Thursday 19 February 2009

ဗီဇာ.. ဗီဇာ.. ဗီဇာ..

ဒီရက်အတောအတွင်း ဗီဇာကိစ္စနှင့်အလုပ်ရှုပ်နေလို့ ပို့စ်ကလေးတွေဘက်တောင် ကောင်းကောင်းလှည့်မကြည့်ဖြစ်ဘူး။ ဗီဇာဆိုတာ ပြောရတာလွယ်ကူသလောက် ဗီဇာတစ်ခုသက်တမ်းတိုးဖို့ အတော်လေးစိတ်မော လူမောဖြစ်ရပါတယ်။ Recommendation letter တွေ ယူရတယ်။ ကျောင်း Attendance တွေ ယူရတယ်။ Sponsor letter တွေယူရတယ်။ ကျန်တဲ့ Data အချက်အလက်တွေ အများကြီး စုဆောင်းထားရတယ်။ သူများနိုင်ငံမှာ နေရတာလဲ မလွယ်ပါလား။

ကျောင်းတက်ခစရိတ်တွေအပြင် ဗီဇာစရိတ်က ပေါင် ၅၀၀ ဆိုတော့ လန်ဒန်မှာ နေထိုင်ခွင့်လေးရအောင် ငွေတွေ အများကြီး ပုံပေးရတယ်။ မြန်မာနိုင်ငံမှာ နေစဉ်တုန်းက နေထိုင်စရိတ်တွေကို ဒီလောက် သတိမထားမိပေခဲ့မဲ့ လန်ဒန်မှာနေတော့မှဘဲ လူတစ်ယောက်ရဲ့  ရပ်တည်မှုဟာ မလွယ်ကူပါလားလို့ တွေးတောမိတယ်။

ပြည်ပကျောင်းသားတစ်ယောက်ရဲ့  နေထိုင်မှုက ပိုပြီးဆိုးဝါးတယ်။ ကျောင်းစရိတ်ကို ပြည်တွင်းကျောင်းသားတွေထက် အများကြီးပိုပေးရတယ်။ နေထိုင်စရိတ်တို့ ဘီလ်တို့ စားသောက်သွားလာတာတို့ အားလုံးပေါင်းလိုက်ရင် မာစတာကျောင်းသားတစ်ယောက်အတွက် တစ်နှစ်ကို ပေါင် တစ်သောင်းခွဲလောက်တော့ အသာလေးဘဲ။ ပညာကို ငွေပေးဝယ်နေရသလိုဖြစ်နေပြီ။ ငွေမရှိရင် ပညာရှိဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအတော်လေးနည်းသွားပြီ။

မနေ့က တစ်နေ့လုံး ဗီဇာကိစ္စနှင့်အလုပ်ရှုပ်နေခဲ့တယ်။ မနက်ပိုင်းကထဲက နေအိမ်ကထွက်လာတာ၊ အရေးထဲ စီးနေတဲ့ရထားက စီးနေရင်းတန်းလန်းနှင့် ခရီးစဉ်ဖျက်သိမ်းပစ်လိုက်တယ်။ နောက်ကြောင်းပြန်လှည့်ပြီး နောက်လမ်းကြောင်းတစ်ခုက ပြန်သွားရတယ်။ ချိန်းထားတဲ့အချိန်က နေ့လည် ၂ နာရီ ခွဲ။ ရထားတွေရဲ့  ကြန့်ကြာမှုကြောင့် ဗီဇာရုံးကို သုံးနာရီမှတ်တင်းမှ ရောက်သွားတယ်။ ဒါတောင် ရထားဘူတာက ဆင်းပြီး အငှားကားခေါ်သွားလို့။ ဘူတာကနေ လမ်းလျောက်ရင် ၁၀ မိနစ်ကျော်ကျော် ကြာဦးမယ်။

ကျနော်တို့ နေတဲ့နေရာနှင့်ဆို နှစ်နာရီကျော်ကျော်လောက်သွားရတယ်။ မနေ့က ရထားအဆင်မပြေမှုတွေကြောင့် အသွားသက်သက် သုံးနာရီကျော် ကြာသွားတယ်။ မြို့ ထဲမှာ ရထားမမီမှာစိုးလို့ ဘူတာထဲ ဟိုပြေးဒီပြေး မာရသွန်လုပ်ခဲ့တာကို ပြန်တွေးကြည့်ရင်း ပြုံးနေမိတယ်။ ကြည့်မကောင်းအောင်ကို ပြေးနေရတာ။

ကျနော်တို့ဗီဇာတိုးဖို့လူက နှစ်ယောက်၊ အဖော်လိုက်ပေးတဲ့ အကိုက တစ်ယောက်ဆိုတော့ သုံးယောက်ပေါ့ဗျာ။ လူတွေကြားထဲမှာ ပြိုင်ပွဲဝင်သလိုကို ပြေးခဲ့ရတာ။ အဖော်အကိုက မြန်မာဆိုပေမဲ့ လန်ဒန်သားဖြစ်နေပါပြီ။ သူလိုက်ကူညီပေးလို့သာ ခရီးအဆုံးထိအဆင်ပြေပြေရောက်ရှိခဲ့တာပါ။ ကျနော်တို့ချည်းဆို လမ်းကြောတောင် ကောင်းကောင်းမသိပါဘူး။ ရထားတွေ အဆင်မပြေတဲ့အတွက် အသွားသက်သက်တောင် ဘတ်စ်ကားတစ်ခါ မြေအောက်ရထား ငါးခါ မြေပေါ်ရထား နှစ်ခါ အငှားကားတစ်ခါ စီးခဲ့ရပါတယ်။

ဗီဇာရုံးကိုရောက်တော့လဲ ပါလာတဲ့ပစ္စည်းတွေအားလုံးကို စကင်န်ဖတ်ပါတယ်။ လိုအပ်ရင် ဓါတ်ပုံကညှိဖြတ်ဖို့ ယူသွားတဲ့ ကပ်ကြေးလေးတောင် သူတို့ ခဏသိမ်းထားလိုက်သေးတယ် (ပြန်လာတဲ့အခါမှ ရွေးယူခဲ့ရတယ်)။ ချွန်ထက်တဲ့ပစ္စည်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို အထဲအယူမခံပါဘူး။ လက်ကိုင်ဖုန်းတွေအားလုံးကိုလဲ ပိတ်ထားရပါတယ်။

ဗီဇာရုံးကို ရောက်ရောက်ချင်း တုံကင်ယူရတယ်။ နံပါတ်အတိုင်းခေါ်တွေ့တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ပေးတဲ့ ကောင်တာထိအောင် အဆင့်ငါးဆင့်ကျော်ဖြတ်ရတယ်။ အဲဒီငါးဆင့်လုံးမှာ အစစ်ဆေးခံရတယ်။

အဆင့် ၁ ကောင်တာ။
ဒီကောင်တာမှာ ပါလာတဲ့ အချက်အလက်တွေ အားလုံးကို စစ်ဆေးပြီး မှန်ကန်မှ ဒုတိယကောင်တာကို သွားရတယ်။

အဆင့် ၂ ကောင်တာ။
ဒီကောင်တာမှာ အချက်အလက်တွေ ထပ်စစ်ဆေးပြီး ပေါင် ၅၀၀ ပေးရတယ်။

အဆင့် ၃ ကောင်တာ။
ဒီကောင်တာမှာ ပတ်စ်ပို့ကို သေချာစစ်ဆေးပြီး အချက်အချက်တွေကို ကွန်ပျူတာနှင့်သိမ်းဆည်းတယ်။

အဆင့် ၄ ကောင်တာ။
ဒီကောင်တာမှာ လက်ချောင်းအားလုံးရဲ့  ဗွေရာကိုတွေ စကင်န်ဖတ်ယူတယ်။ ဓါတ်ပုံရိုက်တယ်။

အဆင့် ၅ ကောင်တာ။
ဒီကောင်တာမှာ နောက်ဆုံးစစ်ဆေးမှုပြုလုပ်တယ်။ သမိုင်းကြောင်းတွေနောက် လိုက်တယ်။ စစ်ဆေးမေးမြန်းတယ်။
(အင်္ဂလန်မှာနေတာ တစ်နှစ်ကျော်ကြာပေမဲ့ သူတို့ပြောတဲ့စကားကိုတော့ အဖော်ပါလာတဲ့အကိုတစ်ယောက် အကူအညီနဲ့ဘဲ ဖြေရှင်းလိုက်ရတယ်။
တစ်ချို့ စကားတွေ နားမလည်နိုင်ဘူး။)
အားလုံး မှန်ကန်အဆင်ပြေပြီဆိုမှ ဗီဇာသက်တမ်းတိုးပေးလိုက်ပြီဆိုတဲ့အကြောင်းပြောတယ်။
(ကောင်တာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ကိုယ့်နံပါတ်ခေါ်တဲ့ ကောင်တာကို သွားရုံပါဘဲ)

ဒါပေမဲ့
အခု နည်းစနစ်က ပတ်စ်ပို့စာအုပ်ပေါ်မှာ ဗီဇာမထုပေးတော့ပါဘူး။ အိုင်ဒီကဒ်ဘဲ ကိုင်ရမယ်တဲ့။ အဲဒီအိုင်ဒီကို စာတိုက်က တစ်ဆင့်ပို့မယ်လို့ ပြောတယ်။ ငါးရက်အတွင်းအရောက်ပို့ပေးမယ်၊ မရောက်ရှိရင် ဖုန်းဆက်အကြောင်းကြားဖို့ မှာခဲ့ပါတယ်။ ဒါဆိုရင်တော့ တစ်နှစ်ဗီဇာ ထပ်ရမှာ သေချာသလောက်ရှိနေပါပြီ။
ဗီဇာရုံးဝန်ထမ်းတွေ သဘောကောင်းလို့ရယ်၊ အဖော်သူငယ်ချင်းရဲ့  ကူညီမှုကြောင့်ရယ် ကျနော်ကတော့ လန်ဒန်မှာနေဖို့ နောက်ထပ်တစ်နှစ် ဗီဇာ ရသလောက်ဖြစ်နေပါပြီ။

ဗီဇာမလျောက်ခင် မိတ်ဆွေ သူငယ်ချင်းတွေကို ဗီဇာအဆင်ပြေဖို့ ဆုတောင်းပေးကြပါဦးလို့ တောင်းပန်ခဲ့ပေမဲ့
တစ်ယောက်မှ ဆုမတောင်းပေးကြပါဘူး။ ရူးပေါပေါကောင်မလေးတစ်ယောက်ကတော့ ဗီဇာမရပါစေနဲ့လို့တောင် ဆုတောင်းပေးလိုက်သေးတယ်။ တော်တော်အားကိုးရတဲ့ မိတ်ဆွေတွေဘဲ။

ဆုတောင်းပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခင်မင်တဲ့သူအားလုံးကို ငြိမ်ငြိမ်လေးနေပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ မှတ်တမ်းတင် ကဗျည်းရေးထိုးလိုက်ပါတယ်။

No comments: