Tuesday, 3 March 2009

မန္တလေးပြန် အောင်မိုး (၁၅)

"အောင်မိုးရေ... အောင်မိုးလေးရေ.."

ဆရာတော်ရဲ့  ခေါ်သံကို ကြားတော့ အောင်မိုးလေး ကွိ ကွိ ကွိ အသံပြုရင်း ရွာဦးကျောင်းဝင်းထဲရှိ သရက်ပင် ခပ်မြင့်မြင့်အပေါ်က သက်ဆင်းလာတယ်။ ဆရာတော်ရဲ့  သင်္ကန်းစလေးကို လာကိုင်တယ်။ ပြီးတော့ ဆရာတော့်ဒူးခေါင်းပေါ်ကို ပတပ်ရပ်ပြီး တွယ်ကပ်နေတယ်။

"သားလေးရေ... မင်းကို ဒီရွာက လူတွေက အလိုမရှိတော့ဘူးတဲ့။ ဒီတော့ ဒို့နှစ်ယောက် ဟိုး... မြင်နေရတဲ့ တောအုပ်ထဲမှာ အတူသွားနေကြမယ်ကွာ။ အဲဒီမှာဆို လွတ်လွတ်လပ်လပ်နေရတယ်။ ဘယ်သူ့ကိုမှလဲ ကြောက်စရာမလိုတော့ဘူး။ သစ်ဥသစ်ဖု သစ်သီးသစ်မြစ်စတဲ့ စားစရာတွေကလဲ ပေါမှပေါ။
စမ်းရေလေးတွေကလဲ အေးမြမြ သံစဉ်ချိုချိုလေးတွေနဲ့ စီးဆင်းသံပေးတယ်။ ချစ်တေးသီကျူးကြတဲ့ ကျေးငှက်သာရကာတွေကလဲ ပေါမှပေါ။ ပျော်စရာအတိဖြစ်နေတဲ့ အဲဒီတောအုပ်ကိုဘဲ ဒို့အတူသွားကြရအောင်။ ပြီးတော့ အဲဒီမှာဘဲ တစ်သက်လုံးပျော်ပျော်ပါးပါး အတူနေထိုင်ကြတာပေါ့ကွာ။ ကံကောင်းရင် မင်းအတွက် မင်းလိုအဖော်မျိုးတွေ တွေ့ကောင်းတွေ့နိုင်ပါတယ်"

ဆရာတော်နှင့်အောင်မိုးလေးတို့ ရွာဦးကျောင်းကထွက်ခွါလာပြီး အဝေးကနေ မှိုင်းပျပျမြင်နေရတဲ့ တောအုပ်ကြီးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားကြတယ်။

တောအုပ်ကြီးထဲမှာ ဆရာတော်က ကျောင်းသင်္ခမ်းလေးတစ်လုံး ဖန်တီးတည်ဆောက်တယ်။ ကျောင်းသင်္ခမ်းရဲ့  ဘေးပတ်ပတ်လည်မှာ စမ်းရေစီးချောင်းလေးရှိတယ်။ သားမျိုးစုံစုံလင်လင် တစ်ကောင်ကိုတစ်ကောင် ရန်မပြုကြဘဲ ချစ်ခင်စွာ နေထိုင်ကြတယ်။ သားကောင်လေးတွေလဲ ဆရာတော်ကို မြင်ရင် မလန့်ကြတော့။ ကျောင်းသင်္ခမ်းဝန်းကျင်မှာ ကျေးငှက်သာရကာ သားသမင်တို့နှင့်စိုပြေလျက်ရှိနေတယ်။

ဆရာတော်စားသုံးဖို့ အောင်မိုးလေးက သစ်သီး သစ်ဥ သစ်ဖု ရှာဖွေပေးတယ်။ သောက်ရေအတွက် စမ်းရေစီးချောင်းထဲကနေ အောင်မိုးက ၀ါးကျည်တောက်နဲ့ ယူပေးတယ်။ အောင်မိုးနှင့်ဆရာတော်၊ ဆရာတော်နှင့်အောင်မိုး တိုးတိုးလို့သာ ပျော်မဆုံး မော်မဆုံး တောတောင်ရဲ့  အရသာကို ခံစားနေကြလေရဲ့ ။
အားလပ်တဲ့အချိန်တွေမှာဆို ဆရာတော်က တရားဘာဝနာအလုပ်လုပ်တယ်။ အောင်မိုးက အနီးဝန်းကျင်မှာ ပြေးလွှားခုန်ကူး ဆော့ကစားနေတယ်။

နေ့ ရက် လ နှစ်တွေ အလီလီပြောင်းသွားပြီးတဲ့နောက် တစ်နေ့မှာ တောအုပ်ထဲ လူတစ်စု ရောက်ရှိလာကြတယ်။ ဆရာတော်ရော အောင်မိုးလေးပါ ဗျာပါခပ်သွားတယ်။ သေချာကြည့်လိုက်တော့ နမ္မားရွာသူရွာသားတွေဖြစ်နေတယ်။ ဆရာတော်ကို ရိုသေစွာ ရှိခိုးဦးချပြီးနောက် ခေါင်းဆောင် ဒကာတစ်ယောက်က လျောက်ထားတယ်။

"ဆရာတော်ဘုရား.... ဒီတောအုပ်ထဲမှာ မနေပါနဲ့တော့ဘုရား။ တပည့်တော်တို့ ရွာသူရွာသားတွေအားလုံးလဲ ဆရာတော်ကို တမ်းတနေကြပါတယ်။ အောင်မိုးလေးကိုလဲ အန္တရာယ်မပြုတော့ပါဘူးဘုရား။ ဒါကြောင့် တပည့်တော်တို့နှင့်အတူလိုက်ပြီး ရွာဦးကျောင်းမှာဘဲ လာသီတင်းသုံးပါတော့ဘုရား။ အောင်မိုးလေးကိုလဲ ခေါ်ခဲ့ပါဘုရား"

ရွာသူရွာသားတွေရဲ့  ဆန္ဒကို ဆရာတော်လိုက်လျောလိုက်တယ်။ တောရကျောင်းသင်္ခမ်းလေးကို စွန့်လွတ်ပြီး ရွာသားတွေနဲ့အတူ နမ္မားရွာဦးကျောင်းသို့ လိုက်ပါလာခဲ့တယ်။ အောင်မိုးလေးလဲ ပါလာတာပေါ့။
အောင်မိုးလေးလဲ လိမ္မာလာလိုက်တာ လွန်ရော။ ကျောင်းသားကိုရင်တွေနှင့်အတူကစားတယ်။ ကျောင်းမှာ မွေးထားတဲ့ ခွေးတွေ ကြောင်တွေနဲ့ စိန်ပြေးတမ်းကစားတယ်။ ရွာသူရွာသားတွေကို ပျော်ရွှင်စွာ နောက်ပြောင် ကျီစယ်တယ်။

ဆရာတော်လဲ စိတ်ချမ်းသာတာလွန်ရောဘဲ။ ဒီလိုအခြေအနေမျိုးမှ မပျော်ရင် ဘယ်အချိန်ပျော်ရမလဲနော်။ အောင်မိုးလေးလဲ မဆိုးတော့သလို ရွာသူရွာသားတွေကလဲ အောင်မိုးလေးကို မမုန်းကြတော့။ ပိုပြီးတောင် ချစ်ခင်လာကြသေးတယ်။ ဆိုးတဲ့သူ မိုက်တဲ့သူ ပြန်လိမ္မာလာရင် လူတွေရဲ့  သဘောသဘာဝက ပိုပြီး ခင်မင်တတ်ကြတယ်မဟုတ်လား။

နွေရာသီ အကုန် မိုးရာသီအကူးသို့ပင် ရောက်ရှိခဲ့လေပြီ။ ကျောင်းဝင်းထဲရှိ သရက်ပင်တွေလဲ ရင့်မှည့်နေကြပြီ။
ကျောင်းစည်းဝင်းအပြင်ဘက်က သရက်ပင်အကြီးကြီးမှာ သီးနေတဲ့ သရက်သီးတွေ ၀င်းဝင်းမှည့်မှည့်နဲ့ အရမ်းလှနေပြီ။ အောင်မိုးကို ခေါ်ယူကာ ဆရာတော် အဲဒီသရက်ပင်အောက်ကို လာခဲ့တယ်။

"ကဲ.. သားအောင်မိုးရေ... အဖေ့အတွက် ဟော.. ဟို ခပ်မြင့်မြင့်အကိုင်းမှာ သီးနေတဲ့ သရက်သီးအမှည့်ကြီးကို ခူးဆွတ်ပေးစမ်းကွာ"

အောင်မိုးလဲ တကွိ ကွိ အသံပြုပြီး သရက်ပင်ကြီးရဲ့  အမြင့်ဆုံးအကိုင်းသို့ တက်ရောက်သွားတယ်။ သရက်သီးမှည့်တွေကို ဆရာတော်အတွက် တစ်လုံးပြီးတစ်လုံး ခူးဆွတ်ပြီး လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားတယ်။
အောက်ကို ပစ်ချရင် သရက်သီးမှည့်တွေ ကွဲကုန်မှာစိုးဟန်တူပါရဲ့ ။
ကျန်လက်တစ်ဖက်နဲ့ အကိုင်းဖျားမှာ ရှိတဲ့သရက်သီးကို လှမ်းခူးဆွတ်တယ်။ လက်လှမ်းမမီ့တမီဖြစ်နေတယ်။
ကြိုးစားပြီး လှမ်းခူးတယ်။ မရဘူး။ ရှေ့ တစ်လှမ်းတိုးခူးတယ်။ မရပြန်ဘူး။ ရှေ့ ထပ်ပြီး တစ်လှမ်းအတိုးမှာတော့
သတိလက်လွတ် ငှက်တောင်ကျွတ်ဖြစ်သွားပြီ။ အောင်မိုးလေး ခြေချော် လက်ချော်ဖြစ်ပြီး သရက်ပြင်အမြင့်မှ မြေပြင်သို့ ပြုတ်ကျလာတယ်။

" "ဖုတ်" "

အောင်မိုးပြုတ်ကျချင်းဘဲ ဆရာတော် အောင်မိုးနား အပြေးရောက်သွားတယ်။ သရက်သီးလေးတွေကတော့ သူ့လက်ထဲမှာ မကွဲမပေါက် အကောင်းပကတိ။ အောက်ကို ပြုတ်ကျလာတာတောင်မှ ဆရာတော်အတွက် သရက်သီးကို မကွဲမပျက်စီးအောင် အောင်မိုးလေး ကာကွယ်ပေးသွားရှာတယ်။ အောင်မိုးလေးမှာ မချိမဆံ့ဝေဒနာခံစားနေရရှာလေပြီ။

"အင့်... အင့်... အင့်.. ကွိ.. ကွိ"

နာကျင်စွာအော်မြည်ပြီး ဆရာတော်ကို စူးစိုက်ကြည့်နေတယ်။ ဆရာတော်လဲ ဘာလုပ်ပေးရမှန်းမသိဖြစ်နေတယ်။ ခဏအကြာမှာတော့ နာကျင်မှုဝေဒနာကို တောင့်မခံနိုင်တော့ဘဲ အောင်မိုးလေး မျက်စိမှိတ်သွားပြီး မြေပြင်ပေါ်မှာ ငြိမ်သက်သွားတယ်။ အောင်မိုး သေသွားရှာလေပြီ။

"အောင်မိုး... သားလေး... မင်းမသေရဘူး။ ငါ့ကြောင့် ဖြစ်ရတာ။ ငါ... သရက်သီး မခူးခိုင်းရင် မင်းအခုလို အသေဆိုးနဲ့ သေရမှာမဟုတ်ဘူး။ ငါ့ကြောင့် မင်း အခုလိုဖြစ်ရတာ... ငါ့ကြောင့်... ငါ့ကြောင့်....
အောင်မိုး..... အောင်မိုးလေး..... သားလေး....."

အိပ်ရာထက်မှ ဆရာတော် လန့်နိုးလာတယ်။ တစ်ကိုယ်ကောင်လုံး ချွေးသီးချွေးပေါက်တွေစီးကြနေလေရဲ့ ။
ကုတင်ထက်မှ ကမန်းကတန်းထရင်း မျက်နှာသုတ်ပုဝါကို ယူပြီး ချွေးတွေကို သုတ်ပစ်လိုက်တယ်။
ပြီးတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တယ်။

"ဖူး...... ငါ အိပ်မက် မက်နေပါလား။ အောင်မိုးလေး.. ရှိမှ ရှိပါသေးရဲ့ လား။ ဘာမှ မဖြစ်ပါစေနဲ့။ ရွာသူရွာသားတွေ စိတ်ပြောင်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးပါစေ။ မဖြစ်ပါဘူးလေ။ ငါ.. ရွာဦးကျောင်းကို စောစောပြန်မှ ဖြစ်မယ်။
အောင်မိုးလေး သေတာကို ငါမကြည့်ရက်ဘူး။ မနက်မိုးလင်းတာနဲ့ ငါ ပြန်မယ်"

ကောလင်းကို တစ်ပတ်ခရီးဆိုပြီး ထွက်လာခဲ့ပေမဲ့ ရွာဦးကျောင်းကို ပြန်ချင်စိတ်ကို မျိုသိပ်မထားနိုင်တော့လို့ ဆရာတော် ကောလင်းမှာ သုံးညလောက်ဘဲ အိပ်ပြီး အောင်မိုးကို ကာကွယ်ဖို့ ပြန်လာခဲ့ပါတော့တယ်။
စိတ်ထဲမှာလဲ အောင်မိုးလေးကို အတတ်နိုင်ဆုံး ငါကာကွယ်ပေးမယ် လို့ ယတိပြတ်ဆုံးဖြတ်လာတယ်။

ဆရာတော်ဘုရားရဲ့  ရွာဦးကျောင်းသို့ အပြန်ခရီးဟာ ခါတိုင်းလို မချောမွေ့ခဲ့ပါဘူး။ စီးလာတဲ့ ဘတ်စ်ကား ခဏခဏ လမ်းမှာ စက်ပျက်တယ်။ ကားပေါ်က ခရီးသည်အချင်းချင်းရန်ဖြစ်ကြတယ်။ တောလမ်းခရီးမှာ ကားပျက်နေတဲ့အတွက် နေ့ဆွမ်းလွတ်ခဲ့တယ်။ ကားစီးရင်း ဘယ်ဆီက ပျံသန်းလာတဲ့ပျားကောင်မှန်းမသိ၊ ဆရာတော်ကို တုတ်သွားတယ်။ ကားဂိတ်ကနေ ခြေလျင်လာခဲ့တဲ့အခါ လမ်းမှာ ခလုပ်ထပ်ခါထပ်ခါ တိုက်မိတယ်။ ဆရာတော့်အတွက် နိမိတ်က သိပ်မကောင်းတော့။ အောင်မိုးအတွက် ဆရာတော် စိတ်အပူကြီး ပူနေမိပါတော့တယ်။


(အပိုင်း ၁၆ ဆက်ဖတ်ပါ)

2 comments:

Dream said...

ရင်တမောမောနဲ့ ဖတ်လိုက်တယ်.. ဟူး.. စိတ်တွေ ပူလိုက်တာ.. ဆရာတော်တော့်မသိဘူး..မက်မက်တောင် ဖတ်ရင်းနဲ့ စိတ်တွေ တော်တော်ပူသွားတယ်။.. ဟူး..
စိတ်တွေလည်း မောသွားတယ်.. အောင်မိုး.. ဘာဖြစ်သွားလဲ ဦးဦး... မြန်မြန် အပိုင်း၁၆ ကိုတင်ပါ..တော့... ဟွန့်..ဆက်တငန့်ငန့်နဲ့... ဖတ်ချင်လှပြီ သိချင်လှပြီ...

အပိုင်း၁၆ ကိုမျှော်နေမယ်.. လက်တို့လိုက်နော်.... ;)

ဘုရားဘုရား..အောင်မိုးလေး ဘာမှ မဖြစ်ပါစေနဲ့..

မသက်ဇင် said...

လာဖတ်ပါတယ်---
ရသ ကောင်းတပုဒ်ပါပဲ--
ဆက်လက်ရေးသားပါ--
ပျော်ရွှင်ပါစေ---