Wednesday, 20 October 2010

၂၀၁၀၂၀၁၀

Today is special day of 20102010
Double match.
It happens only once in a lifetime. Wish today be a very wounderful day.
All the best luck and be happy the whole life with your family and your best friends.

နှမငယ်တစ်ယောက်ပို့ခဲ့တဲ့ အီးမေးလ်ထဲက မက်ဆေ့ခ်ျလေးတစ်ခုပါ။ ၂၀၁၀ နှစ်ခုထပ်လို့ အမှတ်တရ ပို့လိုက်တာနေမှာ။ ကျေးဇူးပါ နှမငယ်။
၁၀၁၀၁၀ တုန်းကလဲ တစ်ဆယ်သုံးခု ဆုံတောင့်ဆုံခဲမို့ အားကြိုးမာန်တက် အမှတ်တရ မရှိရှိအောင် ကြံဖန်ပြီး နေခဲ့ရတယ်။ ပြီးတော့ အောက်တိုဘာလမှာ သောကြာ စနေ တနင်္ဂနွေတွေ ၅ ရက်တိတိစီရှိမယ်ဆိုပြန်တော့လဲ ဒါဟာ ကံကောင်းခြင်းဘဲလို့ သတ်မှတ်ပြီး တစ်ခုခုလုပ်တိုင်း အကျိုးတစ်ခုခုကို မျှော်ကိုးခဲ့မိတယ်။ အခု လာပြန်ပြီ။ ၂၀၁၀၂၀၁၀ တဲ့။ ၂၀၁၀ နှစ်ခု ထပ်ပြန်ပြီတဲ့။ အမှတ်တရ နေ့တွေကလဲ များမှများဘဲ။ နှစ်ခု ထပ်လို့ကတော့ မြတ်ပြီလို့သာ မှတ်ပေတော့ဗျို့ ။

ဘလော့ဂါမလေးမေဓာဝီသာ ဒီနှစ်ခုထပ်ရခြင်းအကြောင်းကို သိရင် အဘိဓမ္မာတရားတွေထဲက ဘယ်အရာတွေနဲ့ တင်စားပြန်ဦးမလဲ မသိဘူး။ ပညာတတ်ပီပီ ၁၀၊၁၀၊၁၀၊ တုန်းကလဲ...
နစ်နေရင် ဆယ်
ညစ်နေရင် ပယ်
တဆယ်သုံးခု
အကျိုးပြု စေရမယ် ...။
ဆိုတဲ့ တဘောင်လိုလို နှစ်ပေါင်လိုလိုနဲ့ :D ပုညကြိယာဝတ္ထု ၁၀ ပါး၊ သုစရိုက် ၁၀ ပါး၊ ပါရမီဆယ်ပါးတို့ကို တစ်ဆယ်သုံးခုအနေနဲ့ ကောက်နှုတ်တင်ပြခဲ့လေရဲ့။

ကျနော်ရှာကြည့်သလောက်တော့ အဘိဓမ္မာတွေထဲမှာ ၁၀ ဂဏန်းအတွက် ရည်ညွန်းစရာ နံပါတ်တွေ အများ
အပြားရှိပေမဲ့ ၂၀ ဂဏန်းအတွက်တော့ အတော်လေးရှားပါးနေတယ်။ သေချာရှာကြည့်လိုက်တော့မှ ကြိယာစိတ် ၂၀ ဆိုတာကိုတွေ့ရယ်။ အဲဒီ ကြိယာစိတ် ၂၀ ဆိုတာကလဲ မှတ်သားထားရလောက်အောင် လက်တွေ့ဆန်တဲ့သဘောမဟုတ်လေတော့ ရည်ညွန်းရတော့ ခပ်ခက်ခက်ပါဘဲ။
အဘိဓမ္မာတရားတော်ဆိုပြန်တော့လဲ တတ်တဲ့သူ မှတ်သားထားတဲ့သူတွေ ရှင်းပြတာဘဲ ကောင်းပါတယ်လေ။

ကျနော်ကတော့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘူး။ လပ်ကီးကောင်းမဲ့ အချိန်ဆို ထီထိုးပြီးသားပါဘဲ။ ဒီနိုင်ငံက ထီပေါက်ရင် ဘ၀တစ်ခုလုံး ပြောင်းလွဲသွားပြီပေါ့။ နေ့ချင်း ညချင်း ကမ္ဘာကျော် သူဋ္ဌေးကြီးဖြစ်သွားမှာလေ။ ထိုးထားတဲ့ ဂဏန်းထွက်ပြီး ဂျက်ပေါ့ဆုကြီးပေါက်ရင်တော့ ဒီပို့စ်ကိုလာဖတ်သူတွေရဲ့ ဌာနေကို မရောက်အရောက်လာပြီး ဧည့်ခံကျွေးမွေးမယ်ဗျို့ ။ တကယ်ပြောတာ။ မလိမ္ဘူး။ စောစောစီးစီး ရောက်အောင်သာ လာခဲ့ကြနော်။ ကြိုဆိုနေမယ်။ အဲ... ဘော်ဒါတို့လဲ ကံစမ်းဖို့ မမေ့နဲ့ဦးနော်။ တိုက်ဆိုင်ရင် ပေါက်တတ်တယ်။ ထီ။

ဘာမှမဟုတ်ဘူး။ သိပ်မအားတာနဲ့ ဆားချက်ကြည့်တာ။း))

အားလုံးကျန်းမာထီပေါက်နိဗ္ဗာန်ရောက်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

Sunday, 17 October 2010

တန်ပြန်ကွန်မင့် (Positive)


ကျွန်ုပ်၏ ဘလော့ ၂ နှစ်ပြည့်သို့ ကြွရောက်ချီးမြှင့်ကြသော ဂုဏ်သရေရှိ ဘလော့ဂါအပေါင်းနှင့်စာဖတ်သူအပေါင်းတို့အား လွန်စွာမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ရှေးဦးစွာ ပြောကြားလိုက်ပေ၏။ စာရေးသူတို့၏ အာဟာရဓါတ်စာသည် နတ်သြဇာ နတ်သုဒ္ဓါများမဟုတ်ချေ။ စာဖတ်သူများ၏ ကွန်မင့်လှလှလေးများသာ ဖြစ်ချေတော့၏။ ထို့ကြောင့် ကျွန်ုပ်၏ ပေါက်ကွဲခြင်းနိယာမအတွက် အဟာရအဆီအနှစ်အဖြစ် ခြေရာချန်ခဲ့ကြကုန်သော ဦးဦးဒေါ်ဒေါ်(ပြူးပြူးထော်ထော်) ကိုကိုမမ (ပျိုပျိုလှလှ) ညီညီမ(အပီလှ) တို့၏ ကျေးဇူးကို ကျွန်ုပ်၏ တန်ပြန်ကွန်မင့်များဖြင့် ခြယ်မှုန်းလိုက်ပေတော့အံ့။ ပျိုမုန်းနေတဲ့ အငိုအပြုံးလေးတွေကို ဘေးချိတ်ပြီး အေးရိပ်မှာ ချွေးသိပ်ကြပါစို့။ ဆေးလိပ်တော့ မယူခဲ့ကြနဲ့နော။း))

၁။အပျိုမျှော်တဲ့ ကိုဇော် (စိတ်မဆိုးနဲ့ စတား) )
မနာလိုဝန်တိုမှု ဣဿာ(သူတစ်ပါးကြီးပွါးနေတာ၊ ပျော်ရွှင်နေတာကို မနာလိုမရှုစိမ့်မှု) မစ္ဆရိယ(မိမိပစ္စည်းကို ကပ်စေးနှဲကပ်ထားသကဲ့သို့ မည်သူ့ကိုမျှ မပေးကမ်းမစွန့်ကြဲချင်သည့် ၀န်တိုမှု) တို့သည် အဘိဓမ္မာသဘောအရ လောဘဒေါသအတွင်း၌ အကျုံးဝင်နေပေ၏။ ထို့ကြောင့် သီးသန့် မဖော်ပြခြင်းဖြစ်ပေ၏။ သို့သော်ငြားလည်း ကိုဇော်၏ အကြံပေးမှုသည် လူသားအများစု၌ ထင်ဟပ်မြင်သာသည့် (တွေ့မြင်နေရသည့်)သဘောသဘာဝ ဖြစ်နေသောကြောင့် ကျွန်ုပ်သည်ပင် လောဘ ဒေါသ ပေါက်ကွဲမှုအစား ဣဿာ မစ္ဆရိယ ပေါက်ကွဲမှုသို့ ပြောင်းရေးရရင် ကောင်းမလားဟုပင် စိတ်အစဉ်တွင် ထင်ဟပ်ခဲ့ပေ၏။ ကွန်မင့်အတွက် အထူးပင် ကျေးဇူးတင်နေမိပါ၏။

၂။အကျိုးဆောင်တဲ့ ဖြိုးအောင်
ကျွန်ုပ်၏ ပို့စ်အတွင်းရှိ သဘောသဘာဝများကို သိထားသင့်သည့်အချက်များပါ ဟူ၍ မှတ်ချက်ပေးခဲ့သောကြောင့် ကျွန်ုပ်သည် လွန်စွာမှ ပီတိစားကာ အားအလွန်ရှိသွားမိချေ၏။

၃။ သေချာပြီဆိုတဲ့ မေဓာဝီ
နှစ်နှစ်သားပေမဲ့ မငယ်တော့ပါ။ အတောင်အလက်တွေ အတော်စုံလင်နေချေပြီ။ ဖောက်ခွဲသင့်သည့်အရာများကို ဖောက်ခွဲပစ်ရမည် ဟူသော သူမသီအိုရီကို သဘောကျသော်လည်း ကျွန်ုပ်၏ဆိုလိုရင်းမှာ အပေါက်ကွဲခံ ပစ္စည်းတို့၏ နစ်နာဆုံးရှုံးမှုကို ဦးတည်ဖော်ပြနေသောကြောင့် အနာပြည်များကို ဖောက်ထုတ်လိုက်လျှင်လည်း ဖောက်ထုတ်သည့်နေရာ၌ ပေါက်ကွဲခြင်းသဘောကိုဆောင်ပြီး နစ်နာရခြင်းကို အထူးပြုထားပါ၏။ အတွေးပွါးစေလောက်သည့် အရေးအသားကွန်မင့်အတွက် ကျွန်ုပ်လွန်စွာမှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း ထပ်လောင်းမြွက်လိုက်ပေ၏။

၎။ သွန်းအလှပဂေးဖြစ်တဲ့ ယွန်းညီမလေး
သိသင့်တာလေးတွေ မှတ်သားသွားလို့ ဓါတ်ပြားဟောင်းတစ်ချပ် အပ်သွားချောင်းထပ်အောင် ထပ်ထပ်ပြီး ကျေးဇူးတင်လိုက်ပေ၏။

၅။ အလှဝေတဲ့ မဆွေ
စဉ်ဆက်မပြတ်လာရောက်အားပေးသည့်အတွက် ဘိလပ်အသုံးဖြင့် Thanks million ဟူ၍ ထောပနာပြုလိုက်ပေ၏။

၆။စနောက်တတ်တဲ့ ဘကျောက်
ပေါက်ကွဲသံကြောင့် နှာခေါင်းပိတ်ထားသော်လဲ လက်ကျန်သံယောဇဉ်လေးဖြင့် မပြေးခင် တစ်မှေးလောက်ရှူသွားခဲ့သည်ဟူ၍ သိရသည့်အတွက် များစွာဖြင့် ဥဒါန်းကျူးကောင်းချီးပေးလိုက်ပေ၏။

၇။အသိလွန်တဲ့ မိခွန်
အတွင်းလိုက်စားပြီး အတင်းကိုက်စားချင်စိတ်ပေါက်သော်လဲ တအင်းအင်း ချုပ်ထိန်းပြီး သည်းခံ၍ နေရသည်ဆိုသောကြောင့် လွန်စွာမှ ရိုးသားလှသည့် ညီမငယ်လေးပမာ စိတ်အစဉ်၌ ထင်ဟပ်လာပေ၏။ ပေါက်ကွဲခြင်း၏ ဆိုကျိုးကို သိ၍ မပေါက်ကွဲအောင် သည်းခံခွင့်လွတ်နေတတ်သည့်အတွက် ၀မ်းမြောက်နုမော် သာဓုခေါ်လိုက်ပေ၏။

၈။ ဟင်းတွေရှာနေတဲ့ နှင်းဟေမာ
အတည်အတံ့ဖြင့် လူမှုရေးကိစ္စများကို စိတ်အားထက်သန်စွာလုပ်နေသော သူငယ်မလေးပင် ဖြစ်လင့်ကစား ယခုလို ဟာသမြောက်သည့် ရယ်စရာများကို တဒင်္ဂဥာဏ်ဖြင့် ခပ်ရွှင်ရွှင် ခပ်သောသော ရေးသားကွန်မင့်ပေးထားခဲ့သည့်အတွက် တုံဖလားရွာသူကြီး :D ကျွန်ုပ်အဖို့ မျက်စိမှားသွားသည်ဟူ၍ပင်ထင်မှတ်ပြီး နှစ်ခေါက်သုံးခေါက် ဖတ်ယူရလောက်အောင် ရေးတတ်လှပေ၏။ ထိုကွန်မင့်လေးသည် ကျွန်ုပ်၏ အင်အားကို တိုးပွါးစေလေ၏။ ထို့ကြောင့် ကျေးဇူးတင်၍မဆုံး ဖြစ်နေပေတော့၏။

၉။ အလွန်လှတဲ့ ဇွန်မ
နှစ်နှစ်ပြည့်ဆုတောင်းလေးအတွက် ကျေးဇူးတင်ကျေနပ်မိပါ၏။ ကျွန်ုပ်၏ဘလော့ကို ဆက်လက်ရေးသားပါဦးမည်ဟူ၍လည်း သန္နိဋ္ဌာန်ပြုပါ၏။

၁၀။ အလွမ်းစာမရေး အဆန်းစာတွေသာရေးတဲ့ ပန်းကဗျာလေး
ပေါက်ကွဲခြင်းသဘောရဲ့ ဥပမာပေးပုံကို တန်ဖိုးရှိလှပါတယ်ဟု အားပေးစကားပြောသည့်အတွက် လွန်စွာမှ အားရကျေနပ်မိပါ၏။

၁၁။အမျိုးမှန်တဲ့ မိုးယံ
ဒေါသဖြစ်နေတုန်း ဒေါသသံစဉ်တွေ လာဖတ်မိသည်ဟု သိရသည့်အတွက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လှပေ၏။ တစ်ယောက်ထဲ ချုပ်တည်းနေခြင်းသည်အကောင်းဆုံးဖြစ်ပေသည်ဟု သဘောပေါက်ပေးသည့်အတွက် သာဓုသာဓုသာဓုဟု သုံးကြိမ်သုံးခါတိတိခေါ်ဆိုလိုက်ရပေ၏။

၁၂။ အလှတွေနှင့်ယဉ်နေတဲ့ အမရွှေစင်
ဟိုပေါက်ကွဲသံက အနာဆုံးနှင့်အနံဆုံးဆိုတော့ ဘယ်ပေါက်ကွဲသံကိုဆိုလိုတာပါလိမ့်ဟူ၍ နဖူးပေါ်လက်တင်၊ လက်ပေါ်နဖူးတင်ပြီး မတင်မကျ အထင်ကရ စဉ်းစားတွေးတောစရာဖြစ်စေပေ၏။း))) အဲဒီအသံကြားတိုင်း အမရွှေစင်ကို သတိရနေမိမှာ အမှန်ပါဘဲ ဟု ပြောကြားအသိပေးလိုက်ပေ၏။

၁၃။အပေအတေခံတဲ့ နေ၀သန်
မနောက်တော့ဘူးဆိုပြီး ခပ်နောက်နောက်ကလေးလုပ်သွားတော့ ဂေါက်ဂေါက်ကလေး ဖြစ်များသွားပြီလားလို့။း)) နှစ်နှစ်ဆိုတော့ နားစေသတည်းတဲ့။ နားချင်သေးဘူး။ အတောင်အလက်တွေစုံတဲ့အထိ ပျံသန်းနေပါဦးမယ်ဟူ၍ ဆိုလိုက်ရပေ၏။

၁၄။အထူးမမက်တဲ့ ဂျူးလိယက်
ဝတ္ထုရေးဆရာမလေးပီပီ ယနေ့မှစ နှစ်ပေါင်းတစ်ရာတိုင်ဟူ၍ တုံးဖိတဲ့ဖား၊ မြုံးမိတဲ့ ငါးကဲ့သို့ ပြုံးစိစိနဲ့ ငုံးတိတိလေးဖြစ်နေတဲ့ ကွန်မင့်အတွက် ကြည်နူးမိပါ၏။ ထို့ကြောင့် ပရိသတ်ကြီးများအား ညီမလေးဂျူးလိယက်၏ ရသကောင်းကောင်း ၀တ္ထုရှည်လေးတွေကို အားပေးကြပါဦးလို့ ကြော်ငြာပေးလိုက်ပါ၏။

၁၅။အလှအပတောက မမချော
ရင်ထဲရောက်အောင် ထည့်ပေးနိုင်တဲ့ အရေးအသားတွေကြောင့် ဖတ်သူတွေကို ဖတ်ပြီးရင်း ဖတ်ချင်ရင်း ဖြစ်စေနိုင်သူပီပီ ကျွန်ုပ်၏ ဓါတ်ကြီးလေးပါးပေါက်ကွဲပုံကို နားလည်သဘောပေါက်စွာ ကွန်မင့်ချန်ထားခဲ့သည့်အတွက် များစွာ ၀မ်းသာကြည်နူးမိပါ၏။

၁၆။ကောင်းမွန်ခြင်းတွေ စုနေတဲ့ မမကောင်းမွန်ဝင်း
ဝိုင်းဒိုင်းဂွမ်းအစချီပြီး ပျော်ရွှင်စွာ ချထားခဲ့တဲ့ ကွန်မင့်လေးများက ကျွန်ုပ်၏ စိတ်အားငယ်မှုတို့ကို အင်အားသစ် ထည့်လောင်းပေးသကဲ့သို့ ရှိလှချေ၏။ ပျော်လာရင် မီးပန်းလွှတ်လေ့ရှိတဲ့ နိုင်ငံမှာ နေသူပီပီ ပေါက်ကွဲသံစဉ်တွေကို ကြားရတိုင်း ပျော်ရွှင်စွာပေါက်ကွဲတတ်သူ မမကောင်းမွန်ဝင်းအား ဂုဏ်ပြုလိုက်ပါ၏။

၁၇။အချစ်တစ်မျိုးကင်းတဲ့ မြစ်ကျိုးအင်း (သို့မဟုတ်) အထာအသစ်နဲ့ ဆရာမြစ်
စိတ်တိုပြီး ထွက်ခါနီး အမြန်ထိန်းသိမ်းလိုက်နိုင်တယ်ဟူ၍ ဖွင့်ဟလာသည့်အတွက် ဆရာမြစ်တို့ အိမ်ထောင်ရေး ကံကောင်းဦးမည်ဟု အနာဂါတ်ခရီးအတွက် ကြိုတင်တွက်ကိန်းထုတ်လိုက်မိ၏။ ကျွန်ုပ်အမြဲတမ်းသွားပြီးဖတ်ရှုနေကျဖြစ်သည့် အားကျစရာကောင်းသည့်ဘလော့ပိုင်ရှင်တစ်ယောက်က လာရောက်ပြီး ချီးမြှောက်ပေးသည့်အတွက် အမှန်ပင် ပျော်ရွှင်ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုက်ရပေ၏။

၁၈။အချက်အတော်ပီတဲ့ ဘလက်ကော်ဖီ
အခုမှရောက်ပြီး အခုခြေရာချန်ထားခဲ့တဲ့အတွက် ထပ်မံပြီး လာရောက်ဖို့ ဖိတ်မန္တကပြုလိုက်ရပေ၏။ ကွန်မင့်အတွက်လဲ ကျေးဇူးဥပကာရ တင်ရှိပါ၏။

၁၉။အလှဝေဖြာနေတဲ့ မဗေဒါ (၈၈)
မအေးတင်၏ ပေါက်ကွဲမှုကို ကိုယ်ချင်းစာသနားပေးသဖြင့် မဗေဒါလဲ အလှဝေဖြာနေရုံမဟုတ်ဘဲ မေတ္တာ ကရုဏာ ပြည့်နှက်နှလုံးသားရှိမှန်း ထင်ရှားလှပေ၏။ ထိုအတွက် သာဓုခေါ်လိုက်ရပေ၏။ သို့ရာတွင် ၇၅ နှစ်သက်တမ်းကို သဘောမတွေ့ မနောမခွေ့မှန်း သိသဖြင့် အမြွက်မျှ လှစ်ဟပြလိုက်ပေ၏။ ယူရုပ် ငါရုပ် သူရုပ် ဘယ်ရုပ်ဖြစ်ဖြစ် နာမ်ရုပ်နှစ်ပါးနှင့် ဟန်လုပ်စားနေကြသူချည်းဖြစ်ပေ၏။ အာရှ လျာရှ သွားရှ ဘယ်လိုဘဲ ရှရှ သူ့ဘ၀နဲ့ သူပင်ဖြစ်၏။ အမေရိက အဖေရိက အဒေါ်ရိက အန်ကယ်ရိက ဘယ်လိုဘဲ ကက မရ-ရတာနဲ့ မကျေနပ်နိုင်ကြသူချည်းပင်ဖြစ်၏။ အာဖရိက နှာဖရိက အထာဖရိက ဘယ်လိုဘဲ ကက သူတို့လဲ တစ်နေ့ ကြွကြရဦးမည်ဖြစ်၏။ ၾသစေတးလ်၊ ဟတ္စေတးလ်၊ နဲဗားစေတးလ် ဘယ္လုိဘဲလ်လ် မရဏခရီးတော့ တစ်နေ့နေ့ အပြီးသွားရမည်ဖြစ်ပေ၏။ အမှန်ဆိုရပါမူ ၇၅ နှစ်သက်တမ်းဟူသည်မှာ မိတ်အင်ကိုကိုမောင် မဟုတ်ချေ။ ငယ်စဉ်ကာလ သင်ကာပြပေးတဲ့ ရွာဦးကျောင်းဆရာတော်အပါအ၀င် ဆရာတော်သံဃာတော်များ၏ အဘိဓမ္မာပို့ချချက်တို့မှ ကောက်နှုတ်၍ တင်ပြလိုက်ခြင်းဖြစ်ပေ၏။ တောင်ကျွန်း မြောက်ကျွန်း အရှေ့ကျွန်း အနောက်ကျွန်းသားတို့၏ သက်တမ်း။ ကတယုဂ် တြေတယုဂ် ဒွါပရယုဂ် ကလိယုဂ်တို့၏ အသက်ရေတွက်ပုံ။ နှစ်တစ်ရာတိုင်း သက်တမ်းတစ်နှစ် ဆုတ်လျော့လေ့ရှိသည့် ဆုတ်ကပ်တစ်စုံတွက်ချက်ပုံ (ဗုဒ္ဓသည် သက်တမ်း ၁၀၀ တမ်း၌ ပွင့်ပေါ်လာခဲ့ပြီး ပရိနိဗ္ဗာန်စံလွန်သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီးဖြစ်သည့်အတွက် ၂၅ နှစ်လျော့ပြီး သက်တမ်း ၇၅ နှစ်သာ ကျန်တော့သည်ဟူလို)။ ဗုဒ္ဓဘာသာတွက်နည်းအရ တွက်ခြင်းပင်ဖြစ်၏။ သေချာ ကျနစွာ သိရှိလိုပါမူ ဗုဒ္ဓဘာသာဆရာတော်ကြီးများ ပညာရှိကြီးများတို့ထံ ချဉ်းကပ်၍ မေးမြန်းနိုင်ပါသည်ဟု ပြောကြားလိုပေ၏။ တကူးတကနဲ့ လာရောက်ထောက်ပြပေးတဲ့အတွက် လွန်စွာမှ ကျေးဇူးတင်မိပေ၏။

၂၀။လက်တို့ပြီးပြောတတ်တဲ့ ဘလက်ရို့ စ်
မျိုသိပ်ထားတာနဲ့ စာရင် ပေါက်ကွဲပစ်လိုက်တာက ပိုကောင်းပါတယ်ဟု ဆိုလာသော နှင်းဆီနက်၏ အချက်ကျကျ လာပြောမှုကို သဘောကျမိပါ၏။ လာလာပြီးအားပေးတဲ့အတွက် ကျေးဇူးအထူးတင်လှပေ၏။

ကွန်မင့်များကို တန်ပြန်ကွန်မင့်အဖြစ်တင်ပေးလိုက်ပါ၏။ ဂုဏ်သရေရှိ လာရောက်ဖတ်ရှုသူများအားလုံး ပျော်စရာ မော်စရာ ကျော်စရာ တော်စရာ ခေါ်စရာများနှင့် ကျေနပ်စွာ ကြည်နူးစွာ ကြည်ဖြူစွာ အတုံဆူ အတူဆုံနိုင်ကြပါစေသတည်း။

ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

.

Saturday, 16 October 2010

လေထဲဆောက်တဲ့အိမ်

အဲဒီနေ့က လသာတယ်။ ပြည့်ပြည့်ဝန်းဝန်းကြီးကို သာခဲ့တယ်။ လုံးလုံးဝိုင်းဝိုင်းကြီးကို သာခဲ့တယ်။ မှတ်မှတ်ရရ အဲဒီလပြည့်ဝန်းကြီးခေါင်းအငြိမ့်မှာ ရိုးသားစွာ အိမ်တစ်အိမ်တည်ဆောက်ခဲ့ဖူးတယ်။ အဲဒီအိမ်ဟာ မြေကြီးပေါ်မှာလဲ မဟုတ်ဘူး။ ရေပြင်ပေါ်မှာလဲ မဟုတ်ဘူး။ မြေအောက်မှာလဲ မဟုတ်ဘူး။ ရေအောက်မှာလဲ မဟုတ်ဘူး။ ချောင်းထဲမှာလဲ မဟုတ်ဘူး။ မြောင်းထဲမှာလဲ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင်တော့ အာကာသမဲမဲထဲမှာ သဲသဲမဲမဲဆောက်ခဲ့တဲ့ အိမ်၊ လေထဲက အိမ်ပေါ့။

လေထဲက အိမ်ဆိုတော့ ဆူနာမီကို ကြောက်စရာမလိုဘူး။ ငလျင်ကို မှုစရာမလိုဘူး။ တောမီးကို စိုးရိမ်စရာမလိုဘူး။ တောင်မီးကို လန့်စရာမလိုဘူး။ မိုးခေါင်မှာ မပူရဘူး။ ရေကြီးမှာ မပူရဘူး။ မီးတောင်ပေါက်မှာ မပူရဘူး။ ရေခဲတောင်ပြိုမှာ မပူရဘူး။ တောပြုန်းမှာ မပူရဘူး။ တောင်ကတုံးဖြစ်မှာ မပူရဘူး။ ရေနံယိုစီးမှာ မပူရဘူး။ မိုင်းတွင်းပြိုကျမှာ မပူရဘူး။ ထောင်ချောက်ကို ကြောက်စရာမလိုဘူး။ ကျော့ကွင်းကို လန့်စရာမလိုဘူး။ ကုန်ကုန်ပြောရရင် ဘာအန္တရာယ်ကိုမှ ကြောက်လန့်စရာမလိုဘူး။ အဲ.. ဒါပေမဲ့.. လေထဲမှာ ဆောက်တဲ့အိမ်ဆိုတော့ လေရဲ့ရန်ကိုတော့ ကြောက်နေရတယ်။

အိမ်လေးက လှပတယ်။ သန့်ရှင်းတယ်။ သေသပ်တယ်။ သပ်ရပ်တယ်။ သာယာတယ်၊ အေးမြတယ်။ ကြည်လင်တယ်။ ပြတ်သားတယ်။ တင့်တယ်တယ်။ ၀င့်ကြွယ်တယ်။ ကြည်နူးဖို့ကောင်းတယ်။ ရည်စူးဖို့ကောင်းတယ်။ အပြစ်ကင်းတယ်။ အညစ်ရှင်းတယ်။ ပနာလှတယ်။ အထာကျတယ်။ ထားသိုဖို့ကောင်းတယ်။ နားခိုဖို့ကောင်းတယ်။ လမ်းများရှိတယ်။ ပန်းတံတားရှိတယ်။ ဆင်းရနံ့ပေးတယ်။ သင်းပျံ့ပျံ့မွှေးတယ်။ ကျေးတမာလာတယ်။ တေးသံသာတယ်။ ညီမျှခြင်းရှိတယ်။ ဂီတသီချင်းရှိတယ်။ သာယာခြင်းနဲ့တည်ဆောက်ထားတယ်။ မာယာကင်းမဲ့ တည်ဆောက်ထားတယ်။ အမှန်ပြောရရင် အဟောင်းတွေ အားလုံးမှောက်ထားပြီး အကောင်းတွေ အားလုံးနဲ့ တည်ဆောက်ထားခဲ့တယ်။

တစ်နေ့။ အဲဒီတစ်နေ့။
လေဆွဲအားမညီတဲ့နေ့။ လေမြဲအားမညီတဲ့နေ့။ လေကန်တဲ့နေ့။ လေထန်တဲ့နေ့။ နေမလာတဲ့နေ့။ နေမသာတဲ့နေ့။ တိမ်မုန်းတဲ့နေ့။ တိမ်ဖုံးတဲ့နေ့။ လေမငြိမ်တဲ့နေ့။ လေမထိန်တဲ့နေ့။ လေတိုက်တဲ့နေ့။ လေမိုက်တဲ့နေ့။ လေတိုးတဲ့နေ့။ လေထိုးတဲ့နေ့။ လေသိုးတဲ့နေ့။ လေဆိုးတဲ့နေ့။ လေပျက်ကွက်တဲ့နေ့။ လေရက်စက်တဲ့နေ့။ လေလာတဲ့နေ့။ လေမညှာတဲ့နေ့။ လေမသထာတဲ့နေ့။ လေမစာနာတဲ့နေ့။

အဲဒီနေ့။ အဲဒီတစ်နေ့မှာ။
လေထဲမှာ ဆောက်ခဲ့တဲ့ အိမ်...
လေထဲမှာဘဲ မှောက်သွားရောပေါ့။
လေထဲမှာဘဲ လျောက်သွားရောပေါ့။
လေထဲမှာဘဲ နှောက်သွားရောပေါ့။
လေထဲမှာဘဲ ခေါက်သွားရောပေါ့။
လေထဲမှာဘဲ ပျောက်သွားရောပေါ့။

လမင်းကြီးရယ်.. အားနာလိုက်တာ။
လုံးလုံးဝန်းဝန်း ၀င်းဝင်းပပရှိလာတဲ့နေ့မှာ အချိန်တိုအတွင်းဆောက် အချိန်တိုအတွင်းပျောက်ခဲ့တဲ့၊ အချိန်တိုအတွင်းထုံး အချိန်တိုအတွင်းပြုန်းခဲ့တဲ့ အိမ်ပြိုလေးတစ်လုံးရဲ့အဖြစ်ကိုကြည့်ပြီး မထိတထိ ရိတိတိနဲ့ ပြုံးစိစိများ ဖြစ်နေလေလိမ့်မလား။ စိတ်အားတော့ ခပ်ငယ်ငယ်ရယ်။ ။

..

Wednesday, 13 October 2010

ပေါက်ကွဲခြင်း နိယာမ


"မအေးတင် ဗိုက်ကြီးကတော့ တင်းနေပြီဟေ့၊ ပေါက်ကွဲကာနီးနေပြီ"

နေ့စေ့လစေ့ဖြစ်နေသည့် တုံးဖလားရွာမှ မအေးတင်၏ ဗိုက်ကြီးကို ကြည့်ပြီး ကာလသားတစ်သိုက်က အရွှန်းပေါက်၍ ပြောနေကြခြင်းဖြစ်၏။
...

ပေါက်ကွဲတတ်သည့် အရာမှန်သမျှ ပေါက်ကွဲတတ်ချေ၏။ မှန်၏။ ပေါက်ကွဲသည့်အရာမှန်သမျှတိုင်းလည်း ပေါက်ကွဲတတ်သည့် သဘောရှိသည်ချည်းဖြစ်၏။ ပေါက်ကွဲခြင်း၏ အစသည် တွန်းကန်ခြင်းပင်ဖြစ်၏။ တွန်းကန်ခြင်း၏ ကနဦးသည် လှုပ်ရှားမှုကြောင့်ဖြစ်၏။ ရှင်းရှင်းဆိုရသော် လှုပ်ရှား> တွန်းကန်> ပေါက်ကွဲ ဟု ဆိုရမည်ပင်ဖြစ်၏။ ထိုသဘောကိုပင် အဘိဓမ္မာ၌ ၀ါယောဓါတ်လွန်ကဲခြင်းဟု အမည်တွင်၏။ ထိုဝါယောဓါတ်သည် ဓါတ်ကြီးလေးပါးထဲမှ တစ်ပါးဖြစ်၏။ ထို့ကြောင့် ဓါတ်ကြီးလေးပါးကို အမြွက်မျှ ရှင်းပြချင်၏။ အဘယ့်ကြောင့်ဆိုသော် ထိုဓါတ်ကြီးလေးပါးလုံး သူ့နည်းသူ့ဟန်ဖြင့် ပေါက်ကွဲတတ်သောကြောင့် ဖြစ်၏။

ပ အာ ၀ါ တေ ဓါတ်ကြီးလေးထွေ ဟု ဆိုရိုးစကားရှိသည့်အတိုင်း ဓါတ်ကြီးလေးပါးသည် ပထ၀ီဓါတ် (မာမှု ပျော့မှုသဘော)၊ အာပေါဓါတ် (ယိုစီးမှုသဘော)၊ ၀ါယောဓါတ် (လှုပ်ရှားတွန်းကန်သဘော)၊ တေဇောဓါတ် (အပူလောင် အအေးလောင် သဘော) တို့ပင်ဖြစ်၏။ ထိုဓါတ်ကြီးလေးပါးသည် အချင်းချင်း ညီမျှနေရမည်ဖြစ်၏။ အကယ်၍ အချင်းချင်းညီမျှခြင်းနယ်ပယ်ကို ကျော်လွန်ခဲ့ငြားအံ့၊ ထိုအခါ၌ ပေါက်ကွဲမှုသဘောက ချက်ချင်းလာရောက်နေရာယူမည်ဖြစ်၏။

အရှင်းဆိုရပါမူ ပထ၀ီဓါတ်လွန်ကဲလျှင် ထုံကျင်မှု တောင့်တင်းမှု၊ လေဖြတ်မှု စသည်တို့ဖြစ်ပေါ်တတ်၏။ အာပေါဓါတ် လွန်ကဲလျှင် ရေဖျဉ်းတည်မှု ရှူးရှူးပေါက်မှု၊ ၀၀တုတ်တုတ် ဖိုးဝရုပ်လိုဖြစ်တတ်မှုတို့ ဖြစ်ပေါ်တတ်၏။ ၀ါယောဓါတ်လွန်ကဲလျှင် လေလည်မှု လေချဉ်တက်မှု နားအတွင်းမှ လေထွက်မှု စသည်တို့ ဖြစ်ပေါ်တတ်၏။ တေဇောဓါတ်လွန်ကဲလျှင် နှုတ်ခမ်းကွဲမှု၊ မျက်စိမွဲမှု၊ ဆံပင်ဖြူမှု ပိန်ပိန်လိန်လိန်ဖြစ်မှု စသည်တို့ ဖြစ်တတ်၏။ ထိုသည်တို့သည် ဓါတ်ကြီးလေးပါးလုံး၏ ပေါက်ကွဲမှု တစ်စိပ်တစ်ဒေသပင်ဖြစ်၏။ ထိုသို့ ဓါတ်ကြီးလေးပါး မညီမျှ၍ ဖြစ်ပေါ်လာတတ်သည့် သဘောသဘာဝများသည် ဇရာ၏ လမ်းကြောင်း အသွင်ကို ဆောင်နေတော့၏။

ဤနေရာ၌ ၀ါယောဓါတ်၏ ပေါက်ကွဲမှုကို အထူးပြုလို၏။ အဘယ့်ကြောင့်ဆိုသော် ၀ါယောဓါတ်၏ ပေါက်ကွဲမှုက ပို၍ ထင်ရှားသောကြောင့်ဖြစ်၏။ အစကနဦးစကားကို ပြန်ယူရပါမူ ပေါက်ကွဲတတ်သည့် အရာမှန်သမျှ ပေါက်ကွဲတတ်ချေ၏။ လေအပြည့်မှုတ်ထည့်ထားသော ပူစီဖောင်းသည် ပေါက်ကွဲတတ်ချေ၏။ ဂယက်ကြောင့် ဖြစ်ပေါ်လာသည့် ရေမြှုပ်တို့သည် ပေါက်ကွဲတတ်ချေ၏။ လေအပြည့်ထိုးထားသည့် တာယာ(ကျွတ်)ဘီးတို့သည် ပေါက်ကွဲတတ်ချေ၏။ တွန်းကန်အား ပြင်းထန်သည့် လက်ပစ်ဗုံး၊ အနုမြူဗုံးစသည်တို့သည် ပေါက်ကွဲတတ်ချေ၏။ ယုတ်စွအဆုံး ကိုယ်ဝန်ဆောင်နေသည့် အမျိုးသမီးတို့၏ ၀မ်းဗိုက်သည်ပင် ပေါက်ကွဲတတ်သော သဘောရှိချေ၏။

ပေါက်ကွဲသည်ဆိုရာဝယ် ပေါက်ကွဲလွယ်သော နေရာမှ စတင်၍ ပေါက်ကွဲ၏။ အမှန်ဆိုရပါမူ ပါးလွှာသော သို့မဟုတ် လမ်းကြောင်းပေးထားသော နေရာမှ စတင်၍ ပေါက်ကွဲ၏။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသို့ တွန်းကန်မှုတို့ အလုံးလိုက်အခဲလိုက် ရောက်လာကြသောကြောင့်ဖြစ်၏။ အမျိုးသမီးတစ်ယောက် ကလေးမွေးသည်ကို ဥပမာပေးချင်၏။ ၀မ်းဗိုက်ကြီးဖောင်းကားနေသော်လည်း ၀မ်းဗိုက်ပေါက်ကွဲသည်ဟူ၍ မရှိ၊ မွေးလမ်းကြောင်းအတိုင်းသာ ဆင်းပြီး ပေါက်ကွဲ၏။ မွေးလမ်းကြောင်းသည် ၀မ်းဗိုက်၏ အပါးလွှာဆုံးသော နေရာဖြစ်သည့်အတွက် ထိုကဲ့သို့ ထိုနေရာ၌ ပေါက်ကွဲခြင်းဖြစ်၏။ ပူစီဖောင်း၊ တာယာ(ကျွတ်)ဘီး၊ ဗုံး စသည်တို့လည်း ထိုကဲ့သို့ သဘောရှိသည်ပင်ဖြစ်၏။ ပါးလွှာသော သို့မဟုတ် ထွက်ပေါက်ရှိနိုင်သော နေရာကစပြီး ပေါက်ကွဲကြ၏။

ထိုသို့ပေါက်ကွဲရာဝယ် အဆင့်အားဖြင့် သုံးဆင့်ရှိ၏။ ထိုသုံးဆင့်တို့မှာ ပေါက်ကွဲတတ်သောသဘော(အမြုတေ)၊ ပေါက်ကွဲဖို့ တာစူခြင်းသဘော၊ ပေါက်ကွဲခြင်းသဘောတို့ပင်ဖြစ်၏။ ဥပမာအားဖြင့် ပူစီဖောင်းလေးသည် ပေါက်ကွဲတတ်သောသဘောရှိ၏။ ၀ါယောဓါတ်များစွာ လွန်ကဲနေ၍ ဖြစ်၏။ သို့သော် ပေါက်ကွဲစေလောက်သည့် အထိအခိုက်မျိုးမရှိလျှင်မူ ပေါက်ကွဲခြင်းသို့ တာစူနေမည်မဟုတ်ပေ။ သို့ရာတွင် ထိုပူစီဖောင်းလေးအား အပ်ဖျားလေးဖြင့် ထိုးဆွလိုက်ပါမူ ထိုထိုးဆွခိုက်၌ ပေါက်ကွဲဖို့ တာစူနေပြီဖြစ်၏။ ထို့နောက် ထိုအပ်ဖြင့် ထိုးဖောက်ထားသည့် နေရာသို့ ၀ါယောဓါတ်တို့သည် အစုအဝေးဖြင့် လာရောက်ထွက်ပေါက်ရှာကြ၏။ အပေါက်ပမာဏနှင့် ၀ါယောဓါတ်ပမာဏ မညီမျှသည့်အတွက် ပူစီဖောင်းရှိအပ်အပေါက်ကလေးသည် လွန်စွာမှ ကျယ်ဟလာပြီး ပူစီဖောင်းလေးခမျာ ပေါက်ကွဲခြင်းသို့ ရောက်ရရှာလေတော့၏။ ထိုအဆင့်သုံးဆင့်တို့၏ ဖြစ်ပျက်မှုသည် မြန်ဆန်လွန်းသည့်အတွက် အများသူငါတို့မှာ ပေါက်ကွဲခြင်းအဆင့်မျှကိုသာ ပို၍မြင်တတ်ကြလေ၏။

ထိုပေါက်ကွဲခြင်း၏ ဆိုးကျိုးကို ဘေးပတ်ဝန်းကအရာဝတ္ထုတွေထက် အပေါက်ကွဲခံပစ္စည်းက ပို၍ ခံစားရ၏။ ထင်ရှားစွာပြအံ့။ ပူစီဖောင်းပေါက်ကွဲခြင်းကြောင့် အနီးနားမှ ငှက်များလန့်ဖြတ်ထပျံခြင်း၊ ကလေးငယ်များ လန့်၍ ငိုကြွေးခြင်း၊ လူကြီးများ လန့်၍ ယောင်ယမ်းအော်ဟစ်ခြင်းစသည်တို့လောက်သာ ဆိုးကျိုးဖြစ်စေ၏။ သို့ရာတွင် ပူစီဖောင်းလေးမှာ ပေါက်ကွဲပျက်စီးခြင်းသို့ ရောက်ရရှာပြီး ဘ၀ပျက်ရတဲ့အထိ ဆိုးကျိုးကို ခံစားရလေတော့၏။ အလားတူပင် အနုမြူဗုံးပေါက်ကွဲလျှင်လည်း ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများ ပျက်စီးဆုံးရှုံးကြရတတ်သည်ထက် အပေါက်ကွဲခံပစ္စည်းဖြစ်သည့် ထိုအနုမြူဗုံးလေးကိုယ်တိုင်သည် အစပင်ရှာ၍မရလောက်အောင် ပိုမို၍ပျက်စီးသည့် ဆိုးကျိုးတို့ကို ခံစားလေတော့၏။ ထို့ကြောင့်ပင် ပေါက်ကွဲမှု မှန်သမျှတို့သည် ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေသည်ထက် မိမိကိုယ်ကို ပိုမို၍ ထိခိုက်စေသည်ဟု ဆိုခြင်းဖြစ်၏။
..

ဘာသာရေးနယ်ဖက်ကို အနည်းငယ်မျှ ငဲ့စောင်းကြည့်ချင်၏။ ပုထုဇဉ်နယ်ပယ်၌ အကြမ်းဖျဉ်းအားဖြင့် ကုသိုလ် အကုသိုလ်ဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ ထိုတွင် အကုသိုလ်ကို အထူးပြုလို၏။ ပို၍ ထင်ရှားသောကြောင့်ဖြစ်၏။ အကုသိုလ်ကို လောဘ ဒေါသ မောဟ ဟူသည့် ဟိတ်သုံးပါးတို့ဖြင့် ဖွဲ့စည်းထား၏။ ထိုသုံးပါးတို့တွင် လောဘသည် မောဟနှင့်ယှဉ်တွဲ၍ ဖြစ်၏။ ဒေါသသည်လည်း မောဟနှင့်ယှဉ်တွဲ၍ ဖြစ်၏။ ထို့ကြောင့် ထို လောဘ ဒေါသတို့ကို ဒွိဟိတ်စိတ်(ဟိတ်နှစ်ပါးရှိသောစိတ်) ဟူ၍ ခေါ်တွင်ကြ၏။ မောဟသည် သူ့ဖာသာ အိုင်ဆိုလေးရှင်းအဖြစ်နဲ့ ရှင်သန်၏။ ထို့ကြောင့် ဧကဟိတ်စိတ် (ဟိတ်တစ်ပါးတည်းသာ ရှိသောစိတ်) ဟူ၍ အမည်တွင်၏။ မောဟသည် လောဘ ဒေါသ တရားများလောက် ထင်ရှားမှုမရှိဘဲ တိမ်မြှုပ်နေတတ်၏။ လောဘနှင့်ဒေါသတို့မှာမူ ထင်ရှားစွာ ဖြစ်ပေါ်တတ်လေ၏။ အဘယ့်ကြောင့်ဆိုသော် ပေါက်ကွဲမှု ပြင်းထန်သောကြောင့် ဖြစ်၏။

ထိုလောဘနှင့်ဒေါသ ပေါက်ကွဲမှုတို့သည်လည်း အဆင့်အားဖြင့် သုံးဆင့်ရှိလေ၏။ တိမ်မြှုပ်နေခြင်း(အနုသယ)၊ ထကြွလာခြင်း(ပရိယုဋ္ဌာန)၊ လွန်ကျူးခြင်း(၀ီတိက္ကမ)တို့ပင် ဖြစ်၏။ ဥပမာဆိုရသော် လောဘသည် ပုထုဇဉ်တိုင်း၌ရှိ၏။ သို့သော် တိမ်မြှုပ်နေစဉ် မရှိသလိုထင်မှတ်ရ၏။ လိုချင်မှု အရာဝတ္ထုကို တွေ့မြင်ရသည့်အခါမှသာ ထကြွလာ၏။ ထကြွလာပြီး လိုချင်မှုလွန်ကဲသောကြောင့် ခိုးယူမှု လွန်ကျူးမှု စသည်တို့ဖြစ်ပေါ်လာ၏။ တိမ်မြှုပ်အဆင့်၌ မထင်ရှားသော်လည်း ထကြွအဆင့်၌ ထင်ရှားလာ၏။ လွန်ကျူးအဆင့်၌မူ အထင်ရှားဆုံးအဆင့်သို့ ရောက်လာလေတော့၏။

ဒေါသသည်လည်း ထိုကဲ့သို့ပင် တိမ်မြှုပ်မှု၊ ထကြွမှု၊ လွန်ကျူးမှုဟူ၍ပင် အဆင့်သုံးဆင့်ရှိလေ၏။ စိတ်ကြည်လင်နေခိုက် တည်ငြိမ်နေသလောက် ဒေါသဖြစ်လာလျှင် တရှူးရှူးဖြစ်တတ်၏။ စိတ်တည်ကြည်နေစဉ်၌ ဒေါသသည် စိတ်အစဉ်အတွင်း မရှိတော့သယောင်ထင်မှတ်ရ၏။ ဒေါသကင်းသွားပြီဟူ၍ပင် ထင်မှတ်တတ်ကြ၏။ သို့သော် မနှစ်သက်သည့် အရာဝတ္ထုကို မြင်တွေ့ရမှု ကြားရမှု အနံ့ရှူရမှု စားရမှု တွေ့ထိရမှုတို့၌ ကြုံတွေ့လာသည့်အခါမှာကား ဒေါသသည် အိပ်စက်ရာမှ လန့်နိုးလာသကဲ့သို့ ထကြွလှုပ်ရှားလာလေတော့၏။ အထူးအားဖြင့် မိမိမနှစ်သက်သည့်သူ၊ မိမိမုန်းတီးသည့်သူကို မြင်တွေ့ရ၊ ထိုသူ၏ အသံကို ကြားရသည့်အခါမျိုး၌ ဒေါသသည် ထကြွတွန်းကန်လှုပ်ရှားပြီး အပြင်းထန်ဆုံး ပေါက်ကွဲခြင်းအဆင့်သို့ ရောက်ရှိလေတော့၏။ မနောကံပေါက်ကွဲမှုမှသည် ၀စီကံပေါက်ကွဲမှု သို့မဟုတ် ကာယကံပေါက်ကွဲမှုအဆင့်သို့ရောက်ရှိပြီး အတင်းတုတ်ခြင်း၊ ဂုန်းတိုက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်သတ်ပုတ်ခြင်းအဆင့်သို့ပင် ရောက်ရှိလေတော့၏။

လောဘထက် ဒေါသသည် ပို၍ ပေါက်ကွဲမှု ပြင်းထန်၏။ ပို၍ပြင်းထန်ခြင်းကြောင့် အပေါက်ကွဲခံရသူထက် ပေါက်ကွဲသူကိုယ်တိုင်က ပို၍ခံစားရ၏။ ပို၍ အနေရခက်၏။ ပို၍အနေရကြပ်၏။ အပေါက်ကွဲခံသူတို့က ဖာသိဖာသာ နေမည်ဆိုနေနိုင်ကြသော်လည်း ပေါက်ကွဲသူကိုယ်တိုင်ကမူ တစ်မြေ့မြေ့ လောင်ကျွမ်းခံစားရ၏။ တောက်တစ်ခေါက်ခေါက်ရှိနေတတ်၏။ စဉ်းစားကြည့်လေ ပိုပြီးဒေါသထွက်လေ ဖြစ်တတ်၏။ ပေါက်ကွဲခြင်း၏ ဆိုးကျိုးပင်ဖြစ်၏။

ရုပ်ဝတ္ထုတို့၏ ပေါက်ကွဲမှုဖြစ်စေ၊ စိတ်အစဉ်၌ရှိသည့် အကုသိုလ်တရားတို့၏ ပေါက်ကွဲမှုဖြစ်စေ၊ ပေါက်ကွဲမှုဟူသမျှတို့၌ ပေါက်ကွဲသူကိုယ်တိုင်သာလျှင် ပို၍အထိခိုက်ဆုံး အနစ်နာဆုံး အပျက်စီးဆုံး ဖြစ်၏။ ထို့ကြောင့် ထိုအကုသိုလ်ပေါက်ကွဲမှုဖြစ်သည့် လောဘပေါက်ကွဲမှု ဒေါသပေါက်ကွဲမှုတို့ကို အဆုံးစွန်ထိ မကျော်လွှားနိုင်ကြသေးသော်လည်း တစ်စတစ်စ လျော့လျော့ပြီး ပေါက်ကွဲမှုတို့ကို ထိန်းထားသင့်၏။ လူတို့၏ သက်တမ်းသည် လက်ရှိအနေအားဖြင့် ၇၅ နှစ်သက်တမ်းသာ ဖြစ်၏။ ၇၅ နှစ်ဟူသော အချိန်သည် လေးညှို့ မှလွတ်လိုက်သည့် မြှားကဲ့သို့ ခဏအတွင်း ရောက်ရှိလာမည်ဖြစ်၏။ ထိုတိုတောင်းလှသည့် ကာလလေးတစ်ခုအတွင်း၌ အကုသိုလ်ပေါက်ကွဲမှုတို့နှင့်သာ အမြဲတမ်းပေါက်ကွဲနေကြမည်ဆိုလျှင် ပတ်ဝန်းကျင်အတွက်ကော မိမိအတွက်ပါ ပျော်စရာ ကြည်နူးစရာ အချိန်များကို အကျိုးမဲ့ဖြုန်းတီးပစ်ရာ ရောက်ချေတော့၏။ သံသရာနှင့်ချီပြီး နစ်နာဆုံးရှုံးမှုကို တိုင်းတာပြန်ပါကလည်း ဒေါရဲ လောပြိတ် မောတိရိစ် ဟူသည့် အဘိဓမ္မာဆိုရိုးစကားအတိုင်း ဒေါသပူစီဖောင်း ပြင်းထန်ပေါက်ကွဲပြီး သေဆုံးလျှင် ငရဲသို့ ကျရောက်တတ်၏။ လောဘပူစီဖောင်း ပြင်းထန်ပေါက်ကွဲပြီးသေဆုံးလျှင် ပြိတ္တာဘုံဘ၀ ရောက်တတ်လေ၏။ (ထို့အတူပင် မောဟလွှမ်းမိုးပြီး သေဆုံးလျှင် တိရစ္ဆာန်ဘုံဌာနသို့ ရောက်ရတတ်လေ၏။)

ပေါက်ကွဲခြင်းကြောင့် မည်သူတွေ နစ်နာမည်နည်း။ မိမိကိုယ်တိုင်သာ နစ်နာမည်သာတည်း။ ။
...

ရက်သိပ်မကြာမီမှာပင် မအေးတင်တစ်ယောက် ကလေးတစ်ယောက်ကို မွေးဖွားလေတော့၏။ တောရိုးရာအတိုင်း လက်သည်ဖြင့်ပင် မွေးဖွားရလေ၏။ သားဦးလေးမို့ မအေးတင်ခမျာ အတော်လေးခံလိုက်ရ၏။ ဆယ်လခန့်စုထားသည့် အစိုင်အခဲတစ်ခု အပြင်သို့ ပေါက်ကွဲထွက်စင်ခြင်းပင်ဖြစ်၏။ ထိုပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ သတ္တ၀ါလေးများကို မထိခိုက်သော်လည်း ပေါက်ကွဲသူ မအေးတင်ကိုယ်တိုင်မှာမူ ပြင်းထန်စွာ ခံစားရလေ၏။

ထပ်ပြီးပြောပါဦးမည်။

"ပေါက်ကွဲခြင်းကြောင့် မည်သူတွေ နစ်နာမည်နည်း။ မိမိကိုယ်တိုင်သာ နစ်နာမည်သာတည်း"

မှတ်ချက်။ ။
အကုသိုလ်ပူစီဖောင်းများ၏ ပေါက်ကွဲသံစဉ်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်ကြရန် ရည်ရွယ်၍ ကျွန်ုပ်ကိုကိုမောင်(ပန်းရနံ့)၏ (၂) မြောက် ဘလော့မွေးနေ့လေး၌ ကျွန်ုပ်၏ တတ်သလောက် မှတ်သလောက် မဖြစ်စလောက် ပညာလေးဖြင့် ရေးခြယ်လိုက်ခြင်းပင် ဖြစ်ပေတော့၏။ အမှားမြင်တွေ့ပါက အချိန်မဆိုင်းဘဲ ၀ုန်း ဒိုင်း ဂွမ်း ညာသံပေးပြီး ခပ်သွက်သွက်ထောက်ပြပေးကြပါရန်ကိုလည်း တောင်းဆိုသမှု ပြုလိုက်ပါ၏။ ။


.

Tuesday, 12 October 2010

ရှုံးပြီးသားမို့....


မပြိုင်လိုပါဘူး
အစကထဲက
ရှုံးပြီးသားမို့ပါ။

မနိုင်လိုပါဘူး
ဟဒယထဲက
မုန်းတီးသွားမှာ စိုးလို့ပါ။

အရှုံးချင်း ပြိုင်မလား
အပြုံးချင်း ပြိုင်မလား
အမုန်းချင်း ပြိုင်မလား
နှလုံးချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အချစ်ချင်း ပြိုင်မလား
အပြစ်ချင်း ပြိုင်မလား
အသစ်ချင်း ပြိုင်မလား
အညစ်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

လောကချင်း ပြိုင်မလား
သောကချင်း ပြိုင်မလား
ဒေါသချင်း ပြိုင်မလား
လောဘချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အိပ်စက်ချင်း ပြိုင်မလား
အိပ်ပျက်ချင်း ပြိုင်မလား
အိပ်ခက်ချင်း ပြိုင်မလား
အိပ်မက်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အမျက်ချင်း ပြိုင်မလား
အခက်ချင်း ပြိုင်မလား
အရှက်ချင်း ပြိုင်မလား
အသွက်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အတ္တချင်း ပြိုင်မလား
နှပ်ချချင်း ပြိုင်မလား
မှတ်ရချင်း ပြိုင်မလား
ဓါတ်ကျချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အသဲချင်း ပြိုင်မလား
အကွဲချင်း ပြိုင်မလား
အကဲချင်း ပြိုင်မလား
အရဲချင်း ပြိုင်မလား
အဆဲချင်း ပြိုင်မလား
အလဲချင်း ပြိုင်မလား
ငရဲချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

ရွဲ့ ချင်း ပြိုင်မလား
ပဲ့ချင်း ပြိုင်မလား
ဒဲ့ချင်း ပြိုင်မလား
မဲ့ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

မာနချင်း ပြိုင်မလား
ဌာနချင်း ပြိုင်မလား
ဒါနချင်း ပြိုင်မလား
လာဘချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

မာယာချင်း ပြိုင်မလား
စွာတာချင်း ပြိုင်မလား။

အထင်သေးချင်း ပြိုင်မလား
အမြင်ဝေးချင်း ပြိုင်မလား။

ကိုယ်က ရှုံးပြီးသားပါ။

အရှုံးတွေနဲ့ နေသားကျနေတဲ့ ငါ
အမုန်းတွေနဲ့ေ၀၀ါး ကနေတဲ့ ငါ
အပြုံးတွေနဲ့ ထွေပြား ၀နေတဲ့ ငါ
တစ်ခါတစ်လေမှာတော့
ဘ၀ါဘဝေက ကောင်းမှု
အကြောင်းပြုပြီး တိုင်တည်
"နိုင်ပြီ"ဆိုတဲ့ ဘ၀လေး
တွေးတွေးပြီး
ရေးရေးလေး ကြည်နူးနေချင်မိလေရဲ့။ ။

.

Sunday, 10 October 2010

၁၀၊၁၀၊၁၀


၁၀၊၁၀၊၁၀ တဲ့။ ဘာတွေမှန်းတော့သိဘူး။ စုံနေတာပါဘဲ။ ဗေဒင်၊ သိပ္ပံ၊ အားကစား၊ မွေးနေ့၊ ဒဏ်ရာရတာတွေတောင်ပါလိုက်သေး။ ၁၀၊၁၀၊၁၀ အမှတ်တရတဲ့လေ။ Event တွေက များမှများဘဲ။ A Global Day တဲ့။ A most auspicious day တဲ့။ The large day of positive action on climate change လုပ်ကြမယ်တဲ့။ ရောက်တတ်ရာရာတွေ အကုန်လုံးလုပ်နေကြသလိုပါဘဲ။ ဘာများထူးမလဲဆိုပြီး ၁၀၊၁၀၊၁၀ အကြောင်း ၀က်ဘ်ဆိုက်တွေပေါ်တက်ပြီး ရှာကြည့်ဖြစ်သေးတယ်။ ခေါင်းကို မူးသွားတာပါဘဲ။ ဘာမှ မယ်မယ်ရရ မသိလိုက်ဘူး။ စိတ်မ၀င်စားတာလဲ ပါတာပေါ့လေ။ သိတယ်မဟုတ်လား၊ ကျနော်က စိတ်မ၀င်စားရင် ဟိုလှန်ဒီလှန်လောက်ဘဲ လုပ်တတ်တာကိုလေ။ :P :P :P :P :P :P :P :P :P :P

စာဖတ်ဘော်ဒါတွေလဲ လုပ်ထားကြနော်။ ၁၀၊၁၀၊၁၀ မှာ ဘာမှ အမှတ်တရမကျန်ခဲ့ဘဲ ဖြစ်နေဦးမယ်။ ဘာမှ လုပ်စရာမရှိရင် လက် ၁၀ ချောင်း လက်သဲနီဆိုးတာတို့၊ ထိုင်ထ ၁၀ ခါတို့၊ အိပ်ထ ၁၀ ခါတို့၊ ရှူးရှူးပေါက် ၁၀ခါတို့ လုပ်ထားကြရင် မကောင်းဘူးလား။ ဒါမှ ၁၀၊ ၁၀၊ ၁၀ အတွက် အမှတ်တရ ကျန်မှာလေ။ မဟေသီလေးများ ကိုယ်စီရှိကြတဲ့သူတွေကတော့ မွှေးမွှေး ၁၀ ပေးရင် ပိုပြီး အမှတ်တရ ဖြစ်မလားလို့။ ကျနော်ကတော့ ဘာမသိညာမသိ၊ သူများ ၁၀ ဆိုလို့ မနက်က အိပ်ရာနိုးနိုးချင်း မေတ္တသုတ်တော့ ၁၀ ခါ ရွတ်ပြီးပြီ။ အမှတ်တရ မကျန်မှာ စိုးလို့။ နောက်ထပ် ဘယ်လိုမျိုး ၁၀ တွေလုပ်ရဦးမလဲ။ တော်ပြီ။ စာကြောင်းလဲ ၁၀ ကြောင်းပြည့်သွားပြီ။ ဒါလဲ အမှတ်တရဘဲပေါ့။ :D :D :D :D :D :D :D :D :D :D

.

Tuesday, 5 October 2010

ကျွန်ုပ်၌မိဘနှစ်ပါးရှိခဲ့သည် (၅)

ကျွန်ုပ်၌မိဘနှစ်ပါးရှိခဲ့သည်။
ကျွန်ုပ်တို့ကို လူလားမြောက်အောင် အမေ ပြုစုပျိုးထောင်ပေးခဲ့သည်။ သားငါးယောက်တို့၏ စားဝတ်နေရေးအတွက် ကောက်စိုက်ပျိုးနှုပ်ဘ၀ဖြင့် အမေကျင်လည်လှုပ်ရှားနေခဲ့ရသည်။ အမေ့လက်နုနု၌ အသားမာတို့နေရာယူကြကုန်ပြီ။ အဖေ့အလွမ်းပြေအဖြစ် အမေကွမ်းစားတတ်လာသည်။ ထို့ကြောင့် အမေ့သွားတို့ နီကျင်ကျင်ဖြစ်နေကြသည်။ အဖေဆုံးစဉ်က အမေ့အသက် ၃၀ မျှသာရှိသေးသည်။ သို့သော် နောက်အိမ်ထောင်ကို အမေလုံးဝမစဉ်းစားခဲ့ပေ။ သားငါးယောက်တို့၏ ဘ၀သည် အမေ့ဘ၀ဖြစ်သည်။ သားငါးယောက် ပြုံးပျော်နေသည်ကို မြင်တွေ့ရလျှင် အမေကျေနပ်နေတတ်သည်။ သားငါးယောက် အဆင်မပြေဖြစ်နေသည်ကို မြင်ရလျှင် အမေ ခိုးပြီးမျက်ရည်ကျတတ်သည်။ အမေ့ဘ၀သည် ကြမ်းတမ်းလွန်းလှသည်။ ဘ၀အတွက် ရုန်းကန်လှုပ်ရှားရလွန်း၍ အသက်ငယ်ငယ်ရှိသေးသည့် အမေသည် အသက် ၅၀ ကျော်အရွယ်ဟု ထင်ရလောက်အောင် အရွယ်ကျမြန်လွန်းလှသည်။

ကျွန်ုပ်တို့ မိသားစု အလွန်ဆင်းရဲခဲ့သည်။ အလွန်ဒုက္ခရောက်ခဲ့ကြသည်။ အထူးသဖြင့် ဒုက္ခအားလုံး အမေ့အပေါ် ပုံကျလာတတ်သည်။ ကျွန်ုပ်၏အကိုလတ်သည် အမေဆင်းရဲနေသည်ကို မကြည့်ရက်တော့ပေ။ ထို့ကြောင့် အမေနှင့်တကွ မိသားစုအားလုံး ချမ်းသာဖို့အရေး မြို့တက်ပြီးအလုပ်ရှာသည်။ ရန်ကုန်ထိတက်၍ အလုပ်လုပ်သည်။ နောက်ဆုံး သူငယ်ချင်းတစ်စုနှင့်အတူ တာချီလိတ်သို့ ရောက်သွားသည်။ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ ပုန်းလျှိုးကွယ်လျှိုးရောက်သွားသည်။ မိသားစုအရေး အကိုလတ်စွန့်စားလွန်းသည်။ သူသည် ချမ်းသာကြွယ်ဝသည့် အမေနှင့်ညီအစ်ကိုတို့ကို ပုံဖော်ကြည့်ပြီး အားတက်စွာ အလုပ်လုပ်သည်။ သို့သော် ယနေ့တိုင် အကိုလတ်ကို အဆက်အသွယ်မရတော့ပေ။ သေလားရှင်လား မသိရလောက်အောင် ပျောက်ဆုံးစာရင်းဝင်နေလေသည်။

ပထမဆုံးနှင့်နောက်ဆုံးအဖြစ် အကိုလတ်ပို့ခဲ့သည့် ငွေကြေးအနည်းငယ်ဖြင့် အမေ့အိမ်ကို တည်ဆောက်ခဲ့ကြသည်။ အကိုလတ်သည် မိသားစုအားလုံးထဲတွင် မြို့တက်ပညာသင်နေသည့် ကျွန်ုပ်နှင့်သာ အဆက်အသွယ်လုပ်သည်။ နောက်ပိုင်း၌ ကျွန်ုပ်နှင့်ပင် အဆက်အသွယ်ပြတ်တောက်သွားသည်။ ဘယ်ဆီဘယ်ဝယ်ရောက်သွားမှန်း မသိတော့ပေ။ အကိုလတ်ကို ကျွန်ုပ် မကြာမကြာ အိပ်မက်မက်သည်။ "မချမ်းသာမချင်း မပြန်လာဘူး"ဟု ဟစ်ကြွေးသွားခဲ့သည့် အကိုလတ်၏ စကားကို ကျွန်ုပ်အမှတ်ရနေမိသည်။ အမေသည် ကျွန်ုပ်အား "အကိုလတ်နှင့်အဆက်အသွယ်ရလား" ဟူ၍ အကြိမ်ပေါင်း တစ်ရာမက မေးသည်။ ကျွန်ုပ်လည်း အမှန်အတိုင်း "မရဘူး" ဟုပင်ပြန်ဖြေသည်။ မြို့ကနေ ကျွန်ုပ် အလည်အပတ်ပြန်လာတိုင်း အမေက ကျွန်ုပ်ကို အကိုလတ်အကြောင်း ခဏခဏမေးလေ့ရှိသည်။ ထိုသို့ခဏခဏမေးလွန်းသည့်အတွက် ကျွန်ုပ်က "အမေရယ်... အနားမှာရှိတဲ့သားတွေကို အားမကိုးဘဲနဲ့ ဘာဖြစ်လို့ အမေတစ်ယောက်လုံးကိုတောင် အဆက်အသွယ်မလုပ်တဲ့သားအကြောင်းကိုမှ ခဏခဏမေးနေရတာလဲ၊ အမေ့ကို သူသတိရရင် သူဆက်သွယ်မှာပေါ့၊ မေ့ထားလိုက်စမ်းပါ အမေရာ" ဟု ၀မ်းနည်းသံကြီးဖြင့် ပြောလိုက်မိလေသည်။ အမေမျက်နှာသိသိသာသာ ညှိုးငယ်သွားသည်ကို ကျွန်ုပ် တွေ့မြင်လိုက်ရပြီး စိတ်မကောင်းဖြစ်မိသည်။ ထိုနေ့မှ စ၍ ကျွန်ုပ်ကို အကိုလတ်အကြောင်း အမေ ဘယ်တော့မှ မမေးတော့ပေ။

ကျွန်ုပ်သည် တစ်မြို့ပြီးတစ်မြို့ ပြောင်းပြီး ပညာသင်ယူသည်။ မြို့ကြီးတစ်မြို့၌ ပညာသင်ကြားနေခိုက် တစ်နေ့၌ ဖုန်းတစ်ခုဝင်လာသည်။ "အမေနေမကောင်းသည့်အကြောင်း၊ အစားအစာမ၀င်တာ နှစ်လလောက်ရှိပြီ ဖြစ်ကြောင်း၊ နေမကောင်းခါစကထဲက ကျွန်ုပ်ကို အကြောင်းကြားချင်သော်လည်း ကျွန်ုပ်၏ပညာရေး အနှောက်အယှက်ဖြစ်မှာစိုးရိမ်၍ အမေက အကြောင်းမကြားဖို့ တားမြစ်ထားခဲ့သည့်အတွက် အကြောင်းမကြားခဲ့တာ ဖြစ်ကြောင်း၊ ယခု အခြေအနေဆိုးရွားလာ၍ အမေမသိခင် ခိုးပြီးဖုန်းဆက်အကြောင်းကြားရခြင်းဖြစ်ကြောင်း၊ အခြေအနေလုံးဝမကောင်းတော့ကြောင်း" စသည်ဖြင့် အမေ့ကျန်းမာရေးအတွက် အကြောင်းကြားသောဖုန်းပင်ဖြစ်သည်။ ကျွန်ုပ်ကြိတ်ငိုနေမိခဲ့သည်။ ကျွန်ုပ်တို့၏ ဦးတည်ချက်သည် အမေ့အတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကြိုးစားမှုသည် အမေ့ ငြိမ်းချမ်းမှုအတွက်ဖြစ်သည်။ အမေ့ကို ချမ်းချမ်းသာသာထားချင်သည်။ တင့်တောင့်တယ်တယ်ဖြင့် ရပ်ရွာအလည်မှာ ၀င့်ကြွားစေချင်သည်။ အမေပြုံးပျော်နေတာကို မြင်ချင်သည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ အမေဂုဏ်ယူနေတာကို ကြုံတွေ့ချင်သည်။ အမေသည် အမေ့အလှည့်၌ ကျွန်ုပ်တို့သားငါးယောက်လုံးကို တတ်နိုင်သလောက် ဆင်ပေးခဲ့သည်။ ကျွေးမွေးခဲ့သည်။ ပညာပေးခဲ့သည်။ သို့သော် ကျွန်ုပ်တို့အလှည့်ကို အမေစောင့်နိုင်အံ့မထင်တော့ပေ။ ထိုအတွက် ကျွန်ုပ် ပို၍ ၀မ်းနည်းမိသည်။

ဖုန်းသတင်းရရချင်း နှစ်ညအိပ် သုံးရက်ခရီးဖြင့် အမေရှိရာ(တုံးဖလားရွာ)သို့ ရထားတစ်တန် ကားတစ်တန်ဖြင့် ကျွန်ုပ်အပြေးပြန်လာခဲ့သည်။ အမေ့အိမ်ရောက်သောအခါ အမေ့ကို အိပ်ရာထဲမှာ ပက်လက်အနေအထားဖြင့် တွေ့ရသည်။ အမေ့မျက်နှာသည် ချုံးချုံးကျနေလေသည်။ အမေ့လက်ဖျံရိုးတို့သည် အရိုးပေါ်အရေတင်ရုံသာရှိပြီး ကျူရိုးပုံစံဖြစ်နေလေသည်။ အမေ့လက်ဖ၀ါးပြင်တို့သည် ဖြူဖတ်ဖြူရော်ဖြစ်နေကြသည်။ အမေ့လက်ဖ၀ါးလေးကို ကျွန်ုပ်ကိုင်ကြည့်သည်။ ကျွန်ုပ်အဖို့ သိတတ်စအရွယ်ကထဲက အမေ့အသားကို ပထမဦးဆုံး ထိဖူးခြင်းပင်ဖြစ်သည်။ အမေ့လက်ဖ၀ါးသည် နွေးနွေးထွေးထွေးရှိလှသည်။ ကျွန်ုပ်၏ လက်ကို အမေ ပြန်ဆုပ်ကိုင်ပြီး "သားလေးကို ညတုန်းက အမေအိပ်မက်မက်တယ်" ဟု ကျွန်ုပ်ကို စကားတိုးတိုးညှင်းညှင်းလေးပြောလေသည်။ အမှန်ဆို ကျွန်ုပ်ကို အကြောင်းကြားထားမှန်း အမေမသိရှိခဲ့ပေ။ ကျွန်ုပ်ရောက်လာမည်ကိုလည်း အမေကြိုတင်သိမနေခဲ့ပေ။ သို့သော် ကျွန်ုပ်ရွာပြန်လာသည်ကို အမေကြိုသိနေသယောင်ဖြစ်သည်။ အမေက ဆက်ပြီး စကားဆိုသည်။ "သားလေးရယ်... ဘာဖြစ်လို့ ပညာရေးတွေအပျက်ခံပြီး အမေ့ဆီ ပြန်လာရတာလဲ။ အမေ့အသက် သေချင်သေသွားပါစေ။ အမေ့သားလေးရဲ့ ပညာရေးကို အမေ အဆုံးရှုံးမခံနိုင်ပါဘူး" ဟု ပြောပြီး အမေ မျက်ရည်ကျလေသည်။ အမေ့ကိုကြည့်ပြီး ကျွန်ုပ်လည်း အားရပါးရငိုကြွေးမိသည်။ ကျွန်ုပ်၏ ညီအကိုများအားလုံးလည်း ငိုကြွေးကြလေသည်။ ထိုနေ့၌ (အကိုလတ်မှ လွဲ၍) ကျွန်ုပ်တို့ မိသားစု စုံစုံလင်လင် ငိုပွဲဆင်ခဲ့ကြသည်။

ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။


မှတ်ချက်။
အမှတ် (၁) အမှတ် (၂) အမှတ် (၃) နှင့် အမှတ် (၄) တို့ကိုလည်း လင့်ခ်ကလေး ချိတ်ပေးလိုက်ပါသည်။

...

Friday, 1 October 2010

ချုံပီး ဖြတ်ထုံး

မှတ်ချက်။
(အစာစားရင်း မဖတ်ရ)

ပွင့်လင်းရာသီရောက်ပြီမို့ တုံးဖလားရွာသူရွာသားများ တက်ကြွနေကြ၏။ စိုက်ပျိုးထားသည့် ကောက်စပါးသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်သောကြောင့် စားဝတ်နေရေးအတွက် သက်တောင့်သက်သာ ရှိကြလေ၏။ အချို့မိသားစုများကမူ ကောက်ပဲသီးနှံတို့မှ ဖြစ်ထွန်းလာသည့် ငွေစငွေနလေးဖြင့် သားတော်မောင်လေးများကို ကိုရင်ဘ၀သို့ တက်ပေးဖို့ စိုင်းပြင်းနေကြလေ၏။ ဤသို့ဖြင့် ရှင်ပြုပွဲတစ်ခုပေါ်ပေါက်လာ၏။ မိသားစု ဆယ်စု စပ်တူပြုလုပ်သည့် စုပေါင်းရှင်ပြုပွဲပင်ဖြစ်၏။

ရှင်ပြုပွဲကျင်းပဖို့အတွက် ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ရှိ ကွင်းပြင်၌ တစ်ရွာလုံး စုပေါင်းပြီး မြက်နှုတ်ပေါင်းရှင်းကာ သန့်ရှင်းရေးလုပ်ကြ၏။ တစ်ဧကခန့်ရှိ ကွက်လပ်ကလေးသည် မြက်ပင်များ မရှိလောက်အောင် သန့်သန့်ရှင်းရှင်းလေးဖြစ်သွား၏။ ထိုကွက်လပ်ကလေးပေါ်၌ ယာယီမဏ္ဍပ်ဆောက်လုပ်၍ ထိုမဏ္ဍပ်အတွင်း၌ပင် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြမည့် သူများကို ဧည့်ခံမည်ဖြစ်၏။ သန့်ရှင်းရေးလုပ်ငန်းပြီးစီးသွား၍ ထိုနေ့အဖို့ အနားယူလိုက်ကြ၏။ နောက်တစ်နေ့မနက်ပိုင်းမှ စပြီး မဏ္ဍပ်ထိုးကြမည်ဖြစ်၏။

နောက်တစ်နေ့၌ ရွာသူရွာသားများသည် မဏ္ဍပ်ထိုး(ဆောက်လုပ်)ရန်အတွက် ထိုကွက်လပ်ကလေးသို့ ချီတက်ရောက်ရှိလာကြလေ၏။ ညတုန်းက မိုးဖွဲဖွဲလေးရွာထားသဖြင့်လည်း ထိုကွက်လပ်ကလေးမှာ စိုထိုင်းထိုင်းဖြစ်နေလေ၏။ ရွာသူရွာသားများအားလုံး ထိုနေရာသို့ ရောက်ရှိပြီး အရာဝတ္ထုတစ်ခုကို မြင်လိုက်ရသည့်အတွက် စိတ်ဆိုးဒေါသထွက်ကာ တစ်ယောက်တစ်ပေါက် ကျိန်ဆဲနေကြလေတော့၏။

"ဒါ သက်သက်မဲ့ စော်ကားတာာ"

"ဒါ တမင်သကာကို ညစ်ပတ်တာ"

"လူမဆန်ဘူး။ တိရစ္ဆာန်တောင်မှ အခုလို မလုပ်ဘူး"

"ဒီကောင် ငရဲအိုးဇောက်ထိုးကျမဲ့ အကုသိုလ်ကောင်"

"ဒီကိစ္စကို သူကြီးကိုကိုမောင်နဲ့ တိုင်ပြောမှ ဖြစ်မယ်"

မည်သူမည်ဝါ ပြုလုပ်သည်မသိသော၊ လက်သည်မပေါ်သော ပြစ်မှုကြီးသည် ထုံးစံအတိုင်း သူကြီးကိုကိုမောင် ခေါင်းပေါ်သို့ ကျရောက်လာလေတော့၏။ ကိုးလုံးစိပ်ပုတီးကို အဓိဋ္ဌာန်ဖြင့် စိပ်နေစဉ် ရွာသားတစ်ယောက် သူကြီးကိုကိုမောင်အိမ်သို့ အပြေးရောက်လာပြီး ထိုပြစ်မှုကို တိုင်ကြားလေတော့၏။

"ရွာသူရွာသားတွေ အားလုံးကိုယ်စား သူကြီးမင်းကို အမှုအပ်ပါတယ်"

"ဟေ.. ဘာအမှုဖြစ်ပြန်ပြီလဲ"

"ဒီအမှုက သက်သက်မဲ့ အကြံအစည်နဲ့ ယုတ်မာပက်စက်တဲ့ ပြစ်မှုပါ"

"ကဲပါ.. ပြစ်မှုကိုသာ တင်ပြပါလေ။ ဘာတွေ ဖြစ်ပြန်ကြပြီတုန်း၊ ခင်များတို့က လုပ်လိုက်ရင် သေရေးရှင်ရေးတွေချည်းဘဲ"

"အခုကိစ္စက တစ်ရွာသားလုံးကို စော်ကားထားတာဗျ"

"ပြောမှာသာပြောပါလေ။ ဘာအမှုလဲ"

"မနေ့တုန်းက ကျနော်တို့ ရွာသူရွာသားအားလုံး ဘုန်းတော်ကြီးကျောင်းရှေ့ မှာ စုပေါင်းသန့်ရှင်းရေး လုပ်ထားတဲ့ ကွက်လပ်ကို သူကြီးမင်း သိတယ်မဟုတ်လား"

"သိတယ်လေ။ မဏ္ဍပ်ဆောက်ဖို့ ပေါင်းမြက်သုတ်သင်ပြီး သန့်ရှင်းရေး လုပ်ထားတဲ့ ကွက်လပ်ကို ပြောတာမဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း"

"အင်း... ဆိုစမ်းပါဦး။ အဲဒီကွက်လပ်ကြီး အခု ဘာဖြစ်သွားလို့လဲ"

"ဘာဖြစ်ရမှာလဲ သူကြီးမင်း။ အဲဒီကွက်လပ်ထဲမှာ လူတစ်ယောက် ချီးပါချထားတယ်ဗျ။ အခုမှ လပ်လပ်ဆတ်ဆတ်ကြီး ရှိနေသေးတယ်။ ညသန်းခေါင်ယာမ်လောက်က လာပါထားတာထင်တယ်"

"ဟေ.. ဟုတ်လား"

"ဟုတ်ပါတယ် သူကြီးမင်း။ အဲဒါ သူကြီးမင်း ကူညီပြီး အဲဒီ ချီးပါတဲ့သူကို ဖော်ထုတ်ပေးပါ။ ကျနော်တို့ ရွာသူရွာသားတွေ အားလုံး သူကြီးမင်းကို ဒီအမှု အပ်ပါတယ်။ ဆက်လက်ဆောင်ရွက်တော်မူပါ"

ဤသို့ဤနှယ်ဖြင့် သူကြီးမင်းတစ်ယောက် ထိုအမှုကို ၀လုံးကွက် လက်ခံလိုက်ရလေတော့၏။ သူကြီးမင်းသည် အချိန်ဆိုင်းမနေဘဲ ထိုလာရောက်တိုင်တန်းသူနှင့်အတူ အမှုဖြစ်ပွါးရာ နေရာသို့ ချီတက်လေတော့၏။ ချီးပုံကြီးမှာ ယင်တထောင်းထောင်းဖြစ်နေလေ၏။ ထိုနေရာသို့ရောက်ရှိပြီးနောက် အမှုသွားအမှုလာကို ခေတ္တခဏမျှကြည့်ပြီး သူကြီးမျက်နှာ၌ ပြုံးယောင်သန်းလာလေ၏။ ထို့နောက်...

"ကိုင်းဗျာ... တစ်နာရီအတွင်း ရွာသူရွာသားတွေ အားလုံး (တစ်ယောက်မကျန်) ဒီကွက်လပ်ထဲမှာ စုပါ။ ပြီးရင် ချက်ချင်း အမှုစစ်ဆေးဖော်ထုတ်မယ်။ အချိန်မကုန်သင့်ဘဲ မကုန်စေချင်ဘူး။ ခပ်မြန်မြန်ဖော်ထုတ်လိုက်မယ်။ အမှုတွဲကို ခြေရာလက်ရာမပျက်အောင် ထိန်းသိမ်းထားပါ။ အထူးသဖြင့် ရွာခွေးများ ကွက်လပ်အတွင်းသို့ မလာရောက်နိုင်ရန် ကာကွယ်ထားပါ။ ထူးကဲဖြစ်စဉ်ရှိရင် ရက်ကော့ဒ်လုပ်ထားပါ။ ကဲ လောလောဆယ်တော့ အိမ်ပြန်ပြီး လက်ကျန် ပုတီးတစ်ပတ် ထပ်စိပ်လိုက်ဦးမယ်။ လူစုံရင် လာအကြောင်းကြားပါ"

ဟူ၍ ပြောဆိုမှာကြားကာ သူကြီးကိုကိုမောင်တစ်ယောက် သူ၏နေအိမ်သို့ ပြန်သွားလေတော့၏။ ရွာသူ ရွာသားများသည် ခဏလေးနှင့်အဖြေသိပုံပေါ်သွားသည့် သူကြီးကိုကိုမောင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်ပြီး ထိုကွက်လပ်အတွင်း၌ ကျန်ရစ်နေကြလေတော့၏။
...

တစ်နာရီခန့်အကြာ၌ ရွာသူရွာသားများ အားလုံး ထိုကွက်လပ်(စုရပ်)နေရာ၌ အသင့်ရောက်ရှိနေကြလေ၏။ အိမ်ခြေသုံးဆယ်မျှရှိသော ရွာမို့လို့ လူစုရသည်မှာ လွန်စွာမှ လွယ်ကူလှ၏။ ရွာသားတစ်ယောက် လူစုံပြီဖြစ်ကြောင်း အကြောင်းလာကြားသဖြင့် သူကြီးကိုကိုမောင်လည်း အဆင်သင့်လိုက်ပါသွားလေ၏။ စုရပ်၌ ညီညာစွာ တန်းစီထိုင်နေကြသည့် ရွာသူရွာသားများကို ကြည့်ကာ သူကြီးကိုကိုမောင် အကျေနပ်ကြီးကျေနပ်နေလေတော့၏။ တစ်ရံတစ်ခါ၌ ယခုကဲ့သို့ အထက်စီးကနေပြီး လူတွေကို ဆက်ဆံရသည်မှာ လွန်စွာမှ အရသာရှိလှပေ၏။ သူကြီးကိုကိုမောင်သည် ရောက်မဆိုက်ပင် ချက်ချင်း အမှုစတင်စစ်ဆေးဖို့ ပြင်ဆင်လေတော့၏။

"ကဲ.. အမှု စတင် စစ်ဆေးမယ်။ ဦးမောင်ကြည်သမီး စန်းမြင့် ရှေ့ ကို လာခဲ့ပါ။ မေးမြန်းစရာရှိတယ်"

လူအုပ်အတွင်းမှ စန်းမြင့်လေးခမျာ ဘာမသိညာမသိဖြင့် ရှေ့သို့ ခပ်ကျို့ကျို့လေးရောက်လာလေ၏။ ရွာသူရွာသားများမှာလည်း ထိုချီးပုံကို စန်းမြင့် ပါထားခဲ့သည်ဟု အထင်ဖြင့် နှာခေါင်းရှုံ့နေကြလေ၏။ ခပ်ရိုးရိုး ခပ်အေးအေး နေတတ်သည့် စန်းမြင့်တစ်ယောက် ယခုအမှုတွဲနှင့် ဆက်စပ်နေသည်ကို အားလုံးက အံ့သြနေကြလေ၏။

"စန်းမြင့်။ မှန်မှန်ဖြေနော်"

"ဟုတ်ကဲ့ပါ သူကြီးမင်း"

"မနေ့ညတုန်းက နင့်အိမ်ကို ယောက်ျားလေးသူငယ်ချင်းတစ်ယောက် အလည်မလာဘူးလား"

"မလာပါဘူး သူကြီးမင်း"

"သေချာရဲ့လား"

"ဘယ်သူမှ မလာတာ သေချာပါတယ် သူကြီးမင်း။ မယုံရင် ကျမ မိဘနှစ်ပါးလုံးကို အခု မေးမြန်းနိုင်ပါတယ်"

"သေချာလဲ စဉ်းစားပါဦး။ ယောက်ျားလေး သူငယ်ချင်းမဟုတ်ရင်တောင် ယောက်ျားလေးတစ်ယောက်ယောက်ပေါ့။ အလည်လာတယ်မဟုတ်လား"

အတန်ငယ် စဉ်းစားပြီးနောက်..

"အော်... သတိရပြီ သူကြီးမင်း။ ယောက်ျားလေး သူငယ်ချင်းတော့ မဟုတ်ဘူး။ နှစ်ဝမ်းကွဲ မောင်တစ်ယောက် ညတုန်းက အိမ်ကို ခဏအလည်လာပါတယ်။ မောင်အောင်ပုပါ။ သူက နေ့တိုင်း လာနေကြပါ။ ညတုန်းက သူနှစ်ခေါက်လာပါတယ်။ ကိုးနာရီလောက်က တစ်ခေါက်။ ပြီးတော့ ဆယ်နာရီလောက်က တစ်ခေါက်ပါ"

"ကဲ.. ဒါဆို အမှုစစ်ဆေးခြင်း လုပ်ငန်းပြီးသွားပြီ။ မောင်အောင်ပု ရှေ့ထွက်ခဲ့ပါ"

အောင်ပုတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် သူကြီးမင်းရှေ့သို့ရောက်လာလေ၏။

"မင်း.. ညတုန်းက ဒီကွက်လပ်ကို လာပြီး ချီးလာပါတယ် မဟုတ်လား"

အသံတိတ်နေလေ၏။ ဘာသံမှ ထွက်ပေါ်မလာပေ။ အသားတဆတ်ဆတ်တုန်နေပြီး ရှက်နေ၏။

"ကဲပါ.. အောင်ပု ၀န်ခံလိုက်ပါတော့။ ဒီချီးပုံကို မင်းပါထားခဲ့တာ မဟုတ်လား"

အောင်ပု မလိမ်ရဲတော့ပေ။ အမှန်အတိုင်း ၀န်ခံလေတော့၏။

"ဟုတ်ပါတယ်။ သူကြီးမင်း။ ကျနော် ပါမိပါတယ်"

"မင်းကွာ... ဘာဖြစ်လို့ ကြံကြံဖန်ဖန် သူများတွေ ကုသိုလ်လုပ်ဖို့ သန့်ရှင်းရေးလုပ်ထားတဲ့ နေရာမှာ လာပြီး ချီးလာပါရတာလဲ"

"ကျနော်လဲ ကိုရင်ဝတ်ချင်လို့ပါ သူကြီးမင်း"

"ဟေ.. ဘယ်လို.. ဘယ်လို.."

"ဒီလိုပါ သူကြီးမင်း။ အခုလို စုပေါင်း ရှင်ပြုပွဲကြီးမှာ ကျနော်လဲ သင်္ကန်းဝတ်ချင်ပါတယ်။ ဒါပေမဲ့ အိမ်က ဆင်းရဲလွန်းတော့ သင်္ကန်းမ၀ယ်နိုင်ပါဘူး။ ဒါကြောင့် ဘိလပ်ပြန် ဦးတိုးမောင်ဆီသွားပြီ အကူအညီသွားတောင်းပါတယ်။ သူက ပြောပါတယ်။ ဗေဒင်ကိန်းခန်းအရ ကိုရင် တကယ်ဝတ်ချင်ရင် ယတြာတစ်ခုလုပ်ရမယ်တဲ့။ ကျနော်လဲ လုပ်မယ် ကိုရင်ဝတ်ရပြီးရော၊ ဘာလုပ်ရမလဲလို့ မေးပါတယ်။ သူကပြောတယ် ဘုန်းတော်ကြီးကျောင်းရှေ့က သန့်ရှင်းရေးလုပ်ထားတဲ့ ကွက်လပ်ထဲမှာ ညကိုးနာရီ ကိုးမိနစ်အချိန်မှာ ကိုးန၀င်းကြေအောင် မိချောင်းကြယ် (၅+၂+၂=၉) တံဆိပ် ဖိနပ်ကို စီးပြီး ချီးသွားပါပါတဲ့။ မနက်မိုးလင်းတဲ့အခါ အဲဒီချေးပုံကို ခွေးစားသွားပြီဆိုရင် မင်းရည်ရွယ်ချက်အောင်ပြီ၊ သေချာပေါက် သင်္ကန်းဝတ်ရမယ်တဲ့။ ပစ္စည်းလေးပါးဒကာ နေ့ချင်းပေါ်ပေါက်မယ်တဲ့။ အဲဒါနဲ့ ကျနော်လဲ ကိုရင်ဝတ်ချင်စိတ်နဲ့ တစ်နေ့လုံးချီးမပါဘဲ အောင့်ထားခဲ့ပါတယ်။ ညရောက်မှ အမစန်းမြင့်ရဲ့ မိကျောင်းကြယ်ဖိနပ်ကို တိတ်တိတ်ကလေး ခဏယူစီးပြီး ဒီမှာ ချီးလာပါမိပါတယ် သူကြီးမင်း"

ရွာသူရွာသားများထံမှ ရယ်မောသံ အချို့ထွက်ပေါ်လာ၏။ သူကြီးကိုကိုမောင်က မျက်နှာရိပ်ပြကာ တိတ်တိတ်နေကြရန် သတိပေးလိုက်၏။

"ကဲ... ဦးတိုးမောင် ရှေ့ကို ကြွပါဦးခင်မျာ"

"ဟုတ်ကဲ့ပါ"

ရှေ့သို့ရောက်လာသည့် ဦးတိုးမောင်အား မေးမြန်းလေ၏။

"ခင်များ.. တကယ်ကို အဲဒီလို ကလေးကို ပြောလိုက်ရလား"

ကျနော်က သူ့ကို စလိုက် နောက်လိုက်တာပါ။ သူတကယ်လုပ်မယ်လို့လဲ မထင်မိလို့ပါ

"ဟာ.. ဒါ စ စရာ နောက်စရာမှ မဟုတ်တာ။ ဒီကလေးက တကယ်ကို သင်္ကန်းဝတ်ချင်နေတဲ့ဟာ။ ခင်များဗျာ ကလေးကို မဟုတ်က ဟုတ်က လုပ်ရက်တယ်"

ထိုကဲ့သို့ မြည်တွန်ပြီး သူကြီးကိုကိုမောင်သည် ဆက်လက်၍...

"ကဲ.. အမှုပေါ်ပေါက်ပြီ။ အမှုသွားအမှုလာ ထင်ရှားပြီးဖြစ်တဲ့အတွက် ပြစ်ဒဏ်အမိန့်ချမှတ်မယ်"

ရွာသူရွာသားများ စိတ်ဝင်စားစွာဖြင့် အမိန့်ကို နားစွင့်နေကြလေ၏။

"ဒီချီးပုံကို ဦးတိုးမောင်မှ တာဝန်ယူကြီးကြပ်ပြီး အောင်ပုနှင့်အတူတူ သေချာကျနစွာ တစ်နေရာသို့ ယူပြီး စွန့်ပစ်ပါ။ ချီးပါထားတဲ့နေရာကို သန့်ရှင်းရေးထပ်လုပ်ပါ။ အောင်ပုသည် သင်္ကန်းဝတ်ချင်၍ ယခုကဲ့သို့ ပြုလုပ်သည်ဟု သိရသောကြောင့် ဦးတိုးမောင်မှ ပစ္စည်းလေးပါး ဒကာခံပြီး ယခုစုပေါင်းရှင်ပြုပွဲ၌ ပါဝင်ပြီး အောင်ပုကို သင်္ကန်းစည်းပေးပါ။ အမိန့်"

ဦးတိုးမောင်သည် သူစီမံပေးသော ယတြာဖြင့် သူ့ကိုပြန်ထိလေတော့၏။ ချီးပုံကို ခွေးမစားသွားသော်လည်း အောင်ပုတစ်ယောက် ပစ္စည်းလေးပါး ဒကာပေါ်ပေါက်သွားလေ၏။ ထိုဒကာမှာ ဦးတိုးမောင်ကိုယ်တိုင်ပင်ဖြစ်တော့၏။ (မိန်းခလေးတစ်ယောက်အား တစ်လအတွင်း အိမ်ထောင်ကျကိန်းရှိသည်ဟု ဟောကိန်းထုတ်သော ဗေဒင်ဆရာသည် တစ်လအတွင်း ထိုမိန်းခလေး အိမ်ထောင်မကျသဖြင့် ကိုယ်တိုင်လက်ထပ်ယူလိုက်ရသကဲ့သို့ပင်ဖြစ်၏။ စကားချပ်)

တုံးဖလားရွာသူကြီး ကိုကိုမောင်၏ ဆုံးဖြတ်ချက် အမိန့်ကို ဦးတိုးမောင်ကိုယ်တိုင် ကျေကျေနပ်နပ်ဖြင့် ပြုံးရွှင်စွာ လက်ခံလေ၏။ ဦးတိုးမောင်သည် သူကြီးကိုကိုမောင်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ ထို့ကြောင့် သူကြီးကိုကိုမောင်အား အထင်ကြီးစွာဖြင့်...

"သူကြီးမင်း.. အခုလို ဒက်ထိ ကွက်တိ အမှုတရားခံကို ဘယ်လို ပညာတွေနဲ့ ဖော်ထုတ်လိုက်တာပါလဲ ခင်မျာ"

ဟူ၍ လူထုဗိုလ်ပါ ပရိသတ်ရှေ့မှောက်၌ မေးမြန်းလေတော့၏။

"ဒါက ဒီလို ရှိပါတယ်။ ကျနော်က ဒီတုံးဖလားရွာရဲ့ သူကြီးဖြစ်တဲ့အတွက် ရွာသူရွာသားတိုင်းကို အမြဲတမ်းအကဲခတ် စောင့်ကြည့်နေလေ့ရှိပါတယ်။ အခုလို အိမ်ခြေသုံးဆယ် လူဦးရေ နှစ်ရာ လောက်သာ ရှိတဲ့ တုံးဖလားရွာမှာ ဘယ်သူတွေ ဘယ်လိုအခြေအနေရှိတယ်၊ ဘယ်သူတွေ ဘာအ၀တ်အစား ၀တ်ဆင်တတ်တယ်၊ ဘယ်လိုဖိနပ်မျိုးစီးတတ်တယ်၊ ဘယ်လိုထီးမျိုးဆောင်းတတ်တယ်ဆိုတာကစပြီး လေ့လာထားရပါတယ်။ ကျနော်သိသလောက် တုံးဖလားရွာမှာ ဖိနပ်အသစ်စက်စက် လက်ရှိစီးနေတဲ့သူ တစ်ယောက်မှမရှိပါဘူး။ စန်းမြင့်ကလွဲရင်ပေါ့။ မနေ့တနေ့တုန်းက စန်းမြင့်ရဲ့အဖေက ကျနော့်ကို သူ့အိမ်ဖိတ်ပါတယ်။ မြို့က ပြန်လာလို့ စားစရာလေးနဲ့ ဧည့်ခံချင်လို့တဲ့။ ကျနော်လဲ စကားစမြည်ပြောရင်း သူ့အိမ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ သူမြို့က၀ယ်လာတဲ့ ပစ္စည်းတွေကို တွေ့ခဲ့ပါတယ်။ မိချောင်းကြယ် ဖိနပ်တစ်ရံအပါအ၀င်ပေါ့။ မှတ်မှတ်ရရ အဲဒီ မိချောင်းကြယ်ဖိနပ်က စန်းမြင့်အတွက်လို့ ပြောတယ်။ စန်းမြင့်လဲ သူ့ဖိနပ်ဟောင်း သဲကြိုးပြတ်ခါနီးဖြစ်နေတော့ အဲဒီမိချောင်းကြယ်ဖိနပ်ကို ချက်ချင်းထုတ်စီးပါတယ်။ ဖိနပ်က မိန်းခလေးစီးဖို့ ၀ယ်ခဲ့တာဆိုတော့ ဆိုက်နဲနဲသေးပါတယ်။ အခု မှုခင်းမှာ ကျနော်ချက်ချင်းတော့ မျက်စိလည်သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချီးပုံဘေးနှစ်ဖက်မှာ ခြေရာ ထင်ကျန်ခဲ့တာက မိချောင်းကြယ်ဖိနပ်အသစ်စက်စက်ခြေရာ ဖြစ်နေပြီး ချီးပါတဲ့သူက ယောက်ျားလေးဖြစ်နေလို့ပါ။ အမှန်ဆို ဒီဖိနပ်က စန်းမြင့်ဖိနပ်မဟုတ်လား"

ရွာသူရွာသားများသည် သူကြီးကိုကိုမောင်၏ ရှင်းပြချက်တို့ကို စိတ်ဝင်စားစွာဖြင့် မျက်တောင်မခတ်တမ်း နားထောင်နေကြလေ၏။ သူကြီးကိုကိုမောင်လုပ်လိုက်ရင် စိတ်ဝင်စားစရာတွေချည်း ဖြစ်နေ၏။ ထို့ကြောင့်လည်း သူကြီးကိုကိုမောင် ဆက်လက်ရှင်းပြမည့် အကြောင်းအရာတို့ကို နားရွက်မလှုပ်ဘဲ ငုတ်တုတ်တုတ်ဖြင့် စိတ်ဝင်စားစွာ ထိုင်စောင့်နေကြလေ၏။

"ဖိနပ်ပိုင်ရှင်က မိန်းခလေး။ တကယ်တမ်း ချီးလာပါတာက ယောက်ျားလေးဆိုတော့ ကျနော်တွေဝေမိတာတော့ အမှန်ဘဲ။ ဒါပေမဲ့ ချက်ချင်းသေချာစဉ်းစားကြည့်လိုက်တော့ အဖြေကို သိနိုင်မဲ့နည်းလမ်းကို စဉ်းစားမိလိုက်တယ်။ ဒါကြောင့် စန်းမြင့်ကို ရှေ့ခေါ်ထုတ်ပြီး စစ်ဆေးမေးမြန်းခြင်းဘဲ ဖြစ်ပါတယ်။ ကျနော့်အထင် ကွက်တိပါဘဲ။ ခင်များတို့ မြင်တွေ့တဲ့အတိုင်းပါဘဲ"

"ဒါဖြင့်.. သူကြီးမင်းက ဘယ်လိုလုပ်ပြီး အဲဒီချီးပုံကို ယောက်ျားတစ်ယောက်ရဲ့ ချီးပုံလို့ သိရတာလဲ။ ကျနော်တို့ သိပ်မရှင်းဘူး"

မေးမည်ဆိုလဲ မေးမြန်းချင်စရာပင်။ မည်သူမှ ချီးပုံ သုတေသနလုပ်ထားလေ့မရှိကြလေတော့ ယောက်ျားချီး မိန်းမချီး ခွဲခြားဝေဖန်ဖို့ ခပ်ခက်ခက်ပင်ဖြစ်၏။ သို့သော် သူကြီးကိုကိုမောင်အဖို့မူ ထိုကိစ္စမှာ ငှက်ပျောသီး အခွံနွှာရတာလောက်ပင် ခက်ခဲမှုမရှိချေ။ လွယ်ရေးချ လွယ်မှလွယ်ပင်ဖြစ်၏။

"ကဲ... ခင်များတို့ကို လက်တွေ့ပြမယ်။ အားလုံး ချီးပုံနား လာခဲ့ကြ။ သေချာရှင်းပြမယ်"

ရွာသူရွာသားအားလုံး ချီးပုံနားသို့ ချဉ်းကပ်လာကြ၏။ အောင်ပု၏ ချီးပုံသည် အချိန်တိုလေးအတွင်း၌ တုံးဖလားရွာအတွင်း စီလီဘရတီ ဖြစ်သွားလေတော့၏။ သူကြီးကိုကိုမောင်က ချီးပုံနားသို့ ရောက်ရှိနေကြသည့် ရွာသူရွာသားများကို သေချာစွာ ရှင်းပြလေ၏။

"ကဲ.. ဒီမှာကြည့်။ အောင်ပုဟာ အရှေ့ဘက်ကို မျက်နှာမူပြီး ဒီချီးကို ပါထားခဲ့တယ်။ သေးကွက်က ချီးပုံရဲ့ အရှေ့ဘက်အရပ်မှာ ရှိနေတယ်။ လူအားလုံးဟာ ချီးပါတဲ့အခါတိုင်း သေးပါ ထွက်လေ့ရှိတယ်။ ဒါကြောင့် အဲဒီသေးကို ယောက်ျားပေါက်တဲ့သေးလား မိန်းမပေါက်တဲ့သေးလားဆိုတာ အရင်စစ်ဆေးကြည့်လိုက်တယ်။ ဒီ သေးလမ်းကြောင်းက ယောက်ျားပေါက်တဲ့သေးဆိုတာကို ဖော်ပြတဲ့ သက်သေဘဲ။ သူဟာ ယောက်ျားလေး ဖြစ်တဲ့အတွက် သေးပေါက်တဲ့အခါမှာ သူ့ရဲ့ သေးကွက်က ချီးပုံနဲ့ တစ်ထွာအကွာလောက်မှာ ရှိနေတယ်။ စပေါက်ပေါက်ချင်း သေးကျတဲ့နေရာမှာ အခေါင်းလေးဖြစ်နေတယ်"

"ဒါဖြင့် မိန်းခလေးပေါက်တဲ့ သေးကိုရော ဘယ်လိုလုပ်သိနိုင်ပါသလဲ သူကြီးမင်း"

"ဒါက လွယ်လွယ်လေးပါ။ မိန်းခလေးတွေ ချီးပါရင်း သေးပေါက်ရင် သေးက ရှေ့ကို သိပ်မပြေးပါဘူး။ ချီးပုံနားတစ်ဝှိုက် သို့မဟုတ် ချီးပုံပေါ်တည့်ကျပါတယ်။ ချီးပုံပေါ်ကို ရေဖျန်းပေးသလို ပုံစံမျိုးပါ။ ဒီလောက်ဆိုရင် ခင်များတို့ အားလုံး ရှင်းသွားလောက်ပြီထင်ပါတယ်"

"ဟုတ်ကဲ့ပါ သူကြီးမင်း။ ရှင်းသွားပါပြီ။ သူကြီးမင်းရဲ့ ဥာဏ်ပညာကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး"

"ကဲ.. ကဲ.. အချိန်လဲ မစောတော့ဘူး။ ဦးတိုးမောင်နှင့်မောင်အောင်ပုတို့လဲ ခင်များတို့ဇာတ်လမ်းကို ပြီးအောင်ကကြပါ။ ဆိုလိုတာကတော့ ဒီချေးပုံကို သေချာသန့်ရှင်းရေးလုပ်ပါ။ ပြီးရင် ရွာသူရွာသားတွေ အားလုံး မဏ္ဍပ်ဆောက်လုပ်ဖို့ ပြင်ဆင်ကြပါ"

တုံးဖလားရွာသူကြီးကိုကိုမောင်သည် ထိုကဲ့သို့ ချီးဋီကာ သေးဋီကာတို့ကို ကျကျနနရှင်းပြပေးပြီး တာဝန်ကိုယ်စီပေးထားခဲ့ကာ သူ၏နေအိမ်သို့ ပြန်လာခဲ့လေတော့၏။

မဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ထိုတစ်ပတ်အတွင်း တုံးဖလားရွာ၌ စုပေါင်းရှင်ပြုပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ၏။ နဂိုပထမက မိသားစုဆယ်စုမှ ကိုရင်လောင်း ဆယ်ယောက်ထဲရှိသော်လဲ ဦးတိုးမောင်၏ ကိုရင်လောင်း မောင်အောင်ပုကိုပါ ထည့်သွင်းလိုက်သောကြောင့် ကိုရင် ၁၁ ပါး ရှင်ပြုပွဲဖြစ်သွားလေတော့၏။ ထိုရှင်ပြုပွဲ၌ ဦးတိုးမောင်၏ မျက်နှာကြီးမှာ ပြုံးဖြီးဖြီးကြီး ဖြစ်နေပြီး မောင်အောင်ပုလေးမှာလဲ အရမ်းအရမ်း ပျော်ရွှင်နေလေတော့၏။
...

သူကြီးမင်းကိုကိုမောင်သည် ဘိလပ်ကနေပြီး လွန်ခဲ့သည့်အပတ်က လက်ထောက်သူကြီးထံ ဖုန်းလှမ်းဆက်ကာ တုံးဖလားရပ်ရေး ရွာရေးဆွေးနွေးရင်း ကိုရင်အောင်ပုခေါ် ရှင်ဣန္ဒလေး အကြောင်း စကားစပ်မိ၍ မေးမြန်းလိုက်သောအခါ ကိုရင်အောင်ပုမှာ ရွာဦးကျောင်း၌ စာအတော်ဆုံးကိုရင်လေးတစ်ပါးဖြစ်နေပြီဖြစ်ကြောင်း၊ သဂြိင်္ုဟ် ကိုးပိုင်းလုံးကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဖြစ်ကြောင်း၊ မြို့သို့တက်ပြီး စာသင်ထွက်ရန် တာစူနေပြီဖြစ်ကြောင်း သိရှိရလေ၏။ ချုံပီး(ချီးပုံ)က စခဲ့သည့် မှုခင်းပြစ်မှုမှတစ်ဆင့် စာတတ်မြှောက်သည့် ကိုရင်လေးတစ်ပါး မွေးထုတ်ပေးခဲ့နိုင်ကြောင်း သိရှိလိုက်ရသည့်အတွက် တုံးဖလားရွာသူကြီးကိုကိုမောင်သည် ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ တအိအိကြီးဖြစ်နေလေတော့၏။

..