Thursday 12 February 2009

ညီနောင်စုတို့ရဲ့  ပြည်ထောင်စု

နွားကွဲရင် ကျားဆွဲလိမ့်မယ် တဲ့
ဒီစကားကို ဗိုလ်ချုပ် အသေမှတ်ထားခဲ့ဟန်တူရဲ့ 
အများခွဲပေမဲ့လဲ ဘယ်တော့မှကွဲမထွက်အောင်ကြိုးစား
ရိုးသားတဲ့စိတ်ကို အရင်းခံပြီး
တိုင်းရင်းသားအများစုနှင့် တည်ထောင်ပြု
ပြည်ထောင်စုနေ့တဲ့။

စည်းလုံးခြင်းသည်အင်အား တဲ့
ဒီစကားလဲ တကယ့်ကို မှတ်သားစရာကောင်းတယ်
ဝါးအစည်းမပြေရင် ဓါးဘယ်လောက်သွေးသွေး
ရေးရေးမျှမပြတ်သလို
ရှိသမျှအင်အားတွေမွေးပြီး
တိုင်းရင်းသားအချင်းချင်းစည်းရုံးပြု
ဘယ်သူ့ ဘယ်သူ့ကိုမှ မှုစရာမလို
အင်အားတွေတောင် ပိုနေလိုက်သေး
ဟို ဝေးဝေး အတိတ်က ဗိုလ်ချုပ်ရဲ့  စိတ်ဓါတ်
သိပ်မြတ်နိုးဖို့ ကောင်းတယ်။

အနာခံမှ အသာစံ တဲ့
အနာမခံဘဲ အသာစံတဲ့လူတွေ ဒီကမ္ဘာမှာမရှိသလောက်ပါဘဲ
သေရွာကိုမြန်းရမှန်းသိပေမဲ့
ဗေဒါလမ်းကို ဗိုလ်ချုပ်ဂရုမစိုက်ခဲ့ပါဘူး
တိုက်ခိုက်ရင်းနဲ့ အဖြေရှာ
ဒဏ်ရာတွေနဲ့ မွေ့လျော်နေခဲ့တယ်။

မျိုးဆက်သစ်တွေ အသာစံရဖို့
ဗိုလ်ချုပ်ကိုယ်တိုင် အနာခံခဲ့တယ်
အနာခံခဲ့ရပေမဲ့
အသာစံချင်လိုက်တာလို့ သူမပြောခဲ့ပါဘူး။

ပြည်သူအများ အသာလေးစံပြီးရင်း စံရအောင်
မာန်ပါပါနဲ့ ချီတက်
ရတက်မအေးရတဲ့ တိုင်းပြည်အတွက်
ခက်ခဲမှုတွေ ဝေးကွာတွန်းလှန်နိုင်ဖို့
လမ်းမှန်တဲ့ ခရီးတွေတည်ဆောက်ရင်း
အချင်းချင်းစည်းလုံးမှုကို အကြောင်းပြု
ပြည်ထောင်စုနေ့ကို
ညီနောင်စုတို့နှင့် ဖွဲ့စည်းခဲ့တယ်။

အဲဒီနေ့ဟာ
ဒီနေ့မှာ ၆၂ နှစ်လုံးလုံးပြည့်ခဲ့ပြီ
ညီညီညာညာ အလေးပြု
ကုသိုလ်အမှု ပြုကြရအောင်လား။


No comments: