ကျွန်ုပ်၌မိဘနှစ်ပါးရှိခဲ့သည်။
အဖေမရှိတော့သည့်နောက်ပိုင်း အဘိုးအဘွားအိမ်၌ အမေ ပို၍အနေကျုံ့ ခဲ့သည်။ အားကိုးအားထားစရာလင်ယောက်ျား မရှိတော့သည့်အတွက် နေ့စဉ်နှင့်အမျှ အမေစိတ်ပင်ပန်းခဲ့သည်။ လူမမယ် သားယောက်ျားငါးယောက်နှင့် အသက် ၃၀ အရွယ် မိခင်တစ်ယောက်။ ပြန်စဉ်းစားမိတိုင်း အမေ့ကို ပို၍ပို၍ သနားမိသည်။
စက်ခေါင်းပျက်စီးသွားသည့် မီးရထားတွဲကြီးကဲ့သို့ ကျွန်ုပ်တို့ မိသားစု ယောင်ချာချာဖြစ်ခဲ့သည်။ သို့သော် အမေသည် စက်ခေါင်းပျက်သွားပေမဲ့ လက်ကောင်းကောင်းနှင့် အပြင်းအထန်မောင်းနှင်ခဲ့သည်။ လူတစ်ယောက်စာအတွက်ပင် အတော်လေးရုန်းကန်ရသည့် ခေတ်ကာလ၌ လူခြောက်ယောက်(အမေအပါအ၀င်)အတွက် မည်သို့ရုန်းကန်ခဲ့ရသည်ကို ကျွန်ုပ် သဘောပေါက်ပါသည်။
သို့ပေမဲ့ အမေ့မျက်နှာ၌ ပင်ပန်းသည့် အမူအရာကို လုံးဝ မတွေ့ခဲ့ရ။ သားငါးယောက်ကို မြင်နေရလျှင်ပင် အမေ စိတ်ချမ်းသာပုံရသည်။ စိတ်အာဟာရ သဘောပင်ဖြစ်သည်။
အဘိုးအဘွားများက အဖေဆုံးပြီးနောက် နှစ်နှစ်ခန့် သူတို့အိမ်ပေါ်တင်ထားသောကြောင့် ကျွန်ုပ်တို့ အသက်ရှူချောင်ခဲ့သည်။ သို့သော် ဘယ်အရာမှ အလကားမရဆိုသကဲ့သို့ နိုင်ရာအလုပ်များကို လုပ်ကူပေးရသည်။ အထူးသဖြင့် ပထမအကိုနှင့်ဒုတိယအကိုတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ပိုလုပ်ရသည်။ မကြာမကြာ အဆူခံရသည်။ တစ်ခါတစ်ခါ အိမ်ပေါ်တင်ထားမိတာ အလကားဘဲ ဆိုသည့် စကားများကို ကြားရတတ်သည်။
အဖေမရှိတော့ အဖေ့အိမ်ဟာ အမေ့အိမ် မဟုတ်တော့ပါ။ အိမ်ဆင်း(ပြောင်း)ဖို့ သင့်ပြီ။ အမေ မည်သို့ စီစဉ်မည်နည်း။ အဖေ့အိမ်မှာ နေထိုင်ရတာလဲ အဆင်မပြေ။ အိမ်ဆင်းမယ်လုပ်ပြန်တော့လဲ အိမ်တစ်လုံးတန်ဖိုးငွေ အမေ့မှာ မရှိ။ ဒါပေမဲ့ အမေအိမ်ဆင်းခဲ့ပါသည်။ အမေ့အိမ်ကို ပြန်လာခဲ့ခြင်းပင်ဖြစ်သည်။ အမေ့အိမ်သည် အမေ့မိဘများအိမ်ဖြစ်သည်။ အမေ့မိဘများသည် အမေ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံးကိုလဲ လှိုက်လှဲစွာ လက်ကမ်းခဲ့ပါသည်။ နွေးထွေးသော လက်တစ်စုံသည် လူသားများအတွက် အားအင်ဖြစ်စေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်ထဲ၌ ရောဂါတစ်ခုရသွားသည်။ အမေ့ဆွေမျိုးများကို အဖေ့ဆွေမျိုးများထက် ပိုချစ်သည့် ရောဂါပင်တည်း။
အဖေနှင့်အမေဆိုရင် အမေ့ကို ပိုချစ်သည်။ အဖေ့ဆွေမျိုးနှင့်အမေ့ဆွေမျိုးဆိုရင် အမေ့ဆွေမျိုးများကို ပိုချစ်သည်။ ဒါကလည်း အဆန်းတော့မဟုတ်။ အဖေ့မိဘအိမ်၌ အဆူခံရပြီးမှ ထမင်းစားရသည်။ အမေ့မိဘအိမ်၌ ထမင်းစားနေတုန်း အဘွားက ယပ်ခတ်ပေးသည်။ အဖေ့မိဘအိမ်၌ ကျွန်ုပ်တို့ အရိုက်ခံရသည်။ အမေ့မိဘအိမ်၌ ကျွန်ုပ်တို့၏ ကျောပြင်ကို အဘိုးအဘွားများက လက်ဖြင့် ပွတ်သပ်ချော့တိတ်ပေးသည်။
အဖေ့မိဘအိမ်၌ ညအခါ အဆူအဆဲစကားသံများ မကြာမကြာ ကြားရတတ်သည်။ အမေ့မိဘအိမ်၌ ညအိပ်ရာဝင်ခါနီး အဘွားပြောသော ရာဇ၀င် ပုံပြင်များကို နားထောင်ရသည်။
အမေ့မိဘများအိမ်၌ နေထိုင်ရတာ အဆင်ပြေပေမဲ့ ပြုံးနေတုန်းခွဲရတာ ကောင်းသည် ဆိုသည့် ဆိုထုံးကို အမေကောင်းကောင်းသိသည်။ ထို့ကြောင့် အမေ့မိဘအိမ်၌ နှစ်နှစ်ခန့်ထပ်နေပြီး အိမ်ခွဲခဲ့ပါသည်။ အမေ့ကိုယ်ပိုင် အိမ်ကလေးကိုပင်။
အမေ ဆင်းရဲသည်။ သို့သော် အမေ မငြီးငြူခဲ့ပါ။ ကျောင်းသားအရွယ်ကလေးတွေမို့ ကျောင်းထားပေးရသည်။ သို့သော် အမေ အပြုံးမပျက်ခဲ့ပါ။ ထမင်းကောင်းကောင်း နှပ်မှန်အောင် အမေ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသည်။ သို့သော် အမေ ကျေနပ်နေခဲ့သည်ပင်။
သို့သော် သို့သော်...
လူပင်ပန်းမှု စိတ်ပင်ပန်းမှုကို အမေ့မျက်နှာပေါ်တွင် မတွေ့ရပေမဲ့ သဘာဝတရားက သက်သေပြလေပြီ။ အသက် ၃၀ ကျော်မျှသာ ရှိသေးသည့် အမေ့ ခေါင်းပေါ်၌ ဆံပင်ဖြူများ နေရာယူကုန်ကြသည်။ အမေ့မျက်နှာပေါ်၌ အရေးအကြောင်းလေးတွေပေါ်လာသည်။ အိုချိန်မတန်ဘဲ အမေအိုခဲ့ရသည်။
ကျွန်ုပ်၌ မိဘနှစ်ပါး ရှိခဲ့သည်။ ။
အမှတ် ၁၊ ၂၊ ၃ က ဒီမှာပါ။
........

9 comments:
စာလာဖတ်ပါတယ်။ မရောက်ဖြစ်တာ ကြာပြီဗျာ။ အဆင်ပြေပါစေ။
ချီးကျူးဖို့ ကောင်းလိုက်တဲ့ မေမေ နော်...။ ၄ ဆိုတော့ ၁၊၂၊၃ ကို ပြန်ရှာဖတ်လိုက်ဦးမယ်...။ အမေ့ ကျေးဇူး တတ်နိုင်တဲ့ ဘတ်က ဆပ်နိုင်ပါစေ..။
အမေ့မေတ္တာ နဲ့ အရာရာမှာ အဆင်ပြေမှာပါ။
လွတ်ချလိုက်တဲ့လက်တစ်စုံအတွက် တဖက်က နွေးထွေးစွာကမ်းလင့်တဲ့ လက်တစ်စုံက အမြဲရှိနေမှာပါ
ဒါကြောင့် အဖေ့အမျိုးက လွတ်ချပေမယ့် တဖက်မှာ နွေးထွေးတဲ့ အမေ့အမျိုးတွေရဲ့ လက်တစ်စုံကို မြဲမြဲစွာ ကိုင်ထားသင့်တယ်နော်.........ဆွေမျိုးမိတ်သင်္ကဟ
ကိုပြန်လည် လုပ်ကျွေး ကျေးဇူးဆပ်ရခြင်းသည် မင်္ဂလာတရားတပါးပါပဲ .....
ပျော်ရွှင် အဆင်ပြေပါစေ ဦးဦးရေ
မိခင် မေတ္တာကို ရဿမြောက်မြောက်လေးဖော်ပြလိုက်တာ
ကောင်းလိုက်တာ ခင်ဗျာ...
အသက်၃၀ နဲ့ ဆံပင်တွေဖြူနေတဲ့အမေ့ကို မြင်ယောင် ကြည့်တော့ စိတ်မကောင်းဖြစ်မိတယ်..လောကဓံရဲ့
အရိုက်အပုတ်ကို ကျောခံပြီး သားသမီးတွေကို ကာကွယ်ပေးခဲ့တဲ့ မိခင်မြတ်လို့ မြင်မိတယ်..။
နောက်အပိုင်းလေးတွေလည်း မျှော်နေပါ့မယ်
အမေအမောပြေတဲ့ နေ့လေးတွေရောက်တဲ့အထိ ရေးပါအုံးဗျာ..
ဆက်ရေးဦးလေ..
ဘဝမှတ်တမ်းလေးပေါ့...
မိခင်မေတ္တာ... သတ္တိရှိတဲ့မိခင်ကိုပိုင်ဆိုင်ခဲ့တာ.. ဂုဏ်ယူစ၇ာပါ
အမိရော ၊ အဖေရော အသားတည်း ပေါင်းသွားတဲ့ လူတစ်ယောက်လို့ပဲ ပွင့်ပွင့်လင်းလင်း မြင်မိတယ်ဗျာ။
လေးစားပါတယ်။
:( :( :( :(
swe
အသက် ၃၀ ကျော် ... လူမမယ် ကလေး ၅ ယောက်၊ မုဆိုးမဘ၀နဲ့ ရုန်းကန်ရတဲ့ဘ၀ ... ။ တွေးကြည့်ရုံနဲ့တင် တကယ်မလွယ်တာပဲ။ တော်ရုံ ဇွဲ သတ္တိ နဲ့တော့ ကြံ့ကြံ့ခံ ရပ်တည်နိုင်မှာ မဟုတ်ဘူးနော်။
ခုလို သားလိမ္မာမျိုး မွေးဖွား ပြုစုပျိုးထောင်ပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်။
Post a Comment