Friday, 21 May 2010

နေရာတိုင်း၌ သရဲရှိလေသလော ??????



""အောက်... အီး.. အီး.. အွတ်".. "ပဲ..ဟဲ.. ဟဲ"... "အွတ်... အွတ်..""

အချိန်ကား ညဥ့်နက် သန်းခေါင် အချိန်။ နေရာကား လန်ဒန်မြို့၏ အနောက်ဖက်ခြမ်းတစ်နေရာ။ အတိအကျဆိုရပါမူ ကျနော်နေထိုင်သည့် အိမ်ပတ်ဝန်းကျင်နေရာ။ ကြားနေရသည့်အသံသည်ကား ကြက်သံလိုလို ဆိတ်သံလိုလို ၀က်အော်သံလိုလို။

အသံဗလံပေါင်းစုံတို့ကြောင့် အအိပ်ဆတ်လှသည့်ကျနော် အိပ်ရာမှ လန့်နိုးထလာသည်။ အိပ်ရာအနားရှိ မီးလုံးခလုပ်ကို ဖွင့်လိုက်ပြီး ဝေတေတေဖြစ်နေသည့် ခေါင်းကို (လက်ဝှေ့ထိုးပွဲ၌ လက်သီးအထိုးခံထားရသည့် လက်ဝှေ့သမားစတိုင်လ်မျိုးဖြင့်) ဘယ်ညာ ခပ်ဆတ်ဆတ်ခါရင်း နောက်ကျိနေသည့် စိတ်ကို ဖြေဖျောက်လိုက်သည်။ ခြေရင်း၌ ချိတ်ဆွဲထားသည့် တိုင်ကပ်နာရီကို မော့ကြည့်လိုက်မိသည်။ ည ၂ နာရီ ၁၄ မိနစ်။

လင်းကြက်တွန်သံများ၊ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံများ၊ ကင်းတဲမှ သံချောင်းခေါက်သံများ မကြားရတာ ကြာပြီဖြစ်သည့်အတွက် အခုလို ကြက်တွန်သံလိုလို အသံမျိုးကို ကြားရခိုက် အမိမြန်မာနိုင်ငံကို ကြံဖန်ပြီး ပြေးသတိရမိလိုက်သည်။ တစ်ဆက်တည်းမှာပင် အသိတစ်ခုဝင်လာသည်။

"ဘုရား... ဘုရား ... ဒါ လန်ဒန်မြို့ကြီးဘဲ။ ဘယ်ကလာ ကြက်တွန်သံ၊ ၀က်အော်သံ၊ ဆိတ်မြည်သံတွေကို ကြားနေရပါလိမ့်။ လန်ဒန်ကို ရောက်လာတာ ၂ နှစ်ခွဲလောက်ရှိပြီ။ တစ်ခါမှ အခုလို အော်သံတွေကို မကြားမိပါလား။ ဒါ... ဘာသံတွေပါလိမ့်"

ချက်ချင်းဆိုသလို ခေါင်းနပန်းကြီးသွားသည်။ သွေးရိုးသားရိုးမဟုတ်တာတော့ သေချာသည်။ အနီးအနား၌ ကြက်မွေးမြူရေးခြံလည်းမရှိ၊ ၀က်မွေးမြူရေးခြံလည်းမရှိ၊ ဆိတ်မွေးမြူရေးခြံလည်းမရှိပေ။ အသံဗလံတွေကို သေချာနားထောင်ကြည့်လိုက်တော့မှ ပိုဆိုးသွားသည်။ ထိုအသံတို့သည် ပြင်ပက လာသည့်အသံမဟုတ်။ ကျနော်တို့ အိမ်အတွင်းက ထွက်ပေါ်လာသည့်အသံတို့ပင်ဖြစ်လေသည်။ အခန်းဖော်သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့ သူက ခူး ခလောဖြင့် တောင်တက်လို့ကောင်းတုန်း။

"ဟာ.. ဒုက္ခဘဲ။ ဒီအသံတွေက ထမင်းစားခန်းထဲကလာတဲ့ အသံတွေဘဲ"

ကြောက်စိတ်တစ်ဝက် စပ်စုချင်သည့်စိတ်တစ်ဝက်ဖြင့် ခြေကို ခပ်ဖော့ဖော့နင်းပြီး အိပ်ခန်းတံခါးကို ဖွင့်ကာ ထမင်းစားခန်းသို့ တိတ်တဆိတ်ထွက်လာခဲ့သည်။ အိပ်ခန်းနှင့် ထမင်းစားခန်းက ကပ်ရက်အနေအထားမို့ ခဏအတွင်းရောက်သွားသည်။ ထမင်းစားခန်းအတွင်း၌ ပုဂံပြား ဇွန်း ခက်ရင်း ပန်းကန်စသည့် ပစ္စည်းပစ္စယများ ထည့်သည့်ဗီဒိုတစ်လုံးရှိသည်။ ရေခဲသေတ္တာတစ်လုံးရှိသည်။ ပြီးတော့ ထမင်းစားစားပွဲတစ်ခုရှိသည်။ လျပ်စစ်မီးများပိတ်ထားသည့်အတွက် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပေ။ သေချာနားစွင့်ကြည့်လိုက်တော့ ထိုအသံဗလံများသည် ရေခဲသေတ္တာထဲမှထွက်ပေါ်လာခြင်းပင်တည်း။

ရေခဲသေတ္တာဆိုသည့်အသိစိတ်က ရေခဲတိုက်ကို အမှတ်ရစေမိသည်။ လွန်ခဲ့သည့် ငါးလခန့်က မရွည်ရွယ်ဘဲ လန်ဒန်မြို့လယ်က ရေခဲတိုက်တစ်ခုသို့ ရောက်ခဲ့ဖူးသည်။ တက္ကသိုလ်က ဆရာတစ်ယောက်၏ မိတ်ဆွေဆုံးပါးသွား၍ဖြစ်သည်။ သူ့ရုပ်အလောင်းကို Funeral Service တစ်ခုရှိ ရေခဲတိုက်ထဲ၌ ထည့်သွင်းထားသည်။ ဗဟုသုတဖြစ် ကျနော်တို့ သွားကြည့်ခဲ့ကြသည်။ ရေခဲတိုက်ဆိုပေမဲ့ ရေခဲသေတ္တာအကြီးစားမျိုးပင်ဖြစ်သည်။ အံတစ်ခုကို လူ့အလောင်းတစ်ခုထားသည်။ နံပါတ်စဉ်အလိုက်ထားသည်။ ရေခဲတိုက်ကို ဖွင့်လိုက်သည့်အခါ ဖြူဖတ်ဖြူရော်ဖြစ်နေသည့် လူ့အလောင်းများကို တွေ့ရသည်။ ကျနော်တို့ သွားကြည့်သည့်ရုပ်အလောင်းကို အံဆွဲထဲမှ ဆွဲထုတ်ပြသပေးသည်။ အရှက်နေရာမှလွဲ၍ တစ်ကိုယ်ကောင်လုံး ဘာမှလွှမ်းခြုံမထားပေ။ ဖြူဖတ်ဖြူရော်ကြီးပင်တည်း။

ထိုကြက်သံလိုလို ၀က်သံလိုလို ဆိတ်သံလိုလို အသံများကို သေချာနားထောင်ကြည့်မိသည်။ အသေအချာပင် ရေခဲသေတ္တာအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ ရှေ့ ကို ခြေတစ်လှမ်းတိုးပြီး ထမင်းစားခန်း မီးခလုပ်ကို ဆတ်ကနဲဖွင့်လိုက်သည်။ မီးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအသံဗလံများ တိတ်ဆိတ်သွားသည်။ ဘာသံမှ မကြားရတော့။ မီးအလင်းရောင်ရှိနေပြီဖြစ်သည့်အတွက် ကြောက်ရွံ့ စိတ်တို့ ကျနော့်ထံမှ ထွက်ပြေးသွားကြသည်။ ရေခဲသေတ္တာဆီသို့ ကျနော် ဦးတည်သွားလိုက်သည်။ ပြီးတော့ ရေခဲသေတ္တာကို နားကပ်ပြီး နားထောင်ကြည့်လိုက်သည်။ Regualator အသံမှလွဲ၌ ဘာသံမှ မကြားရတော့ပေ။ စပ်စုချင်သည့်ဆန္ဒဖြင့် ရေခဲသေတ္တာတံခါးကို မ၀ံ့မရဲ ခပ်ဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။

"ဒုတ်.. ဒုတ်... ဖလူး.. ဖလူး.."

ထိုအသံများနှင့်အတူ ဖွင့်ထားသည့် လျပ်စစ်မီးများ ဖျတ်ကနဲ မျက်တောင်ခပ်သွားသည်။ ရေခဲသေတ္တာထဲမှ တွန်းအားတစ်ခုကြောင့် ရေခဲသေတ္တာတံခါး ဆတ်ကနဲပွင့်ထွက်လာပြီး ကျနော့်မေးစေ့ကို လာရိုက်ခတ်မိသည်။ ရေခဲသေတ္တာအတွင်းမှ ပျံသန်းသံ ပြေးထွက်သံမျိုးကြားရပြီး ကျနော့်မျက်နှာပြင်၌ လေများ ရိုက်ခတ်သွားသည်။ ကျနော် ယောင်ယမ်းပြီး နောက်ကို ခြေနှစ်လမ်းသုံးလမ်းဆုတ်လိုက်မိသည်။ ခပ်ညှီညှီအနံ့ဆိုးမျိုး နှာခေါင်းဝသို့ လာမိတ်ဆက်သည်။ ခွေလဲမကျသွားအောင် ကျနော်ကြိုးစားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိသည်။ ပကတိငြိမ်သက်လျက်ပင်တည်း။

အတန်ငယ်ကြာအောင် ထမင်းစားခန်း၌နေထိုင်ရင်း ရေခဲသေတ္တာကို စိုက်ကြည့်နေမိသည်။ ဘာမှမထူးခြားလာသည့်အတွက် ထမင်းစားခန်းမီးခလုပ်ပိတ်ပြီး အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။ ကုတင်ပေါ်လဲလျောင်းပြီး မီးခလုပ်ကို ပိတ်ကာ အိပ်ဖို့ ကြိုးစားလိုက်သည်။ ထို အခိုက်ဝယ်...

"အောက်.. အီး.. အီး.. အွက်... ပဲ.. ဟဲ ... ဟဲ... အွတ်.. အွတ်.."

ထိုအသံများ ထမင်းစားခန်းအတွင်းမှဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ကျနော် ထပ်မမိုက်ရဲတော့ပေ။ အပူဒီဂရီ မိုင်းနပ်စ် ၁၀ ခန့်ရှိသည့် လန်ဒန်ဆောင်းကာလအတွင်း၌ ကျနော့်ခန္ဓာကိုယ်အတွင်းမှ ချွေးသီးချွေးပေါက်များ ယိုစီးထွက်လာကြသည်။ ကျနော် ကြောက်သလိုခံစားလာရသည်။ MP-3 player အထဲ၌ သွင်းထားသည့် သီတဂူဆရာတော်ဘုရား၏ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်နှင့်ပရိတ်တရားတော်တို့ကို Volume တင်ဖွင့်ပြီး နားကြပ်ကို နားနှစ်ဖက်ထဲထိုးတည့်၍ စောင်ခေါင်းမြီးခြုံကာ ကြိတ်မှိတ်အိပ်ဖို့ ကြိုးစားလိုက်ရပါတော့သည်။

မနက်မိုးစင်စင်လင်းသည့်အခါ ညတုန်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို စဉ်းစားပြီးဒေါသထွက်မိသည်။ မဖြစ်သင့်သည့်ကိစ္စတစ်ခုဟု ကျနော်ယူဆသည်။ အိပ်မက်များဖြစ်လေမလား စဉ်းစားမိသည်။ အိပ်မက်မဟုတ်ပေ။ ကျနော်အိပ်ရာနိုးလာသည့်တိုင်အောင် MP-3 player နားကြပ်က ကျနော့်နားအတွင်း၌ရှိနေသေးသည်က အိပ်မက်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ထို့ကြောင့် ကျနော် ရေခဲသေတ္တာဆီသို့ ပြန်သွားလိုက်သည်။ ရဲရဲတင်းတင်းပင် ရေခဲသေတ္တာတံခါးကို ဖွင့်လိုက်သည်။ ရေခဲ သေတ္တာအတွင်း၌ အချိုရည်ပေါင်းစုံ ဒိန်ချဉ် သံပုရာသီး ကိတ်မုန့်စသည့်စားသောက်ဖွယ်များရှိသည်။ ပြီးတော့ ၀က်သားဆီပြန်ဟင်းတစ်ခွက် ရှိလေသည်။ ရေခဲသေတ္တာ အောက်ဆင့်က Freezer ကို ဖွင့်ကြည့်လိုက်တော့ လပေါင်းများစွားကထဲက အိမ်ရှင်အဖိုးကြီး စွပ်ပြုတ်လုပ်ဖို့ သိမ်းဆည်းထားသည့် ဆိတ်ခြေထောက် (အစိမ်း)အထုပ်တစ်ခုနှင့် ကြက်တောင်ပံ(အစိမ်း)အထုပ် သုံးလေးခုကို တွေ့ရသည်။ အိမ်ရှင်အဖိုးကြီးတောင် သူသိမ်းဆည်းထားသည့် အထုပ်တို့ကို မေ့နေလောက်ပြီ။ ပြီးတော့ သူကိုယ်တိုင် ကျနော်တို့အိမ်၌ ရှိမနေပေ။ နယ်ဘက်ခရီးလွန်နေသည်။ ၀က်သားဆီပြန်ဟင်းမှ ၀က်အော်သံ၊ ဆိတ်ခြေထောက်ထုပ်ဆီမှ ဆိတ်အော်သံ၊ ကြက်တောင်ပံထုပ်ဆီမှ ကြက်တွန်သံ။ ထိုကဲ့သို့ ထွက်ပေါ်လာခြင်းပင်လော။

ယနေ့သည် ကြာသပတေးနေ့ဖြစ်သည်။ မနက်ဖန်ဆို စည်ပင်သာယာမှ အမှိုက်သိမ်းဆည်းသည့် ကားရောက်လာပြီး အမှိုက်လာသိမ်းမည်။ မထူးတော့ပြီ။ ရေခဲသေတ္တာထဲမှ အရှုပ်များကို ရှင်းပစ်မှ တော်ရာကျတော့မည်။ အိမ်ရှင်အဖိုးကြီး ပြန်လာပြီး သတိတရ သူသိမ်းဆည်းထားသည့်အထုပ်တို့ကို မေးလာရင် ကြည့်ကြပ်ပြီး ဖြေလိုက်မည်။ ရေခဲသေတ္တာအတွင်းမှ ၀က်သားဆီပြန်ဟင်းအကျန်၊ Freezer ထဲမှ ဆိတ်ခြေထောက်ထုပ်၊ ကြက်တောင်ပံထုပ်တို့ကို အပြင်ထုတ်ပြီး Black bag ထဲ ကျနော်ထည့်လိုက်သည်။ ယူကေ၌ အမှိုက်ပစ်သည့်အခါ Black bag ကို အသုံးပြုလေ့ရှိသည်။

ညနေပိုင်းရောက်သည့်အခါ အခြား Black bag ထုပ်တို့နှင့်အတူ အိမ်ဝင်းအပြင်၌ ထိုအထုပ်ကို သွားထားလိုက်သည်။ နောက်တစ်နေ့ သောကြာနေ့ မနက်မိုးလင်းလင်းချင်း အမှိုက်သိမ်းကားရောက်လာပြီး သူတို့ဘာသာ အမှိုက်(Black bag) ထုတ်တို့ကို သိမ်းဆည်းယူဆောင်သွားလိုက်ကြလေသည်။ ကျနော့်ပါးစပ်ကလည်း နှုတ်ထွက်ပြီးပြောလိုက်သည်။

"ကဲ.. လွတ်ရာ ကျွတ်ရာကိုသာ သွားကြပေတော့..."

ထမင်းစားခန်းအတွင်း လှည့်ပတ်ပြီး ကျက်ထားမှတ်ထားသည့် ဘုရားစာအချို့ကို ကျနော်ရွတ်ဖတ်လိုက်သည်။
ထိုနေ့မှစ၍ ကျနော်နေထိုင်သည့် အိမ်၌ ဘာအသံမှ မကြားရတော့ပေ။ ထမင်းစားခန်းအတွင်း၌လည်း ရေခဲသေတ္တာကို အလုပ်လုပ်စေသည့် ခပ်တိုးတိုး Regulator အသံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိလေတော့သတည်း။

အကျယ်အကျယ်ဖြစ်သွားမည်စိုးသည့်အတွက် ထိုအကြောင်းကို မည်သူ့ကိုမှ ဖောက်သည်မချခဲ့ပေ။ ကျနော်တစ်ယောက်ထဲသာ သိရှိသည့်ကိစ္စတစ်ခုဖြစ်သည်။
.....


အထက်ပါ အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကျနော်ဆက်စပ် တွေးလိုက်မိသည်။ ငယ်စဉ်ကာလက သုဿာန်တစ်ခုကို ဖြတ်ပြီး သွားရမည့်ခရီးဆိုရင် ကျနော်တို့ ကြောက်လန့်နေတတ်ကြသည်။ ထိုစဉ်က လူကြီးသူမတွေ ပြောခဲ့သည့်စကားကို ကျနော် အမှတ်ရမိသည်။

"သင်္ချိုင်း(သုဿာန်)က ကြောက်စရာမဟုတ်ဘူး။ သင်္ချိုင်းမှာ လူသေကောင်တွေဘဲ မြှုပ်နှံထားတာ၊ တကယ်ကြောက်ရမှာက မင်းတို့ရဲ့ ပါးစပ်ကိုဘဲ။ မင်းတို့ ပါးစပ်ထဲမှာမှ သတ္တ၀ါအသေကောင်များစွာ မြှုပ်နှံထားတာ"


ထိုစကားအရဆိုလျှင် ရေခဲသေတ္တာသည်လည်း သတ္တ၀ါများစွာ၏ သုဿာန်ပင်ဖြစ်မည်ထင်၏။ ထိုထက်ဆိုးသည်မှာ ကျနော်တို့ ပါးစပ်တို့သည်သာ ကမ္ဘာ့အကြီးမားဆုံး သုဿာန်တစပြင်ကြီး ဖြစ်မှန်းမသိဖြစ်နေလေတော့သည်။ ထို့ကြောင့် ကျနော် စဉ်းစားမိသည်မှာ....

"အိပ်ပျော်နေစဉ် လူတွေ အိပ်ဟောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ သွားကြိတ်ခြင်း၊ ယောင်ယမ်းစကားပြောဆိုခြင်း၊ လန့်ဖြတ်ပြီး နိုးထလာခြင်း၊ ဟိုယောင်ယောင်ဒီယောင်ယောင် လမ်းထလျောက်တတ်ခြင်း စသည့်အဖြစ်အပျက်တို့သည် ၀မ်းဗိုက်အတွင်းရှိ သတ္တ၀ါတို့၏ ၀ိညာဉ်များ ခန္ဓာကိုယ်အပြင်ဘက်သို့ ပါးစပ် နှာခေါင်းပေါက်တို့မှတစ်ဆင့် ခဲခဲယဉ်းယဉ်းတိုးထွက်ခြင်းပေလော။ ထိုသို့ ထိုးထွက်သည့်အတွက် အသံဗလံများဖြစ်ပေါ်လာခြင်းကိုပင် အိပ်ဟောက်ခြင်း သွားကြိတ်ခြင်း အသက်ရှူပြင်းခြင်း ဟု ခေါ်ဆိုလေသလော။ ထိုဝိညာဉ်တို့ပင်လျှင် လူကို လမ်းထလျောက်စေခြင်းဖြစ်လေသလော"

ထိုကဲ့သို့ လောပေါင်းများစွာဖြင့် လွန်ခဲ့သည့် ဆောင်းကာလက ကျနော်နေထိုင်သည့် အိမ်၌ တိုးတိုးတိတ်တိတ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အမှန်ကို အမှတ်ရနေပြီး ယခုကဲ့သို့ ရေးသားလိုက်ရခြင်းပင် ဖြစ်ပေတော့သတည်း။ ။

...

Saturday, 1 May 2010

"ချစ်မိုးကြီး" ဘဲ ရွာသွန်းလိုက်ချင်တော့တယ်

တေးရေး... ရန်နိုင်စိန်
တေးဆို.... ဖြူသီ

(ညို..ရောင်..မှိုင်း..
မိုး... မိုးတိမ်ယံကဆိုင်း.... ဆိုင်းခဲ့လေပြီ... သက်ထား....
ဘယ်သောအခါများ... အချစ်ပွါးရပါ...မည်..) ၂

ချစ်မေတ္တာ... သာစေကြောင်း..
ဆုတောင်းပေမဲ့... ကြာရှည်နေခဲ့ပြီ...
စကြာဝဠာ...ကွာစေငြား...
စိတ်မှာသာပင်... တစ်အိပ်ရာထဲ စွဲမိသည်...
မတတ်သာ... ခပ်ခွါခွါ နေဦးစို့...
မုန်းလို့တော့.. ဟုတ်ပါဘဲ...
အသဲဘ၀င်မှာ အတည်.. မခွဲချင်ပါပြီ...

(ထာဝစဉ်...အမြဲတမ်း.. မမေ့နိုင်သည်...
နေ့စဉ် ခင်မင် စွဲလန်းသည်..
လစန္ဒာ.. မြူနှင်းမှုန်တွေ ရှင်းလို့ရယ်..
နှစ်ယောက်ချင်းလဲ... သဘောတူညီ..
ချစ်တင်းလဲ နှောခဲ့သည်...)၂

ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုး.. ချစ်လက်စ ပျိုးခဲ့ကြသည်...

သြော်....
ပြောပေမဲ့လည်း...
ဒါမျိုးက ရိုးမယ်မထင်ပါသည်...
ချစ်ပင် ချစ်မိုးရယ်.. ချစ်လက်စ ပျိုးခဲ့ကြသည်...
ချစ်မိုးကြီး...မစဲဘဲ..
သဲသဲ မဲမဲ အမြဲပင် ရွာချင်သည်...

(သဉ္စာ ဗွေလီ...
လူခြေတိတ်တောင်... အိပ်လို့မရပေါင်...
ရောင်ခြည်ထွန်းကာ.. လင်းချိန်တန်ခဲ့ပြီ...)၂

အရိပ်ကို.. အရောင်ထင်..
လူချင်းတွေ့မှ.. ပြောချင်လှသည်...

မေ့လို့ မရနိုင်ပါပြီ... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

မေ့လို့ မရနိုင်ပါပြီ...သြော်... ဖျောက်လို့ မရနိုင်ပါပြီ..
မျက်စိထဲမှာ... ၀ဲကာ ပေါ်လာသည်...

ကြာလေ မမေ့နိုင်ဘဲ... မေ့ကိုဘဲ စွဲမိသည်...
အသဲထဲက မေတ္တာရည်...
မေ့ကို ရည်ညွန်း သွန်းခဲ့သည်..

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေတော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်တော့မှ... မမုန်းရက်နိုင်တော့သည်...

လွမ်းအောင်ခု... ပြုရက်ပါပေ..
အနေခက်အောင်.. သွေလည်း မကွက်ပြီ...
သတ္တဘာဂီ... မညှာတာလေ..တော့ပြီ...
အချစ်ဆုံးမို့.. မမုန်းရက်နိုင်သည်..
ဘယ်...တော့မှ... မမုန်း.....ရက်သည်...

ရန်ဘယာ... အလီလီ..
ကင်းစေကြောင်းနဲ့... အခါခါမျှော်ရည်..
ဆုတောင်းရပါသည်...
တောင်းတဲ့ဆုနဲ့... ပြည့်စုံပါရ....စေ....။


မက်မက်ရေ... အကြွေးဆပ်လိုက်ပါပြီ။ အဆိုတော် ဦးမင်းနောင်ဆိုထားတဲ့ ချစ်မိုးကြီးကို တင်ချင်ပေမဲ့ ဦးမင်းနောင်ရဲ့သီချင်းက ဗီဒီစီရှာမတွေ့လို့ အမေဖြူသီရဲ့ ချစ်မိုးကြီးကိုဘဲ တင်ပေးလိုက်ပါတယ်။ ချစ်မိုးကြီးက ကျနော့်အကြိုက်ဆုံးတွေထဲက ဂန္ထ၀င်တေးတစ်ပုဒ်ပါဘဲ။

...

Tuesday, 13 April 2010

မန်းတောင်ရိပ်ခိုချင်ပေမဲ့


သင်္ကြန်မိုးလေးတွေပက်အဖျန်းမှာ
ဟောတော့ လို့ သူအော်ပြီး
ချမ်းတုံချမ်း လှတယ်လေးတဲ့။

ကိုကတော့
သင်္ကြန်ရောဂါတက်နေပြီ
နွေဦးကဗျာ ကျူးရင့်ချိန်မှာ
ညိုမြရေ မင်းဘယ်ဆီရောက်နေလဲ။

တူးပို့ တူးပို့ အသံတွေပျံ့ လွင့်နေတဲ့
နှစ်သစ်မင်္ဂလာ အခုချိန်ခါမှာ
မန်းတောင်ရိပ်ခိုချင်ပေမဲ့လဲ
ပိတောက်တစ်မျက်နှာကြောင့်
ဒီလိုလေးဘဲ နှုတ်ဆက်ပြီး လွမ်းနေတော့မယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီက ယူထားတာပါ။

...

Thursday, 8 April 2010

ခေါင်းစားစေတဲ့ ဒွါဒသမမြောက် လျှို့ ဝှက်ချက်


နိုင်ငံအမျိုးမျိုး လူအမျိုးမျိုးမှာ လာဘ်ကောင်းစေတဲ့ ဂဏန်း၊ ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတဲ့ ဂဏန်းတွေနံပါတ်တွေရှိကြပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လူမျိုးတို့က နံပါတ် ၇၊ တရုတ်လူမျိုးတို့က နံပါတ် ၈၊ မြန်မာလူမျိုးတို့ကတော့ နံပါတ် ၉ အစရှိသဖြင့်ပေါ့။

ရိုးရိုးရှင်းရှင်းအနေနဲ့ ပြောရရင်တော့ အင်္ဂလိပ်တို့က နေ့နံ ၇ ပါး (ခုနစ်ရက်တစ်ပတ်)နှင့် ပိုပြီးမြင်သာထင်ရှားတဲ့ ဂြိုဟ်ကြီး ၇ လုံး (Sun, Moon, Mercury, Venus, Mars, Jupiter and Saturn)တို့ကို ရည်ရွယ်ပြီး နံပါတ် ၇ ကို ကံကောင်းစေတဲ့ ဂဏန်းလို့ ယူဆထားကြတယ်လို့ ယေဘုယျအဆိုရှိကြပါတယ်။ တစ်ခြားနည်းတွေလဲ အများကြီးရှိနေဦးမှာ သေချာပါတယ်။

တရုတ်လူမျိုးတို့က သူတို့ရဲ့ဂဏန်း နံပါတ် ၈ (八 Pinyin: bā) ဟာ တိုးတက်ချမ်းသာခြင်းဆိုတဲ့ စကားလုံး ( - short for "发财", Pinyin: fā). နှင့် အသံချင်း ဆင်တူပါတယ်တဲ့။ ပြီးတော့ သူတို့ဒေသိယစကားတစ်ခုဖြစ်တဲ့ Cantonese စကားမှာလဲ နံပါတ် ၈ "baat"နှင့် ကံကောင်းခြင်း "faat" တို့ဟာ ဆင်တူကြပါတယ်တဲ့။ "88"ဆိုတဲ့ ၈ ဂဏန်းနှစ်ခုပူးထားရင် နှစ်ပြန်ကံကောင်းခြင်းလို့အဓိပ္ပါယ်ရတဲ့ 囍, ( the "shuāng xĭ")ဆိုတဲ့ သူတို့အက္ခရာနှင့်ဆင်တူပါတယ်တဲ့။ အဲဒါတွေကြောင့်လဲ တရုတ်လူမျိုးတို့ဟာ ၈ ဂဏန်းကို အလွန်တန်ဖိုးထားကြပါတယ်။ ဘယ်လောက်ထိ တန်ဖိုးထားကြသလဲဆိုတော့ ၂၀၀၈ ခုနှစ် နွေရာသီအိုလံပစ်ပွဲကို ပီကင်းမှာ ကျင်းပစဉ်တုန်းက (အိုလံပစ်) အခန်းအနားကို ၈၊ ၈၊ ၀၈ ခုနှစ် ညနေ ၈နာရီ ၈ မိနစ် ၈ စက္ကန့်တိတိမှာ ဖွင့်လှစ်ခဲ့တာပါ။ (မြန်မာနိုင်ငံ ၈၊ ၈၊ ၈၈ ကိုတော့ ဘယ်လိုပြောရမည်မသိ :D )။

ဒါပေမဲ့ မြန်မာကျတော့ အခက်သား။ နံပါတ် ၉ ကို ကံကောင်းစေတဲ့ဂဏန်းလို့ တစ်နိုင်ငံလုံးက လက်ခံထားကြလေရဲ့။ လုပ်ငန်းကြီးတစ်ခုလုပ်ဖို့ ရက်သတ်မှတ်တဲ့အခါ၊ အုတ်မြှစ်ချတဲ့အခါ၊ ကြီးကျယ်ခန်းနားတဲ့ အရေးအကြောင်းတစ်ခုခုကို အစပျိုးတော့မဲ့ အခါတွေမှာဆိုရင် အဲဒီ နံပါတ် ၉ ဂဏန်းကို အမြတ်တနိုးအမြဲထားလေ့ရှိတယ်။ အထူးသဖြင့်တော့ စက္ကန့် မိနစ် နာရီ နေ့ လ နှစ်တွေနှင့် ပတ်သက်တဲ့ ဂဏန်းတွေနှင့် ပစ္စည်းအရေအတွက်တွေပေါ့။ ဥပမာအားဖြင့် ၉ နာရီ ၉ မိနစ် ၉ စက္ကန့်၊ ၉ ရက် ၉ လပိုင်း ၉၉ ခုနှစ်တွင် ဘုန်းကြီး ၉ ပါးပင့်ပြီး မေတ္တသုတ် ၉ ခေါက်ရွတ်ဖတ်ကာ ရွှေအုတ် ၉ ချပ် ငွေအုပ် ၉ ချပ် ပတ္တမြားအုတ် ၉တို့ကို အပျိုစင် ၉ ယောက်တို့၏ လက်ထဲမှ ယူ၍ အရာရှိ ၉ ယောက်တို့က အုတ်မြှစ်ချခဲ့ကြသည် အစရှိသဖြင့်ပေါ့လေ။

အဲဒီ နံပါတ် ၉ ဂဏန်းက ဘာကို ရည်ညွန်းတာပါလိမ့်။ ပထမကတော့ ဘုရားဂုဏ်တော် ကိုးပါးကိုရည်ညွှန်းတာလို့ဘဲ ထင်ခဲ့မိတယ်။ ကြီး ၉ ကြီးအဓိဋ္ဌာန်တို့ ဘုရား ၉ ဆူပွဲတို့ကလဲ ရှိကြသေးတယ်မဟုတ်လား။ ဘုရားကြီး ၉ ဆူရှေ့ သွားပြီး ဂုဏ်တော် ၉ ပါးပုတီးစိတ်နည်းနှင့် တစ်ရက်ကို ပုတီး ၉ ပတ်တိတိစိပ်ပြီး ၉ ရက်တိုင်တိုင် အဓိဋ္ဌာန်ဝင်နေကြတာလဲ မျက်မြင်ကိုယ်တွေ့တွေပါဘဲ။ ကိုန၀င်းကြေဆိုလား ဘာဆိုလဲ။ ကျနော်လဲ ဗေဒင်ဆရာမဟုတ်တော့ အဲဒီဘက် တကယ်ဝေးတယ်။ ကိုးန၀င်းဆိုတာ ဂြိုဟ်ကြီးကိုးလုံးနဲ့များ ဆက်နွယ်နေမလားမသိဘူး။ ကျနော်ကတော့ ကိုးန၀င်းအကြောင်းကြားရင် ဓါတ်ခဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုဘဲ ပြေးသတိရနေမိတယ်။

အဲ... ပြောရဦးမယ်။ ၉ ဂဏန်းကို တန်ဖိုးထားကြတာက ကျနော်တို့ ရွှေမြန်မာတွေတင်မဟုတ်ဘူးဗျို့ ။ အိမ်နီးချင်း ထိုင်းနိုင်ငံကလဲ အဲဒီ ဂဏန်းကို အလွန်တန်ဖိုးထားကြလေရဲ့။ သူတို့ရဲ့အယူအဆက ဂဏန်းတွေဟာ စုံ ဂဏန်းတွေထက် ကံကောင်းစေတယ်၊ မင်္ဂလာရှိစေတယ်တဲ့။ ဂဏန်းတွေထဲကမှ နံပါတ် ၉ ကို သူတို့ တန်ဖိုးအထားဆုံးပါဘဲ။ ထိုင်းလို နံပါတ် ၉ ကို Gao၊ တိုးတက်ကြီးပွါးခြင်းကို Kow-nah၊ ဆန်စပါး(ထမင်း)ကို Khao၊ အဲဒီလိုခေါ်ကြတယ်။ အဲဒီလို အသံထွက်ချင်းဆင်တူနေကြလို့ ၉ ဂဏန်းကို ပိုအလေးအမြတ်ထားတာပါ။ သူတို့လဲ မြန်မာလူမျိုးတွေလိုပါဘဲ။ အဆောက်အဦးသစ်၊ အိမ်သစ်၊ ဆိုင်သစ်၊ မင်္ဂလာပွဲ စတဲ့ အခမ်းအနားတွေရှိလာရင် ဘုန်းကြီး ၉ ပါးပင့်ဖိတ်ပြီး မင်္ဂလာခံယူလေ့ရှိကြပါတယ်။ ထိုင်းဘုရင့်သက်တမ်း အနှစ် ၆၀ပြည့် အထိမ်းအမှတ်အဖြစ်နဲ့တောင်မှ ရွှေရောင်ကာလာ Ipod အလုံးပေါင်း ၉၉၉၉ လုံးထုတ်လုပ်ခဲ့ပါတယ်တဲ့။ အဲဒီထဲကမှ ၉၉၉၉ခုမြောက် Ipod ကိုတော့ ဘုရင်ကိုယ်တိုင် ယူထားလိုက်ပါသတဲ့။ အဲဒီလောက်အထိ တန်ဖိုးထားကြတာ။
...

သူ့အရပ်နှင့်သူ့ဇာတ် ဟပ်စပ်နေတဲ့ ကံကောင်းလာဘ်ရွှင် ဂဏန်းအယူအဆတွေကိုတော့ ကျနော် ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ အခု ကျနော့်စိတ်ထဲ ဘ၀င်မကျဖြစ်နေတဲ့ ဂဏန်း တစ်ခုရှိနေတယ်။ အဲဒါကတော့ ၁၂ ဂဏန်းပါ။

အဲဒီ ၁၂ ဂဏန်းဖွဲ့စည်းမှုကို နေရာအတော်များများမှာ အသုံးပြုထားတာ တွေ့ရတယ်။ ဥပမာအားဖြင့် တစ်နှစ်မှာ ၁၂ လရှိတယ်။ တစ်ရက်ကို ၁၂ နာရီနှစ်ခါရေတွက်ထားတယ်။ တစ်ပေမှာ ၁၂ လက်မရှိတယ်။ တစ်ဒါဇင်ဆိုတာ ၁၂ ဖြစ်တယ်။ အမြှောက်အလီပေါင်းဆိုတဲ့အခါ ၁၂ မှာရပ်ထားတယ် (ဥပမာ- ၂x၁=၂ ........ ၂x၁၂=၂၄)။ ( ၂ x ၁၃= ၂၆ စတာတွေကို ကျနော်တစ်ခါမှ မကျက်မှတ်ခဲ့ဖူးဘူး။) ယုတ်စွအဆုံး စုန်းကဝေအတတ်ကို ညွန်းဆိုတဲ့အခါမှာတောင် "သူက ၁၂ ကြိုးထိတတ်မြောက်ထားတယ်နော်။ သတိထား၊ ကြောက်စရာကြီး" ဆိုပြီး ပြောလေ့ပြောထရှိကြတယ်။ ပြီးတော့ သိုင်းကစားတဲ့အခါမှာလဲ ၁၂ ကွက်သိုင်းကစားနည်းက အများဆုံးအကွက်ရေလို့ ကျနော်ထင်တယ်။ ၁၄ ကွက်သိုင်း ၁၆ ကွက်သိုင်း ၂၄ ကွက်သိုင်းတွေကို ကျနော် မဖတ်ခဲ့ဖူးဘူး။ ကျနော်သိသလောက်ပေါ့။
...

မာယာယဉ်ကျေးမှုအရ ပြက္ခဒိန်ကုန်ဆုံးပြီး ကမ္ဘာပျက်မယ်ဆိုတဲ့ နှစ် လ ရက် တို့ကလဲ ၁၂ ဂဏန်းနဲ့ ပတ်သက်နေတယ်။ ၂၀၁၂ ခု ၁၂ လပိုင်း ၂၁ ရက်နေ့တဲ့။ ၁၂ နှင့် ၂၁ က ကက်ကင်းဓါတ်လိုဖြစ်နေတယ်။ ပြီးတော့ ကမ္ဘာကြီးလှုပ်ရှားလည်ပတ်မှုကိုလဲ ၁၂ ဂဏန်းတွေနဲ့ နာမည်တပ်ပေးထားကြတယ်။ လက ကမ္ဘာကို ပတ်ပြီး တစ်ပတ်ပြည့်တဲ့အခါ တစ်လလို့ သတ်မှတ်ပြီး ၁၂ ပြည့်တဲ့အခါ တစ်နှစ်ဆိုပြီးသတ်မှတ်သလိုမျိုးပေါ့။
...

ဗေဒင်လက္ခဏာစာအုပ်ထဲမှာရော ၁၂ ဂဏန်းက ဘယ်လို ကိုယ်စားပြုသလဲဆိုတာ သိချင်စိတ်နဲ့ အနားမှာရှိနေတဲ့ ကိုင်ရိုရဲ့ ဗေဒင်လက္ခဏာစာအုပ်ကို လှန်လောကြည့်လိုက်မိတယ်။ ဘာတွေတွေ့သလဲဆိုတော့---

ဇာတာခွင် ၁၂ ရာသီ
ဓနု၊ ကဋုပ္ပ၊ သဟဇ၊ ဗန္ဓု၊ ပုတ္တရ၊ အာရိ၊ ပထနီ၊ မရဏ၊ သုတ၊ ကမ္မ၊ လာဘ၊ ဗျာယ။

၁၂ ရာသီခေါ်ဝေါ်ပုံနှင့်လဂ်ဟောကိန်း
မိဿ၊ ပြိတ္တ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ပြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန်။

ကသစ်ဂြိုဟ်များတည်နေပုံ
စ၊ သာ၊ ရွှေ၊ ဂူ၊ အင်း၊ ၀၊ သူ၊ ဆန်၊ ဖြူ၊ တ၊ တင်း၊ ပေး။

အဲဒါတွေအားလုံးက ၁၂ နံပါတ်ကို ကိုယ်စားပြုထားတဲ့အရာတွေလေ။ စဉ်းစားရတော့ ခပ်ကြပ်ကြပ်ရယ်။
....

မြန်မာ့မီးရထားလက်မှတ်ရောင်းတဲ့ နေရာဋ္ဌာနတွေမှာလဲ သတိပေးရေးထားတဲ့ စာကြောင်းလေးတစ်ခုရှိတယ်။ ၃ နှစ်အထက် ၁၂ နှစ်အောက် ကလေးများ၊ ကလေးလက်မှတ်ဝယ်ပါတဲ့။ ဒါဆို ကလေးတစ်ယောက်ဟာ ၁၂ နှစ်က စပြီး လူကြီးစာရင်း ၀င်သွားပြီပေါ့။ ဟန်ကျလိုက်လေ။ ဒါနဲ့ဘဲ မဖြစ်ချေဘူး။ အဘိဓမ္မာစာအုပ်တွေထဲ ဘာသဲလွန်စများ တွေ့ရမလဲဆိုပြီး လက်လှမ်းမီရာ အဘိဓမ္မာစာအုပ်ကလေး ကောက်ဖတ်လိုက်ပြန်တော့.....

အကုသိုလ်စိတ် ၁၂ ပါး
ကုသိုလ်စိတ်ပါး ၂၁ ပါး တဲ့။

ဘုရား.. ဘုရား.. အကုသိုလ်စိတ်နှင့် ကုသိုလ်စိတ်က (ရွှေတိဂုံ နှင့် ကျိုက်ထီးရိုးလို)အချင်းချင်း တိုက်ရိုက်ကြီး ကက်ကင်းဓါတ် ပြန်နေကြပါလား။ ဒါကြောင့်ထင်တယ်။ လူတွေမှာ ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ် နပန်းလုံးနေကြရတာ။ အားများရာ သာကြစတမ်းပေါ့လေ။
....

လွယ်လွယ်ကူကူ ပြက္ခဒိန်ထဲ လှမ်းကြည့်လိုက်ပြန်တော့လဲ--

မြန်မာ ၁၂ လ
တန်ခူး ကဆုန် နယုန် ၀ါဆို ၀ါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း နတ်တော် ပြာသို တပို့တွဲ တပေါင်း။

အင်္ဂလိပ် ၁၂ လ
ဇန်န၀ါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် သြဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ။

အိန္ဒိယ ၁၂ လ
စိတ္တ ဝေသာခ ဇေဋ္ဌ အာသဠှ သာဝဏ ပေါဋ္ဌပါဒ အဿယုဇ ကတ္တိက မာဂသိရ ဖုဿ မာဃ ဖဂ္ဂုန။

(မြန်မာလ တပေါင်းလပြည့်ကျော် ၁ ရက်မှ တန်ခူးလပြည့်နေ့အထိဟာ အိန္ဒိယလ စိတ္တဖြစ်ပြီး အင်္ဂလိပ်လအနေနဲ့ ပျမ်းမျှအားဖြင့် မတ်ခ်ျလ ဖြစ်ပါတယ်။ စကားချပ်)
.....

ဘာအချက်အလက်များ ရနိုင်မလဲဆိုပြီး ၀င်ရောက်မွှေနှောက်နေကြဖြစ်တဲ့ Wikepedia ထဲ ၀င်ကြည့်လိုက်တော့မှ... ဟဲ ဟဲ.. ပိုပြီး ခေါင်းရှုပ်သွားသလိုပါဘဲ။ ၁၂ ဆိုတဲ့ အစုအဖွဲ့ဟာ လနှင့်နေတို့ရဲ့ လည်ပတ်မှုပေါ်အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်တဲ့။ ပြီးတော့ ဒီလိုလေးလဲ ဖော်ပြပေးသေးတယ်။ ဂဏန်းတစ်ခုကို အမြှောက်နှင့်အစား ပြုလုပ်တဲ့အခါမှာ ၁၂ ဂဏန်းဟာ အလွယ်ကူဆုံးဖြစ်တယ်တဲ့။
ဥပမာ
၂ x ၂ x ၃ = ၁၂
၃ x ၄ = ၁၂
၂ x ၆ = ၁၂
၁၂ x ၅ = ၆၀
၁၂ x ၃၀ = ၃၆၀

အဲဒါက ၀ီကီက တွက်ပြထားတဲ့ ဂဏန်းတွေပါ။ သုံးရတာ လွယ်ကူတဲ့အတွက် ၁၂ ဂဏန်းကို တစ်ဒါဇင်ဆိုပြီး အုပ်စုတစ်ခုဖွဲ့ထားတယ်လို့ ၀ီကီက ဆိုလိုတာပါ။ တော်သေးတယ်။ ကျနော်တို့မှာ လက်ချောင်း ၁၂ ချောင်း၊ ခြေချောင်း ၁၂ ချောင်း ရှိမနေလို့။ တကယ်လို့ ရှိနေခဲ့ရင် ၀ီကီက သူ့လိုရာ ဆွဲထည့်လောက်တယ်။း) ။ ဘယ်လိုဘဲဖြစ်ဖြစ် ၁၂ ဂဏန်းအုပ်စုဖြစ်ပေါ်လာရခြင်းအကြောင်းကိုတော့ ပြည့်ပြည့်စုံစုံသိချင်နေမိတယ်။ (သိတဲ့သူရှိရင် ကွန်မင့်မှာ လာပြောပေးကြပါလို့ မေတ္တာရပ်ပါတယ်)။
.....

ဆက်စပ်ပြီး ရူးမိုက်မိတာက
၁၂ ဂဏန်းကမှ တွက်ရခက်သေးတယ်။ ၁၀ ဂဏန်းဆို လွယ်မှလွယ်။ ဒါကြောင့် ၁၂ အစား ၁၀ ကိုပြောင်းပြီး...
၁၀ ဟာ တစ်ဒါဇင် ဖြစ်ခဲ့ရင်---
တစ်ပေဟာ ၁၀ လက်မထဲရှိခဲ့ရင်---
တစ်ရက်ကို ၁၀ နာရီသာရှိခဲ့ရင်---
တစ်ပတ်ကို ၁၀ ရက်ဖြစ်ခဲ့ရင်---
တစ်လကို ၁၀ ပတ်ဖြစ်ခဲ့ရင်---
တစ်နှစ်ကို ၁၀ လ ဖြစ်ခဲ့ရင်---
..ဖြစ်ခဲ့ရင်..... ရင်... ရင်...

အဲဒီလိုတွေဟာ ဖြစ်ခဲ့ရင် တွက်ရချက်ရလွယ်ကူပေမဲ့ ရာသီနက္ခတ်တွေ မျက်စိလည်ပြီး ကမ္ဘာကြီးမကြာခင်ပျက်မှာတော့ သေချာလောက်တယ်။း)
....

ဒါနဲ့ စကားမစပ်..
တစ်လမှာ ဘယ်နှစ်ရက်ရှိပါလိမ့်။ ရက်ပေါင်း ၃၀ လား။ ထားပါတော့။ ဒါဆို တစ်ရက်ကို ဘယ်လို သတ်မှတ်ပါသလဲ။ နာရီနှင့်သတ်မှတ်တာလား။ ဒါမှမဟုတ် နေထွက် နေ၀င်နှင့် သတ်မှတ်တာလား။ နာရီနှင့်သတ်မှတ်တာဆိုရင်တော့ ဘာမှ မပြောလိုပါဘူး။ သူလို ကိုယ်လို နေထွက် နေ၀င်နှင့် သတ်မှတ်တယ်ဆိုရင်တော့ ဥရောပတိုက်ထဲမှာရှိတဲ့ ဖင်လန်ဆိုတဲ့ နိုင်ငံလေးမှာ နွေရာသီဆိုရင် ၇၃ ရက်တိတိ နေမ၀င်ဘူးတဲ့။ ဒါဖြင့် ဆောင်းပိုင်းကျပြန်တော့ရော။ ၅၁ ရက်တိတိ နေမထွက်ဘူးတဲ့ဗျာ။
..

ကဲ.. ဘာဘဲဖြစ်ဖြစ် လက်ရှိအတိုင်းဘဲ ကောင်းပါတယ်။
ကျနော်ကိုယ်တိုင်လဲ ၁၂ နှစ်မှာ လူကြီးစာရင်းဝင်ပြီး ၂၁ နှစ်မှာ အိမ်ထောင်ကျဖြစ်ခဲ့ရင် အိမ်ထောင်သက် ၁၂ နှစ်ပြည့်တဲ့အခါ သားလေးကို ရှင်ပြုပေးပြီး အိမ်ထောင်သက် ၂၁ နှစ်မြောက်မှာ သားလေးကို အိမ်ထောင်ချပေးနိုင်လောက်တယ်။ အဲဒီလို ဖြစ်ခဲ့ရင် အကောင်းသား။ အခုတော့။ မတတ်နိုင်ဘူး။ ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲကိုဘဲ ၁၂ ဂဏန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၂ ခါ တိတိကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်အောင်ဘဲ ဆုတောင်းနေရတော့မှာပေါ့။း)

...
ကိုးကားချက်။
http://en.wikipedia.org/wiki/Dozen
http://www.answerbag.com/q_view/8315
http://en.wikipedia.org/wiki/Numbers_in_Chinese_culture
http://www.thaizer.com/culture-shock/lucky-number-9/
http://en.wikipedia.org/wiki/Finland#Geography
-ကိုင်ရို၊ လက္ခဏာဗေဒင်ပေါင်းချုပ်
-ဆရာတော်အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ
-အခြားကိုယ်ပိုင်မှတ်စုများ

...

Sunday, 4 April 2010

တော်တော်ဆိုးတဲ့ ကိုကိုမောင်

ဟား ဟား ဟား။ တကယ်ရောက်လာကြတာကိုး။ သူကြီးကိုကိုမောင်ရွှီးလိုက်လို့ လာကြည့်ကြတာထင်တယ်။
သူ့ရဲ့ ကျနော်အမြင်ကပ်ဆုံးဘလော့ဂါတစ်ယောက်အကြောင်းဆိုတဲ့ နေရာကနေ တကူးတကကူးလာခဲ့ကြတာမဟုတ်လား။ ကြိုဆိုပါတယ်ဗျာ။ သူက အဲဒီလိုပါဘဲ။ ချော့ပေါင်းနေရတာ။ အမှန်က သူကမှ တကယ့်ဆိုက်ကိုဗျ။ ဟဲ ဟဲ။ ခင်များတို့သိပါတယ်။ ကျနော်ကတော့ အပိုတွေ ပြောမနေတော့ပါဘူး။ သူ့ကိုယ်သူ တုံးဖလားရွာသူကြီးတဲ့။ စာဖတ်တဲ့သူမျက်စိထဲမှာတော့ ဘယ်လို မြင်ယောင်နေမလဲ မသိဘူး။ သူ့ပုံစံကိုပြောပါတယ်။ အမှန်ဆို တုံးဖလားရွာက အိမ်ခြေ သုံးဆယ်ထဲရှိတာဗျ။ ဈေးဆိုင်မရှိ၊ ဆေးပေးခန်းမရှိ၊ စာသင်ကျောင်းမရှိ၊ စာကြည့်တိုက်မရှိနဲ့။ တကယ့်ကို တောကျတဲ့ရွာကလေးဗျ။ ကျနော်က သူ့ရွာကို ရောက်ဖူးလို့ သိနေတာ။

တုံးဖလားရွာက အိမ်တွေကို ကြည့်လိုက်ဦးမလား။ ခနော်ခနဲ့ ဆောက်လုပ်ထားတဲ့ ခြေတံရှည်အိမ်လေးတွေ။ ခြေတံရှည်ဆောက်ထားတာ အကြောင်းရှိတယ်ဗျ။ ညအခါမှာ ကျွဲနွားတွေကို အိမ်အောက်တိုင်မှာ ချည်ထားရအောင်လို့တဲ့။ စဉ်းစားကြည့်ကြပေါ့ဗျာ။ အိမ်အောက်မှာ ကျွဲနွားတွေ ထားပြီဆိုမှတော့ ဖြုတ်တွေ ခြင်တွေ မက်တွေ ပေါမှပေါဘဲ။ ကျွဲနွားတွေကို ကိုက်လိုက်၊ လူတွေရဲ့သွေးကို စုပ်လိုက်ပေါ့။ ကျန်းမာရေးပညာပေးလဲ ရှိပုံမပေါ်ပါဘူး။ အရေးထဲ ညဘက်အိပ်မောကျနေတဲ့အခါမျိုးမှာ ကျွဲနွားတွေကြောင့် ခဏခဏ လန့်လန့်နိုးကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့။ ကျွဲနွားတွေကို မက်တွေကိုက်ပြီး မခံရပ်နိုင်လို့ သူတို့ကိုယ်နဲ့ အိမ်တိုင်နဲ့ ပွတ်သပ်ပြီး အယားဖျောက်လို့။ တဒုံးဒုံး တဒိုင်းဒိုင်းပါဘဲ။ ကျွဲကိုယ် နွားကိုယ်တွေနဲ့ အိမ်တိုင်ကို ပွတ်တဲ့အသံတွေလေ။ ဒီကြားထဲ ကျွဲနွားအပါအ၀င် လူတွေပါ မက် ခြင် ယင် အန္တရာယ်က ကင်းလွတ်အောင်ဆိုပြီး နေလှန်းခြောက်ထားတဲ့ နနွင်းခြောက်တွေကို အိမ်အောက်မှာ မီးရှို့ ထားလေရဲ့။ မီးခိုးတွေကတော့ ပျားဖွပ်သလိုပါဘဲဗျာ။ စဉ်းစားလို့သာ ကြည့်ကြပေတော့။ မက် ခြင် ယင်တွေကတော့ မသိဘူး။ အိမ်သူအိမ်သားတွေကတော့ မီးခိုးတီးပြီး အဟွတ် အဟွတ်တွေ ဖြစ်နေကြလေရဲ့။

သူကြီးဆိုပြီးတော့ ခမ်းခမ်းနားနားကြီးတော့ မထင်လိုက်နဲ့ဗျို့ ။ မှားသွားမယ်။ အရိုးရှည်ရှည် ယပ်တောင်တစ်ကောင်ကိုင်ထားပြီး ခြင်တွေ ယင်ကောင်တွေ မက်တွေကို လိုက်ရိုက်နေရတာ။ အဲဒါ သူ့ရဲ့နေ့စဉ်အလုပ်ဘဲ။ နောက်ပြီး သူ့စာရေးဟန်တွေကြည့်ပြီး ဘုရားတရားလုပ်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လုံးဝမှားသွားမယ်။ ဘုရားတရားဆိုတဲ့ စကားကို သူကြားဖူးတာတောင် သိပ်ကြာသေးပုံမပေါ်ဘူး။ ပြီးတော့ ပုတီးတစ်ကုံးမှာ ပုတီးဘယ်နှစ်လုံးပါသလဲဆိုတာကိုလဲ သူကောင်းကောင်းသိမဲ့ပုံမပေါ်ဘူးဗျ။ အဲဒီလောက်ထိ သူ့ဥာဏ်က ထက်တာ။ ဟာ ဟ။

မှတ်မိသေးတယ်။ ဟိုတစ်နေ့က ရွာဦးကျောင်းဘုန်းကြီးကို သူသွားမေးသံကြားလိုက်ရတယ်။ ညနေစာ ဘာဟင်းနဲ့ စားသလဲတဲ့။ အဲဒီလောက်ထိ ဗဟုသုတနည်းတာ။ ဘုန်းကြီးက ထွေးခံနဲ့ မပစ်ပေါက်ခဲ့တာ ကံကောင်း။ အမှန်က လူတွေ အချင်းချင်းတွေ့တဲ့အခါ မေးနေကျပုံစံမျိုး သူနှုတ်ဆက်လိုက်တာပါ။ သူ့ကို ဖော်ရွေတဲ့လူတစ်ယောက်လို့ အထင်ခံချင်နေတာလေ။ ဘုန်းကြီးတွေအကြောင်းလဲ သူမသိဘဲနဲ့။

ဟိုတလောတုန်းကလဲ ရွာဦးကျောင်းဘုန်းကြီး ရေတွင်းနားက ရေချိုးကန်မှာ ရေချိုးနေတာကို သူသွားကြည့်တယ်။ ရေချိုးပြီးလို့ သင်းပိုင်ကိုလဲ ၀တ်လိုက်ရော။ သူကြီးကိုကိုမောင်က ဘာပြောတယ် မှတ်လဲ။ ဘုန်းကြီးတွေ ပုဆိုးဝတ်ပုံကလဲ တစ်မျိုးကြီးဘဲနော်တဲ့။ မှတ်ကရော။ သင်းပိုင်(သင်္ကန်း)ကို ပုဆိုးတဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လား။ ပြောတော့ဖြင့် ကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို အေတူဇက် လေ့လာထားတဲ့ပုံ။ လုပ်လိုက်ရင်တော့ တစ်လွဲတွေချည်းဘဲ။ ပြောတော့ အဟုတ်၊ လုပ်တော့ တစ်လွဲ၊ သေတော့ ငရဲ ဆိုတာ သူလိုလူမျိုး။ ဘယ့်နှယ်ဗျာ။ ဒီလောက်ထိ ဗဟုသုတနည်းတာ။ အံရော အံ့ရောပါဘဲ။ မပြောတော့ဘူးဆိုပြီး အတော်လေး ပြောမိသွားတယ်။ အမှန်က ကျနော် အဲဒီလောက်ကြီး သူများအကြောင်းကို မပြောချင်ပါဘူး။ တိုက်ဆိုင်လို့ပြောပြမိတာပါ။ သူများအတင်းတော့ မဟုတ်ရပါ၊ စပ်မိစပ်ရာ ဘာညာ ကွိစိပေါ့ဗျာ။

အလည်လာခဲ့မှတော့ ကျနော် တစ်ခုခုနဲ့ ဧည့်ခံရမှာပေါ့။ နားနားနေနေဖြစ်ပြီးမှ ပြန်ကြပါ။ အေးဆေးပေါ့။ ဟုတ်ဖူးလား။ ဘာနဲ့ ဧည့်ခံရပါ့မလဲ။ စဉ်းစားလိုက်ဦးမယ်။ မြန်မာပြည်ကနေ မှာထားတဲ့ လဘက်သုပ်ကလဲ နေ့လည်ကမှ စားလို့ကုန်သွားပြီ။ အမြဲတမ်းဝယ်ထားနေကျ ဒိန်ချဉ်တွေလဲ ညနေက အပြင်ကပြန်လာတာ မောမောနဲ့ သောက်ပစ်လိုက်တာ ကုန်သွားပြီ။ ထမင်းဟင်းကလဲ လက်ကျန်မရှိတော့ဘူး။ အဖျော်ရည်တွေကလဲ ဒိတ်လွန်လို့ သွန်ပစ်လိုက်ပြီ။ စပျစ်သီးလေးတစ်ထုတ်ဝယ်ထားပါတယ်။ အိမ်ရောက်မှ ဖွင့်ကြည့်လိုက်တော့ အပုပ်တွေ။ ကော်ဖီဖျော်သောက်ရအောင်ကလဲ ဒီနေ့မှ ကော်ဖီမှုန့်က ပြတ်သွားတယ်။

ကဲပါလေ။ စားစရာမရှိမှတော့ ကြည့်စရာလေးနဲ့တော့ ဧည့်ခံပါရစေ။ ကျနော့်ရဲ့ ပုံရိပ်ကလေးတွေပေါ့။ အပျော်သဘောနဲ့ ရိုက်ထားတာပါ။ ကြည့်ပြီး ခိုက်လဲမသွားနဲ့ဦး။ ဟိုတစ်နေ့က မိတ်ဆွေ အမျိုးသမီးတစ်ယောက်ကို ပေးပြလိုက်ပါတယ်။ ၇ ရက်တိတိ ထမင်းမစားနိုင်ဘူးတဲ့။ ဆွဲဆောင်မှုကောင်းလွန်းလို့လို့တော့ မထင်လိုက်နဲ့။ ကြည့်ရင်းနဲ့ သရဲရုပ်နဲ့တူလာလို့ လန့်ဖျပ်ပြီး ထမင်းစားချင်စိတ်ကုန်သွားတာတဲ့။ ကဲ ပြောနေတာ ကြာပါတယ်။ စက္ခု သောတ ရှုစားကြစို့လား။ သရဲကြောက်တတ်ပြီး စိတ်မခိုင်ရင်တော့ မကြည့်ကြနဲ့နော်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ တော်ကြာမှ ကိုကိုမောင် အဲဒီလို မလုပ်သင့်ဘူး၊ မလှည့်စားသင့်ဘူးလို့ လာမဆဲကြနဲ့။းဝ) ။
ီ Kokomaung footage ဆိုတာလေးကို ကလစ်လိုက်ရုံပါဘဲ။ အားလုံးပြုံးပျော် မူးမောနိုင်ကြပါစေ။းဝ)

ခင်မင်လေးစားလျက်
ကိုကိုမောင် (ပန်းရနံ့)


အထူးသတိပေးချက်။
အမျိုးသမီးများ၊ နှလုံးဓါတ်ခံအားနည်းသူများ၊ သရဲတကယ်ကြောက်တတ်သူများ အထက်ပါ ကိုကိုမောင်ဗီဒီယိုဖိုင်အားမကြည့်ကြပါရန်။ အထူးသဖြင့် ညဘက်ပိုင်း၌ မကြည့်ကြပါရန်။ ကြည့်မိပြီး ခိုက်သွားလျှင်.. အဲ... ထိတ်လန့်မှုဖြစ်သွားလျှင် အနူးအညွတ်တောင်းပန်ပါသည်။ :D :P :D
....

..

Monday, 29 March 2010

ဟိုတစ်စ ဒီတစ်စ၊ ကျွန်တော် ကျွန်မ


ကျနော့်ရဲ့ မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ် အမည်ရှိ ပို့စ်အောက်မှာ ကွန်မင့်ပေးခဲ့ကြတဲ့ ကိုဂျစ်တူးနှင့်မဖြူစင်မြတ်နိုးတို့ရဲ့ ကွန်မင့်လေးတွေက ကျနော့်အတွက် အမှန်ဘဲ အကျိုးရှိပါတယ်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ်။ အမှန်ဆို မန္တလေးသူတွေ ကျနော် ကျနော်လို့ သူတို့ကိုယ်သူတို့ သုံးနှုန်းနေကြတဲ့ သမိုင်းအစစ်အမှန်ကို ကျနော် တကယ် မသိရရိုးအမှန်ပါ။ သူငယ်ချင်းတစ်ယောက်က ရယ်စရာမောစရာအဖြစ်ပြောပြလို့ ကျနော်လဲ ရယ်စရာအဖြစ်ရေးလိုက်မိတာပါ။ ဒါပေမဲ့... အဲဒီရယ်မောစရာ စကားဟာ အမှန်တကယ် အဖြစ်အပျက်မဟုတ်ဘူးလို့လဲ ဆိုလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ရာဇ၀င်မှာ မင်းတုန်းမင်းဟာ မိဖုရားအများဆုံး ယူခဲ့တဲ့ မင်းတစ်ပါး ဖြစ်လို့ပါဘဲ။ ကျနော်လဲ ပြည်ပကို ရောက်နေတဲ့အတွက် မြန်မာသမိုင်းစာအုပ်တွေကို ကောင်းကောင်းလက်လှမ်းမမီနိုင်လို့ ကိုးကားချက်တွေကို ရှာဖွေဖို့ ခက်ခဲပါတယ်။ ပြီးတော့ အွန်လိုင်းမှာ ရှာပြန်တော့လဲ လိုချင်တဲ့အချက်အလက်တွေက မရှိပြန်ဘူး။ ဒါကြောင့် ကျနော်ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ စာတိုပေစလေးတွေထဲကဘဲ ထုတ်နှုတ်ယူပြီး ဟိုခြစ်ဒီခြစ် ခြစ်လိုက်ပါတယ်။
.....

မင်းတုန်းမင်းလက်ထက်က စာတတ်ပေတတ် ဘုန်းကြီးတွေ အတော်များခဲ့ကြပါတယ်။ (စာတတ်ငခုံ၊ စာစုံ မန်ကျည်းတော၊ စာပြော(ဟော) သဲအင်း) ရယ်လို့ စာဆိုရှိခဲ့တဲ့အတိုင်းဘဲ စာတတ်တဲ့နေရမှာ ငခုံဆရာတော်က ထိပ်ဆုံး၊ စာစုံ(စာကုန်)တဲ့နေရာမှာ မန်ကျည်းတောဆရာတော်က ပြိုင်စံရှား၊ တရားဟော(ပြော)တဲ့ နေရာမှာ သဲအင်းဆရာတော်က နာမည်ကြီး။ တစ်နေ့မှာ ငခုံဆရာတော်နှင့် မန်ကျည်းတော်ဆရာတော်တို့ ဘုရင့်နန်းတော်ကို ဆွမ်းစားကြွကြသတဲ့။ မင်းတုန်းမင်းက ဖိတ်ကြားလို့ပေါ့။ ငခုံဆရာတော်က တရားချီးမြှင့်ဖို့ တာဝန်ကျတယ်။ မန်ကျည်းတော ဆရာတော်က ငခုံဆရာတော်ကိုပြောသတဲ့။ အရှင်ဘုရား ဘာတရားဘဲ ဟောဟော တပည့်တော် မသိတဲ့အကြောင်းအရာမပါအောင် မဟောနိုင်ပါဘူးလို့ ပြောသတဲ့။ ဒါနဲ့ ငခုံဆရာတော်လဲ ပညာပြလိုက်ဦးမယ် ဆိုပြီး စိတ်ထဲ ကြံစည်ထားသတဲ့။

ဒါနဲ့ နန်းတော်ထဲရောက်ပြီး ဆွမ်းဘုဉ်းပေးပြီးတဲ့အခါမှာ မင်းတုန်းမင်းကြီးက "အရှင်ဘုရား နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းလေး ဟောပြပေးတော်မူပါဘုရား"လို့ လျောက်တင်သတဲ့။ ဒါနဲ့ ငခုံဆရာတော်ကလဲ "ဒကာတော်မင်းမြတ် နိဗ္ဗာန်တကယ်လိုချင်ရင်တော့ လွယ်လွယ်လေးဘဲ။ ဒကာမင်းမြတ်ခန္ဓာကိုယ်မှာရှိတဲ့ အရိုးမပါတဲ့ အရာနှစ်ခုကိုသာ ထိန်းသိမ်းပါ" လို့ မိန့်တော်မူသတဲ့။ ရသတဏှာနှင့်ကာမတဏှာကို ရည်ရွယ်ပြီး ဟောလိုက်တာပါဘဲ။ အရိုးမပါတဲ့အရာနှစ်ခုကို လူတိုင်းသိလောက်မယ်ထင်ပါရဲ့။ လျာနှင့်ဟ၀ှါလေ။ တယ်လဲ ထိန်းရသိမ်းရခက်သကိုး။ မန်ကျည်းတော ဆရာတော်လဲ "ငခုံတို့ကတော့ လုပ်လိုက်ရင် မှတ်သားစရာချည်းဘဲ" ဆိုပြီး ချီးကျူးမဆုံးဖြစ်နေသတဲ့။

ဒီပုံပြင်မှာ ငခုံဆရာတော်ဟာ မန်ကျည်းတောဆရာတော်ကိုသာ ပညာပြရုံမကဘဲ မိဖုရား အများကြီး ယူထားတဲ့ မင်းတုန်းမင်းကြီးကိုလဲ သာသာနဲ့နာနာနှက်လိုက်တာပါဘဲ။ စဉ်းစားကြည့်ကြပေါ့လေ။ မိန်းမတွေ တစ်တွေကြီးယူထားပြီးတော့ နိဗ္ဗာန်ကို လိုချင်သေးတယ်တဲ့။း)
.......

တစ်နေ့မှာ..
မင်းတုန်းမင်းကြီးဟာ ရဟန်းသံဃာတော်တွေအတွက် သီးသန့်စည်းကမ်းထုတ်ဖို့ ပြင်ဆင်ပါတယ်။ ဒါကို ဗန်းမော်ဆရာတော်က ကြားသိတော့ "တောင်နှစ်လုံးကြားမှာ ဓမ္မနှင့်ပျော်မွေ့သူက ပေါင်နှစ်လုံးကြားမှာ ကာမနှင့်ပျော်မွေ့နေသူရဲ့ စည်းကမ်းကို လုံးဝမလိုက်နာနိုင်ဘူး"လို့ ပြတ်ပြတ်သားသား မိန့်တော်မူဖူးသတဲ့။

ဒီအဖြစ်အပျက်ကလဲ မင်းတုန်းမင်းကြီး မိန်းမကိစ္စမှာ စိတ်များတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဗန်းမော်ဆရာတော်ကိုယ်တိုင် သတ္တိရှိတာလဲ ပါတာပေါ့လေ။ ဘုရင့်မျက်စောင်းဟာ အကြောင်းမရွေးမှန်းသိသိကြီးနဲ့ ဆော်ပစ်လိုက်တာကိုး။ ဒါပေမဲ့ မင်းတုန်းမင်းကြီးကလဲ ဗန်းမော်ဆရာတော်ပြောတာ မှန်ကန်နေတဲ့အတွက် ငြိမ်နေလိုက်ရသတဲ့။
....

မန္တလေး မဟာကုသိုလ်တော် ဘုရားဝင်းအတွင်းမှာ ကမ္ဘာ့အကြီးမားဆုံးစာအုပ်လို့ နာမည်ကျော်ကြားခဲ့တဲ့ ပိဋကတ်ကျောက်စာတိုက်တွေ ရှိပါတယ်။ ကျောက်စာတစ်ချပ်ကို ကျောက်စာတိုက်တစ်ခုပြုလုပ်ပြီး သေသေချာချာ ထိန်းသိမ်းထားပါတယ်။ အဲဒီ ပိဋကတ်ကျောက်စာတိုက်ရေဟာ ၇၂၉ ခု ရှိပါတယ်။ ပါးစပ်ရာဇ၀င်အရ မင်းတုန်းမင်းကြီးဟာ အဲဒီ ပိဋကတ်ကျောက်စာတိုက်အရေအတွက်နှင့်အမျှ မိဖုရားရှိပါတယ်တဲ့။

ဒါကလဲ မင်းတုန်းမင်းကြီး မိဖုရားများတယ် ဆိုတာကို လူတွေ ပြောဆိုနေကြတာပါ။ အဲဒီအရေအတွက်လောက် မရှိရင်တောင်မှ အလွန်အကဲ မိဖုရားတွေကောက်ယူထားလို့ လူတွေပါးစပ်ကနေ လျံထွက်လာတဲ့ စကားလုံးတွေ ဖြစ်မှာပါ။ သက်သက်မဲ့ စော်ကားချင်လို့ ပြောဆိုကြတဲ့ စကားလုံးဟုတ်မယ်မထင်ပါဘူး။
...

လွင်မိုးခရီးသွားနေသည်ဆိုတဲ့ Documentary video file တွေထဲမှာ ချင်းတောင်တန်းကို သူသွားပါတယ်။ ပြီးတော့ အင်တာဗျူးသဘောမျိုးပြုလုပ်ပါတယ်။ အဲဒီမှာ ချင်းမလေးတွေကို လွင်မိုးက "ဘာဖြစ်လို့ ပါးရဲနားရဲ ထိုးထားကြရတာလဲ" လို့ မေးတော့ ချင်းမလေးတွေက ဖြေတယ် "ဘုရင့်တော်ကောက်ခံဘ၀က လွတ်မြောက်အောင်လို့ အလှပျက်အောင်ပြုလုပ်တဲ့အနေနဲ့ ပါးရဲနားရဲ ထိုးထားတာပါ" တဲ့။ ဒီနေရာမှာ မေးစရာရှိလာပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ မန္တလေးသူတွေသာ ကျနော် ကျနော်လို့ပြောပြီး ချင်းပြည်နယ်စတဲ့ ကျန်ဒေသက မိန်းခလေးတွေ ကျနော် ကျနော်လို့ မပြောရပါသလဲ ပေါ့။ ဒါက ရှင်းပါတယ်။ ဘုရင့်နန်းတော်က မန္တလေးမှာတည်ထားတာပါ။ မန္တလေးသူတွေဟာ ပိုပြီး တော်ကောက်ခံရများနိုင်ပါတယ်။ တိုင်းခန်းလှည့်လည်တဲ့အခါမှာမှ နယ်ကို ရောက်မှာဆိုတော့ နယ်ကသူတွေကတော့ ကျနော် ကျနော်လို့ အမြဲတမ်း ပြောစရာမလိုတော့တဲ့သဘောဘဲပေါ့။ ဒါတောင်မှ မန္တလေးသူတွေ မဟုတ်တဲ့ အချို့မိန်းခလေးတွေတောင် ကျနော် ကျနော်လို့ ပြောနေကြသေးတယ်။ ဧကန္တတော့ အဲဒီနယ်ဘက်ကို မင်းတုန်းမင်းကြီးရောက်ခဲ့ပုံရတယ်း))။
...

အမှန်ဆိုရင်တော့ ကျွန်တော် ကျွန်မဆိုတဲ့ နာမ်စားတွေဟာ မိမိကိုယ်ကို နိမ်ချပြီး ဂါရ၀ နိဝါတ မင်္ဂလာနှင့်အညီ ပြောဆို သုံးနှုံးနေကြတာပါ။ စကားပြောတဲ့အခါမှာ ကျွန်တော် ကျွန်မ ဆိုပြီး တစ်ဘက်လူ နားချမ်းသာအောင်ပြောတဲ့ နာမ်စားမျိုးပါ။ အခုခေတ် အပြင်မှာ တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ ဆရာ ဆရာ ဆိုပြီး နှုတ်ဆက်လေ့ရှိသလိုမျိုးပေါ့။ အမှန်ဆို ဆရာအခေါ်ခံရတဲ့သူက ခေါ်တဲ့သူကို ဘာပညာမှ သင်ပေးခဲ့တဲ့သူမဟုတ်ဘူးလေ။ ဒါဖြင့် အခေါ်ခံရတဲ့သူက စိတ်ဆိုးသွားရောလား။ မဆိုးရေးချ မဆိုးပါ။ ကျေနပ်လို့တောင် နေသေး။ ကျွန်တော် ကျွန်မ သုံးတဲ့ ကိစ္စကိုလဲ ဒီအတိုင်းဘဲလို့ ကျနော်ကတော့ မြင်တယ်ဗျာ။ မြန်မာစာရဲ့ အစလို့ ယူဆရတဲ့ ပုဂံခေတ်မှာကတည်းက မိမိကိုယ်ကို ကျွန်ဆိုတဲ့ စကားလုံးနဲ့ သုံးနေပါပြီ။ အုပ်ချုပ်သူ လူတန်းစားနှင့် အအုပ်ချုပ်ခံလူတန်းစားကြား သုံးနှုံးခဲ့တဲ့ စကား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျောက်စာတွေထဲမှာ ပုရှသခင်(ဘုရားသခင်)၊ အတို့ကျွန်ဆိုတဲ့ စကားလုံးတွေရှိပါတယ်။
...

သာသနာ့လောကမှာ အသုံးပြုကြတဲ့ ပါဠိစာပေတွေမှာတောင် ကိုယ့်ထက်ကြီးတဲ့သူတွေ ဘန္တေ၊ ကိုယ့်ထက်ငယ်တဲ့သူကို အာဝုသောဆိုပြီး ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ အဲဒါကို မြန်မာတွေက ဘန္တေ(အရှင်ဘုရား)အာဝုသော (တပည့်တော်) လို့ မြန်မာမှု ပြုထားကြပါတယ်။ ဒါပေမဲ့လဲ အချင်းချင်းရိုသေမှုအနေနဲ့ အခုခေတ်မှာတော့ ငယ်ငယ်ကြီးကြီး အချင်းချင်းစကားပြောကြတဲ့အခါမှာ မိမိကိုယ်ကို ညွန်းဆိုရင် တပည့်တော် လို့ဘဲ သုံးနှုံးကြပါတယ်။ မိမိကိုယ်ကို နှိမ်ချပြီး ပြောဆိုကြတဲ့ သဘောပေါ့။ စကားကို နှိမ်ချပြောဆိုတာဟာ ရှေးစဉ်လာ မြန်မာ့ရိုးရာယဉ်ကျေးမှု စစ်စစ်ပါ။ ဘယ်လောက်ထိ အဲဒီအသုံးအနှုံး တွင်ကျယ်သလဲဆိုရင် အချင်းချင်းအခန့်မသင့်လို့ စကားများရန်ဖြစ်တဲ့အခါမှာတောင် အသက်နဲနဲကြီးရင် မင်း၊ ငါ ဆိုတဲ့ စကားလုံးအစား ခင်များနော်၊ ကျနော် မပြောချင်ဘူးဗျာ။ ခင်များကို သတ်ပစ်မယ်။ ကျနော့်ကိစ္စ၀င်မစွက်နဲ့။ ကျနော် သတ်မိလိမ့်မယ်။ အဲဒီလို ပြောလေ့ပြောထရှိကြတယ်မဟုတ်လား။
....

ဒီနေရာမှာ စဉ်းစားစရာတစ်ခု ပေါ်လာတယ်။ အဲဒီ ကျွန်တော် ကျွန်မ ဆိုတဲ့ နာမ်စားတွေကို ဘာဖြစ်လို့ စတင်အသုံးပြုခဲ့ကြသလဲ ဆိုတဲ့အကြောင်းပေါ့။ ကျနော်ကတော့ ဒီလိုလေးတွေးမိတယ်။ မြန်မာလူမျိုးတွေဟာ ရှေးပဝေသဏီကထဲက အချင်းချင်းတိုက်ကြခိုက်ကြဖို့ဘဲ သိပုံရတယ်။ ပုဂံကနေ သထုံကို သွားတိုက်လိုက်၊ အင်းဝကနေ ဟံသာဝတီကို သွားတိုက်လိုက်၊ ယိုးဒယားဘက်သွားတိုက်လိုက်၊ နန်းတွင်းမှာ အချင်းချင်းတိုက်ခိုက်လိုက်နဲ့ တိုက်ခိုက်မှုတွေနဲ့ဘဲ မြန်မာနိုင်ငံကြီးကို တည်ဆောက်ခဲ့ရတယ်။ စကားပုံတောင် ရှိသေး။ ဘာတဲ့။ ယောက်ျားဓါးသွေး၊ မိန်းမ သားမွေးတဲ့။ ရှင်းရှင်းပြောရရင်တော့ ရှေးမြန်မာလူမျိုးတွေဟာ အလွန်ရိုင်းစိုင်းကြပုံရပါတယ်။ ဒါကြောင့် အဲဒါကို နံနှိမ်တဲ့အနေနဲ့ ကျွန်တော်၊ ကျွန်မဆိုပြီး နာမ်စားတွေကို ပညာရှိတွေ တီထွင်ပေးခဲ့ကြပုံရပါတယ်။ ဥပမာအားဖြင့် စနေသား မွန်းတည့်ချိန်မှာမွေးတဲ့ ယောက်ျားလေးကို ကြီးလာရင် ဆိုးသွမ်းမှာ စိုးတဲ့အတွက် မိဘတွေက သူ့ကို မိန်းခလေးနာမည် ပေးထားသလိုမျိုးပေါ့။
...

ဒါပေမဲ့လဲ.. မိမိကိုယ်ကို ကျွန်သဖွယ် နှိမ်ချပြီး သုံးနှုံးပြောဆိုကြတဲ့ မြန်မာလူမျိုးများဟာ ကျွန်နှင့်အနှိုင်းခံရမှာကိုတော့ အတော်လေးကြောက်ကြပါတယ်။ ကျနော် အပါအ၀င်ပေါ့။ ပြီးတော့ မာနလေးတွေ ကိုယ်စီကိုယ်ငှလဲ ရှိနေကြတယ်လေ။ အမှိုက်မပစ်ရဆိုတဲ့ နေရာမှာ အမှိုက်ပုံကြီး ဖြစ်နေသလိုမျိုး၊ မြက်ခင်း ဖြတ်မလျောက်ရဆိုတဲ့နေရာမှာ လိုက်တမ်းပြေးတမ်းကစားနေကြသလိုမျိုးပေါ့။ ကျွန်တော် ကျွန်မ လို့ နှိမ်ချစွာသုံးနှုံးပေမဲ့ ကျွန်အဖြစ်ကိုတော့ အလွန်စက်ဆုပ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့လဲ မြန်မာတွေဟာ ကျွန်တော် ကျွန်မ ဆိုတဲ့ အသုံးအနှုံးကို အသုံးပြုပြီး ကျွန် မဖြစ်ခဲ့ကြတာပါ။ ဆိုရိုးစကားတောင်ရှိပါသေးတယ်။ မြင်းအုန်းခွံ၊ ကျွန်ကုလား၊ မယားတောသူ တဲ့။ ကျွန် မြန်မာလို့ စကားပုံမရှိခဲ့ဘူး။ တော်သေးတယ်။း))
...

အင်္ဂလိပ်စာကို ကျွန်ပညာရေးဆိုပြီး ကြွေးကြော်ခဲ့ကြတာလဲ မြန်မာတွေပါဘဲ။ ပြီးတော့ အင်္ဂလိပ်စာတတ်မှ လူရာဝင်မယ်လို့ ထင်နေကြတာလဲ မြန်မာတွေဘဲလေ။ ခက်တော့ ခပ်ခက်ခက်ရယ်။ ကျနော်ကိုယ်တိုင်လဲ အင်္ဂလိပ်စာတတ်မှ လူတောသူတော တိုးနိုင်မယ်ဆိုတဲ့ အယူရှိနေတာပါဘဲ။ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ သခင်မျိုးဟေ့ ဒို့ဗမာ။ ကြွေးကြော်ခဲ့ကြတဲ့အသံတွေပါ။ အမှန်တကယ်က အင်္ဂလိပ်ကသခင်နေရာက အုပ်ချုပ်ခဲ့ပြီး မြန်မာတွေက ကျွန်နေရာက ရုန်းကန်လှုပ်ရှားခဲ့ကြရတာပါ။ ဆိုလိုတာကတော့ လည်ပင်းအညှစ်ခံထားရတဲ့ အောက်ကလူက အပေါ်ကလည်ပင်းညှစ်နေတဲ့သူကို ငါ့ကို ကြောက်ပြီလား ဘာမှတ်လဲ လို့ မေးနေတဲ့ပုံမျိုးလို ဖြစ်နေတယ်။ ကျွန်ဆိုတဲ့ စကားလုံးကို ကြောက်ကြပုံပြောပါတယ်။

အင်္ဂလိပ်တွေ အုပ်ချုပ်စဉ်ကာလက မြန်မာတွေကို ဘယ်လို ဆက်ဆံခဲ့ကြသလဲတော့ ကျနော်လဲ မပြောတတ်ဘူး။ အခုမျက်မှောက်မှာ ဗီဒီယိုဇာတ်ကားတွေ ကြည့်ရတာကတော့ အင်္ဂလိပ်က နှိပ်စက်တာထက် အသားထဲက လောက်ထွက်တဲ့ မြန်မာအချင်းချင်းနှိပ်စက်တာက ပိုများတယ်။ ပိုလဲ ဆိုးတယ်။ အင်္ဂလိပ်အရေးပိုင်မင်းကြီးက ရာဇ၀တ်မှုကျူးလွန်တဲ့သူကို စစ်ဆေးတဲ့အခါမှာ "မောင်မင်း၊ မှန်မှန်ပြောစမ်း။ အမှန်အတိုင်းမပြောရင် မောင်မင်းကို ထိရောက်တဲ့ အပြစ်ပေးရလိမ့်မယ်" ဆိုပြီး မောင်မင်းဆိုတဲ့ နာမ်စားကိုတောင် ယဉ်ယဉ်ကျေးကျေးပြောသေးသဗျား။ အင်္ဂလိပ်တွေနား ကပ်ဖားဖားနေတဲ့မြန်မာတွေကမှ "ဟေ့ကောင် ခွေးမသား၊ သေချင်ပြီလား။ ငါ့တို့ သခင်မေးတာကို ကောင်းကောင်းဖြေ။ မဟုတ်ရင် မင်းကို သတ်ပစ်မယ်" အဲဒီလို ပြောကြသေးတယ်။ တော်လှန်ရေးဇာတ်ကားတွေထဲက ကြည့်ဖူးခဲ့တဲ့ ကြားဖူးခဲ့တဲ့ အသုံးအနှုံးတစ်ချို့ ပါ။ အဲဒီလို အဖေထက် သားတစ်လကြီးခဲ့ကြတာလဲ သစ္စာဖောက် မြန်မာတွေပါဘဲလေ။
....

အကယ်၍သာ မင်းတုန်းမင်းကြီးအုပ်ချုပ်စဉ်ကာလက ဗုဒ္ဓသာသနာနှစ် ၂၄၀၀ ပြည့်နှစ်နှင့်မကြုံကြိုက်ခဲ့ရင် ပဉ္စမသင်္ဂါယနာတင်ပွဲကြီးလဲ ဖြစ်ပေါ်ခဲ့မယ်မထင်ဘူး။ (ဗုဒ္ဓသာသနာနှစ် ၂၅၀၀ ပြည့်နှစ်မှာ ၀န်ကြီးချုပ်ဦးနု က ဆဋ္ဌသင်္ဂါယနာတင် ၀န်ကြီးဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓသာသနာနှစ် ၂၆၀၀ပြည့်နှစ်မှာလဲ ပြောလို့မရပါဘူး။ တက်လာတဲ့ နိုင်ငံတော်အုပ်ချုပ်သူတစ်ယောက်ယောက်က သတ္တမသင်္ဂါယနာကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။ ) အကယ်၍သာ မင်းတုန်းမင်းကြီးက ပဉ္စမသင်္ဂါယနာတင်မင်းကြီးမဖြစ်ခဲ့ရင် သူ့ကို ဘယ်သူမှ အခုလောက် အသိအမှတ်ပြုကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက်က အချက်လေးချက်ထဲနဲ့တင် သူ့ကိုအပြစ်မြင်လို့ ရနေပါပြီ။
၁။ရတနာပုံနေပြည်တော်(မန္တလေး)ကြီးကို စတင်တည်ထောင်ခဲ့တဲ့အတွက် တိုင်းသူပြည်သားများ ပင်ပန်းရခြင်း
၂။မိန်းမအများကြီးယူထားခြင်း
၃။ကနောင်မင်းသားကြီးစမ်းသပ်ပြုလုပ်တဲ့ ရေမြှပ်ဗုံးတီထွင်မှုကို တားမြစ်ခြင်း
၎။သူ့စကားကို အကျအနကောက်ပြီး မြင်ကွန်းမြင်းခုန်တိုင် အရေးပေါ်လာရခြင်း။
အဲဒီ လေးချက်ထဲနဲ့တင် မင်းတုန်းမင်းကြီးကို ပြည်ဖုံးကား ချလို့ ရနေပြီလေ။ ဒါပေမဲ့ မင်းကြီးက ဘာသာရေးကိုင်းရှိုင်းတယ်၊ ပဉ္စမသင်္ဂါယနာတင်မင်းတရားကြီးဖြစ်တယ်။ ပိဋကတ်ကျောက်စာတွေကို စီမံပြုလုပ်ခဲ့တယ်။ အဲဒီအချက်တွေကြောင့်ဘဲ သူက နာမည်ကောင်း ကျန်ရစ်ခဲ့တာပါ။ ပြီးတော့ ကျနော်ထင်တယ်။ အဲဒီလို ကုသိုလ်တွေလုပ်ခဲ့တဲ့အတွက်ကြောင့် သူ့လက်ထက်ကထဲက မြန်မာနိုင်ငံကြီး အင်္ဂလိပ်လက်အောက် မရောက်ခဲ့ရတာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ကတောင် မင်းတုန်း(မင်းတုံး)၊ မင်းသုဉ်း။ အဲဒီလို မဟုတ်လား။

သူ မိဖုရားအများကြီးယူခဲ့တာကိုတော့ အပြစ်ပြောလို့ မရလောက်ပါဘူးလေ။ ယူလို့ရတဲ့အခြေအနေကိုး။ ပြီးတော့ ယူခဲ့ကြတဲ့အစဉ်အလာလဲ ရှိခဲ့ကြတာကိုး။ သီပေါမင်းတောင်မှ စုဖုရားလတ်ကို ကြောက်လို့ တစ်လင်တစ်မယားစနစ်နဲ့ ကြီးပြင်းလာခဲ့ရတာပါ။ ဒါတောင်မှ ဒိုင်းခင်ခင်နှင့် ညှိခဲ့သေးတယ်လေ။ မိန်းခလေးတွေ စုဖုရားလတ်ကို ကျေးဇူးတင်သင့်တယ်။ နို့မဟုတ်ရင် မဗေဒါတွေက တစ်ရာနှစ်ရာ၊ ဘဲအုပ်က တစ်ကောင်ထဲ။ အဲဒီလိုဖြစ်နေဦးမယ်။

ဟဲ ဟဲ။ ရေးရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ ဟိုတစ်စ ဒီတစ်စ ဆိုတဲ့အတိုင်း ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ။ အဲ... သတိရပြီ။ မန္တလေးသူတွေ ကျနော် ကျနော်လို့ ပြောတဲ့ကိစ္စ။ ကျွန်တော် ကျွန်မ လို့ ပြောခဲ့ကြတာကတော့ မန္တလေးမြို့ကြီး မပေါ်ပေါက်ခင်ကထဲက ပြောဆိုခဲ့ကြတဲ့ မြန်မာလူမျိုးအားလုံးရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အသုံးအနှုံးတွေပါ။ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာ့သတ်ပုံကျမ်း၊ မြန်မာ အင်္ဂလိပ်အဘိဓာန်။ အဲဒီထဲမှာကတော့ ကျွန်တော် ကျွန်မလို့ဘဲ ရေးထားပါတယ်။ ကျနော် ကျမလို့ မရှိပါဘူး။ ဒါကြောင့် အဆင့်ရှိရှိ စာရေးတဲ့အခါ ၊ စာမေးပွဲဖြေတဲ့အခါတွေမှာကတော့ ကျွန်တော် ကျွန်မဆိုတဲ့ စာလုံးတွေကမှ မြန်မာစာပေရဲ့ တကယ့် သတ်ပုံအမှန်ဖြစ်တဲ့အတွက် ကျွန်တော် ကျွန်မလို့ ရေးမှဘဲ အမှန်ဖြစ်ပါလိမ့်မယ်။ စကားပြောတဲ့အခါ ၊ စကားပြောစတိုင်လ်ကို ရေးတဲ့အခါ၊ အချင်းချင်း ပေးစာပြန်စာရေးတဲ့အခါ (ဘလော့ဂ်မှာ အပျော်တမ်းရေးတဲ့အခါ)တွေမှာကတော့ ကြိုက်သလို ရေးနိုင်ကြပါတယ်။ မြန်မာလက်ကွက်က ခက်တာကိုး။

ကျွန်တော်လို့ဘဲပြောပြော၊ ကျနော် လို့ဘဲဆိုဆို၊ ကျွန်မလို့ဘဲ သုံးနှုံးသုံးနှုံး၊ ကျမလို့ဘဲ ရေးရေး ၊ ဘယ်စာလုံးကမှ သခင်ကို ကိုယ်စားမပြုပါဘူး။ ကျွန်ကို ကိုယ်စားပြုတဲ့ နာမ်စားတွေချည်းပါဘဲ။ ဒါပေမဲ့ ကျွန်လို့သုံးထားတဲ့အတွက် ကျွန်အစစ်တော့မဟုတ်ပါဘူး။ ယဉ်ကျေးသိမ်မွေ့နူးညံ့မှုကို ဖော်ဆောင်တဲ့ ယဉ်ကျေးမှုကိုယ်စားပြု စကားလုံးလေးရယ်ပါ။ အဲဒီစာလုံးတွေကို ငြင်းပယ်လို့ မရဘူးလေ။ ကိုယ်ပိုင်စာလုံးတွေဖြစ်နေပြီ။ အရှေ့ ကနေ ထွက်ပေါ်လာတဲ့နေကို အနောက်ဖက်ကနေ ထွက်ခိုင်းလို့ မရသလိုမျိုးပေါ့။ ဒါပေမဲ့... မကြိုက်ဘူး ပြောင်းကိုပြောင်းမှာဘဲဆိုရင်တော့ ဆရာမြစ်ကျိုးအင်းရဲ့ ဘလော့ဂ်ဂါနှင့်အဏ္ဏ၀ါ ထဲက ၀ူးရှူး ၀ူးရှူး ဂမူးရှူးထိုး ဆိုတဲ့ ပုံစံမျိုး (ကျွန်တော်၊ ကျွန်မဆိုတဲ့ စကားလုံးအစား) ကိုယ်ပိုင်စကားလုံးအသစ်တီထွင်ကြရုံဘဲ ရှိပါတော့တယ်။။

အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ မန္တလေးသူတွေ ကျနော် ကျနော်လို့ ပြောတဲ့ ကိစ္စဟာ မင်းတုန်းမင်းကြီးက အဓိကတရားခံ ၅၀%၊ ကျန်တဲ့ ရာခိုင်နှုန်းက ၅၀%။ အဲဒီလိုဆိုရင် ကျေနပ်ကြမလားမသိဘူး။ :D :D :D ။ မကျေနပ်ရင် ကွန်မင့်မှာ အကြံပြုစေလိုပါတယ်။ ကျေနပ်ရင်လဲ အကြံပြုစေလိုပါတယ်။ ကျေနပ်တစ်ဝက် မကျေနပ်တစ်ဝက်ဆိုလဲ အကြံပြုပေးကြပါလို့။ :D :D ။ ။


ဝန်ခံချက်။
ကိုဂျစ်တူးနှင့်မဖြူစင်မြတ်နိုးတို့ကို အထူးဘဲ ကျေးဇူးတင်ပါတယ်။ ကျနော့်ရဲ့ မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ် အမည်ရှိ ပို့စ်အောက်မှာ သူတို့ပေးခဲ့တဲ့ကွန်မင့်လေးတွေကြောင့် ဒီပို့စ်ကို ရေးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ကို တန်ပြန်ချေပချင်လို့ ရေးခဲ့တာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ကွန်မင့်ကို မြင်မှ ဒီပို့စ်ကို ရေးဖို့ သတိရခဲ့လို့ပါ။ ဒီပို့စ်ထဲမှာ အမှားတွေပါကောင်းပါနိုင်ပါတယ်။ တိတိကျကျ ဘယ်စာအုပ်ကိုမှကိုးကားလို့ ရေးတာမဟုတ်ဘဲ ကြားခဲ့ဖူး ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူးတဲ့ အသိဥာဏ်လောက်နဲ့ ရေးသားလိုက်ခြင်းသာဖြစ်ပါတယ်။ တကယ်လို့ သမိုင်းအမှား၊ အချက်အလက်အမှား၊ တင်ပြပုံအမှားများကို တွေ့ရှိခဲ့ရင် ကိုဂျစ်တူး၊ မဖြူစင်မြတ်နိုးနှင့်တကွ အားလုံးသော စာဖတ်ပရိသတ်ကြီးကို တောင်းဆိုချင်ပါတယ်။ ခပ်နာနာလေးရေးပြီး မှတ်လောက်သားလောက်အောင် ကျနော့်ကို ကွန်မင့်ပေးကြပါလို့။ ပြီးတော့ ကျနော်လဲ အဲဒီလို ကွန်မင့်တွေထဲကမှ ဗဟုသုတပြန်ယူပါရစေ။

....


Friday, 26 March 2010

မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်


မန္တလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်ကို ကြည့်ပြီး မန္တလေးကိုတော့ လွန်းမိသားဗျာ။ မြွေကြီးနှစ်ကောင်ရှိတဲ့ မန္တလေးတောင်၊ ငါးရံ့မင်းရှိတဲ့ ရန်ကင်းတောင်၊ မဟာမြတ်မုနိ၊ မင်းကွန်း၊ အင်းဝ၊ စစ်ကိုင်းတောင် စတဲ့ ရှေးအတိတ်ကို သမိုင်းဝင်အောင်ပြုလုပ်ပေးထားခဲ့ကြတဲ့ နေရာတွေကို ပြန်ပြီး ပြေးမြင်ယောင်နေမိတယ်။ ၀ါသနာအရ ကျနော်သွားခဲ့တဲ့အဲဒီနေရာတွေမှာ ကျနော့်ခြေရာတွေတောင် အခုထိရှိနေဦးမလားဘဲ။

တစ်ခန်းရပ်ပြဇာတ်ကလေးက အရမ်းကိုကောင်းပါတယ်။ အရမ်းလဲ ထိမိပါတယ်။ ၂၃ မိနစ်နှင့် ၅၅ စက္ကန့်အတွင်း မန္တလေးနှင့်ပတ်သက်တဲ့ သမိုင်းတွေကို စုံစုံလင်လင်သိခွင့်ရလိုက်ပါတယ်။ မန္တလေးမဟာမြတ်မုနိဘုရားအကြောင်း၊ မန္တလေးနန်းတော်ကြီးအကြောင်း၊ ဈေးချိုအကြောင်းအစရှိတဲ့ သိသင့်သိထိုက်တာမှန်သမျှကို ကျကျနနရှင်းပြထားပါတယ်။ တကယ်ကြည့်သင့်တဲ့ တစ်ခန်းရပ်ပြဇာတ်ပါ။

ဒါပေမဲ့ မန္တလေးနှင့်ပတ်သက်ပြီး ဒါရိုက်တာ ဦးချစ်စရာ သတိမထားမိလိုက်တဲ့အရာတစ်ခုတော့ ရှိနေသေးတယ်။ အဲဒါကတော့ မန္တလေးသူတွေ သူတို့ကိုသူတို့ ညွန်းဆိုစကားပြောရင် ဘာဖြစ်လို့ ကျနော် ကျနော် လို့ ထည့်ပြီး ပြောရသလဲ ဆိုတဲ့ အကြောင်းပါ။ ကျနော်တို့ မြန်မာလူမျိုးတွေမှန်သမျှ ယောက်ျားလေးဆို သူ့ကိုယ်သူ ညွန်းဆိုရင် ကျနော် ဆိုပြီး ရိုသေလေးစားမှုနှင့်စကားပြောလေ့ရှိတယ်။ မိန်းခလေးတွေကတော့ ကျွန်မ ဆိုပြီး ကျိုးနွံစွာသုံးနှုန်းကြပါတယ်။ ဒါပေမဲ့ အဲဒီ ရိုးရာ အစဉ်အလာကို ဖျက်ပြီး မန္တလေးသူတွေက ဘာဖြစ်လို့ ကျနော် ကျနော်လို့ သူတို့ကိုယ် သူတို့ ညွန်းဆိုရပါလဲ။

အဲဒီ မန်းသူတွေ ကျနော် လို့ပြောရတဲ့ ကိစ္စကို ဆရာဦးချစ်စရာ သတိမပြုမိခဲ့တာလား။ ဒါမှမဟုတ် တမင်သကာ ချန်ရစ်ထားခဲ့တာလားဆိုတာကိုတော့ သူကိုယ်တိုင်မှ သိမှာပါ။ မြွေကြီးနှစ်ကောင်၊ ငါးရံ့မင်း၊ ကျန်စစ်သားခြေရာတွေကို သူပြက်လုံးထုတ်သွားပါသေးတယ်။ ဒါဆိုရင် ဒီ မန်းသူတွေ ကျနော်လို့ပြောတဲ့ အသုံးအနှုန်းကိစ္စကိုလဲ သူ တစ်ခုခုတော့ ပြောခဲ့သင့်တယ်လို့ ထင်ပါတယ်။

ကျနော် ဘလော့ဂ်စပြီး ရေးဖြစ်စက မန်းသူတွေ ကျနော် ကျနော် လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ခဲ့ဖူးပါတယ်။ မနှစ်တုန်းကပေါ့။ ကျနော်ကိုယ်တိုင်လဲ ကြားဖူးနားဝနဲ့ အဲဒီပို့စ်ကို ရေးခဲ့တာပါ။ တကယ်အမှန်အကန်လား အကြံအဖန်လားဆိုတာကိုတော့ ကျနော် မသိရရိုးအမှန်ပါ။ ကျနော်ရေးခဲ့တာကို ဖတ်ကြည့်ချင်ရင်တော့ ဒီ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ စာလုံးလေးတွေကိုဘဲ ကလစ်ကြည့်လိုက်ရုံဘဲပေါ့ (ဟဲ ဟဲ ကြော်ငြား))။ ဆရာဦးချစ်စရာ ပမာဒလေခ (ပညာရှိ သတိဖြစ်ခဲ ဆိုသလို) ဖြစ်ပြီး ကျန်ရစ်ထားခဲ့တဲ့ ပါးစပ်ရာဇ၀င်လိုလို၊ ရယ်မောစရာ ဟာသလိုလို အကြောင်းအရာလေးတစ်ခုကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဖတ်ကြည့်ကြပေါ့ဗျာ။ ကျနော် ဘလော့ဂ်စရေးခါစတုန်းက ရေးခဲ့တဲ့ပို့စ်ဆိုတော့ တောင်ရောက်မြောက်ရောက်တော့ဖြစ်မှာ သေချာတယ်။



ပြီးတော့ အပေါ်က ဗီဒီယိုဖိုင်ကိုလဲ အချိန်ရရင် ကြည့်စေလိုပါတယ်။ မကြည့်ရသေးတဲ့ သူတွေအတွက်ပါ။ ကြည့်ပြီးတဲ့သူတွေကို မဆိုလိုပါဘူး။ တကယ်လဲ ကြည့်သင့်ပါတယ်။ ဖိစီးမှုတွေ အလွန်ပေါကြွယ်ဝတဲ့ ခေတ်ကာလကြီးထဲမှာ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ ကျနော့်ပို့စ်အဟောင်းလေးနှင့် အပေါ်ကဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အတိုင်းအတာတစ်ခုအထိ ရယ်မောချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျနော်လဲ ထပ်တူ ပျော်ရွှင်ကြည်နူးမိမှာ သေချာပါတယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီနေရာက ယူပြီး ဗီဒီယိုဖိုင်ကို ငွေအိမ်စံရဲ့အီးမေးလ်ထဲမှာတွေ့တဲ့ လင့်ခ်လေးမှ ယူထားပါတယ်။

...