Monday, 2 March 2009

မန္တလေးပြန် အောင်မိုး (၁၂)

"ဆရာတော်ဘုရား... တပည့်တော်တို့ ရွာထဲမှာ အောင်မိုးကိစ္စကို တိုင်ပင်ညှိနှိုင်းခဲ့ကြပါတယ်။ နောက်ဆုံးအဖြေကတော့ အောင်မိုးကို ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး၊ ပိုဆိုးဆိုးလာမဲ့အခြေအနေရှိနေတယ်။ ဆရာတော်ရဲ့  အောင်မိုးအပေါ်ထားရှိတဲ့ သံယောဇဉ်ကိုလဲ တပည့်တော်တို့ အားလုံးနားလည်ကြပါတယ်။ ဒါပေမဲ့ တစ်ရွာလုံးရဲ့  ဆန္ဒအရ တပည့်တော်တို့ အကောင်းဆုံးဖြစ်အောင် စီမံရပါတော့မယ်ဘုရား"

ဆရာတော်လဲ ဘာမှမပြောတတ်တော့။ ရွာသူရွာသားတွေရဲ့ ဆန္ဒအား ဆရာတော် မလွန်ဆိုင်နိုင်တော့ပြီ။
ဆရာတော့်စိတ်ထဲ လွန်ဆွဲပွဲလေးတစ်ခု ဖြစ်နေပြီကော။ အောင်မိုးကတစ်ဖက်။ ရွာသူရွာသားတွေက တစ်ဖက်။
အောင်မိုးလေးက အဟိတိရစ္ဆာန်။ သာသနာအတွက် သိပ်အကျိုးမရှိလှ။ သနားစရာလေးမို့ သံယောဇဉ်တွယ်မိခြင်းပင်။ ရွာသူရွာသားတွေက ဆရာတော့်ကို လိုလေသေးမရှိအောင် ကပ်လှူဖြည့်ဆည်းပေးကြသူတွေ။ စေတနာသုံးတန်နှင့်ဖြူဖြူစင်စင်လှူဒါန်းပြီး ဆရာတော်ကို ယုံကြည်စွာ ကိုးကွယ်နေကြတဲ့သူတွေ။ ဒကာကြည်လင်မှ သာသနာစည်ပင်မှာ မဟုတ်ပါလား။ သူတို့က သာသနာမကွယ်ပျောက်အောင် တတ်နိုင်တဲ့ဖက်က သာသနာ့တာဝန်ကို ထမ်းဆောင်ကြတဲ့သူတွေ။ သာသနာအတွက် ရွာသူရွာသားတွေက ကျေးဇူးပြုမဲ့သူတွေ။ အောင်မိုးကား ဘာအတွက်မှ ကျေးဇူးမများလှ။

ဒါဆို အဖြေက ရှင်းသွားပြီ။ဆရာတော် သေချာစဉ်းစားပြီး နောက်ဆုံးယတိပြတ်ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒါပေမဲ့ ဆရာတော်လဲ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနှင့်ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် စကားကိုတော့ ၀ိနည်းလွတ်ပြောသွားခဲ့တယ်။

"ကဲ.. ကဲ... ဒကာကြီး၊ ဒီကိစ္စတွေကို ဘာဖြစ်လို့ဆရာတော့်ကို လာတိုင်ပင်နေရတာလဲ။ ဆရာတော်က ဒကာကြီးတို့လို လူဝတ်ကြောင်မဟုတ်ဘူးလေ။ မနက်ဖန် ဆရာတော် အကြောင်းကိစ္စတစ်ခုနှင့်ကောလင်းမြို့ကို သွားစရာရှိတယ်။ တစ်ပတ်လောက်ကြာမယ်။ ထပ်လျောက်စရာရှိတာကို နောက်မှလျောက်ပေါ့။ အခု ဘုရားဝတ်ပြုလိုက်ဦးမယ်။ ပြီးရင် ပစ္စည်းတွေပြင်ဆင်ရဦးမယ်။ ဆရာတော် မရှိစဉ်အတွင်း ကျောင်းကို စောင့်ရှောက်ပါ။ ပြီးတော့ အားလုံးအကောင်းဆုံးဖြစ်အောင် ဒကာကြီးတို့ လုပ်ဆောင်ကြမယ်လို့ ဆရာတော် ယုံကြည်ပါတယ်"

စကားပြောအပြီးမှာ ဆရာတော် မျက်နှာလွဲသွားတယ်။ ပြီးတော့ ဘုရားဝတ်ပြုဖို့ ဘုရားခန်းထဲ ၀င်ရောက်သွားတယ်။ ဒကာကြီးလဲ ဆရာတော်ကို ဦးသုံးကြိမ်မှန်းချပြီး ရွာထဲကို ပြန်လာခဲ့ပါတော့တယ်။ ဆရာတော့်စကားတွေရဲ့  အဓိပ္ပါယ်ကို အဲဒီဒကာကြီး ကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ အောင်မိုးလေးကတော့ သူ့အကြောင်း အကြိတ်အနယ်ဆွေးနွေးနေကြတဲ့ ကိစ္စကို မသိနိုင်ရှာပေ။ သူ့အတွက် နေရောင်ခြည်မြင်ရမဲ့နေ့ရက်တွေ ဆရာတော်ကို ဖူးတွေ့ရမဲ့နေ့ရက်တွေ သိပ်မရှိတော့။

မနက်မိုးလင်းတော့ ဆရာတော် ဆွဲအိတ်တစ်လုံးကိုင်ဆောင်ပြီး ကောလင်းမြို့ကို သွားဖို့ကျောင်းလှေခါးပေါ်က ဆင်းလာတယ်။ ပြီးတော့ အောင်မိုးရှိမယ်လို့ယူဆရတဲ့ ခပ်မြင့်မြင့်သရက်ပင်အောက်ကို လာခဲ့တယ်။ အောင်မိုးကတော့ သရက်ပင်ထိပ်ဖျားမှာ ငြိမ်သက်စွာ အနားယူနေလေရဲ့ ။ ဆရာတော်က သူ့ကို လာနှုတ်ဆက်တာကို သိဟန်မတူ။

"ကဲ... အောင်မိုးလေးရေ... ငါကတော့ ခရီးခဏသွားဖို့ရှိလို့ သွားလိုက်ဦးမယ်။ ကံကောင်းပါစေကွာ။
မင်းကို ငါ မန္တလေးမပို့ခဲ့ရင်၊ ဒါမှမဟုတ် မန္တလေးကနေ ပြန်မခေါ်ယူခဲ့ရင် အခုလို ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူးကွာ။ ငါ မှားခဲ့တာပါ။ ငါ့အမှားအတွက် မင်းအသက်အန္တရာယ်နှင့်ကြုံတွေ့နေရပြီ။ တစ်ပတ်ကျော်ရင် ငါပြန်လာခဲ့မယ်။ ဒါပေမဲ့ ငါပြန်လာတဲ့အခါမှာ မင်းကိုမြင်တွေ့ခွင့်ရဖို့ အခွင့်အလမ်းက အရမ်းနည်းသွားပြီ။ ပြန်မတွေ့တော့ရင်လဲ အခုနှုတ်ဆက်ခြင်းဟာ ထာဝရနှုတ်ဆက်ခြင်းလို့ဘဲ မှတ်ယူပေတော့။ သဗ္ဗေသတ္တာ ကမ္မဿကာပါဘဲလေ"

ဆရာတော် နောက်ကို လှည့်မကြည့်တော့ဘဲ ကျောင်းဝင်းထဲက ထွက်ခွါလာခဲ့ပါတယ်။ ဆရာတော်ရဲ့  ရင်ထဲ ဘယ်လိုခံစားနေရမယ်ဆိုတာ ဆရာတော်ကိုယ်တိုင်လောက် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ သားသမီးမရှိတဲ့သူတွေဟာ လူကိုဖြစ်ဖြစ် တိရစ္ဆာန်ကိုဖြစ်ဖြစ် ငှက်ကိုဖြစ်ဖြစ် တစ်ခုခုကို ခင်တွယ်နေမိရင် အဲဒီသံယောဇဉ်ကြိုးဟာ အရမ်းနက်နဲသိမ်မွေ့လွန်းလှပါတယ်။ ဆရာတော့် မျက်ဝန်းအိမ်မှာ မျက်ရည်ဥလေးတွေ ၀ိုင်းလဲ့နေမလားဆိုတာကိုတော့ ဘယ်သူမှ မမှန်းဆနိုင်ပါဘူး။ ငြိမ်နေတဲ့ရေက ပိုနက်တတ်တဲ့သဘာဝအရ အေးအေးဆေးဆေးနေတတ်သူတွေရဲ့  ခံစားချက်ကား ပိုပြီး ပြင်းထန်မှာ အမှန်ပင်။

ပင်လည်ဘူး-ကောလင်း လိုင်းကားစီးပြီး ကောလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အမှန်ဆို ကောလင်းမှာ လုပ်စရာကိစ္စဘာမှမရှိ။ တမင်ရှောင်ထွက်လာခဲ့ခြင်းပါဘဲ။ ရွာသူရွာသားတွေရဲ့  စိတ်ဆန္ဒကို ဆရာတော် ကောင်းကောင်းသဘောပေါက်လို့ ထွက်ခွါလာခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ သူတို့ အောင်မိုးကို သေချာပေါက် ရှင်းလင်းပစ်တော့မှာဆိုတာ ဆရာတော်သဘောပေါက်ပါတယ်။ မျက်စိရှေ့ မှာ အောင်မိုးလေးကို ရိုက်လားနှက်လားလုပ်မှာ ပစ်လားခတ်လားလုပ်မှာ ဆရာတော်မကြည့်ချင်ဘူး။ အောင်မိုးလေးရဲ့  နာကျင်စွာ အော်ဟစ်မဲ့အသံလေးကို ဆရာတော် မကြားရက်ဘူး။ ဆရာတော် အောင်မိုးကို သားတစ်ယောက်လိုသံယောဇဉ်တွယ်နေမိတာပါ။ ကိုယ့်မျက်စိရှေ့ မှောက်မှာ ကိုယ့်သားမီးဝေဒနာခံစားနေရတာကို ဘယ်မိဘက ကြည့်ရက်ပါ့မလဲ။

ဒါပေမဲ့ ဆရာတော် သူကိုယ်သူ တရားသဘောနဲ့ စိတ်ကို ဖြေသိမ့်လိုက်ပါတယ်။

"သတ္တ၀ါတိုင်း ကံစီမံရာ အတိုင်းပေါ့လေ။ ဘယ်တတ်နိုင်ပါ့မလဲ"

(အပိုင်း ၁၃ ဆက်ဖတ်ပါ)

No comments: