ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။
အဖေသည် မြန်မာလူမျိုးဖြစ်သည်။ အမေသည်လည်း မြန်မာလူမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း မြန်မာလူမျိုးစစ်စစ် ဖြစ်သည်။ အဖေနှင့်အမေ၏ အသားအရည်သည် မဖြူမညို ခပ်လတ်လတ်ဖြစ်သည်။ သို့ပေမဲ့ ကျွန်ုပ်တို့ ညီအကိုငါးယောက်လုံး၏ အသားအရည်သည် ဖြူဝါရောင်ဖြစ်သည်။ အသားဖြူသဖြင့် လူအများက ကျွန်ုပ်ကို ရှမ်းလူမျိုးဟု ထင်ကြသည်။
ကျွန်ုပ်တို့ရွာ (တုံးဖလား)သည် ကောလင်းမြို့နှင့် ပင်လည်ဘူးမြို့ အကြား အလယ်ဗဟို တည့်တည့်၌ တည်ရှိသည်။ ပင်လည်ဘူးသို့ မိုင် ၂၀၊ ကောလင်းသို့ မိုင် ၂၀ ဖြစ်သည်။ ကောလင်းနှင့် ပင်လည်ဘူးသည် မိုင် ၄၀ တိတိကွာဝေးသည်။ ထိုအချိန်ကာလ၌ တစ်နေ့လုံးမှ ကောလင်းမှပင်လည်ဘူး၊ ပင်လည်ဘူးမှ ကောလင်း ဘတ်စ်ကား အသွားတစ်စီး အပြန်တစ်စီးသာရှိသည်။ ၄င်းအချိန်က ကျောက်ခင်းကားလမ်းဖြစ်၍ မိုင်လေးဆယ်သည် တစ်ရက်ခရီးဖြစ်သည်။
ကျွန်ုပ်တို့ရွာတောင်ဘက်၌ ကားဂိတ်ရှိသည်။ ရွာနီးဝန်းကျင်များမှ လူများလည်း ခရီးသွားချင်လျှင် ထိုကားဂိတ်၌ပင် ကားစောင့်ရလေသည်။ ထို့ကြောင့် ထိုကားဂိတ်၌ လူစည်ကားသည်။ လူအသွားအလာများသည်။ ထိုသည်ကို အခွင့်ကောင်းယူကာ ကျွန်ုပ်၏ အဖေသည် ၄င်းကားဂိတ်၌ လဘက်ရည်ဆိုင်ဖွင့်ခဲ့သည်ဟု အမေပြောပြဖူးသည်။
ကျွန်ုပ်သိတတ်စ အချိန်အခါ၌မူ အဖေသည် ထိုလဘက်ရည်ဆိုင်ကို မပိုင်တော့ပေ။ အဖေပိုင်ဆိုင်သည်မှာ နာတာရှည်ရောဂါဖြစ်သည်။ ဆီးချိုရောဂါဟု အများပြောသံကြားရသည်။ ဆီးချိုရောဂါ၏ နှိပ်စက်မှုဒဏ်ကို အဖေ အလူးအလဲ ခံစားရသည်။ ရောဂါ၏ ဒဏ်ချက်တွေကြောင့် အဖေမျက်စိကွယ်ခဲ့သည်။ ကျွန်ုပ် အဖေ့ကို မှတ်မိနေသည်မှာ အဖေမျက်စိကွယ်ပြီးမှ ဖြစ်သည်။
ကျွန်ုပ်တို့အိမ်နောက်ဘေး၌ ဥယျာဉ်ကျယ်ကြီးတစ်ခုရှိသည်။ ကျွန်ုပ်တို့၏ ဥယျာဉ်ဖြစ်သည်။ ထိုဥယျာဉ်ထဲ၌ စားပင်သောက်ပင်အပါအ၀င် အပင်ပေါင်းစုံရှိသည်။ အနားယူရန် အရိပ်ရသစ်ပင်များစွာလည်းရှိသည်။ ထိုဥယျာဉ်ထဲ၌ပင် တစ်အိမ်သားလုံးအသုံးပြုသည့် အိမ်သာရှိသည်။ အဖေ အိမ်သာသွားချင်သည့်အခါတိုင်း ကျွန်ုပ်တို့ ညီအစ်ကိုတစ်လှည့်စီ အဖေ့ကိုလိုက်ပို့ရသည်။ တောင်ဝှေးတစ်ဘက်ကို အဖေကိုင်သည်။ အခြားတစ်ဘက်ကို ကျွန်ုပ်(တို့)ကိုင်သည်။ ထိုနည်းဖြင့် အဖေ့ကို နေ့စဉ် ကျွန်ုပ်တို့ အိမ်သာ လိုက်ပို့ရသည်။
တစ်ခါတစ်ခါ ခလုပ်တိုက်၍ အဖေချော်လဲသည်။ အဖေ ကို့ယို့ကားယားလဲကျသည်ကို ကြည့်၍ ကျွန်ုပ် ရယ်ခဲ့ဖူးသည်။ အခု စဉ်းစားကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။ တစ်ခါတစ်ရံ အိမ်မှာ ကျွန်ုပ်တို့ ကလေးပီပီ ဆူကြညံကြ အော်ကြဟစ်ကြသည်။ ထိုအခါ လူမမာ အဖေသည် အရမ်းစိတ်ဆိုးသည်။ စိတ်ဆိုးလွန်း၍ သူ့အနီး အိမ်သာသွားသည့်အခါ အသုံးပြုသည့် တောင်ဝှေးဖြင့် လှမ်းရိုက်သည်။ သို့သော် အဖေသည် မျက်မမြင်။ အဖေ့ရိုက်ချက်သည် ကျွန်ုပ်တို့ကို လုံးဝမထိပေ။ ကျွန်ုပ်တို့ အေးအေးဆေးဆေး ရှောင်တိမ်း ပုန်းအောင်းလေ့ရှိသည်။ ပြီးလျင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ကြသည်။
ထိုအကြောင်းကို အမေသိရှိသည့်အခါ "လူကြီးကို အခုလိုမပြစ်မှားနဲ့၊ ငရဲကြီးတတ်တယ်" ဟုပြောသည်။ ကျွန်ုပ်တို့က ပြန်ပြီး "ငရဲကြီးရင် ငရဲလေးကို နိုင်တာပေါ့" လို့ အမေ့ကို ပြန်ပြန်ပြောသည်။ အမေသည် အဖေ့ကို ချစ်သည်။ ကျွန်ုပ်တို့ကိုလည်း အရမ်းချစ်သည်။ ထို့ကြောင့် အဖေ့ကိုရော ကျွန်ုပ်တို့ကိုပါ စကားကြမ်းကြမ်းတမ်းတမ်းပြောလေ့မရှိပေ။
နေ့လည်ဘက်ပိုင်း၌ များသောအားဖြင့် ကျွန်ုပ်တို့အိမ်၌ အိမ်သားများမရှိတတ်ကြပေ။ အမေအပါအ၀င် အားလုံး သက်ဆိုင်ရာအလုပ်သို့ ထွက်ခွါသွားကြ၍ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ရွာထဲရှိကလေးများနှင့်အတူ တစ်နေကုန် သွားကစားကြသည်။ ထိုအခါမျိုး၌ အိမ်မှာ အဖေတစ်ယောက်ထဲ ကျန်ရစ်သည်။
အဖေသည် မျက်စိမမြင်။ ထို့ကြောင့် စာဖတ်၍မရ။ ထိုအချိန်က ယခုလို ရေဒီယိုကက်ဆက် မ၀ယ်နိုင်ကြ။ ထို့ကြောင့် ဘာမှ နားထောင်၍မရ။ မျက်မမြင်တစ်ယောက်ထဲ အိမ်ထဲ၌ တစ်နေကုန်ထိုင်နေရသည်မှာ အထီးကျန်လှသည်။ ထိုသို့ ထိုင်နေရသည်မှာ တစ်ရက်ထဲမဟုတ်။ နှစ်ရက်လည်း မဟုတ်။ နှစ်ချီ၍ကြာမြင့်သည်။
ထို့ကြောင့် စိတ်ဖြေဆည်ရာ အနေဖြင့် အဖေ တစ်နေကုန် ကွမ်းကိုသာ အဖော်ပြု၍နေလေသည်။
"နင်တို့အဖေနား သွားနေကြဦးနော်၊ အပြင်ချည်းထွက်လည်မနေကြနဲ့ဦး၊ နင့်တို့အဖေရဲ့  အပေါ့အလေးကိစ္စက ရှိသေးတယ်" ဟု အမေအလုပ်သွားခါနီး ပြောထားခဲ့သော်လည်း ကျွန်ုပ်တို့ သိပ်နားမထောင်ဖြစ်ခဲ့ကြ။ ဘယ်သူမှ အနားမှာ မရှိသော အဖေသည် ကွမ်းကိုသာ တစ်ဗျစ်ဗျစ်ဝါးနေလေတော့သည်။
"ကိုကျော်လှိုင်ရေ... ကွမ်းစားတာတွေ လျော့ပါဦး၊ ရှင်ထိုင်တဲ့ ကုလားထိုင်နားတစ်လျောက်လဲ ကွမ်းသွေးတွေ ပေးကျံနေပြီ၊ ပြီးတော့ ရောဂါလဲ ပိုဆိုးလာပါဦးမယ်" ဟု အမေပြောသည့်အခါ ... "ပွဲရင်(ကျွန်ုပ်တို့အမေ)ရယ်.. ငါလဲ အတတ်နိုင်ဆုံး ထွေးခံထဲ ထွေးထည့်တာဘဲ၊ မျက်စိမှ မမြင်ရတာ၊ နဲနဲတော့ ပေမှာပေါ့။ ပြီးတော့ ငါ့အနားမှာ ဘယ်သူမှ မရှိကြဘူးလေ။ ငါ အရမ်းအထီးကျန်တယ်ဟာ။ ကွမ်းလေးကိုတော့ ၀ါးပါရစေကွာ..နော်..၊ ဒီလို ဘ၀မျိုးနှင့်နေရတာ ငါ အရမ်းရင်နာတယ်။ ဖြစ်နိုင်ရင် ငါ သေဘဲ သေလိုက်ချင်ပါတော့တယ်.." ဟု အဖေက ပြန်ပြောသည်။
"ကိုကျော်လှိုင်ရယ်.... လူ့ဘ၀ဆိုတာ ရခဲပါတယ်။ ရှင့်ရောဂါလဲ.. မကြာခင်သက်သာလာမှာပါ။ ကျမတို့လဲ ဆရာဝန်ကောင်းကောင်း လိုက်စုံစမ်းနေပါတယ်။ ဘာမှ စိတ်မကောင်းစရာတွေ မပြောပါနဲ့"ဟု ပြောရင်း အမေ မျက်ရည်ကျသည်။ အမေ့ ငိုရှိုက်သံကို ကြားရသောအခါ အဖေ၏ မမြင်ရသော မျက်လုံးအိမ်၌လည်း မျက်ရည်စက်တို့ တွဲခိုနေသည်။ ထိုအချိန်က အမေနှင့်အဖေတို့၏ မျက်ရည်စက်သည် အဘယ်မျှလောက် တန်ဖိုးရှိမှန်း ကျွန်ုပ်မသိခဲ့ပေ။ ဤကဲ့သို့ မကြာမကြာ အမေငိုသည်။ တစ်ခါတစ်ရံ အဖေ ငိုသည်။ များသောအားဖြင့် အဖေနှင့်အမေ အတူတူငိုကြသည်။
ကျွန်ုပ်၌ မိဘနှစ်ပါးရှိခဲ့သည်။ ။
.....

10 comments:
သယ်ရင်းရေ ဖတ်ပြီး စိတ်မကောင်းဘူး ..
အကိုရယ်..ဖတ်ပြီးစိတ်မကောင်းဘူး..
:'(
ဖတ်ပြီးတော့ ရင်ထဲတောင် အောင့်သွားတယ်။ မက်မက်တို့လဲ ငယ်ငယ်က အဲလိုမျိုး ဆိုးခဲ့ပါတယ်။ ဒါပေမယ့် အဖေက မျက်စိမမြင်တာတော့ မဟုတ်ဘူး။
ခြေထောက်မကောင်းတာပါ။ အဖေ့စကားကို နားမထောင်ခဲ့ဘူး။အဖေ့ကိုလည်း လိုက်စနောက်လွန်းတော့ အဖေ့ခမျာ တခါတခါ စိတ်ဆိုးလွန်းလို့လေ။ လမ်းလျှောက် မသန်တော့တဲ့ အဖေ့ကို ကြည့်ပြီး မက်မက်တို့က ရယ်ကြတယ်။ ဆိုးတယ်ဆိုတာကလည်း ဘယ်သူ့စကားမှ နားမထောင်ပဲ ကိုယ်လုပ်ချင်ရင် လုပ်ပြစ်လိုက်တဲ့ တဇွတ်ထိုး သမားမို့ပါ။ မိဘအပေါ်တော့ မရိုင်းဆိုင်းခဲ့ပါဘူး။ အပျော်သဘောဆိုးတာပါ။ အခုလို အဝေးရောက်တော့မှ မိဘကျေးဇူးနဲ့ အရာရာ အားလုံးကို နားလည်တော့မှ ကိုယ်က ဟိုးးး အဝေးကြီး ကနေပဲ အဖေအမေတို့ကို ကန်တော့နေ ရတော့တယ်။ တွေးမိရင် ခဏခဏ မျက်ရည်ကျနေရတယ်။
အခုတော့လည်း အရာရာပြောင်းလဲ သွားပါပြီ...
ဖတ်ပြီး စိတ်မကောင်း ဖြစ်သွားတယ်။
ဒီလိုပဲပေါ့အကိုရယ့်လောကဓါဏ် တဲ့
စိတ်မကောင်းစရာလေးတွေဟာ အခုအချိန်
မှာတော့အမှတ်တရ လေးတွေအဖြစ်နဲ့ အမြဲ
ကျန်နေရစ်ခဲ့ပြီပေါ့လေ့ဘယ်တော့မှမေ့မရမဲ့
ပုံရိပ်ကလေးတွေပဲပေါ့
အကိုနဲ့ အကို့ မိဘ.. မိသားစုရဲံ အတိတ်က ဆို့နင့် လွမ်းမောဖွယ် အဖြစ်တွေကို ဖတ်ရှုပြီး ကျနော့် မိဘတွေကိုလဲ လွမ်းဆွတ်ရတယ်။ ဘာပဲ ဖြစ်ဖြစ် ပစ္စုပ္ပန်မှာ ပျော်ရွှင်အေးချမ်းနိုင် ပါစေ။
ဒီနေ့မှ ဒီဘလော့ကို စရောက်ဖူးတာပါ ... ကျွန်မ အစအဆုံးဖတ်ကြည့်တယ် ... ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ် .. ဘာလို့လဲ ဆိုတော့ ကျွန်မ အမေလဲ ဆီးချိုဝေဒနာကို လက်ရှိခံစားနေရလို့ပါ ... ကျွန်မ အမေ ပြီးခဲ့တဲ့နှစ်က မျက်စိတစ်ဘက် သိပ်မမြင်ရတော့ဘူး ... ကျွန်မလေ အမေ မျက်စိကွယ်သွားမှာကို တွေးပြီးစိုးရိမ်တယ် ... အမေ့ရဲ့ကျန်နေသေးတဲ့ ဘ၀ရဲ့အချိန်တွေကို မျက်စိကွယ်ပြီးမဖြတ်သန်းစေချင်ဘူးလေ. ... အမေအတွက် ကိုယ်ချင်းစာပြီး ထပ်တူခံစားသွားပါတယ်ရှင် ..
ကျနော့် အဖေ ကားတိုက်ခံရတော့ ဆေးရုံမှာ တလခွဲ သတိမေ့ပြီး နေခဲ့ရဖူးတယ်။ ( အသိမေ့တာပါ ) အဲဒီတုန်းက အဲသလို ခံစားမှုကို ခံစားရဖူးတယ်။
:( :(
swe
အဖေ့ကို သတိရတယ် ...
အဖေ့ဆီ ပြန်ချင်လိုက်တားးးးးးးးးး
:'(
Post a Comment