Tuesday, 17 November 2009

ချဉ်ပေါင်လိုက် မုဆိုး


ချဉ်ပေါင်လိုက်မုဆိုးတဲ့။ ဘယ်လိုကြီးပါလိမ့်။ စကားလုံးက အဆန်းသား။
အမဲလိုက် မုဆိုးလို့သာ ကြားဖူးပါတယ်။ ချဉ်ပေါင်လိုက်မုဆိုးလို့ တစ်သက်နှင့်တစ်ခါ လုံးဝမကြားဖူးပေါင်ဗျာ။
အဲဒီလိုလေသံတွေကို ကြားယောင်နေမိပါသေးရဲ့ ။

ဒါပေမဲ့ ချဉ်ပေါင်လိုက်မုဆိုးဆိုတာ ကျနော်တို့ရွာမှာ တကယ်ရှိခဲ့တယ်ခင်မျ။

ကျနော်တို့ရွာက စစ်ကိုင်းတိုင်းအထက်ပိုင်းက မထင်မရှားမြို့လေးတစ်မြို့ဖြစ်တဲ့ ပင်လည်ဘူးအပိုင်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာပါ။ တုံးဖလားရွာလို့ခေါ်ပါတယ်။ ဘယ်လိုက ဘယ်လို တုံးဖလားလို့ နာမည်တွင်မှန်းတော့ ကျနော်လဲ မသိပါဘူး။ ရှမ်းနာမည်လိုလို ဗမာနာမည်လိုနဲ့ အသံထွက်လို့ သိပ်အဆင်မပြေသလိုဘဲ။ ဒါကြောင့်မို့ ကျနော်တို့ကတော့ တုံးဘလား (တုမ္ဘလား) ရွာလို့ဘဲ လွယ်လွယ် ခေါ်လေ့ရှိကြတယ်။ ရှေးလူကြီးတွေကတော့ တုံးကုလား (တုံးကလား) လို့ခေါ်ဆိုနေကြပြန်လေရဲ့ ။

တောင်ငါးလုံးကာခို ရာဇဂြိုဟ်ဆိုတဲ့ ပုံစံအတိုင်း ကျနော်တို့ ရွာလေးပတ်လည်မှာ တောတွေတောင်တွေချည်း နေရာယူထားကြလေရဲ့ ။ ဘယ်ဘက်ကိုကြည့်ကြည့် တောင်တန်းတွေနှင့်တောအုပ်တွေပါဘဲ။ တောတောင်တွေအနားမှာ နေထိုင်ရတာဆိုတော့ သစ်မရှားဘူး။ ၀ါးမရှားဘူး။ ထင်းမရှားဘူး။ ဟင်းမရှားဘူးပေါ့ဗျာ။ ဟင်းသီးဟင်းရွက်အတွက် ပူပင်စရာမလိုပါဘူး။ တောထဲတစ်ခါသွားလိုက်ရင် အလိုလိုပေါက်ရောက်နေတဲ့ အသီးအရွက်တွေ အများကြီး ခူးဆွတ်လို့ ရပါတယ်။ ကျနော်တို့ ငယ်စဉ်တုန်းကဆိုရင် ဂျီတို့ ဆတ်တို့ ၀က်ဝံတို့ ဆိုတာ ရွာအနီးအနားမှာ ရှိနေတတ်ကြတယ်။ တစ်ခါတစ်ခါဆို နယ်ကျော်ပြီး ရွာအနီး လယ်ကွင်းပြင်ထဲ ရောက်ရောက်လာတတ်ကြလေရဲ့ ။ အဲဒီလောက်ထိအောင်ကို ကျနော်တို့ရွာက တောတောင်တွေနဲ့ နီးကပ်နေတာပါ။

တောတွေတောင်တွေနဲ့ နီးကပ်တဲ့ရွာဆိုတော့ ထုံးစံအတိုင်း တောလိုက်မုဆိုးတွေ ရွာထဲမှာ ရှိကြတာပေါ့။ ကျနော့် ဦးကြီးကိုယ်တိုင်က မုဆိုးကျော်ကြီးပါ။ အရမ်းလက်ဖြောင့်ပါတယ်။ တူမီးသေနတ်၊ ဒူးလေး၊ လင်းလေး၊ လောက်လေးခွ။ သူအကုန်လုံး ကောင်းကောင်းပစ်နိုင်တယ်။ သားကောင်ကို တည့်အောင် မှန်အောင် ထိအောင် ပစ်ခတ်နိုင်တယ်။

ကျနော်တို့ရွာက ရွာငယ်လေးဆိုတော့ ရွာမှာ ဘုန်းကြီးကျောင်းမရှိဘူး။ စာသင်ကျောင်းမရှိဘူး။ ဆေးပေးခန်းမရှိဘူး။ ယုတ်စွအဆုံး ဈေးဆိုင်တောင် တစ်ဆိုင်မှ မရှိခဲ့ကြပါဘူး။ (အခုတော့ ရှိနေပါပြီ)။
ဒါကြောင့် ကျနော်တို့ရွာနှင့်တစ်မိုင်ခန့်ဝေးတဲ့ တောင်ကုန်းနှစ်ကုန်းကျော်က ရွာသာယာရွာဆိုတဲ့ ရွာကြီးကိုဘဲ အားကိုးပြီးနေထိုင်ကြရပါတယ်။

ကျနော်ငယ်ငယ်တုန်းကလဲ အဲဒီရွာသာယာဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ရပါတယ်။ ရွာကြီးဆိုတော့ ကျနော်မှတ်မိသလောက် ကိုရင် ကျောင်းသားပေါင်း ၁၀၀ နီးနီးရှိတယ်။ ပျော်စရာကြီးပေါ့ဗျာ။ စာကျက်ချိန်စာကျက်၊ ကစားချိန်ကစား၊ စားချိန်စားနဲ့ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ အားလုံး ကျောင်းအိပ် ကျောင်းစားတွေချည်းပါဘဲ။ ဗုဒ္ဓဘာသာရဲ့ အသိတရားကိုလဲ အဲဒီဘုန်းတော်ကြီးကျောင်းက ကျနော်ရရှိလာခဲ့တာပါ။

ဘုန်းတော်ကြီးအပါအ၀င် ကိုရင်ကျောင်းသားတွေအားလုံးဟာ ဆွမ်းခံထွက်စရာမလိုပါဘူး။ မနက်ဆွမ်း နေ့ဆွမ်းကို ရွာထဲက နေ့တိုင်းလောက်လောက်ငှငှပို့ပါတယ်။ အေးအေးဆေးဆေး စာကျက်စာအံနေရုံပါဘဲ။
ဒါပေမဲ့ အသားဟင်းကိုတော့ နေ့စဉ်မပို့နိုင်ကြပါဘူး။ တောလိုက်မုဆိုးတွေအဆင်ပြေမှ ရွာဦးကျောင်းကိုလဲ အသားဟင်းတွေ ရောက်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ ဟင်းသီးဟင်းရွက်ဟင်းတွေချည်းပါဘဲ။ ရာသီအလိုက် ချဉ်ပေါင် မုန့်ညှင်း စရစ် မျှစ် ခတ်ချိုစတဲ့ အသီးအရွက်တွေသာ များပါတယ်။ ဒါကြောင့်မို့လဲ တောရွာမှာသီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းတော်ကြီးတွေ စာချိုးထားခဲ့ကြဟန်တူပါရဲ့ ။

"နွေမှာ စရစ်၊ မိုးမှာ မျှစ်၊ ဆောင်းမှာ မုန့်ညှင်း၊ ဘုန်းကြီးပျင်း၏" တဲ့။

ကျနော်တို့ ဘုန်းကြီးကျောင်းသားတွေလဲ ဟင်းကောင်းစားရဖို့အရေး မုဆိုးကျော်တွေရဲ့ တူမီးသေနတ်သံကို နားစွင့်နေကြရတယ်။ တောထဲကထွက်လာတဲ့ တူမီးသေနတ်သံကို ကျနော်တို့ မှန်းဆလို့ရတယ်။ သားကောင်ကိုထိသလား။ လွဲသွားသလားပေါ့။ အတွေ့အကြုံသဘောမျိုးပါဘဲ။ သေနတ်သံက... ဒုန်း... ကနဲ တစ်ချက်မြည်ပြီး ပဲ့တင်သံတွေအကြာကြီးထွက်ပေါ်နေရင် သားကောင်ကို မထိဘူး။ လွဲသွားပြီ။ တကယ်လို့ သေနတ်သံက ဒုန်း.. ကနဲ တစ်ချက်မြည်ပြီး ပဲ့တင်သံမကြားရဘဲ အသံဒုန်းတိဖြစ်နေရင် သားကောင်ကို ထိသွားတာ သေချာပြီ။ ဒီနေ့မှာ သားကောင်ကို ထိတဲ့ သေနတ်သံကြားရရင် မနက်ဖန်လို နေ့မျိုးမှာ ဘုန်းကြီးကျောင်းကို အသားဟင်းတွေ ရောက်လာတော့တာပါဘဲ။ ဒါက ဖြစ်နေကျလေ။

ဒါပေမဲ့ တစ်ခါတစ်ခါမှာ သားကောင်က သေးလို့လား၊ ဒါမှမဟုတ် မုဆိုးတောထဲမှာဘဲ ချက်ပြုတ်စားသောက်ကြလို့လား မသိဘူး။ သေနတ်သံကြားရပေမဲ့ ဘုန်းကြီးကျောင်းကို အသားဟင်း ရောက်မလာတတ်ကြဘူး။ သေနတ်သံကို နားစွင့်နေတဲ့ ကျနော်တို့ ဘုန်းကြီးကျောင်းသားတွေလဲ မုဆိုးတွေကို သိပ်မကျေနပ်ကြဘူး။ ကလေးဆိုတော့ စားချင်တာလောက်ဘဲ သိကြတာကိုး။

ဒီနေ့ သေနတ်သံကြားပြီး မနက်ဖန်ကို တမ်းတနေတတ်ကြပေမဲ့ တကယ်တမ်း မနက်ဖန်ရောက်တော့ အသားဟင်းမပါဘဲ ချဉ်ပေါင်ရွက်ဟင်း၊ မုန့်ညှင်းဟင်း တွေဘဲ ဖြစ်နေတတ်တယ်။ အဲဒီလို ဖြစ်စဉ်တွေ များလာတော့ ဘုန်းကြီးကျောင်းသားတွေလဲ သေနတ်သံကြားတိုင်း သိပ်မမျှော်မှန်းရဲကြတော့ပါဘူး။ သေနတ်သံကြားပြီးတိုင်း ချဉ်ပေါင်ဟင်းတွေဘဲ ဖြစ်နေတတ်ကြတာကိုး။
ဒါကြောင့်လဲဘုန်းကြီးကျောင်းသားတွေ စကားကို ချော်နောက်နောက် ပြောနေကြလေရဲ့ ။

ဒုန်း...

သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီဆိုရင်ဘဲ..
ဘုန်းကြီးကျောင်းသားတစ်ယောက်ယောက်က ခန့်မှန်းပြောဆိုလေ့ရှိတတ်တယ်။

"မနက်ဖန် ဟင်းကောင်းစားရတော့မယ်"

တစ်ခြား ကျောင်းသားတစ်ယောက်ယောက်ကလဲ ခနဲ့တဲ့တဲ့ ပြန်ပြောတတ်လေ့ရှိတယ်။

"အလကားပါကွာ။ မုဆိုးတွေက သားကောင်ကို မပစ်တော့ဘူး။ ချဉ်ပေါင်ပင်ကိုဘဲ ပစ်တာ"

အဲဒီလို အဲဒီလိုနဲ့ ကျနော်တို့ ရွာထဲကမုဆိုးတွေကို ဘုန်းကြီးကျောင်းသားတွေက နာမည်ပေးလိုက်ကြတယ်။
ချဉ်ပေါင်လိုက်မုဆိုး လို့။

ကျနော်လဲ ကျနော့်ဦးကြီးတစ်ယောက် တူမီးသေနတ်တကားကားနဲ့ တောထဲဝင်ပြီးအမဲလိုက်ဖို့ပြင်ဆင်နေတာတွေ့တိုင်း---

"ဦးကြီး... ဘယ်ကိုလဲဗျ... ချဉ်ပေါင်ပင်ပစ်ထွက်မလို့လား "

ဆိုပြီး နောက်တော့တာပါဘဲ။

သူကလဲ ပြန်ပြောတတ်ပါတယ်။

"ဟိတ်ကောင်လေး နမိတ်မရှိ၊ နမာမရှိ၊ အဲဒီလိုမပြောနဲ့။ အဲဒီလိုတာ ပြောနေရင် တကယ်လို့ သားကောင်ကြီးကြီးရလာတဲ့အခါ မင့်ကို မကျွေးဘူး" တဲ့။

ဘယ်လိုဘဲဖြစ်ဖြစ် သေနတ်သံကြားပြီးနောက်တစ်ရက်မှာ ဘုန်းကြီးကျောင်းကို အသားဟင်းရောက်သည်ဖြစ်စေ မရောက်လာသည်ဖြစ်စေ ကျနော်တို့ ဘုန်းကြီးကျောင်းသားတွေကတော့ သေနတ်သံကြားတိုင်း ယောင်ရမ်းပြီးထအော်တတ်တဲ့အကျင့် ရရှိသွားခဲ့ကြပါတော့တယ်။

"ချဉ်ပေါင်လိုက်မုဆိုး" တဲ့။ ။


မှတ်ချက်။
ချဉ်ပေါင်ဟင်းကို ဒီက ယူထားပါတယ်။

..

12 comments:

အနမ်း said...

ပေါက်ပေါက်ရှာရှာ ချဉ်ပေါင်မုဆိုးရယ်လို့ ..
ကိုကိုမောင်နဲ့ မှကြားဖူးတော့တယ်။
ဒါနဲ့ ကိုရင်က ဘယ့်နှယ် သေနတ်သံနားစွင့်နေတုန်းး))

kokomaung.uk said...

ကျောင်းသားတွေကသာ နားစွင့်နေတာပါ အမး)း)။

Ðaywalker[Soul] said...

လာဖတ်ပါတယ်ဗျာ

မိုးစက်အိမ် said...

အင်း တစ်မျိုးလေ့ပါ အစ်ကိုရာ ချစ်စရာ ရွာဓလေ့ပေါ့နော်
ကျွန်တော်က တစ်ခါတစ်လေ အလိုရွာလေးနေချင်တာဗျ
ဘယ်လောက်ပျော်ပြီး အေးချမ်းလိုက်မလည်းဗျာ . . . ချဉ်ပေါင်လိုက်မုဆိုး ဆိုတာက တော့ စကားကစားသွားပြီဗျာ :)

နှင်းနဲ့မာယာ said...

ကြံကြံဖန်ဖန် မုဆိုးပဲ...
ချစ်စရာ တောဓလေ့ရွာဓလေ့နဲ့
ရွာအမှတ်တရလေးတွေကို ဖတ်သွားပါတယ်...

နှင်း

ဒဏ္ဍာရီ said...

မုဆိုးတွေလည်း သားကောင်မထိတော့ ထိတာပစ်ပြီး ပြန်လာတာ နေမှာပေါ့အကိုရာ။ ချဉ်ပေါင်ပင်ပဲ ထိလို့နေမှာပေါ့။း)

ကျေးလက် သဘာဝလေးကို မျက်စိထဲ မြင်ယောင်သွားတယ်။ အခုတော့ အကိုတို့ရွာလည်း တိုးတက်နေရောပေါ့နော်။

ခင်မင်လေးစားလျှက်

Waing said...

အော် လက်စသတ်တော့ ချဉ်ပေါင်လိုက်မုဆိုး ဆိုတာ ဂလိုကိုးး)))

flowerpoem said...

ဟား ၂ အဲဒီအချိန်က တွတ်ပီ ကာတွန်းမပေါ်သေးဘူးလား သယ်ရင်း ပေါ်ရင်တော့ မရှောင်ရင်လွတ်တယ်ဆိုပြီး ပြောခံရမယ်ထင်တယ် နော် :P
အဲလိုတောရွာမှာ တစ်ခါမှမနေဘူး ဘူး တကယ်သွားနေဖူးချင်တယ် .

မြစ်ကျိုးအင်း said...

သူတို့ မစားရတိုင်း အရွဲ့တိုက်ပြီး ခေါ်ကြတာကိုးးးး

Anonymous said...

ချဉ်ပေါင်အထူးစားတဲ့ ပင်လယ်ဗူးသားကိုးဗျ

ဟာဟ လမ်းတွေ ကောင်းနေပါပြီ တစ်ခုတည့်သော ပင်လယ်ဗူး ကတရာလမ်း

ခဏခဏရောက်တယ်

ခန္တီးတက်ရင် အဲဒီကပဲ သွားတာလေ


ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

သီဟသစ် said...

ကြံကြံဖန်ဖန်နာမည် ပေးတတ်ပါ့ဗျာ
သစ်ခွမုဆိုးတို့ လိပ်ပြာမုဆိုး မျိုးတို့လိုမျိုး အစက ထင်နေတာ၊ ချဉ်ပေါင်ကလည်း အဲလောက်တော့ မရှားပါဘူးလို့

:)


ခင်မင်စွာဖြင့်
သီဟသစ်

နှင်းဟေမာ said...

ချဉ်ပေါင်ရွက်ဟင်း ပန်းကန်မြင်လိုက်တော့ အစ်ကို ချက်စားဖြစ်တာလေးကိုများ အမှတ်တရ တင်လိုက်တာလားလို့ ဟိ ... ဖတ်လို့ကောင်းတာတော့ အမှန်ပဲ ... နောက်ဆုံးတော့ ဒီတစ်ပတ်ချဉ်ပေါင်ဟင်း ချက်စားဖို့ စိတ်ကူးလိုက်မိတယ်းD