Wednesday 4 March 2009

မန္တလေးပြန် အောင်မိုး (၁၆)

ဆရာတော် ကျောင်းဝင်းအ၀င်ဝ ခြေချမိတာနဲ့ သဘောပေါက်လိုက်ပါပြီ။ ကျောင်းဝင်းတစ်ခုလုံး ခါတိုင်းနှင့်မတူ ရှင်းရှင်းလင်းလင်းဖြစ်နေတယ်။ အဆောက်အဦ တစ်ခုခုပျောက်ကွယ်နေသလိုခံစားရတယ်။
သိလိုက်ပါပြီ။ အောင်မိုးလေးရဲ့  အိမ် မရှိတော့ဘူး။ သူ့နေရာ(လှောင်အိမ်)နှင့်မနီးမဝေးမှာ မီးလောင်ကျွမ်းထားတဲ့ ပြာပုံ အကြွင်းအကျန်လေးကိုသာ တွေ့မြင်ရတယ်။

အောင်မိုးကျက်စားသွားလာနေကျဖြစ်တဲ့ သရက်ပင် ပိန္နဲပင် မန်ကျည်းပင်တွေအောက်ကို ဆရာတော်သွားပြီး အပေါ်ကို မော့မော့ကြည့်ရတာလဲ အမော။ ဒါပေမဲ့ အောင်မိုးရဲ့  ဘာအရိပ်အယာင်ကိုမှ ဆရာတော်မတွေ့။ ဆရာတော်ကို မြင်ရင် တကွိ ကွိ အသံပြုနေကျ အောင်မိုးလေးရဲ့  အသံကိုလဲ ဆရာတော် မကြားရတော့။ အောင်မိုးလေးရဲ့  အသံနေရာမှာ ကျေးငှက်မြည်သံ စာကလေးအော်သံ ခိုးညည်းသံတို့ အစားထိုး နေရာယူလိုက်ကြလေပြီ။ ကျေးငှက်သာရကာတွန်ကြူးသံတွေလဲ အရင်ကလို ဆရာတော်ကို သာယာကြည်နူးမှု မပေးနိုင်ကြတော့။

ခါတိုင်းဆို ဆရာတော် ခရီးတစ်ခုခုက ပြန်လာတိုင်း ကျောင်းပေါ်တက်ပြီး ဘုရားဝတ်ပြုနေကျ။ ဘုရားဝတ်ပြုပြီးမှ လုပ်စရာ ကိုင်စရာရှိတာတွေကို လုပ်ကိုင်နေကျ။ အခုတော့ ကျောင်းပေါ်ကို ဆရာတော် မတက်အားတော့ဘဲ အောင်မိုးလေးရဲ့  အရိပ်အယောင်တွေကို တွေ့လိုတွေ့ငြား လိုက်ရှာနေမိတယ်။ ဒါပေမဲ့ ဆရာတော် ကြိုးစားသမျှ အချည်းနှီးပါဘဲ။ အောင်မိုးလေးခမျာ ဆရာတော်ပြန်အလာကို မစောင့်နိုင်ရှာဘဲ ဆရာတော်ကို ထာဝရနှုတ်ဆက်သွားခဲ့လေပြီ။

အောင်မိုးလေးကို ဟိုဟိုဒီဒီလိုက်ရှာရင်း ကျောင်းစည်းဝင်းထောင့် အပြင်ဘက်နားက သစ်ပင်ကြီးကြီးအောက် မျက်စိရောက်သွားတယ်။ ဆရာတော်အိပ်မက်ထဲမှာ အဲဒီနားက သရက်ပင်အောက်မှာ အောင်မိုးလေး ဆရာတော့်အတွက် သရက်သီးခူးဆွတ်ပေးရင်း အောက်ကို ပြုတ်ကျလို့ သေဆုံးရရှာတယ်။ အခုလဲ ဆရာတော် အဲဒီသရက်ပင်အောက်ကို လှမ်းကြည့်လိုက် သရက်ပင်နှင့်မလှမ်းမကမ်း သစ်ပင်ကြီးအောက်လှမ်းကြည့်လိုက်နဲ့ မျက်စိ အလုပ်ရှုပ်နေလေရဲ့ ။

တွေ့လိုက်ပါပြီ။ မတွေ့ချင်ဆုံး အရာတစ်ခုကို ဆရာတော် တွေ့လိုက်ပါပြီ။ မြေပုံခပ်မို့မို့ ထိပ်နားမှာ စိုက်ထူထားတဲ့ မှတ်တိုင်လေးတစ်ခု။ ရောင်စုံသင်္ဘောဆေးနဲ့ ဆရာတော်ကိုယ်တိုင်ရေးခြယ်သထားတဲ့ ဆိုင်းဘုတ်ကလေးရယ်ပါ။ မန္တလေးပြန်အောင်မိုး တဲ့။ ဆရာတော် မျက်စိအကြည့်မှားတာများလား၊ စိတ်ထင်လို့ဘဲလား သေချာအောင် အဲဒီမှတ်တိုင်နားသွားရောက်ပြီး မျက်စိကို ပွတ်သပ်ပြီး သေသေချာချာကြည့်ရှုလိုက်တယ်။ မြင်တဲ့အတိုင်း အသေအချာပါဘဲ။ မျက်စိလုံးဝမမှားပါဘူး။
အောင်မိုးရဲ့  မှတ်တိုင်မှ မှတ်တိုင်အစစ်။

မန္တလေးပြန်အောင်မိုး ဆိုင်းဘုတ်ကလေးက အောင်မိုးရဲ့  နေအိမ်လေးကနေပြီး ဒီနေရာမှာ ထားရှိတာကိုထောက်ဆရင်၊ ပြီးတော့ မြေပုံမို့မို့လေးဖြစ်နေတာကို ထောက်ဆရင် အောင်မိုးလေး ဒီနေရာမှာ ရှိနေတာ သေချာသွားပြီ။ ဒါပေမဲ့ အောင်မိုးနှင့်ဆရာတော် ဘ၀ခြားသွားလေပြီ။ ဘ၀ချင်းမတူတော့။

"အောင်မိုးလေးရယ်.... ငါ အပြန်နောက်ကျသွားတယ်ကွာ။ ငါ့ကို ခွင့်လွတ်ပါ။ တကယ်ဆို မင်းကို ငါ ပစ်မထားခဲ့သင့်ပါဘူး။ ငါ ကောလင်းမှာ မက်ခဲ့တဲ့ အိပ်မက်ထဲကအတိုင်း တကယ်ဘဲ မင်းသေဆုံးရှာလေပြီဘဲ။
ရွာသူရွာသားတွေအားလုံး စိတ်ချမ်းသာဖို့အတွက် ပြီးတော့ ငါ့ရဲ့  အခက်အခဲတွေဖြေရှင်းဖို့အတွက် မင်းအသေခံသွားတယ်ဆိုတာ ငါသဘောပေါက်ပါတယ်။ တကယ်ဆို မင်းမှာ ခွန်အားတွေ စွမ်းအားတွေ အပြည့်အ၀ရှိနေတယ်လေ။ မင်း ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးရင် လွတ်မြောက်နိုင်ပါတယ်။ အားလုံး ငါ နားလည်ပါတယ်။ ကဲ ကဲ... ဒီနေရာမှာဘဲ ကောင်းကောင်းအနားယူရစ်ပါတော့။ ငါလဲ.. ကျောင်းပေါ်မတက်ရသေးဘူး။ သွားလိုက်ဦးမယ်။ ကောင်းရာဘုံဘ၀ ရောက်ပါစေကွာ"

ဆရာတော် ကျောင်းပေါ်တက်ပြီး ဘုရားဝတ်ပြုလိုက်တယ်။ ခဏအကြာ ရွာထဲက လူ(ဒကာ)
အချို့ ရောက်ရှိလာပြီး ဆရာတော်ကို ရှိခိုးဦးချဝတ်ပြုကြတယ်။ ဒကာတစ်ယောက်က ဆရာတော်ကို အောင်မိုးလေးရဲ့  အကြောင်းစုံကို ရှင်းပြတယ်။ အောင်မိုးလေး သေခါနီးမှာ ခေါင်းလေးထောင်လာပြီး ကိုရင်တွေဘက်ကို မျက်လုံးဝေ့၀ဲကြည့်သွားခဲ့တဲ့အကြောင်း၊ ဆရာတော်ကို သေခါနီးတွေ့ချင်လို့ လိုက်ရှာနေပုံရကြောင်း၊ သူသေမဲ့ နေ့က သူ့ဆီမှာ ရန်ပြုလိုစိတ်ရှိပုံမရကြောင်း စသဖြင့်ပေါ့။

"တပည့်တော်တို့လဲ အခြေအနေအရ လုပ်လိုက်ရပေမဲ့ စိတ်မကောင်းဖြစ်ကြရပါတယ်ဘုရား၊ တစ်ချို့  အမျိုးသမီးတွေဆို ငိုကြွေးကြတယ်ဘုရား"

"ပြီးခဲ့တာလဲ ပြီးခဲ့ပြီဘဲ ဒကာတို့။ ပြန်ပြင်လို့ ရတဲ့ ကိစ္စမှ မဟုတ်တော့တာ။ အောင်မိုးလေးကို မေ့ပစ်ပြီး ဆိုင်ရာ တာဝန်ကိုဘဲ ဆက်လက်လုပ်ဆောင်ကြပါ။ ဆရာတော်လဲ တရားသံဝေဂ အများကြီးဖြစ်မိပါတယ်။ ရှေ့ ကိုဆိုရင် ဆရာတော်လဲ သံယောဇဉ်တွယ်စရာ ဘာသတ္တ၀ါကိုမှ မမွေးတော့ပါဘူးလေ။ သောက ပရိဒေ၀တွေ များလွန်းလှတယ်။ ကဲ... ကဲ... ကဲ ... ဒကာတို့ ပြန်ကြတော့၊ ဆရာတော်လဲ နည်းနည်းခရီးပန်းလာလို့ အနားယူလိုက်ပါဦးမယ်။ ဘုရား... ဘုရား... ဘုရား...."

ဆရာတော်ကို ရိုရိုသေသေ ဦးချရှိခိုးပြီး ဒကာတွေ ရွာထဲ ပြန်သွားကြတယ်။ ဆရာတော်လဲ စိတ်မော လူမောဖြစ်လာတဲ့အတွက် ခေတ္တအနားယူဖို့ ဘောဂခန်းထဲ ၀င်ရောက်သွားပါတော့တယ်။ သံယောဇဉ်.. သံယောဇဉ်ဆိုတာကရော... သောကရဲ့  မြစ်ဖျားခံရာ..... ရေသောက်မြစ်တစ်ခု... ဆိုတဲ့ သီချင်းလေးအတိုင်း သံယောဇဉ်ဖြစ်မိရင် သောက ပရိဒေ၀မီးတွေ တောက်လောင်တတ်တာ သဘာဝဘဲ မဟုတ်ပါလား။
လူဝတ်ကြောင်သော သင်္ကန်းဝတ်ဘုန်းကြီးသော ဘာသော ညသော သံယောဇဉ်ဖြစ်မိရင် သောကပရိဒေ၀ အပူမီးတွေ တောက်လောင်ကြစမြဲပါဘဲ။

ဆရာတော်လဲ အခါကြီးရက်ကြီးတိုင်း အောင်မိုးလေးအတွက် ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပြီး ဆုတောင်းပေးတယ်။ အမျှဝေပေးတယ်။ သီတင်းကျွတ် တန်ဆောင်တိုင်တွေမှာ အောင်မိုးလေးရဲ့  မှတ်တိုင်မှာ ဆီမီးထွန်းပေးတယ်။ ပြီးတော့ တရားသံဝေဂတွေ ပွါးများပြီး နေ့ရက်နှစ်လတွေကို ကုန်လွန်စေလိုက်ပါတယ်။

ဆရာတော် တိုးတိုးလေး တောင်းဆုပြုနေလေရဲ့ ။

"အောင်မိုးလေး... ကောင်းရာ ဘုံဘ၀ရောက်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ပါစေ"


(အပိုင်း ၁၇ ဆက်ဖတ်ပါ)

1 comment:

Welcome said...

အပိုင်း(၁၆)ကို
နှစ်၂ခြိုက်၂ လာအားပေးပါတယ်။