သူကြီးမင်း (တုံးဖလား)
အမုန်းမပွါးပါ၊ အပြုံးများစွာ၊ တုံးဖလားရွာ
Wednesday, 29 March 2017
ကိုယ့်အမြင်သာ
နိုင်ငံတိုးတက်မလားလို့
သာသနာနဲ့ ရင်းလိုက်တယ်။
သာသနာပဲ အနင်းခံရတယ်
နိုင်ငံကတော့
အောက်ဆင်းလို့ ကောင်းနေတုန်း။
(၂၄ သြဂုတ်လ ၂၀၁၆)
ငြိမ်းအေးပါစေ
ရောမမြေပေါ် ငလျင်လှုပ်လို့
လူတွေဖြုတ်ဖြုတ် သေကြတယ်။
တိုက်ဆိုင်စွာရယ် မြန်ပြည်အ၀ှန်းနဲ့
ပုဂံနန်းလဲ လှုပ်သေးတယ်။
ထီးတော်ပန်းတော် မြေပေါ်ခလို့
မျက်ရည်ကျဖို့ ကောင်းလှတယ်။
ကျောက်ဖြူမှာကွယ် မီးတောင်ကွဲလို့
ချော်ရည်များလဲ ပန်းထွက်တယ်။
သဘာဝဘေး၊ လူလုပ်ဘေး၊ ငြိမ်းအေးချင်လှတယ်။
အဲဒါကြောင့် ပဉ္စသီလ၊ မင်းဓမ္မ၊ မြဲကြပါတော့ကွယ်။
(၂၄ သြဂုတ်လ ၂၀၁၆)
မယ်သီဟင်း
တစ်ပတ်တစ်ရက်တော့ သက်သတ်လွတ်စားဖြစ်တယ်။
ဘာမှတော့ ကြီးကြီးမားမား အယူမရှိပါဘူး။
မွေးနေ့မှာ အသားငါးရှောင်ချင်တဲ့ သဘောသက်သက်ကလေးပါ။
ဒီနေ့လဲ မနက်ပိုင်း ပေါင်မုန့်မီးကင် ထောပတ်သုတ်ပြီး ကော်ဖီနဲ့ စားပါတယ်။ နေ့လည်ပိုင်းအတွက် ပဲပြုတ်သုပ်စားဖို့ ဖရီဇာထဲက ထုတ်ထားပါတယ်။
နေ့လည်စာကို ထမင်းဖြူနှင့် ပဲပြုတ်ဆီဆမ်း နှယ်ဖတ်ပြီး ရေနွေးကြမ်းနဲ့ပဲ
မျိုချတော့မယ်ပေါ့။
.
နေ့လည် ၁၁ နာရီထိုးတော့ နေ့လည်စာစားဖို့ အောက်ထပ်ဆင်းတယ်။ ပဲပြုတ်ကို မိုက်ခရိုဝေ့လဲထည့်ပြီး အပူပေးတယ်။ ပြီးတော့ ကြက်သွန်လှီးပြီး ပဲပြုတ်ကို သုတ်တယ်။
.
အိမ်ရှင်အဘိုးအိုက သူကြီး ပဲပြုတ်သုပ်နေတာကို မမြင်ဘူး။
သူ့အခန်းထဲကနေ လှမ်းအော်တယ်။
မောင်ရင်ရေ... ဒီနေ့ သက်သတ်လွတ်နေ့မဟုတ်လား။ မောင်ရင့်အတွက်
ပဲဟင်း double လုပ်ထားတယ် တဲ့။ ပဲဟင်းနှစ်မျိုးပေါ့။
ဟာ... ဟုတ်လား အဘိုး.... ကျနော်လဲ ပဲပြုတ်သုပ်ထားတယ် အဘိုး ဆိုတော့။
အေးကွာ ဒါဖြင့်လဲ ပဲ Triple ဖြစ်သွားတာပေါ့။
ပဲဟင်းသုံးမျိုးရယ်၊ ပြီးတော့ မယ်သီဟင်းရယ်ပေါ့ကွာ။ မနက်က ဈေးသွားတော့ မယ်သီလေးတွေ လတ်လတ်ဆတ်ဆတ်တွေ့လို့ ၀ယ်လာပြီး သတ်သတ်လွတ်ချက်ထားတာ။
.
အဘိုးအိုပြောတဲ့ ပဲဟင်းသုံးမျိုးထက် ဟို မယ်သီဟင်းဆိုတာလေးကို သိချင်စိတ်က ပြင်းပြနေမိတော့တယ်။
ထမင်းစားပွဲပေါ် သွားကြည့်လိုက်တော့မှ သိသွားတယ်။ အဘိုးအိုပြောတဲ့ မယ်သီဟင်းဆိုတာ ဟို စိမ်းစိမ်းစိုစို ဟင်းခွက်လေးကို ပြောတာကိုး။
.
မောင်ရင်ရ... မယ်သီက ခါးသက်သက်နဲ့ စားလို့ အလွန်ကောင်းတယ်။ ပြီးတော့ ဆေးဖက်လဲ ၀င်တယ်။ ဒါကြောင့် အင်္ဂလိပ်တွေဆို မယ်သီကို လွတ်ကြိုက်ကြတာ...။
.
သူကြီးကတော့ ဘိလတ်ရောက်တာ ကြာပေမဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ နာမည်တွေကို ခုထက်ထိ မရင်းနှီးသေးပါဘူး။ အဘိုးအိုက မယ်သီဆိုတော့လဲ သူကြီးလဲ မယ်သီပဲပေါ့။ မှန်မမှန်တော့ မသိဘူး။ အဘိုးအိုက အသက်ကြီးပြီဆိုတော့ စိတ်စွဲရာ ပြောတတ်တယ် မဟုတ်လား။
.
ဘာပဲပြောပြော စားကြည့်လိုက်တော့လဲ တကယ့်ခါးသက်သက်နဲ့
ခံတွင်းတွေ့သား။
ဒါပေမဲ့
အဘိုးအိုပြောတဲ့ မယ်သီဟင်းဆိုတဲ့ စိမ်းစိမ်းစိုစိုဟင်းလေးကို စားနေရပေမဲ့
သူကြီးမျက်စိထဲမှာတော့ အစိမ်းရောင်ပေါ်လိုက် ပန်းရောင်ပေါ်လိုက်နဲ့ အမြင်တွေ ဖောက်ပြန်နေမိတော့တယ်။း)
(၁၆ သြဂုတ်လ ၂၀၁၆)
ဖဘအသိ ဖဘသတိ
မျက်လုံးက မှုန်
လက်က တုန်၍
ခေါင်းအုံကိုက်ခဲ
လည်ဆစ်လွဲမှ
သုံးစွဲခြင်းကို ရပ်မည်လား။
.
ဆီးချုပ်ဝမ်းချုပ်
အင်အားယုတ်၍
ငုတ်တုတ်မေ့မြော
ကိစ္စချောမှ
လေပေါခြင်းကို ရပ်မည်လား။
.
မိတ်စစ်ရှားပါး
မိတ်တုများ၍
ဟိုသွားတူပျော်
အရှက်ပေါ်မှ
မွေ့လျော်ခြင်းကို ရပ်မည်လား။
.
လေပေါ်တိုက်ပွဲ
ဆင်ခါနွှဲ၍
မှောင်ထဲကြိတ်ငို
အကြောက်ပိုမှ
သုံးလိုခြင်းကို ရပ်မည်လား။
.
ဟိုစီးသည်ပွါး
မက်လုံးထွား၍
ငွေအားရင်းရ
မွဲပြာကျမှ
တမ်းတခြင်းကို ရပ်မည်လား။
.
ဖဘစာလျှင်
အဟုတ်ထင်၍
ပြစ်မြင်စာပေ
ညစ်ပတ်လေမှ
တွေဝေခြင်းကို ရပ်မည်လား။
.
အော်...
သူလဲမကင်း
ငါမကင်း၍
အတင်းဆိုမှု
ငါမပြုအံ့
အတုကိုပယ်
အစစ်တွယ်ပြီး
အလွယ်မလိုက်
လွယ်မကြိုက်ဘဲ
စိုက်စိုက်ခါသာ
ကြိုးစားရာသည်
ရပ်ရွာအပေါင်း ဖဘရောင်းတို့။
.
သူကြီးမင်း ( 14 Aug 2016)
အမေ့ကောင်း
တခုခု ရေးမလို့ ဆိုပြီး
ဖဘဖွင့်လိုက်ကာမှ
ဘာရေးရမှန်း မမှတ်မိဘဲ ဖြစ်သွားတယ်။
မနေ့ကလဲ ဒီအတိုင်းပဲ
ကော်ဖီသောက်မယ်ဆိုပြီး
အောက်ထပ် ဆင်းသွားတာ
အောက်ထပ်ရောက်တော့ ယင်ကောင်တစ်ကောင်က
တ၀ီဝီနဲ့ ထမင်းစားခန်းထဲ ပျံနေတယ်
မောင်းထုတ်လိုက်တော့ ဘုရားခန်းထဲ ၀င်သွားတယ်
ယင်ကောင်မောင်းထုတ်ဖို့ ဘုရားခန်းထဲ ၀င်သွားတော့
ဘုရားပန်းအိုးတွေ ရေခမ်းနေတာတွေ့လို့
ဘုရားပန်းအိုး ရေဖြည့်ပါဦးမယ်လေဆိုပြီး
ဘုရားခန်းထဲက ထွက်ပြီး ထမင်းစားခန်းထဲ ပြန်ဝင်ခဲ့တယ်။
.
ထမင်းစားခန်းထဲရောက်တော့ အခန်းထောင့်နားက
စာအုပ်စင်ကို မျက်စိရောက်သွားတယ်
ဒါနဲ့ ငါသိချင်တဲ့ အကြောင်းအရာလေး ဒီစာအုပ်စင်ပေါ်က
စာအုပ်တွေထဲ ဖတ်ဖူးသလိုလို ရှိတယ်ဆိုပြီး
စာအုပ်တွေ မွှေရှာတယ်
ပြီးတော့ စိတ်ဝင်စားတဲ့ စာအုပ်တစ်အုပ်တွေ့တာနဲ့
အဲဒီစာအုပ်ကို ယူခဲ့ပြီး အပေါ်ထပ် တက်လာခဲ့တယ်
ပြီးတော့ စာဆက်ဖတ်တယ်။
.
စာဖတ်ရင်း ခံတွင်းချဉ်လာမှ
ကော်ဖီကို သတိရသွားတယ်
ဒါတောင် ငါကော်ဖီ သောက်ပြီးပြီလား မသောက်ရသေးဘူးလားဆိုတာ
အတော်လေး စဉ်းစားယူပြန်ရတယ်။
.... ကော်ဖီသောက်ချင်..... အောက်ထပ်ဆင်း..... ယင်ကောင်မောင်း.....ဘုရားပန်းအိုးရေဖြည့်...စာအုပ်စင်.. အပေါ်တက်....
ဟင်.... ငါ ကော်ဖီ မသောက်ရသေးပါလားဆိုပြီး
အောက်ထပ်ပြန်ဆင်းပြီး ကော်ဖီ ပြန်သောက်ရတဲ့အဖြစ်။
.
အဲလို မေ့တတ်လွန်းလို့
လမ်းမှာတွေ့ရင် လူမမှတ်မိ နာမည်မမှတ်မိရင်
နားလည်ပေးကြနော
မွေးနေ့ဆို ပိုဆိုးသေး
ဗုဒ္ဓမွေးနေ့နှင့် ကိုယ့်မွေးနေ့လောက်သာ မှတ်မိတာ
ဒါတောင် ကိုယ့်မွေးနေ့ကို မေ့ချင်သေး
မနေ့တနေ့က မွေးနေ့တောင်မှ မိတ်ဆွေရင်းတစ်ယောက်က
မွေးနေ့ နီးလာပြီနော်ဆိုမှ
အဲ... ဟုတ်သား လို့
ကိုယ့်မွေးနေ့ကိုယ် အမှတ်ရသွားတဲ့အဖြစ်။
(၁၂ သြဂုတ်လ ၂၀၁၆)
မွေးနေ့
လူကကြီးပြီး
စိတ်က ငယ်နေတယ်။
စိတ်ကြီးဝင်အောင်
ကြိုးစားရဦးမယ်။
တနေ့နေ့ တချိန်ချိန်
စိတ်ကြီးဝင်နေပြီး
အပြုံးအရယ်မဲ့နေတဲ့
သူကြီးကို
တနေရာရာမှာ တွေ့ရင်
ငြိုငြင်ကြလေမလား။
မငြိုပါနဲ့ကွယ်
မငြင်ပါနဲ့ကွယ်
လူကြီးလုပ်တမ်း ကစားချင်သေးတယ်။
မသေကြသေးရင်တော့
အိုမင်းရင့်ရော်ချိန်ရောက်တဲ့အခါ
သူငယ်အတူတူပြန်ကြသေးတာပေါ့။
အဲဒီအခါကျ
ဖဘထက် ပိုပေါကောင်းတဲ့
ဆော့ဝဲတွေ ပေါ်ချင်ပေါ်နေတော့မှာ။
(၁၀ သြဂုတ်လ ၂၀၁၆)
ချစ်မဆုံး
ကျောင်းဆရာ ဆရာမတွေရဲ့
ပီတိတွေကို ခံစားကြည့်လို့ရတယ်
သူတို့တပည့်တွေ
အဆင့်မြင့်မြင့် ရောက်သွားတဲ့အခါ။
.
ဆရာဝန် ဆရာဝန်မတွေရဲ့
ပီတိတွေကို ခံစားကြည့်လို့ရတယ်
သူတို့လူနာတွေ
ရောဂါပျောက်ကင်းသွားတဲ့အခါ။
.
ချဉ်ပေါင်ပင်လေးတွေ
ရှင်သန်ကြီးထွားလာအောင်
မသွေ့မခြောက်မနွမ်း မသေသွားအောင်
ပြုစုစောင့်ရှောက်ရင်း
အခုလို
ထူထူထောင်ထောင်လေးတွေမြင်ရတော့
ဝမ်းသာလို့ကို မဆုံးတော့ဘူး။
.
ဒါတောင် သူကြီးက
ကိုယ်တိုင် ခူးစားဖို့ စိုက်တာ။
.
ကျောင်းဆရာ ဆရာမတွေလို
ဆရာဝန် ဆရာဝန်မတွေလို
ရလိုမှု စားလိုမှု
မျှော်မှန်းချက် ကင်းကင်းနဲ့
ပြုစုစောင့်ရှောက်ခဲ့တာ မဟုတ်သေးဘူး။
.
အလှကြည့်ပြီး
ကြည်နူးနေရတဲ့
ပီတိထက်
သာလွန်မြင့်မြတ်တဲ့
ပီတိ ရှိနိုင်အံ့မထင်။
.
ဒါကြောင့်
စေတနာဖြူစင်ကြတဲ့
ပညာရေးဝန်ထမ်းတွေ
ကျန်းမာရေးဝန်ထမ်းတွေကို မြင်ရင်
ချစ်လို့ကို မဆုံးတော့ဘူး။
6 August 2016
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)