Monday 2 March 2009

မန္တလေးပြန် အောင်မိုး (၁၄)

အောင်မိုးပြုတ်ကျလာတဲ့ နေရာသို့ လူအုပ်တွေ အပြေးလာကြည့်ကြတယ်။
သေနတ်ဒဏ်ရာပြင်းထန်တာကတစ်ကြောင်း အမြင့်ကနေ ပြုတ်ကျလာတဲ့အရှိန်ပြင်းတာကတစ်ကြောင်းကြောင့် အောင်မိုးလေး မြေပြင်နဲ့ ထိထိချင်း အင့်ကနဲ အသံထွက်လာတယ်။ ဒါပေမဲ့ သူက မျောက်ဘဲလေ။ အသက်ပြင်းတယ်။ သတ္တိရှိတယ်။ ထပြေးဖို့ကြိုးစားတယ်။ ဒါပေမဲ့... ဒါပေမဲ့ အချည်းနှီးပါဘဲ။ သူ့ခန္ဓာကိုယ်ကို သူမသယ်ဆောင်နိုင်တော့ပါဘူး။

သူ့ကို ၀ိုင်းကြည့်နေကြတဲ့ လူအုပ်ထဲ မျက်စိဝေ့၀ဲကြည့်နေတယ်။ တစ်ယောက်ပြီး တစ်ယောက်။ ကိုရင်တွေကိုလဲ တစ်ပါးပြီး တစ်ပါး စိုက်ကြည့်နေတယ်။ တစ်ယောက်ယောက်ကို လိုက်ရှာနေသယောင်ယောင်။

"ဆရာတော်ကို လိုက်ရှာနေတာ ထင်တယ်"

လူအုပ်ထဲက တစ်ယောက်က ထပြောလိုက်တယ်။ အားလုံးစိတ်မကောင်းကြတော့။ အောင်မိုးကို မကြည့်ရက်ကြတော့ပေ။ တကယ်သနားစရာဖြစ်နေပြီ။ အစကထဲက အောင်မိုးလေး လိမ္မာခဲ့ရင် အခုလိုစိတ်မကောင်းစရာ မြင်ကွင်းမျိုးကို မြင်ရမှာ မဟုတ်ချေ။ အခုတော့ အားလုံးပြီးသွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်းတွေချည်းဘဲလို့ မှတ်ရတော့မှာပေါ့လေ။

"ကဲပါကွာ... ငါတို့ မကြည့်ရက်တော့ဘူး။ သေမှာချင်းအတူတူ တစ်ခါထဲသာ အဆုံးသတ်လိုက်ပါတော့"

လူအုပ်ထဲက အခြားတစ်ယောက်ရဲ့  အကြံပေးသံအဆုံးမှာ နောက် တူမီးသေနတ်သမားတစ်ယောက်က သေနတ်ကို ထိုးချိန်လိုက်တယ်။ အောင်မိုးရဲ့  ဦးခေါင်းတည့်တည့်။ လွယ်ကူစွာနဲ့ဘဲ လက်ညိုးလေးကွေးလိုက်တယ်။

....ဒိုင်း....

သေနတ်သံရဲ့ အဆုံးမှာ အောင်မိုးလေး မြေပြင်မှာ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီကော။ ရင်ဘတ်မှာ ဒဏ်ရာတစ်ချက်၊ ဦးခေါင်းမှာ ဒဏ်ရာတစ်ချက်၊ အမြင့်က ပြုတ်ကျလာတဲ့ဒဏ်ရာကတစ်ချက်ကြောင့် အောင်မိုးလေး လောကကြီးမှ ထာဝရအနားယူသွားလေပြီ။

မြင်ကွင်းကကြေကွဲစရာ အရမ်းကောင်းတယ်။ ကိုရင်ကျောင်းသားတွေတစ်ချို့  ငိုယိုကြတယ်။ အောင်မိုးကိုစွန့်မလား ကျောင်းကို စွန့်မလား လို့ ဆရာတော်ကိုပြောခဲ့ကြတဲ့သူတွေရဲ့  မျက်နှာမှာလဲ မျက်ရည်ဥတို့ တွဲလဲခိုနေကြလေပြီ။ အောင်မိုးကို သတ်မယ်တကဲကဲ လုပ်ခဲ့တဲ့သူတွေလဲ မျက်ရည်စို့နေလေကြပြီ။
ယုတ်စွအဆုံး မျောက်ကုတ်ခံရပြီး ဆေးရုံပို့လိုက်ရတဲ့ ကျောင်းသားတွေရဲ့  မိဘတွေတောင်မှ အောင်မိုးလေးရဲ့  ဖြစ်အင်ကို ကြားသိပြီး စိတ်မကောင်းကြ။ အောင်မိုးလေးရဲ့  ဖြစ်ခဲ့သမျှအကြောင်းစုံကို လာကြည့်ကြတဲ့သူတွေကတစ်ဆင့် ကြားသိကြတဲ့ အမျိုးသမီးတွေလဲ မျက်ရည်နှင့်မျက်ခွက်။

ရွာသူရွာသားတွေ ဘယ်လိုဘဲ ခံစားရ ခံစားရ အောင်မိုးလေးကတော့ မရှိရှာတော့ပြီ။ အောင်မိုးမရှိမှတော့ သူ့လှောင်အိမ် အဆောက်အဦလဲ မလိုအပ်တော့။ ဒါကြောင့်မို့ လူတွေစုပြီး ဖျက်ဆီးလိုက်ကြတယ်။ ပြီးတော့ အဆောက်အဦဆောက်တဲ့ပစ္စည်းအားလုံးကို မီးပုံရှို့ လိုက်တယ်။ အခုဆို ရွာဦးကျောင်းဝင်ထဲမှာ အောင်မိုးလေးလဲ မရှိတော့၊ အောင်မိုးလေးရဲ့  နေအိမ်လဲ မရှိတော့။ အားလုံး လွမ်းမောဖွယ်အတိဖြစ်နေလေရဲ့ ။

အောင်မိုးလေးကို သူသေဆုံးတဲ့ နေရာလေးမှာဘဲ မြှုပ်နှံသဂြိ င်္ုဟ်လိုက်ကြတယ်။ သူ့နေအိမ်က ရောင်စုံသင်္ဘောဆေးနဲ့ ရေးခြယ်ထားတဲ့ ဆိုင်းဘုတ်ကို မယူလာကြတယ်။ သူ့ကို မြှုပ်ထားတဲ့ မြေပုံခေါင်းရင်းမှာ ဘိုင်းဘုတ်နှင့်အတူ မှတ်တိုင် တစ်ခုစိုက်ထူလိုက်ကြတယ်။ မှတ်တိုင်ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာလေးကတော့ အားလုံးသိပြီးသားဖြစ်ကြတဲ့အတိုင်း မန္တလေးပြန်အောင်မိုး ဟူ၍ ဖြစ်ပါတယ်။

နောက်ဆုံးတော့လဲ လိမ္မာခဲ့တဲ့ မိုက်မဲခဲ့တဲ့ နားလည်တတ်ခဲ့တဲ့ နားမလည်တတ်ခဲ့တဲ့ ကြင်နာတတ်ခဲ့တဲ့ ရန်ပြုတတ်ခဲ့တဲ့ လူတွေနှင့်အတူ ဆော့ကစားခဲ့တဲ့ လူတွေကို လိုက်ကုတ်ခဲ့တဲ့ နမ္မားရွာလေးမှာ ပျော်ခဲ့တဲ့ မန္တလေးမှာ မပျော်ပိုက်ခဲ့တဲ့ ဆရာတော်ကို ချစ်ခဲ့တဲ့ ဆရာတော်က ချစ်ခဲ့တဲ့...... ခဲ့တဲ့...... ခဲ့တဲ့..... အောင်မိုးလေးဟာ မန္တလေးပြန်အောင်မိုး ဆိုတဲ့ မှတ်တိုင်အောက်မှာ ဘယ်တော့မှ နိုးထမလာနိုင်တော့တဲ့ ထာဝရအိပ်စက်ခြင်းနဲ့ အိပ်စက်အနားယူသွားရှာပြီကော။


(အပိုင်း ၁၅ ဆက်ဖတ်ပါ)

No comments: