Monday 23 February 2009

မန္တလေးပြန် အောင်မိုး (၃)

ဆရာတော်ဟာ အောင်မိုးရဲ့  ရှေးရေးကို အမြန်ဆုံးစီစဉ်ပေးချင်တဲ့အတွက် ၀ယ်စရာရှိတာတွေကို ဈေးချိုဘက်မှာ တစ်ရက်နှစ်ရက်အတွင်း အပြီးဝယ်လိုက်တယ်။ ပြီးတော့ မန္တလေး-မြစ်ကြီးနားမီးရထားကို စီးပြီး အောင်မိုးရှိရာ ရွာဦးကျောင်းအရပ်သို့ ပြန်တက်လာခဲ့ပါတော့တယ်။

အောင်မိုးနေခဲ့တဲ့ရွာဦးကျောင်းတည်ရှိရာနေရာကို နဲနဲမိတ်ဆက်ပေးပါရစေ။
ကျနော့်ရွာနာမည်က တုံးဖလားရွာဖြစ်ပါတယ်။ ဘာဖြစ်လို့ တုံးဖလားလို့ နာမည်တွင်မှန်း ကျနော်အခုထက်ထိ မသိရသေးပါဘူး။ တုံးနှင့် ဖလားနှင့်ဘယ်လို ပတ်သက်ဆက်နွယ်နေမှန်းလဲ တကယ်ကို မသိခဲ့ပါဘူး။ ရှေးလူကြီးတွေ ပြောစကားအရကတော့ ရှေးရှေးတုန်းက ရှမ်းလူမျိုးတွေ နေထိုင်ခဲ့ကြလို့ ရှမ်းနာမည်တစ်မျိုးဖြစ်ဟန်တူပါတယ်လို့ ဆိုကြလေရဲ့ ။

တုံးဖလားရွာလေးဟာ ကောလင်း-၀န်းသိုမြို့ တွေရဲ့  အနောက်ဘက်ယွန်းယွန်းမှာရှိတဲ့
ပင်လည်ဘူးမြို့ နယ်အတွင်းမှာ တည်ရှိပါတယ်။ ဒေသခံ (ကျနော် အပါအ၀င်) တွေရဲ့  အသံဝဲတာကတစ်ကြောင်း တနှင့်သ အသံကွဲအောင်မထွက်တတ်ကြတာကတစ်ကြောင်းကြောင့် တစ်ခါတစ်ခါ တုံးဖလားလို့ အသံမထွက်ဘဲ သုံးဖလားလို့ အသံထွက်သွားတတ်တယ်။ ဒါကြောင့်မို့ တစ်ချို့ လူကြီးတွေက သရီးဖလားရွာကလူတွေလားကွ လို့ စကြနောက်ကြလေရဲ့ ။

ကျနော်တို့ တုံးဖလားရွာရဲ့  အနောက်ဖက် လေးမိုင်ခန့်လောက်မှာ နမ္မားဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ ရွာသားတွေအားလုံး အလွန်ရိုးသားဖြူစင်ကြပါတယ်။ ကျနော်တို့ ဒေသဘက်မှာ ဗုဒ္ဓဘာသာတစ်ခုထဲကိုဘဲ ကိုးကွယ်ကြတာပါ။ ပြီးတော့ တစ်ရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဘဲရှိတာများပါတယ်။
နမ္မားရွာလေးမှာလဲ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဘဲ ရှိတာပါ။ ရွာရဲ့ ထိပ်မှာ ဆောက်ပြီးကိုးကွယ်ထားတဲ့အတွက် ထုံးစံအတိုင်း ရွာဦးကျောင်းလို့ဘဲ အမည်တွင်ပါတယ်။
အောင်မိုးရဲ့ နေရာက အဲဒီနမ္မားရွာဦးကျောင်းဝင်းထဲမှာပါ။

ကျနော်တို့ အရပ်ကနေပြီး မန္တလေး ဆင်းချင်ရင် ကောလင်းအထိ ဘတ်စ်ကားစီးရပါတယ်။ နှစ်နာရီခန့်ကြာပါတယ်။ ကောလင်းအထိ မိုင် ၂၀ ၀န်းကျင်လောက်ပါဘဲ။ ကောလင်းကနေပြီး မြစ်ကြီးနား-မန္တလေး မြန်မာ့မီးရထားကို စီးရပါတယ်။ ကောလင်းကနေ မန္တလေးအထိ ရထားခုတ်မောင်းချိန် ၁၀ နာရီခန့်ရှိတယ်။ ကောလင်း-မန္တလေး ဘတ်စ်ကားရှိပေမဲ့ တစ်ပတ်မှ တစ်ခါလောက်သာထွက်တာကြောင့် မီးရထားကိုဘဲ အားကိုးကြရပါတယ်။

ဆရာတော်ဟာ ရွာဦးကျောင်းကို ပြန်ရောက်ပြီဆိုတာနဲ့ အောင်မိုးကို ပိုပြီးဂရုစိုက်တယ်။ ပိုပြီးလဲ အစားအစာအကောင်းတွေကို ကျွေးတယ်။ ရှေ့ တစ်လအတွင်း မန္တလေးကို ပို့ရတော့မှာဆိုတော့လဲ ဆရာတော် ကိုယ်တိုင် ၀မ်းနည်းချင်လာသလိုလို။ အောင်မိုးခမျာမှာတော့ ပစ္စုပ္ပန် အတိတ် အနာဂါတ်အကြောင်းတွေ နားမလည်ရှာဘူး။ သူ့ရဲ့  အနာဂါတ်ဘ၀ဘယ်လိုဖြစ်လာမယ်ဆိုတာလဲ စဉ်းစားမိမှာ မဟုတ်ပါဘူး။ အဆော့မပျက် အစားမပျက် ပျော်ရွှင်စွာ ကခုန်နေလေရဲ့ ။

မန္တလေးက ပြန်လာပြီး တစ်လပြည့်ခါနီးလောက်မှာ ဆရာတော်က မျောက်လှောင်အိမ် အသေးလေးတစ်လုံး ပြုလုပ်တယ်။ အောင်မိုးကို ထည့်ပြီး မန္တလေး ယူသွားဖို့ပေါ့။ သူ့ကို ထည့်ဖို့ လှောင်ချိုင့်လေးလုပ်နေတာကို အောင်မိုးက ဘာမှသိဟန်မတူဘူး။ ဆရာတော်အနား ရစ်သီသီလုပ်ပြီး ကြည့်နေလေရဲ့ ။

အောင်မိုးအတွက် ကျောင်းဝင်းထဲမှာ လှောင်ချိုင့်ကြီးရှိပေမဲ့ လိမ်မာယဉ်ကျေးလာပြီဖြစ်တဲ့ အောင်မိုးကို လှောင်အိမ်ထဲမှာချည်း မထားတော့ပါဘူး။ လှောင်အိမ်တံခါးကို ဖွင့်ထားပေးတယ်။ အောင်မိုးအတွက် ဆရာတော့်ကျောင်းဝင်းထဲ တံခါးမရှိ ဓါးမရှိ။ ကြိုက်တဲ့နေရာသွားလာနိုင်တယ်။ ဒါကြောင့်လဲ ဆရာတော့်ကျောင်းမှာ မွေးထားတဲ့ ခွေးတို့ ကြောင်တို့နှင့်ခင်မင်လာတယ်။ ပြီးတော့ ကျောင်းသား ကိုရင်တွေနဲ့လဲ ရင်းနှီးလာတယ်။
ဒါပေမဲ့ ဆရာတော်ကတော့ အောင်မိုးရဲ့  ရှေ့ ရေးအတွက် မန္တလေးတိရစ္ဆာန်ဥယျာဉ်ထဲ ပို့ဖို့ ဆုံးဖြတ်ပြီးပြီလေ။

တစ်နေ့ တစ်နေ့နဲ့ ဆရာတော် မန္တလေးဆင်းမဲ့ရက်ကို ရောက်လာခဲ့ပြီ။ အောင်မိုးကို ခေါ်ယူပြီး လှောင်အိမ်ထဲ ထည့်လိုက်တယ်။ အောင်မိုးက ဆရာတော့်မျက်နှာကို သေချာကြည့်တယ်။ နားမလည်နိုင်ဟန်နဲ့ လှောင်အိမ်ထဲ အသာတကြည် မ၀င်ဘူး။ ဆရာတော်က ဖြောင်းဖျပြောဆိုမှ လှောင်အိမ်ထဲ ၀င်တယ်။ ပြီးတော့ လှောင်အိမ်ထဲကနေပြီး ကွိ ကွိ ကွိ အသံငယ်လေးနဲ့ အော်နေရှာတယ်။ လှောင်အိမ်တံခါးတိုင်လေးတွေကို ကိုင်လှုပ်တယ်။

(အပိုင်း ၄ ဆက်ဖတ်ပါ)

1 comment:

Anonymous said...

I am new to building websites and I was wanting to know if having your blog title relevant to your content really that critical?
I see your title, "Blogger: ကိုကိုမောင် (ပန်းရနံ့) " does seem to be spot on
with what your website is about yet, I prefer to keep
my title less content descriptive and based more around site branding.
Would you think this is a good idea or bad idea? Any assistance would be greatly valued.


Feel free to visit my web site - music