Sunday 1 March 2009

မန္တလေးပြန် အောင်မိုး (၁၀)

ဆရာတော့်ဆုတောင်း မပြည့်ရှာပါဘူး။ အောင်မိုး ပွဲကြမ်းနေလေပြီ။ မိုးမမြင်လေမမြင် မိုက်ရိုင်းလေပြီ။ မှုန်ယိုနေတဲ့ ဆင်တစ်ကောင်လို တွေ့ရာလူတွေကို ရန်ရှာနေလေပြီ။ ဆရာတော့်ကိုတောင်မှ ဘုကြည့်ကြည့်နေလေပြီ။ ခက်ပြီ။
ကိုယ်မွေးထားတဲ့မျောက် ကိုယ်မနိုင်တော့ပြီ။ မြေအလမ္ပါယ်ဆရာရှိသလို မျောက်အလမ္ပါယ်ဆရာရှိရင် သိပ်ကောင်းမှာဘဲ။ အခုအချိန်မှာ အောင်မိုးကို ထိန်းသိမ်းနိုင်တဲ့သူ တစ်ယောက်မှမရှိတော့။

ဆရာတော် တစ်နေ့ကြားရလိမ့်မယ်လို့ထင်ထားတဲ့ မကြားချင်ဆုံး စကားလုံးလေးတွေကို ပထမကျောင်းသား အောင်မိုးရဲ့  ကုတ်ခြစ်ခြင်းကို ခံရပြီးနောက် ၁၀ ရက်အတွင်းမှာဘဲ ထပ်ကြားလိုက်ရတယ်။ ရွာထဲကလာတဲ့စကားတွေပါ။

"နောက်ထပ်ကျောင်းသားတစ်ယောက် မျောက်ကိုက်ခံရပြန်ပြီ။ ဒီတစ်ယောက်က ပိုဆိုးတယ်။ ကျေးလက်ဆေးပေးခန်းတင်မရလို့ တိုက်နယ်ဆေးရုံအထိပို့လိုက်ရတယ်။ မျက်နှာမှာဆိုလဲ ရစရာမကောင်းဘူး။ စုပ်ပြတ်သွားတယ်။ ပြီးတော့ နောက်ကျောမှာလဲ ခြစ်ရာ ရှရာကြီးက ကြောက်စရာကြီး။ ကျောင်းသားလေးခမျာ သေလုမတတ် ဝေဒနာခံစားနေရရှာတယ်"

ဒီစကားကိုကြားကြားချင်း ဆရာတော် ခေါင်းနပန်းကြီးသွားတယ်။ ကျောင်းသားလေးအတွက်စိုးရိမ်တာကတစ်ကြောင်း၊ အောင်မိုးရဲ့  အသက်အန္တရာယ်ထိခိုက်လာတော့မှာ မြင်နေမိတာကတစ်ကြောင်းကြောင့် ဆရာတော် စိတ်ထိခိုက်နေရပါပြီ။ နောက်တစ်ခါမဖြစ်စေရပါဘူးလို့ ကတိပေးထားတာမှ ၁၀ ရက်မပြည့်သေး။ နောက်ထပ်ကျောင်းသားတစ်ယောက် မျောက်ကုတ်ခံရပြန်ပြီ။

ရွာဆိုတော့ သိတဲ့အတိုင်းဘဲ။ ဟိုဘက်ပိုင်းနှင့်ဒီဘက်ပိုင်း အိမ်ထောင်ပြု၊ သားသမီးချင်းပေးစားနှင့်ဆိုတော့ တစ်ရွာလုံး ဆွေမျိုးတွေချည်းလိုလိုဖြစ်နေကြပြီလေ။ မျောက်ကုတ်ခံရတဲ့ ကျောင်းသားနှစ်ယောက်ပေါင်းလိုက်ရင် တစ်ရွာလုံး ဆိုင်ရာဆိုင်ရာ ဆွေမျိုးတွေချည်းပါဘဲ။ ပထမကျောင်းသားအကုတ်ခံရကထဲက အောင်မိုးကို ဆုံးမနေချင်ကြတာ။ အခု နောက်ထပ်ကျောင်းသားတစ်ယောက်ပါ ထပ်အကုတ်ခံရပြီဆိုတော့ အောင်မိုးကို သတ်ချင်တဲ့သူတွေက တစ်ရွာလုံးဖြစ်နေပြီ။

တစ်ရွာလုံးက အောင်မိုးကို သေမင်းဆီပို့ချင်နေကြပြီ။ ဆရာတော်ကတော့ အောင်မိုးရဲ့  အသက်ကို မသေစေချင်သေး။ အသက်ရှင်နေတာကိုဘဲ ပြန်မြင်ချင်နေသေးတယ်။ ဟိုဘက်က တစ်ရွာလုံး။ ဒီဘက်က ဆရာတော်တစ်ပါးထဲ။ မဲစနစ်နဲ့ဘဲ ကြည့်ကြည့်၊ ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ စကားပုံအတိုင်းဘဲ ကြည့်ကြည့် ဆရာတော် ဘယ်လိုမှ ကာကွယ်လို့ မရတော့။ ပြီးတော့ ဆရာတော်က နောက်တစ်ခါ မဖြစ်စေရပါဘူးလို့ ကတိပေးထားပြီးသား။ ဒါပေမဲ့ အခု ဖြစ်ပျက်နေခဲ့ပြီ။

တစ်ချို့ သူတွေဆိုရင် ဆရာတော်... မျောက်ကို စွန့်မှာလား၊ ရွာဦးကျောင်းကို စွန့်မှာလား.. တစ်ခုခုရွေးချယ်ပါ.. ဆိုတဲ့ လေသံတွေတောင် ထွက်နေကြပြီ။ ဟုတ်တယ်လေ။ ဘယ်ဘက်က ကြည့်ကြည့် အမှန်တွေချည်းပါဘဲ။
ကျနော်တို့ ဘုရားအလောင်း ဝေဿန္တရာမင်းကြီးဘ၀တုန်းကတောင် ဇူဇကာပုဏ္ဏားကို မင်္ဂလာဆင်ဖြူတော်လှူမယ်လုပ်တုန်း တိုင်းသူပြည်သားတွေက ဆင်ဖြူတော်ကိုလှူဒါန်းရင် တိုင်းပြည်က ထွက်ပေးရမယ်လို့ သတိပေးခဲ့ကြသေးတာဘဲ။ မင်းကြီးလဲ ဆင်ဖြူတော်ကို လှူဒါန်းလိုက်ပြီး တိုင်းသူပြည်သားတွေရဲ့  ဆန္ဒအတိုင်း တိုင်းပြည်က ထွက်ခွါလာပြီး ၀င်္ကဘာတောင်တန်းမှာ ကျောင်းသင်္ခမ်းဆောက်လုပ်ပြီး နေခဲ့ရတယ်လေ။

အခုကိစ္စမှာကော ဆရာတော် ဘယ်လိုဆုံးဖြစ်မလဲ။ အောင်မိုးရဲ့  အသက်ကိုဘဲ ကယ်တင်မှာလား။ ဒါမှမဟုတ် ရွာသားတွေရဲ့  ဆန္ဒကိုဘဲ လိုက်လျောမှာလား။ ရွာသားတွေကတော့ အောင်မိုးကိုသတ်ဖို့ ပြင်ဆင်နေကြပြီ။ တုတ်တွေဓါးတွေ တစ်ဝင်းဝင်း၊ တူမီးသေနတ်တွေတစ်ကိုင်ကိုင်ဖြစ်နေကြပြီ။

ဆရာတော် အလေးအနက်စဉ်းစားနေမိတယ်။

"အောင်မိုးကို အတင်းခေါ်ပြီး တစ်နေရာကို ငါထွက်သွားရင် အောင်မိုးကတော့ အသက်ချမ်းသာရာရမယ်။ ဒါပေမဲ့ တစ်ခြားနေရာရောက်တဲ့အခါမှာလဲ အောင်မိုးက လူတွေကို ထပ်နှိပ်စက်ရင် ငါဘယ်လို ရင်ဆိုင်ရမလဲ။ သူ့ကို ကယ်တင်လိုက်ရင် လူတွေကို ဒုက္ခပေးသလိုများဖြစ်နေမလား။ သူ့ကို မကယ်လိုက်ရင်ကော မကယ်လိုက်ရလေခြင်းလို့ နောင်တတွေတစ်ဖွားဖွားဖြစ်နေမလား။ သူ့ကို ကယ်ပြီး ဒီကထွက်သွားတာတော့ ဟုတ်ပါပြီ။ ဒီနမ္မားရွာဆိုတာက တစ်ခြားရွာမဟုတ်ဘူး။ ငါ သီတင်းသုံးနေထိုင်စဉ်အတွင်း ဆွမ်းကွမ်းကအစ လိုလေသေးမရှိအောင် ငါ့ကို ဂရုစိုက်ပြီး သာသနာပြုနေကြတဲ့ သူတွေရဲ့ ရွာ။ ငါ ထွက်ခွါသွားရင် ကျေးဇူးကန်းရာ ရောက်သွားမှာပေါ့။ ပြီးတော့ ရွာသားတွေက ငါတို့ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့တဲ့ ဆရာတော်ဟာ ငါတို့အပေါ်မှာ မျောက်တစ်ကောင်လောက်တောင် တန်ဖိုးမထားဘူးလို့ ပြောကောင်းပြောနိုင်တယ်။ ဒီတော့ အောင်မိုးကို ငါ ဥပေက္ခာပြုလိုက်ရရင် ကောင်းမလားမသိဘူး"

အောင်မိုးကို ဥပေက္ခ္ခာပြုဖို့ စဉ်းစားလိုက်ကာမှ အောင်မိုးရဲ့  လှုပ်ရှားသွားလာပုံတွေ၊ မန္တလေးကို ပို့စဉ်တုန်းက မျက်နှာငယ်လေးနဲ့ ကျန်ထားခဲ့တဲ့ ပုံရိပ်တွေ၊ နောက်တစ်နှစ်သွားတော့ ပိန်ခြုံနေပြီး ဆရာတော့်အသံကို ရုတ်တရက်ကြားလိုက်ရလို့ ဆရာတော့်ဆီကို ပြေးလာတဲ့ ပုံရိပ်တွေ အဆင့်ဆင့် ဆရာတော် မြင်ယောင်လာတယ်။ သံယောဇဉ်.... သံယောဇဉ်... အတော်လေး ဖြတ်ရခက်ပါလားနော်။

(အပိုင်း ၁၁ ကို ဆက်ဖတ်ပါ)

2 comments:

ဆောင်း said...

လာဖတ်သွားတယ်နော်

Welcome said...

တစ်ဦးအပေါ် တစ်ဦး
တော်၂လေးကို နက်ရှိုင်းတဲ့
သံယောဇဉ်လေးပါပဲ။
ဆက်ရန် ကို မျှော်နေပါမယ်
လက်တို့လိုက်ပါ