Friday 6 March 2009

မန္တလေးပြန် အောင်မိုး (၁၉)

ဆန္ဒရှိတဲ့အတိုင်း ဦးတင်အောင်တို့ မိသားစု သုံးယောက် မန္တလေးကို ဘုရားဖူးဆင်းခဲ့ကြတယ်။ ကားတစ်တန် ရထားတစ်တန် နာရီပေါင်းများစွာ စီးလာခဲ့ရပေမဲ့ ဦးတင်အောင်တို့ မိသားစု မမောနိုင်မပန်းနိုင်ပါဘဲ။ စိတ်ဆန္ဒဆောင်လို့ရှိရင် ပင်ပန်းမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်တတ်ကြတာ လက်တွေ့ပါဘဲလေ။
နာလန်ထခါစ ဦးတင်အောင်ကို ကြည့်ရတာလဲ နဲနဲလေးမှ မောပန်းပုံမပေါ်။ အကျေနပ်ကြီး ကျေနပ်နေလေရဲ့ ။

မန္တလေးကို ရောက်တဲ့ရက်မှာဘဲ မဟာမြတ်မုနိကို ဖူးမျှော်တယ်။ ရွှေသင်္ကန်းကပ်လှူတယ်။ ဆုတောင်းအမျှဝေတယ်။ မန္တလေးရောက်ရင် နံပါတ်တစ် အရေးအကြီးဆုံးက မဟာမြတ်မုနိကို ဖူးမျှော်ဖို့ မဟုတ်ပါလား။ ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးဖို့က အဓိက ကျသလိုပေါ့။

နောက်တစ်နေ့ကစပြီး ဘုရားစုံဖူးဖို့ စတင်တယ်။
စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်စေတီ၊ ဥမင်သုံးဆယ်စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ ရှင်ဖြူရှင်လှစေတီ၊ သယမ္ဘူစေတီ၊ လွမ်းစေတီ၊ စစ်ကိုင်းမြို့ ဆင်များရှင်စေတီ၊ ကောင်းမှုတော်စေတီတို့ကို ဖူးမျှော်ဖို့သွားတယ်။ ပြီးတော့ ကံတလူစေတီကိုလဲ ချန်ရစ်ထားလို့ မဖြစ်။ နလန်မထူရင် ကံတလူကို သွား လို့ ဆိုရိုးစကားရှိတယ်လေ။ ကံကောင်းချင်ရင် (အထူးသဖြင့် စာမေးပွဲတို့၊ စီးပွါးရေးတို့၊ အတိုက်အခံကိစ္စတို့မှာ အောင်မြင်ချင်ရင်) ကံတလူဘုရားကို ဖူးရမယ်လို့ သူတို့ဒေသလူတွေ ယူဆထားကြတယ်။

အင်းဝ မယ်နုအုဌ်ကျောင်း၊ ငတက်ပြားစေတီ၊ ဗားကရာကျောင်းတော်တို့ကို သွားလည်ပတ်တယ်။တောင်တမံ ဦးပိန်တံတား၊ ကျောက်တော်ကြီးဘုရားတို့ကိုလဲ သွားတယ်။

မုံရွာ မိုးညှင်းသမ္ဗုဒ္ဓေဘုရား၊ ဗောဓိတစ်ထောင်စေတီ၊ ကျောက္ကာစေတီတို့ကို ဖူးမျှော်ဖို့ သွားတယ်။

မေမြို့ ပိတ်ချင်းမြောင်စေတီ၊ ရုက္ခဗေဒဥယျာဉ်၊ ပွဲကောက်ရေတံခွန်အနှံ့ ခြေဆန့်ခဲ့တယ်။

ပုလိပ် မြွေဘုရားလဲ မကျန်ရစ်ရပါ။

မန္တလေး ဈေးချို၊ နန်းတော်ရာ၊ မန်းသီတာဥယျာဉ်တို့ကို လည်ပတ်တယ်။

မင်းကွန်း ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်း၊ မြသိန်းတန်စေတီ၊ မိုးမိတ်ကုန်းမြေတို့ကိုလဲ လည်ပတ်ခဲ့တယ်။

ရန်ကင်းတောင် ငါးရံ့ မင်းစေတီ၊ မန္တလေး ရွှေကျောင်း၊ အတုမရှိကျောင်းတော်၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင် မြွေနှစ်ကောင်ဆုတောင်းပြည့်ဘုရား၊ ဗျာဒိတ်ပေးဘုရား၊ အားလုံးကို လည်ပတ်ဖူးမျှော်ပြီးနောက် နောက်ဆုံးအနေနဲ့ မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို အလည်အပတ်သွားကြခဲ့တယ်။

"ဒါက.. အောင်မိုးလေးကို ငါလာပို့ထားခဲ့တဲ့ နေရာလေးပေါ့။ ဒီလှောင်အိမ်ကြီးထဲမှာဘဲ အောင်မိုးလေး တစ်နှစ်ကျော်ကျော်နေထိုင်လာခဲ့တာ။ ငါက.. သူပျော်နေမယ်ထင်ပြီး ဒီကို လာပို့ထားခဲ့တာပါ။ ဒါပေမဲ့ တစ်နှစ်လုံးလုံး တစ်ရက်ကလေးမှ ပျော်ပုံမရပါဘူး။ နောက်တစ်နှစ် ငါလာတော့ သူအရမ်းပိန်ကပ်ပြီး ကျန်းမာရေး မကောင်းသလို ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ့ကို ငါရွာကို ပြန်ခေါ်ခဲ့တာပါ။ အော်... ပြောရင်းနဲ့.. သတိရလိုက်တာ.. အောင်မိုးလေးရယ်"

ဦးတင်အောင်တစ်ယောက် မျက်ရည်ခပ်စို့စို့နဲ့  သူ့ရဲ့  ဇနီးလေးနှင့်သုံးနှစ်ကျော်အရွယ်ကလေးလေးကို အောင်မိုးအကြောင်း ရှင်းပြနေလေရဲ့ ။ လှောင်အိမ်ထဲမှာရှိတဲ့ မျောက်တွေအားလုံးကို ငှက်ပျောသီးဝယ်ကျွေးရင်း မျောက်လှောင်အိမ်နားမှာ တစ်နာရီကျော်ကျော်လောက် ဦးတင်အောင်တို့မိသားစု အနားယူနေခဲ့ကြတယ်။
ဥယျာဉ်တာဝန်ခံတွေကတော့ ဦးတင်အောင်ကြီးကို မှတ်မိဟန်မတူ။
အောင်မိုးလေးမရှိတော့ပေမဲ့ အောင်မိုးလေးအလွမ်းပြေအနေနဲ့ မျောက်တွေကို အချိန်ကြာကြာ အစာကျွေးနေတာထင်ရဲ့ ။ ဦးတင်အောင်တစ်ယောက် မျောက်အိမ်တွေနားက မခွါနိုင်ဘဲ ဖြစ်နေတယ်။

"ပြန်ကြပါစို့ ဖေကြီးရယ်"

ချစ်ဇနီးလေး သတိပေးစကားဆိုလိုက်မှ ပြန်ဖို့သတိရသွားတယ်။ မိသားစုသုံးယောက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်ထဲက အတွေးကိုယ်စီနဲ့ ထွက်ခွါလာခဲ့ကြပါတော့တယ်။ အချင်းချင်း စကား မပြောဖြစ်ကြ။ ချစ်ဇနီးလေးနဲ့ ကလေးလေးကတော့ ဘာတွေကို တွေးတောလာမှန်းမသိ၊ ဦးတင်အောင်ကြီးကတော့ အောင်မိုးလေးအကြောင်း စဉ်းစားတွေးတောနေမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။

နောက်တစ်နေ့မှာ မန္တလေးကနေပြီး ပြန်လာခဲ့ကြပါတယ်။
မန္တလေးဘုရားဖူးခရီးက ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ ဦးတင်အောင်တစ်ယောက် ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖောက်ပြန်ချွတ်ယွင်းလာတယ်။ သူသွားချင်လှပါတယ်ဆိုတဲ့ မန္တလေးဘုရားဖူးခရီးကို အောင်မြင်စွာ သွားပြီးလို့ စိတ်ဓါတ်တွေကို လုံးလုံး လျော့ပစ်လိုက်တယ်ထင်ရဲ့ ။ သတိရတစ်ချက် မရတစ်ချက်ဖြစ်လာတယ်။
ဘုရား... ဘုရား.... အနိစ္စ... အနိစ္စ... ဆိုတဲ့ ညည်းညူသံလေးတွေ မကြာခဏ ကြားကြားနေရတယ်။

"မိန်းမရယ်... ငါကတော့ သွားရတော့မယ်ထင်ပါတယ်"

"မဟုတ်တာ ဖေကြီးရယ်။ ဖေကြီးရယ် ကျမရယ် ကလေးလေးရယ် လောကကြီးမှာ အကြာကြီး ပျော်ပျော်ပါးပါးနေကြဦးမယ်လေ"

သူတို့ဖြစ်ချင်သလို လောကကြီးက ဖြစ်ခွင့်မပေးတော့ပါဘူး။ သူတို့ နေချင်သလို လောကကြီးမှာ အတူတူပျော်ပျော်ပါးပါး နေခွင့်မရကြရှာတော့ပါဘူး။ သူတို့အတူတူနေကြရမဲ့ ကံတရားက ဒီမှာတင် ကုန်သွားလေပြီ။ မန္တလေးဘုရားဖူးခရီးက ပြန်ရောက်ပြီး မကြာခင်ရက်ပိုင်း အတွင်းလေးမှာဘဲ ဦးတင်အောင်တစ်ယောက် သူ့ဇနီးလေးနှင့်ကလေးလေးကို လောကကြီးမှာ ပစ်ထားခဲ့ပြီး တမလွန်ဘ၀ကို အပြီးအပိုင် ထွက်ခွါသွားခဲ့လေပြီ။

တောရွာဓလေ့အရ အလောင်းကို မီးမသဂြိ င်္ုဟ်ဘဲ မြေမြှုပ်သဂြိ င်္ုဟ်လိုက်ကြပါတယ်။
အခုဆိုရင် နမ္မားသုဿာန်အတွင်း မြေပုံခပ်မို့မို့လေးထိပ်မှာ အသစ်စက်စက်မှတ်တိုင်တစ်ခု တိုးပွါးလာခဲ့လေပြီ။

ဦးတင်အောင်
အသက် (၅၀) နှစ်
တဲ့။


လောကကြီးကို ထာဝရစွန့်ခွါသွားကြပြီး ဆရာတော်တစ်ဖြစ်လဲ ဦးတင်အောင်လဲ သူကိုယ်ပိုင် မြေပုံ၊ (ဦးတင်အောင်၊ အသက် (၅၀)နှစ်)ဆိုတဲ့ သူကိုယ်ပိုင် မှတ်တိုင်လေးရဲ့  အောက်မှာ၊ အောင်မိုးလေးမှာလဲ သူကိုယ်ပိုင် မြေပုံ၊ (မန္တလေးပြန်အောင်မိုး)ဆိုတဲ့ သူကိုယ်ပိုင်မှတ်တိုင်လေးရဲ့ အောက်မှာ အေးဆေးငြိမ်သက်စွာ လဲလျောင်း အနားယူနေကြလေရဲ့ ။

ဒါပေမဲ့... ဦးတင်အောင်ရဲ့  လဲလျောင်းရာက သုဿာန်ထဲမှာ။ အောင်မိုးလေးရဲ့  လဲလျောင်းရာက ရွာဦးကျောင်းဝင်း နဘေးနားမှာ။ ကိုယ်ပိုင်သံယောဇဉ်လေးတွေနှင့် အချင်းချင်းချစ်ခင်နားလည်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ဘ၀သစ်မှာ အတူတူဆုံဆည်းခွင့် ရမရကိုကတော့ ဘုရားရှင်မှတစ်ပါး ဘယ်သူမှ သိနိုင်မှာ မဟုတ်တော့။

နမ္မားရွာဦးကျောင်းထဲမှာ ဆရာတော်(ဦးတင်အောင်)လဲ မရှိတော့ပြီ။
အောင်မိုးလေးရဲ့ နေအိမ်လေးလဲ မရှိတော့သလို ဆရာတော်(ဦးတင်အောင်)ရဲ့  အဂ္ဂိရတ်ဖိုတဲအိမ်လေးလဲ မရှိတော့လေပြီ။ ရွာထဲက မောင်းထောင်းသံ ကြက်တွန်သံ ယက်ကန်းခတ်သံမှတစ်ပါး ဘာသံမှမကြားရတော့ဘဲ ရွာဦးကျောင်းဝင်းအတွင်း တိတ်ဆိတ်ငြိမ်သက်နေလေရဲ့ ။

ဆရာတော်(ဦးတင်အောင်)နှင့် မန္တလေးပြန်အောင်မိုးလေးတို့ရဲ့  လွမ်းဆွတ်ဖွယ် လွမ်းမောဖွယ် ကြည်နူးဖွယ် ကျေနပ်ဖွယ် ကြေကွဲဖွယ်ဇာတ်လမ်းလေးဟာ ဒီလိုနဲ့ဘဲ အဆုံးသတ်သွားလေပြီ။ ရက် လ နှစ်တွေ အလီလီပြောင်းလဲခဲ့ပေမဲ့လဲ ၀မ်းနည်းကြွေကွဲဖွယ် ဖြစ်ရပ်ကလေးမို့ ကျနော့်ရင်မှာ ထာဝရအမှတ်ရနေမြဲပါ။
ဆရာတော်(ဦးတင်အောင်)နှင့် မန္တလေးပြန်အောင်မိုးလေးတို့ ကောင်းရာသုဂတိလားပြီး ဖြစ်ရာဘ၀တိုင်းမှာ အခုလိုမျိုး အဖြစ်ဆိုးနှင့်မကြုံကြိုက်ကြပါစေနဲ့ လို့ တောင်းဆုပြုရင်း ကျနော့်ရဲ့  မန္တလေးပြန် အောင်မိုး ဖြစ်ရပ်မှန်လေးကို ဒီမှာဘဲ နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။

အားလုံး... အားလုံး... ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များမှ ကင်းလွတ်ကြပါစေ။ ။
....................................


အော်.... အော်.... မေ့နေလို့။
တစ်ခုပြောပြရဦးမယ်။ ဦးတင်အောင် သေဆုံးပြီးတဲ့နောက် သူ့ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်တဲ့အခါ သူ့အိပ်ရာဘေးမှာ မှတ်စု စာအုပ်ကလေးတစ်အုပ်တွေ့ရတယ်။


(အပိုင်း ၂၀ ဆက်ဖတ်ပါ)

No comments: