ဆရာတော်ခရီးထွက်သွားပြီး နောက်တစ်ရက်မှာဘဲ အောင်မိုးကိစ္စကိုဖြေရှင်းဖို့ တူမီးသေနတ်သမားနှစ်ယောက် ကျောင်းဝင်းထဲ ရောက်လာတယ်။ ရွာသားတစ်ချို့ လဲလာရောက်ကြည့်ရှုကြတယ်။ သွေးပူနေတုန်း ဒေါသအလျောက် အောင်မိုးကို သတ်ဖြတ်ချင်စိတ်ရှိခဲ့ကြပေမဲ့ တကယ် သေနတ်နှင့်ပစ်သတ်တော့မယ်ဆိုတော့လဲ အောင်မိုးလေးရဲ့  ဖြစ်အင်ကို မကြည့်ရက် မမြင်ရက်ကြတော့။ အမျိုးသမီးတွေဆို တစ်ယောက်မှ မတွေ့ရ။ ယောက်ျားများတစ်ချို့ နှင့် ကျောင်းသားကိုရင်များသာ ၀ိုင်းကြည့်နေကြတယ်။
သူ့ဇီဝိန်ကိုချွေဖို့လာရောက်ကြတဲ့သူတွေကို အောင်မိုးစူးစိုက်ကြည့်နေတယ်။ သူ့ကိုပစ်သတ်ဖို့လာကြမှန်း နဲနဲလေးမှ သူမရိပ်မိ။ သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းကိုတောင် ဟီးလေးခိုပြနေလိုက်သေးတယ်။ ဒီနေ့မှ အောင်မိုးလေး လိမ္မာနေသယောင်ယောင်။ လူတွေကို ဘာမှအန္တရာယ်လဲ မပြု။ မတော်မတရားလဲ လုပ်မပြ။ ဒီအချိန်မှာ လူတွေအားလုံးက အောင်မိုး မိုက်မဲတာကိုဘဲလိုချင်တယ်။ အန္တရာယ်ပြုလာမှာကိုဘဲ မျှော်လင့်ကြတယ်။ မတော်မတရားလုပ်ပြတာကိုဘဲကြည့်ချင်ကြတယ်။ ဒါမှ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး ပစ်သတ်ရက်မှာ မဟုတ်လား။
အခုတော့ ထင်တဲ့အတိုင်းဖြစ်မလာ။ အောင်မိုးလေး တကွိကွိအသံပြုနေတယ်။ သစ်ကိုင်းတစ်ကိုင်းမှတစ်ကိုင်း၊ တစ်ပင်မှတစ်ပင်ခုန်ကူးကစားနေတယ်။ သူ့ကို ပစ်သတ်မှာ သိနေလို့ တောင်းပန်နေသလားအောက်မေ့ရတယ်။ အောင်မိုး တကယ်ဘဲ လိမ္မာသွားပြီလား။ သေနတ်သမားတွေ လက်တွန့်ကုန်ကြပြီ။ ဒေါသမဖြစ်ဘဲ ဘလိုင်းသက်သက် ပစ်သတ်ရမှာကိုတော့ ဘယ်သူမှ မလုပ်ချင်ကြ။
ဒါပေမဲ့... အားလုံးဆုံးဖြတ်ပြီးသားဖြစ်နေတယ်။ ရွာထဲက လူတစ်ချို့ လဲ သေနတ်သံကို နားစွံ့ နေလောက်ပြီ။
"ကျနော်တို့ ဘယ်လိုလုပ်သင့်သလဲ"
သေနတ်သမားတစ်ယောက်က ၀ိုင်းကြည့်နေကြတဲ့ လူတွေကို မေးလိုက်တယ်။
"လုပ်ရမဲ့ကိစ္စဆိုတော့လဲ ပြီးအောင်တာ လုပ်လိုက်ပါဗျာ။ နောက်တစ်ခါ ဒုက္ခပေးလာရင် ခင်များတို့ ကျနော်တို့ သားတွေအလှည့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တွေဝေမနေပါနဲ့တော့"
လူအုပ်ထဲက လူတစ်ယောက်က သူ့ဆန္ဒကို ပြောပြလိုက်တယ်။ အားလုံးကလဲ သူ့ဆန္ဒကို ဘယ်လိုမှ မကန့်ကွက်ကြ။ ဆိတ်ဆိတ်နေကြတယ်။ ဒါဆိုရင် အားလုံးသဘောတူပြီပေါ့။
"ကျောင်းဝင်းထဲမှာ ပစ်သတ်လို့တော့ မသင့်တော်ပါဘူး။ သာသနာ့မြေဖြစ်တဲ့ ကျောင်းဝင်းထဲ သွေးမြေကျရင် မကောင်းဘူး။ အောင်မိုးကို ကျောင်းဝင်းအပြင်မောင်းထုတ်ပြီးမှ ကိစ္စတုံးလိုက်ကြရအောင်"
သေနတ်သမားတစ်ယောက်ရဲ့  အကြံပေးစကား အဆုံးမှာ လူအုပ်တွေအားလုံး အောင်မိုးကို အော်ဟစ်မောင်းထုတ်လိုက်ကြတယ်။ ခဲနဲ့ပစ်တဲ့သူကပစ်၊ တုတ်နှင့်ပစ်တဲ့သူက ပစ်၊ လေးခွနဲ့ထုတဲ့သူက ထု။
အောင်မိုး ဘာလုပ်ရမှန်းမသိတော့။ ပထမတော့ ရန်ထောင်နေသေးတယ်။ နောက်တော့ လူတွေရဲ့  ဆူညံစွာအော်ဟစ်သံ၊ တုတ်တွေ ခဲတွေရဲ့  ဒဏ်ကို မခံရပ်နိုင်တဲ့အတွက် အောင်မိုး တစ်ပင်မှတစ်ပင်ကူးကာ ကျောင်းဝင်းအပြင်ဘက် ရောက်ရှိသွားလေပြီ။
အောင်မိုးကျောင်းဝင်းအပြင်ဘက် ရောက်သွားတာနဲ့ တစ်ပြိုင်နက် သေနတ်သမား နှစ်ယောက်လဲ ကျောင်းဝင်းပရ၀ုဏ်အတွင်းမှ ထွက်လာခဲ့ကြတယ်။ အောင်မိုးလေးကတော့ ကြောက်လို့လား စိတ်တိုနေလို့လားမသိ တုန်တုန်ယင်ယင်ဖြစ်နေတယ်။ ပြီးတော့ ခပ်မြင့်မြင့်သစ်ပင်ထိပ်ဖျားထိတက်ပြီး သစ်ကိုင်းတစ်ခုပေါ်မှာ ငြိမ်သက်စွာနေနေလေရဲ့ ။ သူ့ကို ပစ်ခတ်တော့မှာ သိလို့ သစ်ကိုင်းကို အကာအကွယ်ယူထားသလိုလို။ ဒါပေမဲ့ သစ်ကိုင်းက အရမ်းမကြီးလေတော့ အောက်က နေပြီး သူ့ကို အတိုင်းသား တွေ့မြင်နေရတယ်။
သေနတ်သမားတစ်ယောက်က သေနတ်ကို ထိုးချိန်လိုက်တယ်။ အောင်မိုးရဲ့  ၀မ်းဗိုက်ဘေးသားနေရာတည့်တည့်။ တောရွာမှာဆိုတော့ သိတဲ့အတိုင်း တူမီးသေနတ်ဘဲရှိတယ်။ သေနတ်ကောင်းကောင်းမရှိ။ တစ်ခါပစ်ပြီးရင် နောက်တစ်ခါပစ်ဖို့ အချိန်အတော်ယူရတယ်။ ကျည်ဆံပြန်ထည့်ရတယ်။ ယမ်းပြန်ထည့်ရတယ်။ ကျည်ထိုးတံနဲ့ သေနတ်ပျောင်းထဲ ထိုးရတယ်။ အဲဒီလောက်အထိ အချိန်ပြန်ယူရတာ။ ဒါပေမဲ့ အဲဒီတူမီးသေနတ်နဲ့ဘဲ အမဲလိုက်တယ်။ သားကောင်သားရဲတွေများစွာ ရရှိဖူးတယ်။ ရိုးရာသေနတ်ဖြစ်တဲ့အတွက် လက်ဖြောင့်တဲ့သူများတယ်။
'''...ဒိုင်း...'''
တူမီးသေနတ်သံတစ်ချက်ပေါ်ထွက်လာတယ်။ တစ်ချက်ဆို တစ်ချက်ပါဘဲ။ ကွတ်တိ။ အောင်မိုးကို ထိသွားလေပြီ။ ၀မ်းဗိုက်နဘေးတည့်တည့်။ ဒါပေမဲ့ အောင်မိုးက အသက်ပြင်းတယ်။ ချက်ချင်းအောက်ကို ပြုတ်ကျမလာဘူး။ သစ်ကိုင်းကို ကြိုးစားပမ်းစား တွယ်ကုတ်ထားတယ်။ အတော်လေးကြာလာတော့ သေနတ်ဒဏ်ရာက အရမ်းပြင်းလွန်းတဲ့အတွက် အောင်မိုးတောင့်မခံနိုင်တော့ပါဘူး။ သစ်ကိုင်းကို တွယ်ကပ်ထားတဲ့ လက်တွေပြေလာပြီး အောက်ကို ဖုတ်ကနဲ ပြုတ်ကျလာတယ်။
(အပိုင်း ၁၄ ဆက်ဖတ်ပါ)
1 comment:
I'm curious to find out what blog platform you're using?
I'm experiencing some small security problems with my latest site and I'd like
to find something more risk-free. Do you have any solutions?
Also visit my blog post :: youtube
Post a Comment