Friday 31 October 2008

အဖေသို့ပေးစာ


ခုနစ်နှစ်သားအရွယ်
အတော်လေးငယ်သေးပေမဲ့
ကျနော် ကောင်းကောင်းမှတ်မိတယ်။

ညတစ်ညရဲ့ ညဥ့်ဦးယာမ်မှာ
အမေ့ရဲ့ အော်သံ အမေ့ရဲ့ ငိုသံ
အမေ့ရဲ့ ကြေကွဲသံ မိုးထက်ထက်ညံသွားလောက်ရဲ့ 
"မင်းတို့ အဖေ မရှိတော့ဘူး" တဲ့။
........................

ရင့်ကျက်မှုအပြည့်မရှိသေးတဲ့ အမေတစ်ယောက်
အရွယ်မရောက်သေးတဲ့ သားငါးယောက်နှင့်
ခရီးဘယ်လိုဆက်လျောက်ရမလဲ...အဖေ

အကြီးဆုံးအကိုက ၁၁ နှစ်
အငယ်ဆုံးညီက ၃နှစ်
အဖြစ်ကရင်နာစရာ
အဖေထွက်ခွါသွားတာစောလွန်းတယ်.. အဖေ။

အဖေမရှိတော့ပေမဲ့
အဖေရှိခဲ့တယ်ဆိုတဲ့အသိနဲ့
အဖြေမသိသေးတဲ့ အနာဂါတ်အတွက်
အမေနှင့်အတူလျောက်လှမ်းခဲ့ပါတယ်... အဖေ။

ရတက်တွေပွေလျက်နဲ့
အသက်ပင်သေသေ ကြိုးစားရုန်းကန်ခဲ့ရပေမဲ့
အဖေမမုန်းရအောင်ဆိုပြီး
အမေကတော့ အပြုံးမပျက် ပြုံးလျက်ပါဘဲလေ
အဲဒါ... အဖေပေးခဲ့တဲ့ အင်အားတွေတဲ့.. အဖေ။

အမေနေ့တိုင်းလုပ်နေတဲ့အလုပ်တစ်ခု
ငုတ်တုတ်မေ့လောက်အောင် အဖေအံ့သြသွားလိမ့်မယ်
အဖေ့အုတ်ဂူကိုနေ့တိုင်းသွား
တမလွန်ကအဖေကြားနိုင်လောက်အောင်
နာကြားဖူးသမျှတရား ပါးစပ်ဖျားကထွက်ပေါ်
အမေ့ အမျှဝေသံအဆုံးမှာ သာဓုခေါ် ဖြစ်ရဲ့ လား...အဖေ။

အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူ တော်လေးဝအမျိုးသမီးတွေလောက်
ချစ်ခရီးမှာ အချစ်မကြီးခဲ့နိုင်ပေမဲ့
အဖေ့ချစ်ဇနီးကို စိတ်သာချ
သူ့ဘ၀ တမလွန်ပြောင်းသွားတဲ့ထိ
တုမရတဲ့ အချစ်တွေနဲ့ အဖေဟာ အမေ့ရဲ့ အဖေပါဘဲ... အဖေ။

"ငါ့သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားကြပါ"တဲ့
အဖေမသေခင် မှားထားခဲ့တဲ့စကား
သား နားဝက မထွက်ခဲ့ပါဘူး
ရည်မှန်းချက်ကြီးတဲ့ အဖေ့မှာကြားချက်
သား တစ်သက်လုံးဂုဏ်ယူနေမယ်... အဖေ။

အဖေထားခဲ့တဲ့ ဆန်စပါး
အဖေပေးခဲ့တဲ့ အင်အား
အဖေဆုံးမခဲ့တဲ့စကားတွေကြောင့်
အခုဆို
အဖေ့သား... အင်္ဂလန်ရောက်ခဲ့ပြီ... အဖေ။

ငယ်ငယ်ဘ၀ မောဟအဖုံးတွေကြောင့်
အဖေဆုံးသွားတဲ့ရက်မသိခဲ့ပေမဲ့
ဒီနေ့ဆို
အမေဆုံးသွားတာ ၈ နှစ်တိတိပြည့်ခဲ့ပြီ...အဖေ။

အဖေနေတတ် အမေလဲကျေနပ်အောင်
သားတို့ တတ်နိုင်သမျှကြိုးစားရင်း
အဖေ့အုတ်ဂူနား နောက်ထပ်အုတ်ဂူတစ်ခုတိုးခဲ့ပြီ
အဲဒါ.. အမေ့အုတ်ဂူဘဲ....အဖေ။

တကယ်လို့များ.....
ဆုတောင်းလို့ ရကြစတမ်းဆိုရင်
တစ်ခုတည်းသောဆုကို သားတောင်းပါတယ်။

ရောက်ရာဘ၀ ဖြစ်ရာဘ၀မှာ
အဖေနှင့်အမေဟာ
သားရဲ့ အဖေနှင့်အမေဘဲ ပြန်ဖြစ်လာကြပါစေသား။

(ကွယ်လွန်သူ ဖခင်ကြီး ဦးကျော်လှိုင်အား ဦးညွတ်လျက်)

...

No comments: