လို့မဖြစ်နိုင်သေးဘူး။ ဘာ့ကြောင့်ပါလဲ။ ထူးဆန်းစွာ ဖြစ်ပျက်ခဲ့တဲ့ အောင်မိုးရဲ့  ဇာတ်လမ်းလေးဟာ စိတ်ဝင်စားစရာအတိဖြစ်ခဲ့လို့ပါဘဲ။

အပိုင်း (၈) ဆက်ဖတ်ပါ။

1 comment:

Anonymous said...

Woah! I'm really loving the template/theme of this site. It's simple,
yet effective. A lot of times it's tough to get that "perfect balance" between superb usability and visual appearance. I must say you have done a excellent job with this. Also, the blog loads very fast for me on Internet explorer. Outstanding Blog!

Here is my page: dance